အခန်း ၃၁၀
Vol. 31 Ch. 310
အခန်း (၃၁၀) စစ်ပွဲကြီး စတင်ပြီ... လေမုန်တိုင်းများ စုစည်းလာပြီ
ယွင်ပြည်နယ်... ပေလင်ဒေသ။
ပေလင် ချီမိသားစု အိမ်တော်ရှေ့တွင်။
ပုံရိပ်တစ်ခုက လေဟာနယ်ထဲမှ ဖြည်းညင်းစွာ ဆင်းသက်လာပြီး အရှေ့ဘက်သို့ မျက်လုံးဝေ့ကြည့်လိုက်ကာ စကားတစ်ခွန်းမျှ မဟချေ။ သူ၏ ခန္ဓာကိုယ်မှာ ပိန်ပါးပြီး စာပေသမားဝတ်ရုံကို ဝတ်ဆင်ထားကာ စာတမ်းမပါသော ယပ်တောင်ကို ကိုင်ဆောင်ထားလေသည်။ ထို့အပြင် ခေါင်းပေါ်တွင်လည်း ရူဦးထုပ်ကို ဆောင်းထားသေးသည်။
အပြင်ပန်းကြည့်လျှင် စာပေသမား တစ်ဦး၏ ပုံစံမျိုးပေါက်နေသော်လည်း သူ၏ အရှိန်အဝါကတော့ သာမန်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာလှပေသည်။
ချီမိသားစု အတွင်း၌ မျိုးဆက်သစ် တပည့်များ၏ ကျင့်ကြံမှုကို လှည့်လည်စစ်ဆေးနေသော အကြီးအကဲချုပ် ချီထျန်းကျုံး သည် ရုတ်တရက် မျက်မှောင်ကျုံ့သွားပြီး အဝေးသို့ လှမ်းကြည့်လိုက်ကာ စဉ်းစားခန်းဝင်သွားပြီးနောက် သူ၏ ပုံရိပ်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
နောက်တစ်ကြိမ် ပြန်ပေါ်လာချိန်တွင်တော့ ချီမိသားစု အိမ်တော် အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့ရှေ့ရှိ စာပေသမားပုံစံ ဧည့်သည်ကို အကဲခတ်ကြည့်ပြီးနောက် မျက်နှာကို သေချာမြင်လိုက်ရချိန်တွင် ချီထျန်းကျုံး၏ အကြည့်များ ချက်ချင်း လေးနက်သွားလေသည်။
"ခေါက်ဆန်း နတ်မင်းကြီး ရဲ့ လက်အောက်က ချန်ချင်းဖန် ကိုး... ဘာကိစ္စများ ရှိလို့ ကျုပ်တို့ ချီမိသားစု ကို ရောက်လာရတာလဲ..."
ချီထျန်းကျုံး သည် သူ့ရှေ့ရှိ ပုံရိပ်ကို အနည်းငယ်မျှ မစိမ်းသက်ချေ။ ယခင်ကလည်း အကြိမ်အနည်းငယ် ဆက်ဆံဖူးခဲ့ပြီး သူ့အပေါ် အလွန် သတိထားရလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရာထူးမှာ သာမန်မဟုတ်ဘဲ တာ့ကျိုး နိုင်ငံတော်၏ ခေါက်ဆန်း နတ်မင်းကြီး လက်အောက်ရှိ အနက်ရောင်ရုံးတော် ၏ နတ်တမန် တစ်ပါး ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။
တောင်ပိုင်း နတ်တမန် ဟူသော ဘွဲ့အမည်ဖြင့် အနက်ရောင်ရုံးတော် ၏ တောင်ပိုင်းဌာနခွဲ ဖြစ်သော ကျူးချွဲရုံးတော် ကို အုပ်ချုပ်ရသူ ဖြစ်သည်။
ကျန်းနန် ပြည်နယ်လေးခု တွင် အလွန် သြဇာအာဏာ ကြီးမားသူ ဖြစ်လေသည်။
သူလျှိုများနှင့် လျှို့ဝှက်သတင်းပေးများမှာ အရပ်လေးမျက်နှာတွင် ပြန့်နှံ့နေပြီး နာမည်ကျော်ကြားမှုမှာလည်း အလွန် ကြီးမားလှပေသည်။
သို့သော် ဤကဲ့သို့သော သူမျိုးက ချီမိသားစုသို့ ရောက်လာလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့သဖြင့် သူ၏ ရင်ထဲတွင် သတိထားမှုများစွာ ဖြစ်ပေါ်လာစေခဲ့လေသည်။
"ကျုပ် ဒီကို လာရတာက ချီမိသားစု ရဲ့ သမက် ကျန်းချဲ့ အတွက်ပါ..."
ချန်ချင်းဖန် က ယပ်တောင်ကို ခပ်ယမ်းရင်း သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောပြလိုက်လေသည်။
"ကျန်းချဲ့ ကများ မိတ်ဆွေချန် ကို ဒေါသထွက်အောင် လုပ်မိလို့လား..."
ချီထျန်းကျုံး က တစ်ဖက်လူကို စူးစိုက်ကြည့်နေလေသည်။
ချန်ချင်းဖန် က ခေါင်းယမ်းလိုက်လေသည်။
"အဲ့လို မဟုတ်ပါဘူး... တကယ်တော့ ကျုပ် ဒီကို လာရတာက အရမ်း နာမည်ကြီးနေတဲ့ ပါရမီရှင်လေး ကို တောင်ပိုင်း ကျူးချွဲရုံးတော် ကိုယ်စားပြုပြီး အရှေ့ပင်လယ် သိုင်းပညာပြိုင်ပွဲ ကို ဝင်ပြိုင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ..."
တကယ်တမ်းတွင် ချန်ချင်းဖန် သည် လွန်ခဲ့သော လအနည်းငယ် ကတည်းက ကျန်းချဲ့ကို သတိထားမိခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်က သူ လှုပ်ရှားရန် အနည်းငယ် နောက်ကျသွားခဲ့ပြီး သူ လှုပ်ရှားရန် မပြင်မီမှာပင် ကျန်းချဲ့သည် ပေလင် ချီမိသားစု နှင့် စေ့စပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့လေသည်။
ဤသည်က သူ့ကို အနည်းငယ် နှမြောသွားစေပြီး ပါရမီရှင် တစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်ဟု ခံစားလိုက်ရစေလေသည်။
သို့သော် ပေလင် ချီမိသားစု မှာ သာမန် မိသားစုမျိုး မဟုတ်ဘဲ နောက်ခံ အင်အား ကောင်းမွန်သဖြင့် ကျန်းချဲ့ နှင့် ချီမိသားစု တို့ကို ရန်တိုက်ပေးရန် နည်းလမ်းများကို အတင်းအကျပ် အသုံးမပြုရဲသလို ထိုသို့ လုပ်ရန်လည်း မလိုအပ်ဟု ထင်မြင်ခဲ့လေသည်။
ထို့နောက်...
ထို့နောက်တွင်တော့ သူ နောင်တရစရာ ကိစ္စများ ဖြစ်ပေါ်လာခဲ့လေတော့သည်။
ချီမိသားစု နှင့် စေ့စပ်ပြီးနောက် ကျန်းချဲ့သည် ကောင်းကင်သို့ ပျံတက်သွားသကဲ့သို့ လအနည်းငယ် အတွင်းမှာပင် ယွဲ့ပြည်နယ်၌ အံ့မခန်း ကိစ္စများစွာကို လုပ်ဆောင်ခဲ့ပြီး ယွဲ့ပြည်နယ်၏ ထိပ်တန်း ပါရမီရှင် အဖြစ်ပင် ကျော်ကြားလာခဲ့လေသည်။
ဤသည်က သူ့ရင်ထဲတွင် နောင်တရစိတ်များကို ပေါ်ပေါက်လာစေခဲ့လေသည်။
ထိုအချိန်နှင့် တိုက်ဆိုင်စွာပင် အရှေ့ပင်လယ် သိုင်းပညာပြိုင်ပွဲ မှာလည်း စတင်တော့မည် ဖြစ်ပြီး ယခင်နှစ်များကထက် နှစ်လခန့် စောနေလေသည်။ ထို့ကြောင့် အနက်ရောင်ရုံးတော် ဌာနချုပ်က ဌာနခွဲ လေးခုစလုံးကို အရှေ့ပင်လယ် သိုင်းပညာပြိုင်ပွဲ သို့ ဝင်ပြိုင်မည့် ပါရမီရှင်များကို အမည်စာရင်း တင်သွင်းရန် အမိန့်ပေးခဲ့လေသည်။
အစိုးရ သိုင်းပညာရှင်များ၏ နာမည်ဂုဏ်သတင်းကို ပြန်လည် မြှင့်တင်ရန် အတွက် ပင်ဖြစ်သည်။
လောကတစ်ခွင်ရှိ အင်အားစု အားလုံးကို တာ့ကျိုး နိုင်ငံတော်မှာ အင်အားကြီးမားဆဲ ဖြစ်ပြီး မျိုးဆက်သစ် လူငယ်သိုင်းပညာရှင်များ အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်ကြောင်း သိစေရန် အတွက် ပင်ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းက ပြုလုပ်ခဲ့သော သိုင်းပညာပြိုင်ပွဲ များတွင် အစိုးရဘက်မှ ပါဝင်ယှဉ်ပြိုင်သူများ၏ ရလဒ်များမှာ အလွန် သာမန်သာ ဖြစ်ပြီး အကောင်းဆုံး အချိန်တွင်ပင် အဆင့်ငါး အတွင်းသို့ မဝင်ရောက်နိုင်ခဲ့ချေ။ ယခုတစ်ကြိမ်တွင်တော့ ခေါက်ဆန်း နတ်မင်းကြီး က တင်းကျပ်သော အမိန့်တစ်ရပ် ထုတ်ပြန်ထားလေသည်။
အဆင့်ငါး အတွင်း ဝင်ရောက်နိုင်မည့် ပါရမီရှင်ကို အမည်စာရင်း တင်သွင်းနိုင်သူတိုင်း အကြီးအကျယ် ဆုချီးမြှင့်မည် ဟူ၍ ပင်ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် ချန်ချင်းဖန် က ကျန်းချဲ့ကို သတိရသွားခဲ့ခြင်း ဖြစ်လေသည်။
သိုင်းလောကတွင် ပါရမီရှင်များစွာ ရှိသော်လည်း အများစုမှာ မိသားစုများ သို့မဟုတ် ဂိုဏ်းများ၏ နောက်ခံများ ရှိကြပြီး သူတို့ကိုယ်ပိုင် အင်အားစုများ၏ နာမည်ဂုဏ်သတင်း အတွက်သာ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး အစိုးရဘက်မှ ဝင်ရောက်ယှဉ်ပြိုင်ပေးမည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် လူတိုင်းသိကြသည့်အတိုင်း သိုင်းပညာပြိုင်ပွဲ များသည် ကံကြမ္မာ အခွင့်အလမ်းများကို လုယူနိုင်သည့် အကျိုးကျေးဇူး ရှိသောကြောင့် ပင်ဖြစ်သည်။
သူ၏ အနေဖြင့် အစိုးရ လက်အောက်ခံ သိုင်းပညာရှင် များကိုသာ အမည်စာရင်း တင်သွင်းနိုင်ပြီး နောက်ခံ အင်အား မရှိသူများ ဖြစ်လျှင် ပိုကောင်းလေသည်။ ကျန်းချဲ့မှာတော့ ဤအခြေအနေမျိုးတွင် မပါဝင်ချေ။ အဘယ်ကြောင့်ဆိုသော် ပေလင် ချီမိသားစု ဟူသော ကျောထောက်နောက်ခံ ရှိနေသောကြောင့် ပင်ဖြစ်သည်။
သို့သော် အဓိက အချက်မှာ ပေလင် ချီမိသားစု တွင် ချီရှောက်ယန် ဟူသော မျက်နှာစာ တစ်ခု ရှိနေပြီးသား ဖြစ်လေသည်။
သူရရှိထားသော သတင်းများအရ ချီရှောက်ယန် သည် ယခုအခါ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းရန် တံခါးပိတ် ကျင့်ကြံနေပြီး သိုင်းပညာပြိုင်ပွဲ အတွက် ပြင်ဆင်နေကြောင်း သိရလေသည်။ ထို့ကြောင့် ကျန်းချဲ့ကို ဖျောင်းဖျရန် မျှော်လင့်ချက် ရှိလာခြင်း ပင်ဖြစ်သည်။
သူ ဤနေရာသို့ လာရခြင်းမှာလည်း ပေလင် ချီမိသားစု ၏ ခွင့်ပြုချက်ကို ရယူရန် အတွက် ပင်ဖြစ်သည်။
အကယ်၍ ကျန်းချဲ့သာ နောက်ခံ အင်အား မရှိသူ တစ်ယောက် ဖြစ်မည်ဆိုပါက သူ၏ အမိန့်တစ်ခွန်းတည်းဖြင့် ကျန်းချဲ့ အနေဖြင့် လိုက်နာရမည်သာ ဖြစ်လေသည်။ သို့သော် ပြဿနာမှာ တစ်ဖက်လူက အမြစ်မရှိသော သစ်ပင် မဟုတ်ဘဲ ယဉ်ကျေးစွာ ဆက်ဆံရမည့်သူ ဖြစ်နေခြင်း ပင်ဖြစ်သည်။
"ဒီကိစ္စက ကျုပ် ဆုံးဖြတ်လို့ မရဘူး..."
ချန်ချင်းဖန် ပြောပြီးသောအခါ ချီထျန်းကျုံး က အချိန်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်လေသည်။
"ဒါဆိုရင် အကြီးအကဲချုပ် အနေနဲ့ မြို့စားကြီး နဲ့ တွေ့ခွင့်လေးများ စီစဉ်ပေးနိုင်မလား..."
ချန်ချင်းဖန် က ပြုံး၍ မေးလိုက်လေသည်။
"ဒီဘက်ကို ကြွပါ..."
ချီထျန်းကျုံး က ခေါင်းညိတ်ပြလိုက်လေသည်။
"မိတ်ဆွေချန် က ဘယ်လိုဖြစ်ပြီး ကျန်းချဲ့ကို ဖိတ်ခေါ်ဖို့ စဉ်းစားမိရတာလဲ... အရှေ့ပင်လယ် သိုင်းပညာပြိုင်ပွဲ မှာ ရလဒ်ကောင်းတွေ ရဖို့ဆိုရင် အသက် ငါးဆယ်အောက် ရွှေအမြုတေ အဆင့် ရှိသူတွေမှ ရမှာလေ... ကျန်းချဲ့ ရဲ့ ပါရမီ က ကောင်းတယ် ဆိုပေမဲ့ မိတ်ဆွေချန် အနေနဲ့ ဒီလောက်တောင် လူပင်ပန်းခံပြီး ဒီကို လာဖို့တော့ မလိုလောက်ပါဘူး..."
ချီမိသားစု ၏ ဧည့်ခန်းမ အတွင်း၌ ချီကျန်းနန် သည် ချန်ချင်းဖန် ၏ ရည်ရွယ်ချက်ကို သိရှိပြီးနောက် အနည်းငယ် သံသယဝင်စွာဖြင့် မေးလိုက်လေသည်။
ချန်ချင်းဖန် က လက်ထဲရှိ ဝိညာဉ် လက်ဖက်ရည် ခွက်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်ပြီးနောက် ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။
"မြို့စားကြီး မသိသေးတာ ဖြစ်မယ်... ခင်ဗျားရဲ့ သမက် က သာမန်လူ မဟုတ်ဘူးနော်... ကျုပ် ရထားတဲ့ သတင်းတွေအရ ဆိုရင် အဲ့ဒီလူက အခုလေးတင် တောင်ပိုင်းယွဲ့ မှာ အကြီးအကျယ် ပြဿနာရှာခဲ့ပြီး ရွှေအမြုတေ အဆင့်ကို ရောက်သွားလောက်ပြီ လို့ သံသယ ရှိရတယ်... အဆိုးဆုံး ဆိုရင်တောင် ရွှေအမြုတေ အဆင့်ကို ယှဉ်နိုင်တဲ့ စွမ်းအား ရှိနေပြီ... ပြီးတော့ သူ့အသက်ကလည်း နှစ်ဆယ်ကျော်ပဲ ရှိသေးတာ... ဒီလို ပါရမီရှင်မျိုးက လောကကြီး တစ်ခုလုံးမှာတောင် အရမ်း ရှားပါးတယ်... အရှေ့ပင်လယ် ကို သွားရင် သေချာပေါက် အောင်မြင်မှုတွေ ရလာမှာပဲ... မြို့စားကြီး အနေနဲ့ ကျုပ်ကို ဒီမျက်နှာလေး ပေးမယ်ဆိုရင် ကျုပ် အနေနဲ့ အရမ်းကို ကျေးဇူးတင်မိမှာပါ..."
ချန်ချင်းဖန် က လက်ဖက်ရည် ခွက်ကို ချထားလိုက်ပြီး လက်ယှက်ကာ ပြောလိုက်လေသည်။
ချီကျန်းနန် ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အချိန်ခဏမျှ စဉ်းစားနေလေသည်။ ချန်ချင်းဖန် ၏ စကားများကြောင့် သူ အများကြီး အံ့အားသင့်သွားခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ နှင့် ပတ်သက်သော သတင်း အများစုကို ဒုတိယ အကြီးအကဲ ထံမှ သူ ကြားသိထားပြီး ဖြစ်လေသည်။
နာမည်ကျော်ကြားလှသော ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ ၏ ဘေးတွင် ရှိနေကြောင်းကိုလည်း သိထားလေသည်။
"မိတ်ဆွေချန် မသိတာ ရှိသေးတယ်... ကျန်းချဲ့ က ကျုပ်တို့ ချီမိသားစု ရဲ့ သမက် ဖြစ်ပေမဲ့ ချီမိသားစု ရဲ့ အမိန့်ကို နာခံတဲ့သူ မဟုတ်ဘူးလေ... ပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်က အစတုန်းက ကျန်းချဲ့ နဲ့ ရှောက်ယန် တို့ကို ကျုပ်တို့ ချီမိသားစု ကိုယ်စားပြုပြီး အရှေ့ပင်လယ် ကို သွားဖို့ ရည်ရွယ်ထားတာ... ဒီကိစ္စက နည်းနည်းတော့ ခက်ခဲလိမ့်မယ်..."
ချီကျန်းနန် ၏ မျက်နှာပေါ်တွင် အခက်တွေ့နေသော အမူအရာ ပေါ်လာလေသည်။
ချီကျန်းနန် ၏ စကားကို ကြိုတင် ခန့်မှန်းထားသည့်အလား ချန်ချင်းဖန် က ချက်ချင်းပင် ပြောလိုက်လေသည်။
"ချီမိသားစု ရဲ့ ချင်းပြည်နယ် က ကုန်စည် တချို့ ဒီရက်ပိုင်း ပြဿနာ နည်းနည်း ကြုံနေရတယ်လို့ ကြားတယ်... တိုက်ဆိုင်စွာပဲ ကျုပ်က အဲ့ဒီ ကိစ္စမှာ ကူညီပေးလို့ ရနိုင်တယ်... နောက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် သိုင်းပညာပြိုင်ပွဲ ကိစ္စက တကယ်တော့ နတ်မင်းကြီး ရဲ့ အမိန့်ပါ... ငါတို့ အစိုးရ ရဲ့ မျိုးဆက်သစ် လူငယ်တွေကို ရွေးချယ်ဖို့ ရည်ရွယ်ထားတာ... အကယ်၍ ကျန်းချဲ့ သာ စွမ်းဆောင်ရည် ကောင်းကောင်း ပြနိုင်ပြီး နတ်မင်းကြီး ရဲ့ မျက်စိကျတာ ခံရရင် သူ့ရဲ့ အနာဂတ်က သေချာပေါက် တောက်ပလာမှာပဲ... ဒါက ချီမိသားစု အတွက်လည်း အကျိုးရှိတာပါပဲ..."
"ခေါက်ဆန်း နတ်မင်းကြီး ရဲ့ ဆန္ဒ ဖြစ်နေမှတော့ ကျုပ် အနေနဲ့ သဘောတူပေးရမှာပေါ့... ဒါပေမဲ့ ကျန်းချဲ့ နဲ့ လီချန်ကော တို့ဘက်ကိုတော့ မိတ်ဆွေချန် ကိုယ်တိုင် လူလွှတ်ပြီး သွားပြောဖို့ လိုလိမ့်မယ်..."
ချန်ချင်းဖန် အရှေ့တွင် ချီကျန်းနန် အနေဖြင့် သိပ်ပြီး အလေးမထားဘဲ နေနိုင်သော်လည်း ချန်ချင်းဖန် နောက်ကွယ်ရှိ ခေါက်ဆန်း နတ်မင်းကြီး ကိုတော့ မလေးစားဘဲ မနေနိုင်ချေ။ ထိုသူမှာ တာ့ကျိုး အစိုးရ ၏ အစစ်အမှန် ကျောထောက်နောက်ခံ တိုင်လုံးကြီး ပင်ဖြစ်သည်။
အစိုးရ အတွင်း၌ တစ်ဦးတည်း ဩဇာလွှမ်းမိုးထားသည် ဟု ပြောလျှင် အနည်းငယ် လွန်ကဲနိုင်သော်လည်း အာဏာအရှိဆုံး ပုဂ္ဂိုလ်ကြီး ဟု ဆိုလျှင်တော့ အနည်းငယ်မျှ မှားယွင်းမည် မဟုတ်ချေ။
သူ အုပ်ချုပ်နေသော အနက်ရောင်ရုံးတော် တွင် အစွမ်းထက် ပုဂ္ဂိုလ်များစွာ ရှိပြီး ထိုအထဲတွင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များပင် ပါဝင်လေသည်။ ပေလင် ချီမိသားစု ပင်လျှင် အနက်ရောင်ရုံးတော် ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။ ဂျီး မျိုးနွယ်စုဝင် များထဲတွင် အနှစ်တစ်ရာ အတွင်း တစ်ယောက်သာ ပေါ်ထွန်းလေ့ရှိသော ခေါက်ဆန်း နတ်မင်းကြီး ကိုတော့ ဆိုဖွယ်ရာ မရှိတော့ချေ။
အကယ်၍ ထိုသူသာ ဤနေရာတွင် မရှိလျှင်တောင် သူ၏ မျက်နှာကိုတော့ အနည်းငယ် ထောက်ထားရမည် ပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုသူမှာ ချီမိသားစု ၏ ဘိုးဘေး နှင့် တစ်တန်းတည်း ရှိသော ပုဂ္ဂိုလ်ကြီး ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။
"မြို့စားကြီး က သဘောတူတယ် ဆိုရင်တော့ ဒီကိစ္စက လွယ်သွားပါပြီ..."
ချန်ချင်းဖန် က မုတ်ဆိတ်မွေးများကို သပ်ကာ ပြုံးရွှင်စွာ ပြောလိုက်လေသည်။
တောင်ပိုင်းယွဲ့... လီချန်မြို့။
ရက်အနည်းငယ် ကြာအောင် ပြင်ဆင်ပြီးနောက် လက်ရွေးစင်စစ်သည် သုံးသောင်းမှာ အခြေခံအားဖြင့် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တောင်ပိုင်းယွဲ့ ဘုရင်ကြီး စေလွှတ်လိုက်သော ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များလည်း လီချန်မြို့ သို့ အသီးသီး ရောက်ရှိလာခဲ့ကြလေပြီ။
စုစုပေါင်း သုံးယောက် ဖြစ်ပြီး ပိုင်ယွဲ့ ဒေသတစ်ခုလုံး တွင် နာမည်ကျော်ကြားသော ပုဂ္ဂိုလ်များ ချည်းသာ ဖြစ်ကြလေသည်။
အစွမ်းအထက်ဆုံး တစ်ယောက်မှာ ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင် များကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု ကောလာဟလ ထွက်နေလေသည်။ ကျန် နှစ်ယောက်မှာလည်း သာမန် မဟုတ်ချေ။ တစ်ယောက်က ကျန်ဖျင် ထက် မညံ့သလို အခြားတစ်ယောက်က ကျန်ဖျင် ထက် အနည်းငယ် သာလွန်လေသည်။
သို့သော် သူတို့ အားလုံးသည် ယခုအခါ ကျန်ဖျင် ၏ အမိန့်ပေး ကွပ်ကဲမှု အောက်တွင် ရှိနေကြလေသည်။
စစ်ရေးပြ စင်မြင့်ထက်တွင်။
ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားပြီး အလွန် ခန့်ညား ထည်ဝါလှသော ကျန်ဖျင် သည် အလယ်ပိုင်းဒေသ သို့ ချီတက် တိုက်ခိုက်မည့် စစ်သေနာပတိချုပ် အဖြစ် အထက်သို့ ဖြည်းညင်းစွာ တက်လှမ်းသွားလေသည်။ အောက်ဘက်ရှိ မရေမတွက်နိုင်သော တောင်ပိုင်းယွဲ့ စစ်သည်များကို ကြည့်ရင်း သူ၏ ရင်ထဲတွင် ရဲရင့်သော စိတ်ဓာတ်များ ပြည့်နှက်သွားလေသည်။
ကျိုးရီ က ကျန်ဖျင် ၏ နောက်တွင် ရပ်ကာ အောက်ဘက်ရှိ မြင်ကွင်းကို ကြည့်ရင်း အလွန် ကျေနပ်နေလေသည်။
မဟာသိုင်းသခင် လေးပါး နှင့် လက်ရွေးစင်စစ်သည် သုံးသောင်း... ကျန်းချဲ့ ကို မနှိမ်နင်းနိုင်စရာ အကြောင်း ရှိပါဦးမည်လော။
ယခုတစ်ကြိမ်တွင် သူသည်လည်း အကျိုးအမြတ် အချို့ကို ရရှိမည် ဖြစ်သည်။ နဂါးကြော ကိုသာ ပြန်လည် ရယူနိုင်မည် ဆိုပါက သူ၏ ယခင် အမှားများ အားလုံးကို ဖုံးဖိနိုင်မည် ဖြစ်ပြီး ဆုချီးမြှင့်ခြင်း ကိုပင် ခံရနိုင်သေးလေသည်။
အလယ်ပိုင်းဒေသ နယ်စပ်ရှိ စစ်စခန်း ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ပြီးနောက် တောင်ပိုင်းယွဲ့ နိုင်ငံ အတွင်း သူ၏ ဂုဏ်သတင်း ကြီးမားလာမည့် အကြောင်းကိုတော့ ပြောစရာပင် မလိုတော့ချေ။
ယခုတစ်ကြိမ်တွင်တော့ အလကား အကျိုးအမြတ် ကြီးကြီးမားမား ရလိုက်ခြင်း ပင်တကား။
"အလယ်ပိုင်းဒေသ သိုင်းပညာရှင် ကျန်းချဲ့... ရာထူးအားဖြင့် အဆင့်လေး စစ်တပ်အရာရှိ... ဒါပေမဲ့ ငါတို့ တောင်ပိုင်းယွဲ့ နိုင်ငံရဲ့ မြို့တော်ထဲကို တိတ်တဆိတ် ဝင်ရောက်ပြီး နန်းတော်ကို အကြီးအကျယ် ပြဿနာရှာခဲ့တယ်... အပြစ်တွေက လုံးဝ ခွင့်လွှတ်လို့ မရဘူး... အခု ဘုရင်ကြီးရဲ့ အမိန့်နဲ့ ထျန်းနန် စစ်စခန်းကို တိုက်ခိုက်မယ်..."
"ကျန်းချဲ့ကို သတ်ပြီး ငါတို့ရဲ့ အရှက်ရမှုကို ဆေးကြောမယ်... စွမ်းဆောင်ရည် ကောင်းတဲ့သူတွေကို ငွေကြေးနဲ့ မြေယာတွေ ချီးမြှင့်မယ်... သားစဉ်မြေးဆက် အထိ ခံစားခွင့် ရှိစေရမယ်..."
ကျန်ဖျင် က အသံကျယ်ကြီးဖြင့် ဟစ်အော်ကာ စိတ်ဓာတ် တက်ကြွစေရန် ပြောဆိုလိုက်လေသည်။
အောက်ဘက်မှ စစ်သည် သောင်းချီ ကလည်း တညီတညွတ်တည်း ဟစ်အော်လိုက်ကြလေသည်။
"ကျန်းချဲ့ကို သတ်မယ်... ဆုလာဘ်တွေ ယူမယ်..."
"ကျန်းချဲ့ကို သတ်မယ်... ဆုလာဘ်တွေ ယူမယ်..."
"အောက်ဂူ... မင်းက စစ်သည် ငါးထောင်ကို ဦးဆောင်ပြီး ယန်ဖျင် စစ်စခန်းကို သွားရမယ်... တိုက်ခိုက်ဖို့ မလိုဘူး... အလယ်ပိုင်းဒေသ စစ်သည်တွေကို တားဆီးထားရုံနဲ့ လုံလောက်ပြီ... သူတို့ ငါတို့ကို ဝိုင်းမတိုက်နိုင်အောင် ကာကွယ်ရမယ်..."
"အမိန့်နာခံပါတယ်..."
"ချိုက်ခွန်း... မင်းက စစ်သည် ငါးထောင်ကို ဦးဆောင်ပြီး ကျိုးဖျင် စစ်စခန်းကို သွားရမယ်... တိုက်ခိုက်ဖို့ မလိုဘူး... အလယ်ပိုင်းဒေသ စစ်တပ်ကို စောင့်ကြည့်နေရုံပဲ... တစ်ခုခု ထူးခြားတာရှိရင် ချက်ချင်း သတင်းပို့ရမယ်..."
"အမိန့်နာခံပါတယ်..."
စစ်ဝတ်စုံ ဝတ်ဆင်ထားသော ဒုတိယ စစ်သူကြီး နှစ်ဦးက ရှေ့ထွက်ကာ အမိန့်ကို လက်ခံလိုက်ကြလေသည်။
"ငါ ကိုယ်တိုင်ကတော့ လက်ရွေးစင်စစ်သည် နှစ်သောင်းကို ဦးဆောင်ပြီး ထျန်းနန် စစ်စခန်းကို တိုက်ရိုက် သွားမယ်... ဒီစစ်ပွဲက သွေးကြွေးဆပ်ဖို့ နဲ့ ငါတို့ တောင်ပိုင်းယွဲ့ နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ပြသဖို့ပဲ... အလယ်ပိုင်းဒေသ က လူတွေ ငါတို့ကို နောက်ထပ် အထင်မသေးရဲအောင် လုပ်ပြရမယ်..."
'ချွင်' ကနဲ အသံနှင့်အတူ ကျန်ဖျင် က ခါးဆီမှ ဓားကို ဆွဲထုတ်ကာ အပေါ်သို့ မြှောက်လိုက်လေသည်။
"သွေးကြွေးဆပ်မယ်... နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ပြသမယ်..."
"သွေးကြွေးဆပ်မယ်... နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ပြသမယ်..."
"သွေးကြွေးဆပ်မယ်... နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ပြသမယ်..."
"ထျန်းနန်ကို ချီတက်ကြ..."
ထျန်းနန်မြို့။
အဆင့်တက်ပြီးနောက် မြို့စောင့်တပ်မှူး အိမ်တော်သို့ ပြန်လည် ရောက်ရှိလာသော ကျန်းချဲ့ သည် အပြင်ပန်းတွင် ဘာမှ ထူးခြားမှု မပြဘဲ ဆက်လက်၍ တံခါးပိတ် အနားယူကာ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် နှင့် ရုတ်တရက် တိုးတက်လာသော ကျင့်ကြံမှု များကို လေ့လာ အာရုံခံ နေလေသည်။
လေ့လာ အာရုံခံ လေလေ... ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် အပေါ် ပိုမို မျှော်လင့်ချက် ကြီးမားလာလေလေ ပင်ဖြစ်သည်။
တကယ်ကို ထိပ်တန်း ကျင့်စဉ် တစ်ခု ပင်ဖြစ်သည်။ အထူးသဖြင့် ရုပ်ခန္ဓာ အပိုင်းတွင် အလွန် အံ့မခန်း အကျိုးသက်ရောက်မှု ရှိပြီး သူ၏ ရုပ်ခန္ဓာကို သာမန် ရွှေအမြုတေအဆင့် သိုင်းသခင် များကိုပင် ကျော်လွန်သွားစေခဲ့လေသည်။
ရွှေအမြုတေ ၏ စွမ်းအားကို အသုံးမပြုဘဲ ရုပ်ခန္ဓာ အင်အား သက်သက်ဖြင့်ပင် တူညီသော အဆင့်ရှိ သိုင်းသခင် တစ်ပါးကို သတ်ဖြတ်နိုင်စွမ်း ရှိကြောင်း သူ ခံစားရလေသည်။
ထိုအရာ နှစ်ခုကို ပေါင်းစပ်လိုက်မည် ဆိုပါက ကျန်းချဲ့ သည် ယခုအခါ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိပြီဟု ယုံကြည်ထားလေသည်။ ကိုယ်တိုင် မစမ်းသပ်ရသေးသော်လည်း သူ့တွင် ထိုသို့သော ယုံကြည်ချက် အပြည့် ရှိနေလေသည်။
အထူးသဖြင့် ဓမ္မကိုယ်ထည် ပုံရိပ်ယောင် က သူ၏ စွမ်းအားကို ကြီးမားသော ခြေလှမ်း တစ်လှမ်း တိုးတက်သွားစေခဲ့လေသည်။
နည်းလမ်း ပေါင်းစုံ ပေါင်းစပ်လိုက်သော အခါ ယခုအခါ ကျန်းချဲ့ အနေဖြင့် ရှန်ရှန်းအဆင့် အောက်တွင် ပြိုင်ဘက်ကင်း သည်ဟု ပြောမည်ဆိုလျှင် အနည်းငယ်မျှ လွန်ကဲမည် မဟုတ်ချေ။
နတ်အင်မော်တယ် ဂိုဏ်းများမှ ပါရမီရှင်များ... မိသားစုကြီး များမှ အဓိက မျိုးဆက်များ ပင်လျှင်...
သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်ဟု မထင်မှတ်ထားချေ။
သူ၏ ထူးခြားမှု ကို နေ့စဉ် အတူတကွ ရှိနေသော ချီရွှယ်မိစ္ဆာသခင် က အရင်ဆုံး သတိထားမိခဲ့လေသည်။ ကျန်းချဲ့ တစ်ခေါက် အပြင်ထွက်သွားပြီးနောက် ကျင့်ကြံမှု ထပ်မံ မြင့်တက်လာသည်ကို အာရုံခံမိသော အခါ ချီရွှယ်မိစ္ဆာသခင် သည် ယခင်ကကဲ့သို့ မေးမြန်းခြင်း မပြုတော့ချေ။
မသိဟန်ဆောင် နေလိုက်လေတော့သည်။
ထူးဆန်းသော ဖြစ်ရပ်များ အကြိမ်ကြိမ် ဖြစ်ပေါ်လာခြင်းက ကျန်းချဲ့ အပေါ် သူ၏ အမြင်များကို ပိုမို လေးနက်လာစေခဲ့လေသည်။
ကျန်းချဲ့ ၏ ကိုယ်ပေါ်တွင် ကြီးမားသော လျှို့ဝှက်ချက် တစ်ခု သေချာပေါက် ပုန်းကွယ်နေမည်ဟု သူ သိရှိထားလေသည်။
သို့သော် သူ ကိုယ်တိုင် သွားရောက် စူးစမ်းရန် အရည်အချင်း မရှိချေ။
ထို့အပြင် ယခုအခါ သူနှင့် ကျန်းချဲ့ တို့မှာ တစ်လှေတည်း စီး တစ်ခရီးတည်း သွားနေကြပြီ ဖြစ်ရာ ကျန်းချဲ့ နောက်ပိုင်းတွင် တကယ်ပဲ ကြီးမားသော အောင်မြင်မှုများ ရရှိလာမည် ဆိုပါက သူလည်း အလားတူပင် အကျိုးခံစားရမည် ဖြစ်ရာ ဘာကြောင့် အတင်းအကျပ် မေးမြန်းနေရဦးမည်နည်း။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့ ၏ အစွမ်းကုန် ထောက်ပံ့မှု အောက်တွင်...
ချီရွှယ်မိစ္ဆာသခင် ရွေးချယ်ထားသော ချုံခိုတိုက်ခိုက်မည့် နေရာတွင် အစီအရင် များကိုလည်း အရှိန်အဟုန်ဖြင့် ချမှတ်နေလေသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာစွာ လေ့လာကြည့်မည် ဆိုပါက ယခုအခါ ထျန်းနန်မြို့ ၏ ထူးဆန်းမှုများကို သတိထားမိနိုင်ပေသည်။
အကျဉ်းထောင် အတွင်းရှိ အကျဉ်းသား အများစုကို မြို့ပြင်သို့ ခေါ်ထုတ်သွားခဲ့ပြီးနောက် လုံးဝ သတင်း အစအန ပျောက်သွားခဲ့လေသည်။
မြို့တွင်းရှိ အင်အားစု အချို့မှာလည်း ဥပဒေ ချိုးဖောက်မှု အမျိုးမျိုးကြောင့် အတင်းအကျပ် ဖမ်းဆီး သုတ်သင်ခြင်း ခံခဲ့ရပြီး သူတို့၏ စည်းစိမ် ဥစ္စာများ အားလုံးကို အစိုးရက သိမ်းယူသွားခဲ့လေသည်။ အချို့က ပြန်လည် ခုခံရန် ကြိုးစားခဲ့သော်လည်း အလွန် ပြင်းထန်သော နှိမ်နင်းမှုများကိုသာ ခံခဲ့ရလေသည်။
ယခုအခါ ကျန်းချဲ့ သည် သူ၏ အစွယ်များကို ထုတ်ဖော်ပြသရန် အခွင့်အရေး ရရှိနေပြီ ဖြစ်ပြီး သူ၏ နယ်မြေ အတွင်း၌ သူ၏ အမိန့်ကို မနာခံသူများကို လုံးဝ ခွင့်မလွှတ်နိုင်တော့ချေ။ အရာအားလုံး သည် သူ၏ အစီအရင် အတွက် အထောက်အပံ့များ ဖြစ်လာရမည် ပင်ဖြစ်သည်။
မဖမ်းဆီး မသုတ်သင်ခံရသော အင်အားစု အနည်းငယ် မှာ နောက်ကွယ်တွင် ကြီးမားသော အင်အားစု များ၏ ထောက်ပံ့မှု ရှိနေသောကြောင့် ပင်ဖြစ်သည်။
ထို့ကြောင့် ထျန်းနန်မြို့ အတွင်း၌ ကျန်းချဲ့ သည် အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့သူ ဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်နေသော်လည်း သူ့ကို သူရဲကောင်း တစ်ယောက်ဟု မသတ်မှတ်ကြချေ။
သို့သော် ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့ က လုံးဝ ငြင်းဆန်ခြင်း မပြုခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူ လုပ်ဆောင်ခဲ့သော ကိစ္စများမှာ အမှန်တကယ်ပင် အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့ခြင်း ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။
အန္တရာယ်က နီးကပ်နေပြီ ဖြစ်ရာ လူတိုင်းကို သူ၏ ရန်သူ အဖြစ် မဖန်တီးလိုချေ။ ယခုလောလောဆယ် သူ ဤအဆင့်အထိ မရောက်သေးချေ။ သေချာသည်ကတော့ မှတ်သားထားရမည့် အချက်တစ်ခုမှာ နဂါးကျား တာအိုဂိုဏ်း ကတော့ ဤစာရင်းတွင် မပါဝင်ချေ။
အချင်းချင်း သေခန်းပြတ် ရန်သူများ ဖြစ်သွားပြီ ဖြစ်ရာ ကျန်းချဲ့ သည် ထျန်းနန်မြို့ အတွင်းရှိ နဂါးကျား တာအိုဂိုဏ်း ၏ နှစ်ပေါင်းများစွာ တည်ဆောက်ထားသော ကွန်ရက်များကို လုံးဝ တွေဝေခြင်း မရှိဘဲ ဖျက်ဆီးပစ်လိုက်လေသည်။
သို့သော် ဤမျှလောက် ရက်စက် ကြမ်းကြုတ်စွာ ရှင်းလင်း ရှာဖွေခဲ့သော်လည်း ကျန်းချဲ့ ၏ အစီအရင် ကြီးမှာ ယခုအချိန်အထိ မပြီးစီးသေးချေ။ ရှန်ရှန်းနှောင်းပိုင်းအဆင့် မဟာသိုင်းသခင် ကိုပင် ချုံခို တိုက်ခိုက်နိုင်မည့် အစီအရင် တစ်ခု ဆိုသည်မှာ မည်မျှ ရယူရန် ခက်ခဲမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
ထို့ထက်ပို၍ ကျန်းချဲ့ ချမှတ်နေသော အစီအရင်မှာ တစ်ကြိမ်သာ အသုံးပြုနိုင်မည့် အစီအရင် မျိုး ဖြစ်ပြီး ချီရွှယ်မိစ္ဆာသခင် ၏ လှည့်ကွက်များကို အသုံးပြုကာ ရယူထားခြင်း ပင်ဖြစ်သည်။
ထိုနေ့တွင် မြို့စောင့်တပ်မှူး အိမ်တော် အတွင်း၌ မူလစွမ်းအင်များ စုစည်း လာလေသည်။
ချီနင်ပင်း နှင့် ချစ်ကြည်နူး နေသော ကျန်းချဲ့ က ခေါင်းမော့ကာ ကြည့်လိုက်ပြီး လားရာ အရပ်ကို ခန့်မှန်းမိသွားသောအခါ ဖွဖွလေး ပြုံးလိုက်လေသည်။ ဟွမ်ရှန်းရှန်း အဆင့်တက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ခေါင်းညိတ် လိုက်လေသည်။
သူ၏ အကူအညီ အောက်တွင် ဟွမ်ရှန်းရှန်း မှာ အကျိုးကျေးဇူး အများဆုံး ရရှိခဲ့သူ ပင်ဖြစ်သည်။
ကျင့်ကြံမှု က အဆက်မပြတ် တိုးတက် လာခဲ့ပြီး ပြောရမည် ဆိုလျှင် ကျန်းချဲ့ သည် သူမ၏ လေ့ကျင့်ရေး ကိရိယာ တစ်ခု အဖြစ်သို့ပင် ရောက်ရှိနေပြီ ဖြစ်ရာ သူ့အနေဖြင့် အနည်းငယ် ထူးဆန်းသလို ခံစားနေရလေသည်။
"နင်ပင်း... မင်း ဆက်ပြီး မကြိုးစားရင် ရှန်းရှန်း က မင်းကို ကျော်သွားတော့မယ်နော်..."
ကျန်းချဲ့ က နောက်ပြောင် လိုက်လေသည်။
ချီနင်ပင်း ၏ မျက်မှောင်များ ကျုံ့သွားပြီး နှုတ်ခမ်းဆူ ကာ ပြောလိုက်လေသည်။
"ဒါတွေ အကုန်လုံးက အစ်ကိုကျန်း ကြောင့်ပဲ... ညီမသာ ရေခဲဖီးနစ် ခန္ဓာကိုယ် ရှိရင် ကျင့်ကြံမှု တွေ မြန်မြန် တက်လာမှာပဲ..."
"မင်း က ကိုယ့်ကို ပြန်အပြစ်တင်နေတာလား..."
"ဟွန့်... အစ်ကိုကျန်းကို အပြစ်မတင်ပါဘူး... ညီမ တံခါးပိတ် ကျင့်ကြံဖို့ ပြင်နေပြီ... သိုင်းသခင် အဆင့်ကို ရောက်ရင် အစ်ကိုကျန်းကို စိတ်ချမ်းသာအောင် လုပ်ပေးမယ်..."
ချီနင်ပင်း က ကျန်းချဲ့ ကို မျက်စောင်းထိုး ကြည့်လိုက်လေသည်။ သူမ သိထားသည်မှာ ကျန်းချဲ့ ဤကဲ့သို့ တွန်းအားပေး နေခြင်းမှာ...
ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင် ကြောင့် သက်သက်သာ ဖြစ်ကြောင်း ပင်ဖြစ်သည်။
"အပိုတွေ တွေးမနေပါနဲ့... ကိုယ့်မှာ အဲ့ဒီလို အကြံအစည် လုံးဝ မရှိပါဘူး..."
"ဟွန့်..."
ကျန်းချဲ့ နှင့် ချီနင်ပင်း တို့ စနောက် ကစားနေစဉ် မှာပင် အလင်းတန်း တစ်ခု က မြို့စောင့်တပ်မှူး အိမ်တော် အတွင်းသို့ လျင်မြန်စွာ ဝင်ရောက် လာလေသည်။ ထိုသူမှာ တပ်မှူး ချီဟွမ်း ပင်ဖြစ်သည်။ သူက ကျန်းချဲ့ အရှေ့တွင် ဒူးထောက် ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"မြို့စောင့်တပ်မှူး... တောင်ပိုင်းယွဲ့ က စစ်ချီလာပါပြီ…”