အခန်း (၃၀၆-၃၀၈)
Vol. 21 Ch. 306-308
အပိုင်း(၃၀၆) တောရိုင်းမြေ၏အဆုံးသတ်၊ မဟာကျင်းတိုင်းပြည်၏ ကြီးစိုးခြင်း(၂)
မိုးကြိုးအတိဒုက္ခက မိုင်တစ်သန်းအထိလွှမ်းခြုံထားပြီး အသက်ရှူကျပ်စေသော ဖိအားများက စစ်မြေပြင် တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။
ချင်းဖုန်းဟော်၊ ကျန်းစန်းဟိုင်၊ ဖန်ချွီနှင့် မဟာကျင်းတိုင်းပြည်မှ အခြား ဝန်ကြီးများသည် ကောင်းကင်ကို မော့ကြည့်လိုက်ကြရာ သူတို့၏ နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ ပြည့်နှက်နေလေသည်။
ဧကရီသည် သဘာဝအတိုင်း ဖြစ်ပေါ်လာစေရန် ခွင့်ပြုခြင်းထက် နောက်တစ်ဆင့်သို့ ရောက်ရန် အတင်းအကျပ် တွန်းအားပေးခဲ့ကြောင်း မည်သူမဆို မြင်နိုင်လေသည်။ သူက ကောင်းကင်ကို ထောက်ခံပြီး အတွင်းစကြဝဠာ၏ လည်ပတ်မှုကို ပြီးပြည့်စုံစေမည့် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ရန် တောရိုင်းမြေ၏ ကံကြမ္မာကို အလွန်အကျွံ စုပ်ယူနေခြင်း ဖြစ်သည်။
နောက်ဆက်တွဲ ဆိုးကျိုးများ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် ဤလက်ဆောင်အပေါ် ကံကြမ္မာက အတိုး မည်မျှယူမည်ဖြစ်စေ အန္တရာယ်က သေစေနိုင်လောက်အောင် လုံလောက်သည်။ ခြေတစ်လှမ်း အမှားက တစ်ဦး၏အတွင်းစကြဝဠာကို ပြိုကျစေနိုင်ပြီး ချက်ချင်း သေဆုံးစေနိုင်သည်။
ဝုန်း…
နေမင်းအရှင်သခင် ဒေါသထွက်သွားသည်။ ၎င်းက ရှေ့သို့ တစ်လှမ်းတိုးလာပြီး ၎င်း၏ စစ်မှန်သော ပုံစံကို ဖော်ပြလိုက်သည်။ ၎င်း၏ ကြမ်းကြုတ်သော ခန္ဓာကိုယ်သည် မြင့်မားခမ်းနားစွာ ရပ်တည်နေပြီး သွေးရောင် ပါးစပ်ကြီးကို ဟထားကာ နေနှင့်လကို ဝါးမျိုချင်နေသကဲ့သို့ ဖြစ်နေလေသည်။
မဟာကျင်းတိုင်းပြည်၏ အစောင့်အရှောက်သားရဲဖြစ်သော၊ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ခြေတစ်လှမ်းလှမ်းထားသည့် သတ္တဝါက နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ၎င်း၏ လှုပ်ရှားမှုကို စတင်လိုက်ပြီ ဖြစ်သည်။
"သတ်ကြ။" လုဖုန်းနျန်၊ လီကွမ်ယန်၊ ဝမ်ရှန်ကျားနှင့် သူတို့၏ ဘဝတစ်ဝက်တွင် ဝန်ကြီးများ ဖြစ်လာခဲ့ကြသော မဟာကျင်းတိုင်းပြည်မှ အခြား အရာရှိများအားလုံးသည် သွေးရဲနေသော မျက်လုံးများဖြင့် နောက်မှ လိုက်ပါလာကြသည်။
ဧကရီက ရှေ့တန်းမှ ဦးဆောင်ခြင်းသည် စစ်သည်များအတွက် အရှက်ရစရာ တစ်ခု ဖြစ်သည်။
ထို့အပြင် သူတို့၏အရှင်သခင် သူသေကိုယ်သေ တိုက်ခိုက်နေသည်ကို ကြည့်ရင်း လက်အောက်ခံများ အနေဖြင့် သူတို့၏ သတ်ဖြတ်လိုစိတ်ကို ဘယ်လိုများ ဖိနှိပ်ထားနိုင်မည်နည်း။
သူတို့ အားလုံးက အသည်းအသန် စတင်လုပ်ဆောင်လာကြသည်။
ဘုရင်များနှင့်စစ်ဗိုလ်ချုပ်များမှသည် သာမန်စစ်သည်များအထိ သူတို့အားလုံးက ရူးသွပ်သွားကြသလို ဖြစ်နေကြသည်။ လက်နက်များ ကျိုးသွားပါက သူတို့၏ လက်သီးများကို အသုံးပြုကြမည်။ သူတို့၏ ခြေလက်များ ကျိုးသွားပါက ပါးစပ်ကို အသုံးပြု၍ ကိုက်ကြမည်။ ခန္ဓာကိုယ်များ ကျိုးကြေသွားပါက ဝိညာဉ်များသည် ခန္ဓာကိုယ်မှ ထွက်ခွာပြီး ကိုယ်တိုင်ပေါက်ကွဲခြင်းဖြင့် ရန်သူကို ပြင်းထန်စွာ ဒဏ်ရာရစေမည် ဖြစ်သည်။
"သူတို့ ရူးသွားပြီ။ သူတို့တွေအားလုံး ရူးသွားကြပြီ။"
ဗောဓိသတ္တများအနက် တစ်ပါးက ထိတ်လန့်သွားပြီး နောက်ဆုတ်လိုစိတ်များ ဖြစ်ပေါ်လာလေသည်။
သို့သော်လည်း။
ပုံရိပ်တစ်ခုက အရှေ့သို့ ပစ်ထွက်လာပြီး ခုန်ဝင်ကာ ဗောဓိသတ္တ၏နှလုံးထဲသို့ ဓားဖြင့် ထိုးစိုက်လိုက်သည်။
"ငါ့ရှေ့ကနေ ဖယ်စမ်း။"
ပြင်းထန်စွာ ဒဏ်ရာရသွားသော ဗောဓိသတ္တက ချက်ချင်းပင် ဒေါသထွက်သွားပြီး တိုက်ခိုက်သူ၏ ခေါင်းကို အစွမ်းကုန် ရိုက်ချလိုက်ရာ လွင့်ထွက်သွားစေသည်။
လုဖုန်းနျန်၏ခေါင်းက အပိုင်းပိုင်းအစစ ကျိုးကြေလုနီးပါး ဖြစ်သွားသော်လည်း မယုံနိုင်လောက်အောင် ရဲရင့်နေဆဲဖြစ်ပြီး ဓားပျံထောင်ပေါင်းများစွာကို ခေါ်ထုတ်လိုက်ရာ ဗောဓိသတ္တ၏ ရွှေရောင်ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်စဉ် တချွင်ချွင် တချွတ်ချွတ် အသံများ ထွက်ပေါ်လာလေသည်။
ဤကဲ့သို့သော မြင်ကွင်းများက တောရိုင်းမြေ စစ်မြေပြင် စ်ခုလုံးတွင် နေရာအနှံ့ ဖြစ်ပွားနေလေသည်။
အတ္တကင်းမဲ့ဗုဒ္ဓက အောက်သို့ ငုံ့ကြည့်ကာ သူ့ဘာသာ တိုးတိုးလေး သက်ပြင်းချလိုက်သည်။
"သူတို့အားလုံး လမ်းမှားကို လျှောက်နေကြပြီ။ ရှေးခေတ်ကာလက လူသားမျိုးနွယ်ဟာ ထင်ရှားလာပြီး သက်ရှိသတ္တဝါအားလုံးရဲ့ ခေါင်းဆောင် ဖြစ်လာရတဲ့ အကြောင်းရင်းက သူတို့ဟာ နှလုံးသားကင်းမဲ့ပြီး ဆန္ဒတွေကင်းမဲ့ပြီးတာ့ ကောင်းကင်ကို အောင်နိုင်ဖို့အတွက် လုံးဝအကျိုးအကြောင်း ဆင်ခြင်မှုအပေါ် အားကိုးခဲ့လို့ မဟုတ်ဘူး။ သူတို့လည်း သတ္တိနည်းနည်း လိုအပ်လို့ပဲ။"
"ဇန်ရဲ့လမ်းကြောင်းကို လမ်းမှားကနေ ယူသွားခဲ့ပြီ..."
"မင်းက လောကကြီးနဲ့ မပတ်သက်ဘူးဆိုရင် အဲဒါကို ဘယ်လိုလုပ် ကျော်လွှားနိုင်မှာလဲ။ အဲဒါရဲ့ အနှစ်သာရကို နားလည်ဖို့အတွက် အဲဒါကို မြည်းစမ်းကြည့်ဖို့ သိထားရမယ်။"
သို့သော်လည်း သူ ဝင်ရောက်စွက်ဖက်ခြင်းမပြုခဲ့ဘဲ အရဟတ္တများနှင့် ဗောဓိသတ္တများ ထိတ်လန့်နေပြီး လုံးဝရှုပ်ထွေးနေပုံကိုသာ စောင့်ကြည့်နေလေသည်။
ချက်ချင်းပင်။
အတ္တကင်းမဲ့ဗုဒ္ဓက မျက်လုံးများကိုပင့်ကာ အလွန်ဝေးကွာသော နေရာတစ်ခုကို ကြည့်လိုက်ရာ ၎င်းမှာ ကံကောင်းထောက်မစွာဖြင့် စစ်ပွဲ၏ သက်ရောက်မှုမရှိသောနေရာ ဖြစ်နေလေသည်။
ထိုနေရာတွင် ပန်းရောင်နှုတ်ခမ်းများနှင့် အဖြူရောင်သွားများရှိသည့် ရဟန်းငယ်လေးတစ်ပါး ရပ်နေပြီး သူ၏အကြည့်များမှာ တည်ငြိမ်နေကာ စစ်မြေပြင်တစ်ခုလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။
သူ၏မျက်လုံးများ တောက်ပသွားပြီး သူ ဘာစဉ်းစားနေသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
"မင်းကို ဗုဒ္ဓဘာသာအကြောင်း တမင်တကာ မသင်ပေးခဲ့တာ မှန်တဲ့ပုံပဲ။ အဲဒီလိုမှ မဟုတ်ရင် အဲဒါက မင်းကို လမ်းလွဲသွားစေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါကိုယ်တိုင်တောင် လမ်းလွဲနေလို့ပဲ။"
အတ္တကင်းမဲ့ဗုဒ္ဓက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အချိန်အတော်ကြာ ခေါင်းငုံ့ထားကာ၊ ထို့နောက် မိုးကြိုးအတိဒုက္ခထဲရှိ ရှေးဟောင်းကောင်းကင်နန်းတော်၏ ပုံရိပ်ယောင်ကို ကြည့်လိုက်သည်။
ထိုနေရာတွင် အလွန်လှပသော အမျိုးသမီးတစ်ဦး ရပ်နေပြီး သူ၏ခေါင်းပေါ်တွင် ဧကရာဇ်ကျမ်းရှိကာ လက်ထဲတွင် ဓားတစ်လက် ကိုင်ထားပြီး ကောင်းကင်နန်းတော်၏ အနက်ရှိုင်းဆုံး နေရာများဆီသို့ တစ်လှမ်းချင်း တိုးဝင်နေလေသည်။
ကောင်းကင်စစ်သည်များနှင့် ဗိုလ်ချုပ်များ သို့မဟုတ် နတ်ဘုရားအမျိုးမျိုး မည်မျှပင် သူ့ကို ဝိုင်းရံထားပါစေ မည်သည့်အရာကမျှ သူ့ကို မတားဆီးနိုင်ပေ။
"နောက်ဆုံးတော့ ငါ အဆင့်တက်နိုင်ခဲ့ပြီ။"
ဝုန်း။
နားကန်းလောက်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ၏။
မရေမတွက်နိုင်သော လူများက မသိလိုက်ဘဲ ကောင်းကင်ကို မော့ကြည့်လိုက်ကြပြီး သူတို့ ဘယ်တော့မှ မမေ့နိုင်မည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
မိုင်သန်းချီရှည်လျားသော မိုးကြိုးတိမ်တိုက်များ ပြိုကျသွားပြီး၊ ရှေးဟောင်းကောင်းကင်နန်းတော်သည် အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရသည်။
တုန်းဖန်လျူလီ၏ အနီရင့်ရောင် ဆံပင်ရှည်ကြီးများသည် ရေတံခွန်ကဲ့သို့ ဖြာကျနေပြီး သူ၏ပြိုင်ဖက်ကင်းသော မျက်နှာက အံ့မခန်း အနီရင့်ရောင် အချို့ဖြင့် စွန်းထင်းနေသည်။ အားလုံးမှာ သူ၏ ကိုယ်ပိုင်သွေးများပင်။
"ဒါက ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့စွမ်းအားလား..."
သူ၏အရှိန်အဝါက ပိုပို၍ အားကောင်းလာပြီး မြေကြီးထဲမှ ထွက်ပေါ်လာသော ခမ်းနားကြီးကျယ်သည့် မြင့်မြတ်သော တောင်ကြီးတစ်လုံးကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ကြောက်ရွံ့တုန်လှုပ်မှုကို ဖြစ်စေသော အမြင့်သို့ ရောက်ရှိသွားလေသည်။
တုန်းဖန်လျူလီက ကျိုးပဲ့နေသောဓားကို လွှင့်ပစ်လိုက်ပြီး နှုတ်ခမ်းနီလေးများက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားလေသည်။ သူက ခေါင်းလှည့်ကာ အတ္တကင်းမဲ့ဗုဒ္ဓကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"အခုဘာလုပ်ကြမလဲ။"
ကောင်းကင်ထောက်တိုင်နယ်ပယ်၊ တုန်းဖန်လျူလီ။
"ကောင်းပြီလေ..."
"ကြယ်တွေရဲ့အလွန်မှာ တိုက်ခိုက်ကြတာပေါ့။"
အတ္တကင်းမဲ့ဗုဒ္ဓသည် သက်ပြင်းချလိုက်ပြီး ကြာပလ္လင်ပေါ်တွင် ခြေမဆန့်တန်းကာ ထိုင်နေသော သူ၏ပုံရိပ်က ဖြည်းညှင်းစွာ မတ်တတ်ရပ်လာလေသည်။ သူ၏ ဧရာမရွှေရောင်ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကျုံ့ဝင်လာပြီး မကြာမီ သာမန်လူတစ်ယောက်၏ အရပ်အမြင့်သို့ ရောက်ရှိသွားလေသည်။
ထို့အပြင် ဗုဒ္ဓတိုင်းပြည်ရှိ ရွှေရောင်အလင်းတန်းများ၏ ထက်ဝက်နီးပါးက ပင်လယ်ထဲသို့ စီးဝင်သော မြစ်များကဲ့သို့ သူ၏စုပ်ယူခြင်းကို ခံလိုက်ရလေသည်။
သို့တိုင် သူက တကယ်တမ်းတွင် ဗုဒ္ဓတိုင်းပြည်ထဲမှ လျှောက်ထွက်လာခဲ့သည်။
"ရှင် ကျွန်မကို လိမ်ခဲ့တာလား။" တုန်းဖန်လျူလီက မျက်လုံးများကို မှေးစင်းလိုက်သည်။
အတ္တကင်းမဲ့ဗုဒ္ဓက ရယ်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်။"
"မင်းရဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိင်း ခွန်အားနဲ့ဆိုရင် ငါ့ရဲ့ လျှို့ဝှက်လက်နက်ကိုသုံးဖို့ မင်း ငါ့ကို အတင်းအကျပ်မလုပ်နိုင်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတော့ ငါ မင်းကို အထင်သေးမိသွားတယ်။"
"အချိန်-နေရာလွတ် ဓားသူတော်စင်က ကျန်းစန်းဟိုင်နဲ့ သူရဲ့ စစ်တပ်ကြီးကို အကျပ်အတည်းကနေ ကယ်တင်ဖို့အတွက် မင်းနဲ့အတူ ကျယ်ပြောလှတဲ့သဲကန္တာရကို ခရီးသွားခဲ့တုန်းက မင်း မှတ်မိသေးလား။"
"အဲဒီအချိန်တုန်းက ငါက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဝင်ရောက်ခဲ့တာ လဝက်ကျော် ရှိနေပြီ။ ဒါပေမဲ့လည်း ပျော်ရွှင်ခြင်းအရဟတ္တ သေဆုံးသွားတာကို ကြည့်နေခဲ့ပြီးတော့ မင်းကိုလည်း မင်းသဘောအတိုင်း လာခွင့်၊ သွားခွင့်ပေးခဲ့တယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတာ မင်း သိလား။"
တုန်းဖန်လျူလီက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
"အဲဒီအချိန်တုန်းက ရှင် ဖန်ဆင်းခြင်းလမ်းစဉ်ရဲ့ အားနည်းချက်တွေကို ဖြေရှင်းဖို့နဲ့၊ နယ်နိမိတ်တွေ အထဲကနေ ဘယ်လိုရုန်းထွက်ပြီး အစွမ်းကုန်တိုက်ခိုက်နိုင်မလဲဆိုတာကို စဉ်းစားနေလို့ပဲ မဟုတ်လား။"
အတ္တကင်းမဲ့ဗုဒ္ဓက ခေါင်းညိတ်လိုက်သည်။ "ဧကရီက တကယ်ကို ဉာဏ်ကောင်းပြီးတော့ ပါးနပ်တာပဲ၊ အချိန်-နေရာလွတ် ဓားသူတော်စင်ထက် မလျော့ဘူး။"
လေပြင်းများ တိုက်ခတ်နေပြီး သွေးနံ့များ သယ်ဆောင်လာလေ၏။
တောရိုင်းမြေ စ်ခုလုံးသည် သွေးပင်လယ်ကြီး တစ်ခုဖြစ်ပြီး တကယ့်ငရဲခန်းတစ်ခုနှင့် တူနေလေသည်။ လှပသောရှုခင်းများ လုံးဝဖျက်ဆီးခံလိုက်ရပြီး အပေါက်များ ပြည့်နှက်နေသော ပျက်စီးနေသည့် ကမ္ဘာတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
မဟာကျင်းစစ်သည်များက ရဲရင့်ပြီး ခွန်အားကြီးမားကြသည်။ ကျန်းစန်းဟိုင်၏ ကွပ်ကဲမှုအောက်တွင် ဗိမာန်များသည် တစ်ခုပြီးတစ်ခု ဖျက်ဆီးခံခဲ့ရပြီး နယ်မြေ၏ ထက်ဝက်ကို ဖုံးလွှမ်းထားသော ကျောက်ဆူးချရာ နေရာ အများစုမှာ ပျောက်ကွယ်သွားလေသည်။
မူလ ဗိမာန် (၉၉၀၀၀) တွင် (၄၀၀၀၀)သာ ကျန်ရှိတော့သည်။
အရဟတ္တ(၁၅)ပါးအနက် (၈)ပါးသည် တိုက်ပွဲတွင် ကျဆုံးခဲ့ပြီး ဗောဓိသတ္တ(၄)ပါးလည်း တစ်ဝက်သို့ လျော့ကျသွားကာ တစ်ဖက်သတ်အခြေအနေ ဖြစ်သွားလေသည်။
၎င်းနှင့် ပတ်သက်၍။
အတ္တကင်းမဲ့ဗုဒ္ဓက အမြင်နှင့်အကြားနှစ်မျိုးလုံးကို လျစ်လျူရှုကာ သူ့ဘာသာ ဆက်လက် ပြောနေသည်။
"နောက်ပိုင်းကျတော့ ငါ အဖြေတစ်ခု ရလာတယ်။"
"ယုံကြည်သူတွေနဲ့ အမွှေးတိုင်ပူဇော်မှုတွေကို ကျောက်ဆူးချရာ နေရာတွေအဖြစ် အသုံးချပြီးတော့ ငါ့ရဲ့ တာအိုနိယာမတွေ၊ အောင်မြင်မှုတွေနဲ့ ကျင့်ကြံမှုတွေကို ဒီကျောက်ဆူးချရာနေရာတွေပေါ်မှာ ဖြန့်ဝေတယ်။ ကျောက်ဆူးချရာနေရာတွေ ရှိတဲ့နေရာမှာ ငါ ရှိတယ်။"
"ငါ ဗိမာန်ကနေ ထွက်သွားရင်တောင် ဒီကျောက်ဆူးချရာ နေရာတွေက ငါ့ကို နောက်ဆွဲထားပြီးတော့ ငါ့ကို အဆက်မပြတ် ထောက်ပံ့ပေးနေလိမ့်မယ်။"
"ဘယ်လို ပြောရမလဲ။ ငါက မတူညီတဲ့ ချဉ်းကပ်မှုတစ်ခုကို ယူခဲ့တာ။ ခန္ဓာကိုယ်က ဗုဒ္ဓတိုင်းပြည်အဖြစ် ပြောင်းလဲတယ်ဆိုတာကနေ အတွင်းစကြဝဠာက ဗုဒ္ဓတိုင်းပြည်အဖြစ် ပြောင်းလဲတယ်လို့ ပြောင်းလဲလိုက်တာ။ အဲဒီကျောက်ဆူးချရာနေရာတွေကို အသုံးပြုပြီး ဗုဒ္ဓတိုင်းပြည်ရဲ့ အခြေခံပုံစံကို တည်ဆောက်ခဲ့ပြီးတော့ အဲဒါကို ငါ့ရဲ့ ပြင်ပအတွင်းစကြဝဠာအဖြစ် ပြောင်းလဲလိုက်တာ။ မင်း နားလည်လား။"
ဤသို့နှင့်...
အတ္တကင်းမဲ့ဗုဒ္ဓက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"တစ်နေ့ကျရင် ကံကြမ္မာက ထိန်းချုပ်လို့ မရတော့ဘူးလို့ခံစားရရင် ဒါမှမဟုတ် လူသားဧကရာဇ်အဖြစ် ထီးနန်းတက်တော့မယ်ဆိုရင် ကောင်းကင်က မင်းကို အဲဒီ ကြမ္မာကတစ်ဆင့် ထိန်းချုပ်ဖို့ ကြိုးစားလိမ့်မယ်။"
"မှတ်ထားပါ..."
"သက်ရှိသတ္တဝါအားလုံး၊ မင်းရဲ့ ပြည်သူတွေ၊ ပြီးတော့ ယုံကြည်သူတွေကလည်း မင်းရဲ့ ကျောက်ဆူးချရာ နေရာတွေ ဖြစ်လာနိုင်ပြီးတော့ မင်းကို နောက်ဆွဲထားနိုင်ပြီးတော့ ဘေးဒုက္ခကနေ မင်းကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မယ်။"
"သေချာတာပေါ့။ ဒါက ငါ့ရဲ့ မရင့်ကျက်သေးတဲ့ ခန့်မှန်းချက်တစ်ခု သက်သက်ပဲ။ ပြီးတော့ အဲဒါ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုတော့ မသိရသေးဘူး။"
တုန်းဖန်လျူလီက အံ့သြသွားပြီးနောက် ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
"လမ်းညွှန်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။"
"သွားရအောင်။ အပြင်ဘက်နေရာလွတ်မှာ တိုက်ကြတာပေါ့။"
အတ္တကင်းမဲ့ဗုဒ္ဓက ခေါင်းညိတ်လိုက်ပြီး တောရိုင်းမြေကို နောက်သို့လှည့်ကာ သေသေချာချာ ကြည့်လိုက်ပြီးနောက် ကောင်းကင်သို့ တက်လှမ်းကာ ပျောက်ကွယ်သွားလေသည်။
တုန်းဖန်လျူလီက သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်ကာ နောက်မှ အနီးကပ်လိုက်ပါသွားတော့သည်။
…
အပိုင်း(၃၀၇) တောရိုင်းမြေ၏အဆုံးသတ်၊ မဟာကျင်းတိုင်းပြည်၏ ကြီးစိုးခြင်း(၃)
အပြင်ဘက်နေရာလွတ်။
အထက်ကို ကြည့်လျှင် မူလအပြာရောင် ကောင်းကင်ကြီး၏ အဆုံးကိုမသိနိုင်သလို အောက်ဘက်တွင် ဖုန်မှုန့်များသဖွယ် သေးငယ်လှသော နယ်မြေနှစ်ခုကို မြင်တွေ့နိုင်သည်။
မရေမတွက်နိုင်သောကြယ်များ လှည့်ပတ်နေပြီး တစ်ခါတစ်ရံတွင် ရှေးဟောင်း အပျက်အစီးများ လွင့်မျောလာကာ နတ်ဘုရားလက်နက်များပင်လျှင် ကျိုးကြေနေပြီး ၎င်းတို့၏ ဝိညာဉ်အနှစ်သာရများ ပျောက်ကွယ်နေလေသည်။
အတ္တကင်းမဲ့ဗုဒ္ဓသည် သူ၏လက်များကိုယှက်ထားပြီး မျက်နှာကြင်နာပြီး နူးညံ့နေကာ မျက်လုံးများက ပြုံးနေလေသည်။
ဧကရာဇ်တာအို ကောင်းကင်စာအုပ်သည် တုန်းဖန်လျူလီ၏ ခေါင်းပေါ်တွင် လွင့်မျောနေပြီး သူ၏ လက်များက အောက်သို့ တွဲကျနေကာ မိုးကြိုးစွမ်းအားများကို တိတ်တဆိတ် စုဆောင်းနေလေသည်။
"ဧကရီ... အခု ထွက်သွားပြီးတော့ အချိန်-နေရာလွတ် ဓားသူတော်စင်နဲ့အတူ ကျေးလက်မှာ အနားယူဖို့ အခွင့်အရေးတစ်ခု မင်းကို ငါ ပေးချင်တယ်။ လောကီရေးရာတွေကို ဘယ်တော့မှ ထပ်ပြီး စိတ်မပူနဲ့တော့။ မင်းရဲ့ အလိုဆန္ဒကို ငါ ဆက်ခံပြီး ဒီလမ်းစဉ်ကို ဆက်လက် ကျင့်ကြံပါ့မယ်။"
[ ဧကရာဇ်တာအို - ဧကရာဇ်ကျမ်း]
[ဧကရာဇ်ပထမအမိန့်တော် - လမ်းကြောင်းကို ပိတ်ဆို့ထားပြီးတော့ နိယာမအားလုံး ဗလာအဖြစ်သို့ ပြန်လည်ရောက်ရှိစေ]
တုန်းဖန်လျူလီသည် သူ့ကို လျစ်လျူရှုကာ လက်ညှိုးတစ်ချောင်းဖြင့် ထိုးပြပြီး တားမြစ်နယ်မြေကို ပိတ်ဆို့လိုက်ရာ အတ္တကင်းမဲ့ဗုဒ္ဓ၏ တာအိုနိယာမများကိုပါ ပိတ်ဆို့လိုက်လေသည်။
အတ္တကင်းမဲ့ဗုဒ္ဓက ဆက်ပြောသည်။
"သန်းနဲ့ချီတဲ့ စစ်သားတွေ တိုက်ပွဲဝင်နေကြတာ၊ အချိန်-နေရာလွတ် ဓားသူတော်စင် နတ်ဘုရားတွေရဲ့ တားဆီးမှုတွေနဲ့ ရင်ဆိုင်နေရတာ။ ပြီးတော့ ကံကြမ္မာရဲ့ တိုက်ခတ်မှုကြောင့် ငါ့လို သနားစရာကောင်းတဲ့သူ တစ်ယောက် ဒီလိုအခြေအနေမျိုးကို အတင်းအကျပ် ရောက်လာရတာကို မင်း မြင်နိုင်လား။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မင်း စိတ်ကူးကြည့်နိုင်လား။"
"တကယ်လို့ မဟာကျင်းတိုင်းပြည်သာ ပျက်စီးသွားပြီးတော့ မင်းနဲ့ရင်းနှီးတဲ့ ရဲဘော်ရဲဘက်တွေ၊ လက်အောက်ခံတွေ၊ ပြီးတော့ လက်ရှိဧကရာဇ်နဲ့ မင်းချစ်တဲ့သူတွေတောင် မင်းမျက်စိရှေ့မှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ရင် မင်း နောင်တရမှာလား။"
"မင်းရဲ့ဆုံးဖြတ်ချက်ကြောင့် သူတို့က လောကကြီး လက်မခံနိုင်တဲ့လမ်းကို မင်းနဲ့အတူ လျှောက်လှမ်းဖို့ ဆန္ဒရှိနေကြတယ်။ အဲဒီအချိန်ကျရင် မင်း ဘယ်လိုအပြစ်တွေကို ထမ်းပိုးထားရမလဲ။ မင်း အဲဒါတွေကို ခံနိုင်ရည် ရှိမှာလား။"
တုန်းဖန်လျူလီ၏အသက်ရှူသံများ မြန်ဆန်လာပြီး လက်သီးများ တင်းတင်းဆုပ်ကာ အတ္တကင်းမဲ့ဗုဒ္ဓ၏ မျက်နှာကို ပြင်းထန်စွာ ထိုးချလိုက်သည်။
ဝုန်း။
ပြိုင်ဖက်ကင်းသော လက်သီးတစ်ချက်က အတ္တကင်းမဲ့ဗုဒ္ဓ၏ ရွှေရောင်ခန္ဓာကိုယ်ကို ပြိုကွဲလုနီးပါး ဖြစ်စေခဲ့သည်။
"ပါးစပ်ပိတ်ထား။"
တုန်းဖန်လျူလီက အံကြိတ်ကာ နောက်တစ်ကြိမ် လက်ညှိုးထိုးလိုက်သည်။
[ဧကရာဇ်ဒုတိယအမိန့်တော် - မဟာတာအို သုံးထောင်လုံးဟာ လက်အောက်ခံတွေဖြစ်ပြီး၊ ဧကရာဇ်တာအိုကသာ အမြင့်မြတ်ဆုံး]
တစ်ခဏချင်းမှာပင်။
အတ္တကင်းမဲ့ဗုဒ္ဓ၏ ရွှေရောင်ခန္ဓာကိုယ် မှေးမှိန်သွားပြီး သူ၏ခေါင်းနောက်တွင် လည်ပတ်နေသော ဇန်အလင်းစက်ဝန်း ပျောက်ကွယ်သွားကာ သူ၏တိုက်ခိုက်ရေးစွမ်းအား သိသိသာသာ ကျဆင်းသွားလေသည်။
"အကယ်၍ မင်းသာ ဒီအရာအားလုံးကို ငါ့ဆီ အပ်နှင်းလိုက်မယ်ဆိုရင်…"
"အပြစ်ရှိပြီး အတုအယောင်ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဇန်ကျင့်ကြံသူတွေကို ငါက ဦးဆောင်ပြီးတော့ ထောင်ပေါင်းများစွာသော နှစ်တွေတစ်လျှောက် ငါ ကျင့်ကြံလာခဲ့တဲ့ လုံးဝစိတ်ခံစားမှုကင်းမဲ့နေတဲ့ ငါ့ရဲ့ သဘာဝကြောင့် တကယ်လို့ ငါ ကျရှုံးပြီး လမ်းမှာသေသွားရင်တောင် ဘယ်သူမှ ငါ့အတွက် ဝမ်းနည်းမှာ မဟုတ်ဘူး။ ပြီးတော့ ငါ့မှာလည်း ဘာညည်းညူစရာမှရှိမှာ မဟုတ်ဘူး။ အဲဒီအပြစ်ရှိတဲ့ အတုအယောင် ဇန်ကျင့်ကြံသူတွေဟာလည်း သူတို့ရဲ့ အပြစ်တွေကနေ သန့်စင်သွားမှာဖြစ်ပြီးတော့ သေဖို့ထိုက်တန်ပါတယ်။"
"ငါ ပြောတာ မှန်တယ်မဟုတ်ဘူးလား။"
အတ္တကင်းမဲ့ဗုဒ္ဓက ကရုဏာအပြည့်ရှိသော မျက်လုံးများဖြင့် ဆက်လက် စကားပြောနေလေသည်။
"ပါးစပ်ပိတ်ထားလို့ ပြောနေတယ်။"
တုန်းဖန်လျူလီက ဒေါသတကြီး အော်ပြောလိုက်ပြီး သူ၏လက်ငါးချောင်းကို ဖြန့်ကာ လေထဲတွင် ဆုပ်ကိုင်လိုက်သည်။
ဧကရာဇ်ဓားတစ်လက်ကို နေရာလွတ်ထဲမှ ဆွဲထုတ်လိုက်လေသည်။
[ဧကရာဇ်ပဉ္စမအမိန့်တော် - နတ်ဘုရားကရုဏာ၏ ဧကရာဇ်အမိန့်တော်အရ၊ တရားစီရင်ခြင်းနှင့် အပြစ်ပေးခြင်းကို ဆောင်ရွက်သည်။ သေဒဏ်ကို ဧကရာဇ်အာဏာဖြင့် ခွင့်ပြုသည်]
သတ်ဖြတ်ခြင်းအတွက်အမိန့်တော်။
တုန်းဖန်လျူလီ၏ မျက်လုံးများတွင် ရုန်းကန်မှု၊ နာကြည်းမှုနှင့်တွေဝေမှုများ ရှိနေသော်လည်း သူက ၎င်းတို့အားလုံးကို အမြန်ဖယ်ရှားပစ်လိုက်ပြီး ဧကရာဇ်ဓားကို တင်းကျပ်စွာဆုပ်ကိုင်ကာ အတ္တကင်းမဲ့ဗုဒ္ဓကို အဝေးမှ ခုတ်ပိုင်းလိုက်သည်။
ကျဆင်းလာသောအမြန်နှုန်းမှာ အလွန်နှေးကွေးပြီး သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လေသည်။
သို့သော်လည်း။
အတ္တကင်းမဲ့ဗုဒ္ဓက လွတ်မြောက်နိုင်ခြင်း မရှိပေ။ သူ၏လည်ပင်းတွင် သွေးရောင် အမှတ်အသားတစ်ခု ပေါ်လာပြီး မမြင်ရသော သံကြိုးများဖြင့် ချည်နှောင်ခံထားရကာ ဧကရာဇ်၏အမိန့်တော်ကို စောင့်ဆိုင်းရင်း ခေါင်းဖြတ်စင်ပေါ်တွင် တင်ထားရသကဲ့သို့ ဖြစ်နေလေသည်။ ထို့နောက် အာဏာသားက သူ၏ဓားကို ပူဇော်ရန် ဝိုင်များပက်ဖြန်းကာ အပြစ်ရှိသူကို ခေါင်းဖြတ်လိုက်လေသည်။
ဖွတ်။
ဂလုတ် ဂလုတ်...
အတ္တကင်းမဲ့ဗုဒ္ဓက မည်မျှပင် ရုန်းကန်ပါစေ အချည်းနှီးသာ ဖြစ်သည်။ သူ၏ ဧရာမခေါင်းကြီးသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။
တုန်းဖန်လျူလီက အနားယူရန် မဝံ့ရဲပေ။ သူ၏လက်ထဲရှိ ဧကရာဇ်ဓားက အလိုအလျောက် ပြိုကွဲသွားပြီး သူက ထိုခေါင်းကို စူးစိုက်ကြည့်နေလေသည်။
သူ စိုးရိမ်ခဲ့သလိုပင်။
အတ္တကင်းမဲ့ဗုဒ္ဓသည် အမှန်တကယ် မသေသေးပေ။ ထို့အပြင် သူက ခေါင်းလှည့်ကာ နောက်တစ်ကြိမ် ပါးစပ်ဖွင့်လိုက်သည်။
"တုန်းဖန်လျူလီ... မင်းက တစ်ကိုယ်ကောင်းဆန်လား။"
တုန်းဖန်လျူလီ အံ့အားသင့်သွားပြီး လှပသော မျက်နှာလေးသည် ရေခဲလို အေးစက်သွားကာ ပြောလိုက်သည်။ "မဆန်ဘူး…"
အတ္တကင်းမဲ့ဗုဒ္ဓ၏ မျက်လုံးများသည် တစ်စုံတစ်ဦး၏နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ စူးရှနေပြီး သူက ပြောလိုက်သည်။
"ဒါကြောင့် မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်တွေနဲ့ မုန့်ချင်ကျိုးကို ဒီပြဿနာတွေထဲ ဆွဲသွင်းခဲ့တာပေါ့။ မင်း သူ့ကို သိကျွမ်းခဲ့တယ်၊ ချစ်မိသွားတယ်၊ ပြီးတော့ သူ့ရဲ့ ရည်မှန်းချက်တွေကို မင်း မသိဘူးလား။"
"သူက တိုက်ခိုက်ရတာကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ဘူး။ ဒါပေမဲ့ မင်းအတွက် သူက ကောင်းကင်ကို ဆန့်ကျင်ဖို့၊ ကောင်းကင်စောင့်ကြည့်သူကို ဆန့်ကျင်ဖို့၊ နတ်ဘုရားအကြွင်းအကျန်တွေကို ဆန့်ကျင်ဖို့၊ ပြီးတော့ ငါ့ကို ဆန့်ကျင်ဖို့ ဆန္ဒရှိခဲ့တယ်။"
"ဒါက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘူးလား။"
တုန်းဖန်လျူလီက ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး နှုတ်ခမ်းနီလေးများ အရောင်ပြယ်သွားကာ မျက်လုံးများတွင် မငြိမ်မသက်မှုများပြည့်နှက်နေပြီး ရှင်းပြရန် ကကြိုးစားလေသည်။
"ကျွန်မက..."
"ဒီရှုပ်ထွေးနေတဲ့ကမ္ဘာကြီးကို ဆင်းရဲဒုက္ခတွေကနေ ကင်းဝေးစေချင်တယ်။ ကယ်တင်ချင်တယ်..."
ထိုအချိန်တွင် သူက ခေါင်းမာမှုများ ပြည့်နှက်နေသော်လည်း အပြစ်ရှိသလို ခံစားနေရပြီး အမှားအမှန် မခွဲခြားနိုင်ဘဲ ဖြစ်ကတတ်ဆန်းဆင်ခြေများပေးနေသည့် လမ်းပျောက်နေသော ကောင်မလေး တစ်ယောက်နှင့် တူနေလေသည်။
သူမသိခဲ့ပေ။
အတ္တကင်းမဲ့ဗုဒ္ဓသည် အခြားသူများကို ခွန်အားဖြင့် အနိုင်ယူရန် ဘယ်သောအခါမှ မရည်ရွယ်ခဲ့ပေ။ တုန်းဖန်လျူလီ၏ပါရမီမှာ သံသယဝင်စရာမလိုဘဲ သူ၏တာအိုကျွမ်းကျင်မှုသည် နယ်ပယ်တူများအထဲတွင် ပြိုင်ဖက်ကင်းလေသည်။
ဖန်ဆင်းခြင်းလမ်းစဉ်သည် ကောင်းကင်တာအိုနှင့် ယှဉ်ပြိုင်သော လမ်းစဉ်တစ်ခုဖြစ်ပြီး ကြီးစိုးမှုအတွက် တိုက်ခိုက်ခြင်းနှင့် ရန်သူများကိုအနိုင်ယူခြင်း လမ်းစဉ်တစ်ခု မဟုတ်ပေ။ ၎င်းက တုန်းဖန်လျူလီကို မည်သို့ ယှဉ်နိုင်မည်နည်း။
ထို့ကြောင့်…
အပြင်ဘက်နေရာလွတ်သို့ ခြေချလိုက်သည့် အခိုက်အတန့်မှစ၍၊ အတ္တကင်းမဲ့ဗုဒ္ဓသည် အရာအားလုံးကို စွန့်လွှတ်လိုက်ပြီး သူ၏ဝိညာဉ်နှင့်စွမ်းအားအကုန်ကို [ဇန်တရားသွန်သင်ချက်များ] ပေါ်တွင် စုစည်းထားလိုက်၏။
တာအိုနှလုံးသားကို ဖျက်ဆီးသူများသည်ပင် အခြားသူများကို အနိုင်ယူနိုင်စွမ်း ရှိသည်။
ထို့အပြင် အတ္တကင်းမဲ့ဗုဒ္ဓသည် မဟာကျင်း၏ ဧကရီနှင့် အချိန်-နေရာလွတ် ဓားသူတော်စင်တို့ကို အချိန်အကြာကြီး လေ့လာခဲ့သည်။ သူတို့ အချင်းချင်း သိကျွမ်းပြီး ချစ်မိသွားကြသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို သူ သိသည်။ ငပျင်းမုန့်ချင်ကျိုး၏ စစ်မှန်သောကိုယ်ရည်ကိုယ်သွေးကိုလည်း သူ နားလည်သည်။ မှန်ပေသည်။ တုန်းဖန်လျူလီ၏ အားနည်းချက်က မည်သူဖြစ်ကြောင်းကိုလည်း သူ သိသည်။
နှလုံးသားများနှင့် စိတ်များကို အနိုင်ယူရန် သူတို့၏အားနည်းချက်များကို တိုက်ခိုက်ရပေမည်။
အတ္တကင်းမဲ့ဗုဒ္ဓ၏ခေါင်းက အပေါ်သို့ လွင့်တက်သွားပြီး ပြတ်နေသောလည်ပင်းပေါ်သို့ အလိုအလျောက် ပြန်လည်ရောက်ရှိသွားလေသည်။ သူက လက်တစ်ဖက်ကို ရင်ဘတ်ဆီသို့ မြှောက်ထားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ကမ္ဘာကြီးကို ကယ်တင်တာလား။ ဆင်းရဲဒုက္ခရောက်နေတဲ့လူတွေကို ကယ်တင်တာလား။"
"မင်းက အရမ်းကိုမောက်မာလွန်းနေတာ မဟုတ်ဘူးလား။။"
"ရှုပ်ထွေးနေတဲ့လူအုပ်ကြီးကြားထဲမှ ကမ္ဘာကြီးက တုန်းဖန်လျူလီဆိုတဲ့ မင်းတစ်ယောက်တည်းကိုသာ လိုအပ်နေပြီးတော့ မင်းမရှိရင် ဆက်မလည်ပတ်နိုင်ဘူးလို့ ဖြစ်နိုင်လို့လာ။။"
"ကောင်းကင်စောင့်ကြည့်သူက ဒီအဖြစ်အပျက်တွေအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူလား။ ဒီဘုန်းကြီးအိုက တကယ်ပဲ လူယုတ်မာ တစ်ယောက်လား။ မင်းလက်ချက်နဲ့ သေသွားတဲ့ ကျောက်ယွီဟွမ်က ခွင့်မလွှတ်နိုင်တဲ့ အပြစ်သားတစ်ယောက်လား။"
"လူသားဧကရာဇ်ကို ပြန်လည်ဖန်တီးဖို့ ကောင်းကင်စောင့်ကြည့်သူရဲ့ ကြိုးစားအားထုတ်မှုဟာလည်း ကယ်တင်ခြင်းလမ်းစဉ်တစ်ခုပဲ။ ဒီဘုန်းကြီးအိုက ထောင်ပေါင်းများစွာ နှစ်တွေတစ်လျှောက်မှာ ဗုဒ္ဓတိုင်းပြည်ကို ကြီးမှူးခဲ့ပြီးတော့ မဟာကျင်းနဲ့ ပဋိပက္ခကို ရှောင်ရှားဖို့ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တယ်။ ငါက ငါ့ကိုယ်ငါ ဗုဒ္ဓတိုင်းပြည်အဖြစ် ပြောင်းလဲခဲ့ပြီးတော့ တောရိုင်းမြေကို ခိုင်ခံ့တဲ့တံတိုင်းတွေနဲ့ လုံခြုံတဲ့ ခိုလှုံရာအဖြစ်ကို ပြောင်းလဲခဲ့တယ်။ ဒါက ကယ်တင်ခြင်းလမ်းစဉ်တစ်ခု မဟုတ်ဘူးလား။"
"မင်းရဲ့လမ်းစဉ်က တခြားသူတွေထက် ဘာလို့ပိုကြီးမြတ်နေရမှာလဲ။ မင်းရဲ့ဆန္ဒတွေကို ဖြည့်ဆည်းဖို့ တခြားသူတွေရဲ့ ဆန္ဒတွေကို ဘာလို့စတေးဖို့ လိုအပ်ရတာလဲ။"
တုန်းဖန်လျူလီက နောက်သို့ယိုင်နဲ့သွားပြီ ကူကယ်ရာမဲ့စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေလေသည်။
သူ လွမ်းဆွတ်နေသောသူက ရှေ့ထွက်လာပြီး သူ့အတွက် စကားတစ်ခွန်း ပြောပေးပါစေဟု ဆန္ဒရှိကာ သူ၏မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။
သို့သော်လည်း…
အပြင်ဘက်နေရာလွတ်က တိတ်ဆိတ်ပြီး မှောင်မိုက်နေလေသည်၊။ တတိယတစ်ဦးတစ်ယောက်မျှ မရှိပေ။ မုန့်ချင်ကျိုးက နတ်ဘုရားများနှင့် တိုက်ပွဲဝင်နေဆဲ ဖြစ်နိုင်လေသည်။
"ကျွန်မ..." တုန်းဖန်လျူလီက ချေပမည့် စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။
အတ္တကင်းမဲ့ဗုဒ္ဓသည် အပေါ်စီးမှ ရရှိသွားသဖြင့် မညှာမတာ ဖိအားပေးကာ ဆက်ပြောသည်။
"ဒါကြောင့် တခြားသူတွေအားလုံးရဲ့ လမ်းစဉ်တွေနဲ့အကြံဉာဏ်တွေက မှားနေပြီး မင်းတစ်ယောက်တည်း မှန်တယ်လို့ ထင်နေတာပေါ့။"
"ဒါပေမဲ့ မင်းကိုယ်မင်း ပြန်ကြည့်လိုက်ဦး။ မင်းကြောင့် လူတွေဘယ်လောက် သေခဲ့ရပြီလဲ။"
"မင်းက အဲဒီကောင်းကင်စောင့်ကြည့်သူ ဒါမှမဟုတ် ဒီဘုန်းကြီးအိုနဲ့ ဘာများကွာခြားနေလို့လဲ။။"
"မင်းက ဒီဘုန်းကြီးအိုထက်တောင် ပိုပြီးတော့ အောက်တန်းကျသေးတယ်။ အနည်းဆုံးတော့ ဗုဒ္ဓတိုင်းပြည်အတွင်းမှာ သေဖို့ထိုက်တန်တဲ့ ဆိုးရွားတဲ့ရာဇဝတ်ကောင်တွေပဲ ရှိတယ်။ ဒါပေမဲ့ မင်းကတော့ မင်းချစ်တဲ့သူကို အတင်းဆွဲခေါ်လာပြီး သူ့ရဲ့ဆန္ဒတွေကို လျစ်လျူရှုပြီးတော့ ဒီလမ်းကို ပြတ်ပြတ်သားသား လျှောက်လှမ်းနေတာပဲ။"
"တုန်းဖန်လျူလီ။"
"ငါ့ကို ပြောစမ်း။ မင်းက တစ်ကိုယ်ကောင်းဆန်သလား။"
အသံက ဟိန်းနေသော ခေါင်းလောင်းသံကဲ့သို့ ဖြစ်ပြီး တုန်းဖန်လျူလီ၏နားထဲတွင် ပဲ့တင်ထပ်သွားကာ၊ နားကန်းလောက်အောင် ပြင်းထန်ပြီး သတိဝင်လာစေလေသည်။
သူ၏စိတ်သည် လုံးဝနီးပါး ဗလာကျင်းဖြစ်သွားပြီး မျက်ရည်တစ်ပေါက်က သူ၏ပါးပြင်ပေါ်သို့ သတိမထားမိဘဲ ကျဆင်းလာလေသည်။
သူက တုန်ရီသောအသံဖြင့် ပြောလိုက်သည်။
"ကျွန်မက..."
ထိုအချိန်တွင်။
ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေ၏။ "ကတုံးအဘိုးကြီး။ ခင်ဗျား အသက်ရှင်ရတာ ပျင်းနေပြီထင်တယ်။”
…
အပိုင်း(၃၀၈) တောရိုင်းမြေ၏အဆုံးသတ်၊ မဟာကျင်းတိုင်းပြည်၏ ကြီးစိုးခြင်း(၄)
လွန်ခဲ့သော နာရီဝက်ခန့်က။
ပင်လယ်ပြင်ဧရိယာ။
မုန့်ချင်ကျိုးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် ဓားကိုင်ဆောင်ကာ တစ်လှမ်းချင်း ချဉ်းကပ်လာပြီး ဓားအသိများသည် လေထဲတွင် သစ်တောတစ်ခုကဲ့သို့ လှည့်ပတ်နေလေသည်။
ဒြပ်(၅)ငါး နတ်ဘုရားများက သွေးများ အလွန်အကျွံထွက်နေပြီး ပြင်းထန်စွာဒဏ်ရာရကာ သေလုနီးပါး ဖြစ်နေကြသည်။
"ပုရွက်ဆိတ်လိုလူသား၊ မင်းကို တစ်ခုလောက် ပြောပြမယ်။ ကောင်းကင်တာအို ပြန်လည်နိုးထလာဖို့ အချိန်က နီးကပ်နေပြီ။ မကြာခင်... ငါတို့ ပြန်တွေ့ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့က ကောင်းကင်နယ်ပယ် ပြန်ရောက်ပြီးတော့ မင်းနဲ့ မဟာကျင်းတိုင်းပြည်က အမြစ်ပြတ် သုတ်သင်ခံရလိမ့်မယ်။" ယန်မိုက ရယ်လိုက်သည်။
သူတို့က ဆိုးရွားသောအခြေအနေများ ကြုံတွေ့နေရသော်လည်း မောက်မာနေဆဲဖြစ်ပြီး သက်ရှိသတ္တဝါ အားလုံးကို အရေးမပါသောပုရွက်ဆိတ်များအဖြစ် သတ်မှတ်ကာ ကံကြမ္မာ အနည်းငယ်အလှည့်အပြောင်းဖြင့် လူ့လောကတစ်ခုလုံးကို သူတို့၏လက်ထဲ၌ ဆုပ်ကိုင်ထားနိုင်သည်ဟု ယူဆထားကြသည်။
ကျင်းကောက တိတ်ဆိတ်နေပြီး သူ၏ အေးစက်သောမျက်လုံးများက အနက်ရောင်ဝတ်လူငယ်အပေါ် စူးစိုက်နေလေသည်။ သူက လက်ဖဝါးကို ဓားအဖြစ် အသုံးပြုကာ ရင်ဘတ်ကို ခွဲဖွင့်ပြီး ရွှေရောင်စိန်ပုံစံတစ်ခုကို ထုတ်ယူလိုက်သည်။
ဒြပ်(၅)ပါး၏ သတ္တုစွမ်းအင်များကို ထုတ်လွှတ်နေသော နတ်ဘုရားသည် ကောင်းကင်၏လမ်းညွှန်မှုကို ခံရပြီး ကျယ်ပြောလှပြီး ထိတွေ့၍မရနိုင်သော စွမ်းအင်တစ်ခုက နတ်ဘုရားနှင့် ဆက်သွယ်သွားကာ ကောင်းကင်တာအို၏ စမ်းသပ်တံမှင်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
"ငါ ပြန်လာခဲ့မယ်။ မင်းတို့ ပုရွက်ဆိတ်တွေ... မင်းတို့ရဲ့တိုင်းပြည် ချေမှုန်းခံရဖို့ ပြင်ထားလိုက်။ မင်းတို့ရဲ့ မိုက်မဲမှုက မင်းတို့တိုင်းပြည်ကို ပျက်စီးဖို့ ဦးတည်သွားစေတာပဲ။"
ကျင်းကောက ဤသို့ ပြောလိုက်သည်နှင့်အမျှ နတ်ဘုရားခန္ဓာကိုယ်သည် ၎င်း၏အသက်စွမ်းအင်များ လျင်မြန်စွာ ဆုံးရှုံးသွားပြီး ပြန်လမ်းမရှိသော သေမင်း၏အဆုံးသတ်ဆီသို့ ဦးတည်သွားလေသည်။
နတ်ဘုရားမျာက အချိန်အခါနှင့်နေရာမရွေး အမြဲတမ်း ဂုဏ်ယူဝင့်ကြွားတတ်ကြသည်။
သမိုင်းတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သော သူရဲကောင်းများနှင့် ထူးချွန်သူများ ရှိခဲ့သည်။ ကောင်းကင်ကပင် ကြောက်ရွံ့ခဲ့သော ပထမဆုံးဧကရာဇ်နှင့် ဧကရာဇ်နန်းတော်၏ မဏ္ဍိုင်(၄)ခုကဲ့သို့သော ပုဂ္ဂိုလ်များပင် အချိန်ကုန်လွန်လာသည်နှင့်အမျှ သေဆုံးသွားခဲ့ကြသော်လည်း နတ်ဘုရားများသည် အမြဲတမ်း တည်ရှိနေခဲ့ကြသည်။
၎င်းက သူတို့ယုံကြည်မှု၏ အရင်းအမြစ်ပင်။
"ဒါက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။"
မုန့်ချင်ကျိုးက ပုစဉ်းရင်ကွဲတေးသံဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
"ဘာလို့ ဒုက္ခခံနေမှာလဲ။ ခင်ဗျားတို့ ဘေးကင်းကင်း ထွက်သွားပြီး နောက်မှပြန်လာလို့ ရတာပဲ။ ဘာလို့ ဒီလိုကြမ်းတမ်းတဲ့စကားတွေ ပြောရတာလဲ။ ကျုပ် ဂရုမစိုက်ပေမယ့် ခင်ဗျားတို့ရဲ့ နာလန်ထူတဲ့ လုပ်ငန်းစဉ်က ကျုပ်ရဲ့ တိုးတက်မှုနှုန်းကို မီနိုင်မှာမဟုတ်ဘူးဆိုတာ ယုံကြည်တယ်။"
"ခင်ဗျားတို့ ပြန်လာပြီးတော့ ကျုပ်ကို ပြန်တွေ့တဲ့အချိန်ကျရင် ပုရွက်ဆိတ်တစ်ကောင်နဲ့ နဂါး တစ်ကောင်လောက် ကွာခြားနေလိမ့်မယ်။"
"ဒါပေမဲ့ ကျုပ်မှာ ပြဿနာတစ်ခု ရှိတယ်။ ကျုပ်ရှေ့မှာ လူတွေက အထက်စီးကနေ မောက်မောက်မာမာ လုပ်တာကို မုန်းတယ်။"
သူ၏လက်ချောင်းကို တစ်ချက်ခေါက်လိုက်ပြီး ဒြပ်(၅)ပါး နတ်ဘုရားများအပေါ်သို့ ညင်သာစွာ ဖိချလိုက်လေသည်။
[တည်ဆောက်ခြင်း] - [အချိန်-နေရာလွတ် ဥမင်]
အချိန်-နေရာလွတ်မြစ်များက တစ်စင်းပြီးတစ်စင်း တိတ်ဆိတ်စွာ ရောက်ရှိလာပြီး မြစ်တစ်စင်းစီတိုင်းက ရက်လုပ်ထားသော အပ်ချည်ကြိုးတစ်ချောင်းကဲ့သို့ အချင်းချင်းရောယှက်သွားကာ ဆွယ်တာအင်္ကျီ တစ်ထည်ကို ထိုးသကဲ့သို့ အလျင်အမြန် လမ်းကြောင်းတစ်ခုအဖြစ် ဖန်တီးလိုက်လေသည်။
[တည်ဆောက်ခြင်း] - [နေရာလွတ်ကူးပြောင်းပို့ဆောင်ခြင်း]
မရေမတွက်နိုင်သော နေရာလွတ်အပေါက်ဖောက်ကောင်များက အတောင်ပံများကိုခတ်ကာ ပျံထွက်လာကြပြီး ပေ(၁၀၀)အကွာအဝေးအတွင်း ပျံ့နှံ့သွားကာ ဒြပ်(၅)ငါး နတ်ဘုရားများကို စက်ဝိုင်းပုံစံဖြင့် ဝန်းရံလိုက်ပြီး ဟင်းလင်းပြင်ကို ကိုက်ဖြတ်နေကြရာ ဖန်ခွက်ကိုခွဲလိုက်သကဲ့သို့ပင် စူးရှပြီး ပြတ်သားသော အက်ကွဲသံများ ထွက်ပေါ်လာလေသည်။
ခဏအကြာတွင် အချင်းပေရာချီရှိသော စက်ဝိုင်းပုံစံဟင်းလင်းပြင်က ဝါးမျိုခံလိုက်ရပြီး ဒြပ်(၅)ပါး နတ်ဘုရားများသည် ထိုအတွင်း၌ ရပ်နေကြလေသည်။ ရေနှင့်တိမ်တိုက်များ ပါဝင်သော ကြေးမုံပြင်တစ်ခုသည် ပြုတ်ကျသွားပြီး ပင်လယ်ပြင်တွင် ဧရာမအမည်းရောင်တွင်းနက်ကြီးတစ်ခု ပေါ်လာလေသည်။
"ခင်ဗျားတို့ကို နေရာကောင်းတစ်ခုဆီ ပို့ပေးမယ်။ အဲဒီမှာ ခင်ဗျားတို့ရဲ့အိမ်ကို နောက်ဆုံးမှာ ရှာတွေ့သွားလိမ့်မယ်။"
မုန့်ချင်ကျိုးက တိုတိုတုတ်တုတ် ပြောလိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် [ကြေးမုံပြင်]ကို မြှောက်ကာ အချိန်-နေရာလွတ်ဥမင်ထဲသို့ ပို့လိုက်ရာ ၎င်းသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
မကောင်းဆိုးဝါးစွမ်းအားများကို ဖိနှိပ်ပြီးနောက် နတ်ဘုရားများကို ဖမ်းဆီးရန် အကြံဉာဏ်သည် သူ့ထံ ရောက်ရှိလာခြင်း ဖြစ်သည်။
နတ်ဘုရားများကို အတွင်းစကြဝဠာထဲသို့ မြှူဆွယ်ခြင်းက ထိရောက်မှုရှိသော်လည်း အောင်မြင်မှုနှုန်းမှာ အလွန်နည်းပါးပြီး အန္တရာယ်က ကြီးမားလွန်းလေသည်။
ကောင်းကင်ပြည်နယ်တွင် ရှိနေစဉ် ဟောင်တုသည် သူ၏ကိုယ်စား တာဝန်ကိုပြီးမြောက်ရန် အတုအယောင်ခန္ဓာကိုယ်ကို အသုံးပြုခဲ့ပြီး သူ၏ အစစ်အမှန်ခန္ဓာကိုယ်သည် နတ်ဘုရားများကို ဖမ်းဆီးကာ အတွင်းစကြဝဠာထဲသို့ ပို့ဆောင်ရန် နည်းလမ်းများကို လေ့လာရန် ပုန်းအောင်းနေခဲ့သည်။
လဝက်အတွင်း။
မုန့်ချင်ကျိုးက နေရာလွတ်နိယာမများမှတစ်ဆင့် [နေရာလွတ်ပိုးကောင်] ဟုခေါ်သော ထုတ်ကုန်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ဤအရာသည် ဟင်းလင်းပြင်တစ်ခုလုံးကို ဖြတ်တောက်ပြီး [အချိန်-နေရာလွတ်ဥမင်] ထဲသို့ ပို့ဆောင်ပေးနိုင်သည်။
[အချိန်-နေရာလွတ်ဥမင်]၏ အဆုံးသတ်တွင် ဟောင်တုက မုန့်ချင်ကျိုး၏ အတွင်းစကြဝဠာထဲသို့ ကိုယ်တိုင်ကိုယ်ကျဝင်ရောက်ခဲ့သော အချိန်မှတ် ရှိလေသည်။ နတ်ဘုရားများကို [အချိန်-နေရာလွတ်ဥမင်]ထဲသို့ ပို့လိုက်သည်နှင့် သူတို့သည် အတိတ်သို့ ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်ပြီး အတိတ်မှ ဟောင်တုနှင့်အတူ အတွင်းစကြဝဠာထဲသို့ ဝင်ရောက်သွားမည် ဖြစ်သည်။
သို့သော်လည်း ဤနည်းလမ်းတွင် အဓိက အားနည်းချက်တစ်ခုရှိပြီး ၎င်းမှာ သေစေနိုင်လောက်သော အရာအဖြစ် ဖော်ပြနိုင်သည်။
ရန်သူ၏ခွန်အားကို သုညအထိ လျှော့ချရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက အထွတ်အထိပ်သို့ ရောက်ရှိနေသောနတ်ဘုရားများကို အတွင်းစကြဝဠာထဲသို့ ဝင်ခွင့်ပြုပါက သူတို့သည် လုံးဝဖျက်ဆီးပစ်နိုင်ပြီး သူ၏ကောင်းကင်အခြေခံအုတ်မြစ်ပင်လျှင် ဆုံးရှုံးသွားနိုင်သည်။
...
...
အတွင်းစကြဝဠာ။
ဒြပ်(၅)ငါး နတ်ဘုရားများက နေရာလွတ်ကြေးမုံပြင်၏ သယ်ဆောင်ခြင်းခံရကာ ကြယ်ပင်လယ်ကြီးသို့ ရောက်ရှိလာကြသည်။ ပထမဆုံး မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် အထင်ရှားဆုံး မြင်ကွင်းမှာ စကြဝဠာ တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသော အချိန်-နေရာလွတ်မြစ်ရှည်ကြီးပင်။ ၎င်းသည် ခမ်းနားကြီးကျယ်ပြီး အဆုံးအစမရှိပေ။ နတ်ဘုရားများအားလုံးသည် ဤမြစ်ကြီး၏ ရှေ့တွင် သေးငယ်ပြီး အရေးမပါသကဲ့သို့ ဖြစ်နေကြသည်။
"ဒါက အချိန်-နေရာလွတ်ဓားသူတော်စင်ရဲ့ အတွင်းစကြဝဠာလား။"
သူ ဘာလုပ်ချင်နေတာလဲ။
ရေနတ်ဘုရားက ဗီဇအရ တစ်ခုခု မှားယွင်းနေကြောင်းကို အာရုံခံလိုက်မိပြီး သူ၏ပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်ကြည့်ရှုလိုက်သည်။ ရုတ်တရက် သူ၏မျက်လုံးများသည် အချိန်-နေရာလွတ်မြစ်၏ ထောင့်တစ်နေရာကို စူးစိုက်ကြည့်လိုက်သည်။
ခေါင်းတစ်ခုကို မှုန်ဝါးဝါး မြင်လိုက်ရပြီး လျှို့ဝှက်စွာ လုပ်ဆောင်နေသည်ဆိုသော ခံစားချက်တစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ ထိုသူက သူတို့ကို တိတ်တဆိတ် ချောင်းကြည့်ပြီး လေ့လာနေခဲ့သည်။
ရွှေကျီ - "..."
"ညီအစ်ကိုတို့။ ငါ မမှားဘူးဆိုရင် ဒါက ကပ်ဘေးနတ်ဘုရားပဲ။" ချန်းမုက ထိုခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
ဒြပ်(၅)ပါး နတ်ဘုရားများသည် အသံလာရာဘက်သို့ ကြည့်လိုက်ပြီး တိတ်ဆိတ်သွားကြသည်။
"ဟောင်တု... မင်း ဒီမှာ ဘာလုပ်နေတာလဲ။" ရွှေကျီက ချက်ချင်း မေးလိုက်သည်။
တွေ့ရှိသွားကြောင်းကို မြင်လိုက်ရာ ဟောင်တုသည် ပုန်းအောင်းရန် ပျင်းရိသွားပြီး အချိန်-နေရာလွတ် မြစ်ထဲမှ ခုန်ထွက်လာကာ အေးစက်သောအပြုံးဖြင့် သူတို့ကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။
"ဟီးဟီး..."
"ကောင်းကင်ကြည့်ဆောင်ရဲ့ လှည့်စားတာကိုခံရတဲ့ နောက်ထပ် သနားစရာဝိညာဉ်တစ်သုတ်ပဲ။ စိတ်မပူပါနဲ့။ မကြာခင် မင်းတို့ သိလာပါလိမ့်မယ်။"
"နတ်ဘုရားတွေရဲ့ အစုလိုက်အပြုံလိုက်သင်္ချိုင်းဆိုတာ... ဘာလဲဆိုတာကိုပေါ့။"
ထိုစကားကို ကြားသောအခါ ရွှေကျီ၏ဆံပင်များ ထောင်သွားပြီး သူ၏မျက်ဆံများ ရုတ်တရက် ကျုံ့သွားလေသည်။
အချိန်-နေရာလွတ် ဓားသူတော်စင်က သူတို့ကို ပထမဆုံး တွေ့ဆုံချိန်တွင် ထိုအကြောင်းကို ဝေဝါးစွာ ပြောခဲ့ဖူးကြောင်းကို သူ ပြန်လည်အမှတ်ရလိုက်သော်လည်း ထိုအချိန်က သူသည် ပုံကြီးချဲ့ပြီး ၎င်းတို့ကို ခြောက်လှန့်ရန် ကြိုးစားနေသည်ဟု သူ ထင်ခဲ့သည်...
ယခု ပြန်စဉ်းစားကြည့်ရာ ၎င်းမှာ ပုံကြီးချဲ့နေခြင်း မဟုတ်ပေ။
"နေပါဦး။"
"ငါ့ရဲ့ နတ်ဘုရားအနှစ်သာရက ကောင်းကင်တာအိုနဲ့ အဆက်အသွယ် ပြတ်သွားပြီ။"
ရုတ်တရက်။
ထိတ်လန့်တုန်လှုပ်ဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး အခြားနတ်ဘုရား(၄)ပါးသည် ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ကြသည်။
မျက်လုံးများအားလုံး စူးစိုက်ကြည့်နေသည့် နေရာတွင် ရွှေလှံနတ်ဘုရားသည် သူ၏နတ်ဘုရားသရဖူကို ကိုင်ထားပြီး မျက်လုံးများတုန်ရီကာ ခန္ဓာကိုယ် အနည်းငယ်ယိမ်းနွဲ့နေလျက်၊ ရေနတ်ဘုရား၊ သစ်သားခြောက် နတ်ဘုရား၊ မြေကြီးထုနတ်ဘုရား၊ မီးတောက်နတ်ဆိုးနှင့် အခြားနတ်ဘုရားများကို အလွန်အမင်း ကြောက်ရွံ့မှုနှင့် ကူကယ်ရာမဲ့မှုများဖြင့် ကြည့်နေလေသည်။
"ငါ့ရဲ့ အသက်စွမ်းအင်တွေ ပျောက်ကွယ်သွားပြီ။ တကယ်လို့ ကောင်းကင်တာအိုက ငါ့ရဲ့ နတ်ဘုရား အဆင့်အတန်းကို ပြန်မယူနိုင်ဘူးဆိုရင် ငါက လုံးဝ သေဆုံးသွားပြီးတော့ ဘယ်တော့မှ ပြန်မွေးဖွားနိုင်တော့မှာ မဟုတ်ဘူး။ ကယ်ပါဦး... ငါ့ကို ကယ်ပါဦး။"
ရွှေလှံနတ်ဘုရားက ထိတ်လန့်မှုနှင့် ကူကယ်ရာမဲ့မှုများဖြင့် အော်ဟစ်နေလေသည်။
သို့သော်လည်း အခြားနတ်ဘုရားများအားလုံးမှာ ချွေးအလွန်အကျွံ ထွက်နေကြပြီး သူတို့၏စိတ်များ ရှုပ်ထွေးနေကာ နားများအူနေသဖြင့် ရွှေလှံနတ်ဘုရားကို မည်သို့မျှ ဂရုမစိုက်နိုင်ကြပေ။
"နားလည်ပြီ။ငါ နားလည်ပြီ..."
"ဒီနေရာက ကောင်းကင်အခြေခံအုတ်မြစ် ဒါမှမဟုတ် အတွင်းစကြဝဠာလောက် ရိုးရှင်းတဲ့နေရာ မဟုတ်ဘူး။ အဲဒီမှာ အချိန်-နေရာလွတ် မဟာနိယာမနှစ်ခု ရှိတယ်။ ဒီနေရာက တကယ့်ကို ပြုစုပျိုးထောင်ပြီး ကြီးထွားလာတဲ့ နောက်ထပ်ကမ္ဘာတစ်ခု၊ ပြင်ပကမ္ဘာရဲ့ ကောင်းကင်နိယာမတွေ ဝင်ရောက်စွက်ဖက်ဖို့ ခက်ခဲတဲ့ ကမ္ဘာတစ်ခု ဖြစ်လာပြီ။"
"ကောင်းကင်တာအိုက ဒီနေရာကို ရှာတွေ့ပြီးတော့ တမင်တကာ ပစ်မှတ်မထားဘူး ဆိုရင်ပေါ့။ ဒါပေမဲ့ ကောင်းကင်တာအိုက အခုချိန်မှာ အိပ်မောကျနေတယ်..."
ရေနတ်ဘုရားက အရာအားလုံးကို ချက်ချင်း နားလည်သွားလေသည်။
သို့သော် တစ်ခါတစ်ရံတွင် တစ်ခုခုကို ပိုနားလည်လာလေလေ ပိုပိုပြီး မျှော်လင့်ချက်မဲ့သလို ခံစားရလေလေပင်။
"အားလုံး ပြီးဆုံးသွားပြီ။"
ရေနတ်ဘုရားက လေထဲတွင် ဒူးထောက်ကျသွားပြီး ခေါင်းငိုက်စိုက်ကျနေကာ အော်ဟစ်သံတစ်ခုက သူ့ကို လန့်နိုးသွားစေသည်အထိ ဖြစ်နေလေသည်။
"ငါ... ငါ လက်မခံနိုင်ဘူး..."
အသံလာရာဘက်သို့ ကြည့်လိုက်ရာ ရွှေလှံနတ်ဘုရားက နတ်ဘုရားအနှစ်သာရကို ကိုင်ထားပြီး အသက်စွမ်းအင်များ လုံးဝပျောက်ကွယ်သွားကာ လေဟာနယ်တွင် လွင့်မျောနေပြီး လုံးဝသေဆုံးသွားသည်ကို တွေ့မြင်နိုင်လေသည်။ ထို့နောက် နတ်ဘုရား အနှစ်သာရကိုလည်း ကောင်းကင်တာအိုက ပြန်လည်ရယူသွားခြင်း မရှိပေ။
"မကောင်းဆိုးဝါးကသေဖို့ကံကြမ္မာပါလာတယ်" ဆိုသော စကားပုံ၏ အမှန်တရားကို သေချာပေါက် သက်သေပြနေသည့် သက်ရှိဥပမာတစ်ခု ပေါ်ထွက်လာခဲ့လေပြီ။
ဤနေရာက နတ်ဘုရားများ၏သင်္ချိုင်းပင်။
"ကောင်းကင်ကြည့်ဆောင်…" ယန်မိုက မျက်လုံးများ သွေးရဲနေပြီး သွေးကြောများ ဖောင်းကြွလာကာ ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။
ဟောင်တုသည် သေဆုံးနေသော ကျင်းကောကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲ ဖြစ်သည်။ သူသည် အမှန်တရားကို အချိန်အကြာကြီး သိထားခဲ့သော်လည်း နတ်ဘုရားတစ်ပါး သေဆုံးသွားခြင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဖြစ်သည်။ နတ်ဘုရားတစ်ပါး အနေဖြင့် သူသည် သာမန်လူတစ်ယောက် သေဆုံးခြင်းက သူ့ကို သက်ရောက်မှု ရှိလိမ့်မည်ဟု မငြိမ်မသက်မှုများ ခံစားနေရလေသည်။
ယခုအချိန်တွင် အချိန်-နေရာလွတ် ဓားသူတော်စင်အပေါ် ဟောင်တု၏ ကြောက်ရွံ့လေးစားမှု အဆင့်က အစွန်းရောက်သော အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
"ညည်းတွားနေတာတွေကို တော်လိုက်တော့။ အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့ မြစ်စောင့်နတ် အိမ်တော်ထိန်းအနေနဲ့ ငြိမ်ငြိမ်လေးနေပြီးတော့ ဓားသူတော်စင် ရောက်လာမယ့်အချိန်ကို စောင့်နေဖို့ မင်းတို့ကို သတိပေးဖို့ လိုအပ်တယ်လို့ ငါ ခံစားရတယ်။ အဲဒီအချိန်ကျရင် မင်းတို့အတွက် သက်ညှာခွင့် အခွင့်အရေး ရကောင်း ရနိုင်လိမ့်မယ်။"
"ပြီးတော့ ထူးဆန်းတဲ့အကြံတွေ မတွေးနဲ့။ ဥပမာ ယန်မို... ငါ မင်းကို နားမလည်ဘူးလို့ မထင်နဲ့။ မင်းက ဝမ်းနည်းပူဆွေးမှုနဲ့ ဒေါသတွေကြောင့် အော်ဟစ်နေသလို ဟန်ဆောင်နေတာ။ ဒါပေမဲ့ တကယ်တော့ မင်းက ကောင်းကင်ကြည့်ဆောင်ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ ကြိုးစားနေတာ။"
"ငါပြောတာမှန်တယ် မဟုတ်ဘူးလား။"
"အဲဒီအကြံအစည်ကို စွန့်လွှတ်လိုက်ဖို့ ငါ အကြံပေးချင်တယ်။ ဒါက သီးခြားကမ္ဘာတစ်ခု ဖြစ်ပြီးတော့ ကောင်းကင်ကြည့်ဆောင်က ဒီနေရာကို မမြင်နိုင်ဘူး။"
ဟောင်တုက လက်ပိုက်လျက် အချိန်-နေရာလွတ်မြစ်၏ အထက်တွင် လွင့်မျောနေပြီး အိမ်တော်ထိန်း တစ်ဦးနှင့် လိုက်ဖက်သောဟန်အမူအရာကို ပြုလုပ်နေလေသည်။
…