← Chapters

အခန်း (၇၃၉-၇၄၀)

Vol. 63 Ch. 739-740

အခန်း (၇၃၉-၇၄၀)

Vol. 63 Ch. 739-740

အပိုင်း (၇၃၉)

ကဲ့ရဲ့ရှုတ်ချခံရသူများထဲတွင် အကြီးအကဲ ကျီးချန်လည်း ပါဝင်ပြီး နတ်သမီးလေး ကျီးချင့်၏ ပျော်ရွှင်မှုကို စတေးကာ သူ၏ မကောင်းဆိုးဝါး ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သည်ဟု အပြင်းအထန် ဆဲဆိုကြသည်။

အကြီးအကဲ ကျီးချန်သည် မိဖုရား တူရှားကို မျက်နှာလိုမျက်နှာရ လုပ်ရန်အတွက် မြေးအရင်းကိုပင် မီးတွင်းထဲသို့ တွန်းချရက်သည်ဟု ဆဲဆိုကြ၏။

ထို့အတူ မိဖုရား တူရှားကိုလည်း ရစရာ မရှိအောင် ပြောဆို ဆဲဆိုနေကြတော့သည်။

ဆန့်ကျင်ဘက် အနေဖြင့် ကျီးချင့်၏ နာမည်ဂုဏ်သတင်းမှာမူ ထိခိုက်မှု မရှိခဲ့ဘဲ လူအများ၏ သနားကြင်နာမှုကိုသာ ရရှိခဲ့၏။

လူတိုင်းက သူမကို အရမ်း သနားစရာ ကောင်းသည်ဟု ထင်မြင်ကြပြီး မိသားစု အကျိုးစီးပွားအတွက် ကိုယ်ပိုင် ပျော်ရွှင်မှုနှင့် နာမည်ဂုဏ်သတင်းကို စတေးလိုက်ရသည်ဟု တွေးကြသည်။

နှစ်ရက်တာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ကျီးချင့်နှင့် ယွင်ကျုံးဟဲ့တို့၏ မင်္ဂလာပွဲ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မြို့တော် တစ်ခုလုံးတွင် စောင့်ကြည့်အခံရဆုံး မင်္ဂလာပွဲကြီး ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

အရင်က ကျီးချန် မိသားစုသည် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲကြီး တစ်ခုကို ပြင်ဆင်ထားပြီး ဧည့်သည် ထောင်ချီ ဖိတ်ကြားရန် ရည်ရွယ်ထားသည်။

အင်ပါယာ၏ အထက်တန်းလွှာများ၊ အထက်လွှတ်တော် အမတ်များ၊ တော်ဝင်မိသားစုဝင်များနှင့် စစ်တပ် အရာရှိကြီးများ အားလုံးကို တစ်ယောက်မကျန် ဖိတ်ကြားရန် စီစဉ်ထားခဲ့သည်။ သို့ပေမည့် ထိုမင်္ဂလာပွဲသည် ရှင်းကျန့်နှင့် ကျီးချင့်တို့အတွက် ပြင်ဆင်ထားခြင်း ဖြစ်၏။

ယခုအခါ သတို့သားက ယွင်ကျုံးဟဲ့ ဖြစ်သွားပြီဖြစ်ရာ မူလက သာမန် မင်္ဂလာပွဲ တစ်ခုကိုသာ ကျင်းပရန်၊ မယားငယ် ယူသည့် အခမ်းအနားမျိုးဖြင့် ယွင်ကျုံးဟဲ့ကို အိမ်ပါသမက် အဖြစ် လက်ခံရန် ရည်ရွယ်ခဲ့သည်။

သို့ပေမည့် အခြေအနေက ဤသို့ ဖြစ်လာပြီဖြစ်ရာ ဤကဲ့သို့ သာမန် မင်္ဂလာပွဲမျိုး ကျင်းပပါက မိဖုရား တူရှားကိုသာမက ချင်ဝမ် ကျီးရှန့်ကိုပါ အကြီးအကျယ် စော်ကားလိုက်ရာ ကျပေလိမ့်မည်။

‘ကျီးချန်… ခင်ဗျားက ဘယ်သူ့ကို မကျေနပ်တာလဲ။’

ထို့ကြောင့် ဤမင်္ဂလာပွဲသည် ကြီးကျယ်ခမ်းနားမြဲ ခမ်းနားနေဆဲပင် ဖြစ်သည်။ ဧည့်သည်များ စည်ကားပြီး မီးအိမ်များ၊ အလှဆင် တန်ဆာများဖြင့် ပြည့်နှက်နေ၏။

ယွင်ကျုံးဟဲ့သည် ထိုရဲတိုက်မှ ထွက်လာနိုင်ခဲ့ပြီး မြို့တော်၏ ညရှုခင်းကို နောက်ဆုံးတော့ မြင်တွေ့ခွင့် ရခဲ့ပြီ ဖြစ်သည်။

တကယ်ကို ယုံနိုင်စရာ မရှိလောက်အောင်ပင်။ ဤကမ္ဘာတွင် ဤမျှ ခမ်းနားသော မြို့ပြ ညရှုခင်းမျိုး ရှိနေသည်လား။

မြို့တစ်မြို့လုံး မီးရောင်များ ထိန်လင်းနေပြီး မရေမတွက်နိုင်သော မီးရောင်များသည် ကြယ်များကဲ့သို့ တောက်ပနေသည်။

ဤကမ္ဘာတွင် လျှပ်စစ်မီး မရှိပေ။ ဇီဝဓာတ်ငွေ့ မီးအိမ်များ သို့မဟုတ် ရေနံဓာတ်ငွေ့ မီးအိမ်များသာ ရှိ၏။

တာယင် အင်ပါယာဖြစ်စေ၊ တောင်ပိုင်းကျိုးအင်ပါယာ ဖြစ်စေ၊ တာ့ရှအင်ပါယာ ဖြစ်စေ ဤမျှလောက် မီးရောင် ထိန်လင်းခြင်း မရှိသလို ဤမျှလောက် မီးရောင်များ တောက်ပခြင်းလည်း မရှိပေ။

ဤမြို့သည် လောကနံပါတ်တစ် မြို့တော်ကြီးပင် ဖြစ်သည်။

ဧရိယာ အကျယ်အဝန်းအရ တာ့ယန် အင်ပါယာသစ်၏ မြို့တော်သည် တာ့ရှ အင်ပါယာ၏ မြို့တော်လောက် မကြီးမားသလို လူဦးရေလည်း မများပြားနိုင်ပေ။

သို့ပေမည့် ဤမြို့တော်က ပို၍ ခမ်းနားကြီးကျယ်သည်။ အဘယ်ကြောင့်ဆိုသော် အိမ်တိုင်းကို ကျောက်တုံးများဖြင့် ထုဆစ် တည်ဆောက်ထားသောကြောင့် ဖြစ်ပြီး လမ်းတိုင်းကို ကျောက်ပြားများ ခင်းထားသည်။

တာ့ရှ အင်ပါယာ မြို့တော်ရှိ အဆောက်အအုံများသည် ယေဘုယျအားဖြင့် သုံးထပ်ထက် မကျော်လွန်သော်လည်း မြင့်မားသော အဆောက်အအုံများကိုမူ နေရာတိုင်းတွင် တွေ့မြင်နိုင်၏

မီတာ ဆယ်ဂဏန်းခန့် မြင့်သော အဆောက်အအုံများက ကြီးကျယ်ခမ်းနားလှ၏။ နေရာတိုင်းတွင် ရုပ်တုများ၊ အနုပညာ ရတနာများ ရှိနေသည်။

မီတာ ဆယ်ဂဏန်းခန့် မြင့်သော နာရီစင်ကြီးများ၊ ကြီးကျယ်ခမ်းနားသော စာကြည့်တိုက်ကြီးများနှင့် လှပသော ပန်းခြံများ ရှိနေသည်။ တကယ့်ကို မြို့တော်ကြီး၏ အရှိန်အဝါပင် ဖြစ်၏။

အတွေ့အကြုံများစွာ ရှိသော ယွင်ကျုံးဟဲ့သည်ပင် တာ့ယန် အင်ပါယာသစ်၏ မြို့တော်ကို ကြည့်ပြီး အံ့ဩ မှင်တက်သွားရသည်။

တကယ့်ကို အိပ်မက်မြို့တော်၊ အနုပညာ မြို့တော်၊ ခမ်းနားသော မြို့တော်ကြီးပင် ဖြစ်၏။

………..

ဧည့်သည် ထောင်ချီ၏ ရှေ့မှောက်တွင် ယွင်ကျုံးဟဲ့နှင့် ကျီးချင့်တို့၏ မင်္ဂလာပွဲကို တရားဝင် စတင်လိုက်သည်။

တာ့ယန် အင်ပါယာသစ်သည် အရှေ့တိုင်း၏ ရိုးရာ အစဉ်အလာများကို စွန့်ပစ်လိုက်ပြီ ဖြစ်သောကြောင့် ကောင်းကင်နှင့် မြေကြီးကို ကန်တော့ခြင်း ကဲ့သို့သော အခမ်းအနားများ မရှိတော့ပေ။

သို့ပေမည့် ကမ္ဘာမြေ၏ အနောက်တိုင်း မင်္ဂလာပွဲ အခမ်းအနားများနှင့်လည်း မတူညီပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် မည်သည့် ဘာသာတရားမှ မရှိသောကြောင့် ဖြစ်သည်။

ဤမင်္ဂလာပွဲကို ဦးဆောင် ကျင်းပပေးသူမှာ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်း၏ ခေါင်းဆောင် စစ်သေနာပတိချုပ် ကျီးကျန်း ဖြစ်ပြီး သူသည် ချင်ဝမ် ကျီးရှန့်၏ သားဖြစ်ကာ ကျီးယန်၏ ဖခင်လည်း ဖြစ်သည်။

မင်္ဂလာပွဲသည် အလွန် တည်ကြည်လေးနက်ပြီး အနည်းငယ်မှ စိတ်ကူးယဉ် မဆန်ပေ။

ယွင်ကျုံးဟဲ့သည် အရှေ့တိုင်းပုံစံ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထား၏။ ဤသည်မှာ လူတိုင်း ယွင်ကျုံးဟဲ့ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းလည်း ဖြစ်သည်။

တကယ်ကို ပြိုင်ဘက်ကင်းအောင် ချောမောလှသည်။ သန်းချီသော လူများထဲမှ တစ်ယောက်ဖြစ်ပြီး မိဖုရား တူရှားက သူ့ကို ပျော်တော်ဆက်ယောက်ျား အဖြစ် ရွေးချယ်ကာ တစ်နှစ်တိတိ အတူနေထိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

ထိုမျှမက သူ့အတွက် လမ်းခင်းပေးရန် ဤမျှ ထင်ရှားသော ဇနီးတစ်ယောက်ကိုပင် ရှာဖွေပေးခဲ့သေးသည်။

ယနေ့ ကျီးချင့်သည် နှင်းကဲ့သို့ ဖြူဖွေးသော စကတ်ရှည်ကို ဝတ်ဆင်ထားသောကြောင့် ပို၍ပင် လှပလို့နေ၏။

သေချာပေါက် သူမ အဖြူရောင် စကတ်ကို ဝတ်ဆင်ရခြင်းမှာ ယွင်ကျုံးဟဲ့ကို စော်ကားရန် မဟုတ်ဘဲ နာရေး ဝတ်စုံ ဆိုသည့် အဓိပ္ပာယ်လည်း မဟုတ်ပေ။

တာ့ယန် အင်ပါယာသစ်ရှိ သတို့သမီးများ၏ ဝတ်စုံသည် အနီရောင် ဖြစ်နိုင်သလို အဖြူရောင်လည်း ဖြစ်နိုင်ပြီး ခရမ်းရောင် သို့မဟုတ် အပြာရောင်လည်း ဖြစ်နိုင်သည်။ အစိမ်းရောင်နှင့် အနက်ရောင် မဟုတ်သရွေ့ စော်ကားခြင်းဟု မသတ်မှတ်ပေ။

ဤသည်မှာ ယွင်ကျုံးဟဲ့ ကျီးချင့်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ပြီး သူလည်း အံ့ဩမှင်တက်သွားရသည်။

တာ့ယန် အင်ပါယာသစ်ကို ထားလိုက်ပါဦး။ တာ့ရှအင်ပါယာ၊ တောင်ပိုင်းကျိုးအင်ပါယာတွင်ပင် ဤမျှ ဂန္ထဝင် ဆန်သော အရှေ့တိုင်း အလှပိုင်ရှင်ကို တွေ့ရခဲလှ၏။

တကယ်ကို ပန်းချီကားထဲမှ ထွက်လာသကဲ့သို့ပင် ဖြစ်နေ၏။ ပန်းချီကားကဲ့သို့ လှပသော မျက်ခုံးနှင့် မျက်လုံးများ ဆိုသည့် အဓိပ္ပာယ်ကို ယွင်ကျုံးဟဲ့ ယခုမှ သိရှိသွားသည်။

ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးကောင်းကို လူကြီးလူကောင်းများ လိုချင်ကြသည် ဆိုသည့် အဓိပ္ပာယ်ကိုလည်း သိရှိသွားသည်။ သူမသည် တကယ်ကို ကဗျာကျမ်းထဲမှ မိန်းမလှလေး တစ်ဦးကဲ့သို့ပင် ဖြစ်နေ၏။

ကျီးချင့်သည်လည်း ယွင်ကျုံးဟဲ့ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ပြီး ဤလူယုတ်မာ၏ မျက်နှာကို မြင်ချိန်မှာတော့ အံ့ဩမှင်တက်သွားရသည်။

ချောမောမည်မှန်း သိထားသော်လည်း ဤမျှလောက်အထိ ချောမောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့ပေမည့် ချောမောလေ ပို၍ အောက်တန်းကျလေပင် ဖြစ်၏။

သူမ၏ ဦးနှောက်ထဲတွင် ယွင်ကျုံးဟဲ့သည် မိဖုရား တူရှား၏ ပျော်တော်ဆက်ယောက်ျား အဖြစ် ပြုမူနေပုံများကိုပင် စိတ်ကူးယဉ်ကြည့်မိသည်။

ထိုနေရာရှိ ဧည့်သည်များ အားလုံးက ကျီးချင့်ကို ကြည့်သော အကြည့်များတွင် သနားကြင်နာမှုများ ပြည့်နှက်နေသည်။ ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များတွင်မူ ဒေါသနှင့် အထင်သေးမှုများ ပြည့်နှက်နေ၏။

စစ်သေနာပတိချုပ် ကျီးကျန်းသည် မင်္ဂလာ သစ္စာတရားများကို ဖတ်ကြားနေပြီး အခမ်းအနား အငွေ့အသက်များ ပြည့်နှက်နေသည်။

ယန်ရှင်းကျုံးကို ချီးကျူးဂုဏ်ပြုခြင်း၊ တာ့ယန် အင်ပါယာသစ်ကို ချီးကျူးဂုဏ်ပြုခြင်း၊ ပြည်သူများကို ချီးကျူးဂုဏ်ပြုခြင်းနှင့် နောက်ဆုံးတွင် အချစ်ကို ချီးကျူးဂုဏ်ပြုခြင်းတို့ ဖြစ်၏။

ထို့နောက် ကျီးကျန်းက ကျယ်လောင်စွာ ပြောသည်။ “ဒီမင်္ဂလာပွဲအတွက် ဒီမှာရှိတဲ့ လူတိုင်းက အတူတကွ သက်သေပြုကြပါတယ်။”

ဤအစီအစဉ်၏ မူလ ရည်ရွယ်ချက်မှာ ဧည့်သည်များ၏ ကောင်းချီးပေးမှုကို ခံယူရန်ဖြစ်ပြီး ပြဿနာ ရှာရန် လုံးဝ မဟုတ်ပေ။ သို့ပေမည့် ယနေ့ မြင်ကွင်းကတော့ ပြောရခက်စရာပင်။

“ကျုပ် ကန့်ကွက်ပါတယ်။” လူအုပ်ထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကျုပ် ကန့်ကွက်ပါတယ်။”

“ကျုပ် ကန့်ကွက်ပါတယ်။”

အစပိုင်းတွင် လူဆယ်ဂဏန်းခန့်သာ ရှိသော်လည်း နောက်ပိုင်းတွင် ရာနှင့်ချီ၊ ထောင်နှင့်ချီသော လူများက ကန့်ကွက်ကြောင်း ကျယ်လောင်စွာ အော်ဟစ်လာကြ၏။

ဤစကား ထွက်ပေါ်လာချိန်မှာတော့ စစ်သေနာပတိချုပ် ကျီးကျန်း၏ မျက်နှာ ချက်ချင်း အေးစက်သွားသည်။

‘ဧည့်သည် ထောင်ချီက ဒီမင်္ဂလာပွဲကို ကန့်ကွက်နေတယ်လား။ ဒီမြင်ကွင်းက အရမ်း ကြည့်ရဆိုးလွန်းနေပြီ။’

ထို့နောက် ဗိုလ်ချုပ်လေး ဝတ်စုံ ဝတ်ဆင်ထားသော ရဲရင့်ခန့်ညားသည့် အမျိုးသား တစ်ဦး ထွက်လာသည်။ ဤလူ ထွက်ပေါ်လာမှုက ချက်ချင်းပဲ မရေမတွက်နိုင်သော အားပေးသံများကို ဖြစ်ပေါ်စေခဲ့၏။

“ဗိုလ်ချုပ်လေး ရှင်းကျန့်.....”

“ဗိုလ်ချုပ်လေး ရှင်းကျန့်…”

အကြီးအကဲ ကျီးချန်၏ မျက်နှာ အေးစက်သွားပြီး ဗိုလ်ချုပ်လေး ရှင်းကျန့်ကို ဆွဲထုတ်သွားရန် ချက်ချင်း အမိန့်ပေးတော့မှာဖြစ်၏။ သို့ပေမည့် စစ်သေနာပတိချုပ် ကျီးကျန်းက တားဆီးလိုက်သည်။

ဗိုလ်ချုပ်လေး ရှင်းကျန့်သည် ကျီးချင့် ရှေ့သို့ လျှောက်သွားကာ ယွင်ကျုံးဟဲ့ကို လုံးဝ လျစ်လျူရှုထားပြီး ပူပြင်းသော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်၏။ “မင်းသမီး ကျီးချင့်... ခင်ဗျား ယွင်ကျုံးဟဲ့ကို လုံးဝ မချစ်ဘူးဆိုတာ ကျုပ် သိတယ်။ ခင်ဗျားက မိသားစု အကျိုးစီးပွားအတွက်၊ နိုင်ငံရေးအတွက် သူ့ကို လက်ထပ်ရတာလေ။ အချစ်မပါတဲ့ အိမ်ထောင်ရေးက ကိုယ်ကျင့်တရားနဲ့ မညီဘူး။ အခု အင်ပါယာ တစ်ခုလုံးက ကျုပ်တို့ကို ကြည့်နေကြတယ်။”

ဧည့်သည် ထောင်ချီ တိတ်ဆိတ်သွားပြီး လူတိုင်းက ဗိုလ်ချုပ်လေး ရှင်းကျန့်ကို ကြည့်နေကြသည်။

အထူးသဖြင့် အမျိုးသမီး ဧည့်သည် အများအပြားသည် ပါးစပ်ကို ပိတ်ထားပြီး အကြည့်များက စိတ်လှုပ်ရှား နေကြ၏။

သူတို့က ဗိုလ်ချုပ်လေး ရှင်းကျန့်ကို အလွန် သတ္တိရှိသည်ဟု ထင်မြင်ကြပြီး ကြီးကျယ်ခမ်းနားသော အချစ်ဇာတ်လမ်း တစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံရတော့မည်ဟု တွေးထင်နေကြသည်။

“မင်းသမီး ကျီးချင့်... ကျုပ် ဒီနေ့ ဒီလို လုပ်လိုက်လို့ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မသိဘူး။ ဒါပေမဲ့ ခင်ဗျား ချစ်တဲ့ ယောက်ျားက ကျုပ်ပဲလို့ ကျုပ် ယုံကြည်တယ်။

မင်းသမီး ကျီးချင့်... ဘယ်လို ပေးဆပ်မှုမျိုး လုပ်ရပါစေ၊ တစ်စစီ ကြေမွသွားရင်တောင် ကျုပ်တို့ရဲ့ ပျော်ရွှင်မှုနဲ့ ကျုပ်တို့ရဲ့ အချစ်ကို ကျုပ် ရှာဖွေရမယ်။

မင်းသမီး ကျီးချင့်... သတ္တိရှိရှိနဲ့ အချစ်ကို လက်ခံလိုက်ပါ။ ကျုပ်က အမြဲတမ်း ခင်ဗျားရှေ့မှာ ရပ်တည်ပြီး နောက်ထပ် ဖြစ်လာမယ့် မုန်တိုင်းတွေကို ကာကွယ်ပေးသွားမယ်။

မင်းသမီး ကျီးချင့်... ကျုပ်ကို လက်ထပ်ပါ။ အချစ်နဲ့ လက်ထပ်ပါ။”

ထိုစကားပြောပြီးနောက် ဗိုလ်ချုပ်လေး ရှင်းကျန့်သည် ဒူးတစ်ဖက် ထောက်ကာ လက်ကို ဆန့်ထုတ်၍ ကျီးချင့်၏ လက်ကို လက်ခံရန် စောင့်ဆိုင်းနေ၏။

အကယ်၍ ကျီးချင့်က သဘောတူပါက သူမ၏ လက်ကို သူ၏ လက်ထဲသို့ ထည့်လိုက်ရုံသာ ဖြစ်သည်။

ထိုနေရာရှိ လူအားလုံး ပထမဦးစွာ တိတ်ဆိတ်သွားပြီးနောက် မရေမတွက်နိုင်သော လူများက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ “လက်ခံလိုက်ပါ။ လက်ခံလိုက်ပါ။”

“မင်းသမီး ကျီးချင့်... ဗိုလ်ချုပ် ရှင်းကျန့်ကို လက်ခံလိုက်ပါ။”

လူတိုင်း၏ အမြင်တွင် ကျီးချင့်နှင့် ဗိုလ်ချုပ်လေး ရှင်းကျန့်တို့ကသာ စိတ်တူကိုယ်တူ ဖြစ်ကြပြီး ကောင်းကင်က ဖန်တီးပေးသော ဖူးစာ ဖြစ်သည်။

ယွင်ကျုံးဟဲ့က အရှက်မရှိသော ပျော်တော်ဆက်ယောက်ျား တစ်ယောက်၊ အကျင့်ပျက်သော အချောအလှလေး တစ်ယောက်သာ ဖြစ်၏။

ဗိုလ်ချုပ်လေး ရှင်းကျန့် ဤကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းသည် သေချာပေါက် ကြီးမားသော အန္တရာယ်ကို စွန့်စားရခြင်းဖြစ်သည်။

သူသည် ကောင်းကင်ဘုံမှ ငရဲပြည်သို့ ပြုတ်ကျသွားရခြင်းကို မကျေနပ်ပေ။ ထို့ကြောင့် သူ နောက်ဆုံး အကြိမ် ကြိုးစားကြည့်ရပေလိမ့်မည်။

မင်္ဂလာပွဲတွင် သတို့သမီးကို လုယူခြင်းသည် ကြားရုံနှင့်ပင် ထိတ်လန့်စရာ ကောင်းသော်လည်း ယခင်က မဖြစ်ခဲ့ဖူးသည် မဟုတ်ပေ။ လူထုက ထောက်ခံနေသရွေ့ ၎င်းသည် သတ္တိရှိပြီး တရားမျှတသော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။

သူ လှောင်ပြောင်စရာ မဖြစ်ချင်ပေ။ တောက်ပသော အနာဂတ်ကို ဆုံးရှုံးမခံချင်ပေ။ ထို့ကြောင့် သူသည် မင်္ဂလာပွဲတွင် သတို့သမီးကို လုယူသည့် ပြဇာတ်ကို ကပြခဲ့ခြင်း ဖြစ်၏။

“လက်ခံလိုက်ပါ။ လက်ခံလိုက်ပါ။”

ဗိုလ်ချုပ်လေး ရှင်းကျန့်က ကျယ်လောင်စွာ ပြောလိုက်သည်။ “မင်းသမီး ကျီးချင့်... အကယ်၍ ကျုပ်တို့ရဲ့ အချစ်ကို ခင်ဗျားရဲ့ အဘိုးက သဘောမတူဘူးဆိုရင် ခင်ဗျား ကျုပ်နဲ့အတူ ခိုးပြေးရဲလား။ “

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ထိုနေရာရှိ အမျိုးသမီး ဧည့်သည်များ အားလုံး ပို၍ပင် စိတ်လှုပ်ရှား သွားကြ၏။

‘အရမ်း သတ္တိရှိတာပဲ။ အရမ်း စိတ်ကူးယဉ်ဆန်တာပဲ။’

ကျီးချင့်က ရှေ့တစ်လှမ်း တိုးလာချိန်မှာတော့ ထိုနေရာ တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း၏ အကြည့်များက သူမ၏ ဂန္ထဝင်ဆန်သော လှပသည့် မျက်နှာလေးပေါ်သို့ ကျရောက်သွားသည်။

သူမ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။ ကြီးကျယ်ခမ်းနားသော အချစ်ဇာတ်လမ်း တစ်ခုကို မကြာမီ တွေ့မြင်ရတော့မှာ ဖြစ်နိုင်၏။

ကျီးချင့်သည် ရှင်းကျန့်ကို ကြည့်ကာ စကားတစ်လုံးချင်းစီ ပြောလိုက်သည်။ “ဗိုလ်ချုပ် ရှင်းကျန့်... ရှင့်ရဲ့ အချစ်အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခု ဧည့်သည် တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ပြီး ကျွန်မရဲ့ မင်္ဂလာပွဲကို ကောင်းချီးပေးပါ။ ရှင့်ရဲ့ အချစ်ကို ကျွန်မ လက်မခံပါဘူး။ ကျေးဇူးတင်ပါတယ်။”

အပိုင်း (၇၄၀)

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ပါးရိုက်လိုက်သကဲ့သို့ ဗိုလ်ချုပ်လေး ရှင်းကျန့်၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။

ဒူးထောက်နေသော ရှင်းကျန့်သည် ချက်ချင်း သွေးဆုတ်သွားသည်။ ထပ်မံ၍ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မလှုပ်ရှားနိုင်တော့ပေ။

အချိန်အတော်ကြာမှ သနားစရာကောင်းသော ရယ်သံကြီး ထွက်ပေါ်လာသည်။ “ဟား... ဟား... ဟား...”

“ဟား... ဟား... ဟား... ဟား...ဟား...”

ထို့နောက် သူသည် မတ်တတ်ရပ်ကာ ကျီးချင့်ကို ကြည့်ပြီး ပြောလိုက်၏။ “မင်းသမီး ကျီးချင့်... ကျုပ် ခင်ဗျားကို ကောင်းချီးပေးပါတယ်။ ကောင်းချီးပေးပါတယ်။”

“မင်းသမီး ကျီးချင့်... ခင်ဗျား အတင်းအကျပ် ဖိအားပေးခံရတယ်ဆိုတာ ကျုပ် သိတယ်။ ခင်ဗျား နာမည်ပျက်နေတဲ့ ပျော်တော်ဆက်ယောက်ျားကို လုံးဝ လက်မထပ်ချင်ဘူးဆိုတာ ကျုပ် သိတယ်။”

ဗိုလ်ချုပ်လေး ရှင်းကျန့်က တရားမျှတသော လေသံဖြင့် ပြောလိုက်သည်။ “ခင်ဗျား ကျုပ်ရဲ့အချစ်ကို လက်မခံတာ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ မှတ်ထားပါ။ ကျုပ်က အမြဲတမ်း ခင်ဗျားရဲ့ နောက်ကွယ်မှာ ရပ်တည်နေတယ်။ ခင်ဗျား လွတ်လပ်ခွင့်ကို ပြန်လိုချင်တဲ့ အချိန်၊ ဒီအဓိပ္ပာယ်မရှိတဲ့ အိမ်ထောင်ရေးကနေ ရုန်းထွက်ချင်တဲ့ အချိန်ကျရင် ခင်ဗျားအတွက် တစ်စစီ ကြေမွသွားဖို့ ကျုပ် အသင့်ပါပဲ။”

ထို့နောက် ဗိုလ်ချုပ်လေး ရှင်းကျန့်သည် ထွက်သွားတော့၏။

ထို့နောက် မင်္ဂလာပွဲကို ဆက်လက် ကျင်းပ၏။ သတို့သားနှင့် သတို့သမီးတို့၏ ကတိသစ္စာပြုခြင်း ဖြစ်သည်။

ယန်ရှင်းကျုံး ဧကရာဇ်အပေါ် သစ္စာရှိပါမည်၊ အင်ပါယာအပေါ် သစ္စာရှိပါမည်၊ ပြည်သူများအပေါ် သစ္စာရှိပါမည်၊ အချင်းချင်းအပေါ် သစ္စာရှိပါမည်။

ကတိသစ္စာပြုပြီးနောက်...

စစ်သေနာပတိချုပ် ကျီးကျန်းသည် ရွှေလက်ကောက် နှစ်ခုကို ထုတ်ယူလာပြီး ထိုအပေါ်တွင် ယွင်ကျုံးဟဲ့နှင့် ကျီးချင့်တို့၏ နာမည်များကို အသီးသီး ရေးထိုးထားသည်။

ယွင်ကျုံးဟဲ့က ကျီးချင့်အတွက် ယွင်ကျုံးဟဲ့၏ နာမည် ရေးထိုးထားသော ရွှေလက်ကောက်ကို ဝတ်ဆင် ပေးလိုက်၏။

ဤလက်ကောက်သည် အလွန်ကျပ်ပြီး လက်ကောက်ဝတ်တွင် ဝတ်ဆင်ကာ သော့ခတ်လိုက်သည်နှင့် ပြန်ဖြုတ်၍ မရတော့ပေ။

ကွာရှင်းမည့် အချိန်ရောက်မှသာ လက်ကောက်ကို ဖြတ်ပစ်ရမှာဖြစ်သည်။ ထိုသို့မဟုတ်ပါက အိမ်ထောင်သည် အဆင့်အတန်းကို ပြသရန် အချိန်တိုင်း လက်တွင် ဝတ်ဆင်ထားရပေလိမ့်မည်။

ကျီးချင့်ကလည်း ယွင်ကျုံးဟဲ့အတွက် ကျီးချင့်၏ နာမည် ရေးထိုးထားသော ရွှေလက်ကောက်ကို ဝတ်ဆင် ပေးလိုက်သည်။

နှစ်ဦးစလုံး လက်ကောက် ဝတ်ဆင်ပြီးနောက် စစ်သေနာပတိချုပ် ကျီးကျန်းက တော်ဝင် ဆွေစဉ်မျိုးဆက် စာရင်းကို ထုတ်ယူကာ လူတိုင်းကို ပြသလိုက်၏။

ကျီးချင့်၏ နာမည်ကို ရှာတွေ့ပြီးနောက် သူမ နာမည်၏ အောက်တွင် နာမည်တစ်ခု ထပ်ဖြည့်လိုက်သည်။

“ကျီးရှား”

ထိုအမည်မှာ တာ့ယန် အင်ပါယာသစ်၏ ဆွေစဉ်မျိုးဆက် စာရင်းတွင် ယွင်ကျုံးဟဲ့၏ နာမည်သစ် ဖြစ်သည်။ ကျီး မျိုးရိုးကို ချီးမြှင့်ခံရခြင်း မဟုတ်ဘဲ ကျီးမိသားစုသို့ အိမ်ပါသမက်အဖြစ် ဝင်ရောက်လာပြီး ဇနီး၏ မျိုးရိုးကို ခံယူရခြင်း ဖြစ်၏။

ယခုအချိန်မှစ၍ ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်၏ တော်ဝင်မိသားစုဝင် အဆင့်အတန်းကို တရားဝင် ရရှိသွားပြီ ဖြစ်သည်။

ထိုနေရာရှိ ဧည့်သည် အားလုံးက ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များမှာ ပို၍ အထင်သေးပြီး ဒေါသထွက်လာကြ၏။

‘အရှက်မရှိတဲ့ အချောအလှလေး၊ ဘာမှ အသုံးမကျတဲ့ ပျော်တော်ဆက်ယောက်ျားက ဒီလို အရှက်မရှိတဲ့ နည်းလမ်းနဲ့ ရာထူးတက်သွားတာ တကယ်ကို ယောက်ျားတွေရဲ့ အရှက်ရစရာပဲ။

ယွင်ကျုံးဟဲ့... ခင်ဗျား ချမ်းသာကြွယ်ဝမှု ရသွားရင်တောင် ကျီးချင့် ရှေ့မှာ ဘယ်တော့မှ ခေါင်းဖော်နိုင်မှာ မဟုတ်ဘူး။ အင်ပါယာက လူတိုင်းရဲ့ ရှေ့မှာလည်း အရှက်ကွဲစရာ တိုင်ပေါ်မှာ ထာဝရ ရိုက်နှက်ခံထားရမှာပဲ။’

စစ်သေနာပတိချုပ် ကျီးကျန်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။ “ကျီးချင့်နဲ့ ကျီးရှားတို့ဟာ တာ့ယန် အင်ပါယာရဲ့ တရားဝင် ဇနီးမောင်နှံ ဖြစ်သွားပြီလို့ ကျုပ် ကြေညာပါတယ်။”

ထိုသို့ဖြင့် မင်္ဂလာပွဲ တစ်ခုလုံး ပြီးဆုံးသွား၏။

ခမ်းနားထည်ဝါသော အခန်း တစ်ခန်း အတွင်းတွင်....

ဤအခန်းမှာ ယွင်ကျုံးဟဲ့နှင့် ကျီးချင့်တို့၏ မင်္ဂလာဦးညအခန်း ဖြစ်သော်လည်း မည်သည့် ပျော်ရွှင်စရာ အငွေ့အသက်မှ မရှိဘဲ အေးစက်စက်သာ ဖြစ်နေသည်။

ကျီးချင့်သည် အလုပ်စားပွဲရှေ့တွင် ထိုင်ကာ စာများကို အဆက်မပြတ် ရေးသားနေသည်။ သူမ အလုပ် လုပ်နေခြင်း ဖြစ်သည်။

အေးစက်သည်၊ မောက်မာသည်၊ လူတွေကို အနားမကပ်ရဲအောင် လုပ်ထားသည်။ သူမ၏ တစ်ကိုယ်လုံး နေရာတိုင်းက ယွင်ကျုံးဟဲ့ကို လျစ်လျူရှုထားကြောင်း ပြသနေသကဲ့သို့ပင်။

သူ့ကို လေဟာနယ် တစ်ခုလို လုံးဝ သဘောထားနေ၏။

ယွင်ကျုံးဟဲ့သည် သူမအတွက် ကော်ဖီ တစ်ခွက် ဖျော်လာပြီး သူမ ရှေ့တွင် ချပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်။” ကျီးချင့်က ပြောလိုက်၏။

သူမက ယွင်ကျုံးဟဲ့ကို အေးစက်စက် စကားများ မပြောသလို လှောင်ပြောင်ခြင်းလည်း မရှိပေ။ သို့ပေမည့် ဤကျေးဇူးတင်ပါတယ် ဆိုသည့် စကားတစ်ခွန်းက ပို၍ မောက်မာနေပုံ ရသည်။

အချို့သော သူဌေးကြီးများက အိန္ဒိယသို့ သွားရောက်ပြီး အဆင့်အတန်း နိမ့်ကျသော ဝန်ဆောင်မှု ပေးသူများကို ရင်ဆိုင်ရချိန်တွင် ကျေးဇူးတင်ပါတယ်ဟု ပြောသကဲ့သို့ပင်။

သို့ပေမည့် ဤကျေးဇူးတင်ပါတယ် သည် အထက်စီးဆန်ပြီး လူများကို အနားမကပ်ရဲအောင် လုပ်ထားခြင်း ဖြစ်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့ ဖျော်လာသော ကော်ဖီကို ကျီးချင့် လုံးဝ ထိမည် မဟုတ်သလို တစ်ငုံပင် သောက်မည် မဟုတ်ပေ။

ခဏအကြာတွင် ယွင်ကျုံးဟဲ့သည် အနားတွင် ရှိနေသေးကြောင်း သူမ သတိထားမိလိုက်သည်။

“အင်း... ဒီနေ့က ကျွန်မတို့ရဲ့ မင်္ဂလာဦးညပဲ။ ဇနီး တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ပေးဖို့ လိုအပ်နေတာမလား။”

ကျီးချင့်က မေးလိုက်၏။ “ကောင်းပြီ။ ခဏလေး စောင့်ပေးပါ။ ဒီည အလုပ်တွေ အရင် ပြီးအောင် လုပ်ပါရစေ။ ရမလား။”

ယဉ်ကျေးမှုများ ပြည့်နှက်နေဆဲပင်။ ထို့နောက် သူမ ဆက်လက် အလုပ် လုပ်နေပြီး ယွင်ကျုံးဟဲ့ကို လေဟာနယ် တစ်ခုလို ထပ်မံ သဘောထားလိုက်ပြန်သည်။

တစ်နာရီခန့် အကြာတွင်...

ကျီးချင့် အလုပ်လုပ်ပြီးသွားကာ ထလာပြီး ကုတင်ပေါ်သို့ သွားကာ မှောက်အိပ်လိုက်၏။

“ယွင်ကျုံးဟဲ့... လာပါ။ လင်မယား တာဝန်ကို ပြီးအောင် လုပ်ကြတာပေါ့။”

ကျီးချင့်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မရဲ့ စကတ်ကို မချွတ်ပါနဲ့။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို လက်နဲ့ မထိပါနဲ့။ ပြီးတော့ ကျွန်မကို မနမ်းပါနဲ့။ အဲဒီလိုလုပ်ရင် ကျွန်မ ခံနိုင်ရည် မရှိဘဲ အန်ထွက်တာလိုမျိုး အနေရခက်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်လို့ပါ။”

ထို့နောက် ကျီးချင့်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး အံကြိတ်ကာ သနားစရာကောင်းသော ညှဉ်းပန်းနှိပ်စက်မှု တစ်ခုကို ခံစားရတော့မည့်အလား ဖြစ်နေ၏။

ကျီးချင့်က ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... အမြန် လုပ်ပေးနိုင်မလား။ ခုနစ်မိနစ်လောက် အတွင်းမှာ အပြီးလုပ်ဖို့ ကြိုးစားပြီးရင် ကျွန်မ အခန်းထဲကနေ ထွက်သွားပေးပါ။ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ယွင်ကျုံးဟဲ့သည် ကုတင်ပေါ်ရှိ ကျီးချင့်ကို ကြည့်ကာ အလွန် နူးညံ့ပြီး နက်ရှိုင်းသော အကြည့်များဖြင့် ကြည့်နေ၏။

ထို့နောက် သူက ပြောလိုက်သည်။ “ချင့်အာ... ငါက အရှေ့ဘက်လောက က လာတာလေ။ ဒါပေမဲ့ မင်း သိလား။ ငါတို့ အရှေ့ဘက်လောကမှာ မင်းလို ရိုးရာ ဂန္ထဝင်ဆန်တဲ့ အလှပိုင်ရှင်မျိုး တစ်ယောက်မှ မတွေ့ဖူးဘူး။”

ကျီးချင့်၏ မျက်ခုံးများ တွန့်ကွေးသွား၏။ ‘ဒါက ဘာစကားလဲ။ ဘာလေသံကြီးလဲ။’

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ငါ ပြိုင်ဘက်ကင်း အလှပိုင်ရှင်တွေ အများကြီးကို သိပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ မင်းလို တောင်တန်းနဲ့ ရေပြင် ပန်းချီကားတစ်ချပ်လို အရှေ့တိုင်းရဲ့ အလှတရားမျိုး မရှိဘူး။”

ကျီးချင့် ရွံရှာသွား၏။ ‘ဒါက ကျွန်မကို ဖားယားနေတာလား။ ယွင်ကျုံးဟဲ့... ရှင်က မိန်းမတွေကို ဒီလိုပဲ ဖားယားတတ်တာလား။ အရမ်း အောက်တန်းကျလွန်းတယ်။’

ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ငါ့မှာ အရင်က စေ့စပ်ထားတဲ့ မိန်းကလေး တစ်ယောက် ရှိတယ်။ သူ့ နာမည်က တွမ်ယင်းယင်း တဲ့။ သူကလည်း ဂန္ထဝင်ဆန်တဲ့ အလှပိုင်ရှင်လေးပဲ။ သွယ်လျပြီး လှပတယ်။ ပိန်ပေမယ့် အရိုးမပေါ်ဘူးပေါ့။

သေချာပေါက် သူက ခင်ဗျားလောက်တော့ မလှဘူးလေ။ ခင်ဗျားလောက်လည်း ပညာမတတ်ဘူး။ ဒါပေမဲ့ သူကလည်း တစ်သောင်းမှာ တစ်ယောက် ရှာရခက်တဲ့ အလှပိုင်ရှင်လေးပါ။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူက ငါ့ကို မချစ်ဘဲ ငါ့ရဲ့ ညီဝမ်းကွဲ တစ်ယောက်ကို သွားချစ်နေတာ။”

ကျီးချင့် နားစွင့်လိုက်သည်။ ကိစ္စများက စိတ်ဝင်စားစရာ ကောင်းလာပြီ ဖြစ်သည်။ တြိဂံ အချစ်ဇာတ်လမ်း၊ ကောလာဟလ ဇာတ်လမ်းတွေကို လူတိုင်း သဘောကျကြသည် မဟုတ်ပါလား။

ယွင်ကျုံးဟဲ့က မျက်ရည်ဝဲကာ ပြောလိုက်သည်။ “ငါ တကယ် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ငါက ငါ့ရဲ့ ညီဝမ်းကွဲထက် ပိုတော်တယ်။ ငါက သူ့ရဲ့ အလှအပနဲ့ အရည်အချင်းနဲ့ ထိုက်တန်တယ် ဆိုတာကိုလေ ပြသချင်လို့ပါ။ ငါ့ရဲ့ မဆုတ်မနစ် ကြိုးစားမှုတွေ၊ သွေးထွက်သံယို ကြိုးပမ်းမှုတွေ၊ အဆုံးအစမရှိတဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် နောက်ဆုံးတော့...”

ကျီးချင့် နားပိုစွင့်လိုက်၏။ ‘ဒီတွမ်ယင်းယင်း ဆိုတဲ့ မိန်းကလေးက ယွင်ကျုံးဟဲ့လို အချောအလှလေးကို တကယ်ပဲ ပြန်ချစ်သွားတာလား။ တကယ်ပဲ စိတ်ပြောင်းသွားတာလား။ အဲဒီလိုဆိုရင်တော့ အရမ်း တိမ်တိမ်လေး တွေးတာပဲ။’

ယွင်ကျုံးဟဲ့က ဖြည်းညင်းစွာ ဆက်ပြောသည်။ “နောက်ဆုံးတော့ ငါ သူ့ကို လက်ထပ်နိုင်ခဲ့တယ်။ ဆယ်နာရီတောင် မပြည့်ခင်မှာ ငါ သူ့ကို ကွာရှင်းပစ်လိုက်တယ်။ ပြီးတော့ ငါ့ရဲ့ မဆုတ်မနစ် ကြိုးစားမှုတွေ၊ သွေးထွက်သံယို ကြိုးပမ်းမှုတွေ၊ အဆုံးအစမရှိတဲ့ ကြိုးစားအားထုတ်မှုတွေ ထပ်လုပ်ပြီးတော့ သူ့ကို သေအောင် လုပ်ပစ်လိုက်တယ်။

ငါ့ညီဝမ်းကွဲကို သူ့ကို ကိုယ်တိုင် သတ်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့တယ်။ ပြီးတော့ ငါ့ရဲ့ မဆုတ်မနစ် ကြိုးစားမှုတွေ ထပ်လုပ်ပြီး ငါ့ရဲ့ညီဝမ်းကွဲကိုလည်း သတ်ပစ်လိုက်တယ်။ သူ့မိသားစု တစ်ခုလုံးကိုလည်း သတ်ပစ်လိုက်တယ်။ တွမ်ယင်းယင်းရဲ့ မိသားစု တစ်ခုလုံးရော၊ ငါ့ညီဝမ်းကွဲရဲ့ မိသားစု တစ်ခုလုံးရော အားလုံး အမြစ်ပြတ် သတ်ပစ်လိုက်တယ်။ တစ်ယောက်မှ ချန်မထားခဲ့ဘူး။”

‘ချီးတဲ့မှ... ဒီအလှည့်အပြောင်းက အရမ်း ကြမ်းလွန်းတယ်။’

ကျီးချင့်တောင် မပြင်ဆင်လိုက်နိုင်ဘူး ဖြစ်သွားသည်။

“သက်ပြင်းချစရာပဲ။ အငြိုးအတေးတွေက ဘယ်တော့မှ ပြီးဆုံးမှာလဲ။”

ယွင်ကျုံးဟဲ့က သက်ပြင်းချကာ ပြောလိုက်၏။ “ချင့်အာ... မင်းကော အဲဒီလို မထင်ဘူးလား။”

ကျီးချင့်က အေးစက်စွာ ပြောသည်။ “ယွင်ကျုံးဟဲ့... ရှင် ကျွန်မကို ခြိမ်းခြောက်နေတာလား။”

“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး...”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မင်းကို ဝမ်းနည်းအောင် ငါ ဘယ်လို လုပ်ရက်ပါ့မလဲ။ ကျားတွင်းထဲကို ကိုယ်တိုင် ဝင်သွားတဲ့ မင်းရဲ့ လုပ်ရပ်ကို ငါ အရမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် ဒီလောက က မိန်းမတွေက ငါနဲ့ အိပ်ရဖို့အတွက် ငိုယိုပြီး တောင်းပန်ကြတာလေ။

အဲဒါကြောင့် ကျီးချင့်... ငါ မင်းကို မထိပါဘူး။ တစ်နေ့နေ့ မင်းက ငါ့ကို အတူတူ အိပ်ဖို့ တောင်းပန်လာမှ၊ မြေကြီးပေါ် ဒူးထောက်ပြီး တောင်းပန်လာမှပဲ မင်းကို ထိမယ်။ အဲဒီလို မဟုတ်ရင် မင်းကို လက်တစ်ချောင်းလေးတောင် အထိခံမှာ မဟုတ်ဘူး။ တစ်နှစ်အတွင်း မင်းက ငါ့ကို အတူတူ အိပ်ဖို့ မတောင်းပန်ဘူးဆိုရင်... ငါတို့ ကွာရှင်းကြတာပေါ့။ နှုတ်ဆက်ပါတယ်။ ငါ ဘေးအခန်း သွားအိပ်တော့မယ်။”

ထို့နောက် ယွင်ကျုံးဟဲ့သည် ထိုအတိုင်း ထွက်သွားတော့သည်။

ကျီးချင့်သည် သူ့ကို အရူးတစ်ယောက်လို ကြည့်နေပြီး ယွင်ကျုံးဟဲ့ ဆိုသော သူသည် ပို၍ အဆင့်နိမ့်သည်၊ ပို၍ မိုက်မဲသည်၊ ပို၍ ရယ်စရာကောင်းသည်၊ ပို၍ သနားစရာကောင်းသည်ဟု ထင်သွား၏။

ထို့နောက် ယွင်ကျုံးဟဲ့သည် အင်ပါယာ တော်ဝင်မိသားစု၏ ဂုဏ်ကျက်သရေရှိသော အိမ်ပါသမက် တစ်ယောက် ဖြစ်လာပြီး တော်ဝင်မိသားစု အဆင့်အတန်းကို ရရှိသွားသည်။

တော်ဝင်မိသားစု အဆင့်အတန်း၏ အခွင့်အရေးများက မည်သည့် အရာများနည်း။ တစ်လလျှင် ငွေဒင်္ဂါး ငါးထောင် ရရှိပြီး ယွမ် နှစ်သန်းခန့်နှင့် ညီမျှကာ လုံးဝ သုံး၍ မကုန်နိုင်ပေ။ ထို့အပြင် အိမ်တွင် စားသောက်နေထိုင်စရိတ် အားလုံး တစ်ပြားမှ ကုန်ကျစရာ မလိုပေ။

အင်ပါယာသည် လူတန်းစား ခွဲခြားမှု ရှင်းလင်းသော်လည်း အပြင်ပန်းတွင် သိသာခြင်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် တော်ဝင်မိသားစုဝင်များသည်လည်း ပြည်သူများနှင့် ရင်းနှီးကြောင်း ပြသရန်အတွက် အများသုံး မြင်းလှည်းများကို စီးနင်းတတ်ကြသောကြောင့် ဖြစ်သည်။

သို့ပေမည့် အလွန် တင်းကျပ်သော မမြင်ရသည့် စည်းမျဉ်းများ ရှိသည်။ အချို့သော အဝတ်အစားများကို တော်ဝင်မိသားစုဝင်များသာ ဝတ်ဆင်ခွင့် ရှိ၏။

ဥပမာအားဖြင့် အဝတ်အထည်ပေါ်တွင် နဂါးပုံများ ပါဝင်ခြင်း၊ ကြယ်သီးများကို ရွှေဖြင့် ပြုလုပ်ထားခြင်း စသည့် အသေးစိတ် အချက်အလက်များ ဖြစ်သည်။

သေချာပေါက် တော်ဝင်မိသားစု မဟုတ်သူများ မဝတ်ဆင်ရဟု အင်ပါယာ ဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း လက်တွေ့တွင် တော်ဝင်မိသားစု မဟုတ်သူများသည် ဤစည်းမျဉ်းကို လုံးဝ မချိုးဖောက်ရဲကြပေ။

အဘယ်ကြောင့်ဆိုသော် ချိုးဖောက်မိသည်နှင့် ဤအင်ပါယာတွင် ခြေတစ်လှမ်းမှ လှမ်း၍ ရမည် မဟုတ်သောကြောင့်ပင်။

All Chapters