အခန်း (၂၁၂၁-၂၁၂၂)
Vol. 148 Ch. 2121-2122
အပိုင်း ( 2121 ) လက်ဖဝါးပြင်ထက်မှ ဗုဒ္ဓတိုင်းပြည်။
ခရမ်းရွှေရောင် အစစ်အမှန်နဂါးကို အစစ်အမှန်နဂါးမျိုးနွယ်တွင် တော်ဝင်မျိုးနွယ်ဟု ပြောဆိုကြပြီး အလွန်တရာ စွမ်းအားကြီးမားသည်။
နဂါးလက်သည်းက လေထုကို ဆုပ်ဖြဲလျက် ရဟန်းဝူလျန့်ထံသို့ ကုတ်ခြစ်လိုက်၏။ နိယာမများ၏ လှိုင်းခတ်မှုမျိုး မရှိသော်လည်း ထိုလက်သည်း၏ စွမ်းအားကိုမူ မည်သူမျှ လျှော့မတွက်ဝံ့ပေ။ ၎င်းက သာမန် ကြယ်တစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦးကို အလွယ်တကူ ဆွဲဖြဲပစ်နိုင်စွမ်း ရှိသည်။
"မင်းက တကယ် ခေါင်းမာတာပဲ။ သတိထားနေ... ငါ မင်းကို ဖမ်းပြီး အရက်နဲ့မြည်းဖို့ ဟင်းလျာအဖြစ် ချက်စားပစ်မိလိမ့်မယ်"
ရဟန်းဝူလျန့်က အော်ဟစ်လိုက်၏။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ လုမင်နှင့် လုံချန်တို့ကမူ ရဟန်းဝူလျန့်ကို အထင်မြင်သေးစွာ ထပ်မံ ကြည့်လိုက်ကြ၏။ ဤအရာက ရဟန်းဝူလျန့်၏ တကယ့်ရည်ရွယ်ချက် ဖြစ်နိုင်ချေများသည်။
"ဝုန်း"
ရဟန်းဝူလျန့်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။ သူ၏ နောက်ကွယ်တွင် ပေတစ်ရာခန့် မြင့်မားသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူ ထွက်ပေါ်လာခဲ့၏။ ရဟန်းဝူလျန့်က ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ထိပ်ပေါ်တွင် ရပ်တန့်လိုက်သည်။ ဗုဒ္ဓရုပ်ပွားတော်ကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ တောင်ကြီးတစ်လုံးကဲ့သို့သော လက်ဝါးကြီးတစ်ဖက်က အောင်ခယ့်ကို ရိုက်ချလိုက်တော့သည်။
"ဝုန်း"
တုန်လှုပ်ချောက်ချားဖွယ် အသံကြီးတစ်သံ မြည်ဟည်းသွားခဲ့သည်။ သူတို့နှစ်ဦးမှာ အင်အားချင်း ညီမျှနေခဲ့ကြပေသည်။
"မိစ္ဆာနတ်ဘုရားရဲ့ တိုက်ကွက်ကိုးခု"
အောင်ခယ့်က သံရှည်ဆွဲပြီး ဟိန်းဟောက်လိုက်သည်။ ရှေးဦးမိစ္ဆာလမ်းစဉ်၏ တုန်လှုပ်ချောက်ချားဖွယ် တိုက်ခိုက်မှုစွမ်းရည်ကို ထုတ်ဖော်လိုက်၏။ သူ့ခန္ဓာကိုယ်က တောက်ပလာပြီး နဂါးလက်သည်း ငါးချောင်းဖြင့် အဆက်မပြတ် တိုက်ခိုက်သွားလိုက်တော့သည်။
တိုက်ခိုက်မှုတိုင်းမှာ အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ မြေကမ္ဘာကို အစအန ဖြစ်သွားစေနိုင်စွမ်း ရှိသည်။
ကံကောင်းစွာဖြင့်၊ ဤတိုက်ပွဲစင်မြင့်ကို မဟာဧကရာဇ်တစ်ပါးက ဖန်တီးထားခြင်း ဖြစ်သဖြင့် ဖျက်ဆီး၍မရနိုင်ချေ။ သူတို့က မည်သို့ပင် တိုက်ခိုက်ကြပါစေ၊ ၎င်းကိုမူ မထိခိုက်စေနိုင်ခဲ့ပါ။
"လက်ဖဝါးပြင်ထက်က ဗုဒ္ဓတိုင်းပြည်"
ရဟန်းဝူလျန့်က ဗုဒ္ဓလမ်းစဉ်၏ နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ သူက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဝါးတစ်ဖက် ထွက်ပေါ်လာခဲ့၏။ ၎င်းက လျင်မြန်စွာ ကြီးမားလာပြီး အောင်ခယ့်ထံသို့ ဖိနှိပ်ကျရောက်သွားတော့သည်။
သူ၏ လက်ဝါးအတွင်း၌ ဗုဒ္ဓတိုင်းပြည်တစ်ခု တည်ရှိနေပုံရသည်။ ထိုနေရာတွင် တရားတော်များ ရွတ်ဖတ်ပူဇော်နေကြသော ရွှေရောင်ရဟန္တာ သုံးထောင် ရှိနေခဲ့၏။ ရွှေရောင်အလင်းတန်းများမှာလည်း နေမင်းထက်ပင် ပို၍ စူးရှတောက်ပနေတော့သည်။
"ဝုန်း... ဝုန်း..."
ရဟန်းဝူလျန့်နှင့် အောင်ခယ့်တို့ နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းမှာ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။ သူတို့က အလွန်တရာ စွမ်းအားကြီးမားကြ၏။
နဂါးဟိန်းသံက ကောင်းကင်ပြင်ကို တုန်ခါသွားစေပြီး တရားတော်များ ရွတ်ဖတ်သံမှာ ကံကြမ္မာတောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေတော့သည်။
သူတို့နှစ်ဦးက ဒဏ်ရာပေါင်းများစွာ အပြန်အလှန် ပေးအပ်လျက် ဆက်လက် တိုက်ခိုက်နေခဲ့ကြသည်။
"အံ့ဩစရာကောင်းလိုက်တဲ့ တိုက်ခိုက်ရေးစွမ်းရည်...၊ သာမန် ကြယ်သုံးပွင့် ဗလာနယ်ဧကရာဇ်တစ်ယောက်ဆိုရင် ချက်ချင်းပဲ အပိုင်းပိုင်း ဆွဲဖြဲခံလိုက်ရမှာကို ကြောက်ရတယ်"
ဗလာနယ်ဧကရာဇ် နယ်ပယ်မှ လူတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။
"သူတို့က သိုင်းဧကရာဇ် နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ရုံရှိသေးပြီး တခြား ဘယ်နိယာမကိုမှ နားမလည်ထားသေးဘူး။ ဒါတောင်မှ သူတို့က ဒီလောက် ကြောက်စရာကောင်းနေပြီ"
အခြားသူများကလည်း တအံ့တဩဖြင့် အော်ဟစ်လိုက်ကြလေသည်။
သိုင်းဧကရာဇ် နယ်ပယ်တွင် လူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကို ဆုံးဖြတ်ပေးသည့် အကြောင်းရင်းများစွာ ရှိသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကမှ ဗလာနယ်ဧကရာဇ် နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ရေးစွမ်းအားမျိုး ရှိနေခြင်းမှာ အမှန်ပင် တုန်လှုပ်စရာ ကောင်းပေသည်။
သူတို့နှစ်ဦးက ပြင်းထန်စွာ ဆက်လက် တိုက်ခိုက်ခဲ့ကြသည်။ သူတို့သည် ဝှက်ဖဲမျိုးစုံကို အသုံးပြုခဲ့ကြပြီး အထွတ်အထိပ် တိုက်ပွဲတစ်ခုကို ပြသခဲ့ကြ၏။
ဤပွဲက ထိပ်ဆုံး ပါရမီရှင်ဆယ်ဦး၏ တိုက်ပွဲများအတွင်း အပြင်းထန်ဆုံး ဖြစ်သည်။ သူတို့နှစ်ဦးမှာ အင်အားချင်း ညီမျှနေခဲ့ကြသဖြင့် အချိန်တိုအတွင်း အနိုင်ရရှိသူကို ဆုံးဖြတ်ရန် မလွယ်တော့ပေ။ တိုက်ပွဲမှာ ရှည်ကြာနေပြီး တိုက်ခိုက်မှုပေါင်း နှစ်ရာကျော်လာခဲ့သည်။
"ငါက ဗုဒ္ဓနတ်ဘုရားရဲ့ ပြန်လည်ဝင်စားသူပဲကွ။ ပိုးကောင်လေး... ငါ့ရဲ့ကာကွယ်သူ ဖြစ်လာလိုက်စမ်း။ ဒါဆိုရင် အနာဂတ်မှာ မင်း ကောင်းကောင်းမွန်မွန် နေရလိမ့်မယ်။ အနည်းဆုံးတော့ ငါ အသားစားရရင် မင်း အရည်သောက်ရမှာပေါ့"
ရဟန်းဝူလျန့်က တိုက်ခိုက်ရင်း အော်ဟစ်လိုက်သည်။
အောင်ခယ့်မှာ သွေးအန်မတတ် ဒေါသထွက်သွားခဲ့ရ၏။ သူသည် အစစ်အမှန်နဂါးများထဲတွင် တော်ဝင်အဆင့်ဖြစ်သော ခရမ်းရွှေရောင် အစစ်အမှန်နဂါးတစ်ကောင် ဖြစ်သည်။ သို့သော်လည်း ပိုးကောင်လေးဟု အခေါ်ခံလိုက်ရသေးသည်။
နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေက အသားလွတ် စားသုံးကြတာ မဟုတ်ဘူးလား။ မင်းက ဘာလို့ အသားစားဖို့အကြောင်းပဲ ပြောနေရတာလဲ။
"အမိတ္တဘ"
တိုက်ပွဲကို ကြည့်ရှုနေကြသော ဗုဒ္ဓဂိုဏ်းဝင်အချို့မှာ ဗုဒ္ဓအမည်ကို ရွတ်ဆိုလိုက်ကြသည်။ သူတို့၏ မျက်နှာမှာလည်း ရှက်ရွံ့မှု အရိပ်အယောင်တချို့ ပေါ်လာခဲ့လေသည်။
သို့ရာတွင်၊ ရဟန်းဝူလျန့်က မရိုးဖြောင့်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာမူ အမှန်တကယ် မယုံနိုင်လောက်အောင် သန်မာသဖြင့် လူတို့ကို တုန်လှုပ်သွားစေခဲ့သည်။
တိုက်ပွဲစတင်ချိန်မှ ယခုအထိ သူ့ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော ဗုဒ္ဓအလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။ ထို့ပြင်၊ သူက တိုက်ခိုက်ရလေလေ ပို၍ သန်မာလာလေလေ ဖြစ်ပုံရသည်။ ဗုဒ္ဓနတ်ဘုရားက အမှန်တကယ် ပြန်လည်ကြွချီလာသကဲ့သို့ ဓမ္မအလင်းများမှာ အတိုင်းအဆမဲ့ ဖြစ်နေတော့သည်။
လူအများက တုန်လှုပ်ခဲ့ရသည်။ ဤရဟန်းက မရိုးဖြောင့်သော်လည်း သူ၏ နည်းလမ်းများက အလွန် စွမ်းအားကြီးမား၏။ ၎င်းက သူတို့ကို အမှန်ပင် မနာလိုဖြစ်စေခဲ့သည်။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့ပြီး သူတို့နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ကြပေသည်။
အောင်ခယ့်၏ နဂါးအကြေးခွံများ ကွာကျကုန်ပြီး သွေးများ စီးကျနေခဲ့သည်။
အခြားတစ်ဖက်တွင်၊ ရဟန်းဝူလျန့်သည်လည်း နဂါးလက်သည်း၏ ကုတ်ခြစ်ခြင်းကို ခံလိုက်ရသဖြင့် ကြောက်စရာကောင်းသော လက်သည်းရာအချို့ ဖြစ်ပေါ်လာတော့သည်။ သူ၏ လက်မောင်းတစ်ဖက်မှာလည်း ပြတ်တောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။
ဤအရာက အလွန်ပင် ရက်စက်သော တိုက်ပွဲတစ်ခု ဖြစ်ပေသည်။
"မင်းက အရမ်းရက်စက်တာပဲ။ ဝဋ်လိုက်တတ်တယ်နော်၊ သတိထား"
ရဟန်းဝူလျန့်က အော်ဟစ်လိုက်သည်။ သို့သော်လည်း သူကိုယ်တိုင်ကမူ ပို၍ ရက်စက်ကြမ်းကြုတ်နေခဲ့၏။ ဗုဒ္ဓဘာသာ နတ်ဘုရားစွမ်းရည်မျိုးစုံက အအောင်ခယ့်၏ ခန္ဓာကိုယ်ထံသို့ ကျရောက်သွားခဲ့ရာ အကြေးခွံအမြောက်အမြား ကွာကျသွားခဲ့ရတော့သည်။
"ဒီအကြေးခွံတွေက ရတနာတွေပဲ။ အလဟဿ မဖြစ်စေနဲ့။ ပြီးတော့ နဂါးသွေးတွေကိုလည်း ပြန်ယူသွားပြီး ဟင်းချိုချက်ရမယ်"
တိုက်ပွဲအတွင်း၌ ရဟန်းဝူလျန့်က နဂါးအကြေးခွံများနှင့် နဂါးသွေးများကို သိမ်းဆည်းရန် မေ့လျော့ခြင်း မရှိခဲ့ချေ။
အောင်ခယ့်မှာ ဒေါသချောင်းချောင်းထွက်ရသည်။ သူသည် အလွန်အမင်း ဒေါသထွက်သွားခဲ့သဖြင့် ရူးသွပ်စွာ တိုက်ခိုက်တော့သည်။
ဒေါသက စိတ်အစဉ်ကို ကြီးစိုးသွားသောအခါ နောက်ဆုံးတွင် ဟာကွက်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။ ရဟန်းဝူလျန့်က အခွင့်အရေးကို ဆုပ်ကိုင်ပြီး ပြင်းထန်စွာ အဆက်မပြတ် တိုက်ခိုက်လိုက်၏။ အောင်ခယ့်လည်း သွေးများ အန်ထွက်လာကာ ဆက်တိုက် နောက်ဆုတ်သွားရတော့သည်။
ကျွမ်းကျင်သူများအကြား တိုက်ပွဲတွင် ခြေတစ်လှမ်း မှားယွင်းသွားခြင်းက နောက်ထပ်ခြေလှမ်းများစွာကို ဆွဲချသွားနိုင်သည်။ အောင်ခယ့်က အားနည်းချက်တစ်ခု ရှိသွားသည်နှင့် အခြေအနေကို ပြောင်းပြန်လှန်ရန် မလွယ်တော့ပေ။ ပထမဆုံး သူသည် ရဟန်းဝူလျန့်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့ တိုက်ပွဲစင်မြင့် အပြင်ဘက်သို့ ရိုက်ထုတ်ခြင်း ခံလိုက်ရတော့သည်။
ရဟန်းဝူလျန့်က ဤပွဲတွင် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။
"အမိတ္တဘ... ဒကာတော် အရှုံးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါနဲ့ စကားမစပ်... စောစောက ငါပြောခဲ့တဲ့ အစောင့်အရှောက်ကိစ္စကို ကျေးဇူးပြုပြီး စဉ်းစားပေးပါဦး..."
ရဟန်းဝူလျန့်၏ မျက်ဝန်းများမှာ အောင်ခယ့်ထံမှ မခွာနိုင်သေးချေ။ အကယ်၍ သူသာ ခရမ်းရွှေရောင် အစစ်အမှန်နဂါးတစ်ကောင်ကို စီးနင်းခွင့်ရပါက မည်မျှအထာကျလိုက်မည်နည်းဟု စိတ်ကူးယဉ်နေမိသည်။
"ထွက်သွား"
အောင်ခယ့်က ဟိန်းဟောက်လိုက်သည်။
"မင်းနဲ့ငါက တကယ် ရေစက်ရှိတာပါ"
ရဟန်းဝူလျန့်က ထပ်မံစည်းရုံးလိုက်၏။
"လဗြွတ်ကို ရေစက်..."
အောင်ခယ့်မှာ သွေးတစ်လုပ် ထပ်မံအန်ထုတ်လိုက်မိသည်။ သူက လူသားအသွင်သို့ ပြန်လည်ပြောင်းလဲကာ ကုသရန်အတွက် ဘေးဘက်သို့ ပြေးထွက်သွားတော့သည်။
"အမိတ္တဘ...၊ ကောင်မလေး... မင်းနဲ့ငါက ရေစက်ရှိတယ်"
ရဟန်းဝူလျန့်က ပေါင်ပေါင်ကို တစ်ဖန်စိုက်ကြည့်လိုက်ပြီး လုမင်တို့ထံသို့ လျှောက်လှမ်းလာခဲ့သည်။
"ထွက်သွား"
လုမင်က ရဟန်းဝူလျန့်၏ မျက်နှာကို တိုက်ရိုက် ကန်ထုတ်လိုက်၏။
"လုမင်... မင်းက အရမ်းရက်စက်တာပဲ။ ငါ ဒဏ်ရာရနေတာကို မင်းက ငါ့ကို တိုက်ခိုက်နေသေးတယ်။ တော်ပြီ... ငါ အရင်ဆုံး သွားပြီး အနားယူတော့မယ်"
ရဟန်းဝူလျန့်က ကမန်းကတန်း ရှောင်တမ်းကာ ဘေးဘက်သို့ ဆုတ်ခွာသွားတော့သည်။
"နောက်တစ်ပွဲ... ထျန်းမင်နဲ့ ပေါင်သဲ"
ဆံပင်ဖြူ အဘိုးအိုက ကြေညာလိုက်သည်။
လူတိုင်း၏ မျက်ဝန်းများက တောက်ပသွားခဲ့ကြ၏။ လုမင်ပင်လျှင် ထို့အတူ ဖြစ်ခဲ့ရသည်။
ထျန်းမင်က ပေါင်သဲနှင့် တိုက်ခိုက်ရတော့မည်။
ထျန်းမင်က ဤတိုက်ပွဲတွင် မည်သည့် စွမ်းရည်မျိုးကို အသုံးပြုမလဲဆိုတာ လူတိုင်းက သိလိုနေကြခဲ့သည်။
ယခင်က ထျန်းမင်သည် ခြေတစ်လှမ်းမျှပင် မလှမ်းဘဲ သူ၏ ပြိုင်ဘက်များကို အနိုင်ယူခဲ့ဖူးသည်။
သို့သော်လည်း ယခုအခါတွင်မူ သူက ပေါင်သဲကို ဆန့်ကျင်ပြီး ထိုကဲ့သို့ ပြုလုပ်နိုင်ပါဦးမည်လော။
ပေါင်သဲက ရှေးဦးခန္ဓာကိုယ်ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သူသည် အလွန်တရာ စွမ်းအားကြီးမားပြီး အောင်ခယ့် သို့မဟုတ် ရဟန်းဝူလျန့်တို့ထက် အားနည်းသူ မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ပေါင်သဲကို အနိုင်ယူရန်က လွယ်ကူလိမ့်မည် မဟုတ်ပါ။
"ဝုန်း"
ပေါင်သဲက တိုက်ပွဲစင်မြင့်ပေါ်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လိုက်သည်။ သူ၏ အနက်ရောင် အရေပြားက ပေါက်ကွဲမှု စွမ်းအားများဖြင့် ပြည့်နှက်နေပြီး အနက်ရောင်အလင်းတန်းများ စီးဆင်းနေခဲ့၏။
သူ့အရပ်ကလည်း သုံးမီတာမျှ မြင့်မားပြီး သံမဏိမျှော်စင်ကြီးတစ်ခုကဲ့သို့ပင်။
"ထျန်းမင်... လာစမ်းပါ၊ တိုက်ခိုက်ကြစို့။ မင်းက ကံကြမ္မာနိယာမနဲ့ ငါ့ရဲ့ ကံကြမ္မာကို ဘယ်လို ထိန်းချုပ်မလဲဆိုတာ ငါ မြင်ချင်တယ်"
ပေါင်သဲက အော်ဟစ်လိုက်သည်။ သူ့အသံမှာ မိုးကြိုးထစ်ချုန်းသံကဲ့သို့ ထွက်ပေါ်လာ၏။
"မင်းရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသားပါ။ မင်း ရှုံးလိမ့်မယ်"
ထျန်းမင်က ကောင်းကင်ယံမှ တည်ငြိမ်စွာ ဆင်းသက်လာခဲ့သည်။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ တိုက်ပွဲစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်၏။
"ငါ ရှုံးမလား မရှုံးဘူးလားဆိုတာ မင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ မင်းရဲ့ စွမ်းအားအမှန်ကို ငါ့ကို ပြပါ"
ပေါင်သဲက အော်ဟစ်လိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ ရှေးဦးသားရဲတစ်ကောင်ကဲ့သို့ ထျန်းမင်ထံသို့ ပြေးဝင်သွားတော့သည်။
"မင်းက မိုးကြိုးအပစ်ခံရဖို့ ကံပါလာတယ်"
ထျန်းမင်က ချိုသာသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
သူ စကားပြောပြီးသည်နှင့် ကောင်းကင်ယံမှ မရေမတွက်နိုင်သော မိုးကြိုးတန်းများ ထွက်ပေါ်လာခဲ့ပြီး ပေါင်သဲထံသို့ အရှိန်အဟုန်ဖြင့် ကျရောက်သွား၏။
သို့သော်လည်း ပေါင်သဲက ဂရုမစိုက်ဘဲ မိုးကြိုးများကို သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခွင့် ပြုလိုက်သည်။ သူသည် ၎င်းကို ဂရုမစိုက်ဘဲ တိုက်ရိုက် ဖြတ်သန်းသွား၏။
မိုးကြိုးများက သူ၏ ခံစစ်ကို လုံးဝ မဖျက်ဆီးနိုင်ခဲ့ချေ။
"ဒါပဲလား၊ မင်းက ငါ့ကို အယားပြေအောင် ကုပ်ပေးနေတာလား"
ပေါင်သဲက ရပ်တန့်မသွားခဲ့ပါ။ သူက ထျန်းမင်ထံသို့ ပြေးဝင်ကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ လက်သီးအင်အားကြောင့် ဟင်းလင်းပြင်က တုန်ခါသွားခဲ့ရ၏။
"ကံကြမ္မာက သတ်မှတ်ထားတယ်၊ မင်းငါ့ကို မထိခိုက်စေနိုင်ဘူး"
ထျန်းမင်က ပြောလိုက်သည်။
ထို့နောက် တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။ ပြင်းထန်သော လက်သီးအင်အားက ထျန်းမင်ကို ထိမှန်သွား၏။ သို့သော်လည်း ထျန်းမင် ပုံရိပ်ယောင်တစ်ခုကဲ့သို့ဖြစ်ကာ လက်သီးအင်အားက သူ့ကို အမှန်တကယ် မထိခိုက်စေခဲ့ပေ။
အပိုင်း ( 2122 ) ခန့်မှန်းခြေ အဆင့်သတ်မှတ်ချက်များ။
လူတိုင်း တုန်လှုပ်သွားကြသည်။ ကံကြမ္မာနိယာမသည် အလွန်စွမ်းအားကြီး၏။
သူက သူကိုယ်တိုင် အရိုက်ခံရရန် ကံမပါကြောင်း ပြောလိုက်သောအခါ ပြိုင်ဘက်က သူ့ကို အမှန်တကယ်ပင် မထိနိုင်တော့ချေ။
သို့ဆိုလျှင်၊ သူက မည်ကဲ့သို့ တိုက်ခိုက်ရမည်နည်း။
"ပေါင်သဲရဲ့ တိုက်ခိုက်မှုက မသန်မာသေးလို့ပါ။ တကယ်လို့ လုံလောက်အောင် သန်မာမယ်ဆိုရင် သူက ကံကြမ္မာနိယာမကို ချိုးဖျက်နိုင်လိမ့်မယ်"
ကျွမ်းကျင်သူတစ်ဦးက လူတိုင်း၏ သံသယများကို ရှင်းလင်းရန်အတွက် ဝင်ရောက်ပြောဆိုလိုက်သည်။
"မင်းက မီးလောင်ကျွမ်းခံရဖို့ ကံပါလာတယ်"
"မင်းက အပိုင်းပိုင်း အခုတ်ခံရဖို့ ကံပါလာတယ်"
"..."
ထျန်းမင်က အလွန်လျင်မြန်စွာဖြင့် ဆက်လက် ပြောဆိုလိုက်သည်။
ထို့နောက်တွင် ကောင်းကင်ယံမှ တိုက်ခိုက်မှုမျိုးစုံ ကျရောက်လာခဲ့ပြီး ပေါင်သဲထံသို့ ကျရာက်သွား၏။
"ဝုန်း... ဝုန်း..."
ပေါင်သဲကလည်း လက်သီးဖြင့် ထိုးနှက်လိုက်ရာ ထိုတိုက်ခိုက်မှုများမှာ ချက်ချင်း ပျက်စီးသွားကြတော့သည်။
"ငါက ငယ်ငယ်ကတည်းက ခန္ဓာကိုယ်ကို မီးနဲ့လောင်ကျွမ်းစေပြီး မိုးကြိုးနဲ့ သန့်စင်လာခဲ့တာကွ။ မင်းရဲ့ တိုက်ခိုက်မှုတွေက ငါ့အတွက် အယားပြေရုံပဲ ရှိတယ်"
ပေါင်သဲ၏ တိုက်ခိုက်လိုစိတ်မှာ ပို၍ သန်မာလာခဲ့သည်။ သူသည် တိုက်ခိုက်မှုအမျိုးမျိုးကို ချိုးဖျက်ပြီး ထျန်းမင်ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားခဲ့၏။
သူ၏ ကြွက်သားများက လှုပ်ရှားသွားပြီး အရိုးများ ဆတ်ခနဲ မြည်သွားကာ သူ့ခွန်အားရှိသမျှဖြင့် လက်သီးတစ်ချက် ထိုးနှက်လိုက်တော့သည်။
ဤလက်သီး၏ စွမ်းအားမှာ ယခင်ကထက် ပို၍ တုန်လှုပ်ဖွယ် ကောင်းပြီး သန်မာလွန်းသည်။
ဤအခိုက်အတန့်တွင် ထျန်းမင်၏ အမူအရာက နောက်ဆုံး၌ တည်ကြည်လေးနက်သွားခဲ့သည်။ သူက လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ ရှေ့သို့ ညွှန်ပြလိုက်၏။
"ကံကြမ္မာက ဆိုတယ်... အကြွင်းမဲ့ခံစစ်"
သူ့ရှေ့တွင် အဖြူရောင် အလင်းတံတိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပေါင်သဲ၏ လက်သီးက ထိုအလင်းတံတိုင်းကို ထိမှန်သွား၏။ တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး စင်မြင့်တစ်ခုလုံး တုန်ခါသွားစေခဲ့တော့သည်။
"ဟားဟားဟား... မင်း နောက်ဆုံးတော့ လှုပ်ရှားလာပြီပေါ့။ မင်းရဲ့ စွမ်းအားက ဒီလောက်ပဲ ရှိပုံရတယ်"
ပေါင်သဲက ရယ်မောလိုက်သည်။ သူက လက်သီးဖြင့် ဆက်လက်ထိုးနှက်လိုက်ရာ ထျန်းမင်၏ရှေ့ရှိ အလင်းတံတိုင်းက အဆက်မပြတ် တုန်ခါသွားခဲ့ရ၏။
"ပေါင်သဲ... မင်းက ဒဏ်ရာရဖို့ ကံပါလာတယ်"
ထျန်းမင်က ထပ်မံ၍ ပြောလိုက်ပြန်သည်။ သူက လက်ညှိုးကို ဆန့်ထုတ်လိုက်စဉ် သူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။
"အား..."
ဤအခိုက်အတန့်တွင် ပေါင်သဲက အော်ဟစ်လိုက်မိသည်။ သူသည် မမြင်နိုင်သော တိုက်ခိုက်မှုတစ်ခုဖြင့် ထိမှန်ခြင်းကို ခံလိုက်ရပုံရ၏။ သူ့ခန္ဓာကိုယ်က တုန်ခါသွားခဲ့ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။
လူတိုင်း တုန်လှုပ်သွားကြသည်။
သူတို့သည် ပေါင်သဲကို တိုက်ခိုက်သည့် မည်သည့်အရာကိုမျှ မမြင်တွေ့ခဲ့ကြချေ။ ပေါင်သဲ ဒဏ်ရာရတော့မည်ကိုသာ သူတို့ သိလိုက်ကြပြီး သူက အမှန်တကယ် ဒဏ်ရာရရှိသွားခဲ့သည်။ ဤကဲ့သို့သော နည်းလမ်းမျိုးက တုန်လှုပ်ဖွယ်ကောင်းပြီး မယုံနိုင်စရာဖြစ်ပေသည်။
"မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကန့်သတ်ချက် ရှိတယ်။ မင်းမှာ တကယ်စွမ်းရည်ရှိရင် ငါ့ကို တိုက်ရိုက် သတ်ပစ်လိုက်... ဒါကို မင်း လုပ်နိုင်မလားဆိုတာ ကြည့်ရအောင်"
ပေါင်သဲက ဟိန်းဟောက်လိုက်ပြီး ထျန်းမင်ထံသို့ ထပ်မံ တိုးဝင်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်က ကြီးမားလာခဲ့၏။ သူ၏ မူလကပင် ထွားကျိုင်းသော ခန္ဓာကိုယ်မှာ ပို၍ပင် ထွားကျိုင်းလာတော့သည်။ သူသည် ကမ္ဘာပေါ်သို့ ဘီလူးကြီးတစ်ကောင် ဆင်းသက်လာကဲ့သို့ ဖြစ်ခဲ့သည်။
"ဝုန်း..."
ပေါင်သဲက ခြေတစ်ချက်ဆောင့်လိုက်သည်။ သူသည် အနက်ရောင် မိုးကြိုးတစ်ခုကဲ့သို့ လှုပ်ရှားပြီး နတ်ဆိုးတောင်ကြီးတစ်လုံးကဲ့သို့ ထျန်းမင်ကို ဖိနှိပ်လိုက်၏။
"မင်းက ဒဏ်ရာရဖို့ ကံပါလာတယ်"
ထျန်းမင်က ထပ်မံပြောဆိုလိုက်ပြီး နက်နဲသော တိုက်ခိုက်မှုဟန်များကို ထုတ်ဖော်လိုက်သည်။
"ပျက်စီးစမ်း၊ အကြွင်းမဲ့အင်အား တစ်ခုတည်းနဲ့ နည်းစနစ်အားလုံးကို ဖျက်ဆီးမယ်"
ပေါင်သဲက သူ၏ လက်သီးနှစ်ဖက်စလုံးဖြင့် ထိုးနှက်ရင်း ဟိန်းဟောက်လိုက်သည်။ ဟင်းလင်းပြင်က ပေါက်ကွဲထွက်သွား၏။ ထျန်းမင်၏ တိုက်ခိုက်မှုများ အားလုံးမှာ ပေါင်သဲ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။
"ပေါင်သဲရဲ့ စွမ်းအားက တကယ်ကို တုန်လှုပ်စရာပဲ။ သူက ဝူလျန့်နဲ့ အောင်ခယ့်တို့ထက်တောင် နည်းနည်း ပိုသန်မာပုံရတယ်"
"သူက တကယ်ကို မွေးရာပါ ရှေးဦးခန္ဓာကိုယ်ကျင့်ကြံသူပဲ။ တကယ်လို့ ဒီလိုလူမျိုးက နိယာမလမ်းစဉ်ကို ကျင့်ကြံမယ်ဆိုရင် အမှိုက်တစ်စပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူသာ ရှေးဦးခန္ဓာကိုယ်ကျင့်စဉ်လမ်းကို ကျင့်ကြံမယ်ဆိုရင်တော့ နှိုင်းယှဉ်လို့မရတဲ့ ရှားပါးပါရမီရှင်တစ်ယောက် ဖြစ်လာမှာပဲ"
ကျွမ်းကျင်သူများက တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြသည်။ အားလုံးမှာ ပေါင်သဲ၏ စွမ်းအားကြောင့် တုန်လှုပ်သွားကြ၏။
ထျန်းမင်၏ အမူအရာက အနည်းငယ် လေးနက်သွားခဲ့သည်။ သို့သော်၊ ယင်းက အနည်းငယ်မျှသာ။
"မဟာကံကြမ္မာကျင့်စဉ်"
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အလင်းတန်းက ပိုမို တောက်ပလာခဲ့၏။
"ဝုန်း"
သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နတ်ဘုရားအလင်းတန်းတစ်ခုက ပေါင်သဲထံသို့ ဖြတ်သန်းတိုက်ခိုက်သွားခဲ့တော့သည်။
"ဒုန်း... ဒုန်း..."
ပေါင်သဲက လက်သီးချက်များ ဆက်တိုက်ထုတ်ဖော်ရင်း နတ်ဘုရားအလင်းတန်းကို တိုက်ခိုက်လိုက်သည်။ သို့သော်၊ ထိုနတ်ဘုရားအလင်းတန်းက ဖျက်ဆီး၍မရနိုင်ဘဲ တုန်လှုပ်ခြင်း မရှိခဲ့ချေ။
လက်သီးတစ်ချက်ချင်းစီတိုင်းတွင် ပေါင်သဲက အနည်းငယ် ဆုတ်သွားခဲ့ရသည်။ လက်သီးချက်ပေါင်းများစွာ အပြီးတွင် ပေါင်သဲက မီတာပေါင်းများစွာ နောက်ဆုတ်သွားခဲ့ရပြီး တိုက်ပွဲကွင်းပြင်ပြင်ပသို့ ရောက်ရှိသွားတော့သည်။
ထိုအခိုက်အတန့်တွင် နတ်ဘုရားအလင်းတန်းက ကွယ်ပျောက်သွားခဲ့သည်။
"ထပ်လာစမ်း၊ ငါတိုက်ခိုက်ရတာ မဝသေးဘူး။ ထပ်တိုက်ကြမယ်"
ပေါင်သဲက ရူးသွပ်နေသော သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က တုန်ရီသွားခဲ့ပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။
"မင်း ရှုံးသွားပြီ"
ထျန်းမင်၏ အမူအရာက ပြန်လည်တည်ငြိမ်သွားပြီး နောက်သို့ လှည့်ထွက်သွားတော့သည်။
"ဒါက ဘယ်လိုစွမ်းအားမျိုးလဲ။ ခန့်မှန်းရ ခက်လွန်းတယ်"
လုမင်က မျက်မှောင်ကို ကြုတ်လိုက်ပြီး ထျန်းမင်ကို ကြည့်လိုက်သည်။
ထျန်းမင်သည် အတိုင်းအဆမရှိ နက်နဲသော ခံစားချက်မျိုးကို ပေးစွမ်းခဲ့၏။ ပေါင်သဲက ထျန်းမင်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အတင်းအကျပ် ထုတ်ဖော်စေခဲ့သော်လည်း၊ ၎င်းက ထျန်းမင်၏ နောက်ဆုံးစွမ်းအားလား သို့မဟုတ် သူ ဖုံးကွယ်ထားဆဲ ဖြစ်သလားဟူသည်ကိုမူ မည်သူမျှ မသိကြချေ။
လုမင်သာမက ယွမ်ရှင်း၊ အောင်ခယ့်နှင့် ယွင်ဟောက်ကဲ့သို့သော အခြားပါရမီရှင်များလည်း လေးနက်သောအမူအရာများ ရှိနေခဲ့ကြသည်။
ထျန်းမင်၏ စွမ်းအားက သူတို့ကို ဖိအားများစွာ ပေးစွမ်းခဲ့ပေသည်။
"ငါ တကယ်ပဲ မင်းနဲ့ တိုက်ခိုက်ချင်နေပြီ။ ဒီလောကမှာ ဘယ်သူက အသန်မာဆုံးလဲဆိုတာ လူတိုင်းကို ငါ သက်သေပြရမယ်"
ယွမ်ရှင်းက တိုးညှင်းစွာ ပြောလိုက်သည်။ သူ၏ တိုက်ခိုက်လိုစိတ်များက လှိုင်းထန်လာခဲ့၏။
"ဒီလို ထူးဆန်းတဲ့ကောင်နဲ့ ငါက ဘယ်လို တိုက်ရမှာလဲ"
ရဟန်းဝူလျန့်၏ မျက်နှာထက်တွင် ခါးသီးသော အမူအရာတစ်ခု ရှိနေခဲ့သည်။
"ကဲ... ပြိုင်ပွဲရဲ့ ပထမအချီ ပြီးဆုံးသွားပါပြီ။ လုမင်၊ ပေါင်ပေါင်၊ ရဟန်းဝူလျန့်၊ ယွမ်ရှင်းနဲ့ ထျန်းမင်တို့ နိုင်ပြီး တစ်ယောက်ကို တစ်မှတ်စီ ရရှိတယ်"
"နောက်တစ်ခုက... ဒုတိယအချီ၊ လုမင်နဲ့ ပေါင်ပေါင်"
အဘိုးအိုက ကြေညာလိုက်သည်။
"ဟင်"
လုမင်နှင့် ပေါင်ပေါင်တို့ ဆွံ့အသွားကြ၏။ သူတို့က ဤမျှ မြန်ဆန်စွာ ဆုံတွေ့ရခြင်းမှာ ထိုအဘိုးအိုက တမင်တကာ ပြုလုပ်ခြင်း ဖြစ်နိုင်ခြေများသည်။
"ကျွန်မ အရှုံးပေးပါတယ်။ ကျွန်မ ကိုကြီးလုမင်နဲ့ မတိုက်ခိုက်ချင်ဘူး။ အရှုံးပေးပါတယ်"
ပေါင်ပေါင်က လုမင်၏ လည်ပင်းကို ဖက်တွယ်ထားပြီး အောက်သို့ ဆင်းရန် ငြင်းဆန်နေခဲ့သည်။
ပရိသတ်များကလည်း တည်ငြိမ်နေခဲ့ကြပြီး အလွန်အမင်း အံ့ဩခြင်း မရှိခဲ့ကြချေ။
လုမင်နှင့် ပေါင်ပေါင်တို့ တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း သူတို့ ကြာမြင့်စွာကတည်းက သိထားခဲ့ကြသည်။ သူတို့ထဲမှ တစ်ဦးဦးက အရှုံးပေးမည်မှာ သေချာလှပေသည်။
"ကောင်းပါပြီ၊ လုမင် ဒီပွဲမှာ အနိုင်ရရှိတယ်။ နောက်တစ်ခုက ယွင်ဟောက်နဲ့ ယွမ်ရှင်း"
ဆံပင်ဖြူအဘိုးအိုက ထပ်မံ၍ ကြေညာလိုက်သည်။
ယွင်ဟောက်နှင့် ယွမ်ရှင်း။
ဤပွဲသည်လည်း အထွတ်အထိပ် တိုက်ပွဲတစ်ခု ဖြစ်ပြီး တိုက်ပွဲက အလွန်တရာ ပြင်းထန်ပေသည်။
သို့သော်လည်း နောက်ဆုံးတွင် ယွမ်ရှင်းက နိယာမနှစ်မျိုးကို အသုံးပြုကာ ၎င်းတို့ကို ပေါင်းစပ်ပြီး ယွင်ဟောက်ကို တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်။
ဤအရာက လူတိုင်းကို တုန်လှုပ်သွားစေခဲ့ပြီး ယွမ်ရှင်း၏ တိုက်ခိုက်ရေးစွမ်းအားကို ပြန်လည်သုံးသပ်စေခဲ့ပေသည်။
ယွမ်ရှင်းက အမှန်တကယ်ပင် ဒုတိယမြောက် နိယာမကို နားလည်ထားခဲ့သည်။ ၎င်းက ဘုရင်လမ်းစဉ်နိယာမ အမျိုးအစားတစ်ခု ဖြစ်၏။ အမျိုးအစားနှစ်ခု ပေါင်းစပ်မှုနှင့်အတူ သူ၏ စွမ်းအားမှာ အဆများစွာ တိုးတက်လာတော့သည်။
ဤအရာက ယွမ်ရှင်း၏ ပါရမီကို လူတိုင်း အံ့ဩချီးကျူးစေခဲ့သည်။ သူသည် သိုင်းဧကရာဇ်တစ်ဦး ဖြစ်လာခဲ့သည်မှာ မကြာသေးသော်လည်း ဒုတိယမြောက် နိယာမအမျိုးအစားကို နားလည်ထားခဲ့ပြီ။ ထို့ပြင် သူ၏ ကျွမ်းကျင်မှုမှာလည်း မနိမ့်ပါးချေ။
ဒုတိယအချီ တတိယပွဲစဉ်တွင် အောင်ခယ့်နှင့် ဟန်ရှင်းဟဲ ဖြစ်သည်။
ဤပွဲမှာတော့ စိတ်လှုပ်ရှားစရာ လုံးဝ မရှိပေ။ ဟန်ရှင်းဟဲက ချေမှုန်းခံလိုက်ရပြီး နှစ်ပွဲဆက်တိုက် ရှုံးနိမ့်သွားခဲ့ရသည်။
စတုတ္ထပွဲစဉ်တွင် ရှေးနတ်ဆိုးနှင့် ပေါင်သဲ ရင်ဆိုင်ရသည်။
သူတို့နှစ်ဦးစလုံးက ရှေးဟောင်းကျင့်ကြံမှုလမ်းစဉ်ကို ကျင့်ကြံကြသူများ ဖြစ်၏။ ကံမကောင်းစွာဖြင့်၊ ရှေးနတ်ဆိုး၏ ကျင့်ကြံခြင်းမှာ အနည်းငယ် ပို၍ အားနည်းသဖြင့် ပေါင်သဲ၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။ သူသည် ပေါင်သဲ၏ အလွယ်တကူ အနိုင်ယူခြင်းကို ခံလိုက်ရသည်။
ပဉ္စမပွဲစဉ်တွင် ထျန်းမင်နှင့် ရဟန်းဝူလျန့်...
ရဟန်းဝူလျန့်က အလွန်ပင် ပွင့်လင်းပြတ်သားသည်။ သူသည် စင်မြင့်ပေါ်သို့ပင် မတက်ရောက်ဘဲ တိုက်ရိုက် အရှုံးပေးလိုက်၏။
သူ၏ ပြောစကားအရ သူ နိုင်မည်မဟုတ်ကြောင်း သိပါလျက်နှင့် တိုက်ခိုက်ခြင်းမှာ မိုက်မဲခြင်းသာ ဖြစ်လိမ့်မည်။
ပြိုင်ပွဲ၏ ဒုတိယချီ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ လုမင်၊ ထျန်းမင်နှင့် ယွမ်ရှင်းတို့သာလျှင် ဆက်တိုက် နိုင်ပွဲရရှိသည့် အခြေအနေတွင် ရှိနေခဲ့ကြသေးသည်။
တိုက်ပွဲပေါင်း ဆယ်ပွဲအပြီးတွင် လူတိုင်းက ထိုလူဆယ်ဦး၏ အဆင့်သတ်မှတ်ချက်များကို စတင်၍ ခန့်မှန်းနေကြပြီ ဖြစ်သည်။
"သံသယဖြစ်စရာမလိုပါဘူး၊ ထျန်းမင်က အသန်မာဆုံးပဲ။ သူက ဒီတစ်ကြိမ်မှာ ချန်ပီယံ ဖြစ်လိမ့်မယ်"
"ဒါကတော့ ပြောရခက်ပါတယ်။ ယွမ်ရှင်းကလည်း အားမနည်းဘူး။ အခုလေးတင် သူပြသခဲ့တာက သူ့ရဲ့ စွမ်းအားအပြည့် ဟုတ်ချင်မှ ဟုတ်မယ်။ သူက ထျန်းမင်နဲ့ ယှဉ်ပြိုင်နိုင်လောက်တယ်"
"ကြည့်ရသလောက်တော့ ထိပ်ဆုံးနှစ်ယောက်က ထျန်းမင်နဲ့ ယွမ်ရှင်းပဲ ဖြစ်သင့်တယ်။ တတိယနေရာကတော့ ပေါင်သဲ ဖြစ်ဖို့ အလားအလာ အများကြီးရှိပေမဲ့ မသေချာသေးဘူး"
"အကြမ်းအားဖြင့်တော့ ထိပ်ဆုံးငါးယောက်က ထျန်းမင်၊ ယွမ်ရှင်း၊ ပေါင်သဲ၊ ရဟန်းဝူလျန့်နဲ့ အောင်ခယ့်တို့ ဖြစ်သင့်တယ်"
လူတိုင်းက ခန့်မှန်းပြောဆိုလိုက်ကြသည်။ သို့သော်လည်း လူအများစုကမူ ထျန်းမင်၊ ယွမ်ရှင်း၊ ပေါင်သဲ၊ ရဟန်းဝူလျန့်နှင့် အောင်ခယ့်တို့က ထိပ်ဆုံးငါးနေရာအတွင်းသို့ ဝင်ရောက်ရန် ပြဿနာမရှိနိုင်ဟု ယုံကြည်ထားခဲ့ကြပေသည်။
"လုမင်ဆိုရင်ကော ဘယ်လိုလဲ။ သူလည်း အားမနည်းဘူးလေ။ သူက အန္တိမနိယာမ နှစ်မျိုးကိုတောင် ကျွမ်းကျင်ထားတာ"
"သူ တကယ်ပဲ အားမနည်းပါဘူး။ သူ့အတွက် ဟန်ရှင်းဟဲနဲ့ ရှေးနတ်ဆိုးကို ဖိနှိပ်ဖို့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ယွင်ဟောက်တို့ ပေါင်ပေါင်တို့နဲ့ နှိုင်းယှဉ်ရင်တော့ သူ့ စွမ်းအားက နိမ့်ကျနိုင်တယ်။ လုမင်ရဲ့ နောက်ဆုံးအဆင့်က သတ္တမနေရာ ဖြစ်လိမ့်မယ်လို့ ကျုပ်ခန့်မှန်းတယ်"
"ဒီခန့်မှန်းချက်က တကယ်ပဲ ကျိုးကြောင်းဆီလျော်ပါတယ်"