အခန်း (၉၄၇-၉၄၈)
Vol. 68 Ch. 947-948
အခန်း (၉၄၇) - မဟာသွေးအဆိပ် ပညာရပ်
"မိတ်ဆွေဟောင်းတစ်ယောက်… ဟုတ်လား"
ထိုအမျိုးသမီး၏ စကားကြောင့် လီလော့၏ မျက်နှာပေါ်တွင် နားမလည်နိုင်သည့် အမူအရာ ပေါ်လာသည်။
မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးပေါ်မှာ ဘယ်လို မိတ်ဆွေဟောင်း ရှိနေတာလဲ…
သူမကို ငေးကြည့်နေစဉ် အမျိုးသမီးက ပြန်လည်ဖြေကြားခြင်း မရှိဘဲ ဆေးဘူးကိုသာ သူ့ထံသို့ ကမ်းပေးလိုက်သည်။
လီဖုန်းယီက အလျင်အစလိုပင် လှမ်းယူလိုက်ပြီး …
"တတိယမောင်လေး... မောင်လေးရဲ့ မိတ်ဆွေက တကယ့်ကို ရက်ရောတာပဲ..မောင်လေးအတွက် ကိုးပေါက်ပါ နတ်ဆိုးသန့်စင်ဆေးပြားကို နှစ်ဆယ်သန်းအထိ ပေးပြီး ဝယ်ပေးဖို့ ဘာလို့ လိုအပ်တာလဲ" ဟု ဆိုသည်။
လီလော့လည်း ဘာပြန်ပြောရမှန်း မသိပေ။ သူ သိထားသော မိတ်ဆွေဟောင်းများထဲတွင် ငွေကို ဤမျှ ပေါ့ပေါ့ဆဆ သုံးနိုင်သူ မည်သူမျှ မရှိပေ။
ဒါဆို ဒီဆေးပြားကို လာပေးသူက ဘယ်သူလဲ ဘာရည်ရွယ်ချက်ရှိလို့လဲ
လီလော့ စဉ်းစားနေစဉ်မှာပင် ထိုမိန်းကလေးက ဘာမျှ ထပ်မပြောဘဲ ထွက်ခွာသွားချေပြီ။
လီလော့ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကိုသာ ခါလိုက်သည်။
လီဖုန်းယီက ဆေးဘူးကို လီလော့ထံ ပေးလိုက်ပြီး လီလော့ကလည်း ဆေးပြားကို သေချာ စစ်ဆေးပြီးနောက် အိတ်ဆောင်စက်လုံးထဲထည့် သိမ်းလိုက်သည်။ ဤအဖြစ်အပျက်က အလွန်ပင် ထူးဆန်းနေသဖြင့် လီကျင်းဇယ်ကို အရင်ဆုံး စစ်ဆေးခိုင်းရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ဆေးပြားတွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း သူ ယုံကြည်သည်။ ဤမျှ ငွေများစွာ အကုန်ခံပြီး လီလော့၏ ဉာဏ်ရည်ကို အထင်သေးလောက်အောင် ထောင်ချောက်ဆင်မည့်သူ မရှိနိုင်ပေ။
လီလော့ မော့ကြည့်လိုက်ချိန်တွင် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ကျောက်ကျင်းယွီကို တွေ့လိုက်ရသဖြင့်ပြုံးလိုက်မိသည်။
"တောင်းပန်ပါတယ်၊ ဆုလာဘ်က နောက်တစ်ကြိမ် ငါ့ဆီပဲ ရောက်လာပြန်ပြီ"
ကျောက်ကျင်းယွီ၏ နှုတ်ခမ်းထောင့်များ တုန်ယင်နေသည်။ ဤရလဒ်က မျှော်လင့်ချက်ထားသည်ထက် ကျော်လွန်နေသည်။ ဆေးပြား လီလော့ထံ ရောက်သွားမည်ကို သူ သိသော်လည်း နှစ်ဆယ်သန်းအထိ ပေးရန်မှာ ပိုင်ဆိုင်မှု တစ်ဝက်နီးပါး ရှိသဖြင့် သူ နောက်ထပ် လေလံ မဆွဲတော့ပေ။
သို့သော်လည်း ကိစ္စမရှိပေ။ ဒါက နတ်ဆိုးသန့်စင်ဆေးပြား တစ်လုံးသာ ဖြစ်သည်။ လီလော့၏ စွမ်းအားကို တိုးတက်စေနိုင်သော်လည်း တစ်ညတည်းနှင့် ကောင်းကင်ပုလဲအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။
လီလော့ အဆင့်မတက်နိုင်သရွေ့ ကျောက်ရှန်းကျန်းက သူ့ကို အလွယ်တကူ ဖိနှိပ်ထားနိုင်လိမ့်မည်။
ထို့ကြောင့် အေးစက်စွာ ပြုံးလိုက်ပြီး လီလော့နှင့် ဆက်လက် ယှဉ်ပြိုင်နေရန် စိတ်မပါတော့ပေ။
လီလော့လည်း သူ့ကို ဂရုမစိုက်တော့ဘဲ အခြား ပစ္စည်းများကိုသာ ရှာဖွေနေတော့သည်။
ဤသို့ဖြင့် ဒုတိယအထပ်တထပ်လုံး ပြန်လည် တိတ်ဆိတ်သွားသည်။
တတိယအထပ်တွင်….
မျက်နှာကိုပုဝါဖုံးထားသည့် မိန်းကလေးက လီလော့ကို စိုက်ကြည့်နေပြီး သူမ၏ နှုတ်ခမ်းနီရဲရဲလေး အနည်းငယ် ကွေးညွတ်သွားပြီးနောက် နောက်သို့ လှည့်ကာ ထွက်ခွာသွားသည်။
ခန်းမနောက်ဘက်သို့ ရောက်ချိန်တွင် ဆေးပြား ပို့ဆောင်ပေးရသည့် ဝန်ထမ်းကို တွေ့လိုက်ရသည်။
"ဒုက္ခပေးမိလို့ တောင်းပန်ပါတယ် အစ်မကျင်း"
ထိုအမျိုးသမီးမှာ အလှပဆုံး မဟုတ်သော်လည်း သူမ၏ မျက်လုံးများတွင် စိတ်ဓာတ်သန်မာသည့် အငွေ့အသက်များရှိနေသည်။
"သခင်မလေး... အဲဒီ ကိုးပေါက်ပါ နတ်ဆိုးသန့်စင်ဆေးပြားကို အိမ်တော်သခင်က သခင်မလေးအတွက် ပြင်ဆင်ပေးထားတာပါ… သခင်မလေးက ကိုယ်တိုင် မသုံးတဲ့အပြင် တခြားသူကို ပေးလိုက်တယ်ပေါ့..."
"ဒီဆေးပြားက ကျွန်မထက် သူ့အတွက် ပိုအသုံးဝင်တယ်…ကျွန်မတို့က မိတ်ဆွေဟောင်းတွေပါ… သူက ပါရမီကောင်းတာကြောင့် မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးမှာ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်လာမှာ သေချာတယ်"
"ဒါပေမဲ့ သူက အဲဒီအဆင့်ထိ မရောက်သေးဘူးလေ… ကောင်းကင်ဧကရာဇ်လီကလန်ရဲ့ နဂါးခေါင်းဆောင် ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ချင်ရီနဲ့ ကျောက်ရှန်းကျန်းလို ပါရမီရှင်တွေကို ကျော်ဖြတ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး"
"အစ်မကျင်း….သူ့ကို အထင်မသေးလိုက်နဲ့…. သူက အလွန် ခက်ခဲတဲ့ လမ်းကြောင်းကို ဖြတ်သန်းလာခဲ့သူပါ… ချင်ရီတို့နဲ့ စွမ်းအားချင်း ကွာခြားနေတာက သူ ဒီကလန်ကို ရောက်လာတာ တစ်နှစ်ပဲ ရှိသေးလို့…. အချိန်နည်းနည်းလောက် ပေးလိုက်ရင် သူ ချင်ရီတို့ကို အမှီလိုက်နိုင်မှာပါ…သူတို့ကို ကျော်ဖြတ်ဖို့က မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး"
"ဒီစကားတွေကို ချိန်ဆ ကြည့်ရင် သူက ထူးခြားသူပဲ... ဒါပေမဲ့ သခင်မလေးက သူ့ကို အရမ်း ရင်းနှီးနေပုံပဲနော်"
"ကျွန်မတို့က အကောင်းဆုံး သူငယ်ချင်းတွေပါ..အော်ဒါနဲ့.. ကျွန်မ မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးကို ရောက်လာတာက ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ ရှိတဲ့ အခွင့်အရေးတစ်ခုကြောင့်နော်… အဖေပြောတာက ဒါက သန့်စင် မျိုးစေ့အမွေဆက်ခံခြင်းနဲ့ ပတ်သက်လို့ အကျိုးရှိမယ်တဲ့"
"သခင်မလေးက တကယ့်ကို ပါရမီရှင်ပဲ… အပြင်ကုန်းမြေကြီးမှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးမှ ဒီကို ရောက်တာနဲ့ မျိုးစေ့နဲ့ ပေါင်းစပ်ဖို့ လက္ခဏာတွေ ပြနေပြီ….အိမ်တော်သခင်က သခင်မလေးကို တောင်ပေါ်ကို စောစောပြန်ခိုင်းချင်မှာ မဟုတ်ဘူး… သူက သခင်မလေးရဲ့ ပါရမီကို တခြားသူတွေ မသိအောင် ဖုံးကွယ်ထားချင်တာပါ… ဒါကြောင့် အိမ်တော်သခင်ကို အပြစ်မတင်ပါနဲ့… သူလည်း သခင်မလေးအတွက် စိတ်မကောင်းဖြစ်နေတာပါ"
"ဒါတွေက အဖေ ပြောခိုင်းတဲ့ စကားတွေလား"
အစ်မကျင်းက ပြန်မဖြေဘဲ အနည်းငယ် အနေရခက်စွာ ပြုံးလိုက်သည်။
"ကျွန်မ သူ့ကို မမုန်းပါဘူး… အမေနဲ့အတူ နေခဲ့ရတဲ့ နှစ်တွေက ပျော်ရွှင်စရာ ကောင်းပါတယ်…ဘာမှ လိုအပ်ချက် မရှိခဲ့ဘူး"
ထို့နောက် သူမ၏ အသံ ပြောင်းလဲသွားသည်။
"ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲမှာ အန္တရာယ်တွေ များလိမ့်မယ်… ကျွန်မ ဒီသူငယ်ချင်းရဲ့ အကူအညီ လိုအပ်နိုင်တယ်…ဒါကြောင့် ဆေးပြားကို ပေးလိုက်တာ… သူ့ကို ကျေးဇူးတင်ကြောင်း ကြိုတင် ပြောထားသလိုမျိုးပေါ့"
အစ်မကျင်းဆိုသူက ရယ်ချင်စိတ်ကို မနည်း ထိန်းထားရသည်။ သခင်မလေးကို စောင့်ရှောက်ဖို့ အဖေဖြစ်သူက အစောင့်များစွာ ပေးထားခဲ့သည်မဟုတ်လော…
လီလော့သည် နဂါးခေါင်းဆောင် ဖြစ်သော်လည်း အားနည်းနေသေးသည်။ သို့သော် သခင်မလေးက တော်ရုံ ဂုဏ်ယူတတ်သော စိတ်မရှိသူမို့လို့ အခြား အကြောင်းပြချက်များ ရှိနေလိမ့်မည်။
"ဆေးပြားပေးရုံနဲ့တင် ရတာကို ဘာလို့ လေလံစျေးကို တင်ပေးလိုက်သေးတာလဲ… ဒါက မလိုအပ်တဲ့ ကိစ္စ မဟုတ်ဘူးလေ…"
"ကျောက်ကျင်းယွီဆိုတဲ့ လူက စနောက်ရတာကို ကြိုက်တယ် မဟုတ်လား..ယကျွန်မလည်း သူ့ကို နည်းနည်း စနောက်ချင်ရုံပါ"
အစ်မကျင်းလည်း အခုမှသာ သက်ပြင်းသာ ချလိုက်နိုင်သည်။ သခင်မလေးက လီလော့ကို ဖိနှိပ်နေသည့် ကျောက်ကျင်းယွီတို့ကို မကျေနပ်သဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုလိုလုပ်ပေးခြင်းက အကောင်းဆုံး သူငယ်ချင်းအဆင့်ထက် ပိုနေပြီဟု သူမ ထင်သည်။
"သခင်မလေး... သူ့ကို စကားပြောချင်လား"
မိန်းကလေး ခဏတာ စဉ်းစားပြီးနောက် ခေါင်းခါလိုက်ကာ…
"မလိုပါဘူး…အဖေက ဒီခရီးကို လျှို့ဝှက်ထားခိုင်းထားတယ်…ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲမှာပဲ သူနဲ့ တွေ့အောင် ကြိုးစားကြည့်မယ်"
အစ်မကျင်းလဲ ဆက်မမေးတော့ဘဲ သူမနောက်သို့ လိုက်ပါသွားတော့သည်။
……
လီလော့တယောက်တည်း ဒုတိယအထပ်၌ အခြား ပစ္စည်းများကို ဆက်လက် ရှာဖွေနေပြီး နောက်ဆုံးတွင် အသုံးဝင်မည့်အရာ တစ်ခုကို တွေ့ရှိသွားသည်။
၎င်းမှာ လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။
"မဟာသွေးအဆိပ် ပညာရပ်"
၎င်းမှာ အဆိပ်တစ်မျိုးဖြင့် ကိုယ်ပိုင်သွေးကို သန့်စင်ပြီး သွေးအဆိပ်အဖြစ် ပြောင်းလဲနိုင်သည့် ပညာရပ် ဖြစ်သည်။ ၎င်းကိုလူအများစုက စိတ်မဝင်စားကြသော်လည်း လီလော့ကတော့ အသုံးချနိုင်မည်ဟု တွေးလိုက်သည်။
သူ့ခန္ဓာကိုယ်အတွင်း၌ ပျောက်ကွယ်မသွားသည့် အဆိပ်တစ်မျိုး ကျန်ရှိနေသေးသည်။ ၎င်းမှာ အလွန်ပြင်းထန်လှသဖြင့် ကောင်းကင်ပဲ့တင်သံအဆင့်ရှိသူပင် မသန့်စင်ရဲပေ။
လီလော့၏ ရည်ရွယ်ချက်က ထိုအဆိပ်ကို ခန္ဓာကိုယ်အတွင်း၌ သိမ်းဆည်းထားပြီး တိုက်ပွဲတွင် အခွင့်အရေးရလျှင် ပြိုင်ဘက်ကို တိုက်ခိုက်ရန် ဖြစ်သည်။ မဟာသွေးအဆိပ် ပညာရပ်ကို သုံးလျှင် အဆိပ်ကို သွေးနှင့် ပေါင်းစပ်ကာ သွေးအဆိပ်အဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။
ထိုသွေးဆိပ်၏ စွမ်းအားက အဆိပ်ထက်ပင် ပိုမိုပြင်းထန်လိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ဤပညာရပ်က သူနှင့် အလွန်ပင် ကိုက်ညီသည်။ထို့ကြောင့် တွန့်ဆုတ်ခြင်းမရှိဘဲ ကောင်းကင်ရွှေ ငါးသန်းဖြင့် ချက်ချင်း ဝယ်ယူလိုက်သည်။
သူ သိမ်းဆည်းပြီးနောက် အလွန်ပင် ကျေနပ်သွားသည်။ ထွက်ခွာတော့မည့်အချိန်တွင် ကျောက်ကျင်းယွီက မရဏမိုးကြိုးမြားဟု ခေါ်သော ပဉ္စမအဆင့် ဘုရင်အမှတ်အသားအတွက် လေလံဆွဲနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ အလွန်ပြင်းထန်သော အရှိန်အဝါရှိသည်။ ကျောက်ကျင်းယွီက ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွက် အဆင်သင့် ဖြစ်စေရန် ကြိုးစားနေခြင်း ဖြစ်ပြီး ထိုရတနာ၏ စျေးနှုန်းကလည်း ခြောက်သန်းခန့် ရှိပြီး စျေးနှုန်းဆက်လက်မြင့်တက်နေသည်။
ကျောက်ကျင်းယွီက ၎င်းကို ရရှိရန် အလွန်ပင် စိတ်အားထက်သန်နေပုံရသည်။
လီလော့က ချက်ချင်းပင် ကိုးသန်းဖြင့် လေလံဆွဲလိုက်သဖြင့် ကျောက်ကျင်းယွီ ဒေါသပေါက်ကွဲသွားသည်။ဒါက လီလော့၏ နောက်ပြောင်မှုမှန်း သိသော်လည်း ၎င်းကို အလွန် လိုချင်သဖြင့် တစ်ဆယ့်တစ်သန်းအထိ တိုးမြှင့်လိုက်သည်။ ဤသည်က ပုံမှန်တန်ဖိုးထက် နှစ်ဆနီးပါး ရှိနေသည်။
လီလော့ လက်မထောင်ပြလိုက်တော့ ကျောက်ကျင်းယွီ၏ မျက်နှာမှာ ဒေါသကြောင့် အကျည်းတန်သွားသည်။
လီလော့လည်း ထိုမြားကို အလွန် စိတ်ဝင်စားသည်။ ၎င်းကိုသာ ကောင်းကင်နေဖမ်းလေးနှင့် ပေါင်းစပ်လိုက်လျှင် စွမ်းအား အလွန်ပြင်းထန်လိမ့်မည်။ သို့သော် ကျောက်ကျင်းယွီနှင့် ယှဉ်ပြိုင်ရန် မတန်တော့ပေ။
သူ အခွင့်အရေးရှိလျှင် ပြန်လည် ရယူရန် ကြိုးစားဦးမည်သာ။
လီလော့က စိတ်ထဲတွင်ထိုသို့တွေးရင်း ကျောက်ကျင်းယွီကို ပြုံးပြလိုက်ပြီး လီဖုန်းယီတို့နှင့်အတူ ပြန်လည် ထွက်ခွာသွားတော့သည်။
အခန်း (၉၄၈) - ရွှေရောင်နှင်းစက် စင်မြင့်
နောက်တစ်ရက်တွင် လီလော့တယောက် စေတီပေါ်၌ ရပ်လျက် အောက်ဘက်ရှိ မြေပြင်ကို အကဲခတ်နေသည်။ အဆုံးမရှိသော လွင်ပြင်များတစ်လျှောက် အရှိန်အဟုန်ဖြင့် ပြေးလွှားနေကြသည့် လူအမြောက်အမြားကို သူ မြင်တွေ့လိုက်ရပြီး ၎င်းတို့မှာ အနီးဆုံးရှိ စေတီအုပ်စုများအနီးတွင် ရပ်တန့်သွားကြသည်။
ထိုသူတို့မှာ လူငယ်များသာ ဖြစ်ကြပြီး တက်ကြွမှုနှင့် ရည်မှန်းချက်များဖြင့် ပြည့်နှက်နေကြသည်။ သူတို့အားလုံး ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်းမှ ထူးခြားသော အခွင့်အရေးများကို ရရှိရန် မျှော်လင့်ချက်ဖြင့် ရောက်ရှိလာကြသည့် သက်ဆိုင်ရာ အင်အားစုများ၏ ပါရမီရှင်များပင် ဖြစ်သည်။
"အတွင်းပိုင်း နတ်ဘုရားကုန်းမြေကြီး ဆိုတာ တကယ်ကို ထူးခြားတာပဲ" ဟု တွေးရင်း ပါရမီရှင်များစွာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူတို့၏ အရှိန်အဝါနှင့် ပုံစံမှာ သူ ယခင်က တွေ့ခဲ့ရသည့် လူငယ်များထက် အများကြီး ပိုမိုသာလွန်နေသည်။
ကုန်းမြေကြီးနှစ်ခုကြားရှိ အခြေခံအုတ်မြစ် ကွာခြားချက်က အလွန်ပင် ကြီးမားလှသည်။
၎င်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ အတွင်းပိုင်း နတ်ဘုရားကုန်းမြေကြီးက သဘာဝအရင်းအမြစ်များ ပေါများပြီး ကမ္ဘာ့ဗဟိုချက်လည်း ဖြစ်သည်။ လေထုထဲတွင် သဘာဝစွမ်းအင်များ ကြီးမားလှသော ပမာဏဖြင့် စုစည်းနေပြီး ကျင့်ကြံရန်အတွက် လိုအပ်သည့်အရာများလည်း ကြွယ်ဝလှသည်။ ဒါက အပြင်ဘက် နတ်ဘုရားကုန်းမြေကြီးနှင့် မယှဉ်နိုင်သော အချက်ဖြစ်သည်။ ပါရမီတူသော်လည်း အရင်းအမြစ် မလုံလောက်ပါက ကြီးထွားမှုက ညနှင့်နေ့ကဲ့သို့ ကွာခြားသွားမည် ဖြစ်သည်။
ထိုအချိန်တွင် လီဖုန်းယီက သူ့ကို လှမ်းခေါ်လိုက်သဖြင့် သတိဝင်လာခဲ့သည်။
အဖွဲ့သားအားလုံး ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သဖြင့် လီလော့ စေတီပေါ်မှ ဆင်းကာ ဧရာမ ခန်းမကြီးဆီသို့ သွားလိုက်သည်။
ထိုနေရာတွင်ကလန်ငါးခုမှ ပါရမီရှင်များမှာ စုဝေးနေကြပြီး သူတို့၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။
ပဲ့တင်ထပ်သံ လှိုဏ်ဂူသည် အခွင့်အရေးများသာမက မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးတွင် မိမိ၏ ဂုဏ်သတင်းကို တည်ဆောက်နိုင်မည့် နေရာလည်း ဖြစ်သည်။ လူအများကြားတွင် ထူးချွန်နိုင်ပါက သူတို့၏ ဂုဏ်သတင်း ကျော်ကြားလာမည်ဖြစ်ပြီး လူငယ်မျိုးဆက်၏ ခေါင်းဆောင်အစစ်အမှန် ဖြစ်လာမည် ဖြစ်သည်။
ထိုသို့သော ဂုဏ်သတင်းမျိုး ရရှိလာပါက နောက်ကွယ်ရှိ အင်အားစုများကလည်း အရင်းအမြစ်များကို ပိုမို ထောက်ပံ့ပေးလာမည် ဖြစ်သည်။ ကောင်းကင်ဧကရာဇ်မျိုးနွယ်စုများအနေဖြင့် သူတို့၏ သက်တမ်းရှည်ကြာသော စည်ပင်ဝပြောမှုကို သက်သေပြရန်အတွက် ပါရမီရှင်သစ်များ ပေါ်ထွက်လာရန် လိုအပ်သည်။
လူအုပ်ကြီး၏ ရှေ့တွင် လိုက်ပါပို့ဆောင်ပေးမည့် ခန်းမသခင်များ ရှိနေသဖြင့် ဤခရီးစဉ်၏ အရေးပါမှုကို ခန့်မှန်းကြည့်နိုင်သည်။
ခန်းမသခင်များထဲတွင် ခေါင်းဆောင်နှစ်ဦး ရှိသည်။
ပထမတစ်ဦးမှာ လီလော့၏ အကြီးဆုံး ဦးလေး လီချင်းဖုန်း ဖြစ်ပြီး နောက်တစ်ဦးကတော့ ပိုမို ခန့်ညားသော အရှိန်အဝါရှိသူ ဖြစ်သည်။ အခြားခန်းမသခင်များကပင် သူ့ကို အလွန် ရိုသေစွာဖြင့် ဆက်ဆံနေကြသည်။
ထိုသူမှာ နဂါးသွေးကလန်၏ ရွှေသွေးခန်းမသခင် လီကျီလော့ ဖြစ်သည်။
သူသည် အဆင့်မြင့် မြို့စားအဆင့် (အဋ္ဌမအဆင့်) ကျွမ်းကျင်သူ ဖြစ်ပြီး ကလန်ငါးခုထဲတွင် အစွမ်းထက်ဆုံး ခန်းမသခင်အဖြစ် သတ်မှတ်နိုင်သည်။ မကြာမီ အဆင့်ကိုး မြို့စားအဆင့်သို့ တက်လှမ်းတော့မည်ဟုလည်း ကောလဟာလများ ရှိနေသည်။
ထိုအဆင့်နှစ်ခုကြားရှိ ကွာခြားချက်ကို လျှော့တွက်၍ မရပေ။ သမိုင်းတွင် ပါရမီရှင်များစွာက ထိုခြေလှမ်းကို မကျော်ဖြတ်နိုင်ခဲ့ကြပေ။ သူတို့၏ အလားအလာ အဆုံးသတ်သွားပြီ ဖြစ်သဖြင့် အစောပိုင်း မြို့စားအဆင့်များကဲ့သို့ လွယ်ကူစွာ တိုးတက်နိုင်တော့မည် မဟုတ်ပေ။
ဆင့်ကိုး မြို့စားအဆင့်မှာ အလွန် ရှားပါးပြီး ဘုရင်အဆင့တို့၏ အောက်တွင်သာ ရှိသည်။ အကယ်၍ အံ့ဖွယ်နည်းဖြင့် တစ်လှမ်း တိုးတက်နိုင်ပါက ဘုရင်အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ဘုရင်အဆင့်မှာ ကောင်းကင်ဧကရာဇ်မျိုးနွယ်စုများတွင်ပင် အထွတ်အထိပ်အဆင့် ဖြစ်သည်။
လီကျီလော့ဆိုသူက တည်ငြိမ်လှသော အလတ်ပိုင်းအရွယ် အမျိုးသားဖြစ်သည်။ သူ့ အကြည့်များ ပါရမီရှင်လူငယ်များကို ဖြတ်သန်းသွားချိန်တွင် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
နဂါးစွယ်ကလန်၏ အစွမ်းထက်ဆုံး ခန်းမခန်းမအနေဖြင့် သူ့ရဲ့ စကားများက သက်ရောက်မှုပြင်းထန်လှသည်။
"ပဲ့တင်ထပ်သံ လှိုဏ်ဂူ ပွင့်တော့မယ်… ဝင်ရောက်သူတိုင်း သတိထားဖို့ လိုတယ်…ဒါဟာ မြွေဆိုးနဂါးဆိုးတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ..ကောင်းကင်ဧကရာဇ်လီကလန်က ဖြစ်ရုံနဲ့ မလုံလောက်ဘူး… အန္တရာယ်ပြုချင်သူတွေက အမြဲ ရှိနေတာမို့ လှိုဏ်ဂူ ပွင့်တိုင်း ပါရမီရှင်တွေ ကျဆုံးလေ့ ရှိတယ်"
လူတိုင်း၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာပြီး ခေါင်းညိတ်လိုက်ကြသည်။
"အရေးကြီးတဲ့အချက်ကို ပြောမယ်… လှိုဏ်ဂူထဲ ရောက်ရင် ပဲ့တင်ထပ်သံ ရွှေနှင်းစက်တွေ စုဆောင်းပြီး မင်းတို့ရဲ့ ပဲ့တင်ထပ်သံ တံဆိပ်ပြားတွေကို သန့်စင်ဖို့ ကြိုးစားပါ… အဲဒီ ရွှေနှစ်စက်က လှိုဏ်ဂူမှာပဲ ရှိတဲ့ အထူးစွမ်းအင်အရည်ပဲ"
လီကျီလော့က ထိုသို့ဆိုရင်း လက်ကို ဝှေ့ယမ်းကာ ရွှေရောင်အရည်တစ်စက်၏ ပုံရိပ်ကို ဖော်ပြလိုက်သည်။
"တံဆိပ်ပြားတွေက ပထမအဆင့် ဝင်ပေါက်ကိုပဲ ဖွင့်ပေးနိုင်တယ်… ရွှေနှင်းစက်ကသာ ဒုတိယအဆင့်ကို ဖွင့်နိုင်မှာ… ဒုတိယအဆင့်မှာ ရွှေရောင်နှင်းစက် စင်မြင့်ရှိတယ်..သတ်မှတ်ထားတဲ့အချိန်ရောက်ရင် စင်မြင့်ပေါ်ရောက်နေသူတိုင်းကို လှိုဏ်ဂူက စွမ်းအင်တွေနဲ့ သန့်စင်ပေးလိမ့်မယ်… ကံကောင်းပြီး အခြေခံကောင်းရင် ပဲ့တင်ထပ်သံကိုအဆင့်ကိုပါ အဆင့်မြှင့်တင်နိုင်မယ်… ပဲ့တင်ထပ်သံအဆင့် မြင့်တက်လာရင် သန့်စင်မှုနဲ့ အဆင့်တက်သွားမှာမို့လို့ လူတိုင်းက ရွှေရောင်နှင်းစက် စင်မြင့်ကို ရဖို့ ကြိုးစားကြတယ်…ငါတို့ စူးစမ်းလေ့လာထားသလောက်ဆို စင်မြင့် သုံးခု ရှိတယ်"
လီဂျီလော့၏ စကားကြောင့် လူတိုင်း၏ မျက်နှာထားများ ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ ပဲ့တင်ထပ်သံကို အဆင့်မြှင့်တင်ရန် မည်မျှ ခက်ခဲမှန်း လူတိုင်း သိသည်။ ဆေးရည်များနှင့် သန့်စင်အလင်းများ ရှိသော်လည်း တိုးတက်မှု နှေးကွေးပြီး ကန့်သတ်ချက် ရှိသည်။ အလွန်အကျွံ သုံးပါက ပိတ်ဆို့သွားတတ်သည်။
ရွှေရောင်နှင်းစက် စင်မြင့်က ချက်ချင်းပင် အဆင့်မြှင့်တင်ပေးနိုင်သဖြင့် လူတိုင်း ထိုအခွင့်အရေးကို လိုချင်နေကြသည်။
"ရွှေရောင်နှင်းစက် စင်မြင့်မှာ နေရာ ကန့်သတ်ထားတော့ ပြိုင်ဆိုင်မှုက ပြင်းထန်လိမ့်မယ်… ကိုယ့်ရဲ့ စွမ်းအားနဲ့ပဲ ရယူရမှာပဲ"
"ကျွန်မ မေးစရာ ရှိပါတယ်…ရွှေရောင်နှင်းစက် စင်မြင့်ကို ဝင်ဖို့ ရွှေနှင်းစက် ဘယ်လောက် လိုအပ်လဲ" ဟု လုချင်းမိန်က မေးလိုက်သည်။
"ရွှေနှစ်စက် အစက်သုံးဆယ်… ဒါကြောင့် လှိုဏ်ဂူထဲ ရောက်ရင် ရွှေနှင်းစက် အများဆုံး ရအောင် စုဆောင်းပါ.. သဘာဝစွမ်းအင် ထူထပ်တဲ့ နေရာတွေမှာ ရှာတွေ့နိုင်တယ်.. ရွှေရောင်နှင်းစက် စင်မြင့်မှာ လုပ်စရာရှိတာလုပ် ပြီးသွားရင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းကို ဆက်သွားရမယ်… အဲဒီမှာတော့ အခြေအနေတွေက ခန့်မှန်းလို့ မရဘူး.. အဲဒီမှာ ရှားပါးတဲ့ ရတနာတွေ ရှိပြီး ဒုတိယ ပဲ့တင်ထပ်သံ ဒါမှမဟုတ် အပို ပဲ့တင်ထပ်သံတောင် ရနိုင်တယ်"
ထိုစကားကြောင့် လူတိုင်း တုန်လှုပ်သွားသည်။ အပို ပဲ့တင်ထပ်သံဆိုသည်မှာ ကုန်းမြေကြီးကို တုန်လှုပ်သွားစေမည့်အရာ ဖြစ်သည်။
"ပဲ့တင်ထပ်သံ လှိုဏ်ဂူက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"
ထိုစဉ် ပြင်ပတွင် မိုးခြိမ်းသံကဲ့သို့ စွမ်းအင်များ ထိပ်တိုက်ရင်ဆိုင်နေသံများ ထွက်ပေါ်လာသည်။
"လှိုဏ်ဂူ ပွင့်တော့မယ်"
လူတိုင်း စေတီပြင်ပသို့ ထွက်လိုက်ကြတော့ လျှို့ဝှက်ဆန်းကြယ်သော ပေါ်တယ်ကြီးက သဘာဝစွမ်းအင်များကို အကြီးအကျယ် စုပ်ယူနေပြီး ဖွင့်လှစ်ဖို့ အချိန်သိပ်မလိုတော့ပေ။
ဝုန်း
စွမ်းအင်များ စုစည်းလာချိန်တွင် မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုအခါ လူတိုင်း၏ အကြည့်များ အံ့အားသင့်စွာဖြင့် လှုပ်ရှားသွားကြသည်။
အခွင့်အရေးများ ရောက်ရှိလာချေပြီ ထိုအခွင့်ရေးများကို သူတို့ ကိုယ်တိုင် ရယူရတော့မည် ဖြစ်သည်။
မိနစ်အနည်းငယ် အကြာတွင် ပေါ်တယ်ကြီး လုံးဝ ပွင့်သွားပြီး ထူးဆန်းလှသော ရနံ့များ ထွက်ပေါ်လာသည်။
ဘုန်း
လူအများအပြား ပေါ်တယ်ထဲသို့ အလုအယက် ပြေးဝင်သွားကြချေပြီ….
"သွားကြစို့ အခွင့်အရေးတွေ စောင့်ကြိုနေတယ်..ကျန်တာကတော့ မင်းတို့ရဲ့ လက်ထဲမှာပဲ ရှိတယ်"
လီကျီလော့ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပြင်းထန်သော စွမ်းအင်လှိုင်းများက လူငယ်များကို ပေါ်တယ်အတွင်းသို့ တွန်းပို့လိုက်တော့သည်။