← Chapters

အခန်း (၂၉၄-၂၉၆)

Vol. 21 Ch. 294-296

အခန်း (၂၉၄-၂၉၆)

Vol. 21 Ch. 294-296

အပိုင်း(၂၉၄) ကောင်းကင်ပြည်နယ်၏ အဆုံးသတ်။ စစ်ပွဲစတင်ခြင်း

နောက်တစ်နေ့။

အရုဏ်တက်ချိန် ကောင်းကင်ယံ စတင်လင်းလာသည်နှင့်အမျှ လူများသည် အိပ်ရာမှ နိုးထလာကြပြီး အဝတ်အစားများဝတ်ဆင်ကာ သမ်းဝေလျက် တံခါးကိုတွန်းဖွင့်ပြီး ငြီးငွေ့ဖွယ်ကောင်းသော ထပ်တူကျသည့် နေ့သစ်တစ်နေ့ကို စတင်ရန် အသင့်ဖြစ်နေကြသည်။

ရုတ်တရက်။

မြေကြီး တုန်လှုပ်သွားပြီး နေမင်းသည် အရိပ်များဖြင့် ဖုံးကွယ်ခံလိုက်ရကာ မြေပြင်ပေါ်သို့ အမှောင်ထု ပြန်လည်ကျရောက်လာလေသည်။

"ဟင်။"

"ဘာတွေဖြစ်နေတာလဲ။ အိပ်ချင်မူးတူး ဖြစ်နေတုန်းလား။ မိုးလင်းကာစပဲ ရှိသေးတယ်။ ပြန်ပြီးတော့ မှောင်သွားပြီလား။"

ပေါက်ပြားကိုထမ်းကာ လယ်ကွင်းသို့သွားနေသော လယ်သမားတစ်ဦးက နားမလည်နိုင်စွာဖြင့် ခေါင်းကို ကုတ်လိုက်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်ရာ ရုတ်တရက် သူ၏မျက်လုံးများမှာ အပ်တစ်ချောင်းစာခန့် ကျုံ့သွားပြီး ကျောပြင်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်သွားလေသည်။

မိုင်ရာနှင့်ချီ၍ မြင့်မားသော ဧရာမဓမ္မပုံရိပ်ကြီးတစ်ခုသည် မတ်မတ်ရပ်နေပြီး မယုံနိုင်လောက်အောင် လျင်မြန်သောအမြန်နှုန်းဖြင့် ပြေးဝင်လာရာ အကွာအဝေး ဝေးကွာသော်လည်း သူတို့၏ မျက်စိရှေ့မှောက်တွင် ရှိနေသကဲ့သို့ ဖြစ်နေလေသည်။

ထိုဘီလူးကြီးက ဟိန်းဟောက်လိုက်ပြီး သူနှင့်အရွယ်အစားတူညီသော ရန်သူအချို့ကို ဆုတ်ဖြဲလိုက်ကာ သွေးများဖြင့်ရေချိုးထားပြီး ရက်စက်စွာ ပြုံးကာ ပြောလိုက်သည်။

"တုန်းထျန်းက ချူမိသားစုဟာ ခေါင်းမာစွာနဲ့ခုခံပြီး ကျိမိသားစုရဲ့အမိန့်တွေကို ဖီဆန်ခဲ့တယ်။ သူတို့ကို နှိမ်နင်းဖို့ ငါတို့ ရောက်လာပြီ။ အညံ့ခံဖို့ငြင်းဆန်တဲ့သူတွေကို သနားညှာတာမှုကင်းမဲ့စွာနဲ့ သတ်ပစ်မယ်။"

"မိသားစု(၄)ခုကိုဖြုတ်ချပြီးတော့ လူသားဧကရာဇ်အတွက် ရွှေခေတ်သစ်တစ်ခုဖန်တီးဖို့ ကျိမိသားစုရဲ့ သားတော်ဆီကနေ ငါ အမိန့်ရထားတယ်။"

ဝုန်း။

မရေမတွက်နိုင်သော ကြယ်ပျံများက အဝေးမှ ပစ်ခတ်ဝင်ရောက်လာပြီး ဟင်းလင်းပြင်ကို ဖျက်ဆီးကာ၊ မဟာတာအိုကို တုန်လှုပ်သွားစေပြီး မြေကြီးကိုဗွက်ထသွားစေကာ အဆုံးမရှိသော တောင်တန်းများကို မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားစေသည်။

အနောက်မှကပ်ပါလာသည်မှာ ပိုမိုကြီးမားလှသော ဓမ္မပုံရိပ်များဖြစ်ပြီး တစ်ခုစီတိုင်း ပေတစ်သောင်းခန့် မြင့်မားကာ အားကောင်းသောအရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အနည်းဆုံး သောင်းနှင့်ချီ၍ ရှိနေလေသည်။ ၎င်းတို့အထဲတွင် အနိမ့်ဆုံးအဆင့်မှာ လရောင်ထွန်းလင်းနယ်ပယ်ဖြစ်ပြီး အမြင့်ဆုံးမှာ နံနက်ခင်းအလင်းနယ်ပယ်၏ အထွတ်အထိပ်တွင်ပင် ရှိလေသည်။

လေထဲတွင် ဓားကိုင်ဆောင်ထားသော ကျင့်ကြံသူများအပြင် သားရဲများကို ထိန်းချုပ်သူများ၊ ကူပိုးကောင်များကို အုပ်ချုပ်သူများနှင့် လက်နက်အမျိုးမျိုးဖြင့် ဝန်းရံထားသူများလည်း ပါဝင်လေသည်။

ဤလူများသည် တစ်ချိန်က ဂိုဏ်း(၁၈)ခု၏ တပည့်များဖြစ်ကြပြီး ယခုအခါတွင် ကျိမိသားစု၏ လက်အောက်ခံများ ဖြစ်လာကာ မိသားစု(၄)ခုကို နှိမ်နင်းမည့် စစ်ဆင်ရေးတွင် ပါဝင်နေကြခြင်း ဖြစ်သည်။

အထက်ကောင်းကင်ဘုံ(၉)ခု၌ နတ်ဘုရားများ၊ ပြည်နှင်ဒဏ်ခံရသော နတ်ဘုရားများနှင့် စစ်မှန်သော ဗုဒ္ဓများကဲ့သို့ နတ်ဘုရားစွမ်းအားများ ထုတ်လွှတ်နေသော ဧရာမပုံရိပ်ကြီး(၃)ခုသည် ကောင်းကင်ယံကို ဖုံးလွှမ်းထားပြီး တုန်းမင်ထျန်းနယ်မြေ တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနေကြသည်။

ပေါက်ပြားကိုထမ်းထားသော လယ်သမားလေးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ လရောင်ထွန်းလင်း နယ်ပယ်မှ ဘီလူးကြီးတစ်ကောင်၏ နင်းခြေခြင်းကို ခံလိုက်ရပြီး တောင်ကြီးနှင့်အတူ ချေမွခံလိုက်ရလေသည်။

ရှေ့တွင်။

၎င်းတို့မှာ မြို့ရွာများ ဖြစ်သော်လည်း ဤနတ်ဘုရားများနှင့် နတ်ဆိုးများပါဝင်သော စစ်တပ်ကြီး၏ ရှေ့တွင် ရွှံ့စေးများကဲ့သို့ အလွန်ပျက်စီးလွယ်ပြီး လုံးဝအသုံးမဝင်သကဲ့သို့ ဖြစ်နေလေသည်။

ဝိုင်းရံထားသော စစ်တပ်ကြီးက လုံးဝရပ်တန့်ခြင်းမရှိဘဲ တောင်များကိုမြေညှိကာ ပင်လယ်များကို အငွေ့ပျံစေပြီး မြို့များကိုဖျက်ဆီးကာ ချူမိသားစု၏အသိုက်ဆီသို့ ရေလွှမ်းမိုးသည့်အလား ချီတက်လာကြသည်။

"သတ်။"

အချို့မြို့များတွင် သံမဏိလို စိတ်ဓာတ်ရှိသော မြို့စားများ ရှိကြပြီး သူတို့၏သက်တော်စောင့်များကို ဦးဆောင်ကာ ထွက်ပေါက်ရှာရန် တိုက်ခိုက်ကြသည်။

သို့သော် ၎င်းက ကြီးမားလှသော ရေစီးကြောင်းကြီးထဲ လျင်မြန်စွာ မျိုချခံလိုက်ရပြီး လှိုင်းဂယက်လေး တစ်ခုပင် မဖြစ်ပေါ်ခဲ့ပေ။ မြို့နှင့်တကွ မရေမတွက်နိုင်သော လူများသည် မျက်တောင်တစ်ခတ်အတွင်း ပြာအဖြစ် ပြောင်းလဲသွားလေသည်။

လျှို့ဝှက်စွာဖြင့်…

ကျိရွှီခုံးနှင့် သူ၏အကြံပေးများက အခြေအနေကို အေးစက်စွာစောင့်ကြည့်နေပြီး ပြောလိုက်သည်။

"ဒီတိုက်ပွဲရဲ့ အဓိကရည်ရွယ်ချက်က ရန်သူတွေကို သုတ်သင်ရှင်းလင်းဖို့ မဟုတ်ဘဲနဲ့ မိသားစု(၄)ခုရဲ့ ဂုဏ်ယူဝင့်ကြွားမှုကို ရိုက်ချိုးပြီး သူတို့ကို ကျိမိသားစုအောက်မှာ လုံးဝဒူးထောက်အညံ့ခံလာအောင် လုပ်ဖို့ပဲ။ ဒါကြောင့် မဟာဗျူဟာကို ပြောင်းလဲဖို့ လိုအပ်ပြီ။ ငါတို့ ဂိုဏ်း(၁၈)ခုကို ရှင်းလင်းတုန်းကလောက် ရက်စက်လို့ မရဘူး။"

"ငါတို့က သူတို့ရဲ့နယ်မြေတွေကို သိမ်းပိုက်ဖို့၊ ချူမိသားစုကို တတ်နိုင်သမျှ ထောင့်ကျပ်အောင် တွန်းပို့ဖို့၊ ပြီးတော့... မတိုက်ခိုက်ဘဲ ဝိုင်းရံထားပြီး သူတို့ကို ဖြည်းဖြည်းချင်း နှိပ်စက်ဖို့၊ သူတို့ရဲ့ အရင်းအမြစ်တွေ၊ ရေနဲ့ အစားအစာတွေကို ဖြတ်တောက်ပြီတော့ သူတို့ရဲ့စိတ်ဓာတ်ခွန်အားကို အကြိမ်ကြိမ် ချည့်နဲ့သွားအောင် လုပ်ဖို့ လိုတယ်။"

"ဒါကြောင့် နယ်မြေတစ်ခုကို သိမ်းပိုက်ပြီးရင် အဲဒီမှာ တပ်စွဲဖို့ တပ်ဖွဲ့တစ်စိတ်တစ်ပိုင်းကို ချန်ထားခဲ့ဖို့ လိုအပ်တယ်။ ပြီးရင် စစ်ကြောင်းကို တည့်တည့် ဆက်သွားရမယ်။ ပြီးတော့ အဲဒီကောင်းကင်ထောက်တိုင် သုံးယောက်က မျှော်လင့်ချက်မဲ့ပြီး အစွန်းရောက်တဲ့နည်းလမ်းတွေကို သုံးလာနိုင်တဲ့ ချူမိသားစုက အဘိုးကြီးတွေကို သတိထားနေသင့်တယ်။"

ညွှန်ကြားချက်တစ်ခုစီ ထွက်ပေါ်လာသည်နှင့်အမျှ အဆင့်မြင့်အရာရှိများက ခေါင်းညိတ်ကာ သေချာစွာ နားထောင်ကြပြီး ၎င်းညွှန်ကြားချက်များကို တဖြည်းဖြည်း ပြုပြင်မွမ်းမံကာ အဆင့်ဆင့် တာဝန်လွှဲပြောင်း ပေးအပ်ကြသည်။

စစ်ပွဲဆိုသည်မှာ ဤသို့ပင်။

စစ်သေနာပတိချုပ်က ပဲ့ကိုင်ရှင်အခန်းကဏ္ဍကိုယူပြီး ရည်မှန်းချက်များနှင့် မဟာဗျူဟာအမြင်အတွက် တာဝန်ရှိသည်။ နောက်တစ်ဆင့် ခေါင်းဆောင်ပိုင်းက အသေးစိတ်အချက်အလက်များနှင့် အလုံးစုံအစီအစဉ်ကို ဖြည့်စွက်ပြီးနောက် အောက်ကို လက်ဆင့်ကမ်းပေးရန် တာဝန်ရှိသည်။ လက်အောက်ခံများက ၎င်းကို ဖြည့်စွက် ပြုပြင်မွမ်းမံပြီး စစ်ပွဲ ဧရာမယန္တရားကြီးတစ်ခုလုံးကို လှုပ်ရှားနိုင်သည်အထိ အဆင့်ဆင့် လုပ်ဆောင်ကြသည်။

"ချူမိသားစုက..."

"ကြီးမားလှတဲ့အင်အားကြီးကို ရင်ဆိုင်ရတဲ့အခါ ဆွေးမြေ့နေတဲ့ နံရံတစ်ခုလိုပဲ။ လက်တစ်ချောင်းနဲ့ ထိုးလိုက်ရုံနဲ့ အလွယ်တကူ ပျက်စီးသွားလိမ့်မယ်။" ကျိရွှီခုံးက တုန်းမင်ထျန်းနယ်‌မြေကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။

...

အလားတူအခြေအနေမျိုးသည် လုံမိသားစု၏ ရှစ်ဟိုင်ထျန်းနှင့် လင်းမိသားစု၏ ချန်လန်ထျန်းတို့တွင် တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့ပြီး ကျိမိသားစု၏ စစ်တပ်သည် စစ်မီးတောက်များကိုမွှေးကာ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံဝါးမျိုသွားပြီး ဒေါသတကြီးစီးဆင်းနေသော ရေလွှမ်းမိုးမှုကြီးကဲ့သို့ပင် စစ်ကြောင်းများကို ရှေ့သို့ တိုးလာကြသည်။

ချင်လွမ်ထျန်းမှ လီမိသားစုသာလျှင် စစ်သားတစ်ယောက်မျှ ကျူးကျော်ဝင်ရောက်ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းစွာ ရှိနေလေသည်။

တစ်ခဏချင်းမှာပင် သတင်းက တောမီးကဲ့သို့ ပြန့်နှံ့သွားလေသည်။

ကောင်းကင်ပြည်နယ်တစ်ခုလုံးသည် ကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းသွားပြီး အထူးသဖြင့် ကမ်းရိုးတန်း ဒေသများနှင့် မိသားစု(၅)ခု၏ ထိန်းချုပ်မှုပြင်ပရှိ ဝေးလံခေါင်သီသော နယ်မြေများပင်။

နောက်ဆုံးတိုက်ပွဲကြီး စတင်ပြီဖြစ်ကြောင်း လူတိုင်း သိကြသည်။

နေ့တစ်ဝက်ခန့်အတွင်းမှာပင် ကောင်းကင်ပြည်နယ်၏ ငါးပုံလေးပုံခန့်သည် မီးတောက်များထဲတွင် ဖုံးလွှမ်းသွားပြီး မိနစ်တိုင်း စက္ကန့်တိုင်းတွင် မရေမတွက်နိုင်သော အသက်များ သေဆုံးနေကြသည်။ ပုံမှန်အားဖြင့် အလွယ်တကူ မရောက်ရှိနိုင်သော လရောင်ထွန်းလင်းနှင့် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူများပင်လျှင် ဤစစ်ပွဲတွင် အရေးမပါသကဲ့သို့ ဖြစ်နေလေသည်။

ကမ်းရိုးတန်း မြို့တစ်မြို့မှ ကျင့်ကြံသူတစ်ဦးသည် အဝေးသို့ ငေးကြည့်ရင်း တာအိုနှလုံးသား ပြိုကွဲလုမတတ် ဖြစ်စေသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ကောင်းကင်ပြည်နယ် အများစုက ရန်သူ့လက်အောက်သို့ ကျရောက်သွားခဲ့သည်။

အဆုံးမရှိသော သွေးအရိပ်ကြီးက ပေသောင်းချီ မြင့်တက်လာပြီး ကောင်းကင်ဘုံ(၉)ခုဆီသို့ တည့်တည့် တက်သွားကာ ထိုနေရာတွင် မရေမတွက်နိုင်သော ဝိညာဉ်များက စူးရှစွာ အော်ဟစ်ရုန်းကန်နေကြလေသည်။

"ဒါက ကမ္ဘာပေါ်က တကယ့်ငရဲပဲ..." ထိုကျင့်ကြံသူသည် မြေကြီးပေါ်သို့ ခွေကျသွားလေသည်။ သူသည် တစ်ချိန်က မျက်တောင်မခတ်ဘဲ သတ်တတ်သည့် သွေးအေးသော ဓားကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း၊ ဤအချိန်တွင်မူ သူ၏တာအိုနှလုံးသားသည် မြေမှုန့်အဖြစ်သို့ ပြိုကွဲသွားလေသည်။

ဘုန်း။

ရုတ်တရက်။

တုန်းထျန်းနယ်မြေမှ မြစ်ဖျားခံလာသော ကောင်းကင်နှင့်ငရဲကို တုန်လှုပ်စေသည့် နားကန်းလောက်သော ဟိန်းဟောက်သံတစ်ခုက ကောင်းကင်တစ်ဝက်ကို ချေမှုန်းပစ်လိုက်ပြီး ထို့နောက်တွင် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ကျိရွှီခုံး... သေဖို့ ပြင်ထားလိုက်။"

"ချူရှီရန်... မင်းကသာ သေဖို့ထိုက်တန်တဲ့သူပဲ။"

ကောင်းကင်ယံတိုက်ပွဲကြီး ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်များကို ထုတ်လွှတ်လိုက်ရာ မဟာတာအိုသုံးထောင်မှာ နာကျင်စွာ ညည်းတွားသွားပြီး တိုက်ကြီးတစ်ခုလုံးသည် သေမင်းတမန် အမည်းရောင်အရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားကာ သေမင်းနယ်မြေတစ်ခုနှင့် တူသွားလေသည်။

တာအိုနှလုံးသား ပြိုကွဲသွားသော ကျင့်ကြံသူက ရှင်းလင်းစွာမြင်ရစေရန် သူ၏မျက်လုံးများကို အတင်း ပြဲကြည့်လိုက်သည်။

နောက်ဆုံးတွင်။

သူသည် မိုင်သန်းချီဝေးကွာသောနေရာမှ တောက်ပသည့် လှံအရိပ်တစ်ခုကို မြင်လိုက်ရပြီးနောက် တစ်ချက်သာ မြင်လိုက်ရကာ ထိုလှံသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး သူ၏နဖူးကို တည့်တည့် ဖောက်ထွင်းသွားလေသည်။

အနှစ်တစ်ရာ ကျင့်ကြံခဲ့ပြီး လရောင်ထွန်းလင်းနယ်ပယ်ကို ခြေတစ်လှမ်းလှမ်းထားသည့် ကျင့်ကြံသူ တစ်ဦးက တည့်တည့်လဲကျသွားပြီး နေရာမှာပင် သေဆုံးသွားလေသည်။

၎င်းသည် ကောင်းကင်ထောက်တိုင်ကျင့်ကြံသူ၏ အစွမ်းကုန်တိုက်ခိုက်မှု ထုတ်လွှတ်လိုက်ခြင်း၏ သင်္ကေတ တစ်ခုပင်။

သူ၏ လှုပ်ရှားမှုတိုင်းသည် အလွန်ထက်မြက်လှသည်။ နံနက်ခင်းအလင်းနယ်ပယ်အောက်ရှိ မည်သူမဆို သူတိုက်ခိုက်နေသည်ကို ကြည့်ရှုနေရန် မဆိုထားနှင့်။ အဝေးမှ သူ့ကို တစ်ချက် လှမ်းကြည့်လိုက်လျှင် သော်လည်းကောင်း၊ သမိုင်းထဲတွင် သူ၏အရိပ်ကို မြင်တွေ့လိုက်ရလျှင် သော်လည်းကောင်း၊ စာအုပ်ထဲတွင် သူ၏ထက်မြက်မှုကို မြင်တွေ့လိုက်ရလျှင်သော်လည်းကောင်း ခွဲခြားမှုမရှိဘဲ သတ်ဖြတ်ခံရမည် ဖြစ်သည်။

မြို့ငယ်လေး တစ်မြို့။

ဗေဒင်ဆရာတစ်ဦးက ရုတ်တရက် ရပ်တန့်သွားပြီး နောက်သို့လှည့်ကာ သူ၏လက်ချောင်းများဖြင့် တွက်ချက်မှုတစ်ခု ပြုလုပ်လိုက်သည်။

"ဘေးဒုက္ခက နီးကပ်နေပြီ။ ဘေးဒုက္ခက နီးကပ်နေပြီ..."

စကားလုံးများက သူ၏ပါးစပ်မှ ထွက်သွားရုံသာ ရှိသေးသည်။

သွေးနံ့များပါလာသော ကျိုးပဲ့နေသည့် ဓားတစ်လက်က ဘယ်ကမှန်းမသိ ပျံသန်းလာပြီး မြို့ထဲသို့ ဝင်တိုက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူတစ်သောင်းနေထိုင်သော မြို့ငယ်လေး ပျောက်ကွယ်သွားပြီး အောက်ခြေမရှိသော တွင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

အလားတူဖြစ်ရပ်များ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ကပ်ဆိုးများက မြေပြင်အနှံ့ ပြန့်နှံ့သွားလေသည်။

"နတ်ဘုရားတွေ တိုက်ခိုက်တဲ့အခါ သေမျိုးတွေ ဒုက္ခရောက်တယ်" ဟူသော စကားပုံသည် ပြီးပြည့်စုံစွာ သရုပ်ဖော်ပြနေလေ၏။ တစ်ခါတစ်ရံတွင် အင်အားကြီးသူများက အချင်းချင်း တမင်တကာ ပစ်မှတ်ထားရန် မလိုအပ်ပေ။ အင်အားကြီးသူတစ်ဦး၏ မဆင်မခြင်လုပ်ရပ်တစ်ခုက လိပ်ပြာသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ပြီး မရေမတွက်နိုင်သော အသက်များ ပျက်စီးခြင်းသို့ ဦးတည်သွားစေနိုင်သည်။

တစ်ချိန်တည်းမှာပင်။

ချင်လွမ်ထျန်းနယ်မြေ။

ကျိဝူရွှမ်သည် နေရာလွတ်အတားအဆီးကိုဆုတ်ဖြဲကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူ ရောက်ရှိလာကြောင်း ကြေညာရန် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို ထုတ်လွှတ်ရန် ပြင်လိုက်သည်။ သို့သော် သူက နောက်သို့လှည့်ကြည့်လိုက်ရာ အမြဲတမ်းကပ်ပါလာသော ထိုပုံရိပ်ကို မြင်လိုက်ရချိန် မျက်နှာမှာ အိုးမည်းကဲ့သို့ မည်းနက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

"ငါက မင်းကို ကျိမိသားစုရဲ့နေအိမ်မှာ ဧည့်သည်အဖြစ် ဖိတ်ခဲ့တာ။ ငါ့နောက်ကိုလိုက်ခဲ့ဖို့ ဖိတ်ခဲ့တာ မဟုတ်ဘူး။"

မုန့်ချင်ကျိုးက ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "'အိမ်ရှင်က ဧည့်သည်ရဲ့အလိုကို လိုက်ရတယ်ဆိုတဲ့ အခြေခံသဘောတရားကို မင်း နားမလည်ဘူးလား။"

…

အပိုင်း(၂၉၅) လေးနှင့်ဓားတာအို၊ လေးကိုဆွဲ၍ နတ်ဘုရားကိုပစ်ခြင်း

ချင်လွမ်ထျန်းနယ်မြေ။

မိုးတိတ်သွားပြီးနောက် စိုစွတ်ပြီးစေးကပ်နေသော လေထုက လီမိသားစုဝင်များ၏ ခေါင်းများကိုလည်း အေးစိမ့်သွားစေသည်။ ကျိမိသားစုက မိသားစု(၄)ခုကို တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် ကောင်းကင်ထောက်တိုင် ကျင့်ကြံသူ တစ်ဒါဇင်ကျော်က စစ်တပ်ကြီးကို ဦးဆောင်ကာ ဝိုင်းရံတိုက်ခိုက်လာသောအခါ လီမိသားစုသည် ပထမအဆင့် စစ်အုပ်ချုပ်ရေးအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း။

သူတို့က စောင့်ပြီးရင်း စောင့်နေခဲ့သော်လည်း စစ်သားတစ်ယောက်မျှ ပေါ်မလာခဲ့ပေ။ အခြား မိသားစု (၃)ခုမှာ တစ်ခုပြီးတစ်ခု ကျဆုံးသွားသည်ကို သူတို့ စောင့်ကြည့်နေခဲ့ရသည်။ ချူမိသားစု၏ တုန်းထျန်း နယ်မြေတွင် ကောင်းကင်ထောက်တိုင် တိုက်ပွဲပင် ဖြစ်ပွားခဲ့သော်လည်း၊ ချင်လွမ်ထျန်းနယ်မြေမှာမူ တည်ငြိမ်အေးချမ်းစွာ ရှိနေလေသည်။

မည်သူကမျှ ဤအရာအတွက် တိတ်တဆိတ် ဝမ်းသာမနေခဲ့ပေ။

မည်သူမှ ငတုံးများ မဟုတ်ပေ။ အရာတစ်ခုက ပုံမှန်မဟုတ်လေလေ ပြဿနာက ပိုကြီးလာလေလေ ဖြစ်ကြောင်းကို လူတိုင်း သိကြသည်။

"မိသားစုခေါင်းဆောင်၊ အမိန့်တွေ ထုတ်ပြန်ပြီးပါပြီ။ လီမိသားစုရွာက အဖွဲ့ဝင်အားလုံး တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာကြပါပြီ။ ဘိုးဘေး လီယဲ့ကလည်း ခေါင်းဆောင်ရဲ့ အမိန့်တွေကို နာခံမယ်လို့ အာမခံထားပါတယ်။"

ပျော့ပျောင်းသောသံချပ်ကာကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက်ကိုင်ဆောင်ထားသော လီရှစ်က လေးနက်သော ခြေလှမ်းများဖြင့် ရှေ့သို့လျှောက်လှမ်းလာလေသည်။

"ကောင်းတယ်။" လီတိုင်ယွမ်က မျက်ခုံးများတွင် သူရဲကောင်းဆန်သော စိတ်ဓာတ်များ ဖော်ပြနေလျက် ခေါင်းညိတ်လိုက်သည်။ သူက မည်သည့်ကြောက်ရွံ့မှုမျှ မပြဘဲ ရှေ့သို့ကြည့်နေကာ သူ၏စိတ်ခံစားမှုများကို ခွဲခြားသိမြင်ရန် မဖြစ်နိုင်ပေ။

ဘေးဒုက္ခတစ်ခုကို တွေ့ကြုံပြီးနောက် သူသည် လုံးဝ ပြောင်းလဲသွားခဲ့ပြီး တစ်ချိန်က အနည်းငယ် ရိုးအပြီး မောက်မာသော အမျိုးသမီး စ်ဗိုလ်ချုပ် မဟုတ်တော့ပေ။

"မိသားစုခေါင်းဆောင်၊ ကျိမိသားစုက ငါတို့ကို ဘယ်လိုကိုင်တွယ်မယ်လို့ ထင်လဲ။"

"ယုတ္တိတန်တန် တွေးကြည့်ရင် မိသားစု(၄)ခုထဲမှာ ငါတို့ လီမိသားစုပဲ အပြင်းထန်ဆုံး ပျက်စီးဆုံးရှုံးမှုကို ခံစားခဲ့ရပြီးတော့ ကြိုးကိုင်ခြယ်လှယ်ဖို့ အလွယ်ကူဆုံးပဲ။ ကျိမိသားစုက..." လီရှစ်က ဆက်မပြောနိုင်တော့ဘဲ အနည်းငယ် ဝမ်းနည်းစွာဖြင့် ခေါင်းငုံ့ထားလိုက်သည်။

အခြေအနေကို ထိန်းသိမ်းရန် အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးသာ ရှိတော့သော လီမိသားစုသည် ဘိုးဘေးလီရွှမ်ကျင်း သေဆုံးပြီးနောက် ဤမျှကြီးမားသော အဖြစ်အပျက်နှင့် ရင်ဆိုင်နေရသည်။ ကျိမိသားစု၏ လွှမ်းမိုးနိုင်စွမ်းကို သူတို့ မည်သို့ ခုခံနိုင်မည်နည်း။

လီတိုင်ယွမ်က တည်ငြိမ်စွာနေပြီး ဂရုမစိုက်ဘဲ ပြောလိုက်သည်။

"နောက်ဆုံးရ တိုက်ပွဲအစီရင်ခံစာကို မြင်ပြီးပြီလား။"

"မြင်ပြီးပါပြီ။" လီရှစ်က ခေါင်းညိတ်လိုက်သည်။

"ကောင်းကင်ထောက်တိုင် (၄)ယောက်ထဲမှာ ဘယ်သူ့ကို မမြင်ရသေးဘူးလဲ။"

လီရှစ် အံ့အားသင့်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ "...ကျိဝူရွှမ်။"

"သူပဲ ဖြစ်ရမယ်။" လီတိုင်ယွမ်က ပြောလိုက်သည်။ "ကျိဝူရွှမ်က လူသားဧကရာဇ်အဖြစ် နောက်ထပ် ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုကို ဖန်တီးချင်နေတယ်။ သူက ကံကြမ္မာနဲ့အာဏာရဲ့စွမ်းအား ပြီးတော့ ပြိုင်ဖက်ကင်းတဲ့ ခွန်အားတွေကို လိုအပ်ရုံအပြင်ကို သူ့ရဲ့နောက်လိုက်တွေကို ခြိမ်းခြောက်ဖို့ ပြတ်သားတဲ့ တိုက်ပွဲတစ်ခုလည်း လိုအပ်တယ်။"

"ပထမဆုံးလူသားဧကရာဇ်က နတ်ဘုရားတွေအားလုံးကို ချေမှုန်းပြီးတော့ ရှေးခေတ်ကာလကို အဆုံးသတ်ခဲ့သလိုမျိုးပေါ့။"

"မျိုးနွယ်စု(၄)ခုထဲမှာ လီမိသားစုက ကြိုးကိုင်ခြယ်လှယ်ဖို့ အလွယ်ကူဆုံးလို့ ထင်ရတယ်။ အဲဒါကြောင့် လီမိသားစုဟာ ကျိဝူရွှမ်က သူ့ကိုယ်သူအတွက် ရွေးချယ်ထားတဲ့ ခြေနင်းတုံးပဲ။"

ထိုစကားကို ကြားသောအခါ လီရှစ်၏မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး ဒေါသတကြီး ပြောလိုက်သည်။

"ဘယ်လို…"

"သူက ငါတို့ လီမိသားစုကို ဘယ်လိုများ ဒီလောက်အထင်သေးရဲတာလဲ။။"

ထိုအချိန်တွင်ပင်။

လီမိသားစုမှ အဆင့်မြင့်အရာရှိတစ်ဦး အလျင်စလို ရောက်လာပြီးနောက် လက်နှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်ပြီး ပြောလိုက်သည်။ "မိသားစုခေါင်းဆောင်ကို အစီရင်ခံပါတယ်။ ချင်လွမ်ထျန်းနယ်မြေရဲ့ နယ်စပ်မှာ ကောင်းကင်ထောက်တိုင် ကျင့်ကြံသူတစ်ယောက်နဲ့ နံနက်ခင်းအလင်း ကျင့်ကြံသူ တစ်ယောက်ရဲ့ လှိုင်းဂယက်တွေ ထောက်လှမ်းမိပါတယ်။ သူတို့က သူတို့ကိုယ်သူတို့ ဖုံးကွယ်ဖို့ လုံးဝမကြိုးစားပါဘူး။ ဒါကြောင့် အခုရောက်လာတဲ့သူက တခြားသူမဟုတ်ဘဲ ကျိမိသားစုရဲ့ ချီလင်သားတော်ပဲဆိုတာ အတည်ပြုလို့ ရပါတယ်..."

ထိုစကားကို ကြားသောအခါ လီရှစ်သည် ချက်ချင်း ပါးစပ်ပိတ်သွားပြီး လက်သီးကို ဆုပ်ထားလိုက်ရာ လက်သည်းများက လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး သွေးများ ထွက်လာလေသည်။

မိသားစု ခေါင်းဆောင်ပြောတာ မှန်တယ်။

နဂါးတစ်ကောင်က ရေတိမ်ပိုင်းမှာ ပိတ်မိသွားရင် ငါးတွေနဲ့ပုစွန်တွေရဲ့ကစားစရာ ဖြစ်သွားတတ်တယ်။ သေချာတာပေါ့။ ကျိမိသားစုက ငါးတွေ၊ပုစွန်တွေ မဟုတ်ဘဲ ကမ္ဘာဦးဘီလူးကြီးတွေလေ။

"နောက်ထပ် နံနက်ခင်းအလင်းကျင့်ကြံသူကရော ဘယ်သူလဲ…" လီတိုင်ယွမ်က ခေါင်းလှည့်ကာ မေးလိုက်သည်။

လီမိသားစု၏ အဆင့်မြင့် အရာရှိက တွန့်ဆုတ်သွားပြီး တစ်ခုခု ပြောချင်သော်လည်း မပြောနိုင်သကဲ့သို့ ဗလုံးဗထွေး ပြောနေလေသည်။

"ရှင်းရှင်းလင်းလင်း ပြောစမ်း။" လီတိုင်ယွမ်က အော်လိုက်သည်။

"အဲဒါ အချိန်-နေရာလွတ် ဓားသူတော်စင်ပါ... သူတို့ အတူတူ လာခဲ့ကြတာ။" ထိုလူသည် မျက်နှာကို ငုံ့ထားပြီး လီတိုင်ယွမ်ကို တိုက်ရိုက် မကြည့်ရဲပေ။

မုန့်ချင်ကျိုး၊ သူလား။။

လီတိုင်ယွမ် တစ်ခဏမျှ ရှုပ်ထွေးသွားပြီးနောက် လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ "နားလည်ပြီ။ နဂိုအစီအစဉ်အတိုင်း ဆက်လုပ်ပါ။ အချိန်-နေရာလွတ် ဓားသူတော်စင်ကိုတော့ လျစ်လျူရှုထားလိုက်။"

"ဟုတ်ကဲ့ပါ။"

လူတိုင်း အဝေးသို့ ထွက်သွားပြီးနောက် လီရှစ်က မနေနိုင်ဘဲ ပြောလိုက်သည်။

"မိသားစုခေါင်းဆောင်၊ အချိန်-နေရာလွတ်ဓားသူတော်စင်က ကျိမိသားစုနဲ့ ဘယ်လိုလုပ် ပတ်သက်နေတာလဲ။ သူတို့က ပူးပေါင်းလိုက်ကြပာများလား။"

"စိတ်မပူပါနဲ့။ အဲဒါ မဖြစ်နိုင်ဘူး။"

လီတိုင်ယွမ်သည် ချင်လွမ်ထျန်းနယ်မြေ၏ အစွန်းကို စူးစိုက်ကြည့်ပြီးနောက် ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ လွှမ်းမိုးနိုင်သော စွမ်းအားများ ထုတ်လွှတ်ကာ ယှဉ်တွဲလျှောက်လှမ်းလာသော ပုံရိပ်နှစ်ခုကို သူ မှုန်ဝါးဝါး မြင်လိုက်ရပြီး သူ၏အသံမှာ တည်ငြိမ်နေသည်။

"သူ... ကျိမိသားစုဘက်ကို သေချာပေါက် ကူးပြောင်းသွားမှာ မဟုတ်ဘူး၊။ သူ့ကို ကျွန်မ ယုံတယ်။"

...

...

ချင်လွမ်ထျန်းနယ်မြေ၏ အစွန်းရှိ။

ကျိဝူရွှမ်က ဒေါသထွက်သွားပြီး နောက်သို့လှည့်ကာ အော်လိုက်သည်။ "မင်း ငါ့အနားကနေ ထွက်သွားလို့ရမလား။ ငါ့နောက်ကို မလိုက်နဲ့တော့။"

"ကောင်းပြီလေ။ ဒါဆို ငါ သွားမယ်။ မင်းက လီမိသားစုကို ခြိမ်းခြောက်ပြီး ဧကရာဇ်ရဲ့ပုံရိပ်နဲ့ ကိုက်ညီတဲ့ အောင်မြင်မှုတချို့ကို ဖန်တီးချင်တယ်ဆိုတာ နားလည်ပါတယ်။ မင်းကို အနှောင့်အယှက်မပေးတော့ပါဘူး။ တခြားစစ်မျက်နှာတွေကို သွားကြည့်လိုက်မယ်။"

မုန့်ချင်ကျိုးက နောက်မှလိုက်ပါလာပြီး ကျိဝူရွှမ်၏အတွေးများကို အကြမ်းဖျင်း တွက်ဆလိုက်ကာ စိတ်ဝင်စားမှု ပျောက်ဆုံးသွားလေသည်။

လီမိသားစုမှာ ကောင်းကင်ထောက်တိုင် တစ်ယောက်ပဲ ကျန်တော့တယ်ဆိုတော့ အလွယ်တကူ ကြိုးကိုင်ခြယ်လှယ်နိုင်တယ်လို့ သူ ထင်နေတာ။

ဒါက တကယ်ကို စိတ်ကူးယဉ်နေတာပဲ။ တခြားအရာတွေကို ဘေးဖယ်ထားလိုက်ရင် လီမိသားစုရွာက ကလေးလေး လီကျိရှန်းဟာ ရွာထဲမှာ ရှိနေသရွေ့ ကောင်းကင်နယ်ပယ်ရဲ့ စွမ်းအားတွေကိုတောင် ထုတ်လွှတ်နိုင်တယ်။ ကောင်းကင်ကြည့်ဆောင်က တစ်ယောက်ယောက် လှုပ်ရှားဖို့ ဆန္ဒရှိတယ်ဆိုရင်လွဲရင် သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့သူတိုင်း သေမှာပဲ။

ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ လီကျိရှန်းက လီမိသားစုရွာကနေ လွယ်လွယ်နဲ့ ထွက်သွားလို့ မရနိုင်ဘူး။ ရွာကနေ ထွက်ခွာသွားရင် တိုက်ခိုက်ရေးခွန်အား အများကြီး ကျဆင်းသွားတာကို ယွမ်ယန်နယ်ပယ်တိုက်ပွဲက ပြသခဲ့တယ်။ အဲဒီလိုမှမဟုတ်ရင် နဝမမြောက်နန်းဆောင်သခင်ကို လက်တစ်ချောင်းတည်းနဲ့ သူ သတ်နိုင်တယ်။

အဲဒီတုန်းက အခြေအနေက ရှုပ်ထွေးခဲ့တယ်။ နဝမမြောက် နန်းဆောင်သခင်ကို သတ်တာက မခက်ခဲပေမယ့် ကောင်းကင်ကြည့်ဆောင်ကို လှည့်စားဖို့ကတော့ ခက်ခဲတယ်။ ဒါကြောင့်မို့လို့ အဲဒီ မကောင်းဆိုးဝါးကို ယွမ်ယန်နယ်နယ်ထဲမှာ ထောင်ချောက်ဆင်ပြီးသတ်ဖို့အတွက် ရှည်လျားပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ကို အများကြီး ကြိုးစားအားထုတ်ခဲ့ရတာ။

ကျိဝူရွှမ်က နည်းနည်းမိုက်မဲပြီး အဲဒါကို မရှာဖွေနိုင်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပေါ့။

ကောင်းကင်ပြည်နယ်ပေါင်းစည်းရေးက ဘယ်သူမှ တားဆီးလို့မရနိုင်တဲ့ မလွဲမရှောင်သာတဲ့ အခြေအနေ တစ်ခု ဖြစ်ပေမယ့် ငါကတော့ အဲဒါကို ပိုပြီးကြာရှည်အောင် အချိန်ဆွဲထားချင်တယ်။

"နှုတ်ဆက်ပါတယ်။"

"ပျော်ရွှင်ပါစေ။"

မုန့်ချင်ကျိုးက ဟင်းလင်းပြင်ကိုဆုတ်ဖြဲကာ တုန်းမင်ထျန်းနယ်မြေသို့ တည့်တည့် ထွက်သွားလေသည်။

မုန့်ချင်ကျိုး ထွက်သွားသည်ကို ကြည့်ပြီ ကျိဝူရွှမ်သည် သူ၏သွားများကို အနည်းငယ် ကြိတ်လိုက်ကာ ခေါင်းမှာ တဆစ်ဆစ် နာကျင်လာလေသည်။ ထိုသူ ဘာကြံစည်နေကြောင်း သူ နားမလည်နိုင်ခဲ့ဘဲ သူ့ကို ကိုင်တွယ်ရန်လည်း နည်းလမ်း မရှိခဲ့ပေ။

"ချီပဲ။"

"အခြေအနေတွေက ဒီလောက်တင်းမာမနေဘူးဆိုရင် မင်းရဲ့သရုပ်မှန်ကို သိရဖို့ ကောင်းကင်ပြည်နယ် တစ်ခုလုံးကို တစ်လက်မမကျန် ငါ သေချာပေါက် ရှာဖွေမှာပဲ။"

တော်ပြီ။

မိသားစု(၄)ခုကို နှိမ်နင်းဖို့က ဦးစားပေးပဲ။

၎င်းကို တွေးပြီးနောက် ကျိဝူရွှမက ကောင်းကင်နှင့်မြေကြီးနိယာမကို အသုံးပြုလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြီးမားလာပြီး မျက်လုံးများမှာ နေနှင့်လကဲ့သို့ဖြစ်ကာ နှာခေါင်းမှာ တွဲလွဲခိုနေသော မြစ်တစ်စင်း ကဲ့သို့ ဖြစ်လာလေသည်။

[လောကပေါင်းစုံ]

[တားမြစ်တာအို - ကောင်းကင်နှင့်မြေကြီးအကျဉ်းထောင်]

ဂိမ်းတစ်ဝက်တွင် ရှန်ပိန်ဖောက်သော အသိဉာဏ်မဲ့လုပ်ရပ်မျိုး မဟုတ်ဘဲ သူက စကားတစ်ခွန်းမှမဟဘဲ ချက်ချင်း လှုပ်ရှားလိုက်သည်။

သူက တားမြစ်တာအို၏ အပြင်းထန်ဆုံး နတ်ဘုရားစွမ်းအားကို တိုက်ရိုက် ထုတ်လွှတ်လိုက်ပြီး ချင်လွမ်ထျန်းနယ်မြေ တစ်ခုလုံးကို ပိတ်ဆို့လိုက်ကာ မည်သည့် သက်ရှိသတ္တဝါကိုမျှ အဝင်အထွက် မလုပ်နိုင်အောင် တားဆီးလိုက်လေသည်။

"လီတိုင်ယွမ်၊ လီယဲ့... အခုကတည်းက အညံ့ခံရင် နောက်မကျသေးပါဘူး။ မင်းတို့ရဲ့ မလေးစားတဲ့ ပြစ်မှုကို ခွင့်လွှတ်ပေးမယ်။"

"မဟာစစ်ပွဲကြီး စတင်ပြီဆိုတာနဲ့ လီမိသားစုဝင်တဆွ မရေမတွက်နိုင်အောင် သေဆုံးမယ် ဒါမှမဟုတ် ဒဏ်ရာရလိမ့်မယ်။ ပြီးတော့ တချို့က လောကကြီးထဲကနေ အမြစ်ပြတ် သုတ်သင်ခံရနိုင်တယ်။"

ကျိဝူရွှမ်က သူ၏စိတ်အားထက်သန်သောမိန့်ခွန်းကို ပြောပြီးသွားသောအခါ ၎င်းသည် အနည်းဆုံးတော့ အကျိုးသက်ရောက်မှု အနည်းငယ် ရှိလိမ့်မည်ဟု ထင်ခဲ့သည်။

မင်းတို့ နားထောမယ်လို့ ငါ မျှော်လင့်ပါတယ်။

တစ်စက္ကန့်၊ နှစ်စက္ကန့်...

တိတ်ဆိတ်မှုကသာ လွှမ်းမိုးနေလ၏။

"ဘာဖြစ်နေတာလဲ။ လီမိသားစုဝင်အားလုံးက သစ္စာရှိပြီးတာ့ သေရမှာကို မကြောက်ကြဘူးလား။"

ကျိဝူရွှမ် အနည်းငယ် စိတ်ရှုပ်ထွေးသွားလေသည်။

ထိုအချိန်တွင်ပင် လီမိသားစုရွာမှ မြားတစ်စင်း ပစ်ထွက်လာပြီး မိုးကြိုးပစ်ချသည့် တရားစီရင်ချက်ကဲ့သို့ ကျိဝူရွှမ်၏ခန္ဓာကိုယ်ကို တည့်တည့် ဖောက်ထွင်းသွားလေသည်။

ဖောင်း။

"ချီးပဲ။"

ကျိဝူရွှမ်၏မျက်ဆံများ ပြင်းထန်စွာ ကျုံ့သွားပြီးနောကင် ကောင်းကင်နှင့်မြေကြီးပုံရိပ်သည် ချက်ချင်း ပြိုကွဲသွားကာ ရင်ဘတ်တွင် ပန်းကန်လုံးအရွယ်ခန့်ရှိ အပေါက်ကြီးတစ်ခု ကျန်ရစ်ခဲ့ပြီး ထိုနေရာမှ သူ၏ အသက်စွမ်းအင်များ လျင်မြန်စွာ လျော့နည်းသွားလေသည်။

ဘုရားရေ။

လီမိသားစုဝင်တွေက ငါ့ထက်တောင် ရက်စက်သေးတယ်။ စကားတစ်ခွန်းမှ မပြောဘဲ ပြင်းထန်တဲ့ တိုက်ခိုက်မှု တစ်ခုကို စတင်ခဲ့တယ်။

[ရုပ်သေးတာအို - အစားထိုးရုပ်သေးရုပ်]

စက္ကူရုပ် တစ်ရုပ်က ခန္ဓာကိုယ်မှ ခွဲထွက်သွားပြီး မြားများမှ ထိခိုက်မှုအားလုံးသည် စက္ကူရုပ်ဆီသို့ လွှဲပြောင်းသွားလေသည်။

ကျိဝူရွှမ်က ထိတ်လန့်နေဆဲဖြစ်ကာ ချောမွေ့သော ရင်ဘတ်ကို ဖိကိုင်ထားပြီး လီမိသားစုရွာသို့ အလိုအလျောက် ပြန်ပျံသွားသော မြားကို စိုက်ကြည့်ရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။

"နတ်ဘုရားသတ်မြား..."

"ရှေးခေတ်ကာလတုန်းက လူသားဧကရာဇ်ဟာ လေးနဲ့ဓားကို ကိုင်ဆောင်ခဲ့ပြီးတော့ လေးပစ်ခြင်းနဲ့ ဓားပညာရဲ့အရှင်သခင်လို့ လူသိများခဲ့တယ်။ တစ်ခါတုန်းက လေးကိုဆွဲပြီး နတ်ဘုရားတွေကို ပစ်ခတ်ခဲ့တယ်။ မြား(၁၀)စင်းနဲ့ နတ်ဘုရား (၁၀)ပါးကို သတ်ခဲ့တယ်။"

"သူတို့က နတ်ဘုရားသတ်မြားကို သုံးခဲ့တာပဲ။ လီမိသားစုမှာ ပိုလျှံနေတဲ့အရာတွေ ရှိနေသေးတယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ မိသားစု(၄)ခုရဲ့ အခြေခံအုတ်မြစ်က တကယ်ကို နက်နဲတာပဲ။"

ချက်ချင်းပင် သူက နှုတ်ခမ်းများကို သပ်လိုက်ရပြီး သူ၏မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာလေသည်။

"ဒါပေမဲ့..."

"ဒါက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာပြီ။”

…

အပိုင်း(၂၉၆) အိမ်ပြန်ခရီး၊ စိတ်ပြောင်းသွားသော အတ္တကင်းမဲ့ဗုဒ္ဓ

တစ်ရက်လုံး ကုန်ဆုံးသွားသည်။

မုန့်ချင်ကျိုးသည် မိသားစု(၄)ခု၏ နယ်မြေများတစ်လျှောက် အကြိမ်ကြိမ် အသွားအပြန်လုပ်ခဲ့ပြီး စစ်ပွဲ မည်မျှကြာမည်ကို စုံစမ်းစစ်ဆေးရန်နှင့် တွက်ချက်ရန် အထူးခရီးစဉ်များ ပြုလုပ်ခဲ့သည်။

အကျဉ်းချုံးစုံစမ်းစစ်ဆေးပြီးနောက်၊ သူ ကောင်းကောင်း သိသွားပြီဖြစ်သည်။

ချက်ချင်းပင်။

မုန့်ချင်ကျိုးက ကပ်ဘေးနတ်ဘုရား၏ အတုအယောင်ခန္ဓာကိုယ်ကို ကမ်းရိုးတန်းမြို့ရှိ မြေအောက်တွင် ထားခဲ့ပြီး ခန္ဓာကိုယ်အစစ် ပုန်းအောင်းနေသောနေရာသို့ ပြန်မသယ်သွားခဲ့ပေ။ မည်သို့ဆိုစေ အတုအယောင် ခန္ဓာကိုယ်က ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကာ ကောင်းကင်ကြည့်ဆောင်က စောင့်ကြည့်နေသည်မှာ သေချာသည်။ အကယ်၍ သူက ၎င်းကို ခန္ဓာကိုယ်အစစ် ပုန်းအောင်းနေသောနေရာကို ပြန်သယ်သွားခဲ့လျှင် ကျိဝူရွှမ်က ကောင်းကင်ထောက်တိုင်နယ်ပယ် (၁၂)ယောက်ကျော်ကို ဦးဆောင်ပြီး သူ့ကို မနားတမ်း လိုက်လံချေမှုန်းရန် ရောက်လာနိုင်ပေသည်။

...

...

တိမ်များကို ဖောက်ထွက်နေသော အခေါင်းပေါက် တောင်ထွတ်တစ်ခုအတွင်းရှိ တောင်တန်းများ၏ နက်ရှိုင်းသော နေရာတွင်။

စုချင်ချိုးက ဒူးကိုဖက်ကာ ငိုက်မျဉ်းနေလေသည်။ သူက အိပ်မက်ထဲတွင် နှုတ်ခမ်းကိုသပ်ကာ ဗလုံးဗထွေး ပြောနေလေသည်။

"ငါက ဓားသူတော်စင် ချင်ချိုးပဲ။ ဘယ်သူက ပြိုင်ဖက်ကင်းတယ်လို့ ပြောရဲလဲ။ ဘယ်သူက မရှုံးဖူးဘူးလို့ ပြောရဲလဲ။ ရှေ့ထွက်ခဲ့စမ်း..."

သူက လန့်နိုးလာပြီး ခေါင်းကို လှည့်ကြည့်လိုက်ရာ ဧကရာဇ်သည် အချိန်-နေရာလွတ်မြစ်ထဲမှ လျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။ ဤအချိန်အတွင်း မုန့်ချင်ကျိုး၏ ခန္ဓာကိုယ်အစစ်ကို သမိုင်း၏ အသေးစားကမ္ဘာတစ်ခုတွင် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းကို အပြင်ဘက်တွင် အခေါင်းပေါက် တောင်ထွတ်များဖြင့် ဖုံးကွယ်ထားပြီး အတွင်းဘက်တွင် အချိန်-နေရာလွတ်မြစ်ရှည်ကြီး၏ သမိုင်းထဲမှ အသေးစားကမ္ဘာတစ်ခုဖြင့် ဖုံးကွယ်ထားကာ နှစ်ထပ် အကာအကွယ်ပေးထားပြီး ကြိုတင်ပြင်ဆင်မှုများ ထားရှိထားသည်။

"သခင်လေး... ဘာလို့ ပြန်လာတာလဲ။" စုချင်ချိုးက အံ့သြဝမ်းသာ ဖြစ်သွားသည်။

လွန်ခဲ့သော (၂)ရက်အတွင်း မှောင်မိုက်သောဂူထဲ တစ်ယောက်တည်း ရှိနေခဲ့ပြီး အသက်ရှူကျပ်မှုကြောင့် စိတ်ဓာတ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် သက်ရှိလူတစ်ယောက်ကို မြင်လိုက်ရသောအခါ သူ ဝမ်းသာလွန်း၍ ငိုလုမတတ် ဖြစ်သွားလေသည်။

"တာဝန်ပြီးပြီ။ ပြန်ရမယ့်အချိန်ရောက်ပြီ။" မုန့်ချင်ကျိုးက စုချင်ချိုး၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး ညင်သာသော အပြုံးဖြင့် ပြောလိုက်သည်။

စုချင်ချိုးက လန့်သွားပြီး နားမလည်နိုင် ဖြစ်သွားသည်။

"အရှင်မင်းကြီးက ကောင်းကင်စောင့်ကြည့်သူရဲ့အသိုက်ကို စုံစမ်းစစ်ဆေးချင်တာ မဟုတ်ဘူးလား။ တိုးတက်မှု တစ်ခုခု ရှိပြီလား။"

"ရှိတယ်၊။ သဲလွန်စ တချို့တော့ ရှိတယ်။" မုန့်ချင်ကျိုးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "ကျိမိသားစုရဲ့ နာမည်ကို သုံးပြီးတော့ အဓိကအကိုင်းအခက်နဲ့ ဒုတိယအကိုင်းအခက်ဆိုပြီး ဖန်တီးထားတာပဲ။"

"ဒုတိယအကိုင်းအခက်က ကျိမိသားစုကို တည်ထောင်ခဲ့ပြီးတော့ အဓိကအကိုင်းအခက်က ကောင်းကင်ကြည့်ဆောင် ဖြစ်လာတယ်။ သူတို့က အမှောင်ထဲမှာ ပုန်းအောင်းနေပြီးတော့ တသီးတခြား နေထိုင်နေကြတာပဲ။"

"ဒါက ကျိဝူရွှမ်ကို လူသားဧကရာဇ်အနေနဲ့ ဘာလို့ရွေးချယ်ခဲ့လဲဆိုတာနဲ့ ကံကြမ္မာကိုတာဝန်ယူတဲ့ နတ်ဘုရားတစ်ပါးအနေနဲ့ ဧကရီကျိရှီးယွဲ့မှာ ရှင်းပြလို့မရတဲ့ လူသားမျိုးတဆက်တစ်စု ဘာလို့ ရှိနေလဲဆိုတာကို ရှင်းပြနေတယ်။"

"အဲဒါ အကုန်လုံး မဟုတ်သေးဘူး။"

"ယွမ်ယန်နယ်ပယ်တိုက်ပွဲ ပြီးသွားပြီ။ ကျိမိသားစုက တခြား မိသားစု(၄)ခုကို တိုက်ခိုက်မှု စတင်လိုက်ပြီ။ လက်ရှိမှာတိုက်ပွဲက ပြင်းထန်နေတယ်။ ငါ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ အချိန်တိုအတွင်း ပြီးဆုံးဖို့ ခက်ခဲလိမ့်မယ်။ အနည်းဆုံး နောက်ထပ် တစ်လလောက် အချိန်ယူရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါ လီတိုင်ယွမ်ကို ဓားအဆောင် တစ်ခု ပေးခဲ့တယ်။ တကယ်လို့ မိသားစု(၄)ခုက မတောင့်ခံနိုင်တော့ဘူးဆိုရင် သူက ဓားအဆောင်ကို ချေမွပြီး ငါ့ကို ခေါ်လိမ့်မယ်။ အဲဒီအချိန်ကျရင် အချိန်ခဏလောက်တော့ ဆွဲထားလို့ ရနိုင်တယ်။"

စုချင်ချိုးက ခေါင်းညိတ်လိုက်ပြီး သူ ကြားနေရသည်များကို တစ်ဝက်ခန့်သာ နားလည်ကာ ရှက်ရွံ့စွာ ပြုံးပြီး ခေါင်းကို ကုတ်လိုက်သည်။

"သခင်လေး... ဘာလို့ ကျွန်မကို ဒီအကြောင်းတွေ အားလုံးကို ဒီလောက် အသေးစိတ်ပြောပြနေတာလဲ။ ကျွန်မဆီက အကြံဉာဏ်တချို့ လိုအပ်လို့လား။"

မုန့်ချင်ကျိုး၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး လက်ညှိုးဖြင့် စုချင်ချိုး၏နဖူးကို ခပ်နာနာလေး ထိုးလိုက်ကာ ပြောလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် နည်းနည်းတော့ သိပါဦး။ ဟုတ်ပြီလား။"

"ငါက မင်းကို ပြောနေတာလား။ လျူလီကို ချက်ချင်းသတင်းပို့ဖို့ မင်းကို ပြောနေတာ။"

ထိုစကားကို ကြားသောအခါ စုချင်ချိုးက အံ့သြတကြီး "ဟမ်…" ဟု ရေရွတ်လိုက်ပြီးနောက် မျက်နှာနီရဲသွားကာ ဗလုံးဗထွေး ပြောလိုက်သည်။

"သခင်လေး... သခင်လေး... သခင်လေးက အစကတည်းက သိနေခဲ့တာပဲ..."

စကားပြောနေရင်း သူက မှတ်စုစာအုပ်ကို ရှက်ရွံ့စွာ ဆွဲထုတ်လိုက်သည်။

မုန့်ချင်ကျိုးက ပိုပြောရန် ပျင်းရိနေလေသည်။ သူက လက်ဝှေ့ယမ်းကာ အချိန်-နေရာလွတ်မြစ်တစ်ခုကို ခေါ်ထုတ်လိုက်သည်။ လေ့ကျင့်မှုက ပြီးပြည့်စုံစေ၏။ ကောင်းကင်ပြည်နယ်ကို ပထမဆုံးအကြိမ် လာတုန်းက လမ်းမသိ၍ သုံးလေးရက်လောက် အချိန်ယူခဲ့ရသည်။

ယခုတွင် သူ့ခေါင်းထဲ မြေပုံရှိနေပြီဖြစ်ရာ သိပ်မကြာတော့ပေ။ အလွန်ဆုံး နေ့ဝက်လောက်ဆိုလျှင် တောရိုင်းမြေသို့ ပြန်ရောက်ပြီ ဖြစ်သည်။

သွားကြတာပေါ့။

"အိမ်ပြန်မယ်။"

အရူးအမူး ရေးမှတ်နေစဉ် စုချင်ချိုးက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။ "ရေး... အိမ်ပြန်ရမယ့် အချိန်ရောက်ပြီ။"

မှိုင်းညို့ပြီးမျှော်လင့်ချက်ကင်းမဲ့သောဘဝက သူ့ကို ရေဆိုးမြောင်းထဲမှ ရွံရှာစရာ သတ္တဝါတစ်ကောင်လို ခံစားရစေပြီး သူ လုံးဝ မကျော်လွှားနိုင်သော အရာတစ်ခု ဖြစ်နေလေသည်။

...

...

တောရိုင်းမြေ။

မဟာကျင်းတိုင်းပြည်။

လဝက်ခန့် တံခါးပိတ်ကျင့်ကြံပြီးနောက် တုန်းဖန်လျူလီသည် နောက်ဆုံးတွင် လတ်ဆတ်သောလေကို ရှူရှိုက်ရန် အပြင်သို့ ထွက်လာလေသည်။ သူ၏ ဇာမဏီမျက်လုံးများ တဖြည်းဖြည်း ပွင့်လာပြီးနောက် ဆုံးရှုံးမှု ခံစားချက်ကို ဖော်ပြနေလေသည်။

ကျင့်ကြံသူတစ်ယောက်အတွက် တစ်လဆိုတာ အချိန်တိုလေးတစ်ခု၊ မျက်မိတစ်မှိတ်စာလောက်ပဲ ရှိတယ်လို့ ငါ အစက ထင်ခဲ့တာ။

ဒါပေမဲ့…

လဝက်ပဲ ရှိသေးတယ်။ လွမ်းဆွတ်မှုက ငါ့ကို ဝါးမျိုလုနီးပါး ဖြစ်နေပြီ။ မျက်လုံး မှိတ်လိုက်တဲ့အချိန် ငါ မြင်ရတာက အဲဒီနွေးထွေးတဲ့အပြုံးလေးပဲ ဖြစ်နေတယ်။ ကျင့်ကြံမှုကို လုံးဝ အာရုံစိုက်လို့ မရတော့ဘူး။

"တောရိုင်းမြေတစ်ခုလုံးရဲ့ ကံကြမ္မာရဲ့ပေါင်းစပ်လွှမ်းမိုးမှု၊ ကံကြမ္မာက သခင်အဖြစ် အသိအမှတ်ပြုမှုနဲ့ ချင်ကျိုးရဲ့ ကျင့်ကြံမှုနားလည်သဘောပေါက်မှုတွေကို အသုံးပြုပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်းကို မနည်းဖောက်ထွင်းဝင်ရောက်ခဲ့ရတယ်။"

"ကောင်းကင်ထောက်တိုင်နယ်ပယ်ကိုရောက်ဖို့ ခရီးအများကြီး လိုသေးတယ်။"

တုန်းဖန်လျူလီသည် တိုးညင်းစွာ သက်ပြင်းချလိုက်သည်။ ရုတ်တရက် တစ်ခုခုကို အာရုံခံမိသကဲ့သို့ သူက နောက်သို့လှည့်ကာ အနောက်ဘက်သို့စူးစိုက်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် ဒေါသမုန်တိုင်းများ ပြည့်နှက်နေလေသည်။

နောက်တစ်ခဏတွင်။

ချင်းဖုန်းဟော်က လျှပ်တစ်ပြက် ပေါ်လာပြီး ဒူးတစ်ဖက်ထောက်ကာ အစီရင်ခံလိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော် လန်ယတိုင်းပြည်မှာ တပ်စွဲထားရင်း မကြာသေးခင်က ပုံမှန်မဟုတ်တဲ့ အရာတချို့ကို တွေ့ရှိခဲ့ပါတယ်။ အရှင်မနဲ့ တွေ့ဆုံပြီး ကိုယ်တိုင်အစီရင်ခံဖို့ မြို့တော်ကို ပြန်လာခဲ့တာပါ။"

"ပြော။"

တုန်းဖန်လျူလီက ခမ်းနားပြီး ကြောက်ရွံ့လေးစားဖွယ်ကောင်းသောအသွင်အပြင် ပြန်လည်ရရှိသွားပြီး နတ်ဘုရားစွမ်းအားမှာ နားလည်နိုင်ရန် ခက်ခဲလှသည်။ သူသည် အဝေးရှိ အနောက်ဘက်မှ ကြီးမားလှသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးကို စူးစိုက်ကြည့်နေလေသည်။ ထိုရုပ်ပွားတော်ကြီးမှာ အလွန်ကြီးမားလှသဖြင့် အောက်ခြေရှိ မည်သူမျှ ၎င်းကို မမြင်နိုင်ပေ။

သူထုတ်ဖော်ပြောဆိုတော့မည့် သတင်းအချက်အလက်ကို အတ္တကင်းမဲ့ဗုဒ္ဓကလည်း ကြားရလိမ့်မည်ကို ချင်းဖုန်းဟော် မသိခဲ့ပေ။

"မကြာသေးခင်က ဗုဒ္ဓတိုင်းပြည်က ဇန်ဗုဒ္ဓဘာသာ ရဟန်းတချို့ တိုင်းပြည်ပြင်ပကို မကြာခဏ ထွက်ခွာပြီး တိုင်းပြည်အသီးသီးကို သွားနေကြတယ်။ တချို့ကလည်း မဟာကျင်းတိုင်းပြည် အုပ်ချုပ်တဲ့ နယ်မြေထဲကိုတောင် ခိုးဝင်လာခဲ့ကြတယ်။ သူတို့ကို ဖမ်းမိထားပါတယ်။ ဇန်ဗုဒ္ဓဘာသာရဟန်းတချို့က အတ္တကင်းမဲ့ဗုဒ္ဓကို ကိုးကွယ်ဖို့ ဗိမာန်တွေတည်ဆောက်ပြီး အမွှေးတိုင်ပူဇော်မှုတွေ လုပ်နေကြပါတယ်။"

"အတ္တကင်းမဲ့ဗုဒ္ဓက မကောင်းတဲ့ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားပြီးတော့ တစ်ခုခုကို ကြံစည်နေပြီလို့ ကျွန်တော် သံသယရှိပါတယ်။"

တုန်းဖန်လျူလီ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု တွန့်ကွေးသွားပြီး သူက ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးကို လှောင်ပြောင်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"အိုး။"

"အမိန့်ရှိပါ.."

ချင်းဖုန်းဟော်က အနည်းငယ် ရှုပ်ထွေးစွာဖြင့် နားမလည်နိုင်ဘဲ မော့ကြည့်လိုက်သည်။

ဘာအဓိပ္ပာယ်လဲ။

ကျွန်တော် မြို့တော်ကို အဝေးကြီး ပြန်လာတာ အရှင်မကို သတင်းအမှားတွေ တကယ် ပေးပါ့မလား။ အဲဒီလိုလုပ်ရင် ခေါင်းဖြတ်ခံရမှာပေါ့။ ကျွန်တော်က ဧကရာဇ် မဟုတ်ဘူးလေ။ ဘာလို့ အရှင်မကို အဲဒီလို နောက်ရမှာလဲ။

သူတို့ မသိခဲ့ကြပေ။

အနောက်ဘက်ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးက ဒူးထောက်နေသော ချင်းဖုန်းဟော်၏ကျောပြင်ကို ဂရုမစိုက်စွာ စိုက်ကြည့်နေပြီး၊ ထို့နောက် တုန်းဖန်လျူလီကိုကြည့်ကာ ၎င်း၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး မည်သည့် စိတ်ခံစားမှုမျှ မပြဘဲ မည်သည့် တုံ့ပြန်မှုမျှ မပေးခဲ့ပေ။

ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်ကြီးက အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်၍ သွားလေသည်။

"ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု ဖြစ်နေတာ သေချာတယ်။"

"အတ္တကင်းမဲ့ဗုဒ္ဓက ထောင်ပေါင်းများစွာ နှစ်တွေတစ်လျှောက်လုံး တိတ်တဆိတ် ကြံစည်နေခဲ့တာ။ သူ့ရဲ့ဗုဒ္ဓတိုင်းပြည်ဟာ ဒီနေ့အထိ စူးစမ်းလေ့လာလို့ မရနိုင်သေးဘူး..."

"သူ အပြည့်အဝ ပြင်ဆင်ပြီးတဲ့အထိ စောင့်နေမယ့်အစား အရင်တိုက်ခိုက်တာက ပိုကောင်းတယ်။"

တုန်းဖန်လျူလီ စကားပြောနေစဉ် အမိန့်ပေးရန် ပြင်လိုက်သော်လည်း သူ ရုတ်တရက် ရပ်တန့်သွားပြီး အဝေးရှိ မိုးကုတ်စက်ဝိုင်းကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။

၎င်းမှာ ကောင်းကင်ပြည်နယ်ဘက်သို့ပင်။

"ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ လှိုင်းဂယက်တွေ။ ကောင်းကင်ပြည်နယ်ရဲ့ နောက်ဆုံး အခန်းကဏ္ဍက စတင်နေပြီလာ။။"

"ဒါကြောင့်ကိုး... အတ္တကင်းမဲ့ဗုဒ္ဓက ငြိမ်ငြိမ်မထိုင်နိုင်တာ ဒါကြောင့်ကိုး။"

ယခုအချိန်တွင် ကောင်းကင်ပြည်နယ်၏ မဟာစစ်ပွဲကြီး စတင်နေပြီဖြစ်ပြီး မိသားစု(၄)ခုမှာ ဝိုင်းရံချေမှုန်းခံနေရကာ စစ်ပွဲ၏ သွေးရောင်တိမ်တိုက်များက တောရိုင်းမြေထဲသို့ပင် လွင့်မျောလာလေသည်။

လေထုထဲတွင် သွေးနံ့သဲ့သဲ့လေး ပျံ့နှံ့နေလေ၏။

"အတ္တကင်းမဲ့ဗုဒ္ဓရဲ့ သူလျှိုတွေက ကောင်းကင်ပြည်နယ်အထိတောင် ရောက်နေတာပဲ။ ဧကရာဇ်က ကောင်းကင်ပြည်နယ်မှာ ပေါ်လာပြီဆိုတာကို သူ သိနေလောက်တယ်။ ဒါကြောင့် ဒီအချိန်မှာ သူ လှုပ်ရှားဖို့ ရွေးချယ်ခဲ့တာပဲ။"

"ချင်းဖုန်းဟော်။"

"မဟာကျင်းတိုင်းပြည်အတွင်းမှာရှိတဲ့ နံနက်ခင်းအလင်းနယ်ပယ်နဲ့အထက် ကျင့်ကြံသူတွေအားလုံးကို ချက်ချင်းဆင့်ခေါ်ပြီးတော့ စစ်ပွဲအတွက် ပြင်ဆင်ဖို့ ငါ အမိန့်ပေးတယ်။" တုန်းဖန်လျူလီက အေးစက်စွာ အမိန့်ပေးလိုက်သည်။

ချင်းဖုန်းဟော်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အမိန့်အတိုင်းပါ…"

သူက ဟင်းလင်းပြင်ကိုဆုတ်ဖြဲပြီး အလျင်စလို ထွက်ခွာသွားလေသည်။ မဟာကျင်းတိုင်းပြည်၏ မဏ္ဍိုင်တစ်ခုအနေဖြင့် ဧကရီ၏ စကားများနောက်ကွယ်ရှိ အဓိပ္ပာယ်ကို သူ ရှင်းလင်းစွာ နားလည်ခဲ့သည်။

ကောင်းကင်ပြည်နယ်က နောက်ဆုံးအဆင့်သို့ ရောက်ရှိလာသည်နှင့်အမျှ မဟာကျင်းတိုင်းပြည်နှင့် ဗုဒ္ဓတိုင်းပြည်ကြားရှိ ဟန်ချက်ညီမှုသည်လည်း နောက်ဆုံးတွင် ပျက်ပြားသွားလိမ့်မည်။

"ထူးဆန်းတယ်..."

"ချင်ကျိုးနဲ့ အတ္တကင်းမဲ့ဗုဒ္ဓတို့က အရင်ကတည်းက ကောင်းကောင်း ဆွေးနွေးထားခဲ့တာပဲ။ ဘုန်းကြီးအိုက ရန်သူကို အတူတိုက်ခိုက်ဖို့ အကြိမ်ကြိမ် အဆိုပြုခဲ့တယ်။ သူက ဘာဖြစ်လို့ နောက်ဆုံးမိနစ်ကျမှ စိတ်ပြောင်းသွားရတာလဲ။ ဧကန္တ..."

တုန်းဖန်လျူလီ၏မျက်လုံးများ တောက်ပသွားပြီး နှုတ်ခမ်းနီလေးများ အနည်းငယ် တွန့်ကွေးသွားသည်။ "ပြင်ပဝင်ရောက်စွက်ဖက်မှုများ ရှိနေလို့လား။"

၎င်းက သူ့အား ပစ္စုပ္ပန်နှင့် သိသိသာသာဆင်တူသော ဂိုဏ်းပေါင်းစုံမဟာမိတ်စစ်ပွဲကို မလွှဲမရှောင်သာ အမှတ်ရစေခဲ့သည်။

…

All Chapters