← Chapters

ဘာလို့ သူလဲ

Vol. 14 Ch. 207

ဘာလို့ သူလဲ

Vol. 14 Ch. 207

“ဟဲလို ပါမောက္ခရဲ့”

[ယခုအပိုင်းမှစ၍ မဟာဆရာသခင်ဟူသော အခေါ်အဝေါ်အစား ပါမောက္ခဟု ပြောင်းလဲပြန်ဆိုသွားပါမည်။]

“ပါမောက္ခကျန်း”

“ပါမောက္ခရဲ့ ကျုပ်တို့ဆေးရုံက ပြဿနာလေးတစ်ခုနဲ့ ကြုံနေရလို့၊ အဲ့ဒါ ကျုပ် ခင်ဗျားဆီက အကူအညီ တစ်ခုလောက် တောင်းချင်လို့ပါ”

ပါမောက္ခကျန်း၏ လေသံက အလွန် ယဉ်ကျေးနေသည်။

“လေပူလက္ခဏာ တုပ်ကွေးနဲ့ ပတ်သက်တာ မဟုတ်လား”

ရဲ့လင်းချန် ခန့်မှန်းမိပါသည်။ ပါမောက္ခကျန်းသည် ဆရာဝန်တစ်ယောက် ဖြစ်သဖြင့် ရဲ့လင်းချန်ထံမှ သူ အကူအညီတောင်းရန် လာသည်ဆိုပါက ဆေးပညာနှင့် ပတ်သက်သော အကြောင်းအရာဖြစ်ရန် ရှစ်ဆယ် ရာခိုင်နှုန်း သေချာပေသည်။

“ဟုတ်ပါတယ် အမှန်ပါပဲ၊ လေပူလက္ခဏာ တုပ်ကွေးက တကယ် ဆိုးရွားနေတယ်၊ အခု ဆေးရုံမှာ လူပြည့်ကျပ်နေပြီးတော့ သွေးပျက်နေတယ်၊ ဒီရောဂါကို တိုက်ထုတ်နိုင်မယ့် နည်းလမ်းများ မင်းမှာ ရှိသလား”

ပါမောက္ခကျန်း၏ ရင်ထဲတွင် တင်းကြပ်နေသလို ဖြစ်နေ၏။ ရဲ့လင်းချန်၏ ဆေးပညာ ဗဟုသုတက အစွမ်းထက်မှန်း သူ သိပါသော်လည်း လေပူလက္ခဏာ တုပ်ကွေးက ခန့်မှန်းမရသော ရောဂါတစ်ခု ဖြစ်သည်။ ရဲ့လင်းချန် ကုသနိုင်သည်ဟု သူ အာမမခံရဲပါ။

“ကျွန်တော် ကုနိုင်တယ်”

ရိုးရှင်းသော ထိုစကားက ပါမောက္ခကျန်း၏ မျက်နှာကို ပူလောင်လာစေပြီး တစ်ကိုယ်လုံး မသိမသာ တုန်တက်လာသည်။

ရဲ့လင်းချန်က ရှောင်ဖေးဖေးကို ကုသပြီးဖြစ်သဖြင့် ယုံကြည်မှု ရှိနေသည်။ လေပူလက္ခဏာ တုပ်ကွေးကို ဘယ်လို ရင်ဆိုင်ရမလဲ သူ သိပြီးသားပင်။ ပါမောက္ခကျန်း သူ့ကို မဆက်သွယ်လျင်တောင်မှ ကုသနည်းကို ကြေညာရန် သူ သေချာပေါက် နည်းလမ်းရှာမည် ဖြစ်သည်။

“ပါမောက္ခရဲ့၊ ကျုပ်တို့ ဘယ်အချိန်လောက် တွေ့လို့ရနိုင်မလဲ”

“ဒါဆို မနက်ဖြန်လောက်ပေါ့၊ ကျွန်တော် မနက်ရောက်တာနဲ့ လာခဲ့မယ်၊ ကျွန်တော့်ကို ခင်ဗျားရဲ့ ဆေးရုံလိပ်စာ ပေးထားပါ”

“အင်း ကောင်းပါပြီ၊ ကျုပ် မနက်ဖြန်မနက် မင်းကို လာကြိုဖို့ ကားလွှတ်လိုက်မယ်”

ဖုန်းချလိုက်ပြီးနောက် ပါမောက္ခကျန်း စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ သူ့အား ဝိုင်းကြည့်နေသူများကို လှမ်းကြည့်လိုက်ပြီးနောက် အသာ ပြုံးလိုက်သည်။

“သူ ကုနိုင်တယ်လို့ ပြောတယ်”

“သူ ကုနိုင်တာလား”

ရုံးခန်းထဲတွင် အသက်ပြင်းပြင်းရှူသံများ ထွက်ပေါ်လာသည်။ အားလုံးက ပါမောက္ခကျန်းအား မယုံနိုင်သလို ကြည့်နေလေသည်။

“သူ ကုနိုင်တယ်လို့ တကယ် ပြောခဲ့တာလား”

အဘိုးယုက ပြေးလာပြီး ပါမောက္ခကျန်းအား ဆွဲဖက်လေသည်။

“ဒါ တကယ်လား ဒါမှမဟုတ် နားကြားမှားတာလား”

“တကယ်ပါ”

ပါမောက္ခကျန်းက အတည်ပြုဟန်ဖြင့် ခေါင်းညိတ်ပြသည်။

“သူ ကုနိုင်တယ်လို့ ပြောရင် ဒါက တကယ် ကုနိုင်လို့ပဲ”

“ကောင်းပြီ၊ ကောင်းပြီ”

အဘိုးအိုသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေ၏။

“သူ ဘယ်အချိန် လာမှာလဲ”

“မနက်ဖြန်မနက်”

ပါမောက္ခကျန်းသည်လည်း ထပ်တူ စိတ်လှုပ်ရှားနေလေသည်။

“လူတိုင်းရဲ့ ကြောက်စိတ်ကို လှုံ့ဆော်ပေးနေတဲ့ လေပူလက္ခဏာ တုပ်ကွေးကို မနက်ဖြန်ကျရင် ဖြေရှင်းနိုင် တော့မယ်”

…

နောက်တစ်နေ့မနက်တွင် ပါမောက္ခကျန်းက လူလွှတ်၍ ရဲ့လင်းချန်ကို လာကြိုခိုင်းလိုက်သည်။ သူတို့ မြို့တော် ဆေးရုံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

လူအများသည် ဆေးရုံတွင်း ဝင်လိုက်၊ထွက်လိုက် လုပ်နေပြီး စိုးရိမ်ပူပန်နေကြသည်။ လူကြီးဖြစ်စေ လူငယ်ဖြစ်စေ အားလုံး မျက်နှာ သုန်မှုန်ကာ အလွန် စိတ်ဓာတ်ကျနေလေသည်။

လူတစ်ယောက် ကျန်းမာရေး၏ အရေးပါပုံကို ဖျားနာချိန်မှသာ သိမြင်နိုင်ပေသည်။ ဆရာဝန်များ အဆက်မပြတ် အလုပ်များနေပြီး ဆေးရုံဆေးခန်းတိုင်း လူပြည့်နေ၏။

ရဲ့လင်းချန်က အခြေအနေကို တစ်ချက်မျှ ဝေ့ကြည့်ပြီးနောက် ပါမောက္ခကျန်း ပြောထားသော ရုံးခန်းသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ရုံးခန်းတွင်း၌ ပါမောက္ခကျန်းနှင့် ကျန်အဘိုးအိုလေးယောက်တို့က စိုးရိမ်တကြီး စောင့်နေကြသည်။ ပါမောက္ခကျန်း၏ ကယ်တင်ရှင်ဟု ပြောထားသူကို စောင့်နေသဖြင့် သူတို့ တစ်ညလုံး မအိပ်နိုင်လုနီးပါး ဖြစ်ခဲ့သည်။

ထိုစဉ် လူငယ်တစ်ယောက်က တံခါးကိုဖွင့်၍ ဝင်လာသောအခါ သူတို့အားလုံး ကြက်သေ သေသွားကြသည်။

“ပါမောက္ခရဲ့”

ပါမောက္ခကျန်း ထိတ်လန့်သွားပြီးနောက် ရဲ့လင်းချန်နားသို့ ခပ်သွက်သွက် လျှောက်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ပါမောက္ခရဲ့ နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ”

*ရဲ့ … ပါမောက္ခရဲ့လား*

ကျန်လေးယောက်က အံ့အားသင့်နေ၏။ ရဲ့လင်းချန်၏ မျက်နှာကို မယုံနိုင်ဟန်ဖြင့် ကြည့်နေပြီး သူတို့ စိတ်လေးလာကြသည်။

*ကောင်လေးက အရမ်း ငယ်လွန်းတယ်*

“ရောင်းရင်းကျန်း၊ သူ … သူက …”

“သူက ကျုပ် ပြောတဲ့ သူမတူတဲ့ ဆေးပညာရှင်လေ”

ပါမောက္ခကျန်းက ပြန်ပြောလိုက်ပြီးနောက် မိတ်ဆက်ပေးလေသည်။

“ဒီလေးယောက်က မြို့တော်ဆေးရုံရဲ့ ဌာနအကြီးအကဲ ဆရာဝန်တွေလေ၊ ပါမောက္ခယု၊ ပါမောက္ခကျန့်၊ ပါမောက္ခရှဲ့နဲ့ ပါမောက္ခချန်”

“ဘာ”

ပါမောက္ခကျန့်က ရဲ့လင်းချန်ကို မျက်လုံးအပြူးသားဖြင့် ကြည့်လေသည်။

“ရောင်းရင်းကျန်း၊ မင်း မှားနေတာလား၊ ဒီကောင်လေးက အသက် နှစ်ဆယ်တောင် မရှိသေးဘူး၊ သူက ရောဂါကို ကုနိုင်တယ်ဆိုတာ မင်း သေချာရဲ့လား”

“ရောင်းရင်းကျန်း မင်း နောက်နေတာမလား၊ ဟုတ်တယ်မလား”

ပါမောက္ခရှဲ့သည်လည်း ထိုသို့ပြောပြီး ခေါင်းခါလေသည်။

“အခုချိန်က‌ နောက်နေရမဲ့ အချိန် မဟုတ်ဘူး”

ပါမောက္ခကျန်း ချက်ချင်း စိုးရိမ်လာသည်။

“သူက တကယ်ကို နတ်ဆေးဆရာပဲ၊ ငါ့သိက္ခာကို ရင်းပြီး ပြောရဲတယ်”

“ရောင်းရင်းကျန်း ငါတို့ မင်းကို မယုံတာ မဟုတ်ဘူး၊ ဒီကောင်လေးက ငယ်လွန်းနေလို့ပဲ၊ ဆေးပညာဆိုတာ ကျယ်ပြန့်ပြီး နက်ရှိုင်းတယ်၊ ငါတို့ ဒီအခြေအနေရောက်အောင် ဆယ်စုနှစ်နဲ့ချီပြီး လေ့လာခဲ့ရတာ၊ သူ့မှာ ဘာအရည်အချင်း ရှိလို့လဲ”

ပါမောက္ခချန်က ခပ်ကျယ်ကျယ် ပြောလေသည်။

“သေရေးရှင်ရေး ဖြစ်နေတဲ့အချိန်မှာ ဒီလိုလုပ်တာကို ရှောင်ရှားသင့်တယ်၊ မင်းကိုယ်တိုင်လည်း ဆရာဝန်ပဲလေ၊ ဘယ်လိုလုပ် ဒီလိုအမှားမျိုး လုပ်ရတာလဲ”

ပါမောက္ခယု၏ စိုးရိမ်စိတ်ကြောင့် သုန်မှုန်နေသော မျက်နှာက ရုတ်တရက် မည်းမှောင်လာ၏။ သူက ပါမောက္ခကျန်းကို စိုက်ကြည့်၍ မေးလိုက်သည်။

“ရောင်းရင်းကျန် မင်း အတည်ပြောနေတာလား”

သူ့အသံက ပြာအက်နေပြီး မျက်လုံးများ ချိုင့်နေကာ အလွန် စိတ်ဓာတ်ကျနေပုံ ပေါ်နေ၏။

“ငါ အတည်ပြောတာ”

ပါမောက္ခကျန်းက ခေါင်းညိတ်ပြသည်။

“မင်း ငါ့ကို လာနောက်နေတာလား”

ပါမောက္ခယုက သည်းမခံနိုင်ဘဲ အော်ဟစ်လေတော့သည်။ သူက ရဲ့လင်းချန်ကို လက်ညှိုးထိုးပြီး တိမ်ဝင်နေသော အသံဖြင့် မေးသည်။

“ဘာလို့ သူလဲ”

မျှော်လင့်ချက်သည် သူတို့အားလုံး စောင့်ဆိုင်းနေသော အရာ ဖြစ်သည်။ သို့သော် သူတို့ ရရှိလိုက်သည်က စိတ်ပျက်မှုနှင့် ကြံရာမရဖြစ်ခြင်းတို့ပင်။ ဤသို့ ကြီးမားသော ရိုက်ချက်က သူ့အား သတိလစ်လုနီးပါး ဖြစ်စေသည်။

“ရောင်းရင်းယု၊ အလျင်မလိုပါနဲ့၊ သူ လူနာတစ်ယောက်ကို ကယ်ခဲ့တာကို ကျုပ်ကိုယ်တိုင် မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့တာပါ၊ ကျုပ်တောင် အဲ့လူနာကို လုံးဝ မကုနိုင်ခဲ့တာ”

ပါမောက္ခကျန်းက ပြောလိုက်သည်။

“တစ်ချို့ကုရခက်တဲ့ ရောဂါတွေက အိမ်တွင်းကုသနည်းတွေ ရှိတယ်၊ အဲ့ရောဂါတွေက ကုသနိုင်ဖို့ ဖြစ်နိုင်ချေ ရှိတယ်၊ ဒါပေမဲ့ ငါတို့ အဲ့ဒါ တစ်ခုတည်းနဲ့ ဒီလူက ဆရာဝန်ပါလို့ ကောက်ချက်ချလို့ မရဘူး၊ ရောင်းရင်းကျန်း မင်း အလျင်လိုလွန်းတယ်”

ပါမောက္ခကျန့်က ထပ်ပြောသည်။

“ငါ ပါမောက္ခရဲ့ကို ယုံတယ်”

ပါမောက္ခကျန်းက တည်တည်ငြိမ်ငြိမ်နှင့် ပြတ်ပြတ်သားသား ပြောသည်။ တစ်ခဏမျှ ငြိမ်လိုက်ပြီးနောက် သူ ဆက်ပြောသည်။

“ရောင်းရင်းယု၊ ခင်ဗျားမြေးက နေမကောင်းဖြစ်နေတုန်း မဟုတ်လား၊ ခင်ဗျား ပါမောက္ခရဲ့ကို စမ်းကြည့်ခိုင်း ရင်ရော ဘယ်လိုလဲ”

“သူ့ကို စမ်းကြည့်ခိုင်းမယ် ဟုတ်လား”

ပါမောက္ခယု၏ အသံက ရုတ်တရက် မြင့်လာသည်။

“ငါ့မြေးကို စမ်းသပ်စရာလို့များ မင်း ထင်နေလား၊ မင်းက သူ့ကို စမ်းခိုင်းစေချင်တယ် ဟုတ်လား၊ သူ လေပူ လက္ခဏာ တုပ်ကွေးကို ကုသနိုင်တယ်လို့ ငါ မထင်ဘူးကွ”

ပါမောက္ခချန်က မျက်မှောင်ကြုတ်သွားပြီး ရဲ့လင်းချန်ကို ကြည့်ကာ မေးလေသည်။

“မင်း လေပူ လက္ခဏာ တုပ်ကွေးကို ကုနိုင်လား”

“အင်း”

“မင်း ဘယ်လောက် ယုံကြည်မှု ရှိလဲ”

ပါမောက္ခချန်က ထပ်မေးသည်။

“တစ်ရာ ရာခိုင်နှုန်း”

ရဲ့လင်းချန် တည်ငြိမ်စွာ ဖြေလိုက်သည်။ သို့သော် ပါမောက္ခချန်က ခေါင်းခါလေသည်။ သူ့စိတ်ထဲမှ စိတ်ပျက်သော ခံစားချက်က ပို၍ ကြီးထွားလာသည်။

ဆရာဝန်တစ်ဦးအတွက် သတိရှိခြင်းက အဓိက အကြောင်းအရာ ဖြစ်သည်။ အထူးသဖြင့် လေပူလက္ခဏာ တုပ်ကွေးကဲ့သို့ ပြောင်းလဲနိုင်သော ဗိုင်းရပ်စ်နှင့် ရင်ဆိုင်နေရချိန်တွင် ဖြစ်သည်။ မည်သူမှ သူတို့ တစ်ရာ ရာခိုင်နှုန်း ယုံကြည်မှု ရှိပါသည်ဟု မပြောရဲပေ။ ထိုသို့ ယုံကြည်မှုရှိသော ဆယ်ယောက်တွင် ကိုးယောက်က ဆရာယောင်ယောင်များ ဖြစ်လေသည်။

“ရောင်းရင်းကျန်း သူ့ကို ထွက်သွားဖို့ ပြောလိုက်ပါ၊ ငါ သူ့ကို ထပ်မမြင်ချင်ဘူး”

ပါမောက္ခယုက အားပျော့စွာ လက်ခါပြလိုက်ပြီး တစ်ခဏအတွင်း ပိုအသက်ကြီးလာသလို ခံစားလိုက်ရသည်။

“ခင်ဗျားမြေးကို မကုစေချင်ဘူးဆိုရင်လည်း၊ ကုဖို့လိုတဲ့ အခြားသူတွေ ရှိတယ်၊ ကျွန်တော်က ခင်ဗျားမြေး တစ်ယောက်တည်းကို ကုဖို့ လာတာ မဟုတ်ဘူး”

ရဲ့လင်းချန်က ခေါင်းခါ၍ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

“ပါမောက္ခကျန်း ကျွန်တော့်ကို ဆရာဝန်ဝတ်စုံ တစ်စုံပေးပါ၊ ကျွန်တော် တခြားလူနာတွေကို ကုလိုက်မယ်”

ဆရာဝန်ဝတ်စုံနှင့် ခွဲစိတ်ခန်းသုံး mask နှင့်ဆိုလျင် သူ၏ရုပ်ရည်ကို ဖုံးကွယ်နိုင်ပေသည်။

ဤသို့သောအခြေအနေက လူပေါင်းများစွာကို အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်ပြီး သူ့ပုံစံကို အများအား ချပြရန် မသင့်တော်ပေ။

“ကောင်းပြီ”

ပါမောက္ခကျန်းက ခေါင်းညိတ်သည်။

“ရောင်းရင်းကျန်း မင်းက ဒီကိစ္စကို စွဲလမ်းနေတုန်းလား”

ပါမောက္ခယုက ဒေါသကြောင့် မျက်နှာနီနေ၏။

“မြို့တော်ဆေးရုံက လူလိမ်တွေ လှည့်စားတာကို ခံမှာ မဟုတ်ဘူး၊ မင်း သူ့ကို လူနာတစ်ယောက် လွှဲပေးလိုက်ရင် ငါတို့ ဂုဏ်သိက္ခာကို ဖျက်ဆီးတာပဲ”

“ရောင်းရင်းယု ပါမောက္ခရဲ့က တကယ် အစွမ်းအစ ရှိတာပါ၊ ကျုပ်တို့မှာ ဘာဆုံးရှုံးစရာမှ မရှိတာ၊ သူ့ကို စမ်းကြည့်ခိုင်းလိုက်ပါ”

ပါမောက္ခကျန်း မချိပြုံး ပြုံးမိသည်။ သူက ရဲ့လင်းချန်အား ဆရာဝန် ဂျူတီကုတ် ရအောင် ကူညီပေးပြီး ကုသခန်းသို့ ခေါ်သွားလေသည်။

“ပါမောက္ခရဲ့ ကျုပ် မင်းအတွက် ကုသခန်း ပြင်ထားတယ်၊ လေပူလက္ခဏာ တုပ်ကွေးဌာနအတွင်းမှာပါ၊ အဲ့မှာ ဗိုင်းရပ်စ်က အရမ်း ပျံ့နေတယ်၊ မင်း mask တပ်မှ ရမယ်၊ အကူးမခံပါနဲ့ …”

All Chapters