အခန်း (၉၄၅-၉၄၆)
Vol. 68 Ch. 945-946
အခန်း (၉၄၅) - အပေါက်ခြောက်ပေါက်ပါ နတ်ဆိုးသန့်စင်ဆေးပြား
ချင်ရီနှင့် လီလော့တို့ အကြည့်ချင်း ဆုံမိပြီးနောက် ခဏအကြာတွင် ကိုယ်စီအကြည့် ရုတ်သိမ်းလိုက်ကြသည်။
သို့သော် ချင်ရီ၏ ပတ်ပတ်လည်ရှိ လူများက ၎င်းကို သတိပြုမိလိုက်သည်။ ထိုသူများထဲတွင် လီလော့နှင့် ရင်းနှီးသော ကျောက်ကျင်းယွီလည်း ပါဝင်သည်။ သူသည် လီလော့ကို အရိုးထဲစွဲအောင် မုန်းတီးသူဖြစ်ပြီး လီလော့ ရောက်ရှိလာသည်နှင့် ချက်ချင်းပင် စူးစိုက်ကြည့်နေခဲ့သည်။
ကျောက်ကျင်းယွီ၏ မျက်လုံးများ အရောင်လက်သွားပြီး …
"ဟားဟား နတ်သမီးချင်ရီ.. ကောင်းကင်ဧကရာဇ်မျိုးနွယ်စုရဲ့ ဟွမ်းလုံရှီးရေကန် တိုက်ပွဲတုန်းက ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် ကြားလိုက်ရတယ်.. လီချင်းဖုန်းတို့အဖွဲ့ကို အစ်မ ဖိနှိပ်နေချိန်မှာ လီလော့က အစ်မကို ကျော်ဖြတ်ပြီး ရွှေနဂါးပတ်တိုင်ဆီကို ပြေးသွားပြီး အစ်မ ရသင့်ရထိုက်တဲ့အရာကို သူက လုယူသွားခဲ့တယ်မဟုတ်လား… ပြင်ပကုန်းမြေကြီးကနေ ကြီးပြင်းလာတဲ့ အောက်ခြေလူတန်းစားတစ်ယောက်ပဲ ဒီလောက်ထိ စုတ်ပြတ်သတ်တဲ့ အလုပ်မျိုး လုပ်ရဲမှာ"
ထိုစကားတစ်ခွန်းကြောင့် ချင်ရီ၏ ပတ်ပတ်လည်ရှိ လူငယ်အားလုံး ဒေါသထွက်သွားကြပြီး လီလော့ကို ချက်ချင်းပင် ဝေဖန်ပြောဆိုကြတော့သည်။ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ကို သူတို့ မသိကြသော်လည်း ၎င်းမှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ နတ်သမီးချင်ရီကို ထောက်ခံကြောင်း ပြသရန်နှင့် လီလော့ကို စော်ကားရန်ပင် ဖြစ်သည်။
ချင်ရီက အပြုံးလေးဖြင့်…
"အဲဒီနောက်ပိုင်း လီလော့က ကောင်းကင်ဧကရာဇ်လီကလန်ရဲ့ နဂါးခေါင်းဆောင် ဖြစ်လာတယ်ဆိုတာကို ကြည့်ရင် လူတိုင်းက သူ့ကို အထင်သေးခဲ့ကြပုံပဲ"
ထိုအခါ ကျောက်ကျင်းယွီက အေးစက်စွာ ရယ်မောလိုက်ပြီး..
"ဒါက တံခွန်၂၀ လုံးမှာ အရည်အချင်းမရှိတဲ့ လူမိုက်တွေပဲ ရှိတယ်ဆိုတာ ပြတာပေါ့…အဲဒီလိုလူတွေမှ အောက်ခြေလူတန်းစားတစ်ယောက်ရဲ့ အပေါ်မှာ တက်နင်းနိုင်မှာ.. တကယ့်ကို ရှက်ဖို့ကောင်းလိုက်တာ"
သူတို့ပတ်ပတ်လည်ရှိ လူအုပ်ကြီးက ချင်ရီ၏ စကားကို ကြားရပြီးနောက် လီလော့အပေါ် ထားရှိသည့် အကဲဖြတ်မှု ပိုမိုဆိုးရွားသွားခဲ့သည်။ ချင်ရီ၏ မိခင်နှင့် လီလော့၏ မိဘများ ရန်ငြိုးရှိသည်ကို သူတို့ သိသည့်အပြင် လီလော့ ရုပ်ရည်ချောမောသည်ကိုလည်း သူတို့ သတိပြုမိသည်။ ထို့ကြောင့် သူတို့၏ နတ်သမီးသာ ဂရုမစိုက်ပါက လီလော့၏ ဆွဲဆောင်မှုတွင် ကျော့ကွင်းမိသွားနိုင်သည်ဟု စိုးရိမ်နေကြသည်။
ထို့ကြောင့် ကျောက်ကျင်းယွီ၏ စကားကို ထောက်ခံလိုက်ပြီး လီကောင်းကင်ဧကရာဇ်လီကလန်၏ တံခွန် ၂၀ လုံးကိုပါ တပြိုင်နက်တည်း ဝေဖန်လိုက်ကြသည်။
လီလော့ကတော့ သူတို့၏ စော်ကားမှုများကို လုံးဝ ဂရုမစိုက်ပေ။ ရှေးယခင် ရန်ငြိုးများကြောင့် သူတို့ အဆုံးစွန်အထိ ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မည်ကို သူ သိရှိပြီးသား ဖြစ်သည်။ ထို့အပြင် ချင်ရီသည် ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်း သူ့အတွက် အန္တရာယ်အရှိဆုံး ပြိုင်ဘက် သုံးဦးထဲမှ တစ်ဦး ဖြစ်သည်။
အခွင့်အရေးသာ ရရင် အရင်ဦးဆုံး အနိုင်ယူပစ်မည်ဟု လီလော့ တွေးလိုက်သည်။ ထို့နောက် ပုံဆောင်ခဲဗီရိုများရှေ့တွင် ရပ်တန့်လိုက်ပြီး ပစ္စည်းများကို စိတ်ဝင်တစား စစ်ဆေးလိုက်သည်။
သူ့ရှေ့တွင် လျှို့ဝှက်ဆန်းကြယ်သော ပစ္စည်းများစွာ ရှိနေသည်။ အချို့မှာ အဆင့်မမြင့်သော်လည်း ပြင်ပတွင် ရှားပါးလှသည်။ လှိုဏ်ဂူသို့ မဝင်မီ စွမ်းအားကို ယာယီ မြှင့်တင်ပေးမည့် ဆေးပြားအချို့လည်း ရှိနေသည်။
ဤပစ္စည်းများက ရွှေနဂါးဘဏ်က အထူးရွေးချယ်ထားသော ပစ္စည်းများ ဖြစ်ပြီး လိုချင်စရာကောင်းလှသည်။ ပြဿနာမှာ ဈေးနှုန်းများက ပုံမှန်ထက် အဆပေါင်းများစွာ မြင့်မားနေခြင်း ဖြစ်သည်။
ထို့အပြင် လီလော့သည် ခရမ်းရောင်မျက်လုံးအဆင့်ရှိ ရတနာပစ္စည်း အချို့ကိုလည်း မြင်တွေ့လိုက်ရသည်။ ခရမ်းရောင်မျက်လုံး တစ်လုံးတည်းသာ ပါဝင်သော်လည်း ၎င်းတို့၏ စွမ်းအားမှာ လျှော့တွက်၍ မရပေ။
သို့သော် လီလော့တွင် ထိုသို့သော ရတနာပစ္စည်းများ လုံလောက်စွာ ရှိနေသဖြင့် ဝယ်ယူရန် မလိုအပ်ပေ။ သူ စိတ်ဝင်စားသည်မှာ အဆင့်မြင့် ရတနာပစ္စည်းများသာ ဖြစ်သည်။ ဆက်လက် ကြည့်ရှုနေစဉ် လိုချင်သည့်အရာကို ချက်ချင်း ရှာတွေ့လိုက်သည်။
၎င်းမှာ မြစ်ထဲမှ ကောက်ရသည့် ကျောက်စရစ်ခဲနှင့် တူသော အမည်းရောင် ဆေးပြားဖြစ်သည်။ ၎င်း၏ မျက်နှာပြင်တွင် မီးခိုးငွေ့များ ထွက်ပေါ်နေသော အပေါက်ငယ်ခြောက်ပေါက် ရှိနေသည်။
"အပေါက်ခြောက်ပေါက်ပါ နတ်ဆိုးသန့်စင်ဆေးပြား"
လီလော့ ထိုဆေးပြားကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေမိသည်။
ဤဆေးပြားမှာ နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်ရှိသူများအတွက် အသင့်တော်ဆုံး ဖြစ်ပြီး ရှီးဂန်းစွမ်းအားများကို ပေငါးဆယ်ခန့် တိုးမြှင့်ပေးနိုင်သဖြင့် ကျင့်ကြံရမည့် အချိန်ကို အများကြီး သက်သာစေနိုင်သည်။
လီလော့တွင် လက်ရှိ ပေခြောက်ရာ့ငါးဆယ်မြင့်သော ရှီးဂန်းစွမ်းအားများ ရှိသည်။ရှီးဂန်းစွမ်းအား များလေလေ တိုးတက်ရန် ခက်ခဲလေလေ ဖြစ်သည်။ ထို့ကြောင့် လူအများစုက ဆေးပြားများကို အသုံးပြု၍ ဖြည့်စွက်လေ့ရှိကြသည်။
တစ်ခုတည်းသော အားနည်းချက်မှာ ၎င်းဆေးပြားများကို တစ်ကြိမ်သာ သုံးနိုင်ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် သုံးပါက ခန္ဓာကိုယ်တွင် ခုခံမှု ဖြစ်ပေါ်လာပြီး အာနိသင် လုံးဝ မရှိတော့ပေ။
နတ်ဆိုးသန့်စင်ဆေးပြားတွင် သုံးပေါက်၊ ခြောက်ပေါက်နှင့် ကိုးပေါက်ဟူ၍ အဆင့်သုံးဆင့် ရှိသည်။ ကိုးပေါက်ပါ ဆေးပြားက အကောင်းဆုံး ဖြစ်သည်။ ကျန်နှစ်ခုမှာ မသန့်စင်သော ပစ္စည်းများ ပါဝင်သဖြင့် အနာဂတ်တွင် ကျင့်ကြံရန် ခက်ခဲစေနိုင်သည်။
သို့သော် လူအများစုမှာ အဆင့်မြင့်ဆုံးထိ ကျင့်ကြံရန် မရည်ရွယ်ကြသဖြင့် ခြောက်ပေါက်ပါ ဆေးပြားမှာ အလွန်ပင် လိုချင်တပ်မက်စရာ ဖြစ်လာပြီး စျေးကွက်ထဲ ပေါ်လာသည်နှင့် ချက်ချင်း ကုန်သွားလေ့ရှိသည်။
လီလော့က ဈေးနှုန်းတပ်ထားသည့် စာတမ်းကို ကြည့်လိုက်ပြီး… "ခြောက်ပေါက်ပါ ဆေးပြား၊ တစ်လုံးကို ကောင်းကင်ရွှေ သုံးသန်း" ဟု ရေရွတ်လိုက်သည်။
ပုံမှန်အားဖြင့် နှစ်သန်းသာ ရှိတတ်သော်လည်း ဤနေရာတွင် ဈေးတင်ထားခြင်း ဖြစ်သည်။
ရွှေနဂါးဘဏ်က အမြတ်ယူကြမ်းလွန်းတယ်…
လီလော့ စိတ်အနည်းငယ် လေးသွားသည်။ သူသည် ပေကိုးရာကိုးဆယ်အထိ ရောက်ရှိရန် ရည်ရွယ်ထားသဖြင့် ဆေးပြား၏ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်နေသည်။ သို့သော် ပဲ့တင်ထပ်သံ လှိုဏ်ဂူ ပွင့်တော့မည် ဖြစ်ရာ အရေးပေါ် အခြေအနေအတွက် တစ်လုံးလောက်တော့ လိုအပ်သည်။
ဤအတွေးဖြင့် ဝန်ထမ်းပေးထားသော ပစ္စည်းကို ထုတ်ယူကာ လေလံဆွဲလိုက်သည်။
"ကောင်းကင်ရွှေ သုံးသန်း နှစ်သိန်း"
သူ လေလံဆွဲလိုက်သည်နှင့် ခန်းမအလယ်ရှိ အလင်းဖန်သားပြင်တွင် နံပါတ်အသစ်တစ်ခု ပေါ်လာသည်။ ၎င်းမှာ လီလော့၏ လေလံစျေး ဖြစ်သည်။
နောက်ထပ် ငါးမိနစ်အတွင်း ဘယ်သူမှ မလေလံဆွဲပါက လီလော့ ရရှိတော့မည် ဖြစ်သည်။
သို့သော် ထိုသို့ မဖြစ်လာခဲ့ပေ။ ဖန်သားပြင်ပေါ်တွင် နံပါတ်အသစ်တစ်ခု ချက်ချင်း ပေါ်လာသည်။
"နံပါတ် ၅၈ က ခြောက်ပေါက်ပါ ဆေးပြားအတွက် ငါးသန်းအထိ လေလံဆွဲလိုက်ပါတယ်"
လီလော့ အံ့ဩသွားသည်။ စျေးများများ ပေးနိုင်ပါက ငါးမိနစ် စောင့်စရာ မလိုဘဲ ချက်ချင်း ဝယ်ယူနိုင်သည် မဟုတ်လား။
ခြောက်ပေါက်ပါ ဆေးပြားမှာ အများဆုံး လေးသန်းသာ တန်ဖိုးရှိသည်။
ဘယ်သူက ငါးသန်းအထိ ပေးဝယ်ရတာလဲ…
သူ လှည့်ကြည့်လိုက်တော့ ကျောက်ကျင်းယွီက ပျော်ရွှင်စွာဖြင့် သူ့လက်ထဲရှိ နံပါတ် ၅၈ ပါသော တံဆိပ်ကို ဝှေ့ယမ်းပြနေသဖြင့် လီလော့ သက်ပြင်းချလိုက်မိသည်။
ဒီလူမိုက်ပဲ ဖြစ်ရမယ်…
"ဝိုး... ဒါက ရင်းနှီးနေသလိုပဲ"
သူ ဒေါသ မထွက်ပေ။ ဒီဆေးပြားမှာ အပိုဆောင်းသာ ဖြစ်သဖြင့် အလုခံလိုက်ရလည်း ကိစ္စမရှိပေ။
သို့သော် ခြောက်ပေါက်ပါ ဆေးပြားကို အလုခံလိုက်ရချိန်တွင် အခြားဆေးပြားနှစ်ခုအတွက် လေလံစျေးများ ထပ်တက်လာပြန်သည်။
လီလော့ အခြားပစ္စည်း နှစ်ခုကိုလည်း အပျင်းပြေ လေလံဆွဲထားခဲ့ခြင်း ဖြစ်သည်။
သူ မော့ကြည့်လိုက်ချိန်တွင် ကျောက်ကျင်းယွီကို ပြုံးပြလိုက်ဖို့မမေ့ခဲ့ပေ။
ကျောက်ကျင်းယွီကလည်း အေးစက်စွာ ပြန်ပြုံးပြပြီး လေလံ မဆွဲတော့ဘဲ ပတ်ဝန်းကျင်ရှိ လူငယ်များကို လှောင်ပြုံးဖြင့် ကြည့်နေသည်။
အခြားပါရမီရှင်များကလည်း လီလော့ကို ကြည့်လိုက်ပြီး သူတို့ထဲမှ နှစ်ဦးက လေလံဆွဲ၍ ပစ္စည်းများကို ဝယ်ယူသွားကြသည်။
သူတို့သည် ကျောက်ကျင်းယွီ၏ မဟာမိတ်များ ဖြစ်ကြသည်။ ကျောက်ကျင်းယွီ၏ မျက်နှာကို ကြည့်ပြီး လီလော့ကို စော်ကားရန် ဝန်မလေးကြပေ။
"တကယ့်ကို ရဲရင့်တာပဲ"
လီလော့ ဒေါသ မထွက်သော်လည်း လီဖုန်းယီကတော့ မျက်မှောင်ကြုတ်ကာ စိတ်ဆိုးနေလေပြီ။
လီလော့က သူမကို တားလိုက်ပြီး…
"ထားလိုက်ပါ… ကျွန်တော် ဒီဆေးပြားတွေကို တကယ် မလိုချင်ပါဘူး၊ သူတို့ကို နောက်ပြောင်လိုက်ရုံပါ"
လီဖုန်းယီက ဒေါသတကြီးဖြင့်…
"လိုချင်တာ မလိုချင်တာက တစ်ပိုင်း၊ သူတို့လုပ်ရပ်က ငါတို့ကို စော်ကားနေတာပဲ"
"လာပါ အစ်မရယ်..ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲ ဝင်မှပဲ ဘာဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့"
ချင်ရီလည်း သူတို့၏ လုပ်ရပ်ကို သတိပြုမိသွားသည်။
"လီလော့က ဒီဆေးပြားတွေကို တကယ် လိုချင်နေတာ မဟုတ်လောက်ဘူး လုယူဖို့ ဒီလောက်ထိ လုပ်စရာ လိုလို့လား"
"ကျွန်တော် နောက်နေတာပါ" ဟု ကျောက်ကျင်းယွီက ရယ်မောရင်းပြန်ဖြေလိုက်သည်။
"ကောင်းကင်ရွှေ သန်းအနည်းငယ်ပဲလေ.. တံခွန်ခေါင်းဆောင် လီလော့က ပိုက်ဆံမရှိလို့ မလိုက်နိုင်တာပါ" ဟု အခြားသူများက လှောင်ရယ်နေကြသည်။
ချင်ရီက သူတို့၏ ရည်ရွယ်ချက်ကို နားလည်သော်လည်း ဘာမှ မပြောတော့ပေ။ အမှန်တကယ်တော့ လီလော့သာ ထိုဆေးပြားကို ဝယ်ယူသွားပါက နောင်တွင် စွမ်းအားများ ပိုမို အန္တရာယ်ရှိလာမည် ဖြစ်သဖြင့် သူမကိုယ်တိုင်လည်း လီလော့ ဝယ်သွားမည်ကိုမလိုလားပေ။
သူတို့တွေ အခြားသော တွေးတောမှုများ ဖြစ်ပေါ်နေစဉ်တွင် တတိယအထပ်၌ ရပ်နေသော မျက်နှာတဝက်ကို ပုဝါပါးအုပ်ထားသော မိန်းကလေးက မျက်မှောင်ကြုတ်လိုက်ပြီး ဘေးနားက ဝန်ထမ်းကို တိုးတိုးလေး လှမ်းပြောလိုက်သည်။
"သခင်မလေး"
ထိုဝန်ထမ်း အံ့ဩသွားပုံရသည်။ သို့သော် ထိုမိန်းကလေးက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သဖြင့် ဝန်ထမ်းမှာ သူမ၏ အမိန့်ကို လိုက်နာရန် ထွက်ခွာသွားသည်။
ခဏအကြာတွင် ဖန်သားပြင်ပေါ်တွင် ပစ္စည်းအသစ်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ သူ မျက်လုံး မခွာနိုင်သည့်အရာ ဖြစ်သည်။
"ကိုးပေါက်ပါ နတ်ဆိုးသန့်စင်ဆေးပြား… စတင်လေလံစျေး - ကောင်းကင်ရွှေ ငါးသန်း"
အခန်း (၉၄၆) - ကိုးပေါက်ပါ နတ်ဆိုးသန့်စင်ဆေးပြား
ကိုးပေါက်ပါ နတ်ဆိုးသန့်စင်ဆေးပြားအကြောင်းကြေငြာချက် ပေါ်လာချိန်တွင် လီလော့သာမက ဒုတိယအထပ်ရှိ လူအများ၏ အာရုံကိုပါ တစ်ပြိုင်နက်တည်း ဖမ်းစားသွားခဲ့သည်။
ကိုးပေါက်ပါ ဆေးပြားသည် နတ်ဆိုးသန့်စင်ဆေးပြားများတွင် အမြင့်ဆုံးအဆင့် ဖြစ်သည်။ ၎င်းသည် ရှီးဂန်းစွမ်းအားများကို သိသာထင်ရှားစွာ တိုးမြှင့်ပေးနိုင်ရုံသာမက သန့်စင်သည့် လုပ်ငန်းစဉ်ကြောင့် ဘေးထွက်ဆိုးကျိုး လုံးဝမရှိပေ။ ထို့ကြောင့် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်တွင်ရှိသူများ အလိုချင်ဆုံးဆေးပြား ဖြစ်သည်။ သို့သော် ၎င်းမှာ ရှားပါးလှပြီး မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးရှိ ရွှေနဂါးဘဏ်ခွဲများတွင်ပင် လအနည်းငယ်ကြာမှ တစ်လုံးသာ ရရှိတတ်သည်။ ၎င်းပေါ်လာတိုင်း အင်အားကြီးမားသော မျိုးနွယ်စုများက အလုအယက် ဝယ်ယူလေ့ရှိကြသည်။
လီလော့သည်လည်း နဂါးစွယ်ကလန်မှတစ်ဆင့် ကိုးပေါက်ပါ ဆေးပြားရရှိရန် ကြိုးစားခဲ့သော်လည်း အခွင့်အလမ်း အလွန်နည်းပါးလှသည်။ ယခုအခါတွင်မူ သူ အလိုချင်ဆုံးအရာကို တွေ့လိုက်ရပြီ ဖြစ်သည်။ အကယ်၍ ၎င်းကို ရရှိပါက ရှီးဂန်းစွမ်းအားများ သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်း ဝင်ရောက်ရာတွင် ပိုမိုယုံကြည်မှု ရှိလာမည်ဖြစ်သည်။
သို့သော် လီလော့အတွက် ထူးဆန်းသည်မှာ ကိုးပေါက်ပါ ဆေးပြားကို တိုက်ရိုက်ဝယ်ယူခွင့်မရှိဘဲ လေလံဆွဲရမည်သာ။
လီလော့ အချိန်မဆွဲတော့ဘဲ ချက်ချင်းပင် လေလံဆွဲလိုက်သည်။
"ကောင်းကင်ရွှေ ငါးသန်းခွဲ"
သာမန်အားဖြင့် ကိုးပေါက်ပါ ဆေးပြား၏ တန်ဖိုးမှာ ကိုးသန်းခန့်သာ ရှိသည်။ သို့သော် ဤနေရာ၏ စျေးနှုန်းများက ပုံမှန်ထက် ပိုများနေပြီး အခြေအနေအရ လီလော့အနေဖြင့် ဝယ်ယူနိုင်ရန် ခက်ခဲနိုင်ကြောင်း သိရှိထားသည်။
လီလော့၏ လေလံဆွဲပြီးနောက် ခဏအကြာတွင် အခြားလေလံများ ဝင်ရောက်လာပြီး ခြောက်သန်းခွဲအထိ စျေးတက်သွားခဲ့သည်။
ထိုသို့ ရုတ်တရက် မြင့်တက်လာခြင်းမှာ လူအများ၏ အာရုံကို ဖမ်းစားလိုက်သည်။
ချင်ရီလည်း လေလံစျေးကို မော့ကြည့်လိုက်သည်။ ဈေးနှုန်းတက်လာနေသည်ကို ကြည့်ပြီး လီလော့ ဤဆေးပြားကို အလိုအပ်ဆုံး ဖြစ်ကြောင်း အလိုလို သိလိုက်သည်။
"ဟွန့် ငါတို့ရှိနေချိန်မှာ လီလော့ ဒီဆေးပြားကို ရသွားဖို့ လုံးဝ အခွင့်အရေး မရှိဘူး"
ကျောက်ကျင်းယွီက လီလော့ကို စူးစိုက်ကြည့်ရင်း အေးစက်စွာ ရယ်မောလိုက်သည်။
အနောက်ပိုင်းဒေသတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် လီလော့ကို အရိုးထဲစွဲအောင် မုန်းတီးနေသူ ဖြစ်သည်။
သူသည် လီလော့ကို ဆေးပြား အလွယ်တကူ ရစေမည် မဟုတ်ပေ။ လီလော့ ရရှိချင်လျှင် ဈေးအကြီးကြီး ပေးဆပ်ရမည် ဖြစ်သည်။
ကျောက်ကျင်းယွီ လေလံဆွဲလိုက်တော့ ကောင်းကင်ရွှေ ခုနစ်သန်းခွဲအထိ စျေးတက်သွားခဲ့သည်။
လီလော့ကတော့ တည်ငြိမ်စွာပင် ရှိနေပြီး ကျောက်ကျင်းယွီကို တစ်ချက်မျှ မကြည့်ဘဲ နောက်ထပ် တစ်သန်း ထပ်တိုးလိုက်သည်။
ကျောက်ကျင်းယွီကလည်း ချက်ချင်းပင် ဆယ်သန်းအထိ တိုးမြှင့်လိုက်သည်။
၎င်းမှာ ဆေးပြား၏ ပုံမှန်တန်ဖိုးထက် ကျော်လွန်နေပြီ ဖြစ်သည်။ လီလော့ စဉ်းစားလိုက်ပြီးနောက် မျက်စိစုံမှိတ်ကာ လေလံဆွဲခြင်းကို ရပ်တန့်လိုက်သည်။ သူ့ရဲ့ ခန်းမသခင် လစာများကို စုထားသော်လည်း ကျောက်ကျင်းယွီက သူ့ကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဆေးပြားရရန်အတွက် တန်ဖိုးထက် များစွာ ပေးဆပ်ရတော့မည် ဖြစ်သည်။
ကျောက်ကျင်းယွီက လှောင်ပြုံးဖြင့် - "တံခွန်ခေါင်းဆောင် လီလော့... လေလံ မဆွဲတော့ဘူးလား.. မင်းအတွက် တန်ဖိုးမရှိလို့လား" ဟု အော်ဟစ် မေးမြန်းလိုက်သည်။
"မင်း အရမ်း လိုချင်နေရင်လည်း ယူသွားလိုက်လေ… အော်... မင်း လက်သစ်တစ်ခု ရှာတွေ့ထားတာပဲနော်…အရင်လက် မဟုတ်တာကတော့ နှမြောစရာပဲ" ဟု လီလော့က သူ့ကို သေချာကြည့်ကာ ခနဲ့လိုက်သည်။
ထိုအခါ ကျောက်ကျင်းယွီ၏ အကြည့်များ ဒေါသဖြင့် တောက်လောင်လာသည်။
"မင်း နဂါးခေါင်းဆောင် ဖြစ်နေတာနဲ့ပဲ ငါ့ကို အထင်သေးတာလား… မင်းရဲ့ အောက်ခြေလူတန်းစားဘဝကနေ ကျင့်ကြံလာတဲ့ အလေ့အကျင့်တွေက ဒီလိုပဲလား"
ကျောက်ကျင်းယွီ၏ လှောင်ပြောင်မှုကို လီလော့က တုံ့ပြန်ခြင်းမပြုဘဲ လီဖုန်းယီက ဒေါသတကြီးဖြင့် လေလံစျေးကို တိုးမြှင့်လိုက်သည်။
ကောင်းကင်ရွှေ တစ်ဆယ့်နှစ်သန်း
"ကောင်းကင်ဧကရာဇ်မျိုးနွယ်စုရဲ့ လုပ်ရပ်တွေက တကယ့်ကို ရွံစရာပဲ"ဟု လီဖုန်းယီက ဒေါသတကြီးအော်ဟစ်လိုက်သော်လည်းကျောက်ကျင်းယွီက လှောင်ပြုံးဖြင့် ချက်ချင်းပင် တစ်ဆယ့်လေးသန်းအထိ တိုးလိုက်သည်။
ထိုအခါ ဒုတိယအထပ်တစ်ခုလုံးတွင် အံ့ဩသံများ ထွက်ပေါ်လာပြီး စိတ်ဝင်စားသူများပင် လက်လျှော့လိုက်ကြသည်။ ဒါက အနိုင်ရရှိရေးအတွက် ငွေကြေးသုံးစွဲမှု တိုက်ပွဲ ဖြစ်နေပြီ ဖြစ်သည်။
လီဖုန်းယီ၏ မျက်နှာထား တည်တင်းလာပြီး လေလံထပ်တိုးရန် ပြင်ဆင်လိုက်တော့ လီလော့ သူမကို တားလိုက်သည်။ ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့် တိုက်ပွဲမျိုးကို တိုက်ခိုက်နေရန် မလိုအပ်ပေ။ ကျောက်ကျင်းယွီက ဈေးနှုန်းကို တင်ပေးနေခြင်းသာ ဖြစ်ပြီး ဤဆေးပြားကလည်း သူ့အတွက် အဓိကမဟုတ်ပေ။
"ထားလိုက်ပါ… ဒီလောက်ငွေတွေ အကုန်ခံစရာ မလိုပါဘူး.. သူ့ကို ပေးလိုက်… ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲ ရောက်သွားရင် သူ့အိတ်ကပ်ထဲကနေ ပြန်ယူလိုက်ကြတာပေါ့… သူက တကယ့်ကို ရက်ရောတဲ့သူပဲမဟုတ်လား နဂါးစွယ်ငါးခုကိုလဲ သူ ကိုယ်တိုင် လာပေးသွားတာ မေ့သွားပြီလား" ဟု လီလော့က သတိပေးလိုက်သည်။
ထိုသို့သော ရက်စက်လှသော စကားကြောင့် အားလုံးက လီလော့ကို ကြောင်ကြည့်နေကြသည်။ သူတို့တွေက လီလော့မှာ အဖိနှိပ်ခံနေရသည်ဟု ထင်ခဲ့ကြသော်လည်း အမှန်တကယ်တွင်မူ လီလော့၏ စိတ်ကူးများက သူတို့ ထင်ထားသည်ထက် ပိုမို ရက်စက်လှသည်။
လီဖုန်းယီကလည်း ရယ်မောလိုက်ပြီး ကျောက်ကျင်းယွီကို စိုက်ကြည့်ကာ…
"ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲမှာ တွေ့ကြမယ် အဲဒီအခါကျရင် လက်တစ်ဖက်တည်းနဲ့ မပြီးဘူးနော်" ဟု သတိပေးလိုက်သည်။
ထိုအခါ ကျောက်ကျင်းယွီ၏ မျက်နှာထား မည်းမှောင်သွားပြီး ဒေါသကြောင့် ပေါက်ကွဲတော့မည့်ပုံ ပေါက်နေသည်။
"လေလုံးကြီးလှချည်လား…"
သို့သော် ကျောက်ကျင်းယွီ ပြန်မဖြေခင်မှာပင် အသံတစ်ခု ထွက်ပေါ်လာပြီး လှံကြီးတစ်လက် လေထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ထိုလှံကို ပြင်းထန်လှသော စွမ်းအင်များဖြင့် ဝန်းရံထားပြီး လီဖုန်းယီထံသို့ လျင်မြန်စွာ ဦးတည်သွားသဖြင့် လီလော့ မျက်မှောင်ကြုတ်လိုက်ပြီး ပဲ့တင်ထပ်သံ သုံးမျိုးကို ချက်ချင်းပင် အသက်သွင်းလိုက်သည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအား နှစ်မျိုးဖြင့် ထိုးနှက်လိုက်သည်။
ဝုန်း
လှံနှင့် လက်သီး ထိပ်တိုက်ရင်ဆိုင်မိသဖြင့် စွမ်းအင်များ နေရာအနှံ့ ပေါက်ကွဲသွားသည်။
လီလော့၏ လက်မောင်း ထုံကျဉ်သွားပြီး ကြီးမားလှသော ခွန်အားကို ခံစားလိုက်ရသည်။ထို့ကြောင့် "အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါ" ကို အသုံးပြု၍ စွမ်းအင်အကြွင်းအကျန်များကို ဖယ်ရှားလိုက်လေသည်။
လှံကတော့၎င်း၏ ပိုင်ရှင်ထံသို့ ပြန်လည် ပျံသန်းသွားသည်။ လှံပိုင်ရှင်မှာ စူးရှသော အကြည့်ရှိသည့် လူငယ်တစ်ဦး ဖြစ်နေသည်။
"မင်းက ငါ့ရဲ့ လှံကို လက်ခံနိုင်တာပဲ၊ နည်းနည်းတော့ စွမ်းအားရှိသားပဲ"
"ကျောက်ရှန်းကျန်း "
ထိုသူကို မြင်လိုက်ချိန်တွင် လီဖုန်းယီ၏ မျက်နှာထား ပြောင်းလဲသွားသည်။
လီလော့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး…
"ကောင်းကင်ဧကရာဇ်ကျောက်ကလန်က လူတွေအားလုံး ဒီလောက်တောင် စည်းကမ်းမဲ့ကြတာလား" ဟု တုံ့ပြန်လိုက်သည်။
ကျောက်ရှန်းကျန်းက လီလော့ကို စိုက်ကြည့်ရင်း…
"အားနည်းတဲ့သူတွေကပဲ စည်းကမ်းကို ဂရုစိုက်ကြတာ..လီလော့.. မင်းက အနောက်ပိုင်းမြို့တော်မှာ ကျောက်ကျင်းယွီရဲ့ လက်ကို ဖြတ်ခဲ့တယ်မလား… ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲမှာ တွေ့ရင် မင်းကို အရှင်မလွှတ်ပေးဘူး" ဟု ဆိုသည်။
လီလော့က ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်ကာ…
"ကျောက်ကျင်းယွီကတော့ နောက်ဆုံးတွေ့တုန်းက နဂါးစွယ်ငါးခု လာပေးသွားတယ်… မင်းလည်း ဘာလက်ဆောင် ပေးချင်လဲဆိုတာ စဉ်းစားထားပေါ့…ကောင်းကင်ဧကရာဇ်ကျောက်ကလန်က လူတွေက တကယ့်ကို ရက်ရောတဲ့သူတွေပဲ"
"ဒါဆိုရင်လည်း ကောင်းကောင်း လက်ခံထားလိုက်"
ကျောက်ရှန်းကျန်း၏ အသံမှာ လူသတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။တို့နောက် လေလံဆွဲနေသည့် ကိုးပေါက်ပါ နတ်ဆိုးသန့်စင်ဆေးပြားကို လှမ်းကြည့်လိုက်သည်။
"အချိန်တန်ပြီ"
လီလော့ ပြန်မဖြေလိုက်ပေ။ လီဖုန်းယီ လှုပ်ရှားတော့မည့်အချိန်တွင် စျေးနှုန်းမှာ ပြောင်းလဲသွားကာ နှစ်ဆယ်သန်းအထိ စျေးတက်သွားသည်။
ဒုတိယအထပ်က လူတွေအားလုံးတုန်လှုပ်သွားပြီး မယုံနိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။ ၎င်းမှာ ဆေးပြား၏ မူလတန်ဖိုးထက် နှစ်ဆကျော်နေပြီ ဖြစ်သည်။
ဒီအခန်းထဲမှာ ငွေတန်ဖိုးကို မသိတဲ့သူ ရှိနေတာလား….
လီလော့လည်း အံ့ဩသွားပြီး လီဖုန်းယီကို လှမ်းကြည့်လိုက်တော့ သူမက ခေါင်းခါပြသည်။
"ငါ မဟုတ်ဘူး"
ကျောက်ကျင်းယွီသည်လည်း စျေးနှုန်း ရုတ်တရက် မြင့်တက်လာသဖြင့် အံ့ဩသွားသည်။ သူပင်လျှင် နှစ်ဆယ်သန်း သုံးရန်မှာ ပိုင်ဆိုင်မှု တစ်ဝက်ခန့် ရှိသဖြင့် တွန့်ဆုတ်သွားသည်။
ထို့ကြောင့် သူ လေလံ မဆွဲတော့ပေ။ အဓိကရည်ရွယ်ချက်က လီလော့ လွယ်လွယ်ကူကူ မရစေရန်သာ ဖြစ်ပြီး ၎င်းမှာ အောင်မြင်သွားပြီဟု သူ ယူဆလိုက်သည်။
"လီလော့... မလေလံဆွဲတော့ဘူးလား… မနက်ဖြန် ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲ ဝင်ရမှာမို့လို့ မင်းရဲ့ စွမ်းအားကို မြှင့်တင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲလေ"ဟု ကျောက်ကျင်းယွီက လီလော့ကို လှောင်ပြုံးဖြင့် ခနဲ့လိုက်သည်။
လီလော့ ဒါတွေကို ဂရုမစိုက်ပေ။
ခဏအကြာတွင် ကိုးပေါက်ပါ နတ်ဆိုးသန့်စင်ဆေးပြား လေလံအောင်သွားခဲ့သည်။ နှစ်ဆယ်သန်းဆိုသည့် စျေးနှုန်းမှာ ပါရမီရှင်များအတွက် လျှာသပ်စရာ ဖြစ်လာသည်။
ဤသို့ အရင်းအမြစ်များကို အလဟဿ အသုံးပြုခြင်းမှာ ရှားပါးလှသည်။
လီလော့သည်လည်း သက်ပြင်းချကာ ဆက်လက် ကြည့်ရှုရန် ပြင်ဆင်လိုက်သည်။ သို့သော် ခဏအကြာတွင် ကျောက်စိမ်းဘူးလေးတစ်ခုကိုင်ထားသောအမျိုးသမီးတစ်ဦး သူ့ရှေ့သို့ ရောက်ရှိလာသည်။
၎င်းမှာ အနည်းငယ် ပွင့်နေပြီး အတွင်းတွင် ကိုးပေါက်ပါ ဆေးပြားကို မြင်တွေ့လိုက်ရသဖြင့် ထိုအရာက လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။
ကိုးပေါက်ပါ နတ်ဆိုးသန့်စင်ဆေးပြား ဖြစ်ကြောင်း လူတိုင်း ချက်ချင်း သိလိုက်ကြသည်။
ချင်ရီ၊ ကျောက်ကျင်းယွီ၊ ကျောက်ရှန်းကျန်းတို့လည်း ထိုဘက်သို့ ငေးကြည့်နေကြသည်။
ထိုအမျိုးသမီးက လီလော့၏ ရှေ့သို့ ရောက်ရှိလာပြီး ကျောက်စိမ်းဘူးကို ကမ်းပေးနေသဖြင့် လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါ ဘာလဲ"
လူအများ၏ စိုက်ကြည့်မှုအောက်တွင် ထိုအမျိုးသမီးက တည်ငြိမ်စွာဖြင့်…
"နဂါးခေါင်းဆောင် လီလော့...မိတ်ဆွေဟောင်းတယောက်ရဲ့ လက်ဆောင်ကို ငြင်းပယ်ဖို့ မကြိုးစားပါနဲ့ရှင်"