အခန်း (၂၁၂၉-၂၁၃၀)
Vol. 148 Ch. 2129-2130
အပိုင်း ( 2029 ) ကံကြမ္မာကို ဆန့်ကျင်ခြင်း။
လူရိပ်နှစ်ခုက တိုက်ပွဲစင်မြင့်ပေါ်သို့ ဆင်းသက်လာခဲ့ရာ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
ထျန်းမင်က ဝတ်ရုံဖြူကို ဆင်မြန်းထားသည်။ ဆန်းကြယ်သော အလင်းရောင်တစ်ခုကလည်း သူ့အား ဝန်းရံလျက် ရှိ၏။ သူ့ကိုကြည့်ရသည်မှာ လူ့လောကသို့ သက်ဆင်းလာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သူက လုမင်ကို ကြည့်ကာ နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြောလိုက်သည်။
"မင်းက သန်မာပါတယ်၊ ဒါပေမဲ့ မင်းဟာ ရှုံးဖို့ ကံပါလာတုန်းပဲ"
"တော်စမ်း၊ ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲရှိတယ်။ ဘယ်သူမှ ငါ့ကံကြမ္မာကို မချုပ်ကိုင်နိုင်ဘူး။ တကယ်လို့ ရှိခဲ့ရင်လည်း အားလုံးကို ငါ ချေမှုန်းပစ်မယ်"
လုမင်က အနှိုင်းမဲ့ လွှမ်းမိုးချုပ်ကိုင်လိုသော အရှိန်အဝါမျိုး ရှိ၏။
သူက ကံကြမ္မာကို လုံးဝ မယုံကြည်ချေ။ သူ့ကံကြမ္မာက သူ့လက်ထဲတွင်သာ ရှိပြီး ကောင်းကင်ဘုံလက်ထဲတွင် မဟုတ်ပါ။
သူသာ လုံလောက်အောင် သန်မာနေသရွေ့ သူ့ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး ပြောင်းပြန်ပင် လှန်ပစ်နိုင်သည်။
"အရင်လူတွေလည်း ဒါကို မယုံခဲ့ကြပါဘူး။ သူတို့က ကံကြမ္မာကို ဆန့်ကျင်နိုင်မယ်လို့ ထင်ခဲ့ကြတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ရဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူးလေ"
ထျန်းမင်က ဒေါသ မထွက်ဘဲ အရာအားလုံးကို ချုပ်ကိုင်ထားနိုင်သည့်အလား ဆက်လက်ပြောဆိုနေဆဲ ဖြစ်သည်။
"ဪ... ဒါဆိုရင် မင်းက မင်းရဲ့ ကိုယ်ပိုင်ကံကြမ္မာကိုကော မြင်ရလား။ မင်းက ငါ့လက်ထဲမှာ ဝက်ခေါင်းဖြစ်အောင် အရိုက်ခံရမယ်ဆိုတာမျိုးလေ"
လုမင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။
"ငါ့ကံကြမ္မာက သတ်မှတ်ပြီးသားပါ၊ ငါ မရှုံးဘူး"
ထျန်းမင်က တိုးညင်းစွာ ပြောလိုက်သည်။
"ဒါဆိုရင် ငါ မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပြီး မင်းကို တစ်ကြိမ်လောက် ရှုံးနိမ့်စေရတာပေါ့"
"ဝုန်း..."
နိယာမလေးမျိုးက လုမင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး အတူတကွ ပေါင်းစည်းသွားခဲ့သည်။ လုမင်၏ပုံရိပ်က လျှပ်စီးလက်သကဲ့သို့ ထျန်းမင်ထံ ပြေးဝင်သွား၏။
"မင်းက ဒဏ်ရာရဖို့ ကံပါလာတယ်"
ထျန်းမင်က တိုးညင်းစွာ ပြောလိုက်ပြီး လက်ညှိုးဖြင့် ထောက်လိုက်သည်။
ဤအခိုက်အတန့်တွင်၊ မည်သည့် စွမ်းအင်လှိုင်း လှုပ်ခတ်မှုမျှ ရှိမနေခဲ့သော်လည်း လုမင်၏ ဆံပင်များ ထောင်ထလာခဲ့ရသည်။ သူ၏ မျက်ဝန်းအိမ်များ ကျုံ့သွားခဲ့ရ၏။ ဘယ်ကလာမှန်းမသိသော ကြောက်မက်ဖွယ် ခွန်အားတစ်ခုက သူ့ကို ချေမှုန့်နေသကဲ့သို့ ခံစားလိုက်ရတော့သည်။
"ဝမ်"
လုမင်က နိယာမလေးခုကို အသက်သွင်းလိုက်သည်။ နိယာမလေးမျိုးမှာ လေးရောင်ခြယ် မြစ်ကြီးတစ်စင်းအဖြစ် စုရုံးသွား၏။ ၎င်းက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားပြီး ထိုဆန်းကြယ်သော စွမ်းအင်တိုက်ခိုက်မှုကို တားဆီးလိုက်ပေသည်။
'ဒါက ကံကြမ္မာနိယာမလား၊ ဒါက နိယာမတစ်မျိုးသက်သက်ပါပဲ။ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းပေမဲ့ လူတစ်ယောက်ရဲ့ ကံကြမ္မာကို တကယ် အဆုံးအဖြတ် မပေးနိုင်ဘူး။ နောက်ဆုံးမှာတော့ စွမ်းအင်တိုက်ခိုက်မှုတစ်ခု လိုအပ်နေတုန်းပဲ'
လုမင်က ကံကြမ္မာနိယာမအပေါ် အနည်းငယ် နားလည်သွားခဲ့သည်။
"ဝုန်း..."
လုမင်က စွမ်းအင်တိုက်ခိုက်မှုကို ဖောက်ထွက်လိုက်ပြီး ထျန်းမင်ထံသို့ ပြေးဝင်သွားခဲ့သည်။
"ထျန်းမင်... ဒီလို အပေါစားနည်းလမ်းတွေနဲ့ အချိန်ဖြုန်းမနေနဲ့တော့။ မင်းရဲ့ နတ်ဘုရားစွမ်းရည်ကိုပဲ ထုတ်သုံးလိုက်ပါ"
သူ၏ ပုံရုပ်သွင်က လျှပ်စီးတန်းတစ်ခုကဲ့သို့ဖြစ်ပြီး ထျန်းမင်ထံသို့ ချဉ်းကပ်သွားခဲ့သည်။
"မင်းဆန္ဒရှိသလို ဖြစ်ရစေမယ်။ မဟာကံကြမ္မာကျင့်စဉ်"
ထျန်းမင်၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်က ပိုမို သိပ်သည်းလာခဲ့သည်။ သူ့ပုံရုပ်သွင်က ထိုအလင်းရောင်အောက်တွင် ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့ရ၏။
သူက လက်ညှိုးဖြင့် ညွှန်လိုက်ရာ ကံကြမ္မာအလင်းတန်းက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး လုမင်ကို ခုတ်ပိုင်းလိုက်တော့သည်။
"ဝမ်"
လုမင်ကလည်း လက်ညှိုးတစ်ချောင်း ညွှန်ပြလိုက်ပြီး ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အသုံးပြုလိုက်သည်။ အလွန်အမင်း သိပ်သည်းသော လက်ညှိုးစွမ်းအားက ပေါက်ကွဲထွက်ပေါ်လာပြီး ကံကြမ္မာအလင်းကို ဖျက်ဆီးပစ်လိုက်၏။
သို့သော်လည်း ထျန်းမင်က လက်ညှိုးဖြင့် အဆက်မပြတ်ညွှန်ပြနေခဲ့သည်။ ကံကြမ္မာအလင်းတန်းများက လက်နက်မျိုးစုံအဖြစ် ပြောင်းလဲကာ လုမင်ထံသို့ ပစ်ခွင်းလာကြတော့သည်။
ထိုလက်နက်များ၏ စွမ်းအားက အလွန် တုန်လှုပ်ဖွယ် ကောင်းသည်။ ၎င်းတို့အားလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်နိုင်စွမ်းများ ပါဝင်နေခဲ့၏။
ထျန်းမင်၏ ကျင့်ကြံခြင်းအဆင့်က ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိသည်။ သို့သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းလွန်းပေသည်။
ကံကြမ္မာအလင်းတန်း တစ်ခုချင်းစီက သာမန် ကြယ်နှစ်ပွင့် ဗလာနယ်ကရာဇ်တစ်ဦးကို သို့မဟုတ် သာမန် ကြယ်သုံးပွင့်အဆင့်ရှိ ဗလာနယ်ဧကရာဇ်တစ်ဦးကိုပင် ချက်ချင်း သတ်ဖြတ်နိုင်သည်။
လုမင်က နိယာမလေးခုကို လည်ပတ်စေပြီး သူ့လက်ဝါးကို ဖုံးအုပ်လိုက်သည်။ သူက ကစဉ့်ကလျား နတ်ဘုရားလက်ဝါးကို ထုတ်ဖော်လိုက်ပြီး အဆက်မပြတ် ရိုက်ချလိုက်၏။
"ဝုန်း... ဝုန်း... ဝုန်း..."
လုမင်က ကံကြမ္မာအလင်းတန်းများကို ဖျက်ဆီးပစ်လိုက်ပြီး မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားစေခဲ့ပေသည်။
လုမင်က တိုက်ရိုက်ဆန်ပြီး အလွန်ကြမ်းတမ်းသည်။ သူက ကံကြမ္မာအလင်းတန်းများကို အဆက်မပြတ် ဖျက်ဆီးပစ်နေခဲ့၏။ သူ့ပုံရိပ်က ထျန်းမင်ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားတော့သည်။
နောက်ဆုံးတွင် လုမင်က အတားအဆီးကို ဖောက်ထွက်သွားခဲ့သည်။ သူက လက်ညှိုးဖြင့် ညွှန်ပြလိုက်ရာ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းတစ်ခုက ထျန်းမင်ထံသို့ ပစ်ခတ်သွားခဲ့၏။
ထျန်းမင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်။ ဒဏ္ဍာရီလာ ကံကြမ္မာမြစ်ကြီးက သူ၏ ခြေဖဝါးအောက်တွင် ပေါ်ထွက်လာခဲ့ပြီး သူက မြစ်အလယ်တွင် ရှိနေခဲ့၏။
သို့သော်လည်း လုမင်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားက ယွမ်ရှင်းထက်ပင် ပို၍သန်မာသည်။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ကံကြမ္မာမြစ်ကြီးကို တုန်ခါသွားစေခဲ့ပေသည်။
"လောကမှာရှိတဲ့ အရာအားလုံးက ကံကြမ္မာမြစ်ရှည်ကြီးရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတယ်။ လုမင်... အရှုံးပေးလိုက်တော့"
ထျန်းမင်က ဟိန်းဟောက်လိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူက ကံကြမ္မာမြစ်ကြီးထဲမှ ရုပ်သွင်တစ်ခုကို ဖမ်းဆွဲထုတ်လိုက်၏။
ထိုရုပ်သွင်က လုမင်နှင့် ထပ်တူထပ်မျှ တူညီနေခဲ့သည်။ သို့သော်လည်း ၎င်းက အလွန်ဝေဝါးပြီး ထျန်းမင်၏ လက်ထဲမှ လွတ်မြောက်ရန် ရုန်းကန်နေခဲ့၏။ ၎င်းက လုမင်၏ ကံကြမ္မာမှာ ထျန်းမင်၏ လက်ထဲတွင် အမှန်တကယ် ရောက်ရှိနေသကဲ့သို့ပင်။
"ဝုန်း"
ထျန်းမင်က လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။ အလင်းတန်းတစ်ခုက ထိုပုံရိပ်ယောင် ရုပ်သွင်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး လုမင်ထံ ထိုးဖောက်လာတော့သည်။ ၎င်းက လုမင်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားရန် ကြိုးစားနေခဲ့သည်။
လုမင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ နိယာမလေးမျိုး၏ စွမ်းအားက အဆက်မပြတ် တုန်ခါသွားခဲ့ပြီး ထိုစွမ်းအားလှိုင်းကို တားဆီးလိုက်၏။
"ဝုန်း... ဝုန်း..."
နိယာမစွမ်းအား လေးမျိုးက အဆက်မပြတ် တုန်ခါသွားပြီး တဖြည်းဖြည်းချင်း ပြိုကွဲသွားခဲ့သည်။ ထိုစွမ်းအားက ရှေးဟောင်းဆန်ပြီး ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။ ၎င်းက ဘယ်ကဘယ်လို ရောက်လာသည်ကိုပင် မသိနိုင်ချေ။ နိယာမစွမ်းအား လေးမျိုး ပေါင်းစည်းထားခြင်းကပင် ၎င်းကို မတားဆီးနိုင်ခဲ့ပါ။
"ဝုန်း... ဝုန်း... ဝုန်း"
နောက်ဆုံးတွင် လုမင်က ခြေသံပြင်းပြင်းဖြင့် နောက်ဆုတ်သွားခဲ့ရသည်။ နိယာမစွမ်းအား လေးမျိုးစလုံး ဖောက်ထွက်ခြင်း ခံလိုက်ရ၏။ သို့သော်လည်း ထိုခွန်အားက နိယာမစွမ်းအား လေးမျိုးကို ဖောက်ထွက်သွားပြီးနောက်တွင် အနည်းနှင့်အများ ပျယ်ပြယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းက လုမင်၏ ခန္ဓာကိုယ်ပေါ်တွင် ဖျော့တော့သော အမှတ်အသားတစ်ခုကိုသာ ချန်ထားနိုင်ခဲ့ပြီး လုမင်မှာ ဒဏ်ရာရရှိခဲ့ခြင်း မရှိချေ။
"လုမင်က ယွမ်ရှင်းကို မယှဉ်နိုင်ဘူးထင်တယ်"
"ဒါပေမဲ့လည်း ဒါက လုမင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ ပြသဖို့ လုံလောက်ပါတယ်။ ယွမ်ရှင်းတုန်းက ဒီတိုက်ကွက်ကို မခုံနိုင်ဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တာ"
"ဒါပေမဲ့ ထျန်းမင်ရဲ့ တိုက်ခိုက်မှုကလည်း တကယ်ကို ကြောက်ဖို့ကောင်းလွန်းပါတယ်"
လုမင်က နောက်သို့ ဆုတ်သွားရသည်ကို မြင်ရသောအခါ၊ လူတိုင်းက ဤတိုက်ပွဲ၏ နောက်ဆုံး အောင်နိုင်သူမှာ ထျန်းမင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်ကြသည်။
လုမင်နှင့် ရန်ငြိုးရန်စ ရှိခဲ့ကြသော အင်အားစုများမှာလည်း တိုးညင်းစွာ သက်ပြင်းချနိုင်ခဲ့ကြ၏။ ကံကောင်းထောက်မစွာဖြင့်၊ လုမင်က ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်သည်အထိ ဖြစ်မနေခဲ့ချေ။
"ကံကြမ္မာကို ဆန့်ကျင်လို့မရဘူး"
ထျန်းမင်က ပြောလိုက်သည်။ သူက နတ်ဘုရားအသွင်ပြောင်းလဲခြင်းသို့ ရောက်ရှိတော့မည့်အတိုင်း ကံကြမ္မာမြစ်ကြီးထဲတွင် ရပ်နေခဲ့၏။
"ရွှစ်... ဝှစ်..."
သူက လက်ညှိုးနှစ်ချောင်း ဆက်တိုက်ညွှန်ပြလိုက်ပြီး သူ့လက်ထဲတွင်ရှိသော ပုံရိပ်ယောင် ရုပ်သွင်ကို ထိုးဖောက်လိုက်ပြန်သည်။
တစ်ချိန်တည်းမှာပင် လုမင်က ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခုကို ခံစားလိုက်ရသည်။ နိယာမစွမ်းအားက တုန်ခါသွားခဲ့၏။ လုမင်၏ ရုပ်သွင်က ရူးသွပ်စွာ နောက်ဆုတ်သွားခဲ့ရပြန်သည်။ သို့သော်လည်း သူက နောက်ဆုံးတွင် တားဆီးနိုင်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ခြင်း မရှိချေ။
"အပိုတွေမပြောနဲ့"
လုမင်က ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး ထျန်းမင်ထံသို့ ပြေးဝင်သွားခဲ့သည်။
ထျန်းမင်ကလည်း သူ့လက်ညှိုးဖြင့် ဆက်လက်ညွှန်ပြနေခဲ့၏။ သူ၏ လက်ညှိုးစွမ်းအားက ပုံရိပ်ယောင်ရုပ်သွင်ကို ဖောက်ထွက်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများစွာက သူ့ကို ထိုးနှက်လာကြတော့သည်။
"ဝုန်း..."
လုမင်က မီတာရာချီဝေးသော နေရာသို့ လွင့်ထွက်သွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်က တုန်ခါသွားခဲ့ပြီး သွေးများ ပွက်ပွက်ဆူလာသကဲ့သို့ ခံစားလိုက်ရ၏။
"လုမင်... မင်းက ရှားရှားပါးပါး ပါရမီရှင်တစ်ယောက်ဆိုတာ ငါ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ မင်း ကောင်းကင်ဘုံကို မဆန့်ကျင်နိုင်သလို ကံကြမ္မာကိုလည်း မဆန့်ကျင်နိုင်ဘူး"
ထျန်းမင်က အေးစက်ပြီး ထောင်လွှားသော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ။ မင်းမှာ ရှိတာ ဒါအကုန်ပဲလား"
လုမင်က လှောင်ပြုံးပြုံးလိုက်သည်။
"ဟင်"
ထျန်းမင်က မျက်မှောင်ကြုတ်သွားသည်။
"ဒီလို ခွန်အားနည်းနည်းလေးနဲ့ မင်း ငါ့ကို ဘယ်လိုလုပ် အနိုင်ယူမှာလဲ။ မင်း ငါ့ကို လုံးဝ မနာကျင်စေနိုင်ဘူး"
လုမင်က ပြောလိုက်၏။
လူတိုင်း တုန်လှုပ်သွားခဲ့ကြရသည်။ ဟုတ်သည်၊ ထျန်းမင်က လုမင်ကို နောက်သို့ဆုတ်သွားစေနိုင်ခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ချေ။
လုမင်က သူ၏ သန်မာသော ခုခံရေးစွမ်းအားဖြင့် အချိန်ဆွဲထားပြီး ဤတိုက်ပွဲကို အနိုင်အရှုံး ခွဲရခက်အောင် လုပ်နိုင်သည်။
ထျန်းမင်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်က တောက်ပစွာ လင်းလက်လာခဲ့ပြီး သူ့လက်ညှိုးဖြင့် အဆက်မပြတ် ထောက်လိုက်၏။
သို့သော်လည်း သူက လုမင်ကို နောက်သို့သာ ဆုတ်သွားစေနိုင်ခဲ့ပြီး ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ချေ။
"ဒါက မင်းရဲ့ အကန့်အသတ်လား။ ဒါဆိုရင် ဒီနေ့ ကံကြမ္မာကို ငါ ချိုးဖျက်ပါရစေ"
လုမင်က ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ လျှပ်စီးတန်းတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ပြီး ထျန်းမင်ထံသို့ ပြေးဝင်သွားခဲ့၏။
"ဝုန်း"
ရှေ့သို့ ပြေးဝင်သွားစဉ်အတွင်း သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ပိုမိုသန်မာလာခဲ့သည်။ လေးရောင်ခြယ် နိယာမမြစ်ကြီးမှာလည်း ငါးရောင်ခြယ် နိယာမမြစ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။
ဤတစ်ကြိမ်တွင်မူ လူထုတစ်ခုလုံး ပေါက်ကွဲသွားတော့သည်။
"ဘုရား...၊ ငါးရောင်ခြယ်... နိယာမငါးမျိုး။ လုမင်က နိယာမငါးမျိုးကို ကျွမ်းကျင်ပိုင်နိုင်ထားတာပဲ။ ကျုပ် မျက်စိအမြင်မှားနေတာလား"
"မမှားဘူးဟ၊ ဒါကြီးက ကြောက်ဖို့ကောင်းလွန်းသွားပြီ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြသည်။
ယခင်က လုမင်သည် နိယာမလေးမျိုးကို ထုတ်ဖော်ပြသခဲ့ခြင်းကပင် လုံလောက်အောင် တုန်လှုပ်ဖွယ်ရာ ကောင်းနေခဲ့ပြီ။ သို့သော်လည်း ထိုအရာက လုမင်၏ အကန့်အသတ် ဖြစ်လိမ့်မည်ဟု လူတိုင်း ခန့်မှန်းခဲ့ကြသည်။
သို့သော်၊ လုမင်က ပဉ္စမမြောက် နိယာမကို ပြသလာခဲ့ပြီ။ သူ၏ အကန့်အသတ်က အဘယ်မှာရှိသနည်း။
အပိုင်း ( 2130 ) ကံကြမ္မာကို ချိုးဖျက်ခြင်း။
လုမင်က နိယာမငါးမျိုးကို ထုတ်ဖော်ပြသခဲ့သည်။ နိယာမငါးမျိုး၏ ပေါင်းစည်းမှုက လူထုကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့စ။
လူအများစုမှာ တည်ငြိမ်အောင် ထိန်းထားရန် ခက်ခဲကြရသည်။ လုမင်၌ အကန့်အသတ်ဟူ၍ လုံးဝမရှိတော့ချေ။
ယခုအခါ သူ့ထံတွင် နိယာမငါးမျိုး ရှိနေခဲ့ပြီဖြစ်သည်။ နောင်တွင် ခြောက်မျိုးအထိ ထပ်မံထုတ်ဖော်ပြသလာဦးမလားဆိုသည်ကို မည်သူမျှ သေချာမပြောနိုင်တော့ပေ။
လုရှန်းရှန်းနှင့် အိုးရန်မော့လီတို့မှာလည်း စိတ်လှုပ်ရှားလွန်းသဖြင့် ခုန်ပေါက်နေကြတော့သည်။
"ဝှစ်..."
လုမင်က ဟင်းလင်းပြင်ကို ဖြတ်သန်းကာ မျက်စိတစ်မှိတ်အတွင်း ထျန်းမင်ထံသို့ ချဉ်းကပ်သွားခဲ့သည်။
ထျန်းမင် မျက်မှောင်ကျုံ့သွားခဲ့ပြီး သူ့အမူအရာကလည်း အလွန်အမင်း လေးနက်သွား၏။ သူ့ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲလျက် ကံကြမ္မာမြစ်ကြီးနှင့် လုံးဝ ပေါင်းစည်းလုနီးပါး ဖြစ်သွားခဲ့တော့သည်။
တစ်ချိန်တည်းမှာပင်၊ သူက သူ့လက်ထဲမှ ပုံရိပ်ယောင်ရုပ်သွင်ကို အဆက်မပြတ် ထောက်လိုက်သည်။
ယခုတစ်ကြိမ်တွင်မူ သူက ပုံရုပ်သွင်၏ နဖူးကို ထောက်လိုက်ခြင်း ဖြစ်၏။
"ရွှပ်"
ပုံရိပ်ယောင် ရုပ်သွင်၏ နဖူးက ဖောက်ထွက်ခြင်း ခံလိုက်ရသည်။ ရှေ့သို့ အပြေးဝင်လာသော လုမင်သည်လည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်လိုက်ရ၏။ အနှိုင်းမဲ့ ထက်မြက်သော ခွန်အားတစ်ခုက လုမင်၏ နဖူးကို ထိုးစိုက်လာတော့သည်။
သို့သော်လည်း ယခုအခါတွင် လုမင်က နိယာမငါးမျိုးကို ပေါင်းစည်းထားပြီး ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက များစွာ မြင့်တက်သွား၏။ နိယာမများက တုန်ခါသွားခဲ့ပြီး ထိုအင်အားကို တားဆီးလိုက်သည်။ ထို့နောက် လုမင်က သူ့လက်ဝါးဖြင့် ထိုတိုက်ခိုက်မှုကို အမှုန့်ချေပစ်လိုက်တော့သည်။
"ဝုန်း..."
တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင် တုန်ခါသွားခဲ့သည်။ လုမင်ကို တိုက်ခိုက်လာသော ခွန်အားမှာ အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းသော်လည်း လုမင်၏ ချေမှုန်းခြင်းကို ခံလိုက်ရသေးသည်။
"ဒါကို မြည်းကြည့်လိုက်စမ်း"
လုမင်က အနားသို့ ပြေးဝင်သွားပြီး လက်ညှိုးဖြင့် ထောက်လိုက်သည်။
ကောင်းကင်နှင့် မြေပြင်ကြားတွင် သဘာဝစွမ်းအင်များ ပွက်ပွက်ဆူလာခဲ့၏။ ၎င်းက အနှိုင်းမဲ့ကြီးမားသော ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကြီးတစ်ခုအဖြစ် စုစည်းကာ ကံကြမ္မာမြစ်ကြီးထံသို့ ဖိနှိပ်လိုက်တော့သည်။
"ဝှစ်..."
ဒီတစ်ကြိမ်တွင်မူ ကံကြမ္မာမြစ်ကြီးက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ စွမ်းအားကို မခံနိုင်တော့ချေ။ မြစ်ကြီးက တုန်ခါသွားခဲ့ပြီး မြစ်ရေများ လှိုင်းထန်ကာ လှိုင်းတံပိုးပေါင်း ထောင်သောင်းချီ၍ ဖြစ်ပေါ်လာခဲ့သည်။
"ဝုန်း... ဝုန်း..."
ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ဖိနှိပ်ချလိုက်ရာ ကံကြမ္မာမြစ်ကြီးမှာ ပြိုလဲပျက်စီးတော့မည့်အတိုင်း ဖြစ်နေခဲ့၏။
ဤအခိုက်အတန့်တွင် မြင်ကွင်းတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ ဤအရာက အရေးကြီးဆုံး အခိုက်အတန့်ဖြစ်ပြီး အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမည့် အချိန်ဖြစ်ကြောင်း လူတိုင်း သိထားကြ၏။ လူအများအပြားမှာ အသက်ပြင်းပြင်းပင် မရှူဝံ့ကြတော့ချေ။
"ကံကြမ္မာမြစ်ကို ဖြတ်တောက်ခြင်း"
ထျန်းမင်က ဟိန်းဟောက်လိုက်သည်။ သူသည် ကံကြမ္မာမြစ်ကြီး၏ စွမ်းအားကို စုပ်ယူလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ခုတ်ပိုင်းလိုက်၏။
"ဝုန်း..."
ကောင်းကင်ယံထဲတွင် တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထျန်းမင် ခုတ်ပိုင်းလိုက်သော အလင်းတန်းက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို တားဆီးလိုက်ပြီး ၎င်းတို့နှစ်ခုစလုံး ပျယ်ပြယ်သွားခဲ့ကြ၏။
"ထပ်လာမယ်"
လုမင်က နောက်ထပ် အကြိမ်အနည်းငယ် ထပ်မံညွှန်ပြလိုက်ပြန်သည်။ အကန့်အသတ်မရှိသော စွမ်းအင်များ စုရုံးလာခဲ့ပြီး စုစုပေါင်း ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း သုံးခုက ထျန်းမင်ထံသို့ ပစ်ခွင်းသွားတော့သည်။
ထျန်းမင်လည်း အစွမ်းကုန် ခုခံရန် ကြိုးစားခြင်းမှတစ်ပါး အခြားမရှိတော့ချေ။
အခြေအနေက ယခင်ကနှင့် လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
အစောပိုင်းက ထျန်းမင်သည် ကံကြမ္မာမြစ်ကြီးကို အသုံးပြုစဉ်က၊ လုမင်မှာ အရေးနိမ့်သည့် အခြေအနေတွင် ရှိနေခဲ့သော်လည်း ယခုတွင်မူ ထျန်းမင်က အရေးနိမ့်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ရပြီ။
အခြေအနေက လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
နောက်ထပ် မြည်ဟိန်းသံ သုံးချက် ထွက်ပေါ်လာခဲ့သည်။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း သုံးချောင်းစလုံး တားဆီးခြင်း ခံလိုက်ရ၏။ ထျန်းမင်၏ ရုပ်သွင်မှာလည်း မဟန်နိုင်ဘဲ နောက်ဆုတ်သွားခဲ့ရသည်။ ကံကြမ္မာမြစ်ကြီး တုန်ခါသွားခဲ့ပြီး ၎င်း၏ တောက်ပမှုမှာလည်း အနည်းငယ် မှေးမှိန်သွားခဲ့ရတော့သည်။
"မင်း ငါ့ရဲ့ ခုခံမှုကို မဖျက်ဆီးနိုင်ဘူး"
ထျန်းမင်က ဟိန်းဟောက်လိုက်သည်။
"အခုထိတောင် မင်းက ယုံကြည်ချက်တွေ ရှိနေတုန်းပဲလား။ ဒါဆိုရင် မင်းရဲ့ ယုံကြည်ချက်တွေကို ငါ တစ်စစီ ဆုပ်ဖြဲပစ်မယ်"
လုမင်က လေထဲသို့ ခြေလှမ်းလှမ်းလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ကြီးမားသော ဓားအလင်းတစ်ခုက လေထုထဲတွင် စုစည်းလာခဲ့၏။
သေခြင်းတရား၏ဓား။
၎င်းမှာ လုမင် ကိုယ်တိုင် ဖန်တီးထားခဲ့သော သတ်ဖြတ်ခြင်းနည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းတွင် သေခြင်းနိယာမ၊ ဝါးမျိုခြင်းနိယာမ၊ အစီရင်နိယာမနှင့် ခွန်အားနိယာမဟူသော နိယာမလေးမျိုး ပါဝင်နေခဲ့၏။
၎င်းက နိယာမများကို ရိုးရှင်းစွာ ပေါင်းစည်းထားခြင်း မဟုတ်ချေ။ ထိုအစား ၎င်းက နိယာမလေးမျိုး၏ ထူးခြားဆန်းပြားသော စွမ်းရည်မျိုးစုံမှ တည်ဆောက်ထားသည့် နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။
ဤကဲ့သို့သော နတ်ဘုရားစွမ်းရည်မှာ ရိုးရှင်းသော နိယာမပေါင်းစည်းမှုထက် အဆပေါင်းများစွာ ပိုမိုသန်မာလှ၏။
လုမင်အနေဖြင့် နိယာမလေးမျိုးကိုသာ အသုံးပြုနိုင်ခဲ့သော်လည်း ထျန်းမင်မှာ မတားဆီးနိုင်ခဲ့ချေ။ ဤနတ်ဘုရားစွမ်းရည်က လုမင်၏ အသန်မာဆုံး သတ်ကွက်များထဲမှ တစ်ခု ဖြစ်သည်။
"ခုတ်ပိုင်းစေ"
လုမင်က ဟိန်းဟောက်လိုက်ပြီး သူ့ဓားဖြင့် ခုတ်ပိုင်းချလိုက်တော့သည်။
ဤဓားက ဟင်းလင်းပြင်ကို ဖြတ်တောက်ကာ ထျန်းမင်ထံသို့ ခုတ်ပိုင်းသွားခဲ့သည်။
ထျန်းမင်က ခုခံရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ချေ။ သူ၏ ကံကြမ္မာမြစ်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီးနောက် သေခြင်းတရား၏ဓားဖြင့် ခုတ်ပိုင်းခြင်းကို ခံလိုက်ရကာ နှစ်ပိုင်းပြတ်လျက် ပေါက်ကွဲသွားခဲ့တော့သည်။
ထျန်းမင်မှာ ဒယီးဒယိုင်ဖြင့် နောက်ဆုတ်သွားခဲ့ရသည်။ သူ၏ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံမှာကို နီရဲသွားစေသည့် သွေးအမြောက်အမြားကို အန်လိုက်ရ၏။
ထျန်းမင် ဒဏ်ရာရရှိသွားခဲ့ပြီ။ သူ၏ ကံကြမ္မာမြစ်ကြီး ပျက်စီးသွားခဲ့ရသဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည်။
"ဝုန်း... ဝုန်း..."
လုမင်က ထိုမျှနှင့် ရပ်တန့်မနေခဲ့ချေ။ သူက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို အသုံးပြုကာ အဆက်မပြတ် ထောက်လိုက်ပြန်သည်။ ကြီးမားသော လက်ချောင်းအနည်းငယ်က ထျန်းမင်ထံသို့ ပစ်ခွင်းသွားခဲ့၏။
ထျန်းမင်က နောက်သို့လွင့်သွားသော်လည်း အရှုံးမပေးခဲ့သေးချေ။ တိုက်ပွဲက မပြီးဆုံးသေးပါ။
ထျန်းမင်က အရှုံးမပေးလိုဘဲ ခုခံရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သို့သော်လည်း သူက ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားက အားနည်းနေခဲ့ပြီ။ ထို့ပြင် သူ၏ ကံကြမ္မာမြစ်ကြီးလည်း ဖြတ်တောက်ခြင်း ခံထားရသည်။ သူက လုမင်ကို လုံးဝ မခုခံနိုင်တော့ချေ။
တိုက်ကွက်အနည်းငယ် အပြီးတွင် သူက မိုင်ပေါင်းများစွာ လွင့်ထွက်သွားခဲ့ရသည်။ သူက သွေးအမြောက်အမြားကို အန်လိုက်ရပြီး သူ့မျက်နှာက သွေးဆုတ်ဖြူရော်နေတော့သည်။
သူသည် တိုက်ပွဲစင်မြင့် အပြင်ဘက်သို့ လွင့်ထွက်သွားခဲ့ရပြီ ဖြစ်သည်။
"မင်း ရှုံးသွားပြီ"
လုမင်က တိုက်ပွဲစင်မြင့်၏ အလယ်တွင် မတ်တပ်ရပ်လျက် လျစ်လျူရှုစွာ ပြောလိုက်သည်။
ရှုံးနိမ့်သွားခဲ့ပြီ။
ထျန်းမင် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
ပရိသတ်ကြီးမှာ အစပိုင်းတွင် တိတ်ဆိတ်နေခဲ့သော်လည်း သူတို့ သတိပြန်ဝင်လာကြသော အခါတွင်မူ ဆူညံပွက်လောရိုက်သွားခဲ့ကြရတော့သည်။
"လုမင်က တကယ်ကြီး ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တာပဲ။ သူက ဧကရာဇ်တစ်ပိုင်းအဆင့်နဲ့ ထျန်းမင်ကို အနိုင်ယူလိုက်တယ်"
"ကံကြမ္မာနိယာမရဲ့ ပြိုင်ဘက်ကင်း ဒဏ္ဍာရီကြီးက ပျက်စီးသွားခဲ့ပြီ။ ကံကြမ္မာက ချိုးဖျက်လို့ ရတယ်... လူက ကောင်းကင်ဘုံကို အောင်နိုင်တာပဲ"
လူထုက ဆူညံစွာ ဆွေးနွေးနေခဲ့ကြသည်။ ထျန်းမင်က လုမင်ကို ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။
လုမင်သည် ထျန်းမင်ကို အနိုင်ယူလိုက်ပြီး ပထမနေရာတွင် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။
အစပိုင်းတွင်မူ မည်သူမျှ လုမင်ကို အထင်မကြီးခဲ့ကြချေ။ လုမင်သည် သိုင်းဧကရာဇ်နယ်ပယ်သို့ မချိုးဖျက်နိုင်သေးကြောင်း သူတို့ သိရှိသွားကြသောအခါ လှောင်ပြောင်မှုပင် ပြုလုပ်ခဲ့ကြသည်။ ထိုအချိန်တုန်းက လုမင်အနေဖြင့် ထိပ်ဆုံး ဆယ်ဦးစာရင်းထဲသို့ ဝင်နိုင်လိမ့်မည်ဟုပင် မည်သူမျှ မထင်ခဲ့ကြချေ။
လုမင်က ပထမနေရာကို အရယူသွားနိုင်လိမ့်မည်ဟု ပို၍ပင် မထင်ခဲ့ကြပါ။
"ဆရာက ပြိုင်ဘက်ကင်းပဲ...၊ ကျွန်မ သိတာပေါ့... ကျွန်မရဲ့ ဆရာက ပြိုင်ဘက်ကင်းတယ်ဆိုတာ"
ရှန်းရှန်းက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် အနီးနားရှိ အဘိုးအို အနည်းငယ်ကို ကြည့်ရန်လည်း မမေ့ခဲ့ချေ။
ထိုအဘိုးအိုများလည်း ကြက်သေသေနေခဲ့ကြသည်။ သူတို့က ရှန်းရှန်း၏ အကြည့်ကို မြင်လိုက်ရသောအခါ ရှက်ရွံ့မှုတို့ ပေါ်လာခဲ့ကြလေသည်။
"သခင်လေးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"
ချင်ယွဲ့၏ မျက်နှာတစ်ခုလုံးတွင် အပြုံးပန်းများ ဝေဆာနေခဲ့သည်။
ဟွမ်လင် ၊ လုံချန် ၊ လော့ထျန်းယီ ၊ အိုးရန်ဝူရွှမ့်နှင့် အခြားသူများ၏ မျက်နှာများတွင်လည်း အပြုံးများ ရှိနေခဲ့ကြ၏။
မရဏဓားကမူ လုမင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
ဟန်ရှင်းဟဲအဖို့မှာတော့ သူ့မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေတော့သည်။ ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်တစ်ခုပင် ရှိနေခဲ့သည်။ လုမင်၏ တိုက်ခိုက်ရေးစွမ်းအားက သူ၏ မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့ပြီ။ အကယ်၍ လုမင်သာ သူ့စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခဲ့ပါက၊ သူ့ကို တိုက်ကွက်တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်သည်။
"ညီအစ်ကိုဝူရှန်း၊ ညီအစ်ကိုခုန်း၊ ညီအစ်ကို ဟန်၊ ညီအစ်ကို ဟဲ... လုမင်က ယွမ်တောင်ကနေ လာတာလို့ကြားတယ်။ ယွမ်တောင်မှာ ဒီလို ပါရမီရှင်မျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ ဂုဏ်ယူပါတယ်ဗျာ... ဂုဏ်ယူပါတယ်"
အချို့သော မဟာဧကရာဇ်များက ဦးလေးခုန်း၊ မဟာဧကရာဇ်ဝူရှန်း၊ မဟာဧကရာဇ်ဟန်နှင့် မဟာဧကရာဇ်ဟဲတို့ကို ဂုဏ်ပြုစကား ဆိုလိုက်ကြသည်။
"ဟားဟားဟား..."
ဦးလေးခုန်းနှင့် မဟာဧကရာဇ်ဝူရှန်းတို့ နှစ်ဦးစလုံးက အားပါးတရ ရယ်မောလိုက်ကြ၏။
မဟာဧကရာဇ်ဟဲနှင့် မဟာဧကရာဇ်ဟန်တို့ကမူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြသည်။ သူတို့၏ မျက်နှာများက မှုန်ကုပ်နေကြ၏။
သူတို့သည် လုမင်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ပစ်ချင်စိတ်ကိုပင် မအောင့်နိုင်အောင် ဖြစ်နေခဲ့ကြတော့သည်။ အခြားသူများက သူတို့ရန်သူနှင့်ပတ်သက်ပြီး သူတို့ကို ဂုဏ်ပြုနေခြင်းဖြစ်ရာ မည်သို့ ပျော်ရွှင်နိုင်ပါမည်နည်း။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အဆိုးရွားဆုံးမှာ ဟန်မျိုးနွယ်စု၊ ဟဲမျိုးနွယ်စု၊ ရှေးဟောင်းလမင်း မြင့်မြတ်နယ်မြေရှိ ရွှေကျီးကန်းမျိုးနွယ်စု၊ ဝမ်မျိုးနွယ်စုနှင့် အခြားသော အင်အားစုများ ဖြစ်ကြသည်။
သူတို့၏ မျက်နှာများက ဖြူဖျော့နေခဲ့ကြ၏။ လုမင်၏ ပါရမီက တကယ်ကို ကြောက်စရာကောင်းလွန်းသည်။ အကယ်၍ လုမင်ကို ဆက်လက်ကြီးထွားခွင့် ပေးလိုက်မည်ဆိုပါက သူတို့အားလုံး အနာဂတ်တွင် ဖျက်ဆီးခြင်း ခံရပေလိမ့်မည်။
ဤအရာကို တွေးမိသောအခါ သူတို့၏ နှလုံးသားများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့ရသည်။
"တောက်"
ယွမ်ရှင်းက နာကျည်းစွာ တက်ခေါက်လိုက်သည်။ လုမင်က ပထမနေရာကို အရယူသွားခြင်းကို သူ လက်မခံနိုင်ခဲ့ချေ။
ထျန်းမင်လည်း ဒါကို လက်မခံနိုင်ခဲ့ပါ။ သူ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားခဲ့သော်လည်း နောက်ဆုံးတွင်မူ သူတို့အားလုံး တိတ်ဆိတ်သွားခဲ့ကြရသည်။
"ကိုင်း၊ နယ်မြေဆယ်ခု တိုက်ပွဲကတော့ ဒီမှာတင် ပြီးဆုံးသွားပါပြီ"
ဆံပင်ဖြူ အဘိုးအိုက အပြုံးဖြင့် လှမ်းထွက်လာခဲ့သည်။
"အခု... နယ်မြေဆယ်ခု တိုက်ပွဲရဲ့ ထိပ်ဆုံး ဆယ်ဦးစာရင်းကို ကြေညာပါမယ်"
"ပထမနေရာ... လုမင်"
"ဒုတိယနေရာ... ထျန်းမင်"
"တတိယနေရာ... ယွမ်ရှင်း"
"..."
ဆံဖြူအဘိုးအိုက အဆင့်သတ်မှတ်ချက်များကို ကြေညာလိုက်လေသည်။