← Chapters

အခန်း (၉၄၁-၉၄၂)

Vol. 68 Ch. 941-942

အခန်း (၉၄၁-၉၄၂)

Vol. 68 Ch. 941-942

အခန်း (၉၄၁) - ကလန်ငါးခု စုဝေးခြင်း

ပဲ့တင်ထပ်သံ လှိုဏ်ဂူသည် မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီး၏ မြောက်ဘက်လွင်ပြင်၊ ကောင်းကင်ကြယ်လွင်ပြင်ဟု ခေါ်ဆိုသော ဒေသတွင် တည်ရှိသည်။ ထိုလွင်ပြင်မှာ ကျယ်ပြောလွန်းလှပြီး အဆုံးအစမရှိပေ။ ထိုနေရာတွင် နိုင်ငံငယ် သုံးခုရှိသည့်အပြင် ၎င်းနိုင်ငံများကို ထိန်းချုပ်ထားသော ဩဇာအာဏာကြီးမားလှသည့် ကောင်းကင်ကြယ်ဂိုဏ်းလည်း တည်ရှိနေသည်။

ကောင်းကင်ကြယ်ဂိုဏ်းကို မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီး၏ အလယ်အလတ်အဆင့် အင်အားစုတစ်ခုအဖြစ် သတ်မှတ်ကြသည်။ သူတို့တွင် မြို့စားအဆင့် ကျွမ်းကျင်သူများ မရှိသော်လည်း ၎င်းတို့၏ အခြေခံအုတ်မြစ်က ကောင်းကင်ကြယ်လွင်ပြင်ကို စိုးမိုးထားနိုင်ရန် လုံလောက်သည်။

သို့သော်လည်း ပဲ့တင်ထပ်သံ လှိုဏ်ဂူ ပေါ်ထွက်လာခြင်းကြောင့်အခြေအနေ ပြောင်းလဲသွားခဲ့သည်။ ၎င်းမှာ ကောင်းကင်ဧကရာဇ်မျိုးနွယ်စုအားလုံး၏ အာရုံစိုက်မှုကို ခံရသည့် လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်ကြယ်ဂိုဏ်း၏ စွမ်းအားမှာ ၎င်းကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ရန် မဖြစ်နိုင်ပေ။

ကံကောင်းသည်မှာ ကောင်းကင်ကြယ်ဂိုဏ်းက မိုက်မဲစွာ တုံ့ပြန်ခြင်းမရှိဘဲ ပဲ့တင်ထပ်သံ လှိုဏ်ဂူ တည်ရှိရာနေရာကို ကောင်းကင်ဧကရာဇ်မျိုးနွယ်စုများအား အလျှော့ပေးလိုက်လျောပြီး စီမံခန့်ခွဲခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

ထိုသို့ အလျှော့ပေးလိုက်လျောမှုကြောင့် ပဲ့တင်ထပ်သံ လှိုဏ်ဂူ၏ အကျိုးအမြတ်ကို ခွဲဝေယူရာတွင် ကောင်းကင်ကြယ်ဂိုဏ်းကိုလည်း အချို့သော ပဲ့တင်ထပ်သံ တံဆိပ်ပြားများ ပေးအပ်ခဲ့ပြီး လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။

ကောင်းကင်ဧကရာဇ်လီမျိုးနွယ်စု၏ ဌာနချုပ်က ကောင်းကင်ကြယ်လွင်ပြင်နှင့် များစွာ ဝေးကွာလှသဖြင့် သူတို့အဖွဲ့မှာ အဆင့်ဆင့်သော နေရာကူးပြောင်းရေးအစီအရင်များကို အသုံးပြု၍ ခရီးနှင်ရမည် ဖြစ်သည်။ နဂါးစွယ်ကလန် ငါးခုမှ အဖွဲ့များက လမ်းခရီးတွင် စုဝေးကြပြီးနောက် ပဲ့တင်ထပ်သံ လှိုဏ်ဂူထံသို့ အတူတကွ သွားရောက်ကြမည် ဖြစ်သည်။

နဂါးပုံသဏ္ဍာန်ဧရာမ သင်္ဘောကြီးတစ်စင်း တိမ်တိုက်များအထက်၌ ပျံသန်းနေပြီး ၎င်း၏ အမြီးပိုင်းမှ စွမ်းအင်များ ပြင်းထန်စွာ ထွက်ပေါ်လာပြီး နောက်ကွယ်ရှိ တိမ်တိုက်များကိုပင် လွင့်စင်သွားစေသည်။

ထိုသင်္ဘောကြီးက တည်ငြိမ်လှသော အရှိန်ဖြင့် ရှေ့သို့ တိုးဝင်နေသည်။

သင်္ဘော၏ ကြည့်ရှုစင်မြင့်တွင် လီလော့ မျက်လုံးများကိုမှိတ်ကာ တင်ပျဉ်ခွေထိုင်၍စကြဝဠာဓားဆန္ဒနှင့် သစ်သားနဂါးစွယ်ဓားကို အာရုံစိုက် ကျင့်ကြံနေသည်။

အချိန်အတော်ကြာ ကျင့်ကြံပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ပြီး မျက်လုံးကို ဖွင့်လိုက်သည်။

ထိုအခါ သူ့ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းက သူ့ကို အံ့ဩသွားစေသည်။

လက်ဖက်ရည်စားပွဲ၏ တစ်ဖက်တွင် လီလင်းကျင်းတယောက်အချိန်အတော်ကြာကတည်းက ထိုင်နေခဲ့ပုံရသည်။ သူမက လီလော့ကို မနှောင့်ယှက်ဘဲ လက်တစ်ဖက်ဖြင့် မေးထောက်ကာ ပြင်ပက တိမ်တိုက်များကို ငေးမောကြည့်ရှုနေသည်။

လေပြေညင်းလေးကြောင့် သူမ၏ ဆံပင်များ လွင့်ဝဲနေပြီး သူမ၏ မျက်နှာလေးက အေးစက်စက်နှင့် တည်ငြိမ်နေသည်။ သို့သော် သူမ၏ မျက်ဝန်းအတွင်း၌ အတွေးများစွာ ရှိနေပုံရသည်။

သို့သော်လည်း လီလော့၏ အကြည့်ကို ခံစားမိလိုက်သည့်အခါ သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး အေးစက်နေသည့် အသွင်အပြင်များ ပျောက်ကွယ်သွားသည်။

"ကျင့်ကြံပြီးပြီလား" ဟု လီလော့ကို ကြည့်ကာ ပြုံးလျက် မေးသည်။

"ဝမ်းကွဲအစ်မ လင်းကျင်း... အစ်မ အခုတလော စိတ်ကြည်လင်နေပုံပဲ" ဟု လီလော့ကလည်း ပြန်ပြောလိုက်သည်။

လီလင်းကျင်းက ကျောက်စိမ်းကဲ့သို့ ဖြူစင်လှသော လက်ချောင်းများဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်တွယ်ထားရင်း…

"ငါ နဂါးစွယ်တောင်တန်းကနေ ထွက်လာခဲ့ရလို့ ဖြစ်မယ်"

"အစ်မ အဲ့ဒီမှာ မနေချင်ဘူးလား"

"မနေချင်တာ မဟုတ်ပါဘူး... အဲ့ဒီမှာ ရှိနေရတာ ဖိအားတွေ အရမ်းများလွန်းလို့ပါ ဝိညာဉ်စား နတ်ဆိုး ပြဿနာက အရမ်းခက်ခဲလွန်းတော့ အကြီးအကဲတွေက စိတ်ရှည်မှု ကုန်ဆုံးပြီး ပိုရိုးရှင်းတဲ့ နည်းလမ်းကို ရွေးချယ်လိုက်မလားဆိုပြီး ငါ အမြဲတမ်း စိတ်ပူနေခဲ့ရတာလေ"

ထိုအခါ လီလော့ နားလည်စွာဖြင့် ပြုံးလိုက်သည်။ ဤသည်က နတ်ဆိုးနှင့် လီလင်းကျင်းကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်သည့် နည်းလမ်းကို ဆိုလိုခြင်း ဖြစ်သည်။

"အစ်မ တကယ်ကျေးဇူးတင်တာက မောင်လေးကိုပါ… မောင်လေးသာ မရှိခဲ့ရင် ကလန်အကြီးအကဲက အခုလောက်ထိ အချိန်နဲ့ အင်အားစိုက်ထုတ်ပြီး ငါ့ကို ကုသပေးမှာ မဟုတ်ဘူး"

သူမ၏ မျက်ဝန်းများက ကြည်လင်နေပြီး သူမ၏ မျက်ဝန်းထဲတွင် လီလော့ မိမိကိုယ်ကို ပြန်လည် မြင်တွေ့နေရသည်။

"ကျေးဇူးတင်စရာ မလိုပါဘူး…အစ်မရဲ့ ပြဿနာ ဖြေရှင်းပြီးသွားပြီဆိုတော့ အစ်မသာ ဆန္ဒရှိရင် နဂါးစွယ်အစောင့်တွေဆီကို ကျွန်တော် အကြံပြုပေးလို့ရတယ်..."

"နဂါးစွယ်အစောင့်တွေ ဟုတ်လား..."

လီလင်းကျင်း ခဏတာ တွေဝေသွားသည်။ဤသည်က အတိတ်တုန်းက သူမ၏ ရည်မှန်းချက် ဖြစ်ခဲ့သော်လည်း အချိန်များစွာ ကုန်လွန်သွားပြီးနောက် သူမ၏ အတွေးများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"နောက်မှပဲ စကားပြောကြရအောင်" ဟု သူမက စကားစ အမြန်ဖြတ်လိုက်သည်။

"ဝမ်းကွဲအစ်မရဲ့ အနာဂတ် ရည်မှန်းချက်က ဘာလဲ"ဟု လီလော့က မေးမြန်းလိုက်သည်။

လီလင်းကျင်းက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး…

"ငါ့ရဲ့ ရည်မှန်းချက်က..."

သူမ စကားမဆုံးခင်မှာပင် ခြေသံများ ကြားလိုက်ရသဖြင့် လီလော့ဘက်သို့ ကြည့်လိုက်သည်။

ထိုအချိန်တွင် တျန့်ဖုန်းရှန် ဝင်ရောက်လာသည်။

"တံခွန်ခေါင်းဆောင် လီလော့... နဂါးသွေးကလန်က စာပို့လိုက်တယ်… ငါတို့ကို တတိယမြောက် အခန်းကို လာခဲ့ဖို့ တောင်းဆိုထားတယ်"

"ဘယ်သူက ပို့လိုက်တာလဲ..နဂါးသွေးကလန်က ဘယ်တုန်းကတည်းက ခေါင်းဆောင် ဖြစ်သွားတာလဲ"

"လီဝူယွမ်ဆီကပါ။ သူက အရင်မျိုးဆက်ရဲ့ နဂါးခေါင်းဆောင်လေ"

လီလော့၏ မျက်ခုံး ပင့်လိုက်မိသည်။ လီဝူယွမ်ကို သူ တစ်ခါမြင်ဖူးသည်။ ထိုသူသည် အလွန်ပင် မောက်မာပြီး ဝါကြွားတတ်သူဖြစ်သည်။ သူ အရင်က နဂါးခေါင်းဆောင် ဖြစ်ခဲ့ဖူးသည်ဆိုခြင်းက အားနည်းသူတော့ မဟုတ်နိုင်ပေ။

ဒါပေမဲ့ သူက ဘာအာဏာနဲ့ အမိန့်ပေးနေတာလဲ…

ဤအမိန့်မှာ နဂါးခေါင်းဆောင်တစ်ဦး၏ အမိန့်မျိုးမဟုတ်ဘဲ ကလန်အကြီးအကဲတစ်ဦး၏ အမိန့်မျိုး ဖြစ်နေသည်။

လီလော့ ဂရုမစိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူ့တွင် အချိန်ရှိပါက ဓားဆန္ဒများ ပိုမိုစုဆောင်းရန်သာ စိတ်ကူးထားသည်။

သို့သော်လည်း တျန့်ဖုန်းရှန်၏ နောက်စကားတစ်ခုကြောင့် သူ လှုပ်ရှားလိုက်ရသည်။

"လီဖုန်းယီ အခု အဲဒီကို သွားနေပြီ"

လီလော့ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ထလိုက်ရသည်။ လီဖုန်းယီ၏ စိတ်ကြီးဝင်ပြီး တက်ကြွလွန်းသည့် စရိုက်ကြောင့် ပြဿနာရှာမိနိုင်သည်ကို သူ စိုးရိမ်သည်။ ဒုတိယမြောက် အစ်မဖြစ်သူ ဒုက္ခရောက်သည်ကို သူ မကြည့်ရက်ပေ။

"သွားကြစို့… အရင်မျိုးဆက်ရဲ့ နဂါးခေါင်းဆောင်ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သွားကြည့်ရအောင်" ဟု လီလော့က လီလင်းကျင်းကို ပြောလိုက်သည်။

"လီဝူယွမ် ဟုတ်လား..."

လီလင်းကျင်း၏ မျက်လုံးများ အရောင်လက်သွားပြီး ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီလေ..ငါလည်း သူ့ကို တွေ့ချင်နေတာ သူထိုင်နေတဲ့ နဂါးခေါင်းဆောင် ရာထူးနေရာက အရင်တုန်းက ငါ့နေရာ ဖြစ်သင့်တာ..."

အခန်း (၉၄၂) ခေါင်းဆောင်

လီလော့ တတိယမြောက် အခန်းသို့ ရောက်ရှိသွားချိန်တွင် လူအမြောက်အမြား စုဝေးနေသည်ကို တွေ့လိုက်ရသည်။ ကလန်ငါးခုစလုံးမှ အဖွဲ့ခွဲများအားလုံး ရောက်ရှိနေကြသဖြင့် လီဝူယွမ်၏ ဂုဏ်သတင်းနှင့် သြဇာအာဏာ များစွာကြီးမားကြောင်း ထင်ရှားနေသည်။

သူတို့ သုံးဦး ရောက်ရှိလာချိန်တွင် အကြည့်ပေါင်းများစွာ သူတို့ထံသို့ ရောက်ရှိလာခဲ့သည်။ လီလော့က နဂါးစွယ်ကလန်အတွက် လူသစ်မဟုတ်သလို၊ နဂါးခေါင်းဆောင်အသစ်နှင့် နတ်ဆိုးလှိုဏ်ဂူအတွင်း အဆင့်အမြင့်ဆုံး တံခွန်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ဤဘွဲ့ထူးများက သူသည် လက်ရှိမျိုးဆက်တွင် အငြင်းပွားဖွယ်မရှိသော နံပါတ်တစ် ဖြစ်ကြောင်း ဖော်ပြနေသည်။

ပဲ့တင်ထပ်သံ လှိုဏ်ဂူသို့ လာရောက်ကြသူများက ယခင်မျိုးဆက်မှ တံခွန် ၂၀ အဖွဲ့ဝင်များ ဖြစ်ကြပြီး လီဝူယွမ်မှာလည်း ထိုစဉ်က နဂါးခေါင်းဆောင် ဖြစ်ခဲ့သော်လည်း လီလော့၏ ရာထူးနေရာကို လျစ်လျူရှု၍ မရနိုင်ပေ။

"ဒီမှာ"

လီဖုန်းယီ၏ အသံ ထွက်ပေါ်လာဖြင့် လီလော့ လှည့်ကြည့်လိုက်ချိန်တွင် နဂါးစွယ်ကလန်မှ လူများလည်း စုဝေးနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ဘေးတွင် လီကျင်းထောင်၊ လီဖူလင်နှင့် အခြားသူများလည်း ရှိနေသည်။

သူ လမ်းလျှောက်သွားစဉ် နဂါးအကြေးခွံကလန်မှ အဖွဲ့တစ်ဖွဲ့ကို ကျော်ဖြတ်သွားခဲ့စဉ် လုချင်းမိန်ကို မြင်လိုက်ရသဖြင့် ဖော်ရွေစွာဖြင့် နှုတ်ဆက်လိုက်သည်။

လုချင်းမိန်က ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သော်လည်း သူမ၏ အကြည့်များ ပိုမိုပြင်းထန်လာသည်။ ဒါက သူမတွင် လီလော့အပေါ် အထူးခံစားချက်ရှိ၍ မဟုတ်ဘဲ လီလော့က ယခင်ကထက် ပိုမိုကောင်းမွန်သော ပြိုင်ဘက် ဖြစ်လာပြီဟု ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ခြင်း ဖြစ်သည်။

လုချင်းမိန်၏ဘေးတွင် ထိုင်နေသောအရပ်ရှည်ပြီး ကိုယ်ခန္ဓာတောင့်တင်းသော လူငယ်တစ်ဦးက လီလော့ကို စိုက်ကြည့်နေသည်။ ထို့နောက် လုချင်းမိန်ကို ကြည့်၍ ပြုံးလိုက်ကာ…

"ညီမလေးချင်းမိန်၊ သူက ဒီမျိုးဆက်ရဲ့ နဂါးခေါင်းဆောင်လား… သူက နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်မှာပဲ ရှိသေးတာကို ဒီနေရာမှာ ခိုင်မာစွာ ထိုင်နိုင်နေတာပဲ…ဒါမျိုးက တံခွန် ၂၀ လုံးရဲ့ သမိုင်းမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး"

ထိုလူငယ်၏အမည်မှာ လီကွမ်း ဖြစ်သည်။ သူသည် အရင်မျိုးဆက်၏ သန့်စင်သော အကြေးခွံတံခွန် ခေါင်းဆောင်ဖြစ်ပြီး လက်ရှိတွင် လီဖူလင်နှင့် စွမ်းအားချင်း ယှဉ်နိုင်သည့်ကောင်းကင်ပုလဲ ခုနစ်လုံးအဆင့်ရှိသူ ဖြစ်သည်။

လုချင်းမိန်က တည်ငြိမ်စွာဖြင့်… "လီလော့က ပဲ့တင်ထပ်သံ သုံးမျိုး ပိုင်ဆိုင်ထားတယ်…ဒါကြောင့် သူက နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်မှာပဲ ရှိသေးပေမဲ့ သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားက ကောင်းကင်ပုလဲတလုံးအဆင့်ရှိသူတစ်ဦးရဲ့ အဋ္ဌမအဆင့် ပဲ့တင်ထပ်သံနဲ့ နှိုင်းယှဉ်နိုင်လောက်အောင် အားကောင်းတယ်…ဒါ့အပြင် သူက ကံကြမ္မာအဆင့် မြို့စားအဆင့်ပညာရပ်ကို ကျင့်ကြံထားပြီး ကောင်းကင်ပုလဲ နှစ်လုံးအဆင့်ရှိသူတွေကို အလွယ်တကူ တိုက်ခိုက်နိုင်တယ်…သူသာ ကောင်းကင်ပုလဲအဆင့်ကို ရောက်သွားရင် ပုလဲလေးလုံး ဒါမှမဟုတ် ငါးလုံးအဆင့်ရှိသူတွေတောင် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူးလို့ ခံစားရတယ်"

ထိုစကားကြောင့် လီကွမ်း မျက်ခုံး ပင့်လိုက်မိသည်။ လုချင်းမိန်၏ အကဲဖြတ်မှုက ထူးခြားလှသော်လည်း လီဝူယွမ် စီစဉ်သည့် ယနေ့ စုဝေးပွဲမှာ လီလော့ကို တိုက်ရိုက် ပစ်မှတ်ထားခြင်း ဖြစ်သည်။ နဂါးသွေးကလန်၏ တံခွန် လေးခုကသာ နဂါးခေါင်းဆောင် ရာထူးကို နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ထားခဲ့ကြပြီး လီလော့က ထိုအခြေအနေကို ချိုးဖျက်လိုက်သည့်အတွက် သူတို့၏ လက်တုံ့ပြန်မှုကို ခံရတော့မည်မှာ သေချာသည်။

အနည်းဆုံးတော့ သူတို့တွေက လီလော့၏ စူးရှလှသည့် အရှိန်အဝါကို ဖိနှိပ်ရန် ကြိုးစားကြလိမ့်မည်။

နဂါးစွယ်ကလန် ငါးခုမှာ တူညီသော မိသားစုဝင်များ ဖြစ်ကြသော်လည်း အတွင်းပိုင်း ပြိုင်ဆိုင်မှုများ အလွန် ပြင်းထန်သည်။

လူအများ၏ အကြည့်အောက်တွင် လီလော့သည် လီဖုန်းယီထံသို့ သွားရောက်လိုက်ပြီး သူ ရပ်တန့်လိုက်သည့်အချိန်တွင် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

"ဒါက နဂါးခေါင်းဆောင်အသစ်လား"

လီလော့ ထိုရယ်မောသံ လာရာဘက်သို့ ကြည့်လိုက်တော့ နဂါးသွေးကလန်ဘက်က ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အနက်ရောင်နှင့် အနီရောင် ရောစပ်ထားသည့် စစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက အလွန်ပင် စူးရှလှသည့် အကြည့်များဖြင့် သူ့ကို ကြည့်နေသည်။

ထိုသူမှာ လီဝူယွမ်ပင်ဖြစ်သည်။

လီလော့က ထိုသူကိုကြည့်ကာ ပြုံးလိုက်ပြီး…

"နှုတ်ဆက်ပါတယ် အစ်ကို လီဝူယွမ်"ဟု ဆိုလိုက်သည်။

ဝါစဉ်အရဆိုလျှင် "ဝမ်းကွဲအစ်ကို" ဟု ခေါ်ဆိုသင့်သော်လည်း သူတို့ချင်း မရင်းနှီးသဖြင့် ဤသို့သော ယဉ်ကျေးမှုများကို လီလော့ ဂရုမစိုက်တော့ပေ။

"ညီလေး လီလော့... မင်း နောက်ကျနေပြီ.. နဂါးစွယ်ကလန်ရဲ့ လုပ်ဆောင်ပုံက ဒီလိုလား…အမြဲတမ်း ပေါ့ပေါ့ဆဆ နေတတ်တာလား… မင်းရဲ့ စရိုက်ကြောင့် မင်း နဂါးစွယ်အစောင့်တွေဆီ ရောက်သွားရင် ဒုက္ခရောက်လိမ့်မယ်"

လီဝူယွမ်က အကြီးအကဲတစ်ဦးကဲ့သို့ စနောက်သံဖြင့် ဆုံးမလိုက်သည်။

သူ့ဘေးတွင်ရပ်နေသော လီဟုန်လီက လက်ပိုက်လျက် လီဝူယွမ် လီလော့ကို ပစ်မှတ်ထားနေသည်ကို ပျော်ရွှင်စွာ ကြည့်နေသည်။ လီလော့က ပြိုင်ဘက်အားလုံးကို ရှင်းလင်းခဲ့သဖြင့် သူ့ကို တစ်စုံတစ်ဦးက ဖိနှိပ်နေသည်ကို မြင်ရခြင်းမှာ ရှားပါးလှသည်။

စကားပြောရာတွင် ဘယ်သောအခါမျှ အရှုံးမပေးတတ်သည့် လီလော့က…

"အစ်ကို ဝူယွမ်မှာ အချိန်တွေ အရမ်း ပိုနေတာလား…ဘာအဓိပ္ပာယ်မှ မရှိတဲ့ စကားတွေကို ပြောဖို့ အဖွဲ့ခွဲအားလုံးကို စုဝေးခိုင်းပြီး အချိန်ဖြုန်းနေတာလဲ" ဟု ပြန်လည် တုံ့ပြန်လိုက်သည်။

ထိုစကားကြောင့် လီဝူယွမ် မျက်မှောင်ကြုတ်လိုက်လေသည်။ သူသည် လီလော့ကို စူးရှစွာ စိုက်ကြည့်ပြီးနောက် လှောင်ပြုံးဖြင့် …

"ညီလေး လီလော့... မင်း စည်းကျော်နေပြီ မဟုတ်လား… တံခွန် ၂၀ လုံးက အစောင့် စစ်တပ်ကြီး ငါးခုရဲ့ အောက်မှာပဲ ရှိတယ်"

လီလော့ ခဏမျှ ရပ်တန့်သွားပြီးနောက် အိတ်ကပ်ထဲမှ အစိမ်းရောင်နယ်သာခန်းမတံဆိပ်ပြားကို ထုတ်ယူ ပြသလိုက်ပြီး….

"တောင်းပန်ပါတယ်…ကျွန်တော်က အစိမ်းရောင်နယ်သာခန်းမရဲ့ ကိုယ်စားလှယ်ပါ …ယာယီဆိုပေမယ့် ကျွန်တော်တို့ရဲ့ ရာထူးတွေအကြောင်း ပြောမယ်ဆိုရင်တော့ အစ်ကိုက ကျွန်တော့်ကို 'ညီလေး' လို့ ခေါ်လို့ မရဘူး…ခန်းမသခင်လို့ပဲ ခေါ်ရမှာ…"

ထိုစဉ် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက ထိုတံဆိပ်ပြားကို ထူးဆန်းစွာ စိုက်ကြည့်နေကြသည်။ ခန်းမသခင်ရာထူးက ဩဇာအာဏာ ကြီးမားလှသည်။ လီဝူယွမ်ဆိုမထားနှင့် အစောင့် စစ်တပ်ကြီး ငါးခု၏ တပ်မှူးကြီးများပင်လျှင် လီလော့ကို လေးစားရမည် ဖြစ်သည်။

သို့သော်... လီလော့သည် နှောင်းပိုင်း နတ်ဆိုးခန္ဓာအဆင့်သာ ရှိသေးသည်။ ကလန်အကြီးအကဲ လီကျင်းဇယ်က အဘယ်ကြောင့် ဤတံဆိပ်ပြားကို သူ့ကို ပေးရသနည်း။ ထို့အပြင် ယာယီ ခန့်အပ်ထားသည်ဟုလည်း ဆိုနေသည်။

ကလေးကစားစရာများမှတ်နေသလား…

သို့သော်လည်း လီကျင်းဇယ်သည် နဂါးစွယ်ကလန်၏ နွယ်စုအကြီးအကဲ ဖြစ်ပြီး နဂါးသွေးကလန်၏ လီထျန်းကျီပင် သူ့ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်နိုင်ပေ။

ထို့ကြောင့် လီလော့၏ လက်ထဲမှ တံဆိပ်ပြားကို မြင်လိုက်ရချိန်တွင် လူတိုင်း တံတွေးမြိုချ၍သာ ကြည့်နေကြရသည်။

"ကျွန်တော် အစ်ကိုနဲ့ တန်းတူ ဆက်ဆံချင်ခဲ့တာပါ၊ ဒါပေမဲ့ အစ်ကိုက ရာထူးအာဏာကို သုံးပြီး ဖိနှိပ်ခဲ့တယ်… ကျွန်တော့်ကို ဒီလို အခြေအနေမျိုး ရောက်အောင် လုပ်ထားမှတော့ ကျွန်တော် ဘယ်လို စိတ်သက်သာရာ ရနိုင်ပါ့မလဲ"ဟု လီလော့က စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။ထိုအခါ လီဝူယွမ်၏ မျက်နှာထား တောင့်တင်းသွားသည်။ လီလော့ ဤမျှ အရေးကြီးသည့် ရာထူးကို ရထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

နဂါးစွယ်ကလန်က ဒီလောက်ထိ စိတ်ကြိုက် လုပ်နေတာလား။ ကလန်အကြီးအကဲ လီကျင်းဇယ်က လီလော့ကို အလွန်အမင်း အလိုလိုက်လွန်းနေပြီ

လီလော့က ပြုံးရွှင်သော မျက်နှာထားဖြင့် တံဆိပ်ပြားကို သူ့ မျက်နှာရှေ့တွင် ဝှေ့ယမ်းလိုက်သည်။

ထိုအခါ လီဝူယွမ်က လေးနက်စွာ သက်ပြင်းချလိုက်ပြီးနောက် ရိုသေစွာ လက်ဝါးချင်းပူးလိုက်ပြီး…

"နှုတ်ဆက်ပါတယ် ခန်းမသခင် လီလော့"ဟု နောက်တကြိမ်နှုတ်ဆက်လိုက်လေသည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်က သေဆုံးနေသည့် အလောင်းကဲ့သို့ တောင့်တင်းနေပြီး သူ့မျက်လုံးများထဲတွင် အမျက်ဒေါသများ တောက်လောင်နေသည်။

လီဟုန်လီနှင့် အခြားသူများ၏ စိတ်လှုပ်ရှားမှုများလည်း ပျောက်ကွယ်သွားခဲ့သည်။

သို့သော် လီလော့က သူ့ကို ဆက်မဖိနှိပ်တော့ဘဲ တံဆိပ်ပြားကို ဖြည်းညှင်းစွာ သိမ်းလိုက်ပြီး …

"ထားလိုက်ပါတော့ ဘာလို့ စိတ်ထဲရှိတာကို တည့်တည့် မပြောကြတာလဲ…မဟုတ်ရင် တခြားသူတွေက ကျွန်တော်က ခန်းမသခင်ရာထူးသုံးပြီး ဖိနှိပ်နေတယ်လို့ ထင်သွားဦးမယ်"

ဤစကားကြောင့် ကျန်သူများ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ မဟုတ်လျှင် လီလော့ကို ရာထူးအလိုက် နှုတ်ဆက်ရမည့် အခြေအနေမျိုးမှ ရှောင်လွှဲရန် အကြောင်းပြချက်များ ရှာနေကြရဦးမည်။

လီဝူယွမ်က စိတ်ထဲမှ…

"ဘာလို့ အစကတည်းက မပြောတာလဲ၊ ငါ့ကို နှုတ်ဆက်ခိုင်းပြီးမှ" ဟု အော်ဟစ်လိုက်သည်။

"ငါ အဖွဲ့ခွဲအားလုံးကို စုဝေးခိုင်းတာက ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်းမှာ ကျင့်သုံးရမယ့် မဟာဗျူဟာကို ဆွေးနွေးဖို့ပါ…လှိုဏ်ဂူအတွင်းမှာ အင်အားစုအမျိုးမျိုးက လူတွေ အများကြီး ရှိနေလိမ့်မယ်… ငါတို့က ကောင်းကင်ဧကရာဇ်မျိုးနွယ်စု ဖြစ်ပေမဲ့ သတိမလျှော့သင့်ဘူး… အခြား အင်အားကြီးတဲ့ ပါရမီရှင်တွေကလည်း ငါတို့ကို မျက်စိကျနေကြတာ… ငါတို့ လူအင်အား မနည်းလှဘူး.. အခြေအနေကို ထိန်းချုပ်ပြီး ပြဿနာမဖြစ်အောင် ဦးဆောင်မယ့် ခေါင်းဆောင်တစ်ယောက် လိုအပ်တယ်"

ထိုအကြံအစည်ကို တက်ရောက်လာသူများကလည်း ငြင်းပယ်ခြင်း မရှိကြပေ။ အရေအတွက် များပြားလှသဖြင့် ညှိနှိုင်းဆောင်ရွက်ရန် ခက်ခဲနိုင်သည်။

"ခေါင်းဆောင် ရွေးရမယ်ဆိုရင်တော့ ငါတို့ထဲမှာ အသန်မာဆုံးသူကပဲ ဦးဆောင်ရမှာပေါ့… ဒါကြောင့် ဝမ်းကွဲအစ်ကို လီဝူယွမ်က အသင့်တော်ဆုံးလို့ ငါထင်တယ်" ဟု လီဟုန်လီက ချက်ချင်း ထောက်ခံလိုက်သည်။

နဂါးသွေးကလန်မှ လူများကလည်း ချက်ချင်းပင် ထောက်ခံကြောင်း အသံပေးကြသည်။

"ဟွန့်... ရာထူးအဆင့်အရဆိုရင် အစိမ်းရောင်နယ်သာခန်းမသခင် လီလော့ကပဲ ဒီရာထူးအတွက် အသင့်တော်ဆုံးပဲ" ဟု လီဖုန်းယီက ပြန်လည် တုံ့ပြန်လိုက်သည်။

နဂါးသွေးကလန်က လီဝူယွမ်ကို ခေါင်းဆောင်တင်ရန် ကြိုးစားနေမှန်း သူမ မသိဘဲ မနေပေ။ သူသာ ခေါင်းဆောင် ဖြစ်လာပြီး မကောင်းသော ရည်ရွယ်ချက်များ ရှိနေပါက နဂါးစွယ်ကလန်ကို အန္တရာယ်များသည့် တာဝန်များတွင်သာ နေရာပေးပြီး သေစေနိုင်သည့်အထိ ဖိနှိပ်သွားနိုင်သည်။

"ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ အခြား အင်အားစုတွေက ပါရမီရှင်တွေ အများကြီး ရှိတယ်… သူတို့က ငါတို့ ခန်းမသခင်ကို ဂရုစိုက်ပါ့မလား"ဟု လီဟုန်လီက အေးစက်စွာ တုံ့ပြန်လိုက်သည်။

နဂါးအရိုးကလန်မှ တစ်ဦးက ထောက်ခံလိုက်သည့်အနေနှင့်…

"နဂါးအရိုးကလန်မှာတော့ ခွန်အားကပဲ အရာရာပါပဲ"

အခြားကလန်များမှ လူအချို့လည်း ထိုအဆိုပြုချက်ကို ခေါင်းညိတ် ထောက်ခံကြသည်။ ပဲ့တင်ထပ်သံ လှိုဏ်ဂူတွင် အစွမ်းထက်သည့် ရန်သူများဖြင့် ပြည့်နှက်နေပြီး ခွန်အားကြီးသူကသာ အနိုင်ရရှိလိမ့်မည် ဖြစ်သည်။ ခေါင်းဆောင်၏ ခွန်အားကို လေးစားမှသာ သူတို့ သဘောတူညီမှု ရရှိကြလိမ့်မည်။

လီဖုန်းယီက အံကြိတ်ကာ ပြန်ပြောရန် အသင့်ပြင်နေသော်လည်း လီဖူလင်က သူမကို တားလိုက်သည်။ သူမက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး တည်ငြိမ်စွာဖြင့်…

"ခွန်အားကသာ အရေးကြီးတယ်ဆိုရင် ဘယ်သူက အကောင်းဆုံးလဲဆိုတာ တိုက်ခိုက်ပြီး ကြည့်ကြတာပေါ့"

လီဖူလင်အနေနှင့် လီဖုန်းယီ၏ စိုးရိမ်မှုများကို နားလည်ပြီး သူတို့အားလုံးက နဂါးစွယ်ကလန်မှ ဖြစ်သဖြင့် လီဖုန်းယီကို ထောက်ခံမည် ဖြစ်သည်။

ထိုအခါ လီဝူယွမ်၏ အကြည့်များ လီဖူလင်ထံသို့ ရောက်ရှိသွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"လီဖူလင်... ငါတို့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ဖူးပြီးပြီ..မင်းတစ်ခါမှ မနိုင်ခဲ့ဘူးလေ..ဘာလို့ တိုက်ခိုက်နေဦးမှာလဲ…တကယ် တိုက်ချင်တယ်ဆိုရင်တော့ ငါ အခွင့်အရေး ပေးလိုက်ပါ့မယ်"

လီဝူယွမ် လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ အဝါရောင် အလင်းတန်းတစ်ခု ပျံထွက်သွားသည်။ ၎င်းမှာ ရုပ်ပုံပေါင်းထောင်သောင်းချီ ပုံဖော်ထားသည့် ရ ဧရာမ အဝါရောင် ဆေးကျိုအိုး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အလွန်ပင် လေးလံလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထိုအရာ ပေါ်ထွက်လာခြင်းကြောင့် လူအုပ်ကြီး၏ မျက်နှာထားများ ပြောင်းလဲသွားသည်။

"အဲဒါ လီဝူယွမ်ရဲ့ 'တောင်သောင်းချီ လေးလံသော ဆေးကျိုအိုးပဲ.. အဲဒါက ခရမ်းရောင်မျက်လုံးအဆင့် ရတနာပစ္စည်း ဖြစ်ပေမဲ့ သူ့ရဲ့ အလေးချိန်က ထူးခြားလွန်းတယ်… ကောင်းကင်ပုလဲ ရှစ်လုံးအဆင့်အောက်ရှိသူတွေ ဒါကို မကိုင်တွယ်နိုင်ဘူး.. အစောင့် စစ်တပ်ကြီး ငါးခုအတွင်းမှာ သူနဲ့ ယှဉ်တိုက်ချိန် ဒါနဲ့ အရည်ကြိတ်ခံလိုက်ရတဲ့သူ ဘယ်နှစ်ယောက်တောင် ရှိမလဲ မသိဘူး" ဟု အစောင့် စစ်တပ်ကြီး ငါးခုမှ တစ်ဦးက ဆိုသည်။

"လီဖူလင်... မင်း ငါ့ရဲ့ တိုက်ကွက်တစ်ခုကို လက်ခံနိုင်ရင် ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ခွင့် ရှိတယ်" ဟု ဆိုရင်း လီဝူယွမ်က ခါးသီးစွာ ပြုံးလိုက်သည်။

ထို့နောက် ဆေးကျိုအိုးကို ပြင်းထန်လှသော ဆွဲငင်အားဖြင့် ဖုံးအုပ်လိုက်ပြီး လေထုပင် တုန်ခါသွားကာ လီဝူယွမ်ထံသို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။

လီဖူလင် ထိုအချင်းအရာကို မြင်လိုက်ရချိန်တွင် လီဖုန်းယီကို ချက်ချင်း တွန်းထုတ်လိုက်ပြီး သူမ၏ မျက်နှာထား တည်ငြိမ်သွားသည်။ သူမ အံကြိတ်လိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများ သူမ၏ ခန္ဓာကိုယ်အတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာကာ ကောင်းကင်ပုလဲ ခုနစ်လုံး သူမ၏ နောက်ကွယ်တွင် ပေါ်ထွက်လာပြီး သဘာဝစွမ်းအင်များကို အကြီးအကျယ် စုပ်ယူလိုက်သည်။

သူမသည် လက်ဝါးရိုက်ချက် တခုထုတ်ဖော်လိုက်သည်နှင့် စွမ်းအင်လက်ဝါးတစ်ခု ပေါ်ထွက်လာပြီး ထိုဆေးကျိုအိုးနှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဝုန်း

ပြင်းထန်လှသော စွမ်းအင်လှိုင်းများ အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားသဖြင့် အနီးနားရှိသူများမှာ ယိမ်းယိုင်သွားကြရသည်။

သို့သော်လည်း သူတို့၏ အကြည့်များက တိုက်ပွဲထံမှ လွှဲမသွားဘဲ အာရုံစိုက် ကြည့်ရှုနေကြသည်။ ဖိနှိပ်ထားသော ဆေးကျိုအိုးက ရှေ့သို့ ဆက်တိုက် တိုးဝင်နေပြီး စွမ်းအင်လက်ဝါးမှာတော့ တဖြည်းဖြည်းနှင့် ကွဲအက်သွားသည်။

လီဖူလင်၏ ပုလဲခုနစ်လုံးအဆင့် စွမ်းအားက လီဝူယွမ်၏ ဖိနှိပ်မှုဒဏ်ကို မခံနိုင်ခြင်းမှာ ထင်ရှားလှသည်။

ဤရလဒ်ကို မည်သူမျှ မအံ့ဩကြပေ။ လီဖူလင်သည် ယခင်ကလည်း အကြိမ်ကြိမ် အနိုင်ယူခြင်း ခံခဲ့ရသည်မဟုတ်လော….

လီဝူယွမ်က ထိုအဖြစ်ကို နှုတ်ခမ်းတွန့်၍ ပြုံးလျက် ကြည့်ရှုနေသည်။

နဂါးသွေးကလန်မှ လူများကလည်း လီဝူယွမ်၏ ပြိုင်ဘက်ကင်းသော ခွန်အားကို အော်ဟစ် ချီးကျူးနေကြသည်။

ဒါက အရင်မျိုးဆက် နဂါးခေါင်းဆောင်ရဲ့ စွမ်းအားပဲ

ဘုန်း

ပရိသတ်များ ဆက်လက် ဆွေးနွေးနေစဉ်တွင် ဆေးကျိုအိုးကြီးက လီဖူလင်ကိုဆက်လက် ဖိနှိပ်လာသည်။ ထိုအခါ စွမ်းအင်လက်ဝါးက ဆက်လက် မတောင့်ခံနိုင်တော့ဘဲ အလင်းစက်များအဖြစ် ပျက်စီးသွားသည်။

ဆေးကျိုအိုးကြီးက လီဖူလင်ထံသို့ မရပ်တန့်နိုင်သော အရှိန်ဖြင့် ကျရောက်လာသဖြင့် သူမ၏ မျက်နှာထား အလွန်ပင် ဆိုးရွားလာခဲ့သည်။

သို့သော်လည်း သူမ ထိခိုက်တော့မည့်အချိန်တွင် ပါးလွှပ်လှသော ကျောက်စိမ်းရောင် လက်မောင်းတစ်ခု ရှေ့သို့ ထိုးထွက်လာပြီး လက်သီးအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ဆေးကျိုအိုးနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

ဒေါင်း

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများမှာ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

လူတိုင်း အံ့ဩသွားသည်မှာ လီဖူလင်တောင် မတောင့်ခံနိုင်ခဲ့သည့် ဆေးကျိုအိုးမှာ လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခြင်း ဖြစ်သည်။ ခန်းမအတွင်းရှိ ကာကွယ်ရေး သင်္ကေတများပင် ပျက်စီးတော့မည့် အရိပ်အယောင်များ ပြလာသည်။

သင်္ဘောကြီးတခုလုံး တိတ်ဆိတ်သွားလောက်သည်အထိ အရာရာငြိမ်သက်သွားလေပြီ….

ထိတ်လန့်နေသော အကြည့်များက တိုက်ခိုက်လိုက်သူထံသို့ ရောက်ရှိသွားသည်။ ထိုသူမှာ သူတို့ တစ်ခါမျှ မမြင်ဖူးသည့် လူငယ်မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမက အံ့ဩနေကြသော သူများကို ယုံကြည်မှုအပြည့်ဖြင့် ပြုံးပြလိုက်ပြီး…

"ဝိုး... ဆေးကျိုအိုးက တကယ့်ကို လေးတာပဲ…ရိုက်လိုက်တဲ့အချိန် ငါ့လက်တောင် နည်းနည်း နာသွားတယ်..."

All Chapters