← Chapters

အခန်း (၂၁၂၃-၂၁၂၄)

Vol. 148 Ch. 2123-2124

အခန်း (၂၁၂၃-၂၁၂၄)

Vol. 148 Ch. 2123-2124

အပိုင်း ( 2123 ) ယွင်ဟောက်နှင့် တိုက်ပွဲ။

လူအုပ်ကြီးက ဆွေးနွေးပြောဆိုနေကြစဉ်မှာပင် တတိယအချီ စတင်ခဲ့သည်။

လုမင်၏ ကံဇာတာက တော်တော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။ သူ၏ ပထမဆုံးပွဲစဉ်မှာ ရှေးနတ်ဆိုးနှင့် ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ရှေးနတ်ဆိုးက အလွန်သန်မာသော်လည်း လုမင်၏ ပြိုင်ဘက်မဟုတ်ခဲ့ချေ။ သူသည် လုမင်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။

ဤသည်မှာ ရှေးနတ်ဆိုးအနေဖြင့် လုမင်၏ လက်ထဲတွင် ဒုတိယအကြိမ်မြောက် ရှုံးနိမ့်ရခြင်း ဖြစ်သည်။

လုမင်က သုံးပွဲဆက်တိုက် အနိုင်ရရှိသွားခဲ့ပြီ။

"လုမင်ရဲ့ နိုင်ပွဲဆက်နေတာက ဒီမှာတင် အဆုံးသတ်သွားဖို့များပါတယ်။ နောက်ထပ် သူရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေက အားနည်းမှာ မဟုတ်ဘူး။ သူတို့အားလုံးက သူ့ထက် ပိုသန်မာကြလိမ့်မယ်"

"ဟုတ်တယ်... သူက သုံးပွဲဆက်တိုက် နိုင်ခဲ့ပေမဲ့ ကျုပ်ရဲ့ခန့်မှန်းချက်အရဆိုရင် သူ ခြောက်ပွဲဆက်တိုက် ပြန်ရှုံးလိမ့်မယ်"

အချို့လူများက လုမင်၏ နိုင်ပွဲဆက်နေမှုမှာ ဤနေရာတွင်ပင် ရပ်တန့်သွားလိမ့်မည်ဟု တွေးတောကာ ဆွေးနွေးလိုက်ကြသည်။

တတိယအချီ၏ ဒုတိယပွဲစဉ်မှာ ပေါင်ပေါင်နှင့် အောင်ခယ့်တို့ ဖြစ်သည်။

ဤပွဲသည် ပြင်းထန်ပြီး အထွတ်အထိပ် တိုက်ပွဲတစ်ခု ဖြစ်၏။

ပေါင်ပေါင်၏ ကျင့်ကြံခြင်းအဆင့်က အနည်းငယ် ပို၍အားနည်းသော်လည်း၊ သူ၏မူလအသွင်သို့ ပြောင်းလဲသွားပြီးနောက်တွင်မူ ခွန်အားများ အဆများစွာ တိုးတက်လာခဲ့သည်။ ၎င်း၏ အချိန်နှင့်ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်စွမ်းကလည်း စိတ်ကူးမယဉ်နိုင်လောက်သော အဆင့်သို့ ရောက်ရှိသွားခဲ့၏။

အောင်ခယ့်က သန်မာသော်လည်း ပေါင်ပေါင်ကို ထိမှန်အောင် မတိုက်ခိုက်နိုင်ခဲ့ချေ။

ဟုတ်သည်၊ ပေါင်ပေါင်အတွက်လည်း အောင်ခယ့်ကို အနိုင်ယူရန် မလွယ်ကူခဲ့ဘဲ အလွန်ခဲယဉ်းသည်ဟု ဆိုနိုင်သည်။

နောက်ဆုံးတွင်၊ တိုက်ကွက်ပေါင်း နှစ်ရာကျော် အပြီး၌ အောင်ခယ့်က အမှတ်မထင် ပေါ့ဆသွားခဲ့ရာ ပေါင်ပေါင်၏ တည်နေရာရွှေ့ပြောင်းခြင်းဖြင့် စင်မြင့်ပြင်ပသို့ ပို့ဆောင်ခြင်း ခံလိုက်ရတော့သည်။

ဤတိုက်ပွဲတွင် ပေါင်ပေါင်က မျှော်လင့်မထားသော အောင်ပွဲကို ရရှိသွားခဲ့သည်။

ဤအရာက လူထုကို ပေါင်ပေါင်၏ စွမ်းအားအပေါ် ပြန်လည်သုံးသပ်စေခဲ့သည်။ ထို့ပြင် ထိပ်ဆုံး နတ်ဘုရားသားရဲဆယ်ကောင်၏ သန်မာမှုကိုလည်း သူတို့ကို သဘောပေါက်သွားစေခဲ့ပေသည်။

အဆင့်တူ တိုက်ပွဲတွင် ကောင်းကင်သားတော်သည်ပင် ထိပ်ဆုံး နတ်ဘုရားသားရဲဆယ်ကောင်လောက် သန်မာမှုမရှိချေ။

နောက်တစ်ပွဲမှာ ယွမ်ရှင်းနှင့် ဟန်ရှင်းဟဲတို့၏ ပွဲစဉ် ဖြစ်သည်။

အထူးပြောရန်ပင်မလိုဘဲ ဟန်ရှင်းဟဲက ထပ်မံ ရှုံးနိမ့်သွားခဲ့ရ၏။

ဤအရာက သူ၏အမူအရာကို ပိုမို အကြည့်ရဆိုးလာစေခဲ့သည်။

အချို့လူများဆိုလျှင် ဟန်ရှင်းဟဲက သေချာပေါက် ဒသမအဆင့်တွင်သာ ရှိလိမ့်မည်ဟု အပိုင်တွက်ထားကြပြီး မည်သည့်စိတ်လှုပ်ရှားမှုမှ မရှိတော့ချေ။

စတုတ္ထပွဲစဉ်မှာ ရဟန်းဝူလျန့်နှင့် ပေါင်သဲတို့ ဖြစ်သည်။

ဤပွဲသည်လည်း အခြားသော အထွတ်အထိပ် တိုက်ပွဲတစ်ခု ဖြစ်၏။

ရဟန်းဝူလျန့်က ဗုဒ္ဓ၏ရွှေရောင်ခန္ဓာနှင့် ဗုဒ္ဓ နတ်ဘုရားစွမ်းရည်မျိုးစုံကို အသုံးပြုခဲ့သော်လည်း ပေါင်သဲက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

သူတို့နှစ်ဦးက တိုက်ကွက်ပေါင်း ရာချီ၍ ဖလှယ်ခဲ့ကြ၏။ ရဟန်းဝူလျန့်က အမျိုးမျိုး စိတ်ဒုက္ခပေးရန် ကြိုးစားသော်လည်း ဤတစ်ကြိမ်တွင်မူ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ သူက ပေါင်သဲကို အနိုင်မယူနိုင်ခဲ့ဘဲ နောက်ဆုံးတွင် ရှုံးနိမ့်ကာ စင်မြင့်ပေါ်မှ လွင့်စင်သွားခဲ့ရတော့သည်။

ပေါင်သဲက ဤပွဲတွင် အနိုင်ရရှိသွားခဲ့သည်။

တတိယအချီ၏ နောက်ဆုံးပွဲစဉ်မှာ ထျန်းမင်နှင့် ယွင်ဟောက်တို့ ဖြစ်သည်။

"ငါက အချိန်မြစ်ကြောင်းထဲမှာ ငါ့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို မြင်နိုင်တယ်"

ယွင်ဟောက်က ဟိန်းဟောက်လိုက်ပြီး အချိန်ဟင်းလင်းပြင်နိယာမဖြင့် ထျန်းမင်ကို ရင်ဆိုင်လိုက်သည်။

အချိန်နှင့်ဟင်းလင်းပြင်နိယာမက ကံကြမ္မာနိယာမအပေါ် အတိုင်းအတာတစ်ခုအထိ ချုပ်ထိန်းနိုင်စွမ်း ရှိ၏။

အကြောင်းမှာ၊ သူက အချိန်မြစ်ကြောင်းမှတစ်ဆင့် သူ၏ ကိုယ်ပိုင်ကံကြမ္မာကို ချောင်းမြောင်းကြည့်ရှုနိုင်သောကြောင့်ပင်။

ဟုတ်သည်၊ ကံကြမ္မာဆိုသည်မှာ အမြဲတမ်း ပြောင်းလဲနေတတ်၏။ သူ မြင်တွေ့ခဲ့ရသည်မှာ ရေခဲတောင်၏ အဖျားစွန်းမျှသာ ဖြစ်သည်။

နောက်ပိုင်းတွင် ထျန်းမင်က မဟာကံကြမ္မာကျင့်စဉ်ကို အသုံးပြု၍ ယွင်ဟောက်၏ အချိန်မြစ်ကြောင်းကို ဖြတ်တောက်ကာ သူ့ကို အနိုင်ယူလိုက်သည်။

တတိယအချီ အဆုံးသတ်တွင် လုမင်၊ ထျန်းမင်နှင့် ယွမ်ရှင်းတို့သည် သုံးပွဲဆက်တိုက် အောင်ပွဲများကို ပိုင်ဆိုင်သွားခဲ့ကြပေသည်။

သို့သော်လည်း လူတိုင်းက လုမင်ကို ပထမဆုံးသုံးချီတွင် ကံကောင်းခဲ့ရုံသာ ဖြစ်သည်ဟု တွေးနေကြဆဲ ဖြစ်သည်။ သူက နောက်ပိုင်းအချီများတွင် ဆက်တိုက် ရှုံးနိမ့်သွားလိမ့်မည်ဟု ယူဆထားခဲ့ကြပေသည်။

ပွဲစဉ်အနည်းငယ်အပြီးတွင် ဆံပင်ဖြူအဘိုးအိုက လူတိုင်းကို နေ့ဝက်ခန့် အနားယူခွင့်ပေးလိုက်သည်။ နေ့ဝက်လွန်သော် စတုတ္ထအချီပွဲစဉ်များ စတင်ခဲ့၏။

စတုတ္ထအချီ၏ ပထမဆုံးပွဲစဉ်တွင်လည်း လုမင်ကပင် ပထမဆုံး တိုက်ခိုက်ရသူ ဖြစ်နေဆဲ ဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူ၏ ပြိုင်ဘက်မှာ ယွင်ဟောက် ဖြစ်နေတော့သည်။

ဤအခိုက်တွင် ယွင်ဟောက်က စိတ်လှုပ်ရှားနေပုံရသည်။ သူတို့နှစ်ဦးစလုံးက ပြိုင်ပွဲကွင်းပြင်သို့ လှမ်းဝင်လိုက်ကြ၏။

"လုမင်... မင်းရဲ့ ကံကောင်းမှုတွေက အဆုံးသတ်သွားပြီ။ ဒီတစ်ချီမှာ မင်းက ဆိုးရွားတဲ့ ရှုံးနိမ့်မှုကို ခံစားရလိမ့်မယ်။ အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်ဆိုတာက မင်း ပိုင်ဆိုင်နိုင်တဲ့အရာမျိုး မဟုတ်ဘူးဆိုတာကို ငါ မင်းကို သဘောပေါက်စေရမယ်"

ယွင်ဟောက်က အေးစက်စွာ ပြောလိုက်သည်။

"မင်းရဲ့ အချိန်ဟင်းလင်းပြင်နိယာမက အားနည်းလွန်းတယ်။ မင်း ငါ့ကို မယှဉ်နိုင်ပါဘူး။ ငါ မင်းကို မတိုက်ခိုက်ရခင် အရှုံးပေးလိုက်တော့"

လုမင်က အလွန် ပြတ်သားသည်။ သူက ယွင်ဟောက်ကို အရှုံးပေးရန် တိုက်ရိုက် ပြောလိုက်ခြင်း ဖြစ်၏။

ဤအရာက လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။ လုမင်က လေလုံးထွားလွန်းနေသည်ဟု သူတို့ တွေးလိုက်ကြ၏။

လုမင်က အန္တိမနိယာမ နှစ်မျိုးကို ပထမဆုံး ထိန်းချုပ်နိုင်သူဖြစ်သော်လည်း၊ အဆုံးသတ်တွင် ဧကရာဇ်တစ်ပိုင်းမျှသာ ရှိသေးသည်။ သူက မည်ကဲ့သို့ ယွင်ဟောက်၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။

ယွင်ဟောက်၏ ကျင့်ကြံခြင်းအဆင့်က ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ပြင် သူတို့က တူညီသောအဆင့်တွင် တိုက်ခိုက်ကြလျှင်ပင် သူက ကောင်းကင်သားတော်များအနက် အသန်မာဆုံးထဲမှ တစ်ဦး ဖြစ်နေသေးသည်။ ဤမျှကြီးမားသော ကျင့်ကြံခြင်းကွာဟချက်နှင့်အတူ လုမင်က မည်သို့ သူ့ကို ယှဉ်နိုင်ပါမည်နည်း။

"ဟားဟားဟား... မင်းက ငါ့ကို အရှုံးပေးခိုင်းနေတာလား။ ဟာသပဲ... ငါ မင်းကို သင်ခန်းစာကောင်းကောင်းပေးရမယ်"

ယွင်ဟောက်က ကြိမ်းမောင်းပြောဆိုလိုက်သည်။ သူ စကားပြောပြီးသည်နှင့် လုမင်ထံသို့ တိုးဝင်သွားခဲ့တော့၏။ သူက အံ့မခန်း အရှိန်အဟုန်ဖြင့် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ကူးချည်သန်းချည် ပြုလုပ်နေခဲ့သည်။

ယွင်ဟောက် ပြေးထွက်လာသည်နှင့် အရပ်မျက်နှာအားလုံးရှိ ဟင်းလင်းပြင်မှာ ပုံပျက်ရှုပ်ထွေးသွားခဲ့ရသည်။ တုန်လှုပ်ချောက်ချားဖွယ် စွမ်းအားတစ်ခုက လုမင်၏ ခန္ဓာကိုယ်ကို ဖိနှိပ်ထားခဲ့၏။

ဤစွမ်းအားတွင် အချိန်၏စွမ်းအားများ ပါဝင်နေခဲ့သည်။ ၎င်းတွင် အချိန်စီးဆင်းမှု နှေးကွေးစေခြင်းလည်း ပါဝင်နေသဖြင့် လုမင်၏ လှုပ်ရှားမှုကို လိပ်တစ်ကောင်ကဲ့သို့ နှေးကွေးသွားစေခဲ့ပေသည်။

ထို့ပြင် ဟင်းလင်းပြင်၏ စွမ်းအားလည်း ရှိနေသေးသည်။ လုမင်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က လုမင်ကို ချည်နှောင်ရန်အတွက် အဆက်မပြတ် ဖိနှိပ်နေခဲ့၏။

တစ်ဖက်မှာတော့ ယွင်ဟောက်၏ အမြန်နှုန်းက အချိန်နှင့်ဟင်းလင်းပြင်နိယာမ၏ ပံ့ပိုးမှုအောက်တွင် မိုးထိအောင် မြင့်မားသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက လုမင်နှင့် နီးကပ်သွားခဲ့ပြီ ဖြစ်သည်။

သူက လက်ညှိုးတစ်ချောင်းဖြင့် ညွှန်ပြလိုက်ရာ ဟင်းလင်းပြင်စွမ်းအားများ စုစည်းသွားခဲ့၏။ ၎င်းတွင် တုန်လှုပ်ဖွယ် ကောင်းသော ဆုတ်ဖြဲခြင်းစွမ်းအား ပါဝင်နေပြီး လုမင်ထံသို့ တိုးဝင်သွားတော့သည်။

သို့သော်၊ ဤကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်ရသော်လည်း လုမင်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။

"ဝုန်း"

သူက အင်အားပြည့်ဖြင့် ရုန်းကန်လိုက်သည်။ သူ၏ ရုပ်ခန္ဓာ အင်အားနှင့် သူတော်စင်စွမ်းအားက ပေါက်ကွဲထွက်လာခဲ့၏။ ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး သူ့အပေါ် သက်ရောက်နေသော ဟင်းလင်းပြင်စွမ်းအားများမှာ ဆက်တိုက်ပင် ပေါက်ကွဲသွားခဲ့ရတော့သည်။

ထို့နောက်တွင် အရောင်နှစ်မျိုးရှိသော နိယာမမြစ်ကြီးတစ်စင်း ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ ကစဉ့်ကလျားနိယာမနှင့် သေခြင်းနိယာမတို့ ပေါင်းစပ်မှု ဖြစ်၏။

"ဝုန်း..."

လုမင်က လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ ဟင်းလင်းပြင်က ပေါက်ကွဲသွားခဲ့ပြီး သူ့အပေါ် သက်ရောက်နေသော အချိန်နှင့်ဟင်းလင်းပြင်နိယာမမှာလည်း တိုက်ရိုက် ဖြိုချခြင်း ခံလိုက်ရ၏။ လုမင်၏ လက်ဝါးက ယွင်ဟောက်ထံသို့ ဆက်လက်တိုးဝင်သွားတော့သည်။

သို့သော်လည်း ယွင်ဟောက်က လှုပ်ရှားလိုက်ရာ သူ့ခန္ဓာကိုယ်က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူက လုမင်၏ နောက်ကွယ်တွင် ထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်၏။

"ဝုန်း"

လုမင်က သူ့နောက်ကွယ်တွင် မျက်လုံးများ ရှိနေပုံရသည်။ သူက လက်ဝါးဖြင့် ပြန်လည်ရိုက်နှက်လိုက်ရာ ယွင်ဟောက်၏ လက်ဝါးနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့၏။ ယွင်ဟောက်၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ပါးသွားရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က တုန်ရီသွားခဲ့ပြီး အရပ်မျက်နှာအားလုံးမှ သိပ်သည်းသော လူပုံရိပ်အမြောက်အမြား ထွက်ပေါ်လာခဲ့တော့သည်။ ပုံရိပ်များစွာက လုမင်ထံသို့ တစ်ပြိုင်နက်တည်း တိုးဝင်တိုက်ခိုက်လိုက်ကြသည်။

လုမင် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။

ဤသည်မှာ ကြောက်စရာကောင်းသော တိုက်ခိုက်မှုနည်းလမ်း ဖြစ်၏။ ထိုသိပ်သည်းသော လူရိပ်များ အားလုံးက ပုံရိပ်ယောင်များ မဟုတ်ပေ။ အမှန်တကယ်တွင် ထိုပုံရိပ်များ အားလုံးမှာ အစစ်အမှန်များ ဖြစ်ကြသည်။ ၎င်းတို့ အားလုံးမှာ ယွင်ဟောက်၏ အစစ်အမှန်ခန္ဓာကိုယ်များ ဖြစ်ကြ၏။

သူက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ကူးချည်သန်းချည် ပြုလုပ်ရင်း မတူညီသော ဟင်းလင်းပြင်များတွင် လျှောက်လှမ်းနေခြင်း ဖြစ်သည်။

"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"

ဤတိုက်ကွက်နှင့် ရင်ဆိုင်ရချိန်တွင် လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ထုတ်သုံးလိုက်သည်။ သူက လက်နှစ်ဖက်စလုံးကို ဆန့်ထုတ်ပြီး အဆက်မပြတ် ညွှန်ပြလိုက်၏။

"ဝုန်း..."

လက်ချောင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ လက်ချောင်းအင်အား တစ်ခုချင်းစီတိုင်းက ပုံရိပ်တစ်ခုစီထံသို့ ဦးတည်သွားတော့သည်။

ထိုပုံရိပ်များမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားခဲ့ကြသည်။ နောက်ဆုံးတွင် ပုံရိပ်တစ်ခုတည်းအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ရ၏။

ထို့နောက် ယွင်ဟောက်နှင့် လုမင်တို့သည် တိုက်ကွက်ပေါင်းများစွာ ဖလှယ်ခဲ့ကြပြီး အချိန်နှင့်ဟင်းလင်းပြင်နိယာမ၏ နက်နဲသော လျှို့ဝှက်ချက်မျိုးစုံကို ပြသခဲ့ပေသည်။

သို့သော်လည်း သူ၏ အချိန်နှင့်ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်စွမ်းမှာ ပေါင်ပေါင်လောက် မကောင်းမွန်သေးချေ။ လုမင်က သူ့ကိုယ်သူ နိယာမနှစ်မျိုးဖြင့် ကာကွယ်ထားခဲ့သည်။ သူက တည်ငြိမ်စွာဖြင့် ယွင်ဟောက်၏ တိုက်ခိုက်မှုအားလုံးကို ဖြိုခွဲပစ်လိုက်၏။

ယွင်ဟောက်လည်း နောက်ဆုံးတွင် သည်းခံစိတ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ မင်းကို ဖိနှိပ်မယ်"

ယွင်ဟောက်၏ မျက်လုံးများမှာ အေးစက်နေခဲ့သည်။ သူ၏ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ် ကျင့်ကြံခြင်းအဆင့်မှာ အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့၏။ သူက လုမင်ထံသို့ တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အချိန်နှင့်ဟင်းလင်းပြင် မုန်တိုင်းတစ်ခုက လုမင်ထံသို့ လွှမ်းမိုးကျရောက်သွားခဲ့သည်။

"ထိပ်တိုက်ရင်ဆိုင်ချင်တာလား။ အဲဒါက ငါ အလိုချင်ဆုံးပဲ"

လုမင်က ပြုံးလိုက်ပြီး မလှုပ်မယှက် ထိုနေရာတွင် ရပ်နေခဲ့သည်။ ယွင်ဟောက်က သူ့အနီးသို့ ရောက်ရှိခါနီးအချိန်တွင် လုမင်၏ ခန္ဓာကိုယ်ပေါ်၌ နိယာမမြစ်ကြောင်းအရှည်ကြီးတစ်ခု ထပ်မံထွက်ပေါ်လာခဲ့၏။

၎င်းမှာ အစီရင်နိယာမ မြစ်ရှည်ကြီး ဖြစ်သည်။

အစီရင်နိယာမ ဖြစ်ရှည်ကြီးက ကစဉ့်ကလျားနိယာမ၊ သေခြင်းနိယာမတို့နှင့် ပေါင်းစပ်သွားခဲ့ရာ လုမင်၏ ပတ်ပတ်လည်ရှိ နိယာမမြစ်ကြောင်းကြီးကို အရောင်သုံးမျိုးအဖြစ်သို့ ပြောင်းလဲသွားစေခဲ့၏။

နောက်ထပ် ဘုရင်နိယာမ အမျိုးအစားတစ်ခုနှင့် ပေါင်းစပ်ပြီးနောက်တွင် လုမင်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်အမင်း တိုးတက်လာခဲ့တော့သည်။

"ဝုန်း"

သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ လက်ဝါးအင်အားက တောင်ပြိုသကဲ့သို့ ယွင်ဟောက်ထံ တိုးဝင်သွား၏။

ယွင်ဟောက်ကို ဝန်းရံထားသော အချိန်ဟင်းလင်းပြင်မုန်တိုင်းက ပြိုကျသွားခဲ့သည်။ ယွင်ဟောက်မှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး သွေးများအန်ထွက်လာကာ လွင့်စဉ်သွားတော့သည်။

အပိုင်း ( 2124 ) ငါးပွဲဆက်တိုက် အနိုင်ရရှိခြင်း။

ယွင်ဟောက် နောက်ဆုတ်သွားသည်နှင့် တစ်ပြိုင်နက် လုမင်က နောက်မှ ကပ်လျက် လိုက်ပါသွားခဲ့သည်။ သူ့အရှိန်နှုန်းမှာ အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်လှပြီး ယွင်ဟောက်ထံသို့ ချဉ်းကပ်သွား၏။

"ဝုန်း... ဝုန်း... ဝုန်း..."

လုမင်က မျက်စိတစ်မှိတ်အတွင်းမှာပင် လက်ဝါးချက်ပေါင်း ရာချီ၍ ရိုက်ထုတ်လိုက်သည်။ လက်ဝါးရိပ်ပေါင်း ရာနှင့်ချီ၍ အရပ်မျက်နှာအားလုံးမှ ယွင်ဟောက်ကို လုံးဝ လွှမ်းခြုံအုပ်မိုးသွား၏။ အချိန်နှင့်ဟင်းလင်းပြင်က ကမောက်ကမ ဖြစ်သွားကာ ပတ်ဝန်းကျင် ဟင်းလင်းပြင် ပေါက်ကွဲသွားတော့သည်။

ဤအခိုက်အတန့်တွင် ယွင်ဟောက်က အချိန်နှင့်ဟင်းလင်းပြင်နိယာမကို အသုံးပြု၍ပင် မလွတ်မြောက်နိုင်တော့ချေ။ သူသည် လုမင်၏ လက်ဝါးစွမ်းအားကို ထိပ်တိုက်ရင်ဆိုင်ရန်သာ တတ်နိုင်သည်။

သူက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အချိန်နှင့်ဟင်းလင်းပြင်နိယာမကို လှုံ့ဆော်လိုက်သည်။ ကမ္ဘာစွမ်းအားကိုလည်း ပေါက်ကွဲထွက်ပေါ်စေလျက် လုမင်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

လက်ဝါးချက်ပေါင်း ရာချီ၍ ဆက်တိုက် ရင်ဆိုင်မိနောက်တွင် ယွင်ဟောက်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော အချိန်နှင့်ဟင်းလင်းပြင်နိယာမ စွမ်းအားမှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့ရ၏။ သူ၏ လက်များမှာလည်း လုမင်၏ လက်ဝါးအင်အားကို မခံနိုင်တော့ဘဲ တိုက်ရိုက်ပင် ပေါက်ကွဲသွားခဲ့တော့သည်။

"ဝုန်း"

နောက်ဆုံးတွင် လုမင်က ယွင်ဟောက်၏ ပါးကို ရိုက်ချလိုက်သည်။ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပစ်လဲကျသွားတော့သည်။

"ဝုန်း"

ထို့နောက် လုမင်က ယွင်ဟောက်၏ မျက်နှာကို ကန်ကျောက်လိုက်ရာ သူ့ကို တိုက်ခိုက်ရေးစင်မြင့် ပြင်ပသို့ လွင့်စင်ထွက်သွားစေခဲ့သည်။

"မင်းက ငါ့ကို နှိပ်စက်ချင်တာလား... မင်း အဝေးကြီး လိုပါသေးတယ်"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ယွင်ဟောက်၏ မျက်နှာက ဝက်ခေါင်းတစ်ခုလို ဖူးယောင်ကွဲပြဲနေခဲ့သည်။ တိုက်ပွဲစင်မြင့်ပေါ်မှ ပြုတ်ကျသွားခဲ့ပြီး အတော်ကြာမှသာ ပြန်လည်သတိရလာခဲ့၏။ လက်ရှိ သူ့အခြေအနေကို ပြန်လည်သဘောပေါက်သွားချိန်တွင် ဒေါသထွက်လွန်းသဖြင့် နောက်ထပ် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြန်တော့သည်။

ဤတစ်ကြိမ်တွင် သူက အကြီးအကျယ် အရှက်ကွဲသွားခဲ့ရပြီ ဖြစ်သည်။

"ကိုကြီးလုမင်... လုပ်တာလှတယ်ဟေ့၊ ကောင်းတယ်"

ပေါင်ပေါင်က လက်ခုပ်လက်ဝါးတီးကာ အားပေးလိုက်ကြသည်။

လူအများမှာလည်း လုမင်ကို အမြင်တစ်မျိုးဖြင့် ကြည့်လာကြတော့သည်။

လုမင်က ယွင်ဟောက်ကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ လူအများစု၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။

"ဟုတ်သားပဲ... သူက အစီရင်နိယာမကိုလည်း ကျွမ်းကျင်ထားတာပဲ။ သူက နိယာမသုံးမျိုးစလုံးကို ပြည့်စုံတဲ့အဆင့်အထိ ကျင့်ကြံထားပြီး ပေါင်းစပ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"သူက တကယ်ကို ပါရမီရှင်ပဲ။ သိုင်းဧကရာဇ်မဖြစ်ခင်မှာတင် နိယာမသုံးမျိုးကို ကျင့်ကြံထားနိုင်တာ... ဒါက လောကမှာ ရှားမှရှားပဲ။ သူ့မှာ ဒီလောက် သန်မာတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေတာ မဆန်းတော့ပါဘူး"

နိယာမတစ်ခုကို ပေါင်းစပ်လိုက်တိုင်းတွင် ၎င်း၏ စွမ်းပကားမှာ အဆများစွာ တိုးတက်လာတတ်သည်။

သို့သော်လည်း အဆင့်နိမ့် ဗလာနယ်ဧကရာဇ်များစွာပင် လျှင် နိယာမသုံးမျိုးကို ပေါင်းစပ်ရန် ခဲယဉ်းတတ်ပေသည်။

လုမင်က အန္တိမနိယာမ နှစ်မျိုးကို ကျွမ်းကျင်ထားသည်ဟူသောအချက်ကို ခေတ္တဖယ်ထားဦး... သူက သာမန်နိယာမ သုံးမျိုးကိုသာ ကျွမ်းကျင်ထားခဲ့လျှင်ပင် သူ၏ပါရမီမှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ဖြစ်နေဦးမည်သာ။

ယခင်က၊ လူတိုင်းသည် လုမင်ကို သတ္တမအဆင့်သာ ရောက်ရှိမည်ဖြစ်ပြီး ရဟန်းဝူလျန့် ၊ အောင်ခယ့်နှင့် ပေါင်သဲတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ဟု တွေးခဲ့ကြသည်။

သို့သော် ယခုတွင်မူ သူတို့ စိတ်ပြောင်းသွားကြပြီ။

ယွင်ဟောက်ကို အနိုင်ယူနိုင်ခြင်းက လုမင်၏ ခွန်အားမှာ ရဟန်းဝူလျန့်၊ အောင်ခယ့်၊ ပေါင်သဲနှင့် ပေါင်ပေါင်တို့၏ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သက်သေပြခဲ့သည်။

သူသည် ထိပ်ဆုံးငါးနေရာအတွက် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီသွားခဲ့ပြီ ဖြစ်၏။

သူသည် သိုင်းဧကရာဇ်တစ်ပါး မဖြစ်သေးသော်လည်း ဤကဲ့သို့သော အောင်မြင်မှုမျိုး ရှိနေခြင်းက အမှန်တကယ်ပင် တုန်လှုပ်ဖွယ် ကောင်းသည်။

ဤသို့ဖြင့် လုမင်သည် လေးပွဲဆက်တိုက် အနိုင် ရရှိသွားခဲ့ပေသည်။

စတုတ္ထအချီ၏ ဒုတိယပွဲစဉ်မှာ ပေါင်ပေါင်နှင့် ရဟန်းဝူလျန့်တို့ ဖြစ်သည်။

"အမိတ္တဘ...၊ ကောင်မလေး... မင်းနဲ့ငါက တကယ်ကို ရေစက်ရှိပါတယ်"

တိုက်ပွဲစင်မြင့်ပေါ်တွင် ရဟန်းဝူလျန့်က ပေါင်ပေါင်ကို လေးလေးနက်နက်ကြည့်ကာ သွားရည်ကျလုနီးပါး ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင်၊ ဤအရာက ထိပ်ဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်ထဲမှ တစ်ကောင်ဖြစ်သည် မဟုတ်ပါလော။ ရဟန်းဝူလျန့်၏ စိတ်နှလုံးမှာ စိတ်အားထက်သန်မှုတို့ဖြင့် တောက်လောင်နေခဲ့သည်။

"ဘုန်းကြီး... ရှင်ကတော့ အရိုက်ခံချင်နေပုံရတယ်"

ပေါင်ပေါင်က ရဟန်းဝူလျန့်နှင့် အပိုစကားများ ပြောမနေချင်တော့ချေ။ အကြောင်းမှာ၊ လုမင်က သူမကို သင်ပေးထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ရဟန်းဝူလျန့်ကို မြင်ရသည်နှင့် ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်တော့သည်။

"ဟ ကောင်မလေးရ... မင်းနဲ့ငါက တကယ်ကို ရေစက်ရှိတာပါ"

ရဟန်းဝူလျန့်က အော်ဟစ်လိုက်သည်။ သူက နောက်ဆုတ်မနေဘဲ ဗုဒ္ဓအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့၏။ အကြောင်းမသိသူများဆိုလျှင် သူ့ရုပ်သွင်ကို မြင်ပြီး တရားထူးရထားသော ရဟန်းတစ်ပါးဟု အမှန်တကယ်ပင် ထင်မှတ်သွားကြမည် ဖြစ်သည်။

ရဟန်းဝူလျန့်ကို ရင်ဆိုင်ရချိန်တွင် ပေါင်ပေါင်က မပေါ့ဆဝံ့ချေ။ သူက သူမ၏ အစစ်အမှန်သဏ္ဌာန်သို့ တိုက်ရိုက်ပြောင်းလဲလိုက်ပြီး အချိန်နှင့်ဟင်းလင်းပြင်ကို ထိန်းချုပ်လိုက်သည်။

အချိန်ဟင်းလင်းပြင် ဝိညာဉ်ကြွက်၏ တိုက်ခိုက်ရေးစွမ်းအားက သန်မာလွန်းသည်။ သူ၏ အချိန်နှင့်ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်စွမ်းမှာ ယွင်ဟောက်ထက် များစွာ သာလွန်ပေသည်။

သူ၏ တိုက်ခိုက်မှုများကလည်း အလွန် ထူးဆန်းသည်။ ရဟန်းဝူလျန့်က ပေါင်ပေါင်ကို လုံးဝ မထိနိုင်ခဲ့ပေသည်။ သူသည် လက်ဖဝါးတွင်းရှိ ဗုဒ္ဓတိုင်းပြည်၊ ဗုဒ္ဓခြင်္သေ့ဟိန်းသံ၊ ဗုဒ္ဓလက်ဝါးပုံရိပ်နှင့် အခြားသော နတ်ဘုရားစွမ်းရည်များကို မည်သို့ပင် အသုံးပြုစေကာမူ ပေါင်ပေါင်ကိုမူ မည်သို့မျှ မတတ်နိုင်ခဲ့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူသည် တစ်ခါတစ်ရံတွင် ပေါင်ပေါင်၏ အလစ်အငိုက် တိုက်ခိုက်မှုများကြောင့် ပြဿနာများခဲ့ရသည်။

နောက်ဆုံးတွင်တော့ သူသည် ပေါင်ပေါင်၏ လက်ချက်ဖြင့် တိုက်ပွဲစင်မြင့် ပြင်ပသို့ လွင့်ထွက်သွားခဲ့ရတော့သည်။

"ဘုန်းကြီး... ရှင်က တကယ်အရေထူတာပဲ"

ပေါင်ပေါင်က သူမ၏ နှုတ်ခမ်းကို မဲ့လိုက်သည်။

ပေါင်ပေါင်အနေဖြင့် ရဟန်းဝူလျန့်ကို တိုက်ခိုက်ရေးစင်မြင့် ပြင်ပသို့သာ လွင့်ထွက်သွားအောင် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရဟန်းဝူလျန့်၏ ဗုဒ္ဓရွှေခန္ဓာက အမှန်တကယ် သန်မာလွန်းသဖြင့် ပေါင်ပေါင်အနေဖြင့် ၎င်းကို ထိုးဖောက်နိုင်‌ခြင်း မရှိခဲ့ပေ။

ဟုတ်သည်၊ အကယ်၍ ပေါင်ပေါင်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာပြီး ရဟန်းဝူလျန့်နှင့် တူညီသောအဆင့်သို့ ရောက်ရှိလာပါက ဇာတ်လမ်းမှာ တစ်မျိုးပြောင်းလဲသွားပေလိမ့်မည်။

စတုတ္ထအချီ၏ တတိယပွဲစဉ်မှာ ယွမ်ရှင်းနှင့် အောင်ခယ့်တို့ ဖြစ်သည်။

ဤပွဲသည် ကစဉ့်ကလျား၏သားတော်နှင့် ရှေးဦးမိစ္ဆာလမ်းစဉ်တို့အကြား ရင်ဆိုင်ရသည့် အခြားသော အထွတ်အထိပ် တိုက်ပွဲတစ်ခု ဖြစ်၏။

အောင်ခယ့်သည် ပေတစ်ထောင်ရှည်လျားသော ခရမ်းရွှေရောင် အစစ်အမှန်နဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့တစ်ကိုယ်လုံးတွင် ခရမ်းရွှေရောင်အလင်းတန်းများ စီးဆင်းနေ၏။ သူ၏ နဂါးလက်သည်းများက ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်နိုင်ပြီး နဂါးမျိုးနွယ်စု၏ နတ်ဘုရားစွမ်းရည်များကို အသုံးပြုခဲ့သည်။

သို့သော်၊ အောင်ခယ့်က အလွန်သန်မာသော်လည်း ယွမ်ရှင်းထက် အနည်းငယ် အားနည်းနေဆဲပင်။ ယွမ်ရှင်းက နိယာမနှစ်မျိုးကို ထုတ်ဖော်လိုက်ပြီး အောင်ခယ့်ကို အနိုင်ယူလိုက်သည်။

နောက်တစ်ပွဲကမူ ထျန်းမင်နှင့် ဟန်ရှင်းဟဲတို့အကြား တိုက်ပွဲဖြစ်သော်လည်း စိတ်ဝင်စားစရာ မရှိခဲ့ချေ။ ဟန်ရှင်းဟဲက တိုက်ရိုက်ပင် အရှုံးပေးလိုက်သည်။

ပဉ္စမမြောက် ပွဲစဉ်က ပေါင်သဲနှင့် ရှေးနတ်ဆိုးတို့ ဖြစ်၏။ သံသယဖြစ်ဖွယ်မရှိဘဲ ပေါင်သဲ အနိုင်ရရှိသွားခဲ့သည်။

စတုတ္ထအချီ ပြီးဆုံးသွားခဲ့ပြီး မကြာမီမှာပင် ပဉ္စမအချီ စတင်လာခဲ့သည်။

ပဉ္စမအချီ၏ ပထမဆုံးပွဲစဉ်မှာ လုမင်နှင့် အောင်ခယ့်တို့ ဖြစ်သည်။

အောင်ခယ့်၏ မျက်လုံးများက တည်ကြည်လေးနက်နေခဲ့၏။ လုမင် ယခင်က ပြသခဲ့သော ခွန်အားမှာ သူ့ကို ခြိမ်းခြောက်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အောင်ခယ့်သည် သူ တိုက်ခိုက်လိုက်သည်နှင့် သူ၏ ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။ သူသည် ခရမ်းရွှေရောင် အစစ်အမှန်နဂါးအဖြစ် ပြောင်းလဲကာ လုမင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့၏။

"ဝုန်း..."

လုမင်၏ ခန္ဓာကိုယ်က တောက်ပလာခဲ့ပြီး ၎င်းထံမှ တုန်လှုပ်ဖွယ် ကောင်းသော နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အောင်ခယ့်၏ ခန္ဓာကိုယ်က တုန်ရီသွားပြီး သူ့မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

"နဝမနဂါး"

အောင်ခယ့် မျက်နှာပျက်သွားသည်။

ကျွမ်းကျင်သူများအကြား တိုက်ပွဲတွင် အချိန်တိုင်း၊ အခိုက်အတန့်တိုင်းက အရေးကြီးပေသည်။ အောင်ခယ့်မှာ အနည်းငယ် ကြက်သေသေသွားခဲ့ရသည်။ ထိုအချိန်တွင် လုမင်က ပြေးဝင်လာခဲ့ပြီး ကစဉ့်ကလျားနိယာမ၊ သေခြင်းနိယာမနှင့် အစီရင်နိယာမတို့ကို ထုတ်ဖော်လိုက်၏။

နိယာမသုံးမျိုး ပေါင်းစပ်သွားခဲ့ပြီး မုန်တိုင်းတိုက်ခတ်သကဲ့သို့ တိုက်ခိုက်တစ်ခုကို ထုတ်ဖော်ကာ အောင်ခယ့်ကို ဖိနှိပ်ထားလိုက်တော့သည်။

အောင်ခယ့်သည် တိုက်ကွက်ပေါင်းများစွာကို မနည်းတောင့်ခံထားခဲ့ရပြီး နောက်ဆုံးတွင် လုမင်၏ လက်ချက်ဖြင့် တိုက်ပွဲစင်မြင့် ပြင်ပသို့ လွင့်စင်ထွက်သွားခဲ့ရသည်။

လုမင် အနိုင်ရရှိသွားခဲ့ပြီ။

ဤအရာက လူအများကို လုမင်၏ တိုက်ခိုက်ရေးစွမ်းအားအပေါ် နောက်တစ်ကြိမ် ပြန်လည်သုံးသပ်စေခဲ့ပြန်သည်။

သူတို့က လုမင်သည် ထိပ်ဆုံးသုံးနေရာအတွက် ယှဉ်ပြိုင်နိုင်သော ခွန်အား ရှိနေပြီဟု တွေးလိုက်ကြပေသည်။

"လုမင်က ပေါင်သဲနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိကောင်းရှိနိုင်ပေမဲ့ ယွမ်ရှင်းတို့ ထျန်းမင်တို့နဲ့ နှိုင်းယှဉ်ရင်တော့ နည်းနည်း အားနည်းနေပါသေးတယ်"

"ဟုတ်တယ်... တကယ်လို့ မျှော်လင့်မထားတာမျိုး မဖြစ်ခဲ့ရင် သူက တတိယနဲ့ စတုတ္ထအဆင့်ကြားမှာပဲ ရှိနေလိမ့်မယ်"

အချို့လူများက ဆွေးနွေးနေကြပြီး အဆင့်သတ်မှတ်ချက်များကို ပြန်လည်ခန့်မှန်းလိုက်ကြသည်။

ပဉ္စမအချီ၏ ပထမဆုံးပွဲစဉ် ပြီးဆုံးသွားခဲ့ပြီ။ ဒုတိယပွဲစဉ်မှာ ပေါင်ပေါင်နှင့် ယွမ်ရှင်းတို့ ဖြစ်သည်။

ဤတိုက်ပွဲက အလွန် ပြင်းထန်သည်။ ပေါင်ပေါင်က သူမ၏ မူလခန္ဓာကိုယ်သို့ ပြောင်းလဲလိုက်ပြီး အချိန်ဟင်းလင်းပြင်နိယာမကို အစွမ်းကုန် အသုံးပြုကာ ခန့်မှန်းရခက်ခဲစွာ လှုပ်ရှားခဲ့၏။

သို့သော်လည်း ယွမ်ရှင်းက အမှန်တကယ် အစွမ်းထက်လှသည်။ လုမင် ယခင်က ယွင်ဟောက်နှင့် တိုက်ခိုက်ခဲ့သည့် ပွဲစဉ်ကဲ့သို့ပင်၊ သူက အကြွင်းမဲ့အင်အားဖြင့် အချိန်နိယာမကို ဖျက်ဆီးခဲ့သည်။

ဤတိုက်ပွဲတွင် ပေါင်ပေါင်က အနိုင်မရရှိတော့ပေ။ တိုက်ကွက်ပေါင်းများစွာ အပြီး၊ အခြေအနေမလှသည်ကို မြင်သောအခါ သူမက တိုက်ရိုက်ပင် အရှုံးပေးလိုက်သည်။

တတိယပွဲစဉ်မှာ ရဟန်းဝူလျန့်နှင့် ရှေးနတ်ဆိုးတို့ ဖြစ်သည်။ ထိုပွဲတွင် ရဟန်းဝူလျန့် အနိုင်ရသွားခဲ့၏။

ထို့နောက်တွင် ထျန်းမင်နှင့် ပေါင်သဲတို့က အသီးသီး အနိုင်ရရှိသွားခဲ့ကြသည်။

ဆဋ္ဌမအချီသို့ ရောက်ရှိလာချိန်တွင် ပထမဆုံးပွဲစဉ်မှာတင် လေထုက မြင့်တက်လာတော့သည်။

အကြောင်းမှာ၊ ပထမဆုံးပွဲစဉ်က လုမင်နှင့် ပေါင်သဲတို့၏ ပွဲစဉ် ဖြစ်နေသောကြောင့်ပင်။

လူအများစု၏ အမြင်တွင် လုမင်နှင့် ပေါင်သဲတို့က တူညီသောအဆင့်တွင် ရှိနေကြပြီး တတိယနေရာအတွက် ယှဉ်ပြိုင်ရန် အလားအလာအကောင်းဆုံး ကိုယ်စားလှယ်လောင်းများ ဖြစ်နေကြပြီ ဖြစ်သည်။

ဤပွဲစဉ်တွင် မည်သူမဆို အနိုင်ရရှိသူက တတိယနေရာကို ရရှိနိုင်လိမ့်မည်။

"လုမင်... မင်းက တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ သိုင်းဧကရာဇ်တစ်ယောက် မဖြစ်သေးတာတောင် ဒီလိုသန်မာတဲ့ တိုက်ခိုက်ရေးစွမ်းအားမျိုး ရှိနေတယ်။ ငါ ပေါင်သဲက မင်းကို တကယ်လေးစားမိပါတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ အနိုင်ရရှိသူက သေချာပေါက် ငါပဲ ဖြစ်ရမယ်"

ပေါင်သဲက သွားဖြဲပြုံးလိုက်သည်။ သူ၏ မျက်လုံးများက ဝက်ဝံနက်ကြီးတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်သောအလင်းတန်းများကို ဖြာထွက်နေ၏။

"ဗလကြီး... မင်းက အဲလောက်သေချာနေတာလား"

လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

"ဒီလိုဆိုရင် အန္တိမနိယာမနှစ်မျိုး ပေါင်းစပ်မှုက ဘယ်လောက်တောင် သန်မာလဲဆိုတာ ငါကြည့်ပါရစေ"

ပေါင်သဲက တိုက်ခိုက်လိုသော အမူအရာကို ပြသလိုက်သည်။ သူက ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ သူ့ခန္ဓာကိုယ်ကြီးက တောင်ကြီးတစ်လုံးကဲ့သို့ လုမင်ထံသို့ အရှိန်အဟုန်ဖြင့် ပြိုဆင်းသွား၏။

သူ၏ လက်သီးတစ်ချက်ဖြင့် ဟင်းလင်းပြင်က ပေါက်ကွဲသွားရသည်။ ကြောက်စရာကောင်းသော လက်သီးအင်အားတစ်ခုက လုမင်ထံသို့ ဖိနှိပ်ကျရောက်လာတော့သည်။

All Chapters