အခန်း (၉၅၁-၉၅၂)
Vol. 68 Ch. 951-952
အခန်း (၉၅၁) - ပဲ့တင်ထပ်သံ လှိုဏ်ဂူ၏ ရွေးချယ်ခံ
နဂါးစွယ်ကလန် ငါးခုမှ အဖွဲ့ဝင်များ အရှေ့ဘက် နယ်မြေဆီသို့ အလျင်အမြန် ပျံသန်းနေကြသည်။
"လီလော့... ဘာလို့ အနောက်ဘက် နယ်မြေကို မရွေးတာလဲ… အလယ်နယ်မြေကလွဲရင် အနောက်ဘက်က သဘာဝစွမ်းအင် အထူထပ်ဆုံးပဲ…အဲဒီမှာဆိုရင် ပဲ့တင်ထပ်သံ ရွှေနှင်းစက်ပိုရမှာ သေချာတယ်" ဟု လီဖူလင်က မေးမြန်းလိုက်သည်။
"ဝမ်းကွဲအစ်မ ဖူလင်... လီဝူယွမ်က ကျွန်မတို့နဲ့ ဘယ်တုန်းကမှ အဆင်ပြေခဲ့တာမဟုတ်ဘူး.. သူ ကျွန်မတို့ကို ဒုတိယအကောင်းဆုံးနယ်မြေရွေးခွင့်ပေးဖို့လောက်ထိ သဘောကောင်းမယ်လို့ ထင်နေတာလား…အဲဒီနေရာမှာ ထောင်ချောက် ရှိနေမှာ သေချာတယ်" ဟု လီဖုန်းယီက လီလော့ကိုယ်စား ရှင်းပြလိုက်သည်။
လီဖူလင် မျက်မှောင်ကြုတ်သွားပြီး…
"ထောင်ချောက် ဖြစ်နိုင်ပေမဲ့ ရွှေနှင်းစက်အတွက်တော့ စွန့်စားရမှာပေါ့..ဘယ်လောက်ပဲ မုန်းပါစေ၊ သူတို့က ငါတို့ အသက်ကိုတော့ အန္တရာယ်ပြုရဲမှာ မဟုတ်ဘူး"
လီလင်းကျင်းက…
"သူက ငါတို့ အသက်ကို အန္တရာယ် မပြုပေမဲ့ ငါတို့ဘက်က ထိခိုက်ဒဏ်ရာ ရသွားရင်တော့ ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲမှာ ငါတို့ရဲ့ တိုးတက်မှုကို အကြီးအကျယ် နှောင့်နှေးသွားစေလိမ့်မယ်"
လီဖူလင်က မကျေနပ်သေးသော်လည်း ဆက်လက် ငြင်းခုံမနေတော့ပေ။
လီလော့က…
"စိတ်မပူပါနဲ့… လီဝူယွမ်ရဲ့ ထောင်ချောက်ကို ကျွန်တော် မကြောက်ပါဘူး…အရှေ့ဘက် နယ်မြေက ကျွန်တော်တို့နဲ့ ပိုသင့်တော်တယ်လို့ ခံစားရလို့ပါ.. ဒီနေရာမှာ ပိုပြီး အကျိုးအမြတ် ရနိုင်မလားပဲ"
ထိုအခါ လီဖူလင်က လီလော့ကို သံသယဖြင့် ကြည့်လိုက်သည်။
"နင် ဘယ်လိုလုပ် သိတာလဲ..လီဝူယွမ်က အကာအကွယ်အတားအဆီးကို ထိန်းချုပ်ထားတာဆိုတော့ စွမ်းအင် အထူထပ်ဆုံးနေရာကို သူပဲ သိမှာပေါ့"
ထိုမေးခွန်းကြောင့် လူတိုင်းက လိီလော့ကို စိတ်ဝင်တစား ကြည့်နေကြသည်။
မည်သို့ ရှင်းပြရမည်နည်း။ သူ့အနေနှင့် ပဲ့တင်ထပ်သံ လှိုဏ်ဂူနှင့် ဆက်စပ်မှုရှိပြီး စွမ်းအင်များကို ပိုမို အာရုံခံနိုင်သည်ဟု ပြောပြ၍ မရပေ။ မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။
"အချိန်တန်ရင် သိလာလိမ့်မယ်"ဟု ဝေဝေဝါးဝါးပြန်ဖြေလိုက်သည်။
လီဖူလင်ကတော့ မကျေနပ်သည့်အလား…
"ကောင်းပြီလေ..ဘယ်လို ရှင်းပြမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"ဟု ကြိမ်းမောင်းလိုက်သည်။
သူတို့ စကားပြောဆိုရင်း ချိုင့်ဝှမ်း၏ အလယ်ဗဟိုသို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် သဘာဝစွမ်းအင်များ စုစည်းမှုကြောင့် မြူခိုးများ ဖုံးလွှမ်းနေသည်။
လီလော့ ပတ်ဝန်းကျင်ကို လေ့လာနေစဉ် တံတိုင်းများပေါ်တွင် လင်းလက်နေသော စာလုံးများကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ စွမ်းအင်များ စုစည်းနေစေရန် ပြုလုပ်ထားသော အကာအကွယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
လီဝူယွမ် အကာအကွယ်ကို မဖွင့်မီအထိ လူတိုင်း အနားယူနေကြသော်လည်း လီလော့သာ ချိုင့်ဝှမ်းထဲတွင် လျှောက်သွားရင်း စူးစမ်းနေသည်။ အခြားသူများက အကာအကွယ်ကြောင့် စုစည်းနေသည့် စွမ်းအင်များကိုသာ ခံစားရသော်လည်း လီလော့မှာတော့ မြေအောက်ထဲတွင် ရှိနေသော ဧရာမ စွမ်းအင်ရေကန်ကြီးတစ်ခုကို အာရုံခံမိနေသည်။
"ဘာလို့ ပဲ့တင်ထပ်သံ လှိုဏ်ဂူက ငါ့ကို ဒီလောက်တောင် ကြိုဆိုနေတာလဲ..ငါက ရွေးချယ်ခံရသူများလား"
လက်ရှိချိန်တွင် သူ့ရဲ့ အာရုံခံနိုင်စွမ်းက မြို့စားအဆင့် ကျွမ်းကျင်သူများထက်ပင် သာလွန်နေသည်။
ဒါက ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ကြောင့်လား…
ဤအတွေးဖြင့် နှစ်ပေါင်းများစွာ မသုံးခဲ့ရသော ပညာရပ်ကို အသက်သွင်းလိုက်လေသည်။ အရင်တုန်းက ၎င်းကို ပဲ့တင်ထပ်သံအသစ်များ ဖန်တီးရန်အတွက်သာ သုံးခဲ့သော်လည်း အခြား အသုံးဝင်မှုများ ရှိနိုင်သေးသည်။
လီလော့ လက်ဝါးကို ဆန့်လိုက်သည်နှင့် သိသာထင်ရှားသော မီးတောက်တစ်ခု ပေါ်ထွက်လာသည်။
"ဒီပညာရပ်က ပဲ့တင်ထပ်သံအသစ်တွေ ဖန်တီးပေးနိုင်တယ်ဆိုရင် တခြား အံ့ဩစရာတွေရော ရှိဦးမလား.. ဒါမှမဟုတ် ငါကပဲ မှားသုံးနေတာလား"
လီလော့ စဉ်းစားနေစဉ်မှာပင် မြေအောက်ရှိ ဧရာမ စွမ်းအင်ရေကန်ကြီး လှုပ်ရှားလာသည်။ တုံ့ပြန်မှုအရ ထိုရေကန်ကြီးက မီးတောက်ရှိရာဘက်သို့ ဦးတည် ရွေ့လျားလာနေသည်။
"အဲဒီ မီးတောက်က ဒီလောက်ထိ စွမ်းအင်တွေကို ဆွဲဆောင်နိုင်တာလား"
လီလော့ အလွန်ပင် ဝမ်းသာသွားသည်။ ထို့ကြောင့် ချိုင့်ဝှမ်းတစ်လျှောက် လျှောက်သွားရင်း မီးတောက်ငယ်များကို မြေကြီးထဲသို့ ပစ်သွင်းလိုက်ရင်း စွမ်းအင်များ အလွယ်တကူ ထွက်မလာစေရန် အကာအကွယ်ဖြင့် ဖုံးအုပ်ထားလိုက်သည်။
"ဒီမှာ ဘာလုပ်နေတာလဲ"
ထိုစဉ် နောက်ဘက်မှ လီလင်းကျင်း ရောက်လာသည်။
"လူတိုင်းအတွက် အံ့သြစရာတစ်ခု ပြင်ထားတာပါ"
"လျှို့ဝှက်လွန်းအားကြီးတယ်"
လီလော့ ရယ်မောလိုက်မိသည်။ သူ့အစီအစဉ် အောင်မြင်ပါက ရိတ်သိမ်းရမည့် ရွှေနှင်းစက်ပမာဏ အဆမတန် များပြားလာလိမ့်မည် ဖြစ်သည်။
……
နဂါးစွယ်ကလန် ငါးခု ထွက်ခွာသွားပြီးနောက် သစ်တော၏ အနက်ပိုင်းတွင် အလင်းအချက်ပြမှုတစ်ခု ပေါ်လာသည်။
အချိန်အနည်းငယ် အကြာတွင် အဖွဲ့တစ်ဖွဲ့ တောင်ထိပ်သို့ ဆင်းသက်လာကြသည်။လူအင်အားကလည်း နဂါးစွယ်ကလန် ငါးခုထက်ပင် ပိုမို များပြားလှသည်။ ထိုသူတို့မှာ ကောင်းကင်ဧကရာဇ်လီကလန်နှင့် ရန်ငြိုးရှိသော ကောင်းကင်ဧကရာဇ်ကျောက်ကလန်သားများ ဖြစ်ကြသည်။
ကျောက်ရှန်းကျန်းလည်း ထိုအဖွဲ့ထဲတွင် ပါဝင်သော်လည်း ခေါင်းဆောင်ကတော့ ရွှေရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး ဖြစ်သည်။ထိုလူငယ်၏ အမည်က ကျောက်ယန်ဖြစ်ပြီး ကောင်းကင်ပုလဲ ရှစ်လုံးအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
သူတို့နှင့်အတူ နောက်ထပ် အင်အားစုတစ်ခုဖြစ်သော နတ်ဆိုးမီးတောက် ခန်းမမှ လူများလည်းအတူရှိနေသေးသည်။
"အစ်ကိုတျန်... ဒီနေရာမှာ သဘာဝစွမ်းအင်တွေ အရမ်းကြွယ်ဝတယ်… ကောင်းကင်ဧကရာဇ်လီကလန်က တကယ်ကို ကောင်းကောင်း တည်ဆောက်ထားတာပဲ" ဟု ကျောက်ယန်က ရယ်မောလျက် ဆိုလိုက်သည်။
"နဂါးစွယ်ကလန် အကာအကွယ် တည်ဆောက်တာကို ငါ့လူတွေ တွေ့ခဲ့ရာကနေ သိလာတာ…ဒါပေမဲ့ နတ်ဆိုးမီးတောက်ခန်းမ တစ်ခုတည်းနဲ့တော့ မနိုင်ဘူးလေ.. ဒါကြောင့် မင်းရဲ့အကူအညီ လိုအပ်တာပါ" ဟု အစ်ကိုတျန်ဟု ခေါ်ဆိုသော လူငယ်က ပြန်ဖြေလိုက်သည်။
"အဲဒီတော့ သူတို့နှစ်ယောက် တိုက်ခိုက်ချိန်မှာ ကျုပ်တို့တွေ အကျိုးအမြတ် ခွဲယူမှာပေါ့ ဟုတ်လား"
“ကောင်းကင်ဧကရာဇ်လီကလန်နဲ့ ကျောက်ကလန်ကြား ရန်ငြိုးတွေ ရှိနေတာမို့လို့ စကားပြောစရာ မလိုတော့ဘူး…သူတို့ကို တိုက်ရဲတာကလည်း အစ်ကိုတို့ပဲ ရှိတာလေ"
"တကယ်ကို ထက်မြက်တဲ့ အကြံဉာဏ်ပဲ"
ထိုအချိန်တွင် ကျောက်ကျင်းယွီက တောအုပ်ဘက်ကို ဒေါသတကြီး ကြည့်နေလေသည်။
"လီလော့... ငါတို့ ဒီလောက် မြန်မြန် ဆုံတွေ့မယ်လို့ မထင်ထားဘူး မဟုတ်လား"
အခန်း (၉၅၂) - ရွှေရောင်နှင်းစက်ပေါ်ထွက်ခြင်း
လီလော့တို့တွေ ချိုင့်ဝှမ်းအတွင်း၌ အချိန်အတော်ကြာ စောင့်ဆိုင်းစရာ မလိုခဲ့ပေ။ မကြာမီပင် သစ်တောပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များ လှုပ်ရှားလာပြီး ကျယ်လောင်သော အသံများနှင့်အတူ စီးဆင်းလာကာ သစ်ပင်များလည်း လေပြင်းတိုက်ခတ်သကဲ့သို့ ယိမ်းနွဲ့နေကြသည်။
"လီဝူယွမ် အကာအကွယ်ကို ဖွင့်လိုက်ပြီ.. ပြင်ဆင်ထားကြ..ပဲ့တင်ထပ်သံ ရွှေရောင်နှင်းစက်တွေ မကြာခင် ပုံဆောင်ခဲ ဖြစ်လာတော့မယ်" ဟု လီဖူလင်က ပတ်ဝန်းကျင်အပြောင်းအလဲကို မြင်လိုက်ရသဖြင့် သတိပေးလိုက်သည်။
လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်ပေါ်လာပြီး မီးခိုးငွေ့တိမ်တိုက်များကဲ့သို့ နေရာတစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။ လူတိုင်းသည် ခရမ်းရောင်မျက်လုံးအဆင့်ရှိ ရတနာပစ္စည်းများကိုလည်း ထုတ်ယူလိုက်ကြသည်။
သူတို့အားလုံးမ ဖြစ်လာနိုင်သည့် အန္တရာယ်များအတွက် အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်သည်။ အခြေခံစွမ်းအား အားနည်းသူများပင်လျှင် ဤခရီးစဉ်အတွက် အစွမ်းထက်သည့် ရတနာပစ္စည်းများကို ရရှိအောင် ကြိုးပမ်းထားကြသည်။
လီလော့၏ လက်ထဲတွင် ရွှေကျောက်စိမ်းဆင်စွယ်ဓားပေါ်လာသည်။ ၎င်းမှာ ရွှေမျက်လုံးအဆင့်သာ ရှိသဖြင့် ဤနေရာတွင် အနည်းငယ် ထူးခြားနေသည်။ လီလော့ ဓားကို ထုတ်လိုက်သည်နှင့် လီဖူလင်တို့၏ အကြည့်များ ထိုဓားဆီသို့ ရောက်သွားကြသည်။
"ဝမ်းကွဲမောင် လီလော့... မောင်လေးက နဂါးခေါင်းဆောင်လေ၊ ဒီခရီးအတွက် ခရမ်းရောင်မျက်လုံးအဆင့် ရတနာပစ္စည်းတောင် မပြင်ဆင်ထားဘူးလား" ဟု လီဖူလင်က မနေနိုင်ဘဲ မေးလိုက်သည်။
"ဒီဓားကို ခရမ်းရောင်မျက်လုံး သုံးလုံးအဆင့် ရတနာပစ္စည်းနဲ့ လဲခိုင်းရင်တောင် ကျွန်တော် လဲမှာ မဟုတ်ဘူး"
ရွှေကျောက်စိမ်းဆင်စွယ်ဓားက ရွှေမျက်လုံးအဆင့်သာ ဖြစ်သော်လည်း ၎င်း၏ တန်ဖိုးကို မည်သူမျှ မမှန်းဆနိုင်ပေ။ ၎င်းတွင် ဘုရင်အမှတ်အသားအစအနလေး ပါဝင်နေသည်။ ၎င်းမှာ မည်သူမဆို ရရှိနိုင်သည့် အမှတ်အသားမျိုး မဟုတ်ပေ။ဤဓားက ကျောင်းအုပ်ကြီးဖန်၏ လက်နက်ဖြစ်ပြီး သူ၏ တိုက်ပွဲပေါင်းများစွာတွင် အဖော်ပြုခဲ့သည့်အရာ ဖြစ်သည်။
သူ့တွင် အမြီးသုံးချောင်းကောင်းကင်ဝံပုလွေဆိုသည့် လျှို့ဝှက်လက်နက် ရှိသော်လည်း အန္တရာယ်ကြုံလာပါက ဘုရင်အမှတ်အသားကသာ သူ့ကို ကယ်တင်နိုင်မည် ဖြစ်သည်။ မြို့စားအဆင့်များနှင့် ရင်ဆိုင်ရလျှင် ရှင်သန်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ထိုသို့သော တိုက်ပွဲမျိုးနှင့် ကြုံလာပါက ဤဓားမှာ လုံးဝ ပျက်စီးသွားနိုင်သော်လည်း သူ့ အသက်ကိုတော့ ကယ်တင်ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူ၏ စကားမှာ မုသားမပါပေ။
သို့သော် လီဖူလင်တို့ကတော့ သူ့စကားကို အလေးမထားဘဲ လီလော့၏ ခေါင်းမာမှုဟုသာ သတ်မှတ်လိုက်ကြသည်။
လီလော့ကလည်း ထပ်ရှင်းပြမနေတော့ဘဲ ချိုင့်ဝှမ်းအထက်ရှိ ကောင်းကင်ကိုသာ မော့ကြည့်နေသည်။ထိုစဉ် အကာအကွယ်အတားအဆီး စတင် အသက်ဝင်လာပြီး သဘာဝစွမ်းအင်များ စုစည်းလာသည်။
ဖြစ်ပျက်နေသည့် အခြေအနေကို ကြည့်ခြင်းအားဖြင့် လီဝူယွမ် ရှိနေသည့် အလယ်နယ်မြေတွင် စွမ်းအင် အထူထပ်ဆုံး ဖြစ်ကြောင်း သိသာသည်။ သူတို့မှာ အကောင်းဆုံး အစိတ်အပိုင်းကို ရရှိထားခြင်း ဖြစ်သည်။
အခြား ကလန်သုံးခုရှိ စွမ်းအင်စုစည်းမှုမှာလည်း မဆိုးလှပေ။ လီလော့တို့ အဖွဲ့ရှိသည့် နေရာထက် များစွာ သာလွန်သည်။ လီဖူလင်ကတော့ မကျေမနပ်ဖြစ်ကာ လီလော့ကို စိုက်ကြည့်နေသည်။
ဒီကောင်က စွမ်းအင် ပိုများတဲ့ နယ်မြေတွေကို စွန့်လွှတ်ပြီး ဒီနေရာကို ရွေးခဲ့တာ ဘာ့ကြောင့်များလဲ… .
သို့သော် လီလော့က သူမ၏ အကြည့်ကို အပြုံံးဖြင့်တုံ့ပြန်လိုက်ပြီး…
"စောစောစီးစီး မပူပါနဲ့ဦး… စောင့်ကြည့်ကြတာပေါ့"
ဘုန်း ဘုန်း
ထိုစဉ် ပေါက်ကွဲသံ အချို့နှင့်အတူ ပြင်းထန်သော သဘာဝစွမ်းအင် မုန်တိုင်းတစ်ခုမှာ သစ်တောကို လွှမ်းခြုံသွားသည်။
ထိုအချိန်တွင် လီလော့တို့တွေ ချိုင့်ဝှမ်းအထက်တွင် လှည့်ပတ်နေသည့် စွမ်းအင်တွင်းပေါက်တစ်ခုကို မြင်လိုက်ရသည်။ စွမ်းအင်များ ပြည့်နှက်နေသည့် မြူခိုးများ ထိုတွင်းပေါက်ထဲသို့ စုပ်ယူခြင်း ခံနေရပြီး ပိုမို ကြီးမားလာသည်။ စုပ်ယူသွားသည့် စွမ်းအင်ပမာဏကလည်း အံ့ဩစရာပင်။
မိနစ်အတော်ကြာပြီးနောက် စွမ်းအင်တွင်းပေါက်ကြီး ရုတ်တရက် ကျုံ့ဝင်သွားပြီး ထိုအချိန်တွင် ရွှေရောင် နှင်းစက်အချို့ကို အနည်းငယ် မြင်လိုက်ရသည်။
ဝုန်း
နောက်ဆုံးတွင် စွမ်းအင်တွင်းပေါက်ကြီး ပေါက်ကွဲထွက်သွားပြီး ရွှေရောင်အလင်းတန်းများ လေထဲသို့ ပျံသန်းသွားကာ လေထဲတွင် မျောလွင့်နေသော အလင်းတန်းများလည်း သဘာဝစွမ်းအင်များကို စုပ်ယူကာ ပိုမို တောက်ပလာကြသည်။
"ပဲ့တင်ထပ်သံ ရွှေရောင်နှင်းစက်ပဲ"
လီဖူလင်တို့အဖွဲ့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ရွှေရောင်အလင်းတန်း လေးခုကို မမှိတ်မသုန် စိုက်ကြည့်နေကြသည်။
လီလော့လည်း သူတို့ကို ကြည့်နေမိသည်။ ရွှေရောင်အလင်းတန်း တစ်ခုစီ၏ အတွင်းတွင် ထူးဆန်းသော အရည်တစ်ခု ရှိနေပြီး စွမ်းအင်၏ အနှစ်သာရများ ဖြစ်ပုံရသည်။ ၎င်းမှာ မည်သည့် စွမ်းအင်အမျိုးအစားကိုမဆို ပြောင်းလဲနိုင်စွမ်း ရှိပုံရသည်။
ထိုရွှေရောင်အလင်းတန်းကို လေ့လာနေရင်း လီလော့၏ ခန္ဓာကိုယ်ထဲရှိ ပဲ့တင်ထပ်သံများက ၎င်းကို တောင့်တနေကြောင်း ခံစားလိုက်ရသည်။
၎င်းမှာ သူတို့ အလိုရှိနေသည့် ပဲ့တင်ထပ်သံ ရွှေရောင်နှင်းစက်များပင် ဖြစ်သည်။
"နည်းနည်းလောက် စောင့်ဦး…ရွှေရောင်နှင်းစက်က အခုမှ ပေါ်လာတာမို့လို့ သဘာဝစွမ်းအင်တွေနဲ့ ပိုမို သန်မာလာဖို့ လိုသေးတယ်… အပြည့်အဝ ဖြစ်ထွန်းလာတဲ့အချိန်ကျမှ ရိတ်သိမ်းကြတာပေါ့" ဟု လီဖူလင်က သတိပေးလိုက်သည်။
"နောက်ပြီး... အစောင့်အရှောက်ဝိဉာဉ်တွေလည်း မကြာခင် ပေါ်လာတော့မယ်။ သတိထားကြ…"
လီဖူလင် စကားဆုံးသည်နှင့် သဘာဝစွမ်းအင်များ လေထဲတွင် လှိုင်းလုံးကြီးများကဲ့သို့ ရွေ့လျားလာသည်ကို မြင်လိုက်ရသည်။ ထိုနေရာ၏ စွမ်းအင်စုစည်းမှုကြောင့် မှေးမှိန်နေသော ပုံရိပ်များ ပေါ်ထွက်လာပြီး ၎င်းတို့၏ခန္ဓာကိုယ်များမှ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်။
အစောင့်အရှောက်ဝိဉာဉ် ၁၀ခုခန့် ရှိပြီး အစွမ်းထက်ဆုံးက အမြင့်ပေဆယ်ဂဏန်း ရှိကာ လက်ထဲတွင် လှံကြီးတစ်လက် ကိုင်ဆောင်ထားသည်။၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် စွမ်းအင်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ပုလဲ လေးလုံးအဆင့်နှင့် ညီမျှနိုင်ကြောင်း ခန့်မှန်းနိုင်ပေသည်။
ကျန်သည့် အစောင့်အရှောက်များက နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်နှင့် ကောင်းကင်ပုလဲအဆင့် အစောပိုင်းအဆင့်များ ဖြစ်ကြသည်။
"တိုက်ပွဲအတွက် ပြင်ဆင်ကြ"
လီဖူလင်က အမိန့်ပေးကာ ပုလဲလေးလုံးအဆင့်ရှိ အစောင့်အရှောက်ဆီသို့ ဦးစွာ ချီတက်လိုက်သည်။ အခြားသူများက ကျန်သည့် အစောင့်အရှောက်များကို ကိုင်တွယ်ကြလိမ့်မည်။
ပထမဆုံး အစောင့်အရှောက်လှိုင်းက အန္တရာယ် မကြီးမားလှပေ။
ထို့ကြောင့် လီလော့တို့ ဝင်မကူညီကြသေးပေ။ သူတို့တွေက ကောင်းကင်တွင် မျောလွင့်နေသည့် ရွှေရောင်နှင်းစက် လေးစက်ကိုသာ စောင့်ကြည့်နေကြပြီး အပြည့်အဝ ဖြစ်ထွန်းလာမည့်အချိန်ကို စောင့်နေကြပြီး အပြည့်အဖြစ်ထွန်းလာသည်နှင့် ချက်ချင်း ရိတ်သိမ်းရန် ဖြစ်သည်။
ဤစောင့်ဆိုင်းခြင်းမှာ မိနစ်အတော်ကြာခဲ့သည်။ လီဖူလင်တို့အဖွဲ့ အစောင့်အရှောက်များကို ရှင်းလင်းပြီးနောက် လေထဲတွင် ရွှေရောင်နှင်းစက်များ အပြည့်အဝ ဖြစ်ထွန်းလာပြီး လီလော့ ချက်ချင်း လှုပ်ရှားလိုက်သည်။
သူသည် ပဲ့တင်ထပ်သံ စွမ်းအားကို အသုံးပြု၍ ရွှေရောင်နှင်းစက်များကို စုဆောင်းလိုက်သည်။
ထိုအခါ လူအုပ်ကြီးကလည်း သူ့ ပတ်ပတ်လည်တွင် စုဝေးလာကြသည်။
သူ့လက်ဖဝါးပေါ်တွင် ထူးဆန်းသော စွမ်းအင်ကို ထုတ်လွှတ်နေသည့် ရွှေရောင်နှင်းစက် လေးစက် ရှိနေပြီး ၎င်းတို့ကို လူတိုင်း မနာလိုစွာဖြင့် ငေးမောကြည့်နေကြသည်။
သို့သော် လက်ရှိတွင် ခွဲဝေရန် အချိန် မဟုတ်သေးပေ။ နောက်ထပ် သဘာဝစွမ်းအင် လှိုင်းလုံးတစ်ခု ထပ်မံ စုစည်းလာပြီး ရွှေရောင်နှင်းစက်များ ထပ်မံ ဖြစ်ပေါ်လာပြန်သည်။ တစ်ချိန်တည်းမှာပင် ယခင်ကထက် ပိုမို အစွမ်းထက်သော အစောင့်အရှောက်များ ပေါ်ထွက်လာသည်။
မိနစ်အနည်းငယ် အကြာတွင် ပဉ္စမနှင့် ဆဋ္ဌမမြောက် ရွှေရောင်နှင်းစက်များ ဖြစ်ပေါ်လာသည်။ သို့သော် အံ့ဩစရာမှာ အစောင့်အရှောက်များက ယခင်အဖွဲ့ထက် နှစ်ဆပို၍ အစွမ်းထက်နေခြင်းပင် ဖြစ်သည်။
သူတို့ထဲတွင် ခေါင်းသုံးလုံးပါသည့် အစွမ်းအထက်ဆုံး အစောင့်အရှောက်က ကောင်းကင်ပုလဲ ငါးလုံးအဆင့်နှင့် ညီမျှသည်။
လီဖုန်းယီက မျက်မှောင်ကြုတ်ကာ သံသယဖြင့် …
"ထူးဆန်းလိုက်တာ..ရွှေရောင်နှင်းစက် နှစ်စက်ပဲ ပိုလာတာကို ဘာလို့ အစောင့်အရှောက်တွေက ဒီလောက် အစွမ်းထက်သွားတာလဲ"
လီလော့လည်း ထိုမြင်ကွင်းကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။ အခြားသူများ မသိနိုင်သော်လည်း သူသည် ဤချိုင့်ဝှမ်းရှိ အကာအကွယ်အတားအဆီးမှာ ထူးဆန်းသော ပြောင်းလဲမှု ဖြစ်ပေါ်နေကြောင်း သိလိုက်သည်။ ပိုမို အစွမ်းထက်သော အစောင့်အရှောက်များ ပေါ်လာခြင်းမှာ ထိုအကာအကွယ်ကြောင့် ဖြစ်သည်။
ထို့ပြင် ၎င်း၏ ရင်းမြစ်ကို လိုက်ကြည့်လိုက်လျှင်... စွမ်းအင်များက အလယ်နယ်မြေမှ လာခြင်း ဖြစ်သည်။
လီလော့ နောက်ဆုံးတွင် လီဝူယွမ် ဘာကို ကြံစည်နေသည်ကို နားလည်သွားသည်။
"ပိုအစွမ်းထက်တဲ့ အစောင့်အရှောက်တွေက အလယ်နယ်မြေကနေ လာနေတာပဲ… ကျွန်တော် မှားမနေရင် ဒီအစောင့်အရှောက်တွေက နဂါးသွေးကလန်က ရင်ဆိုင်ရမယ့်သူတွေ… ဒါပေမဲ့ သူတို့က ဒီအကာအကွယ်ကို သုံးပြီး ကျွန်တော်တို့ဆီကို ပို့ပေးလိုက်တာ..ကျွန်တော်တို့က သူတို့ရဲ့ အစောင့်အရှောက်တွေကို တိုက်ပေးလိုက်ရင် သူတို့က သက်သက်သာသာနဲ့ ရွှေရောင်နှင်းစက်တွေကို ရိတ်သိမ်းနိုင်မှာလေ"
"ဘယ်နယ်မြေကို ရွေးရွေး လီဝူယွမ်က ငါတို့ကို ဒုက္ခပေးဖို့ပဲ ကြံစည်ထားတာပဲ… သူတို့က ရွှေရောင်နှင်းစက်တွေကို ပျော်ပျော်ကြီး ရိတ်သိမ်းပြီး ငါတို့ကတော့ သူတို့အတွက် ပင်ပန်းခံ တိုက်ခိုက်ပေးရမှာပေါ့… တကယ်ကို ကောင်းတဲ့ အပေးအယူပဲ"
ထိုစကားကြောင့် လီဖူလင်၊ လီဖုန်းယီနှင့် အခြားသူများ ဒေါသတကြီးဖြင့် လီဝူယွမ်ကို ဆဲဆိုကြသည်။
သို့သော်လည်း ထိုခံစားချက်များက လက်တွေ့တွင် အသုံးမဝင်ပေ။ အစောင့်အရှောက်များ ပိုမို များပြားလာသဖြင့် လီလော့တို့အဖွဲ့လည်း တိုက်ပွဲထဲသို့ ဝင်ရောက်ကာ တားဆီးရန် ကြိုးပမ်းကြသည်။
ဤသို့ဖြင့် ချိုင့်ဝှမ်းအတွင်း၌ ပြင်းထန်လှသော စွမ်းအင်မုန်တိုင်းများမှာ ဆက်လက် ဖြစ်ပေါ်နေလေတော့သည်။
……
တောင်၏ အလယ်နယ်မြေတွင်...
လီဝူယွမ်က လက်ကို နောက်ပစ်ကာ ရပ်နေပြီး တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာသည့် အစောင့်အရှောက်များကို ကြည့်နေသည်။ နဂါးသွေးကလန်မှ လူများက သူတို့ကို ရှင်းလင်းရန် ကြိုးစားနေကြသည်။ အခြေအနေက အလွန်ပင် ချောမွေ့နေသဖြင့် လီဝူယွမ် ကိုယ်တိုင် တိုက်ခိုက်စရာ မလိုသေးပေ။
"တကယ်ကို ထက်မြက်တဲ့ အကြံဉာဏ်ပဲ အစ်ကိုဝူယွမ်.. နဂါးစွယ်ကလန်က လူမိုက်တွေ အခုချိန် အရမ်း ပူပန်နေကြမှာပဲ" ဟု နဂါးသွေးကလန်မှ တစ်ဦးက ကောင်းကင်မှ ကျလာသော ရွှေရောင်နှင်းစက်များကို စုဆောင်းရင်း ချီးကျူးလိုက်သည်။
လီဝူယွမ်က လှောင်ပြုံးဖြင့် …
"ငါ အစောင့်အရှောက် အချို့ကို သူတို့ဆီ ပို့ပေးလိုက်တာပါ…သူတို့ အသက် မဆုံးရှုံးပါဘူး.. ဒီနေရာအထိ လိုက်လာပြီး အကျိုးအမြတ်ခံစားချင်ရင် ပိုပင်ပန်းခံဖို့လောက်တော့ တောင်းဆိုလို့ ရတာပေါ့"
"ဟုတ်တယ်… ငါတို့ အကူအညီ မပါရင် သူတို့ ဒီနေရာကို ရှာတွေ့မှာတောင် မဟုတ်ဘူး"
လီဝူယွမ်က ပျော်ရွှင်စွာ ရယ်မောရင်း အခြားနယ်မြေများကို ကြည့်ကာ…
"အခြား ကလန်သုံးခုဆီကိုလည်း အစောင့်အရှောက် အနည်းငယ် ထပ်ပို့လိုက်ဦးမယ်.. မဟုတ်ရင် နဂါးစွယ်ကလန် တစ်ခုတည်း သေသွားရင် လွန်သွားလိမ့်မယ်" ဟု ရေရွတ်လိုက်သည်။
……
သစ်တောတစ်ခုလုံး ဆူညံနေချိန်တွင် ကောင်းကင်ဧကရာဇ်ကျောက်ကလန်နှင့် နတ်ဆိုးမီးတောက်ခန်းမမှ အဖွဲ့သားများက တောင်၏ အပြင်ဘက်မှ စောင့်ကြည့်နေကြသည်။
နတ်ဆိုးမီးတောက်ခန်းမ၏ ခေါင်းဆောင် တျန်မိုက ကောင်းကင်ဧကရာဇ်ကျောက်ကလန်သားများဘက်သို့ လှည့်ကာ - "အချိန်တန်ပြီလို့ ထင်တယ်" ဟု အချက်ပြလိုက်သည်။
ထိုစကားကြောင့် ကျောက်ယန်က လက်ဝါးချင်းပွတ်ကာ ပြုံးလိုက်သည်။
"ဒါဆိုရင် ပွဲစကြရအောင်… ဒီတစ်ခါတော့ ကောင်းကင်ဧကရာဇ်လီကလန်သားတွေကို လောဘကြောင့် သေစေရမယ်…”