အခန်း (၂၁၂၇-၂၁၂၈)
Vol. 148 Ch. 2127-2128
အပိုင်း ( 2127 ) လုမင်နှင့် ယွမ်ရှင်း။
"ထျန်းမင်က လောကမှာ နံပါတ်တစ်ပဲ၊ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး"
"အဆင့်သတ်မှတ်ချက်တွေကတော့ အတော်လေး ရှင်းလင်းသွားပါပြီ။ ထျန်းမင်က ပထမ၊ ယွမ်ရှင်းက ဒုတိယပဲ။ လုမင်ကတော့ အခုထိ ဧကရာဇ်တစ်ပိုင်း အဆင့်မှာပဲ ရှိနေသေးတာ နှမြောစရာပဲ။ တကယ်လို့ သူသာ သိုင်းဧကရာဇ်ဖြစ်လာရင် ထျန်းမင်နဲ့ ယှဉ်ပြိုင်နိုင်လောက်တယ်"
"ဒီလောကမှာ 'တကယ်လို့'ဆိုတာ မရှိဘူး။ ထျန်းမင်က ခြေတစ်လှမ်း သာနေပြီးသားဖြစ်လို့ အနာဂတ်မှာ ပိုပြီးတော့ပဲ သန်မာလာမှာပဲလေ။ လုမင်က ထျန်းမင်ရဲ့ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"
လူတိုင်းက ဆွေးနွေးလိုက်ကြသည်။ နောက်ဆုံးတွင် လုမင်အပေါ် ရန်လိုမုန်းတီးနေသော တစ်စုံတစ်ယောက်က လုမင်ကို တမင်တကာ နှိမ့်ချပြောဆိုလိုက်၏။ ရှန်းရှန်း၊ ပေါင်ပေါင်နှင့် အခြားသူများလည်း ထိုသူ့ကို စူးစိုက်ကြည့်လိုက်ကြတော့သည်။
သတ္တမမြောက်အချီတွင်၊ ထျန်းမင်နှင့် ယွမ်ရှင်းတို့၏ တိုက်ပွဲအပြီး၌ နောက်ဆက်တွဲ တိုက်ပွဲများမှာက အလွန်အမင်း အံ့ဩစရာ မရှိတော့ပေ။ အနိုင်ရလိမ့်မည်ဟု ခန့်မှန်းထားကြသူများအားလုံး အနိုင်ရရှိသွားခဲ့ကြသည်။
လုမင်လည်း အနိုင်ရခဲ့၏။ ဤတိုက်ပွဲတွင် သူက ဝူလျန့်နှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဝူလျန့်က လုမင်နှင့် အကွက်အနည်းငယ် အပြန်အလှန် တိုက်ခိုက်ပြီးနောက်တွင် တိုက်ရိုက် အရှုံးပေးလိုက်ပေသည်။
"လုမင်... မင်းက တကယ်ကို မိစ္ဆာကောင်ပဲ။ ဒီလောက်နှစ်တွေအများကြီး ကြာပြီးနောက် ငါ မင်းကို ဖိနှိပ်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာ...၊ ဒါပေမဲ့ ငါက မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဦးမယ်လို့ မမျှော်လင့်ထားမိဘူး"
ဝူလျန့်က ခါးသက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"အောင်မယ်... ဘာတွေလာပြောနေတာလဲ။ ဘာကို မိစ္ဆာကောင်လဲ။ ဒါက ငါ့ရဲ့ ပါရမီပဲကွ၊ မင်း နားလည်ရဲ့လား"
လုမင်က ဝူလျန့်ကို မျက်လုံးစွေ ကြည့်လိုက်၏။
"အမိတ္တဘ"
ဝူလျန့်လည်း စကားများများ မပြောတော့ဘဲ ဘေးသို့ ဆုတ်ခွာသွားတော့သည်။
သတ္တမမြောက်အချီ ပြီးဆုံးသွားပြီးနောက်တွင် ဆံပင်ဖြူအဘိုးအိုက လူတိုင်းကို သုံးရက်ကြာ အနားယူစေပြီး သုံးရက်အကြာတွင် တိုက်ပွဲကို ဆက်လက်ကျင်းပရန် ကြေညာလိုက်သည်။
ဤအရာမှာ ယွမ်ရှင်းကဲ့သို့ အချို့သောလူများက ဒဏ်ရာရရှိထားကြပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ အချိန်က ကုန်ဆုံးသွားခဲ့၏။ လူတိုင်းက သူတို့၏ အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြပြီ။
"လုမင်နဲ့ ယွမ်ရှင်း"
အဋ္ဌမမြောက်အချီ၏ အစတွင် ဆံပင်ဖြူဖြင့် အဘိုးအိုက အရေးကြီးဆုံး တိုက်ပွဲကို ကြေညာလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် လူအများစု ဤတိုက်ပွဲကို မျှော်လင့်စောင့်စားနေကြခြင်း ဖြစ်သည်။
အကြောင်းမူ၊ ဤတိုက်ပွဲက ကစဉ့်ကလျားသားတော် နှစ်ဦးကြားမှ တိုက်ပွဲဖြစ်သလို ဒုတိယနှင့် တတိယနေရာအတွက် တိုက်ပွဲလည်း ဖြစ်နေသောကြောင့်ပင်။
ယွမ်ရှင်း ထုတ်ဖော်ပြသခဲ့သော ခွန်အားက အလွန်တုန်လှုပ်ဖွယ် ကောင်းလွန်းသဖြင့် လူအများစုက လုမင်သည် ယွမ်ရှင်း၏ ပြိုင်ဘက် ဖြစ်လာလိမ့်မည်မဟုတ်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော်လည်း မည်သို့ပင်ဖြစ်စေ ဤအရာက ကစဉ့်ကလျားသားတော် နှစ်ဦးကြားမှ တိုက်ပွဲဖြစ်သဖြင့် ရှားရှားပါးပါး တိုက်ပွဲတစ်ခု ဖြစ်ပေသည်။
ယွမ်ရှင်း၏ မျက်လုံးများထဲတွင် ခက်ထန်သော အလင်းရောင်များ ပြည့်နှက်နေခဲ့သည်။ သူက ရှေ့သို့ လှမ်းထွက်လိုက်ပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လှမ်းလိုက်၏။
လုမင်လည်း တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ တက်လှမ်းလာတော့သည်။
"လုမင်... ဒီတစ်ကြိမ်တော့ မင်းကို ငါ အရှက်တကွဲနဲ့ ရှုံးနိမ့်စေရမယ်"
ယွမ်ရှင်းက လုမင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"အိုး၊ တကယ်လား။ ဒါပေမဲ့ ငါမင်းကို တစ်ခုတော့ ပြောထားရမယ်။ ငါ့လက်ထဲမှာ တစ်ကြိမ် ရှုံးနိမ့်ဖူးပြီးသူတိုင်းက နောက်ပိုင်းမှာ ငါ့ကို ကျော်ဖြတ်နိုင်ခဲ့တာ မရှိခဲ့ဖူးဘူး၊ မင်းတောင်မှ မလုပ်နိုင်ဘူး"
လုမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ဘာ...
လူတိုင်း အံ့ဩသွားကြ၏။
လုမင်က ဘာကို ဆိုလိုသနည်း။ လုမင်သည် ယခင်က ယွမ်ရှင်းကို အနိုင်ယူခဲ့ဖူးလို့လား။ ဒါက အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။
သို့သော်လည်း မကြာမီမှာပင် လုမင်နှင့် ယွမ်ရှင်းတို့က ဟွင်းယွမ်ဂိုဏ်း၏ စမ်းသပ်စစ်ဆေးမှုအတွင်း တိုက်ခိုက်ခဲ့ကြဖူးပြီး ယွမ်ရှင်း ရှုံးနိမ့်ခဲ့ဖူးသည်ဟူသော သတင်းများ ပျံ့နှံ့သွားခဲ့သည်။
ထိုအခါ လူတိုင်း အံ့အားသင့်သွားကြပေသည်။ တကယ်ပဲ ထိုကဲ့သို့သော အရာမျိုး ရှိခဲ့ပါသလော။ ကစဉ့်ကလျားသားတော် နှစ်ဦးကြားတွင် ယခင်ကတည်းက ရန်ငြိုးရန်စ ရှိနေခဲ့ပုံရသည်။
"အဲဒီတုန်းက ငါဟာ ဖိနှိပ်ခံထားရရုံပဲကွ။ တကယ်လို့ ငါသာ ဖိနှိပ်မခံထားရရင် လက်ဝါးတစ်ချက်တည်းနဲ့ မင်းကို ရိုက်သတ်ပစ်နိုင်တယ်"
ယွမ်ရှင်း၏ အမူအရာက အေးစက်နေဆဲ ဖြစ်သည်။ သူကပင် ဆက်ပြောလိုက်၏။
"လုမင်... ကစဉ့်ကလျားကျမ်းကို အပ်ပါ။ မင်းက အဲဒါကို ပိုင်ဆိုင်ဖို့ အရည်အချင်းမရှိဘူး"
"ငါက အရည်အချင်းမရှိဘူး ဟုတ်လား၊ ဒါဆို မင်းက အရည်အချင်းရှိလို့လား"
လုမင်က လှောင်ပြုံးပြုံးကာ ပြောလိုက်၏။
"မင်းက ကစဉ့်ကလျားကျမ်းကို လိုချင်တယ် မဟုတ်လား။ ရတယ်...၊ ဒီလိုဆိုရင် ငါတို့ လောင်းကြေးထပ်မလား"
"ဘာကို လောင်းမှာလဲ"
ယွမ်ရှင်းက အေးစက်စွာ မေးသည်။
"ဒီတိုက်ပွဲကို လောင်းကြေးထပ်ကြမယ်။ တကယ်လို့ ဒီတိုက်ပွဲမှာ ငါရှုံးရင် မင်းကို ကစဉ့်ကလျားကျမ်း ပေးမယ်။ မင်းရှုံးရင်တော့ မင်းရဲ့ တစ်သက်တာလုံး ငါ့စကားကို နားထောင်ရမယ်။ ဘယ်လိုလဲ"
လုမင်က ပြောလိုက်၏။
"မင်းနဲ့ ငါ မလောင်းဘူး"
ယွမ်ရှင်းက အေးစက်စွာ ငြင်းပယ်လိုက်သည်။
"မင်း မလောင်းရဲဘူးလား။ ရှုံးမှာ ကြောက်နေတာလား"
လုမင်က ဆိုသည်။
"ငါ မရှုံးဘူး။ ဒါပေမဲ့ ငါ ကစဉ့်ကလျားကျမ်းကို လိုချင်တယ်။ ဒါကြောင့် မင်းကို အနိုင်ယူပြီး မင်းဆီကနေ ငါ လုယူမယ်
ယွမ်ရှင်းက သူ့ကိုယ်သူ အလွန်ယုံကြည်မှု ရှိနေခဲ့သည်။ ထိုသို့ပြောပြီးနောက် သူသည် အခြားမည်သည့်စကားမျှ မဆိုတော့ဘဲ လုမင်ထံသို့ ခြေလှမ်းကျဲဖြင့် လှမ်းလာခဲ့၏။
"ဝုန်း..."
သန်မာသော အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ကစဉ့်ကလျားနိယာမလှိုင်းများ ပျံ့နှံ့သွားတော့သည်။ တစ်ချိန်တည်းမှာပင် ထိုနေရာ၌ နောက်ထပ် နိယာမတစ်ခုလည်း ရှိနေခဲ့သည်။
၎င်းက ဘုရင်နိယာမတစ်မျိုး ဖြစ်ပေသည်။ ၎င်းမှာ မပြည့်ဝသေးသော်လည်း ယွမ်ရှင်း၏ တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ တိုးမြင့်ပေးနေဆဲ ဖြစ်သည်။
"ကစဉ့်ကလျား နတ်ဘုရားလက်သီး"
ယွမ်ရှင်းက တိုက်ခိုက်မှု ထုတ်ဖော်လိုက်သည်။ သူက အဆက်မပြတ် ထိုးနှက်လိုက်ရာ ဟင်းလင်းပြင်
အက်ကွဲသွား၏။
သူက လက်သီးဖြင့် ထိုးနှက်လိုက်သည့် အကြိမ်တိုင်းတွင် တောင်တစ်လုံး ဖြစ်ပေါ်လာပြီး လုမင်ကို ဖိနှိပ်ချေမှုန်းလာတော့သည်။
ထိုတောင်များက ကစဉ့်ကလျားနိယာမမှ ဆင်းသက်ပြောင်းလဲလာခြင်းဖြစ်ပြီး အလွန် အင်အားကြီးမားသည်။
"ဝုန်း..."
လုမင်ကလည်း တိုက်ကွက် ထုတ်ဖော်လိုက်သည်။ နိယာမသုံးမျိုးက ပေါက်ကွဲထွက်ပေါ်လာ၏။ သူက ကစဉ့်ကလျား နတ်ဘုရားလက်ဝါးကို အသုံးပြုလျက် အကြိမ်အနည်းငယ် ဆက်တိုက် ရိုက်ထုတ်လိုက်တော့သည်။
"ဝုန်း... ဝုန်း..."
လက်ဝါးရိုက်ချက် တစ်ခုချင်းစီက တောင်တစ်လုံးကို ရိုက်ခွဲပစ်နိုင်စွမ်း ရှိသည်။ ကစဉ့်ကလျားနိယာမမှ ဖြစ်ပေါ်လာသော တောင်များမှာ လေထဲတွင် ပေါက်ကွဲသွားခဲ့ရတော့သည်။
"ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း"
တောင်အနည်းငယ်ကို ဆက်တိုက်ရိုက်ခွဲပြီးနောက် လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ထပ်မံအသုံးပြုလိုက်သည်။ ကြီးမားသော ကစဉ့်ကလျား လက်ချောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး ယွမ်ရှင်းထံသို့ ဖိနှိပ်ချေမှုန်းသွားခဲ့၏။
ယွမ်ရှင်းကလည်း လက်သီးအနည်းငယ် ထိုးနှက်လိုက်ပြီး ကစဉ့်ကလျား လက်ချောင်းကို ဖြိုခွဲလိုက်တော့သည်။
သို့သော်၊ ထိုအချိန်တွင် လုမင်က ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူက ကစဉ့်ကလျား နတ်ဘုရားလက်ဝါးဖြင့် အဆက်မပြတ် ရိုက်ချလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အကြိမ်ပေါင်း ရာနှင့်ချီ၍ ရိုက်ချလိုက်ပြီး ဖြစ်သည်။
ယွမ်ရှင်းကလည်း လက်သီးဖြင့် ထိုးနှက်ကာ လုမင်ကို ရင်ဆိုင်လိုက်တော့သည်။
ရုပ်သွင်နှစ်ခုမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး အချိန်တိုအတွင်း အနိုင်အရှုံးကို အဆုံးအဖြတ်ပေးရန် မလွယ်ပေ။
ကစဉ့်ကလျားနိယာမ စွမ်းအင်လှိုင်းများက တိုက်ပွဲစင်မြင့်တစ်ခုလုံးသို့ ပျံ့နှံ့စီးဆင်းနေခဲ့သည်။
ယွမ်ရှင်းက အလွန်သန်မာသည်။ သူက ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦး ဖြစ်၏။ ကျင့်ကြံခြင်းအဆင့် အရဆိုလျှင် သူသည် လုမင်ထက် များစွာ ပိုမိုသန်မာသည်။
သို့သော်လည်း လုမင်၏ ခန္ဓာကိုယ်နှင့် သူတော်စင်စွမ်းအင်မှာ ငါးကြိမ်တိုင်တိုင် သန့်စင်ခြင်း ခံထားခဲ့ရပြီး ဖြစ်သည်။ သူ့ထံတွင် အသန်မာဆုံး အန္တိမနိယာမနှစ်မျိုးနှင့် ဘုရင်နိယာမ သုံးမျိုး ရှိနေခဲ့၏။ ဤအရာက ကျင့်ကြံခြင်းအဆင့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့သည်။
"လုမင်က တကယ် သန်မာတာပဲ။ သူက ယွမ်ရှင်းနဲ့ တကယ်ကို ယှဉ်ပြိုင်နိုင်နေတယ်။ ဒါပေမဲ့ ယွမ်ရှင်းမှာ သူ အသုံးမပြုရသေးတဲ့ လျှို့ဝှက်ကျင့်စဉ် ရှိနေသေးတယ်။ လုမင်က ရှုံးမှာသေချာပါတယ်"
လူတစ်ယောက်က လုမင်၏ တိုက်ခိုက်ရေးစွမ်းအားကို အကြမ်းဖျင်း အကဲဖြတ်ရင်း ပြောလိုက်သည်။ သို့သော်လည်း သူတို့က လုမင် ရှုံးနိမ့်မည်ဟုသာ ထင်မြင်နေကြသေးသည်။
"ယွမ်ရှင်း... မင်းရဲ့ အသန်မာဆုံး တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လိုက်ပါ။ ဒီလောက်ပဲဆိုရင်တော့ မလုံလောက်သေးဘူး"
လုမင်က တိုက်ခိုက်နေရင်း ပြောလိုက်သည်။
"မင်းက မြင်ချင်မှတော့ မင်းကို ငါ ချေမှုန်းပြရတာပေါ့"
"ကစဉ့်ကလျား နတ်ဘုရားခန္ဓာ"
ယွမ်ရှင်းက ဟိန်းဟောက်လိုက်သည်။ ကစဉ့်ကလျားနိယာမများ လှိုင်းခတ်သွား၏။ သူ့ခန္ဓာကိုယ်က ကစဉ့်ကလျားကျောက်တုံးတစ်ခုအဖြစ် ပြောင်းလဲသွားဟန်ဖြင့် မီးခိုးရောင်သန်းလာတော့သည်။
ဤလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုပြီးနောက်တွင် ယွမ်ရှင်း၏ တိုက်ခိုက်ရေးစွမ်းအားက များစွာ မြင့်တက်သွားခဲ့သည်။ သူက လက်သီးတစ်ချက် ထိုးနှက်လိုက်ပြီး လုမင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
"ဒုန်း..."
လုမင်မှာ သူ့လက်မောင်းက ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက နောက်သို့ ခြေလှမ်း ငါးလှမ်း၊ ခြောက်လှမ်းခန့် ဆုတ်သွားရတော့သည်။
"ဝုန်း... ဝုန်း..."
ယွမ်ရှင်းက အခွင့်အရေးကို ဆုပ်ကိုင်ပြီး လက်သီးချက်များ ထိုးနှက်လိုက်သည်။ လုမင်လည်း နောက်သို့ဆုတ်ရန် ဖိအားပေးခံလာရတော့သည်။
"လုမင်... မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ကစဉ့်ကလျားကျမ်းကို ပေးစမ်း"
ယွမ်ရှင်းက အော်ဟစ်လိုက်ပြီး ရူးသွပ်စွာ တိုက်ခိုက်လိုက်သည်။
"မလောနဲ့လေ၊ နိယာမသုံးမျိုးက မင်းကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး မဟုတ်လား။ ဒါဆိုရင် နိယာမလေးမျိုးပေါ့"
သူ စကားသံဆုံးသည်နှင့် တစ်ပြိုင်နက်၊ လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ် နိယာမမြစ်တစ်စင်း ပေါ်ထွက်လာခဲ့သည်။ ၎င်းက ယခင် နိယာမသုံးမျိုးနှင့် ပေါင်းစည်းသွားခဲ့တော့၏။
နောက်အခိုက်အတန့်တွင်၊ လုမင်၏ ခန္ဓာကိုယ်ပေါ်၌ လေးရောင်ခြယ် နိယာမမြစ်ကြီးတစ်စင်း ပေါ်ထွက်လာတော့သည်။
နောက်ထပ် နိယာမတစ်ခု ထပ်တိုးလာခြင်းနှင့်အတူ လုမင်၏ တိုက်ခိုက်ရေးစွမ်းအားက များစွာ တိုးမြင့်သွားခဲ့သည်။ သူက လက်ဝါးတစ်ချက် ရိုက်ချလိုက်ပြီး ယွမ်ရှင်း၏ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။ သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များမှာ တုန်ခါသွားခဲ့ပြီး နောက်သို့ ဆုတ်သွားခဲ့ကြရတော့သည်။
သို့သော်လည်း လုမင်က နောက်သို့ နှစ်လှမ်းသာ ဆုတ်ခဲ့ရပြီး ယွမ်ရှင်းမှာမူ နောက်သို့ ခြေလှမ်းလေးလှမ်း ဆုတ်သွားခဲ့ရသည်။
"နိယာမလေးမျိုး... လုမင်က နိယာမလေးမျိုးကို နားလည်သဘောပေါက်ထားတာပဲ"
"ဗုဒ္ဓေါ... ဒါက ဝါးမျိုခြင်းနိယာမပဲ။ အသန်မာဆုံး နိယာမ နှစ်မျိုးနဲ့ ဘုရင်နိယာမ နှစ်မျိုး။ ဒါက တကယ်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နေပြီ"
"ဒါကြီးက ကြောက်စရာကောင်းလွန်းတယ်"
လူတိုင်း တုန်လှုပ်သွားခဲ့ကြရသည်။ အချို့လူများမှာလည်း တအံ့တဩ အော်ဟစ်လိုက်ကြ၏။
ယခင်က လုမင်သည် သူ့ခွန်အားကို အပြည့်အဝ အသုံးမပြုခဲ့ပေ။
သူသည် အသန်မာဆုံးနိယာမ နှစ်မျိုးကို ထိန်းချုပ်ထားနိုင်ရုံသာမက အခြားသော ဘုရင်နိယာမ နှစ်မျိုးကိုလည်း နားလည်သဘောပေါက်ထားခဲ့သည်။ ထို့ပြင် ၎င်းတို့အားလုံးက ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိထားခဲ့ကြ၏။ လုမင်၏ အသက်က ဘယ်လောက်ရှိသေးပါသနည်း။ သူက ဘယ်လိုများ ကျင့်ကြံခဲ့သနည်း။
လူတိုင်းက အံ့ဩတုန်လှုပ်သွားကြသည်။ သိုင်းဧကရာဇ်များပင်လျှင် အံ့အားသင့်နေကြတော့သည်။
အပိုင်း ( 2128 ) နောက်ဆုံးတိုက်ပွဲ။
"ဆရာက ပြိုင်ဘက်ကင်းတယ်"
"ဆရာပဲနိုင်မှာ သေချာပါတယ်"
လုရှန်းရှန်းနှင့် ရန်မော့လီတို့က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
လော့ထျန်းယီ၊ ဟွမ်လင်၊ လုံချန်နှင့် အခြားသူများလည်း အံ့ဩသွားခဲ့ကြ၏။
လုမင်က သာမန်လူမဟုတ်ကြောင်း သူတို့သိထားကြသော်လည်း ဤမျှးထူးခြားမည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
"သေစမ်းပါ၊ မင်း မိစ္ဆာကောင်... မင်းက ငါတို့ကို အသက်ရှင်ခွင့် မပေးချင်တော့ဘူးလား"
ရဟန်းဝူလျန့်၏ မျက်နှာက ပို၍ပင် ခါးသက်သွားခဲ့ရသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ဟန်မိသားစု၊ ဟဲမိသားစု၊ တာ့လော့ကောင်းကင်ဂိုဏ်း၊ ဝမ်မိသားစု၊ ရွှေကျီးကန်းမျိုးနွယ်စုနှင့် အခြားသော အင်အားစုများအပါအဝင် လုမင်နှင့် ရန်ငြိုးရန်စ ရှိခဲ့ကြသူများအားလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြ၏။
လုမင်က ပိုသန်မာလာလေလေ သူတို့က ပို၍ကြောက်လန့်လာလေလေပင်။
ယွမ်ရှင်းကိုယ်တိုင်ပင် တုန်လှုပ်သွားခဲ့ရသည်။
သူသည်လည်း ဒုတိယမြောက် နိယာမကို နားလည်သဘောပေါက်ထားခဲ့သူ ဖြစ်သဖြင့် နိယာမအသစ်များကို နားလည်သဘောပေါက်ရန် မည်မျှခက်ခဲသည်ကို သူ ကောင်းကောင်းသိသည်။ ထိုနိယာမများကို အတူတကွ ပေါင်းစည်းရန်မှာမူ ပို၍ပင် ခက်ခဲပေလိမ့်မည်။
သူကိုယ်တိုင်လည်း ထိုကမ္ဘာထောင့်စွန်းထဲတွင်မှသာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လုမင်က အန္တိမနိယာမ နှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်ထားရုံသာမက၊ ဘုရင်လမ်းစဉ်နိယာမနှင့် အခြားနှစ်မျိုးကိုလည်း နားလည်သဘောပေါက်ခဲ့သေးသည်။ စုစုပေါင်း နိယာမလေးမျိုးစလုံးကို ပြည့်စုံအောင် ကျင့်ကြံပြီး ပေါင်းစည်းထားနိုင်ခဲ့ခြင်းမှာ ယုံကြည်နိုင်စရာမရှိလောက်အောင်ပင် ဖြစ်သည်။
သူ၏ အသိပညာ ဗဟုသုတဖြင့်ပင် ဤအရာကို အလွန်အံ့အားသင့်နေရသေးသည်။
"မင်းမှာ နိယာမလေးမျိုး ရှိနေရင်ရော ဘာဖြစ်လဲ။ ငါ မင်းကို အနိုင်ယူနိုင်သေးတယ်"
ယွမ်ရှင်းက အော်ဟစ်လိုက်ပြီး ကြီးစိုးသော အရှိန်အဝါများဖြင့် လုမင်ထံသို့ ပြေးဝင်လာခဲ့သည်။
သူ့ခန္ဓာကိုယ်မှ ကစဉ့်ကလျား၏ မီးခိုးရောင် အလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။
"ဒုန်း..."
လုမင်လည်း ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး ကစဉ့်ကလျား နတ်ဘုရားလက်ဝါးဖြင့် ယွမ်ရှင်းကို ရင်ဆိုင်လိုက်တော့သည်။
"ဒုန်း... ဒုန်း..."
တိုက်ပွဲစင်မြင့်ထက်တွင် နောက်ထပ် တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့နှစ်ဦးစလုံးက တိုက်ကွက်ပေါင်း ငါးဆယ်ကျော် ဖလှယ်ခဲ့ကြပြီးပြီပြီ။
သို့သော်လည်း လုမင်သည် နိယာမလေးမျိုးကို ပေါက်ကွဲထွက်ပေါ်စေခဲ့ပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းအားက ယွမ်ရှင်းထံမှ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
နိယာမများကို ပိုမိုပေါင်းစည်းနိုင်လေလေ စွမ်းအားက ပိုမိုသန်မာလာလေလေဖြစ်ပြီး ဆတိုးပွား၍ တိုးတက်လာစေသည်။
တိုက်ကွက်ပေါင်း ငါးဆယ်ကျော်ပြီးနောက်တွင် ယွမ်ရှင်းက လုံးဝ အရေးနိမ့်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရ၏။ လုမင်၏ တိုက်ခိုက်မှုများကြောင့် နောက်သို့ ဆုတ်ခွာသွားရတော့သည်။
သို့သော်၊ ယွမ်ရှင်းက အရှုံးမပေးလိုချေ။ သူက ဟိန်းဟောက်လိုက်ပြီး အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်ဖြင့် လုမင်ကို ပြန်လည်တိုက်ခိုက်ခဲ့သည်။
သူ အရှုံးမပေးနိုင်ချေ။
ယခုတစ်ကြိမ်တွင်မူ ဟွင်းယွမ်ဂိုဏ်း၏ စမ်းသပ်စစ်ဆေးမှုတုန်းကနှင့် မတူညီတော့ပါ။
ဤတစ်ကြိမ်က စစ်မှန်သော ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်သည်။ သူတို့နှစ်ဦးစလုံးက မည်သည့်အရာကိုမျှ မချန်ထားဘဲ အစွန်းကုန် တိုက်ခိုက်နေကြခြင်း ဖြစ်၏။
ဤအရာက ကစဉ့်ကလျား၏သားတော်များအကြားမှ ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်သည်။ အကယ်၍ သူသာ လုမင်ကို ရှုံးနိမ့်သွားခဲ့ပါက ကစဉ့်ကလျားဧကရာဇ်၏ အမွေအနှစ်ကို သူ သေချာပေါက် ရရှိနိုင်တော့မည် မဟုတ်ချေ။ ထို့ပြင် သူ၏ ဘဝတစ်သက်တာလုံး လုမင်၏ အရိပ်အောက်တွင် နေထိုင်သွားရမည် ဖြစ်သည်။
၎င်းက သူ၏ သိုင်းပညာလမ်းစဉ်အတွက် သေစေလောက်အောင် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုပင်။
"လုမင်... မင်း ငါ့ရဲ့ ကစဉ့်ကလျား နတ်ဘုရားခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်ပါဘူး။ ငါ အရှုံးမပေးဘူး"
ယွမ်ရှင်းက ဟိန်းဟောက်လိုက်သည်။
"မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"
လုမင်က လက်ဝါးရိုက်ချက်များကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ ယွမ်ရှင်းကို နောက်သို့ လွှင့်ထွက်သွားစေပြီးနောက် ယွမ်ရှင်း၏ ရင်ဝသို့ တစ်ချက် ရိုက်ထုတ်လိုက်၏။
"ဝုန်း..."
ယွမ်ရှင်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ဒယီးဒယိုင်ဖြင့် နောက်ဆုတ်သွားခဲ့ရသည်။ သူ့မျက်နှာက ဖြူဖျော့သွားကာ သွေးတစ်လုပ် အန်လုနီးပါးပင် ဖြစ်သွားရတော့သည်။
ထို့နောက်တွင် လုမင်က လက်ဝါးရိုက်ချက်များဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း လက်ဝါးချက်ပေါင်း ရာချီ၍ ရိုက်ချလိုက်သည်။ လက်ဝါးပုံရိပ်များက ယွမ်ရှင်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့၏။
ယွမ်ရှင်းက ခုခံရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော လက်ဝါးပုံရိပ်များ ရှိနေသေးသည်။
"ဒုန်း... ဒုန်း..."
ယွမ်ရှင်း၏ ခန္ဓာကိုယ်က တုန်ခါနေခဲ့သည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ပေါ်၌ အက်ကွဲကြောင်းများ အမှန်တကယ် ပေါ်ထွက်လာခဲ့၏။ ၎င်းက အပိုင်းပိုင်း ပေါက်ကွဲထွက်တော့မည်ကဲ့သို့ပင်။
သူသည် သွေးတစ်လုပ် အန်လိုက်ရသည်။ သူ့ခန္ဓာက လွှင့်ထွက်သွားပြီး တိုက်ခိုက်ရေးကွင်းပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။
ရှုံးနိမ့်သွားပြီ။
ယွမ်ရှင်း ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရပေသည်။
တိုက်ပွဲမတိုင်မီက လူအနည်းငယ်သာ ဤရလဒ်ကို မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။
လူအများစုမှာ ထျန်းမင်က ပထမ၊ ယွမ်ရှင်းက ဒုတိယနှင့် လုမင်က အလွန်ဆုံး တတိယအဆင့်သာ ရလိမ့်မည်ဟု အမြဲတွေးခဲ့ကြ၏။ လုမင်အနေဖြင့် သူ့ရှေ့တွင်ရှိသော ထိုလူနှစ်ဦးကို ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်ဟု သူတို့ ထင်ခဲ့ကြပေသည်။
သို့သော်၊ ယခုတွင်မူ လုမင်က ယွမ်ရှင်းကို အနိုင်ယူလိုက်ပြီ ဖြစ်သည်။
သူ၏ နောက်ထပ် ပြိုင်ဘက်မှာ ထျန်းမင်တစ်ဦးတည်းသာ ကျန်ရှိတော့သည်။
"ဆရာက ပြိုင်ဘက်ကင်းတယ် ရေး..."
ရှန်းရှန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူမက မလှမ်းမကမ်းတွင်ရှိသော အဘိုးအိုတချို့ကို ကြည့်လိုက်ပြီး ပြောလိုက်၏။
"အဘိုးတို့ကို ပြောသားပဲ၊ ကျွန်မရဲ့ ဆရာက ပြိုင်ဘက်ကင်းတယ်...၊ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး"
"ဒါက..."
ထိုအဘိုးအိုများ၏ မျက်နှာများမှာ နီမြန်းသွားခဲ့ကြရသည်။
ယခင်က သူတို့သည် ရှန်းရှန်းကို မျက်စိစုံမှိတ် ယုံကြည်နေခြင်းဖြစ်ပြီး လက်တွေ့ဘဝကို ကြည့်ရန် ပြောခဲ့ကြသည်။ လုမင်က ယွမ်ရှင်းနှင့် ထျန်းမင်တို့ကို ယှဉ်နိုင်မည်မဟုတ်ဟု ဆိုခဲ့ကြ၏။
သို့သော်လည်း ယခုအခါတွင်မူ၊ လုမင်က ယွမ်ရှင်းကို အနိုင်ယူခဲ့ပြီ။
ထိုအဘိုးအိုများသည် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများ ဖြစ်ကြသော်လည်း ရှက်ရွံ့မှုကို ခံစားလိုက်ကြရသည်။
ဦးလေးခုန်းနှင့် မဟာဧကရာဇ် ဝူရှန်းတို့လည်း ပြုံးလိုက်ကြလေသည်။
လုမင်က ဤမျှအထိ ခရီးပေါက်လာနိုင်ခြင်းမှာ သူတို့၏ မျှော်လင့်ချက်များကို များစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
"မင်း တိုက်ခိုက်ချင်သေးလား"
လုမင်က ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး ယွမ်ရှင်းထံသို့ လျှောက်သွားလိုက်သည်။
"ငါ မရှုံးသေးဘူးကွ။ ငါ မင်းကို မရှုံးနိုင်ဘူး"
ယွမ်ရှင်းက ရူးသွပ်စွာ အော်ဟစ်လိုက်၏။ သူဟာ အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ သူက လုမင်ထံသို့ ထပ်မံ ပြေးဝင်လာခဲ့ပြန်တော့သည်။
သို့သော် သူသည် ဒဏ်ရာရရှိထားပြီးသား ဖြစ်သည်။ သူ့အေနဖြင့် အဘယ်သို့ လုမင်၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။ တိုက်ကွက်အနည်းငယ် အပြီးတွင် သူက ထပ်မံ၍ လွှင့်ထွက်သွားခဲ့ရပြန်သည်။ သူ့ခန္ဓာကိုယ်မှာလည်း အက်ကွဲကြောင်းများနှင့် သွေးများ စိမ့်ထွက်နေတော့သည်။
လုမင်၏ လက်ရှိ ခွန်အားအရ လက်ဝါးတစ်ချက်ဖြင့် ဟင်းလင်းပြင်ကို ရိုက်ခွဲနိုင်ပြီး ပေတစ်သောင်းမြင့်သော တောင်တစ်လုံးကို ဖျက်ဆီးပစ်နိုင်သည်။ ထိုစွမ်းအားက တုန်လှုပ်ဖွယ်ရာ ကောင်းပေသည်။
ယွမ်ရှင်းက ဤမျှများပြားသော လက်ဝါးရိုက်ချက်များကို ခံယူပြီးနောက် အသက်ရှင်နေနိုင်သေးခြင်းကပင် တုန်လှုပ်ဖွယ် ကောင်းလှပြီ ဖြစ်သည်။
ယွမ်ရှင်းက အော်ဟစ်လိုက်ပြီး ဆက်လက်တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ဆံပင်ဖြူ အဘိုးအိုက ရှေ့သို့ လှမ်းထွက်လာကာ သူ့ကို တားဆီးလိုက်ပေသည်။
"မင်း ရှုံးသွားပြီ။ သွားတော့"
ဆံပင်ဖြူ အဘိုးအိုက ပြောလိုက်သည်။ ယွမ်ရှင်းလည်း နောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး လုမင်ကို မကျေမနပ်ဖြစ်သော အမူအရာဖြင့် ကြည့်လိုက်ပေသည်။ သူ၏ မျက်လုံးများထဲတွင်မူ အေးစက်သော အငြိုးအတေးများနှင့် သတ်ဖြတ်လိုစိတ်တို့ လက်ခနဲ ဖြစ်သွားခဲ့သည်။
"ဒီနေ့ ရှုံးနိမ့်ပြီးတဲ့နောက်မှာ မင်းက ငါ့ရဲ့ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ပြီးတော့ မင်းက မူလကစဉ့်ကလျားကျမ်းကို ထိန်းချုပ်ဖို့လည်း အရည်အချင်းမရှိဘူး"
လုမင်က ယွမ်ရှင်းကို ဂရုမစိုက်ဘဲ လှည့်ထွက်သွားခဲ့တော့သည်။
ယွမ်ရှင်း၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့ရပြီး နောက်ထပ် သွေးတစ်လုပ်ကို ထပ်မံ အန်လိုက်ရသည်။
ထို့နောက် ပြိုင်ပွဲက ဆက်လက်ကျင်းပနေခဲ့သည်။ သို့သော်လည်း ကျန်ရှိသော ပြိုင်ပွဲများမှာမူ လူတိုင်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့ပြီး မည်သည့် အံ့ဩစရာမျှ မရှိခဲ့ချေ။
လူတိုင်းက နောက်ဆုံးအချီကိုသာ မျှော်လင့်စောင့်စားနေကြပြီ ဖြစ်သည်။
နဝမမြောက်အချီက နောက်ဆုံးအချီ ဖြစ်၏။ ဤအချီပြီးနောက်တွင် သူတို့ ဆယ်ဦးစလုံးက ကျန်ရှိသော လူကိုးဦးနှင့် တိုက်ခိုက်ပြီး ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် နဝမမြောက်အချီတွင် လုမင်က ထျန်းမင်နှင့် တိုက်ခိုက်ရမည် ဖြစ်သည်။
မူလက လူတိုင်းသည် ဤတိုက်ပွဲအပေါ် မျှော်လင့်ချက် အများကြီး မထားခဲ့ကြချေ။ သူတို့က မည်သည့် ရင်ခုန်စိတ်လှုပ်ရှားစရာမျှမရှိဘဲ ထျန်းမင် အနိုင်ရလိမ့်မည်ဟု တွေးခဲ့ကြခြင်း ဖြစ်သည်။
သို့သော် လုမင်ကလည်း ယွမ်ရှင်းကို အနိုင်ယူပြီးနောက်တွင်မူ လူတိုင်းက သူတို့၏အမြင်များကို ပြောင်းလဲလိုက်ကြပြီ။
အနည်းဆုံးတော့ လုမင်က ယွမ်ရှင်းကို အနိုင်ယူခဲ့ပြီး ထျန်းမင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အရည်အချင်း ပြည့်မီသွားခဲ့ပြီ ဖြစ်သည်။
အဋ္ဌမမြောက်အချီ ပြီးဆုံးသွားပြီးနောက်တွင် ခေတ္တအနားယူချိန် ရှိခဲ့သည်။ မကြာမီ၊ နဝမမြောက်အချီက စတင်တော့မည်။
နောက်ဆုံးအချီတွင် ဆံပင်ဖြူ အဘိုးအိုက လုမင်နှင့် ထျန်းမင်တို့၏ တိုက်ပွဲကို ရည်ရွယ်ချက်ရှိရှိဖြင့် နောက်ဆုံး၌ ထားရှိခဲ့ပုံရသည်။ လူတိုင်းက စိတ်လှုပ်ရှားနေကြသော်လည်း ကနဦးပွဲစဉ်များ ပြီးဆုံးသည်အထိသာ စောင့်ဆိုင်းနိုင်ခဲ့ကြပေသည်။
ကနဦးပွဲစဉ်များက မည်သည့် အံ့ဩစရာမျှ မရှိခဲ့ချေ။
ပထမနှင့် ဒုတိယနေရာမှလွဲ၍ ကျန်ရှိသော အဆင့်သတ်မှတ်ချက်များမှာ အတည်ပြုပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။
တတိယနေရာက ယွမ်ရှင်း ဖြစ်သည်။ သူသည် လုမင်နှင့် ထျန်းမင်တို့ကိုသာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။
စတုတ္ထနေရာက ပေါင်သဲ ဖြစ်သည်။
ပဉ္စမနေရာက ပေါင်ပေါင်...
ဆဋ္ဌမနေရာက ရဟန်းဝူလျန့်...
သတ္တမနေရာက ရှေးနတ်ဆိုး...
အဋ္ဌမနေရာက ယွင်ဟောက်...
နဝမနေရာက အောင်ခယ့်...
ဒသမနေရာက ဟန်ရှင်းဟဲ ဖြစ်သည်။
ဟန်ရှင်းဟဲသည် ကိုးပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး တစ်ပွဲမျှပင် အနိုင်မရရှိခဲ့ချေ။ သူ့အမူအရာက အလွန်ပင် အကြည့်ရဆိုးလှသည်။
အထူးသဖြင့် လုမင်နှင့် ထျန်းမင်တို့၏ နောက်ဆုံးတိုက်ပွဲကို မြင်ရသောအခါ သူ့အမူအရာက ပို၍ပင် မည်းမှောင်သွားရတော့သည်။
ယခုအချိန်တွင် လုမင်က သူ့ကို အဝေးကြီးတွင် ချန်ထားရစ်ခဲ့ပြီ ဖြစ်သည်။
"နောက်ဆုံးပွဲစဉ်... ထျန်းမင်နဲ့ လုမင်"
ဆံပင်ဖြူ အဘိုးအိုက နောက်ဆုံးတွင် သူတို့နှစ်ဦး၏ အမည်ကို ကြေညာလိုက်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာ၏ နှလုံးသားများမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်သွားခဲ့ရ၏။
အဆုံးတွင် နောက်ဆုံးတိုက်ပွဲ စတင်ပေတော့မည်။ ဤတိုက်ပွဲသည် ယွမ်လု၏ မျိုးဆက်သစ်လူငယ်များထဲတွင် မည်သူက အသန်မာဆုံး ပါရမီရှင်ဖြစ်သည်ကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
၎င်းက လုမင်လား သို့တည်းမဟုတ် ထျန်းမင် ဖြစ်မလား။
သူတို့နှစ်ဦးအနက် တစ်ဦးမှာ ယခုအချိန်ထိ သိုင်းဧကရာဇ်တစ်ပါး ဖြစ်မလာသေးသော်လည်း အသန်မာနိယာမ နှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်ထားပြီ ဖြစ်သည်။ ထို့ပြင် ဘုရင်နိယာမနှစ်မျိုးကိုလည်း နားလည်ထားခဲ့သေးသည်။ ၎င်းက သမိုင်းတွင် တစ်ခါမျှ မရှိဖူးသေးသော အရာ ဖြစ်သည်။
အခြားတစ်ဦးမှာမူ၊ ကမ္ဘာပေါ်တွင် အနှိုင်းမဲ့ပြီး ရှားရှားပါးပါး ကံကြမ္မာကို ချုပ်ကိုင်ထားနိုင်သည့် ကံကြမ္မာသားတော်တစ်ဦး ဖြစ်၏။
သူတို့နှစ်ဦးတွင် မည်သူက ပို၍ စွမ်းအားသာလွန်မည်နည်း။