← Chapters

အခန်း (၉၅၃-၉၅၄)

Vol. 68 Ch. 953-954

အခန်း (၉၅၃-၉၅၄)

Vol. 68 Ch. 953-954

အခန်း (၉၅၃) - ပဲ့တင်ထပ်သံတုပခြင်း မီးတောက်၏ အာနိသင်

ဝုန်း

လီလော့ တောင်ပံများကို ခတ်လိုက်ပြီး လျှပ်စီးတမျှ အရှိန်ဖြင့် ရှေ့သို့ တိုးဝင်သွားကာ ကောင်းကင်ပုလဲ တစ်လုံးအဆင့်ရှိ အစောင့်အရှောက်တစ်ဦးဆီသို့ ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ဓားအလင်းတန်းက အစောင့်အရှောက်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော်လည်း သွေးများ ထွက်မလာပေ။ ထိုအစား ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော စွမ်းအင်များသာ ယိုစီးထွက်လာသည်။ သို့သော် ဓားကြောင့်ဖြစ်ပေါ်လာသော ဒဏ်ရာကိုလည်း လျင်မြန်စွာ ပြန်လည် ကုစားသွားသည်။

ထိုအခြေအနေကို မြင်လိုက်ရချိန်တွင် လီလော့၏ မျက်ခုံးကြားက နဂါးတံဆိပ် အရောင်လက်လာသည်။

"နဂါးအရှိန်အဝါ"

ပြင်းထန်သော ဖိအားတစ်ခု လီလော့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အစောင့်အရှောက်ကို လွှမ်းခြုံသွားသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် အစောင့်အရှောက်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်လှိုင်းများ ခဏတာ ရပ်တန့်သွားပြီး ဝေဝါးသွားသည်။

လီလော့ ထိုအခွင့်အရေးကို အသုံးချကာ ဓားဖြင့် ထပ်မံ ခုတ်ပိုင်းလိုက်တော့ ယခုတစ်ကြိမ်တွင် နဂါးဟိန်းသံကဲ့သို့ အသံမျိုးပင် ထွက်ပေါ်လာသည်။

" အကြေးခွံကိုးခု သန့်စင်သော နဂါးခန္ဓာ၊ နဂါးသုံးကောင်၏ ခွန်အား"

လီလော့၏ မျက်ခုံးကြားမှ နဂါးတံဆိပ် ထပ်မံ အရောင်လက်လာပြီး ဓားချက်က လေထုကို ဖြတ်တောက်သွားကာ နောက်ကွယ်တွင် အလင်းတန်းတစ်ခု ကျန်ရစ်ခဲ့သည်။ ပြင်းထန်သော အသံလှိုင်းနှင့်အတူ ဓားသွားက ကျရောက်သွားပြီး အရှေ့က အစောင့်အရှောက်ကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။

ဤအစောင့်အရှောက်ကို ရှင်းလင်းပြီးနောက် လီလော့ မရပ်တန့်နိုင်သေးဘဲ နောက်တစ်ဦးဆီသို့ ချက်ချင်းပင် ချီတက်သွားသည်။ ပဲ့တင်ထပ်သံ ရွှေရောင်နှင်းစက်များ ကောင်းကင်တွင် ပိုမို ပေါ်ထွက်လာသည်နှင့်အမျှ အစောင့်အရှောက်များ ပိုမို များပြားလာသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ စွမ်းအားတွေလဲ တိုးတက်လာသည်။

ချိုင့်ဝှမ်းမှာ ယခုအခါ ပြိုကွဲနေသော တိုက်ပွဲမြေပြင်တစ်ခု ဖြစ်နေပြီး နေရာတိုင်းတွင် ရုန်းရင်းဆန်ခတ် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ရွှေရောင်နှင်းစက်များ စုဆောင်းရန် တာဝန်ပေးထားသူများမှလွဲ၍ လီလင်းကျင်းအပါအဝင် အားလုံး တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားကြရသည်။

ကံကောင်းသည်မှာ လီလင်းကျင်း၏ အစွမ်းထက်သော အကူအညီကြောင့် အဆင်ပြေနေသေးသည်။ သို့သော် ၎င်းမှာ ပင်ပန်းလှသော တိုက်ပွဲဖြစ်သဖြင့် သူတို့တွေ အနည်းငယ်မျှပင် အနားယူ၍ မရပေ။

ထို့အပြင် အစောင့်အရှောက်များက အကာအကွယ်အတားအဆီးများမှတစ်ဆင့် စဉ်ဆက်မပြတ် ရောက်ရှိလာနေကြောင်း လီလော့ ခံစားမိသည်။

၎င်းမှာ အလွန်ပင် ထင်ရှားလှသဖြင့် လီဖူလင်တို့ပင် ရိပ်မိလာကြသည်။

"လီဝူယွမ်ဆိုတဲ့ လူယုတ်မာ.. သူက အစောင့်အရှောက်တွေကို ဆက်တိုက် ပို့နေတာပဲ…အခြေအနေ ဆိုးဝါးလာရင် ဒီနေရာကို စွန့်လွှတ်လိုက်ကြတာပေါ့…သူတို့ဘာသာပဲ ပျော်ပါစေတော့..”

လီဖူလင်က ကောင်းကင်ပုလဲ ငါးလုံးအဆင့်ရှိ အစောင့်အရှောက် သုံးဦးကို တစ်ယောက်တည်း ရင်ဆိုင်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ထားလိုက်ပါ… သူ့ကို ဆဲနေလို့ ဘာမှ ဖြစ်မလာဘူး… အခုလက်လျှော့လိုက်ရင် ငါတို့ အခုထိ ကြိုးစားခဲ့သမျှ အကုန် အလဟဿ ဖြစ်သွားလိမ့်မယ်" ဟု လီရွှမ်းက စိတ်ပျက်စွာ ပြောလိုက်သည်။ သူ ပြောလိုက်သည့် စကားမှာ ဒေါသထွက်၍ ပြောလိုက်ခြင်းသာ ဖြစ်သည်။ တကယ်တမ်းတော့ အံကြိတ်ကာ ရန်သူများကို အတတ်နိုင်ဆုံးတိုက်ခိုက်နေခဲ့သည်။

သူတို့မှာ ရွှေရောင်နှင်းစက်များ အပြည့်အဝ ဖြစ်ထွန်းလာသည်အထိသာ သည်းခံနိုင်ရန် မျှော်လင့်နေကြသည်။

သူတို့ စကားပြောနေစဉ် လီလော့ဘက အခြား အစောင့်အရှောက်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ၎င်းတို့မှာ စွမ်းအင်သက်သက် ဖြစ်သဖြင့် သာမန်လူများထက် ပို၍ပင် တောင့်ခံနိုင်စွမ်း ရှိသည်။

အကြီးဆုံး စိန်ခေါ်မှုက စွမ်းအင် သုံးစွဲမှုပင် ဖြစ်သည်။

ပိုမို ထိရောက်သော နည်းလမ်းရှိရင် ကောင်းမှာပဲဟု သူ တွေးလိုက်ရင်း ရှေးဟောင်းဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားပေါ်တွင် မီးတောက်တစ်ခု လွှမ်းခြုံလိုက်သည်။

၎င်းမှာ ပဲ့တင်ထပ်သံတုပခြင်း မီးတောက်ဖြစ်သည်။

အရင်တုန်းက လီလော့ ဤမီးတောက်ကို ပဲ့တင်ထပ်သံ ကျင့်ကြံရန်အတွက်သာ သုံးခဲ့သည်။ သို့သော် ဤနေရာနှင့် ဤပညာရပ်က ဆက်စပ်မှု ရှိနေသဖြင့် ထူးခြားသော အသုံးပြုပုံမျိုး ရှိနိုင်သည်ဟု သူ ထင်လိုက်သည်။

လီလော့ ထိုသို့ တွေးကာ ခုတ်ပိုင်းလိုက်သည်နှင့် ဓားသွားက လေထဲတွင် လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့ပြီး အစောင့်အရှောက်ကို တိုက်ရိုက် ထိမှန်သွားသည်။

ထူးဆန်းသည်မှာ ဤတိုက်ကွက်က ယခင်ကထက် ကွာခြားနေခြင်း ဖြစ်သည်။ အစောင့်အရှောက် အတွင်းရှိ စွမ်းအင်လှိုင်းများက တုံ့ပြန်မှု ရှိနေသည်။ အမှန်ဆိုရသော် အခြား အစောင့်အရှောက်များပင် ကြောက်ရွံ့သွားသကဲ့သို့ နောက်ဆုတ်သွားကြသည်။

လီလော့ အံ့ဩသွားသည်။

သူသည် ဓားကို မီးတောက်ဖြင့် ထပ်မံ ဖုံးအုပ်ကာ ခုတ်ပိုင်းလိုက်ပြန်သည်။ ထိုအခါ အံ့ဩဖွယ်ကောင်းသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။ အရင်က ဓားချက်အကြိမ်ကြိမ် ခုတ်သော်လည်း ဖြည်းဖြည်းချင်းသာ လျော့ပါးသွားသော အစောင့်အရှောက်၏ စွမ်းအင်များက ယခုအခါ မီးတောက်နှင့် ထိမိလိုက်သည်နှင့် ချက်ချင်းပင် လောင်ကျွမ်းသွားတော့သည်။

ခဏအကြာတွင် ထိုအစောင့်အရှောက်မ လုံးဝ ပျက်စီးသွားသဖြင့် လီလော့ ကြောင်သွားသည်။

သူ တကယ်ပင် ဤမျှ ထူးခြားသော အကျိုးသက်ရောက်မှုမျိုး ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူသည် ကောင်းကင်ပုလဲ တစ်လုံးအဆင့်ရှိ အစောင့်အရှောက်ကို တိုက်ကွက်တစ်ခုတည်းဖြင့် ရှင်းလင်းလိုက်နိုင်ခြင်း ဖြစ်သည်။

ဒီပြဿနာက ရှင်းသွားပြီပဲ…

သူသည် ယုံနိုင်စွမ်း မရှိသော်လည်း အနောက်ဘက်သို့ တောင်ပံများဖြန့်ကာ လီကျင်းထောင်ဆီသို့ ပျံသန်းသွားသည်။ လီကျင်းထောင်မှာလည်း ကောင်းကင်ပုလဲ တစ်လုံးအဆင့်ရှိသူနှင့် အကြိတ်အနယ် တိုက်ခိုက်နေရသည်။

လီကျင်းထောင်၏ ကာကွယ်မှုမှာ တောင့်တင်းသော်လည်း တိုက်ခိုက်မှုမှာမူ အားနည်းနေသည်။ သူသည် အစောင့်အရှောက်ကို အနည်းငယ်သာ ဒဏ်ရာရစေနိုင်ပြီး ထိုဒဏ်ရာကလည်း ချက်ချင်း ပြန်ကောင်းသွားသည်။

လီလော့ ဖြတ်သွားချိန်တွင် မီးတောက်ဖုံးထားသော ဓားအလင်းတန်းများ လျှပ်စီးတမျှ ထိုးထွက်သွားသည်။

နောက်တစ်ခဏတွင် လီကျင်းထောင် အံ့ဩသွားသည်။အဘယ့်ကြောင့်ဆိုသော် သူ အချိန်အတော်ကြာ တိုက်ခိုက်နေရသည့် အစောင့်အရှောက် ချက်ချင်းပင် ပျောက်ကွယ်သွားသောကြောင့်ပင်။

"အစ်ကိုကြီး... အစ်ကိုက ပိုသတိထားဖို့ လိုတာ" ဟု လီလော့က ပြောပြီး တိုက်ပွဲထဲသို့ ဆက်လက် ဝင်ရောက်သွားသည်။

ဤစမ်းသပ်မှုအပြီးတွင် မီးတောက်၏ အစွမ်းကို သေချာသွားပြီ ဖြစ်သည်။ထို့ကြောင်ြ စစ်မြေပြင်တစ်လျှောက် လျင်မြန်စွာ ပျံသန်းသွားပြီး လူတိုင်း အံ့ဩတကြီး ဖြစ်နေကြသည်။

ကောင်းကင်ပုလဲ နှစ်လုံးအဆင့်ရှိ အစောင့်အရှောက်များပင် သူ့လက်ချက်ဖြင့် တစ်ချက်တည်း ကျဆုံးသွားသည်။

ဤမြင်ကွင်းကို လီဖူလင်၊ လီရွှမ်းတို့က အံ့ဩစွာ ကြည့်နေကြသည်။

လီလော့ ဘာဆေးစားထားတာလဲ….

လီလင်းကျင်းမှာလည်း လီလော့ကို ကြည့်ကာ မျက်နှာလှလှလေးပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာသည်။

"ဝမ်းကွဲမောင် လီလော့က တကယ့်ကို အံ့ဩစရာတွေနဲ့ ပြည့်နှက်နေတာပဲ"

လီလော့၏ အစွမ်းပြမှုကြောင့် လူတိုင်း၏ ဖိအားများ လျော့ကျသွားပြီး အရေအတွက်အားဖြင့်သာမက စွမ်းအားဖြင့်ပါ အသာစီး ရသွားကြသည်။

လီလော့က အစောင့်အရှောက်များကို ရှင်းလင်းပြီးနောက် သူ ကြိုတင် ထားရှိခဲ့သော မီးတောက်များကို အသက်သွင်းရန် တွေးလိုက်သည်။ သို့မှသာ သဘာဝစွမ်းအင်များ ပိုမို စုစည်းလာပြီး ရွှေရောင်နှင်းစက်များ ပိုရမည်။

ဘုန်း

သူ တွေးနေစဉ်မှာပင် အလယ်နယ်မြေမှ ပြင်းထန်သော စွမ်းအင်ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း ထိုဘက်သို့ အာရုံစိုက်လိုက်ကြသည်။

စွမ်းအင်လှိုင်းများက ထူးခြားစွာ ပြင်းထန်နေသည်။

သဘာဝစွမ်းအင်များ ပိုမို များပြားလာပါက ပေါ်လာမည့် အစောင့်အရှောက်များလည်း ပိုမို အစွမ်းထက်လာမည် ဖြစ်သည်။

လီလော့ပင် အံ့ဩသွားရသည်။

သူ မီးတောက်တွေကို နေရာမှား ထားခဲ့မိတာလား….

"လီဝူယွမ်တို့ ဘာလုပ်နေတာလဲ… ဒီလောက်ပြင်းထန်တဲ့ စွမ်းအင်ပေါက်ကွဲမှုကို သူတို့ တောင့်ခံနိုင်ပါ့မလား" ဟု လီဖူလင်က မေးလိုက်သည်။

လီလော့ ပြန်ဖြေရန် ပြင်ဆင်နေချိန်တွင် သူ့ကျောပြင် အေးစက်သွားသလို ခံစားလိုက်ရသည်။ အာရုံခံနိုင်စွမ်းအရ တောင်၏ အပြင်ဘက်တွင် စွမ်းအားကြီးမားသော လူအုပ်စုတစ်ခု ရောက်ရှိနေကြောင်း သိလိုက်ရသည်။

"တခြားသူတွေ ရောက်လာပြီ"

"ငါ ထင်တဲ့အတိုင်းပဲ.. ဒီနေရာအကြောင်း သိတာ နဂါးသွေးကလန် တစ်ခုတည်း မဟုတ်ဘူး"

အလယ်နယ်မြေ၏ အပြောင်းအလဲက လီဝူယွမ်ကြောင့် မဟုတ်ပေ။

တခြားသူများကလည်း သူတို့ကို မျက်စိကျနေကြပြီ

အခန်း (၉၅၄) - ထောင်ချောက်

တောင်တန်း၏ အလယ်နယ်မြေ၌...

လီလော့တို့အဖွဲ့ သဘာဝစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရချိန်တွင် လီဝူယွမ်တို့အဖွဲ့လည်း ၎င်းကို အတူတူ ခံစားလိုက်ရသဖြင့် အဝေးဆီသို့ ဒေါသတကြီး ကြည့်လိုက်ကြသည်။

မူလက သစ်တောထဲတွင် ရေကန်တစ်ခု ရှိခဲ့သော်လည်း ယခုအခါတွင် ထိုရေကန်ထဲမှ စွမ်းအင်များ အဆမတန် ထွက်ပေါ်လာသည်။ ရေကန်ထဲမှ ရေများမှာ ပေတစ်ရာခန့် မြင့်တက်လာသော ဆူနာမီလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး တောင်တန်းနှင့် သစ်တောများကို ဖုံးလွှမ်းသွားသည်။

နဂါးသွေးကလန်အတွက် ထိုလှိုင်းလုံးများက ပြဿနာ မဟုတ်ပေ။ သို့သော် ၎င်းနောက်မှ လိုက်ပါလာသည့် သဘာဝစွမ်းအင်များနှင့် ဧရာမ အစောင့်အရှောက်များကတော့ ကြောက်မက်ဖွယ် ကောင်းလှသည်။

အနည်းဆုံး အစောင့်အရှောက် ၁၂ ဦးခန့် ရှိနေသည်။

ထို့အပြင် အစွမ်းထက်ဆုံး အစောင့်အရှောက်များမှာ ကောင်းကင်ပုလဲ ခြောက်လုံးအဆင့်သို့ပင် ရောက်ရှိနေသည်။ ယခင်က ရှိနှင့်ပြီးသော အစောင့်အရှောက်များနှင့် ပေါင်းလိုက်လျှင် နဂါးသွေးကလန်အပေါ် သက်ရောက်နေသည့် ဖိအားမှာ အဆပေါင်းများစွာ တိုးတက်သွားသည်။

အဆိုးဆုံးမှာ ဤစွမ်းအင်ပေါက်ကွဲမှုကြောင့် သူတို့ တည်ဆောက်ထားသော အကာအကွယ်အတားအဆီး ပျက်စီးသွားခြင်းပင် ဖြစ်သည်။ လီဝူယွမ်အနေဖြင့် အစောင့်အရှောက်များကို အခြားကလန်များဆီသို့ လွှဲပြောင်းပေး၍ မရတော့ပေ။

"ဝမ်းကွဲအစ်ကို ဝူယွမ်... တစ်ခုခုတော့ မှားနေပြီ…ဒီစွမ်းအင် ပေါက်ကွဲမှုက တကယ့်ကို ထူးဆန်းတယ်" ဟု လီချင်းဖုန်းက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

လီဝူယွမ်က ခေါင်းညိတ်လိုက်ပြီး အလွန်ပင် မည်းမှောင်နေသော မျက်နှာထားနှင့် ရေကန်ဘက်ကို ကြည့်ကာ…

"ဒီပေါက်ကွဲမှုက တခြား အကာအကွယ်တစ်ခုကြောင့် ဖြစ်တာ… တစ်စုံတစ်ယောက်က ငါတို့ကို ထောင်ချောက်ဆင်ထားတာ"

အခြားသူများလည်း ထိုစကားကို ကြားရ၍ ဒေါသထွက်သွားကြသည်။ သူတို့ အပင်ပန်းခံ တည်ဆောက်ထားသည့် နေရာတွင် မည်သူကများ ထောင်ချောက်ဆင်ရဲသနည်း။

"အခြားကလန်တွေကို သတိပေးချက် ပို့လိုက်…ပြင်ပရန်သူတွေ ရောက်နေတယ်" ဟု လီဝူယွမ်က အမိန့်ပေးသည်။

နဂါးသွေးကလန် အဖွဲ့ဝင်တစ်ဦး ကျောက်ပြားတစ်ခုကို ပြင်းထန်စွာ ဖိလိုက်သည်နှင့် အလင်းတန်းတစ်ခု ကောင်းကင်သို့ ပျံတက်သွားပြီး နဂါးပုံစံအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်တွင် ကခုန်နေသည်။

"ဝမ်းကွဲအစ်ကို ဝူယွမ်... အခြားကလန်တွေက အစောင့်အရှောက်တွေကို တိုက်ခိုက်နေရတာ… အပြင်က ရန်သူတွေ အခုချက်ချင်း လာရင် သူတို့က ငါတို့ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး"

လီဟုန်ယီ၏ သတိပေးချက်ကြောင့် လီဝူယွမ်၏ မျက်လုံးများတွင်မူ ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်

"အစောင့်အရှောက်တွေကို မြန်မြန် ရှင်းပစ်ကြ…ရန်သူတွေ မကြာခင် ရောက်လာတော့မယ်…ငါတို့ကို စိန်ခေါ်ရဲတဲ့သူ ဘယ်သူလဲဆိုတာ ငါကြည့်မယ်"

အမိန့်ပေးလိုက်သည်နှင့် အဖွဲ့ဝင်များက ပဲ့တင်ထပ်သံ စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်ကာ အစောင့်အရှောက်များကို အလျင်အမြန် ရှင်းလင်းရန် ကြိုးစားကြသည်။

လီဝူယွမ်သည်လည်း အနက်ရောင် လှံရှည်ကို ထုတ်ယူကာ တိုက်ပွဲထဲသို့ ဝင်ရောက်သွားလေသည်။ ထိုလက်နက်မှာ ခရမ်းရောင်မျက်လုံးအမှတ်အသား နှစ်ခုဖြင့် အလှဆင်ထားပြီး သဘာဝစွမ်းအင်များကို အလိုအလျောက် စုပ်ယူနိုင်သည်။

သူသည် အစွမ်းထက်ဆုံး အစောင့်အရှောက်များဆီသို့ တိုက်ရိုက် ချီတက်သွားပြီး ရှင်းလင်းပြီးနောက် သစ်တောအစွန်းဘက်ကို စောင့်ကြည့်နေသည်။

အကျိုးအမြတ်ကို လိုချင်သည့် ရန်သူများ မကြာခင် ရောက်လာတော့မည်…

သူစောင့်ဆိုင်းရသည့် အချိန် ကြာမနေပေ။

မိနစ်အနည်းငယ် အကြာတွင် အဝေးမှ အလင်းတန်းများ ပေါ်လာပြီး ကောင်းကင်သို့ ပျံသန်းလာကြကာ ၎င်းတို့က သူတို့ရှိသည့် သစ်တောဆီသို့ တိုက်ရိုက် ဦးတည်လာကြခြင်းဖြစ်သည်။

အခြား နယ်မြေလေးခုတွင် ရှိနေသည့် ကလန်များလည်း ရန်သူများ ရောက်ရှိလာသည်ကို သတိပြုမိလိုက်ကြသည်။

သို့သော် သူတို့မှာလည်း အစောင့်အရှောက်များနှင့် အလုပ်ရှုပ်နေကြသဖြင့် ရန်သူများ အလယ်နယ်မြေသို့ တိုက်ရိုက် ဝင်ရောက်သွားသည်ကိုသာ ကြည့်နေနိုင်ကြသည်။

"ဟားဟား လီဝူယွမ်... မင်းရဲ့ ရှက်စရာကောင်းတဲ့ အခြေအနေက ဘာလဲ"

"ကျောက်ယန် မင်းတို့ကလန်က လူယုတ်မာတွေပဲ ဒီလို အကြံအစည်မျိုး မင်းတို့ပဲ လုပ်ရဲမှာပေါ့"

လီဝူယွမ်က ခေါင်းဆောင်ဖြစ်သူကို စူးစိုက်ကြည့်ကာ စွပ်စွဲလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူသည် ကျောက်မျိုးနွယ်စုနှင့်အတူ ပါလာသည့် အခြားသူများ၏ အရှိန်အဝါကို သတိပြုမိလိုက်သည်။

"မင်းက တျန်မိုမဟုတ်လား နတ်ဆိုးမီးတောက် ခန်းမက လူတွေလည်း ပါလာတာပဲ"

နတ်ဆိုးမီးတောက် ခန်းမ၏ ခေါင်းဆောင်ကို လီဝူယွမ် ချက်ချင်း မှတ်မိလိုက်သည်။

"မင်းတို့ တကယ့်ကို ပေါ့ဆတာပဲ လီဝူယွမ်…မင်းတို့ရဲ့နယ်မြေမှာ တစ်စုံတစ်ရာ လုပ်ထားမှန်းတောင် မသိရှာဘူးပဲ… နတ်ဆိုးမီးတောက် ခန်းမက သူငယ်ချင်းတွေ သတင်းပေးလိုက်လို့သာ ငါတို့ သိတာ၊ မဟုတ်ရင် ပွဲကောင်းကြီးကို လွဲသွားမှာ" ဟု ကျောက်ယန်က လှောင်ပြုံးဖြင့် ခနဲ့လိုက်သည်။

ထိုစကားကြောင့် တျန်မို၏ နှုတ်ခမ်းထောင့် တုန်ယင်သွားသည်။ ကျောက်ယန်က သူ့ကို လုံးဝ မထီမဲ့မြင်ပြုကာ ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။ ဤလူမှာ ပြုံးပြီးမှ ကိုက်တတ်သည့် ကျားတစ်ကောင် ဖြစ်သည်။ သို့သော် ၎င်းမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။

"ကောင်းလိုက်တဲ့ အလုပ်ပဲ တျန်မို..မင်း ငါတို့ကလန်ကို ထောင်ချောက်ဆင်ရဲတယ်ပေါ့"

လီဝူယွမ် ဒေါသတကြီး အော်ဟစ်လိုက်တော့ တျန်မိုက…

"အစ်ကို ဝူယွမ်... လွန်လွန်းနေပါပြီ… ဒါက ငါတို့မျိုးဆက်အချင်းချင်း ပြိုင်ဆိုင်မှုပဲ၊ ဘယ်လိုလုပ်ပြီး ကောင်းကင်ဧကရာဇ်လီကလန်တစ်ခုလုံးကို ထောင်ချောက်ဆင်တာ ဖြစ်မှာလဲ… ငါသာ ဒီလောက် အစွမ်းရှိရင် နတ်ဆိုးမီးတောက်ခန်းမရဲ့ ခန်းမသခင် ဖြစ်နေမှာပေါ့"

တစ်ချိန်တည်းမှာပင် ကျောက်ယန်က…

"အပိုစကားတွေ မပြောနဲ့တော့… လီဝူယွမ်… မင်းတို့ စုဆောင်းထားတဲ့ ရွှေရောင်နှင်းစက်တွေကို ပေး လိုက်၊ မဟုတ်ရင် မလွယ်ဘူးနော်"

သူ စကားဆုံးသည်နှင့် ကျောက်ကလန်သားများ၏ ပဲ့တင်ထပ်သံ စွမ်းအားများမှာ တဟုန်ထိုး ထွက်ပေါ်လာပြီး နဂါးသွေးကလန်ကို ဝိုင်းရံထားလိုက်ကြသည်။

လူအင်အား နည်းပါးနေသော နဂါးသွေးကလန်မှာ ယခုချိန်တွင် အန္တရာယ်ရှိနေသည်။ သူတို့မှာ အစောင့်အရှောက်များကိုလည်း ဆက်လက် တိုက်ခိုက်နေရသေးသည်။

ယခု တိုက်ခိုက်ပါက သူတို့တွေ အကြီးအကျယ် နစ်နာလိမ့်မည်။

နဂါးသွေးကလန် အဖွဲ့ဝင်များ ထိတ်လန့်နေကြသော်လည်း သူတို့သည် ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည့်အတိုင်း လီဝူယွမ်၏ အမိန့်ကိုသာ စောင့်မျှော်နေကြသည်။

တစ်ချိန်တည်းမှာပင် ကျောက်ရှန်းကျန်းက ကျောက်ယန်ကို တစ်စုံတစ်ခု တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် ကျောက်ယန်က လီဝူယွမ်ကို ကြည့်ကာ -

"လီဝူယွမ်... မင်းတို့ လွှတ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့…နဂါးစွယ်ကလန်က လီလော့ကို ငါ့လက်အပ်လိုက်ရင် ဒီကိစ္စကို ညှိနှိုင်းလို့ ရပါတယ်"

သူ့အသံကို ပဲ့တင်ထပ်သံ စွမ်းအားဖြင့် ဖုံးအုပ်ထားသဖြင့် သစ်တောတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ သူသည် အခြား ကလန်လေးခုကိုလည်း ကြားစေချင်နေခြင်း ဖြစ်သည်။

ထိုစကားကြောင့် နဂါးသွေးကလန် အဖွဲ့ဝင်များ၏ မျက်နှာထားများ ပြောင်းလဲသွားသည်။

အဖွဲ့ဝင်တစ်ဦးက လီဝူယွမ်ကို …"အစ်ကို ဝူယွမ်... ငါတို့ လုပ်လိုက်ကြမလား..." ဟု တိုးတိုးလေး မေးလိုက်သည်။

လီဝူယွမ်က သူ့ကို စူးစိုက်ကြည့်ကာ…

"မိုက်မဲတဲ့ကောင် ဒီကောင်ရဲ့ အကြံကို မသိဘူးလား…လီလော့က ငါတို့နဲ့ ကလန်တူပဲ…ဒီကောင်တွေ လက်ထဲအပ်လိုက်ရင် နဂါးသွေးကလန်ရဲ့ ဂုဏ်သိက္ခာ ဘာဖြစ်သွားမလဲ… တံခွန် ၂၀ ပဲဖြစ်ဖြစ်၊ အစောင့် စစ်တပ်ပဲဖြစ်ဖြစ် လူတိုင်းက ငါတို့ကို ဝိုင်းရယ်ကြလိမ့်မယ်…ငါတို့ရဲ့ အခြေခံအုတ်မြစ်ကို သူတို့ ဖျက်ဆီးနေတာလေ…ဒီအမိန့်ကိုသာ လိုက်နာရင် နဂါးသွေးကလန်ရဲ့ အကြီးအကဲတွေက ငါတို့ကို ဘယ်တော့မှ ခွင့်မလွှတ်တော့ဘူး"

လီဟုန်လီပင်လျှင် လီလော့ကို မနှစ်သက်သော်လည်း ဤကိစ္စကို မကန့်ကွက်ပေ။

လီဝူယွမ်က ကျောက်ယန်ကို ကြည့်၍… "မင်းရဲ့ အကြံအစည်တွေ မေ့လိုက်တော့ ငါက လူမိုက်လို့ ထင်နေတာလား" ဟု အော်ဟစ်လိုက်သည်။

ကျောက်ယန်က လီဝူယွမ်ကို သနားစဖွယ် ကြည့်လိုက်သည်။

"ကလန် လေးခုရှိတဲ့ နယ်မြေလေးခုဆီကို တစ်ခုစီ သွားပြီး သူတို့ကို အနိုင်ယူလိုက်… အစောင့်အရှောက်တွေနဲ့ အလုပ်ရှုပ်နေချိန်မှာ သူတို့ဆီက ရွှေရောင်နှင်းစက်တွေကို သိမ်းပိုက်လိုက်"

ကျောက်ယန် အမိန့်ပေးသည်နှင့် အဖွဲ့များအားလုံး ချက်ချင်းပင် ထွက်ခွာသွားကြသည်။

……

တစ်ချိန်တည်းမှာပင် နဂါးစွယ်ကလန်မှာ လီလော့၏ အကူအညီဖြင့် အစောင့်အရှောက်များကို ရှင်းလင်းပြီး ဖြစ်သည်။

"အော်... လီဝူယွမ်က ငါ့ကို မရောင်းစားလိုက်ဘူးပေါ့"

ကျောက်ယန်၏ အသံကို သူလည်း ကြားလိုက်ရသဖြင့် ထိုသို့ ရေရွတ်လိုက်ခြင်းဖြစ်သည်။

"လီဝူယွမ်က စိတ်ပျက်စရာကောင်းပေမဲ့ လူမိုက်တော့ မဟုတ်ဘူး… ဒီလိုလုပ်ရင် ကိုယ့်သေတွင်းကိုယ်တူသလို ဖြစ်သွားမှာ" ဟု လီဖူလင်က ဆိုသည်။

"ငါတို့ဆီကို လူတွေ အများကြီး လာနေကြပြီ..သူတို့ကို တားကြမလား"

လီလော့ စဉ်းစားလိုက်ရင်း ချိုင့်ဝှမ်းကို ပြန်ကြည့်လိုက်တော့ မီးတောက်များ ထားခဲ့သည့် နေရာများကို သတိရသွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"လာကြပါစေ…သူတို့က မရိုးသားတဲ့ နည်းလမ်းနဲ့ ကစားချင်ရင် ငါတို့ကလည်း သူတို့အတွက် ထောင်ချောက်ကောင်းကောင်းတစ်ခု ပြင်ဆင်ပေးရမှာပေါ့"

All Chapters