အခန်း ၃၀၁
Vol. 31 Ch. 301
အခန်း (၃၀၁) ယွဲ့နိုင်ငံ၏ အလှဆုံး မိန်းမပျိုလေး
"လုချန်ဖုန်း... နင်လို သစ္စာဖောက်ယောကျ်ားက ငါ့ကို လာတွေ့ရဲသေးတယ်ပေါ့လေ..."
အသံလှိုင်း၏ ကြီးမားခမ်းနားမှုက ကျန်းချဲ့၏ မျက်နှာထားကို လျင်မြန်စွာ လေးနက်သွားစေလေသည်။
'အရမ်း အစွမ်းထက်တာပဲ...'
'သာမန် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး လုံးဝ မဟုတ်ဘူး...'
ဝမ်ကျဲ့ မိစ္ဆာဓားမှာ တဝီဝီ မြည်ဟည်းသွားပြီး သွေးရောင် အလင်းတန်းတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာကာ ချီရွှယ်မိစ္ဆာသခင် ၏ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားလေသည်... မျက်နှာပေါ်တွင် ရှက်ရွံ့နောင်တရနေသော အမူအရာဖြင့် လေဟာနယ်သို့ မော့ကြည့်ကာ ပြောလိုက်လေသည်။
"ချင်းဖုန်း... တောင်းပန်ပါတယ်... အရင်တုန်းက တကယ်ပဲ ငါက မင်းအပေါ် မကောင်းခဲ့တာပါ..."
ကျန်းချဲ့က ချီရွှယ်မိစ္ဆာသခင် ၏ လျင်မြန်စွာ ပြောင်းလဲသွားသော အမူအရာကို ကြည့်ရင်း ရင်ထဲတွင် တိတ်တဆိတ် လက်မထောင်ကာ ချီးကျူးလိုက်မိလေသည်... လက်ငင်း အခြေအနေအပေါ် တုံ့ပြန်မှုက တကယ်ကို မြန်ဆန်လွန်းလှပေသည်... ယခင်က ချီရွှယ်မိစ္ဆာသခင် ၏ ဟန်ပန်မှာ ဤကဲ့သို့ လုံးဝ မဟုတ်ခဲ့ချေ။
ထို့အပြင် ယခုမှသာ ချီရွှယ်မိစ္ဆာသခင် ၏ နာမည်ရင်းကို သူ ပထမဆုံးအကြိမ် အဖြစ် သိရှိလိုက်ရခြင်း ပင်ဖြစ်သည်။
လုချန်ဖုန်း... အလွန် သာမန်ဆန်သော နာမည်တစ်ခု ပင်ဖြစ်သည်။
ဖီးနစ် အော်ဟစ်သံများ အဆက်မပြတ် ပဲ့တင်ထပ်နေပြီး အစိမ်းရောင် နတ်ငှက်ကြီးသည်လည်း လေဟာနယ် အတွင်းမှ တဖြည်းဖြည်း ဆင်းသက်လာလေသည်... ကျန်းချဲ့သည်လည်း အစိမ်းရောင် နတ်ငှက်၏ ကျောပေါ်ရှိ ပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်... တစ်ကိုယ်လုံး အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံကေသာများပင်လျှင် ဖြူဖွေးနေလေသည်။
သို့သော် ရုပ်ရည်သွင်ပြင်မှာ အိုမင်းရင့်ရော်နေခြင်း လုံးဝ မရှိဘဲ အလွန် နုပျိုနေလေသည်... အသားအရေမှာ နှင်းပွင့်အလား ဖြူစင်ဝင်းမွတ်နေသည်ဟု ဆိုလျှင်ပင် အနည်းငယ်မျှ လွန်ကဲမည် မဟုတ်ချေ... ရုပ်ရည်ကလည်း အလွန် လှပကျော့ရှင်း လှပေသည်... သို့သော် မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်များ ပါဝင်နေခြင်းကသာ အလှတရားကို အနည်းငယ် လျော့ကျသွားစေခြင်း ဖြစ်လေသည်။
ချင်းဖုန်းက ချီရွှယ်မိစ္ဆာသခင် ကို စူးစိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်လေသည်။
"အရင်တုန်းက နင့်အတွက်နဲ့ ငါက နတ်ဘုရားကျောင်းတော်ကို သစ္စာဖောက်ခဲ့ပြီး တောင်တန်းကြီးထဲကနေ နှင်ထုတ်ခံခဲ့ရတယ်... နင်ကျတော့ရော... နင် လိုချင်တဲ့ ပစ္စည်းကို ရသွားပြီးတာနဲ့ ငါ့ဆီကနေ တိတ်တဆိတ် ထွက်ပြေးသွားခဲ့တယ်... ငါ ဘာတွေ ခံစားခဲ့ရလဲ ဆိုတာကို နင် သိရဲ့လား..."
ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ကို အရိပ်အကဲ တစ်ချက် ပြလိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်လေသည်။
"ချင်းဖုန်း... ငါက မင်းအပေါ် မကောင်းခဲ့တာပါ... ဒီတစ်ခေါက် လာတာက ငါ နောင်တရလို့ လာတောင်းပန်တာပါ... မင်း ငါ့ကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်... အရင်တုန်းက ငါ့မှာလည်း မပြောပြနိုင်တဲ့ အခက်အခဲတွေ ရှိခဲ့လို့ပါ..."
ကျန်းချဲ့၏ မျက်ခုံးများ ပင့်တက်သွားပြီး နှုတ်ခမ်းထောင့်မှ အပြုံးကို ဖိနှိပ်ထားလိုက်လေသည်... ဒီလို ဖြစ်မည်ဟု သူ ခန့်မှန်းထားပြီးသား ပင်ဖြစ်သည်... ယခင်က ချီရွှယ်မိစ္ဆာသခင် ပြောပြခဲ့သလို ရိုးရှင်းသော ကိစ္စမျိုး လုံးဝ မဖြစ်နိုင်ချေ... ယခု ကြည့်ရသလောက် တကယ်ကို ပြဿနာ ရှိနေခဲ့သည်မှာ အသေအချာပင်။
"ကောင်းပြီလေ... နင်က နောင်တရလို့ လာတာ ဆိုမှတော့... နင့်ရဲ့ အသက်ကို ပေးဆပ်လိုက်တော့..."
ချင်းဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်စွပ်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူမ၏ အရှေ့တွင် ငွေရောင် အပ်များ စုစည်းလာပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။
"တကယ်လို့ မင်း ငါ့ကို သတ်ချင်တယ် ဆိုရင်လည်း... လှုပ်ရှားလိုက်ပါတော့..."
ချီရွှယ်မိစ္ဆာသခင် က မျက်လုံးများကို မှိတ်လိုက်ပြီး အေးအေးဆေးဆေးပင် အသေခံမည့် အမူအရာကို ပြသလိုက်လေသည်။
"ငါ မလုပ်ရဲဘူးလို့ နင် ထင်နေတာလား..."
ချင်းဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
"အဲ့ဒီလို မဟုတ်ပါဘူး... လှုပ်ရှားလိုက်ပါ... အခု ငါက လောကကြီးထဲမှာ ဝိညာဉ် အကြွင်းအကျန်လေးပဲ ကျန်တော့တာမို့လို့ ဘာမှ နှမြောစရာ မရှိတော့ပါဘူး... မသေခင်လေးမှာ မင်းကို တစ်ကြိမ်လောက် ပျော်ရွှင်သွားစေနိုင်မယ် ဆိုရင်... ငါ မင်းရဲ့ လက်ထဲမှာ သေချင်ပါတယ်..."
ချီရွှယ်မိစ္ဆာသခင် က မျက်လုံး မှိတ်ထားလျက် တစ်လုံးချင်းစီ ပြောလိုက်လေသည်။
နောက်တစ်စက္ကန့်တွင် ချင်းဖုန်းက လှုပ်ရှားလိုက်လေသည်။
သူမ၏ အရှေ့ရှိ ငွေရောင် အပ်များက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ချီရွှယ်မိစ္ဆာသခင် ထံသို့ လုံးဝ တွေဝေခြင်း မရှိဘဲ ပစ်ခတ်သွားလေသည်... ချီရွှယ်မိစ္ဆာသခင် သည်လည်း သူ ပြောခဲ့သည့် အတိုင်းပင် အနည်းငယ်မျှ ခုခံခြင်း မပြုခဲ့ချေ။
"ဖူး..."
"ဖူး..."
"ဖူး..."
တုံးအိသော အသံအနည်းငယ် ထွက်ပေါ်လာပြီး ငွေရောင် အပ်များက ချီရွှယ်မိစ္ဆာသခင် ၏ ကိုယ်ပေါ်သို့ စူးဝင်သွားကာ ပျောက်ကွယ်သွားလေသည်... သူ၏ အရှိန်အဝါများ ကလည်း လျင်မြန်စွာ ကျဆင်းသွားလေတော့သည်။
"လုချန်ဖုန်း... နင် ငါ့ရဲ့ မိစ္ဆာပိတ်လှောင် အပ် မိသွားပြီ... ခုနစ်ရက်တောင် မကြာခင်မှာပဲ နင် အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မယ်... လူဝင်စားဖို့ အခွင့်အရေးတောင် ရတော့မှာ မဟုတ်ဘူး..."
ချင်းဖုန်း၏ လေသံက အစအဆုံး အေးစက်နေလေသည်။
"မင်း ပျော်မယ် ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ရပါတယ်..."
ချီရွှယ်မိစ္ဆာသခင် က မျက်လုံးများကို ဖွင့်လိုက်ပြီး အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်လေသည်။
ဘေးတွင် ရပ်ကြည့်နေသော ကျန်းချဲ့ကိုပင် အနည်းငယ် ရင်တုန်သွားစေခဲ့လေသည်... ချီရွှယ်မိစ္ဆာသခင် ၏ ဤတစ်ကြိမ် ကစားကွက်က အနည်းငယ် ကြီးမားလွန်းနေသည်ဟု ခံစားလိုက်ရသည်... သို့မဟုတ် သူက ပြန်လည် ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိနေခြင်းလည်း ဖြစ်နိုင်လေသည်။
ချင်းဖုန်းက ချီရွှယ်မိစ္ဆာသခင် ကို အသက်ရှူကြိမ် ဆယ်ကြိမ်ကျော်ခန့် အချိန်ကြာအောင် စူးစိုက်ကြည့်နေပြီးနောက်မှ အကြည့်များကို ကျန်းချဲ့ ရှိရာသို့ လှည့်ကာ မေးလိုက်လေသည်။
"သူက ဘယ်သူလဲ..."
"ငါ့ရဲ့ တပည့် လို့ ပြောလို့ရပါတယ်..."
ချီရွှယ်မိစ္ဆာသခင် က ချောင်း အနည်းငယ် ဟန့်လိုက်ပြီး အားနည်းစွာဖြင့် ရှင်းပြလိုက်လေသည်... ဤကဲ့သို့သော အခြေအနေမျိုး သို့ ရောက်နေသည့်တိုင် ကျန်းချဲ့အပေါ် အမြတ်ထုတ်ရန် မမေ့သေးဘဲ တပည့်ဟု တိုက်ရိုက် ပြောဆိုလိုက်လေသည်။
ကျန်းချဲ့က ရင်ထဲတွင် မျက်နှာပြောင်တိုက်လွန်းသော ချီရွှယ်မိစ္ဆာသခင် ကို ကျိန်ဆဲလိုက်သော်လည်း အပြင်ပန်းတွင်တော့ တိုက်ရိုက် ငြင်းဆန်ခြင်း မပြုခဲ့ချေ။
"စီနီယာချီရွှယ်က အရင်တုန်းက အမှား လုပ်ခဲ့မိတယ်... စီနီယာချင်းဖုန်းကို မထားခဲ့သင့်ဘူး ဆိုပြီး ခဏခဏ ပြောနေတာကို ဂျူနီယာ ကြားဖူးပါတယ်... တကယ်တော့ ဒီနှစ်တစ်ရာ အတွင်းမှာ စီနီယာချီရွှယ်က အမြဲတမ်း နောင်တရ နေခဲ့တာပါ... လျှို့ဝှက်နယ်မြေထဲမှာ ပိတ်မိနေပြီး ထွက်လာလို့ မရခဲ့လို့ပါ... အခု လျှို့ဝှက်နယ်မြေထဲကနေ ထွက်လာလာချင်းပဲ ဂျူနီယာ့ကို ခေါ်ပြီး စီနီယာချင်းဖုန်းကို တွေ့ချင်လို့ ဒီကို ရောက်လာတာပါ..."
"မင်း... ဘယ်သူက မင်းကို အဲ့ဒါတွေ ပြောခိုင်းလို့လဲ..."
ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ကို စူးစိုက်ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် မကျေမနပ် ဖြစ်နေသည့် အမူအရာ ပေါ်လာလေသည်။
"စီနီယာ... စီနီယာ ရှင်းပြသင့်ပါတယ်... စီနီယာချင်းဖုန်း လည်း အမှန်တရားကို သိသင့်တယ်လေ..."
ကျန်းချဲ့က ခေါင်းမာစွာဖြင့် ဆက်ပြောလိုက်လေသည်။
သူတို့ နှစ်ယောက်က ကြိုတင် ဇာတ်တိုက်ထားခြင်း မရှိသော်လည်း ယခု အချိန်တွင် တစ်ယောက်တစ်ပေါက်ဖြင့် အလွန် သဟဇာတ ဖြစ်နေကြပြီး အနည်းငယ်မျှပင် ဟာကွက် မရှိအောင် ဖန်တီးနိုင်ခဲ့ကြလေသည်။ သရုပ်ဆောင်ရင်း သရုပ်ဆောင်ရင်း ချီရွှယ်မိစ္ဆာသခင် ကိုယ်တိုင်ပင် ထိုစကားများကို ယုံကြည်သွားသကဲ့သို့ ပင်ဖြစ်လေသည်... မျက်နှာပေါ်တွင် ဝမ်းနည်း ကြေကွဲနေသော အမူအရာကို ပြသလိုက်လေသည်။
ချင်းဖုန်းသည် အစိမ်းရောင် နတ်ငှက်၏ ကျောပေါ်တွင် ရပ်နေပြီး အကြည့်များက ချီရွှယ်မိစ္ဆာသခင် နှင့် ကျန်းချဲ့ တို့ နှစ်ဦးအပေါ်တွင် အပြန်ပြန်အလှန်လှန် ကျရောက်နေလေသည်... ထိုစကားများ၏ အမှားအမှန်ကို စဉ်းစား ဆုံးဖြတ်နေပုံ ရလေသည်... အချိန်အတော်ကြာမှ မေးလိုက်လေသည်။
"သူ ပြောတာတွေက တကယ်ပဲလား..."
"အာဖုန်း... အရင်တုန်းက ငါ မင်းကို ထားခဲ့တာ ငါ့ရဲ့ ဆန္ဒအစစ်အမှန် မဟုတ်ပါဘူး... ငါ့ရဲ့ အရင်က ပြဿနာတွေကြောင့် မင်းကို မထိခိုက်စေချင်လို့ပါ... ငါ့အတွက် မင်း ပေးဆပ်ခဲ့ရတာတွေ အရမ်းကို များနေပြီလေ... ငါ့ရဲ့ ရန်ငြိုးတွေထဲမှာ မင်းကို မပါဝင်စေချင်ခဲ့လို့ပါ..."
ချီရွှယ်မိစ္ဆာသခင် က သက်ပြင်းချလိုက်လေသည်။
"ဘာရန်ငြိုးလဲ..."
"ငါ သေသွားတယ် ဆိုတဲ့ ကိစ္စကို မင်း ကြားဖူးမှာပါ... အဲ့ဒီ ကိစ္စကြောင့်မို့လို့ မင်းကို အများကြီး အသိမခံချင်ခဲ့တာပါ..."
"ဒါဆို အခုကျတော့ နင်က ငါ့ကို ဘာလို့ လာရှာတာလဲ..."
ချင်းဖုန်းက ချီရွှယ်မိစ္ဆာသခင် ၏ လိမ်လည်မှုများကို ယုံကြည်သွားခြင်း ရှိမရှိ မသိရသော်လည်း သူမ၏ သဘောထားကတော့ အမြဲတမ်း အေးစက်နေဆဲ ပင်ဖြစ်သည်... သို့သော် အနည်းဆုံးတော့ မိစ္ဆာပိတ်လှောင် အပ်များကို အသုံးပြုပြီးနောက် သူတို့ နှစ်ဦးအပေါ်သို့ ထပ်မံ လှုပ်ရှား တိုက်ခိုက်ခြင်း မရှိတော့ချေ။
"ငါ ဒီကို လာရတာက တစ်ချက်က မင်းကို တောင်းပန်ဖို့နဲ့ အရင်နှစ်တွေက ငါ့ရဲ့ အမှားတွေကို ပြန်ပေးဆပ်ဖို့ပါ... နောက်တစ်ချက်ကတော့ ဒီ တပည့်လေး အတွက် မင်းဆီက ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း တစ်ပွင့်ကို တောင်းဆိုချင်လို့ပါ..."
ချီရွှယ်မိစ္ဆာသခင် က တိုးညှင်းသော အသံဖြင့် ပြောလိုက်လေသည်။
"သြော်... နင်က ငါ့ကို အသုံးချချင်နေတုန်းပဲပေါ့လေ... ဟက်..."
ချင်းဖုန်းက လှောင်ပြောင် ရယ်မောလိုက်လေသည်။
"ကြည့်ရတာ မင်းရဲ့ ရင်ထဲမှာ ငါ့ရဲ့ ပုံရိပ်က အရမ်းကို ယုတ်မာ ကောက်ကျစ်နေပြီ ထင်ပါတယ်..."
ချီရွှယ်မိစ္ဆာသခင် က ခါးသီးစွာ ပြုံးလိုက်ပြီး ဆက်လက်၍ မည်သည့် ရှင်းပြချက်ကိုမျှ မပေးတော့ချေ... သူ၏ ကိုယ်ပေါ်တွင် လောကဓံကို ဖြတ်သန်းခဲ့ရသော ရင့်ကျက်သည့် အမူအရာ တစ်ခုသာ ထွက်ပေါ်လာလေသည်။
"နင်က နှလုံးသားချင်းဆက် ဂူကောင်ကို လက်မခံဘဲ ငါ့ဘေးကနေ ထွက်သွားကတည်းက... ငါ နင့်ကို ဘယ်တော့မှ မယုံကြည်တော့ဘူး..."
ချင်းဖုန်းနှင့် ချီရွှယ်မိစ္ဆာသခင် တို့သည် တစ်ယောက်တစ်ခွန်းဖြင့် လွန်ခဲ့သော နှစ်များက ရန်ငြိုးများကို ပြန်လည် ပြောဆိုနေကြလေသည်။
ဘေးမှ ပွဲကြည့် ပရိသတ် ဖြစ်နေသော ကျန်းချဲ့ကိုတော့ အလွန် စိတ်ဝင်စားသွားစေခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ချင်းဖုန်းသည် ချီရွှယ်မိစ္ဆာသခင် အပေါ် အပြင်ပန်းတွင် ပြသနေသကဲ့သို့ ရက်စက် ကြမ်းကြုတ်မှု မရှိကြောင်း သူ ခန့်မှန်းမိလိုက်လေသည်... မဟုတ်ပါက ဤမျှလောက် စကားများကို သေချာပေါက် ပြောဆိုနေမည် မဟုတ်ချေ... ဤနှစ်များ အတွင်း သူမ ခံစားခဲ့ရသော နာကျင်မှုများကို ရင်ဖွင့် ပြောဆိုနေခြင်းနှင့် ပိုမို တူညီနေလေသည်။
"ဟူး..."
"ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း ကို သူ့ကို ပေးလို့ရတယ်... ဒါပေမဲ့ နင်က ငါ့ဘေးမှာ တစ်သက်လုံး ကျွန်အဖြစ် နေရမယ်... နင် သဘောတူလား..."
ချင်းဖုန်းက ဆက်ပြောလိုက်လေသည်။
"ငါ ဒီတစ်ခေါက် လာတာက မင်းကို ပြန်ပေးဆပ်ချင်လို့ပါ... တကယ်လို့ ဒါက မင်းကို နည်းနည်းလောက် ပျော်ရွှင်စေနိုင်မယ် ဆိုရင်... ငါ နေခဲ့ပါ့မယ်... မင်းဘေးမှာ အမြဲတမ်း နေပြီး အဖော်ပြုပေးပါ့မယ်..."
ကျန်းချဲ့ စကားပင် မပြောရသေးမီ ချီရွှယ်မိစ္ဆာသခင် က ရုတ်တရက် ဝင်ပြောလိုက်လေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ချီရွှယ်မိစ္ဆာသခင် ၏ အတွေးအမှန်ကို ကျန်းချဲ့ ပင်လျှင် ခွဲခြား မရနိုင်အောင် ဖြစ်သွားလေသည်။ မည်သို့ပင်ဆိုစေ ချင်းဖုန်းတောင်သို့ လာရောက်ရခြင်းမှာ ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း ကြောင့်သာ ဖြစ်ပြီး... ဤမတိုင်မီက ချီရွှယ်မိစ္ဆာသခင် သည် ချင်းဖုန်းနှင့် ပတ်သက်၍ အနည်းငယ်မျှပင် ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိခဲ့ချေ။
"ကောင်းပြီလေ... ဒါက နင်ပြောတာနော်..."
ချင်းဖုန်းက ဖွဖွ နှာခေါင်းရှုံ့လိုက်ပြီးနောက် ကျန်းချဲ့ကို ကြည့်ကာ ပြောလိုက်လေသည်...
"နင် တက်လာခဲ့တော့..."
"စီနီယာ... ဒါက..."
ကျန်းချဲ့က ချီရွှယ်မိစ္ဆာသခင် ကို လှမ်းကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် မေးခွန်းထုတ်မှု အချို့ ပါဝင်နေလေသည်။
"တက်သွားလိုက်ပါ..."
ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ကို မျက်စိ တစ်ချက် မှိတ်ပြလိုက်ပြီးနောက် ဦးစွာ လေပေါ်သို့ ပျံတက်ကာ အစိမ်းရောင် နတ်ငှက်၏ ကျောပေါ်သို့ ဆင်းသက်လိုက်လေသည်... ကျန်းချဲ့သည်လည်း ဤအခြေအနေကို မြင်သောအခါ အခြား စကားများ ဆက်မပြောတော့ဘဲ နောက်မှ လိုက်ပါကာ နတ်ငှက်၏ ကျောပေါ်သို့ ဆင်းသက်လိုက်လေသည်။
"ရှောင်လွမ်... သွားမယ်..."
ချင်းဖုန်း၏ စကားသံ အဆုံးတွင် အစိမ်းရောင် နတ်ငှက်က နောက်တစ်ကြိမ် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် အတောင်ပံ နှစ်ဖက်ကို ဖြန့်ကာ လေဟာနယ် အတွင်း၌ တစ်ပတ် လှည့်လိုက်လေသည်... ထို့နောက် ချင်းဖုန်းတောင် ထိပ်သို့ တိုက်ရိုက် ဦးတည် ပျံသန်း သွားလေတော့သည်။
မူလက တောင်ထိပ်ပေါ်ရှိ မြေပြင်မှာ အလွန် သေးငယ်မည်ဟု ကျန်းချဲ့ ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်း အပေါ်သို့ ရောက်ရှိလာသည့် အချိန်ကျမှသာ တောင်ထိပ်မှာ အလွန် ကျယ်ဝန်းပြီး တစ်ချက် ကြည့်ရုံဖြင့် အဆုံးကိုပင် မမြင်နိုင်ကြောင်း သိလိုက်ရလေသည်... တောင်၏ အပြင်ဘက်တွင် အစီအရင်များ ချမှတ်ထားပြီး တောင်၏ အတွင်းပိုင်းကတော့ အလွန် ရိုးရှင်းလှပေသည်။
သစ်သားအိမ် အနည်းငယ်... ဟင်းသီးဟင်းရွက် စိုက်ခင်း အနည်းငယ်နှင့် ဧရာမ ဝူထုံ သစ်ပင်ကြီး တစ်ပင် ရှိလေသည်... အပင်ပေါ်တွင် အသိုက်တစ်ခု ရှိနေပုံရပြီး ထိုနေရာမှာ အစိမ်းရောင် နတ်ငှက် နေထိုင်ရာ နေရာ ဖြစ်မည်ဟု ကျန်းချဲ့ ခန့်မှန်းလိုက်လေသည်။
"နှစ်ပေါင်း တစ်ရာကျော် သွားခဲ့ပြီ... ဒီနေရာက အရင်အတိုင်း ပဲပါလား..."
ချီရွှယ်မိစ္ဆာသခင် သည် သစ်သားအိမ် အရှေ့တွင် ရပ်နေပြီး ရင်းနှီးနေသော အရာများကို ကြည့်ရင်း သူ၏ မျက်ဝန်းများမှာ အနည်းငယ် ဝေဝါးနေပြီး လွမ်းဆွတ်တသနေသည့် အမူအရာများလည်း ပေါ်လွင်နေလေသည်။
"အန်တီဖုန်း... သူတို့က ဘယ်သူတွေလဲဟင်..."
သစ်သားအိမ် အတွင်းမှ လှပသော ပုံရိပ်လေး တစ်ခုက ကျန်းချဲ့နှင့် ချီရွှယ်မိစ္ဆာသခင် တို့ကို စူးစမ်း ကြည့်ရှုနေပြီး သူမ၏ မျက်ဝန်းများထဲတွင် စပ်စုချင်စိတ်များ ပါဝင်နေလေသည်... မျက်လုံးများက ကြည်လင် ဖြူစင်နေပြီး ရုပ်ရည်သွင်ပြင်မှာ အသက် ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ် အရွယ်ခန့် ရှိပုံရကာ ချင်းဖုန်း၏ တူမလေးနှင့် တူညီနေလေသည်။
"အရင်က လူဟောင်း တစ်ယောက်နဲ့... ဂျူနီယာ တစ်ယောက်ပါ..."
ချင်းဖုန်းက အသက်ရှူကြိမ် အနည်းငယ်မျှ စဉ်းစားပြီးနောက် ဖြေကြားလိုက်လေသည်။
"သြော်..."
ဖြူစင်သော မိန်းမပျိုလေးက ခေါင်းညိတ်လိုက်ပြီး ဆက်လက်၍ မမေးမြန်းတော့ချေ... သို့သော် ချီရွှယ်မိစ္ဆာသခင် ၏ ပုံရိပ်ကို ကြည့်ရင်း သူမ၏ မျက်နှာပေါ်တွင် အခြားသော ခံစားချက် အချို့ ပေါ်လွင်နေပြီး သိကျွမ်းနေသူ တစ်ယောက်နှင့် တူညီနေလေသည်။
"မွေးရာပါ တာအိုခန္ဓာကိုယ်... ဒီကောင်မလေးက စုန်းနတ်ဘုရား ကျောင်းတော်က လာတာ မဟုတ်လား..."
ဘေးတွင် ရပ်နေသော ချီရွှယ်မိစ္ဆာသခင် က မိန်းမပျိုလေးကို ကြည့်ရင်း မျက်ဝန်းအောက်ခြေတွင် အလင်းတန်း တစ်ချက် တောက်ပသွားပြီး ချင်းဖုန်းကို ကြည့်ကာ မေးလိုက်လေသည်။
"နင်နဲ့ မဆိုင်ပါဘူး..."
ချီရွှယ်မိစ္ဆာသခင် ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ချင်းဖုန်းသည် မိန်းမပျိုလေး ဘက်သို့ လှည့်လိုက်ရာ သူမ၏ မျက်ဝန်းများက လျင်မြန်စွာပင် နူးညံ့သွားလေသည်...
"ချင်းချင်း... သမီး သူ့ကို ရှောင်လွမ်ရဲ့ ဝိညာဉ်အသိုက်ထဲကို ခေါ်သွားပြီး ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း တစ်ပွင့် သွားယူပေးလိုက်ပါ..."
"ဟုတ်ကဲ့ပါ အန်တီဖုန်း..."
မိန်းမပျိုလေးက လိမ္မာ ယဉ်ကျေးစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ညီမ နာမည်က ချင်းချင်း ပါ..."
"ကျုပ် နာမည်က ကျန်းချဲ့ ပါ..."
"အစ်ကိုကျန်း... အစ်ကိုက အလယ်ပိုင်းဒေသက လာတာလားဟင်..."
အသိုက် ရှိရာသို့ သွားသည့် လမ်းခရီးတွင် ချင်းချင်းသည် အလွန် ပျော်ရွှင်စွာဖြင့် ကျန်းချဲ့နှင့် စကားစမြည် ပြောဆိုနေပြီး သူ၏ ဇာစ်မြစ်ကို မေးမြန်းနေလေသည်။
"ညီမလေးက ဘယ်လိုလုပ် သိတာလဲ..."
ကျန်းချဲ့ အနည်းငယ် အံ့အားသင့်သွားလေသည်... မည်သို့ပင်ဆိုစေ ယခု အချိန်တွင် သူ၏ ဝတ်စားဆင်ယင်မှုမှာ ပိုင်ယွဲ့ နိုင်ငံများ၏ သိုင်းလောကမှ သိုင်းပညာရှင်များနှင့် အနည်းငယ်မျှပင် ကွာခြားမှု မရှိသောကြောင့် ပင်ဖြစ်သည်။
"ခန့်မှန်းကြည့်တာပါ... ခုနက လူက လုချန်ဖုန်း ဆိုတဲ့ လူပဲ မဟုတ်လား..."
"ဒါကိုတောင် ညီမလေးက သိတယ်ပေါ့လေ..."
"အရင်တုန်းက အန်တီဖုန်း ပြောပြဖူးတယ်လေ... သူ့ရဲ့ ပန်းချီကားကိုလည်း မြင်ဖူးတယ်... အဲ့ဒီလူက အရမ်း ယုတ်မာတယ်... လူကောင်း မဟုတ်ဘူး..."
ချင်းချင်းက ချီရွှယ်မိစ္ဆာသခင် အကြောင်းကို ပြောသည့် အချိန်တွင် မျက်ဝန်းထဲ၌ အေးစက်သော အရိပ်အယောင် အချို့ ပါဝင်နေလေသည်။
"ဟဲဟဲဟဲ..."
ကျန်းချဲ့က ရယ်သာ ရယ်နေပြီး စကားမပြောဘဲ ထောက်ခံခြင်း မပြုခဲ့ချေ။
"အစ်ကိုက မယုံဘူးလား..."
"ဒီလိုလည်း မဟုတ်ပါဘူး... အခြေအနေကို သေချာ မသိလို့ပါ..."
"အဲ့ဒီလူက အရင်တုန်းက အန်တီဖုန်းကို လိမ်ခဲ့တာ... သူမနဲ့ တစ်သက်လုံး အတူတူ နေမယ်... ချင်းဖုန်းတောင် ပေါ်မှာ အတူတူ အိမ်ဆောက်ပြီး နေမယ်လို့ ပြောခဲ့တာ... ဒီတောင်ကိုတောင် သူ ကိုယ်တိုင် တည်ဆောက်ခဲ့တာလေ... အဲ့ဒီအချိန်တုန်းက သူ့အတွက်နဲ့ အန်တီဖုန်းက နတ်ဘုရားကျောင်းတော်ကနေတောင် ထွက်လာခဲ့တာ... နတ်ဘုရားကျောင်းတော် ထဲကနေ အရမ်း အဖိုးတန်တဲ့ ဝိညာဉ်ပစ္စည်း တစ်ခုကိုပါ ယူလာခဲ့သေးတယ်... အဲ့ဒါကြောင့် အကြီးအကဲတွေ အရမ်း ဒေါသထွက်ခဲ့တာပေါ့... ဒါပေမဲ့ လုချန်ဖုန်းက ဝိညာဉ်ပစ္စည်းကို ရပြီးသွားတဲ့ အချိန်ကျတော့... အန်တီဖုန်းနဲ့ နှလုံးသားချင်းဆက် ဂူကောင်ကို ချိတ်ဆက်ဖို့ ငြင်းဆန်ခဲ့တယ်... ပြီးတော့ အန်တီဖုန်းကို လိမ်ပြီး အန်တီဖုန်း မရှိတဲ့ အချိန်ကို အခွင့်အရေး ယူပြီး စာတစ်စောင် ထားခဲ့ကာ ဒီကနေ ထွက်ပြေးသွားခဲ့တာ..."
ချင်းချင်းက ချီရွှယ်မိစ္ဆာသခင် နှင့် ချင်းဖုန်း တို့ ကြားရှိ အတိတ် ဇာတ်လမ်းကို ပြောပြနေပြီး စကားလုံးများ ကြားတွင် ချင်းဖုန်း အတွက် အလွန် မတရားဟု ခံစားနေရကြောင်း ပေါ်လွင်နေလေသည်... ချင်းဖုန်းက လူရွေး မှားခဲ့သဖြင့် ယခု အချိန်အထိ နတ်ဘုရားကျောင်းတော် သို့ ပြန်လည် မဝင်ရောက်နိုင်သေးကြောင်း ပြောဆိုနေလေသည်... အကယ်၍သာ ချင်းဖုန်း၏ နောက်ကွယ်တွင် အစောင့်အရှောက် ပေးမည့် အကြီးအကဲများ မရှိခဲ့ပါက... သူမ ယခင်က ကျူးလွန်ခဲ့သော အပြစ်များ အရ ဆိုလျှင် တစ်သက်လုံး အကျဉ်းချ ခံထားရနိုင်ခြေ ရှိလေသည်။
"ဒီလိုကိုး... ဒါဆိုရင်တော့ ဒီလူက တကယ် ယုတ်မာတာပဲ..."
ကျန်းချဲ့က အတိတ် ဇာတ်လမ်းကို နားထောင်ပြီးနောက် အလွန် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်လေသည်... သို့သော် လုံးဝ အပြည့်အဝ ယုံကြည်သွားခြင်းတော့ မရှိချေ... မည်သို့ပင်ဆိုစေ တစ်ဖက်သတ် စကားများသာ ဖြစ်လေသည်။
သို့သော် ချီရွှယ်မိစ္ဆာသခင် ၏ လူ့ကျင့်ဝတ် ကိုတော့ သူ အမှန်တကယ်ပင် ချီးကျူးရန် မရဲချေ... သူ့ထက်ပင် အနည်းငယ် ပိုဆိုးနေသည်ဟု ခံစားနေရလေသည်။
"ဒါနဲ့... အစ်ကိုတို့က ဒီတစ်ခေါက် ဘာလို့ ဒီကို ရောက်လာတာလဲ... အန်တီဖုန်းက ပုံမှန် အချိန်ဆိုရင် လုချန်ဖုန်းကို ဘယ်လောက်တောင် မုန်းလဲ ဆိုတာ အစ်ကို မသိပါဘူး..."
ချင်းချင်း၏ စကားများက အလွန် များပြားပြီး အမြဲတမ်း ရပ်တန့်ခြင်း မရှိချေ... ကျန်းချဲ့ကို ရင်ဖွင့် တိုင်ပင်၍ ရသော ပြင်ပလူ တစ်ယောက်အဖြစ် သတ်မှတ်ထားပုံ ရလေသည်။
"ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း ကြောင့်ပါ... ပြီးတော့... စီနီယာလုက စီနီယာချင်းဖုန်းကို လာတောင်းပန်ချင်လို့ပါ..."
ကျန်းချဲ့က ရှင်းပြလိုက်လေသည်။
"တကယ်လား... လုချန်ဖုန်းကလည်း နောင်တရတတ်လို့လား... အစ်ကို ငါ့ကို လိမ်နေတာ မဟုတ်ဘူးမလား..."
ချင်းချင်းက သံသယ ဖြစ်ဖွယ် မျက်နှာထားဖြင့် ကျန်းချဲ့ကို ကြည့်နေပြီး အနည်းငယ် မယုံကြည်နိုင် ဖြစ်နေပုံ ရလေသည်... အဘယ်ကြောင့်ဆိုသော် လုချန်ဖုန်းနှင့် ပတ်သက်၍ သူမ၏ ပထမဆုံး အထင်အမြင်များ အားလုံးကို ချင်းဖုန်းက ပြောပြထားခြင်း ဖြစ်သောကြောင့် ပင်ဖြစ်သည်... သူ၏ အပေါ်တွင် အထင်အမြင် အလွန် ဆိုးရွားနေပြီး ထိုလူက အန်တီဖုန်း၏ တစ်ဘဝလုံးကို ဖျက်ဆီးပစ်ခဲ့သည်ဟု ထင်မှတ်နေလေသည်။
"ဒါပေါ့ မဟုတ်ရပါဘူး... အစ်ကိုက ဘယ်တော့မှ လိမ်မပြောတတ်ပါဘူး... တကယ်တော့ စီနီယာလုက အရင်တုန်းက အခက်အခဲတွေ ရှိခဲ့လို့ပါ... အဲ့ဒီအချိန်တုန်းက သူက လူတွေရဲ့ လိုက်လံ သတ်ဖြတ်တာကို ခံနေရတာလေ... အဲ့ဒီ အင်အားစုက အရမ်း အစွမ်းထက်တယ်... သူက စီနီယာချင်းဖုန်းကို ဒုက္ခ မပေးချင်ခဲ့လို့ ရုတ်တရက် ထွက်သွားခဲ့ရတာပါ... ပြီးတော့ ဒီနှစ်တွေ တစ်လျှောက်လုံး လျှို့ဝှက်နယ်မြေထဲမှာ ပိတ်မိနေခဲ့တာ... အခုမှ လောလောလတ်လတ် ထွက်လာတာပါ..."
လုချန်ဖုန်း ယခင်က ထွက်ပြေးခဲ့ရသည့် အကြောင်းရင်းက မည်သို့ပင် ဖြစ်စေကာမူ ယခု အချိန်တွင်တော့ ကျန်းချဲ့ အနေဖြင့် တစ်ဖက်လူနှင့် အတူတကွ ရပ်တည်ကာ ချင်းဖုန်း၏ သဘောကျမှုကို ရယူရမည် ပင်ဖြစ်သည်... ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း တစ်ပွင့်တည်း ကိုသာ ယူပြီး ထွက်မသွားလိုချေ... ချီရွှယ်မိစ္ဆာသခင် က ထျန်းယာ မဟာမိတ်အဖွဲ့၏ ဒုတိယ အဖွဲ့ချုပ်ခေါင်းဆောင် ဖြစ်ပြီး နောင်တစ်ချိန်တွင် သူ၏ လက်အောက်ငယ်သား လည်း ဖြစ်လာမည် မဟုတ်ပါလော... လုံးဝ အဆုံးရှုံးခံ၍ မဖြစ်ချေ။
"ဒီလိုကိုး..."
ချင်းချင်းက စဉ်းစားခန်း ဝင်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်... ကျန်းချဲ့၏ စကားကို ယုံကြည်သွားခြင်း ရှိမရှိ ကိုတော့ မသိရချေ။
သူတို့ နှစ်ဦး စကားပြောနေရင်းဖြင့် ဝူထုံ သစ်ပင်အောက်သို့ ရောက်ရှိလာခဲ့ကြလေသည်... ကျန်းချဲ့က မလှုပ်ရှားသော်လည်း ချင်းချင်းကတော့ လေပေါ်သို့ ပျံတက်သွားပြီး အသိုက်အနီးသို့ ချဉ်းကပ်ကာ အစိမ်းရောင် နတ်ငှက်နှင့် တစ်စုံတစ်ရာကို ပြောဆိုနေပုံ ရလေသည်... မကြာမီမှာပင် အလင်းတန်းလေးများ ဖြာထွက်နေသော ဆေးဖက်ဝင် ရတနာတစ်ခုကို ယူဆောင်လာပြီး ကျန်းချဲ့ကို ပေးအပ်လိုက်လေသည်။
"အစ်ကို လိုချင်တဲ့ ပစ္စည်း ရပြီ... ဒါက ငှက်ပြာလေးက သူ့ရဲ့ အမြုတေသွေးနဲ့ ပြုစုပျိုးထောင်ထားတာလေ... မိစ္ဆာသားရဲတွေရဲ့ သွေးမျိုးဆက်ကို သန့်စင်တဲ့ နေရာမှာ အသုံးဝင်တယ်... အစ်ကိုက ဒါကို ဘာလုပ်ဖို့ လိုချင်တာလဲတော့ မသိဘူးနော်..."
ချင်းချင်းက ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း ကို ကျန်းချဲ့ထံ ပေးအပ်လိုက်သော်လည်း ဤကိစ္စအတွက် အတော်လေး စပ်စုချင်နေပုံ ရလေသည်။
"အစ်ကိုလည်း မိစ္ဆာသားရဲရဲ့ သွေးမျိုးဆက်ကို သန့်စင်ဖို့ပါပဲ..."
ကျန်းချဲ့က ဖွဖွ ပြုံးလိုက်ပြီး အများကြီး ရှင်းပြမနေတော့ချေ... ထို့အပြင် ဤပစ္စည်းတွင် ဤကဲ့သို့သော ထူးဆန်းသည့် အစွမ်းသတ္တိ ရှိကြောင်းကို သူ ပထမဆုံးအကြိမ် အဖြစ် သိရှိလိုက်ရခြင်း ပင်ဖြစ်သည်။
သို့သော်... သူ၏ ကိုယ်ပေါ်တွင် ဘာကို သန့်စင်ဖို့ ရှိနေလို့လဲ... မြေနဂါး အမြုတေသွေးများ ဖြစ်နေမလား... ကျန်းချဲ့၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ပျံ့လွင့်နေလေတော့သည်။
"ပစ္စည်း ရပြီဆိုတော့... သွားကြမယ်... ညီမ ပြန်သွား ကြည့်ရဦးမယ်... အန်တီဖုန်းက ငါတို့ကို တမင် ရှောင်ခိုင်းလိုက်တာ သေချာပေါက် ပြောစရာ စကားတွေ ရှိနေလို့ပဲ နေမှာ... အန်တီဖုန်းကို လုချန်ဖုန်းရဲ့ အလိမ်ခံရတာမျိုး ထပ်မဖြစ်စေချင်တော့ဘူး..."
ချင်းချင်းက ပါးစပ်ကို ပူဖောင်းလို လုပ်ကာ ချက်ချင်း ပြန်ရန် ပြင်ဆင်လိုက်လေသည်... ယခင်က ကျန်းချဲ့ ပြောခဲ့သော စကားများကို သူမ လုံးဝ အပြည့်အဝ ယုံကြည်ခြင်း မရှိသေးကြောင်း အလွန် ထင်ရှားလှပေသည်။
ယဇ်ပူဇော်စရာ ပစ္စည်းကို သိမ်းဆည်းလိုက်ပြီးနောက် ကျန်းချဲ့က ခေါင်းညိတ်လိုက်ကာ ပြုံးရွှင်စွာ ပြောလိုက်လေသည်။
"ချင်းချင်း... တကယ်ကို ကျေးဇူးတင်ပါတယ်ကွာ... ညီမလေးက အစ်ကို မြင်ဖူးသမျှ ယွဲ့နိုင်ငံရဲ့ အလှဆုံး မိန်းမပျိုလေးပဲ..."
"တကယ်လားဟင်..."
ချင်းချင်းက ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အနည်းငယ် ရှက်သွေးဖြာသွားပုံ ရလေသည်။
"ဒါပေါ့... အစ်ကိုက ဘယ်တော့မှ လိမ်မပြောတတ်ပါဘူး..."
ကျန်းချဲ့က ရိုးသားဟန်ဖြင့် ပြောလိုက်လေသည်။
"ဒါဆို အလယ်ပိုင်းဒေသမှာကော ညီမလေးလိုမျိုး လှတဲ့ ကောင်မလေးတွေ ရှိလားဟင်..."
ချင်းချင်းက ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။
"ရှိတော့ ရှိတယ်... အနည်းငယ်ပါပဲ... ညီမလေးလိုမျိုး လှတဲ့ ကောင်မလေးမျိုးက အလယ်ပိုင်းဒေသမှာ ဆိုရင်တောင် သိပ်မရှိပါဘူး..."
ကျန်းချဲ့က ဖွဖွ ပြုံးလိုက်လေသည်။
"ဒါဆို ညီမ အစ်ကို့ကို ယုံလိုက်မယ်နော်... နောက်ပိုင်း အလယ်ပိုင်းဒေသကို ရောက်ရင် အစ်ကို့ဆီ လာလည်လို့ ရလားဟင်..."
"ဒါပေါ့ ရတာပေါ့... အစ်ကို သေချာ ဧည့်ခံပေးမှာပေါ့..."
သူတို့ နှစ်ဦး စကားပြောရင်းဖြင့် ပိုမို ရင်းနှီး သဟဇာတ ဖြစ်လာကြလေသည်။