တစ်နည်းပဲ ရှိတယ်
Vol. 14 Ch. 206
ရှောင်ဖေးဖေး ခုတင်ပေါ်မှ ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။ သူမမျက်နှာက နီမြန်းနေပြီး ရဲ့လင်းချန်အား မျက်နှာချင်း ဆိုင်ရမည်ကို စိုးရွံ့နေလေသည်။
“ဖေးဖေး ဒီမှာ ဆန်ပြုတ်”
ထိုစဉ် အစ်မလင်းက ဆန်ပြုတ်ပန်းကန်ကိုင်၍ ဝင်လာသည်။
“အစ်မဖေးဖေး မြန်မြန် စားလိုက်ပါ”
ရဲ့လင်းချန်က ပြုံး၍ တိုက်တွန်းလေသည်။
ရှောင်ဖေးဖေးက နှုတ်ခမ်းလှုပ်ရုံမျှ ပြန်ဖြေ၍ ဆန်ပြုတ်ကို ဖြည်းဖြည်းချင်း စားလိုက်သည်။ သူမ အစားအစာ၏ အရသာကို ခံစားနိုင်ခဲ့သည်က အတော်လေး ကြာနေလေပြီ။
သူမ အချိန်ယူ၍ စားနေလိုက်သည်။ တဖြည်းဖြည်းနှင့် သူမမျက်ဝန်းတွင် မျက်ရည်များ ဝေ့ဝဲလာသော်လည်း သူမ နှုတ်ခမ်းကို တင်းနေအောင် စေ့၍ မငိုမိအောင် ထိန်းထားသည်။
“လင်းချန် ငါ အိပ်မက် မက်နေတာလား”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ဖျတ်ခနဲ ကြည့်၍ မေးလိုက်သည်။
လက်ရှိအချိန်၌ သူမအတွေးက အနည်းငယ် ထိုင်းမှိုင်းနေသည်။ သူမ သေဘေးနှင့် နီးကပ်ခဲ့သောကြောင့် အိမ်၌သာ နေ၍ တိတ်တဆိတ် ထွက်ခွာသွားရန် ပြင်ဆင်ခဲ့သည်။ ရဲ့လင်းချန် ရောက်လာပြီး သူမရောဂါကို ကုသပေးလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပါ။
“အစ်မဖေးဖေး ဒါ အိပ်မက် မဟုတ်ပါဘူး”
‘လင်းချန် နင်က တကယ် အံ့ဩဖို့ကောင်းတယ်၊ နင့်မှာ ဆေးပညာ ဗဟုသုတတောင် ရှိနေတာပဲ”
ရှောင်ဖေးဖေးက ခေါင်းလေးစောင်း၍ ရဲ့လင်းချန်ကို ကြည့်လာသည်။ ရဲ့လင်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရောင်စဉ်များ ဖြာထွက်နေသည်ဟု သူမ ခံစားမိနေသည်။ သူက သူမ ဆောက်တည်ရာမရဖြစ်ကာ ကူကယ်ရာ မဲ့နေသော အချိန်၌ သူမအား ချောက်ထဲမှ ဆွဲတင်လာသော သူမ၏ ကိုယ်ပိုင် မင်းသားလေးလိုပင်။
ရှောင်ဖေးဖေး၏ အကြည့်ကြောင့် ရဲ့လင်းချန် အိုးတိုးအန်းတမ်းဖြစ်ကာ နှာခေါင်းပွတ်နေမိသည်။
“အစ်မဖေးဖေး ကျွန်တော် အစ်မအတွက် ဆေးပြင်ပေးမယ်၊ အခုကစပြီး ကျွန်တော့် ညွှန်ကြားချက်ကို နားထောင်ပြီး ဆေးသောက်ပါ၊ ဆေးကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်၊ အဲ့ဒါက လေပူလက္ခဏာ တုပ်ကွေးကို ကုသပေးလိမ့်မယ်”
“လင်းချန် ကျေးဇူးတင်ပါတယ်နော်”
ရှောင်ဖေးဖေး၏ အသံက အလွန် နူးညံသည်။ သူမက ရဲ့လင်းချန်ကို ခေါင်းမီလိုက်သည်။
“ငါ နင့်ကို ဘယ်လို ကျေးဇူးတင်ကြောင်း ပြောရမလဲ မသိတော့ဘူး”
ရဲ့လင်းချန် ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်သည်။
“အစ်မဖေးဖေး အရမ်း တလေးတစား မပြောပါနဲ့၊ ရပါတယ်”
“ငါ နင့်ကို ဘယ်လို ကျေးဇူးတင်ရမလဲ ပြောပါလား”
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ဆက်၍ ခေါင်းမှီထားလေသည်။ သူမ၏ လှပသော မျက်ဝန်းတွင် စနောက်သော အရိပ်အယောင် ပေါ်လွင်နေသည်။
“ငါ နင့်ကို ဘာမဆို လုပ်ပေးမယ်လို့ ကတိပေးတယ်”
ရဲ့လင်းချန် မရည်ရွယ်ပါဘဲ အသက်ရှူသံ ပြင်းလာသည်။ ရှောင်ဖေးဖေး၏ အသက်ရှူသံက သူ့မျက်နှာကို ထိတွေ့နေကြောင်း သူ ခံစားမိနေသည်။ သူ လည်ချောင်းရှင်း၍ နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။
“အစ်မဖေးဖေး ရပါတယ်၊ တကယ်ပါ၊ ကျွန်တော် အစ်မအတွက် ဆေးပြင်လိုက်ဦးမယ်”
“ဟွန့်”
ရှောင်ဖေးဖေးက မကျေနပ်သံပြုလိုက်ပြီး သူမမျက်ဝန်းတွင် စိတ်ပျက်ဟန် ပေါ်လာလေသည်။ သူ့တွင် ခပ်ဆိုးဆိုး အတွေးများ ရှိသော်လည်း လှုပ်ရှားရမည်ကို ကြောက်ရွံ့လွန်းနေ၏။
သူမက သူ့ကို နေရန် တိုက်တွန်းသော်လည်း သူ့အသိစိတ်နှင့် စစ်ခင်းပြီးနောက် ရဲ့လင်းချန်က ရှောင်ဖေးဖေး၏ အိမ်၌ ညမအိပ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့သောအချိန်၌ မြို့တော်၏ ဆေးရုံတိုင်းတွင် မီးရောင်များ ထိန်ထိန်လင်းနေသည်။ လူပေါင်းများစွာကို ဆေးရုံအတွင်း ထိန်းသိမ်းထားရပြီး ကုသရေးအဖွဲ့များက မပြီးပြတ်နိုင်သော လူနာများကို ကုသနေရသည်။
မြို့တော်ဆေးရုံ။ ၎င်းသည် မြို့တော်တွင်း၌ အကောင်းဆုံး ဆေးရုံဖြစ်ပြီး မပြောပြတတ်လောက်အောင် ဩဇာ ညောင်း လေသည်။ ၎င်းတွင် ရှိသော ဆရာဝန်တိုင်းသည် နိုင်ငံတွင်းမှ အတော်ဆုံး ဆရာဝန် ပါမောက္ခများ ဖြစ်ကြသည်။ သူတို့အား အမြင့်ဆုံး ဆေးပညာများ ပိုင်ဆိုင်ထားသော ပါမောက္ခများဟု သတ်မှတ်နိုင်ပြီး နိုင်ငံတကာတွင်လည်း ရင်ဘောင်တန်းနိုင်သည်။ သို့သော် လက်ရှိအချိန်၌ သူတို့အားလုံး အတူတကွ စုဝေးနေပြီး မျက်မှောင်ကြုတ်နေကြသည်။
ပြီးခဲ့သည့် တစ်ပတ်လုံးလုံး အမြင့်ဆုံး ဆေးရုံဒါရိုက်များမှစ၍ အနိမ့်ဆုံး သူနာပြုများအထိ ဆေးရုံတစ်ခုလုံး အတူတူ အချိန်ပိုဆင်းကြရသည်။ သူတို့ ပင်ပန်းသည့်အခါတိုင်း တာဝန်ချိန်ကို အလှည့်ကျ လွှဲပြောင်းယူကြပြီး သူတို့၏ စုစုပေါင်း အနားယူချိန်က တစ်နေ့တွင် ခုနစ်နာရီပင် မပြည့်ချေ။
ဆေးပညာ ဓာတ်ခွဲခန်းတွင်းမှ ဆရာဝန်များထဲတွင် ငါးယောက်က ရာထူးအကြီးဆုံးသူများ ဖြစ်သည်။ ကျန်လူများသည်လည်း ထူးချွန်သော ဆေးပညာ ပါမောက္ခများ ဖြစ်လေသည်။ သူတို့ထဲတွင် တရုတ် တိုင်းရင်းဆေးပညာနှင့် အနောက်တိုင်း ဆေးပညာတို့ကို လေ့လာသင်ယူထားသူများ ပါရှိသည်။
အဘိုးအို ငါးယောက်သည် အဖြူရောင် ဂျူတီကုတ်များ ဝတ်ထားကြသည်။ သူတို့သည် ဆံပင်များ ဖြူနေပြီး မာန်ပါသော အသွင်အပြင် ရှိသည်။ အဘိုးအိုများထဲမှ တစ်ယောက်သည် ယခင်က ရဲ့လင်းချန်နှင့် ဆုံဖူးသော မဟာဆရာသခင်ကျန်း ဖြစ်လေသည်။
ကျန်အဘိုးအို လေးယောက်ထဲတွင် တစ်ယောက်သည် မျက်တွင်းများ ချိုင့်နေ၏။ သူ့မျက်လုံးများက နီနေပြီး အနည်းငယ် မိန်းမောနေပုံ ပေါ်နေသည်။ သူ့ပုံစံက အတော်လေး ပင်ပန်းပုံပေါ်နေပြီး ဒုက္ခရောက်နေသည့်ပုံပင်။
“ရောင်းရင်းယု၊ ခင်ဗျား အရင် နားလိုက်ပါဦးလား၊ ဒီလိုဆက်လုပ်နေရင် ခင်ဗျား လဲလိမ့်မယ်”
မဟာဆရာသခင်ကျန်းက အဘိုးအိုက ကရုဏာသက်ဟန်ဖြင့်ကြည့်၍ ပြောလေသည်။
“ကျုပ် အဆင်ပြေတယ်”
အဘိုးယုက ခေါင်းခါလေသည်။ သူသည် စမ်းသပ်ချက် ဒေတာကိုသာ မျက်လုံးကို ကော်ကပ်ထားသကဲ့သို့ ကြည့်နေပြီး ဓာတ်ခွဲခန်း၌ နေကာ လေပူလက္ခဏာ တုပ်ကွေး ဗိုင်းရပ်စ်၏ ဆင့်ကဲပြောင်းလဲပုံကို လေ့လာနေသည်။
‘ရောင်းရင်ယု၊ ကျုပ်တို့အားလုံး ဒီမှာ စောင့်ကြည့်နေမှာပါ၊ ခင်ဗျား အရင်ဆုံး နည်းနည်းလောက် အနားယူ သင့်တယ်”
နောက်အဘိုးအိုတစ်ယောက်က အဘိုးယုရှေ့၌ ပိတ်ရပ်၍ ခပ်မာမာ အော်လေသည်။
“ခင်ဗျားခန္ဓာကိုယ်က ခင်ဗျားဘဝရဲ့ အဓိကအရာပဲ၊ ဒီလိုအချိန်မှာ ကျုပ်တို့ အရမ်း အလျင်လိုနေဖို့ မလိုဘူး”
“ဘေးဖယ်နေ”
အဘိုးယုက ထိုအဘိုးအိုကို ဘေးသို့ တွန်းထုတ်ချင်နေ၏။
“သွားနားလိုက်”
“အခု ဘေးဖယ်နေစမ်း”
အဘိုးယု၏ မျက်နှာတစ်ခုလုံး နီရဲနေသည်။ သူ၏ သွေးဆာနေသော မျက်လုံးများက ပြူးကျယ်မတတ် ဖြစ်နေပြီး အော်ငေါက်လေသည်။
“ကျုပ် အလျင်မလိုကောင်း မလိုလောက်ပင်မယ့် ကျုပ်မြေးကတော့ အလျင်လိုတယ်၊ သူ ထပ်ပြီး မစောင့်နိုင်တော့ဘူး”
သူ ပြောပြီးသည်နှင့် အခြားအဘိုးအိုတစ်ယောက်ဘေးမှ ဖြတ်သွားပြီး ကွန်ပျူတာနားသို့ သွားကာ လူတိုင်းအား သူ့ကို ဗိုင်းရပ်စ်၏ လက္ခဏာများ ပြောခိုင်းနေသည်။
ရုံးခန်းတစ်ခုလုံး၏ အခြေအနေက အလွန် တည်ငြိမ်ကာ နာကျင်စရာ ကောင်းလာလေသည်။
“ရောင်းရင်းယု၊ နေမကောင်းဖြစ်နေတာ ခင်ဗျားမြေးတင် မဟုတ်ပါဘူး၊ ကျုပ်တို့အားလုံး စိုးရိမ်နေတာပါပဲ”
မဟာဆရာသခင်ကျန်းက သက်ပြင်းရှည် ချလိုက်ပြီးမှ မေးလိုက်သည်။
“လူတိုင်းမှာ ဘာရလဒ်မှ မရှိဘူးလား၊ ဒီလေပူ လက္ခဏာတုပ်ကွေးက ဘယ်လိုလုပ် ရောက်လာတာလဲ၊ ငါတို့ ဘယ်လို ကာကွယ်ရမလဲ၊ အဲ့ဒါက ဘာကို ကြောက်တတ်လဲ”
ရုံးခန်းထဲမှ လူများအားလုံး အချင်းချင်း ပြန်ကြည့်နေကြပြီး ပါးစပ်ပိတ်နေသည်။
အျိန်အတော်ကြာအောင် တိတ်နေပြီးနောက် တစ်ယောက်က ပြောလာသည်။
“လေပူလက္ခဏာ တုပ်ကွေးရဲ့ လက္ခဏာတွေက သာမန်ရာသီတုပ်ကွေး ဗိုင်းရပ်စ်နဲ့ အရမ်း တူပါတယ်၊ ဒီဗိုင်းရပ်စ်မှာ ဆင့်ကဲပြောင်းလဲနိုင်တဲ့ စွမ်းရည် ရှိနေတဲ့အချက်က လွဲရင်ပေါ့၊ သာမန်ဆေးဝါးတွေက ဒါကို ခဏပဲ ဖိနှိပ်ထားနိုင်တယ်၊ ပြီးရင် လေပူလက္ခဏာတုပ်ကွေးက ဆေးကို မြန်မြန် ခုခံနိုင်စွမ်း ပေါ်လာပြီး ပိုသတ်ဖို့ ခက်သွားစေတယ်”
“ငါတို့ရဲ့ လက်ရှိအနေအထားနဲ့ဆိုရင် ကာကွယ်တာက တစ်ခုတည်းသော နည်းလမ်းပဲ၊ ငါတို့ ကုလို့မရဘူး”
ဤသည်က နောက်ဆုံးသော နိဂုံးချုပ်အဖြေပင်။
“ဒီလောက် သုတေသန လုပ်ထားပြီးတော့ ဒီအသုံးမကျတဲ့ သတင်းက မင်းတို့ ရှာနိုင်တဲ့ တစ်ခုတည်းသော အရာလား”
အဘိုးယုသည် ဒေါသထွက်လွန်းသဖြင့် အသိစိတ် လွတ်မတတ် ဖြစ်နေသည်။ နောက်ဆုံးတွင် သူ ထိန်းမထားနိုင်ဘဲ မျက်ရည်ကျလာသည်။
သူသည် ဆေးပစ္စည်းကိရိယာများနားသို့ လျှောက်သွားပြီး ဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်မည့် နည်းလမ်းများ ရှာဖွေတွေ့ရှိငြားဖြင့် ထိုင်လိုက်သော်လည်း မျက်ရည်များက သူ့မျက်လုံးများကို ဝေဝါးစေခဲ့သည်။
“ရောင်းရင်းယု အရာအားလုံးမှာ အဖြေရှိစမြဲပါ”
အဘိုးအိုတစ်ယောက်က အားပေးလေသည်။
‘ငါ့မြေးက ဖျားနေတဲ့အချိန်မှာတောင် ငါ့ကို ပြုံးပြတယ်၊ သူက ပြောတယ်၊ သူ လုံးဝ မကြောက်ဘူးတဲ့ ဘာလို့လဲဆိုတော့ သူ့အဘိုးက သူ့ကို ကုပေးနိုင်တဲ့ ဆရာဝန်မို့လို့တဲ့လေ”
အဘိုးယုက ကျိတ်၍ ငိုကြွေးနေသည်။
‘သူ စချောင်းဆိုးလာပြီး အဖျား လေးဆယ်ဒီဂရီအထိ တက်လာတဲ့အချိန်အထိ ငါ လုပ်နိုင်တဲ့အရာဆိုလို့ ထိုင်ကြည့်နေရတာပဲ ရှိတယ်၊ ငါက အရမ်းကို အသုံးမကျဘူး”
“ဒီလိုဆိုရင်တော့ တစ်နည်းပဲ ရှိတယ်”
ထိုသို့သောအချိန်၌ မဟာဆရာသခင်ကျန်းက အံကြိတ်၍ ရုတ်တရက် ပြောလာသည်။
လက်ရှိအချိန်တွင် လူငယ်လေးတစ်ယောက်၏ ပုံရိပ်က သူ့အတွေးထဲ အဆက်မပြတ် ပေါ်လာနေ၏။ အတော်ကြာအောင် တွေဝေနေပြီးနောက် သူ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“ဘာနည်းလမ်းလဲ”
ချက်ချင်းဆိုသလိုပင် လူတိုင်း၏အကြည့်က သူ့ပေါ် ကျရောက်လာသည်။ အထူးသဖြင့် အဘိုးယုပင်။ သူက မဟာဆရာသခင်ကျန်းကို စူးစိုက်ကြည့်နေ၏။
“ဆေးပညာ ဗဟုသုတ ကြွယ်ဝတဲ့ လူတစ်ယောက်ကို ကျုပ် သိတယ်”
မဟာဆရာသခင်ကျန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။
“ဒီအခြေအနေမှာ သူက အဖြေရှိနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်လောက်တယ်”
“ကြွယ်ဝတယ် ဟုတ်လား၊ သူက ဘယ်လောက် တော်လို့လဲ”
“ကျုပ် သူနဲ့ယှဉ်ရင် အဝေးကြီး လိုသေးတယ်”
လူတိုင်း ပင့်သက်ရှိုက်သွားကြသည်။ မဟာဆရာသခင်ကျန်းသည် ဆေးပညာ၌ ချန်ပီယံတစ်ယောက်ပင်။ ထို့ကြောင့် သူက ဤသို့ ပြောလာသည်ဆိုလျင် တစ်ဖက်လူ၏ ဆေးပညာ အရည်အချင်းက ဘယ်လောက် တော်နေသလဲ။
ကြောက်စရာ ကောင်းလိုက်လေခြင်း။
“မဟာဆရာသခင်ကျန်း အဲ့လိုလူမျိုးက တကယ် ရှိလို့လား”
လူတစ်ချို့က မနေနိုင်ဘဲ သူ့အား မေးခွန်းထုတ်လာသည်။ အကယ်၍ ဟွာထို့ အသက်ရှင်လျက် ရှိနေသေးလျင် တောင်မှ မဟာဆရာသခင်ကျန်းက ထိုသို့ပြောလာမည် မဟုတ်ပါ။
(ဟွာထို့သည် အရှေ့တိုင်း ဟန်မင်းဆက်နှောင်းပိုင်းက ရှိခဲ့သော တရုတ် သမားတော်တစ်ဦး ဖြစ်ပြီး သူ့ခေတ် အခါက ဒဏ္ဍာရီလာ သမားတော်တစ်ဦးအဖြစ် ကျော်ကြားသူ ဖြစ်သည်။)
“သူက ဘယ်မှာလဲ”
အဘိုးယုသည် နောက်ဆုံးသော မျှော်လင့်ချက်ကို မြင်လာပြီး ချက်ချင်း ပြောလေသည်။
“ငါ သူ့ကို ဦးညွှတ်ရမယ်ဆိုရင်တောင်မှ သူ့ကို ငါ ဒီကို ဖိတ်မယ်”
“သူက မြို့တော်မှာပဲ၊ ကျုပ် အခု သူ့ကို ဆက်သွယ်လိုက်မယ်”
မဟာဆရာသခင်ကျန်းက ဖုန်းထုတ်လိုက်သည်။
“စိတ်မပူနဲ့၊ သူနဲ့ကျုပ်က မိတ်ဆွေတွေလို့ ပြောလို့ရတယ်၊ ဘာပဲဖြစ်လာပါစေ ကျုပ် သူ့ကို ဒီလာအောင် လုပ်မယ်”
သူ ပြော၍ပြီးသည်နှင့် ဖုန်းထုတ်၍ ရဲ့လင်းချန်၏ နံပါတ်ကို နှိပ်လိုက်သည်။