အခန်း (၇၄၁-၇၄၂)
Vol. 63 Ch. 741-742
အပိုင်း (၇၄၁)
ဤသို့ဖြင့် ယွင်ကျုံးဟဲ့သည် ကျီးချန် မိသားစု၏ ခမ်းနားသော စံအိမ်ကြီး အတွင်းတွင် နေထိုင်ကာ ချမ်းသာကြွယ်ဝသော ဘဝကို ဖြတ်သန်းနေသည်။
အကောင်းဆုံး အစားအစာများကို စားသည်၊ အကောင်းဆုံး အဝတ်အစားများကို ဝတ်သည်၊ အကောင်းဆုံး ပစ္စည်းများကို အသုံးပြု၏။
သို့ပေမည့် လူတိုင်းက သူ့ကို လေဟာနယ် တစ်ခုလို သဘောထားကြပြီး မိသားစု အတွင်းရှိ အစေခံများ အပါအဝင် သူ့ကို ရင်ဆိုင်ရချိန်တွင် အမြဲတမ်း အထက်စီးဆန်ပြီး အလှမ်းဝေးသော ယဉ်ကျေးမှုများသာ ပြသကြသည်။
အေးစက်သည်၊ မောက်မာသည်၊ မျက်နှာပေါ်တွင် အထင်သေးမှုများ မပြသသော်လည်း အကြည့်များတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။
အဘယ်ကြောင့်ဆိုသော် လူတိုင်းက ယွင်ကျုံးဟဲ့ ဆိုသော ဤပျော်တော်ဆက်ယောက်ျား အချောအလှလေးသည် ဒုတိယ ကျောင်းအုပ် ကျီးချင့်နှင့် လုံးဝ မထိုက်တန်ဟု ထင်မြင်ကြသောကြောင့် ဖြစ်သည်။
အိမ်ထောင်ကျပြီးနောက် ကျီးချင့်သည် အိမ်သို့ လုံးဝ မပြန်တော့ဘဲ စာသင်ကျောင်းရှိ စံအိမ်တွင်သာ အမြဲတမ်း နေထိုင်သည်။ သူ့နှင့် အခန်း တစ်ခန်းတည်း အတူတူ လေရှူရခြင်းကပင် ရှက်စရာ ကောင်းပြီး သူမကို ညစ်ညမ်းစေသည်ဟု ထင်မြင်နေသကဲ့သို့ပင်။
ယွင်ကျုံးဟဲ့သည် အမြဲတမ်း တစ်ယောက်တည်း အစားစားရပြီး မည်သူကမှ သူ့ကို စကားမပြောကြပေ။ မိသားစု အတွင်းရှိ လူများရော၊ အစေခံများပါ မည်သူကမှ သူ့ကို အရင် စကားမပြောကြပေ။ တကယ်ကို ဆန်ကုန်မြေလေး တစ်ကောင်ကို မွေးထားသကဲ့သို့ပင် ဖြစ်သည်။
တော်ဝင်မိသားစု အဆင့်အတန်း တစ်ခု တိုးလာသည်မှလွဲ၍ ယွင်ကျုံးဟဲ့သည် မည်သည့် ပြောင်းလဲမှုမှ မရှိသကဲ့သို့ ဖြစ်နေပြီး သူ၏ အခက်အခဲများကလည်း လုံးဝ မပြောင်းလဲသေးပေ။ အာဏာကို လုံးဝ မကိုင်စွဲနိုင်သေးပေ။
သေချာပေါက် မည်သူကမှ သူ့ကို မတရား မဆက်ဆံဘဲ ရသင့်ရထိုက်သော အခွင့်အရေးများ အားလုံးကို ရရှိသည်။
ထို့အပြင် သူက အိမ်တော်ထိန်းထံမှ ပစ္စည်းများ တောင်းခံခြင်း၊ လက်မှုပညာရှင်များ တောင်းခံခြင်းများ ပြုလုပ်ရာတွင်လည်း တစ်ဖက်လူက ငြင်းပယ်ခြင်း မရှိပေ။
ထို့ကြောင့် ယွင်ကျုံးဟဲ့သည် ကြီးမားသော စန္ဒရားကြီး တစ်လုံးကို ပြုလုပ်ခဲ့သည်။ သို့ပေမည့် သူ တစ်ခါမှ မတီးခတ်ခဲ့ချေ။
သူသည် မိသားစု အတွင်းတွင် တကယ်ကို လေဟာနယ် တစ်ခု ဖြစ်လာခဲ့ပြီး လူတိုင်းက သူ့ကို မမြင်သကဲ့သို့ နေကြကာ မည်သူကမှ သူ့ကို စကားတစ်ခွန်းမှ မပြောကြပေ။ထို့ကြောင့် ယွင်ကျုံးဟဲ့သည် မိသားစု၏ ရဲတိုက်မှ ထွက်ခွာလာခဲ့သည်။
မည်သူကမှ သူ့ကို မတားဆီးပေ။ သူ ကြိုက်သည့် နေရာသို့ သွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မြို့တော်ရှိ အများသုံး မြင်းလှည်းများသည် နေရာတိုင်းသို့ ရောက်ရှိနိုင်ပြီး အားလုံး အခမဲ့ ဖြစ်သောကြောင့်ပင်။
ထို့အပြင် ဤနေရာ၏ လုံခြုံရေးက အလွန် ကောင်းမွန်လွန်းသောကြောင့် ဓားပြတိုက်ခံရမည်ကို လုံးဝ စိုးရိမ်ရန် မလိုပေ။
အိမ်ထောင် မပြုမီက နတ်သမီးလေး ကျီးချင့်ကို ယွင်ကျုံးဟဲ့နှင့် မပေးစားရန်အတွက် သူ့ကို သွားရောက် လုပ်ကြံမည်ဟု သတင်း လွှင့်ထားသူများ ရှိခဲ့သည်။
သို့ပေမည့် ယခုအခါ မင်္ဂလာပွဲ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် လုပ်ကြံခြင်း ဆိုသည်မှာလည်း အလကား ဖြစ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက သူ့ကို လူရွှင်တော် တစ်ယောက်လို သဘောထားနေကြပြီး လူရွှင်တော် တစ်ယောက်ကို မည်သူက သွားရောက် လုပ်ကြံမည်နည်း။
ထို့အပြင် ကျောင်းအုပ် ကျီးချင့်သည်လည်း အိမ်သို့ တစ်ခါမှ မပြန်သောကြောင့် ဤအိမ်ထောင်ရေး ဆက်ဆံရေးမှာ နာမည်ခံ သက်သက်သာ ဖြစ်သည်။
ထို့ကြောင့် လူတိုင်း၏ စိတ်ထဲတွင် ဒုတိယ ကျောင်းအုပ် ကျီးချင့်သည် ညစ်ညမ်းခံရခြင်း မရှိသေးဘဲ မာနကြီးသော နတ်သမီးလေး ဖြစ်နေဆဲပင် ဖြစ်၏။
ဗိုလ်ချုပ်လေး ရှင်းကျန့်၏ နာမည်ဂုဏ်သတင်းမှာလည်း ကြီးမားစွာ တိုးတက်လာခဲ့သည်။ ထိုည မင်္ဂလာပွဲတွင် သတို့သမီးကို လုယူခြင်း မအောင်မြင်ခဲ့သော်လည်း သူ၏ သတ္တိကို လူအများက ကြီးမားစွာ ချီးကျူးခဲ့ကြပြီး အချစ်အတွက် တစ်စစီ ကြေမွသွားရန် အသင့်ရှိသော သူ၏ ဆုံးဖြတ်ချက်ကို လေးစားခဲ့ကြသည်။
ယခုအခါ သူက လူသိရှင်ကြား သဘောထား ဖော်ပြထားပြီ ဖြစ်ပြီး သူ စောင့်ဆိုင်းရန် ဆန္ဒရှိကြောင်း၊ ကမ္ဘာပျက်သည်အထိ စောင့်ဆိုင်းသွားမည် ဖြစ်ကြောင်း ပြောထား၏။
တစ်နေ့နေ့တွင် ဒုတိယ ကျောင်းအုပ် ကျီးချင့်သည် ယွင်ကျုံးဟဲ့နှင့် ထပ်မံ ကွာရှင်းလိမ့်မည်ဟု သူ ယုံကြည်ပြီး အသက် လေးဆယ်၊ ငါးဆယ်အထိ စောင့်ရမည် ဆိုလျှင်ပင် ဆက်လက် စောင့်ဆိုင်းသွားမည် ဖြစ်ကာ ဤတစ်ဘဝလုံး ကျီးချင့်မှလွဲ၍ အခြား မည်သူ့ကိုမျှ လက်ထပ်မည် မဟုတ်ကြောင်း ပြောထားသည်။
ထို့ကြောင့် ယခုအခါ မရေမတွက်နိုင်သော လူများက ယွင်ကျုံးဟဲ့နှင့် ကျီးချင့်တို့ ကွာရှင်းမည့် အချိန်ကို စောင့်ဆိုင်းနေကြပြီး ထိုအချိန်ရောက်မှသာ ချစ်သူနှစ်ဦး ပေါင်းဖက်နိုင်မှာဖြစ်၏။
ယွင်ကျုံးဟဲ့သည် မြို့တော်ထဲတွင် လျှောက်သွားနေ၏။ မကြာခဏဆိုသလို ရက်အတော်ကြာ အိမ်မပြန်ဘဲ နေတတ်သည်။ ထိုနေရာကို အိမ်ဟု ခေါ်နိုင်မည် ဆိုလျှင်ပေါ့။
သေချာပေါက် သူ အိမ်မပြန်လည်း မည်သူကမှ ဂရုမစိုက်သလို မည်သူကမှ လာမရှာကြပေ။ သူ မရှိသကဲ့သို့ပင် သဘောထားကြပြီး ခွေးတစ်ကောင် ပျောက်သွားလျှင်တောင် လိုက်ရှာမည့်သူ ရှိမည် ဖြစ်သော်လည်း သူ ပျောက်သွားလျှင်တော့ မည်သူကမှ ဂရုစိုက်မည် မဟုတ်ပေ။
တဖြည်းဖြည်းနှင့် မြို့တော်ရှိ မရေမတွက်နိုင်သော လူများသည် ယွင်ကျုံးဟဲ့ကို သိရှိလာကြပြီး သူ၏ ပြိုင်ဘက်ကင်းအောင် ချောမောသော မျက်နှာကို သိရှိလာကြသည်။
တာ့ယန် အင်ပါယာ မြို့တော်ရှိ ပြည်သူများ၏ ယဉ်ကျေးမှု အဆင့်အတန်းက အလွန် မြင့်မားကြောင်း ပြောရမှာဖြစ်၏။
သူသည် လူတိုင်း၏ လက်ညှိုးထိုး ကဲ့ရဲ့ရှုတ်ချမှုကို ခံနေရသော်လည်း မည်သည့် နေရာသို့ သွားသည်ဖြစ်စေ သူ့ကို လာရောက် တိုက်ခိုက်သူ မရှိသလို ဆဲဆိုသူလည်း မရှိဘဲ ကြက်ဥပုပ်ဖြင့် ပစ်ပေါက်သူလည်း လုံးဝ မရှိပေ။
အရက်ဆိုင် သို့မဟုတ် စားသောက်ဆိုင်သို့ သွားလျှင်ပင် သူ့ကို ဧည့်ခံရန် ဆန္ဒရှိကြသည်။
သို့ပေမည့် သူ့ကို ကြိုဆိုနေသည်မှာ အဆုံးအစမရှိသော အေးစက်သည့် အကြမ်းဖက်မှုများသာ ဖြစ်သည်။ အများသုံး မြင်းလှည်းပေါ်တွင် လူတိုင်းက ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ လက်ညှိုးထိုး ပြောဆိုခြင်း၊ တီးတိုး ဆဲဆိုခြင်းများ မပြုလုပ်ကြဘဲ အေးစက်စက်သာ နေကြ၏။
မည်သူကမှ သူ့ကို ဂရုမစိုက်သလို မည်သူကမှ သူ့ကို စကားတစ်ခွန်း မပြောကြပေ။ တစ်ခါတရံ သူ့ကို ကြည့်သော အကြည့်များတွင် အေးစက်မှုနှင့် အထင်သေးမှုများသာ ပြည့်နှက်နေသည်။
အများသုံး မြင်းလှည်းပေါ်တွင်သာမက အရက်ဆိုင်၊ စားသောက်ဆိုင်များတွင်လည်း လူတိုင်း၏ သဘောထားက တူညီကြသည်။ အထင်သေးခြင်း၊ ကဲ့ရဲ့ခြင်းနှင့် လျစ်လျူရှုခြင်းများသာ ဖြစ်၏။
ယွင်ကျုံးဟဲ့သည် မြို့တော် တစ်ခုလုံး၏ အထီးကျန်အောင် လုပ်ခြင်းကို ခံနေရပြီး အင်ပါယာ တစ်ခုလုံး၏ အထီးကျန်အောင် လုပ်ခြင်းကို ခံနေရ၏။ သူ၏ နာမည်ဂုဏ်သတင်းမှာ ခြေဖဝါးအောက်တွင် နင်းချေခံရပြီး မြေမှုန့်များကဲ့သို့ ဖြစ်နေသည်။
အခြားတစ်ဖက်တွင်မူ ကျီးချင့်၏ နာမည်ဂုဏ်သတင်းမှာ ပို၍ ပို၍ မြင့်မားလာပြီး ဗိုလ်ချုပ်လေး ရှင်းကျန့်၏ နာမည်ဂုဏ်သတင်းမှာလည်း ပို၍ ပို၍ မြင့်မားလာ၏။
အဘယ်ကြောင့်ဆိုသော် မရေမတွက်နိုင်သော လူများက သူတို့ကို သနားကြင်နာကြပြီး ချစ်သူနှစ်ဦး မပေါင်းဖက်ရသည့်အပေါ် စိတ်မကောင်း ဖြစ်နေကြသောကြောင့် ဖြစ်သည်။
ထို့အပြင် ဤကာလအတွင်း ကျီးချင့်၏ ပညာရေး အောင်မြင်မှုများကလည်း အဆက်မပြတ် ထွက်ပေါ်လာပြီး ဝမ်းနည်းမှုကို ခွန်အားအဖြစ် ပြောင်းလဲကာ အလုပ်များကို ပို၍ ပို၍ ကောင်းမွန်အောင် လုပ်ဆောင်နေ သကဲ့သို့ပင်။
ဗိုလ်ချုပ်လေး ရှင်းကျန့်ကိုလည်း ဒုတိယ တပ်တော်သို့ ပြောင်းရွှေ့လိုက်ပြီး မြို့တော်တွင်သာ ရှိနေသည်။ သူ၏ လုပ်ဆောင်ချက်များကိုလည်း အများက ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးကြပြီး သူ၏ သိုင်းပညာနှင့် စစ်တပ် လေ့ကျင့်ရေး အရည်အချင်းများကလည်း တောက်ပနေ၏။
ဤလူနှစ်ဦး ပို၍ ထူးချွန်လေ၊ ယွင်ကျုံးဟဲ့ကို ပို၍ အောက်တန်းကျပြီး အရှက်မရှိသူအဖြစ် ထင်ပေါ်စေလေ ဖြစ်ပြီး ချစ်သူနှစ်ဦးကို ခွဲခွာစေသော လူရွှင်တော် တစ်ဦးကဲ့သို့ ဖြစ်နေသည်။
ယွင်ကျုံးဟဲ့သည် အလျင်စလို မလုပ်ဘဲ မြင်းလှည်းစီးကာ မြို့တော် တစ်ခုလုံးကို လှည့်လည် သွားလာနေသည်။ သူ၏ တော်ဝင်မိသားစု အဆင့်အတန်းကြောင့် နေရာ အများစုသို့ သွားရောက်နိုင်၏။
ထို့နောက် တစ်နေ့တွင်...
သူသည် ကျီးချင့် အလုပ်လုပ်သော အင်ပါယာ တတိယ စာသင်ကျောင်းသို့ ရောက်ရှိလာသည်။
သူသည် စာသင်ကျောင်း အားကစားကွင်းရှိ စင်မြင့်ပေါ်တွင် ရပ်ကာ ဆိုင်းဘုတ် တစ်ခုကို မြှောက်ကိုင်ထားသည်။ ဆိုင်းဘုတ်ပေါ်တွင် ကျုပ် ယွင်ကျုံးဟဲ့ပါ။ ပြောစရာ စကား ရှိပါတယ် ဟု ရေးသားထား၏။
အင်ပါယာ တတိယ စာသင်ကျောင်းမှ ကျောင်းသားများက တွေ့ရှိသွားချိန်မှာတော့ ချက်ချင်းပဲ ဒုတိယ ကျောင်းအုပ် ကျီးချင့်ကို သွားရောက် အကြောင်းကြားကြသည်။
ကျီးချင့်သည် စင်မြင့်အောက်သို့ ရောက်လာပြီး ပြောလိုက်၏။ “ပြောစရာရှိရင် အိမ်ပြန်ပြောပါ။ ဒီမှာ လာပြီး အရှက်မခွဲပါနဲ့။”
ယွင်ကျုံးဟဲ့က သူမကို လျစ်လျူရှုထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အင်ပါယာ နိုင်ငံသားများတွင် လွတ်လပ်စွာ ပြောဆိုခွင့် ရှိပြီး တော်ဝင်မိသားစုဝင်များ ဆိုလျှင် ပို၍ပင် လွတ်လပ်ခွင့် ရှိသောကြောင့် ဖြစ်သည်။
ယခုအခါ ယွင်ကျုံးဟဲ့သည် နာမည်ကြီး ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေပြီ ဖြစ်ပြီး မြို့တော် တစ်ခုလုံးရှိ လူများက သူ၏ တည်ရှိမှုကို သိရှိကြသည်။ နာမည်ဆိုး ဖြစ်နေသော်လည်း လူတိုင်း သိနေကြခြင်းပင်။
ထို့ကြောင့် အားကစားကွင်းသို့ လာရောက်သူ ပို၍ ပို၍ များပြားလာပြီး ဆယ်ဂဏန်း၊ ရာဂဏန်းမှ ထောင်ဂဏန်းအထိ ရှိလာသည်။
လူတိုင်းက ယွင်ကျုံးဟဲ့ ဘာပြောမည်နည်း ဆိုသည်ကို သိချင်နေကြသည်။ သို့ပေမည့် ယွင်ကျုံးဟဲ့ မြှောက်ကိုင်ထားသော ဆိုင်းဘုတ်ပေါ်မှ စာသားများ ပြောင်းသွား၏။
“ကျုပ် ယွင်ကျုံးဟဲ့ပါ။ ပြောစရာ စကား ရှိပါတယ်။ ဒါပေမဲ့ လူတစ်သောင်း အောက်ဆိုရင် မပြောဘူး။”
‘နားထောင်ချင် နားထောင်၊ နားမထောင်ချင် နေပဲ။’
ထိုသို့ဖြင့် ယွင်ကျုံးဟဲ့သည် အင်ပါယာ တတိယ စာသင်ကျောင်း၏ စင်မြင့်ပေါ်တွင် ဆိုင်းဘုတ်ကို မြှောက်ကိုင်ကာ အမြဲတမ်း ရပ်နေခဲ့သည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက် ကြာသွားသည်။ နောက်ဆုံးတွင် အောက်ဘက်၌ လူတစ်သောင်းကျော် ပြည့်သွား၏။
လူအုပ်ကြီး အပြည့်ဖြစ်နေပြီး လူတိုင်းက ယွင်ကျုံးဟဲ့ ဘာပြောမည်နည်း ဆိုသည်ကို စောင့်ဆိုင်းနေကြသည်။
ယွင်ကျုံးဟဲ့သည် ရိုးရှင်းသော အသံချဲ့စက် တစ်ခုကို ယူကာ လူတိုင်းကို ကြည့်ပြီး သူ၏ မိန့်ခွန်းကို စတင်လိုက်သည်။
ဤအချိန်တွင် ယွင်ကျုံးဟဲ့၏ စိတ်ထဲ၌ မရေမတွက်နိုင်သော စွမ်းအင်များ၊ မရေမတွက်နိုင်သော ဒေါသများနှင့် မရေမတွက်နိုင်သော မီးတောက်များ စုပြုံနေသည်။ အက်တမ်ဗုံး တစ်လုံး ပေါက်ကွဲထွက်တော့မည့် အတိုင်း ဖြစ်လို့နေ၏။
“ပထမဆုံးအနေနဲ့ ခင်ဗျားတို့ စိတ်ချပါ။ ကျုပ်နဲ့ ဒုတိယ ကျောင်းအုပ် ကျီးချင့်က လင်မယား ဆက်ဆံရေး မရှိသေးပါဘူး။ အဲဒါကြောင့် သူမက ကျုပ်လို လူရွှင်တော် တစ်ယောက်ရဲ့ ညစ်ညမ်းတာကို မခံရသေးပါဘူး။ သူမက မြင့်မြတ်နေတုန်းပါပဲ။”
ယွင်ကျုံးဟဲ့၏ ဤအဖွင့်စကားသည် လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။
လူတိုင်း၏ စိတ်ထဲတွင် သက်ပြင်းချသွားကြ၏။
“လူရွှင်တော်... ကျုပ် ယွင်ကျုံးဟဲ့က လူရွှင်တော် တစ်ယောက်လား။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။
“ဟုတ်တယ်။” အောက်ဘက်ရှိ လူတစ်သောင်းကျော်က တပြိုင်နက်တည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ယွင်ကျုံးဟဲ့ကို လက်ညှိုးထိုးကာ လူရွှင်တော်ဟု ပြောလိုက်ကြ၏။
“ဟုတ်တယ်။ ကျုပ်က လူရွှင်တော် တစ်ယောက်ပါ။ အောက်တန်းကျပြီး သနားစရာကောင်းတဲ့ လူရွှင်တော် တစ်ယောက်ပါ။”
ယွင်ကျုံးဟဲ့က ပြောသည်။ “ကျုပ်က လူတိုင်းရဲ့ လက်ညှိုးထိုး ကဲ့ရဲ့တာကို ခံနေရတယ်။ ကျုပ် လမ်းပေါ်မှာ သွားရင် လူတိုင်းက ကျုပ်ကို လေဟာနယ် တစ်ခုလို သဘောထားကြတယ်။ ကျုပ် အများသုံး မြင်းလှည်းပေါ်မှာ ထိုင်နေရင် အဲဒီတန်း တစ်ခုလုံးက လွတ်နေတယ်။ တခြားလူတွေက မတ်တတ်ရပ်ရမယ် ဆိုရင်တောင် ကျုပ်နဲ့ တစ်တန်းတည်း အတူတူ မထိုင်ချင်ကြဘူး။
ကျုပ် အရက်ဆိုင် သွားသွား၊ စားသောက်ဆိုင် သွားသွား အကုန်လုံး ဒီလိုပါပဲ။ ကျုပ် ဘယ်မှာ ထိုင်ထိုင် ပတ်ဝန်းကျင်က လူသူကင်းမဲ့နေတာပဲ။ လူတိုင်းက ကျုပ်ကို အထင်သေးကြတယ်၊ လူတိုင်းက ကျုပ်ကို ရွံရှာကြတယ်၊ လူတိုင်းက ကျုပ်ကို ဖယ်ဉ်ကြတယ်၊ လူတိုင်းက ကျုပ်ကို အထီးကျန်အောင် လုပ်ကြတယ်။
ကျုပ်နဲ့ ကျီးချင့် အိမ်ထောင်ကျပြီးတဲ့နောက် သူက အိမ်ကို တစ်ရက်မှ မပြန်ဘူး။ ပြီးတော့ ဧရာမ ရဲတိုက်ကြီး တစ်ခုလုံးမှာ ကျုပ်နဲ့ စကားပြောတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူ့ရဲ့ မိသားစုဝင်တွေကနေ အစေခံတွေအထိ ကျုပ်နဲ့ စကားတစ်ခွန်းမှ ပြောတဲ့သူ မရှိဘူး။
ကျုပ် မြို့တော်ကို ရောက်လာတာ တစ်လ ရှိပြီ။ ကျုပ်နဲ့ စကားပြောတဲ့သူ တစ်ယောက်မှ မရှိလို့ ကျုပ် စကားပြောဖို့တောင် မေ့သွားတော့မလို့ ဖြစ်နေပြီ။ မြို့တော် တစ်ခုလုံး၊ အင်ပါယာ တစ်ခုလုံးက ကျုပ်ကို အထင်သေးကြတယ်၊ ရွံရှာကြတယ်၊ စက်ဆုပ်ကြတယ်။ ခင်ဗျားတို့ ဒီလို လုပ်တာ မှန်သလား။”
ယွင်ကျုံးဟဲ့က အော်ဟစ်လိုက်၏။ “ခင်ဗျားတို့ ဒီလို လုပ်တာ မှန်သလား။”
လူတိုင်းက အေးစက်စွာ ပြုံးနေကြပြီး မည်သူကမှ တုံ့ပြန်ခြင်း မရှိပေ။
အပိုင်း (၇၄၂)
“ဟုတ်တယ်။ အရမ်း မှန်ပါတယ်။”
ယွင်ကျုံးဟဲ့က ပြတ်သားစွာ ပြောသည်။ “ခင်ဗျားတို့ ကျုပ်ကို အထင်သေးတာ၊ ရွံရှာတာက ခင်ဗျားတို့ရဲ့ အမြင်တွေ မှန်ကန်တယ်ဆိုတာကို ပြသနေတာပဲ။ ဒီအင်ပါယာမှာ မျှော်လင့်ချက် ရှိတယ်ဆိုတာကို ပြသနေတာပဲ။
ကျုပ် ယွင်ကျုံးဟဲ့က လူရွှင်တော် တစ်ယောက်ပါ။ ဒီတာ့ယန် အင်ပါယာသစ်ကို ရောက်လာတဲ့ ပထမဆုံး နေ့တည်းက ကျုပ်က လူရွှင်တော် တစ်ယောက် ဖြစ်နေခဲ့တာပါ။
ကျုပ်က အရင်ဆုံး ပညာရှင် ကျူ့ယွီယန်ကို အသုံးချခဲ့တယ်။ သူမရဲ့ ကျုပ်အပေါ် ထားတဲ့ သဘောကျမှုကို အသုံးချပြီး ကျုပ်ကို မိဖုရား တူရှားရဲ့ စံအိမ်ထဲ ပို့ပေးဖို့ လုပ်ခဲ့တယ်။ ပြီးတော့ သူမရဲ့ ပျော်တော်ဆက်ယောက်ျား ဖြစ်လာခဲ့တယ်။
ကျုပ်က အစွမ်းကုန် ကြိုးစားပြီး မိဖုရား တူရှားကို ဖားယားခဲ့လို့ အချစ်တော်ဆုံး ပျော်တော်ဆက်ယောက်ျား ဖြစ်လာခဲ့တယ်။
အဲဒီနောက် ကျုပ်က မိဖုရား တူရှားကို ခုန်ပျံကျော်လွှားဖို့ လှေကားထစ် အဖြစ် အသုံးချပြီး ကျီးချန် မိသားစုထဲကို ဝင်ရောက်ခဲ့တယ်။ ဒုတိယ ကျောင်းအုပ် ကျီးချင့်ရဲ့ အိမ်ပါသမက် ဖြစ်လာခဲ့ပြီး သူမရဲ့ ခင်ပွန်း ဖြစ်လာခဲ့တယ်။
ကျုပ်က တော်ဝင်မိသားစု အဆင့်အတန်းကို အောင်မြင်စွာ ရရှိခဲ့သလို ခင်ဗျားတို့ အားလုံးကိုလည်း အောင်မြင်စွာ စက်ဆုပ်သွားအောင် လုပ်နိုင်ခဲ့တယ်။ ကျုပ်က တာ့ယန် အင်ပါယာသစ်ရဲ့ အရှက်မဲ့ဆုံး လူရွှင်တော် ဖြစ်လာခဲ့တယ်။
ကျုပ် ဆိုတဲ့ ဒီလူရွှင်တော်က ဘယ်ကနေ လာတာလဲ။ တာ့ယန် အင်ပါယာသစ်ကို ဘာလာလုပ်တာလဲ။ ကျုပ် ဒီကို ရောက်နေတာ တစ်နှစ် ရှိပြီ။ အရုပ်ဆိုး အကျည်းတန်စွာနဲ့ မိန်းမတွေကို အသုံးချနေတာ ကျုပ် ဘာအတွက်လဲ။ ကျုပ်မှာ ဘယ်လို လျှို့ဝှက် ရည်ရွယ်ချက်တွေ ရှိနေတာလဲ။
ကျုပ် ယွင်ကျုံးဟဲ့က အရှေ့ဘက်လောကက လာတာပါ။ တာ့ယန် အင်ပါယာဟောင်း ကနေ လာတာပါ။ ကျုပ်ရဲ့ အဆင့်အတန်းက တောင်ပိုင်းကျိုးအင်ပါယာရဲ့ အောက်ကော်ကွန်း၊ အစိုးရအဖွဲ့ ပညာရှင်ပါ။
ကျုပ်ရဲ့ အဆင့်အတန်းက တာယင် အင်ပါယာရဲ့ ယွင်ကော်ကွန်း၊ ဟေးလုံထိုင်ရဲ့ ဒုတိယ အကြီးအကဲပါ။ ကျုပ်ရဲ့ အဆင့်အတန်းက တာ့ရှအင်ပါယာရဲ့ ယန်ချင်ဝမ်ပါ။ ကျုပ်ရဲ့ အဆင့်အတန်းက ရိုလန်နိုင်ငံ ဘုရင်မရဲ့ ယောက်ျားပါ။
ကျုပ်ရဲ့ အဆင့်အတန်းက တာ့ယန် အင်ပါယာရဲ့ တစ်ဦးတည်းသော တရားဝင် ဆက်ခံသူပါ။ ကျုပ်ရဲ့ အဆင့်အတန်းက တာ့ယန် အင်ပါယာရဲ့ နန်းမွေခံ မင်းသားပါ။ ကျုပ်က အရှေ့ဘက်လောကရဲ့ ကောင်းကင်ဘုံက ရွေးချယ်ခံရတဲ့ သခင်ပါ။ ကျုပ်မှာ အမြင့်မြတ်ဆုံး ရွှေရောင် သွေးကြော ရှိတယ်။
ဒါပေမဲ့... ဒါတွေ အားလုံးက ခွေးချေးတွေပဲ။ ဘာမှ အသုံးမကျဘူး။ ကျုပ် ယွင်ကျုံးဟဲ့က အခု လူရွှင်တော် တစ်ယောက်ပဲ။ သနားစရာကောင်းတဲ့၊ အရှက်မဲ့တဲ့၊ ဝမ်းနည်းစရာကောင်းတဲ့ လူရွှင်တော် တစ်ယောက်ပဲ။
ဘာလို့လဲဆိုတော့ အရှေ့ဘက်လောက က ကျဆုံးသွားပြီလေ။ တောင်ပိုင်းကျိုးအင်ပါယာ ၊ တာယင် အင်ပါယာ၊ တာ့ရှအင်ပါယာ၊ တာ့ရှီအင်ပါယာ အားလုံး ကျဆုံးသွားပြီ။ တာ့ရှန်း မိစ္ဆာနိုင်ငံရဲ့ အမှောင်ထု အုပ်ချုပ်မှုက အရှေ့ဘက်လောက တစ်ခုလုံးကို လွှမ်းမိုးသွားပြီ။
အမိမြေကို ဆုံးရှုံးသွားတဲ့သူက ဘယ်သူပဲဖြစ်ဖြစ်၊ ဧကရာဇ် ဆက်ခံမယ့်သူ ဖြစ်နေရင်တောင် ခွေးတစ်ကောင်ပဲ။ အိမ်မဲ့ရာမဲ့ ခွေးတစ်ကောင်ပဲ။ ပြီးတော့ ကျုပ် ယွင်ကျုံးဟဲ့က အဲဒီ အိမ်မဲ့ရာမဲ့ ခွေးပဲ။ အမြီးဝှက်ပြီး အစာတောင်းစားနေရတဲ့ အိမ်မဲ့ရာမဲ့ ခွေးပဲ။
ကျုပ်က အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးပြီး ကျီးချင့်ရဲ့ ခင်ပွန်း ဖြစ်လာရင်တောင်၊ အင်ပါယာ တော်ဝင်မိသားစုဝင် ဖြစ်လာရင်တောင် အိမ်မဲ့ရာမဲ့ ခွေးပဲ။ ကျုပ် ဆိုတဲ့ ဒီအိမ်မဲ့ရာမဲ့ ခွေးက တာ့ယန် အင်ပါယာသစ်ကို ဘာလာလုပ်တာလဲ။ အသက်ရှင်ဖို့ ခိုလှုံဖို့လား။
မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ်က စစ်တပ် ငှားဖို့ လာတာ။ တာ့ယန် အင်ပါယာသစ်ကို အရှေ့ဘက်ကို စစ်ချီပြီး တာ့ယန် အင်ပါယာဟောင်းရဲ့ နယ်မြေကို ပြန်လုယူဖို့၊ တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးပေးဖို့ တောင်းဆိုဖို့ လာတာ။
ဒါပေမဲ့... ဒီအကြောင်းပြချက်ကလည်း ခွေးချေးပဲ။ နှစ်ပေါင်း တစ်ထောင်ကျော် ကုန်လွန်သွားခဲ့ပြီ။ တာ့ယန် အင်ပါယာဟောင်းလည်း ပျက်စီးသွားတာ နှစ်ပေါင်း တစ်ထောင်ကျော် ရှိနေပြီ။ အဲဒီတုန်းက တာ့ယန် အင်ပါယာဟောင်းရဲ့ ရှေးရိုးစွဲ အင်အားစုတွေက ခေတ်သစ် အထက်တန်းလွှာတွေကို နှင်ထုတ်ခဲ့တယ်။
သူတို့က ပင်လယ်သမုဒ္ဒရာတွေကို ဖြတ်သန်းပြီး သေဘေးကနေ လွတ်မြောက်လာကာ တိုက်ကြီးသစ်ပေါ်မှာ အသစ်စက်စက် တာ့ယန် အင်ပါယာကြီးကို တည်ထောင်ခဲ့ကြတယ်။ ပိုပြီး အင်အားကြီးမားတဲ့၊ ပိုပြီး တိုးတက်တဲ့ တာ့ယန် အင်ပါယာသစ်ကို တည်ထောင်ခဲ့ကြတယ်။
တာ့ယန် အင်ပါယာသစ်က ဘာလို့ အရှေ့ဘက် နယ်မြေဟောင်းအတွက် သွေးထွက်သံယို အနစ်နာခံရမှာလဲ။ အကြောင်းပြချက် မရှိဘူး။ ဘာအကြောင်းပြချက်မှ မရှိဘူး။
ဒါက ခင်ဗျားတို့ရဲ့ သဘောထားပဲ။ အများစုရဲ့ လွှမ်းမိုးနေတဲ့ သဘောထားပဲ။ စစ်မတိုက်ဘူး၊ အရှေ့ဘက်ကို စစ်မချီဘူး၊ အရှေ့ဘက်လောက ကျဆုံးသွားတာကို ဒီအတိုင်း ကြည့်နေမယ်။
ကိစ္စမရှိပါဘူး။ ကျုပ်က ဘယ်လို အကြောင်းပြချက်၊ ဘယ်လို ကိုယ်ကျင့်တရားနဲ့မှ ခင်ဗျားတို့ကို ချုပ်နှောင်ဖို့ မရည်ရွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က လူရွှင်တော် တစ်ယောက် သက်သက်ပဲလေ။
အခု ကျုပ်က အကျဉ်းသား တစ်ယောက်လို၊ လူရွှင်တော် တစ်ယောက်လို ဖြစ်နေပြီ။ ကျုပ်က အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးပြီး တာ့ယန် အင်ပါယာသစ်ရဲ့ တော်ဝင်မိသားစု အဆင့်အတန်းကို ရယူခဲ့ရင်တောင် ကျုပ်က လူရွှင်တော်ပဲ။ ဘယ်သူကမှ ကျုပ်ကို အထင်မကြီးဘူး။
ဒါပေမဲ့ ခင်ဗျားတို့ မမေ့ပါနဲ့။ ကျုပ်ကမှ ယန်ရှင်းကျုံးရဲ့ အစစ်မှန်ဆုံး ဆက်ခံသူပါ။ ကျုပ်က ခင်ဗျားတို့ တာ့ယန် အင်ပါယာသစ်ရဲ့ ဧကရာဇ် ဆက်ခံမယ့်သူပါ။ ကျုပ်မှာ အင်ပါယာ တော်ဝင်မိသားစုရဲ့ ရွှေရောင် သွေးကြော ရှိတယ်။
အင်ပါယာ တော်ဝင် စာသင်ကျောင်းက ဒီအကြောင်းကြောင့် ကျုပ်ရဲ့ စစ်ဆေးရေး အစီရင်ခံစာကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ရတယ်။ ကျုပ်ရဲ့ ဒီတော်ဝင်မိသားစု အဆင့်အတန်းက ဒီလို အောက်တန်းကျတဲ့ အိမ်ပါသမက် အဖြစ်ကနေ ရယူစရာ မလိုဘူး။
ကျုပ်ရဲ့ သွေးကြောက ဒီမှာရှိတဲ့ ခင်ဗျားတို့ အားလုံးထက် ပိုမြင့်မြတ်တယ်။ အမြင့်ဆုံးမှာ ရပ်တည်နေတဲ့ အုပ်ချုပ်ရေးမှူး နှစ်ယောက်ထက် ပိုမြင့်မြတ်တယ်။ အမြင့်ဆုံးမှာ ရပ်တည်နေတဲ့ ချင်ဝမ် ကျီးရှန့်ထက် ပိုမြင့်မြတ်တယ်။ ကျုပ်ကို အထင်သေးနေတဲ့ ဇနီးသည် ကျီးချင့်ထက် ပိုမြင့်မြတ်တယ်။
ဒါပေမဲ့... ဘာရွှေရောင် သွေးကြော၊ ဘာတော်ဝင်မိသားစု သွေးကြောဆိုတာ အားလုံး ခွေးချေးတွေပဲ။ လူဆိုတာ ခွေးမှ မဟုတ်တာ၊ ဘာသွေးကြောကို သွားပြောနေရမှာလဲ။ မင်းမျိုးမင်းနွယ်ဆိုတာ မွေးရာပါမှ မဟုတ်တာ။
တာ့ယန် အင်ပါယာသစ် အထက်လွှတ်တော်ရဲ့ ထွက်ပေါ်လာမှု၊ တော်ဝင်မိသားစုဝင် အရေအတွက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှု၊ တော်ဝင်မိသားစုရဲ့ အာဏာကို ဖိနှိပ်မှုတွေက ကောင်းတယ်။ အရမ်း ကောင်းတယ်။
ဒီလိုလုပ်မှသာ အင်ပါယာက တက်ကြွမှုကို ထိန်းသိမ်းထားနိုင်ပြီး အခြေခံ တရားမျှတမှုကို သေချာစေနိုင်မှာ။ ကျုပ် ယွင်ကျုံးဟဲ့က တာ့ယန် အင်ပါယာသစ်ကို ရောက်လာတာဆိုတော့ အင်ပါယာရဲ့ စည်းကမ်းတွေကို လိုက်နာရမှာပေါ့။
ကျုပ်က အစွမ်းကုန် ကြိုးစားပြီး ကျီးချင့်ရဲ့ ခင်ပွန်း ဖြစ်လာအောင် လုပ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် လူရွှင်တော် တစ်ယောက် ဖြစ်သွားအောင် လုပ်ခဲ့တယ်။ ကျုပ် ဘာလုပ်ချင်တာလဲ။
ကျုပ် စကားပြောချင်တယ်။ လူရွှင်တော် တစ်ယောက် ဖြစ်သွားရင်တောင် ကျုပ် ပြောတဲ့ စကားကို လူတိုင်း ကြားအောင် လုပ်ချင်တယ်။
တာ့ယန် အင်ပါယာသစ်က ကောင်းပါတယ်။ လူတွေကို စကားပြောခွင့် ပြုတယ်။ အင်ပါယာကို သစ္စာမဖောက်သရွေ့ စကားပြောလို့ အပြစ်ပေးမခံရဘူး။ ဒါပေမဲ့ ကျုပ်ကို လူတိုင်း သိအောင် လုပ်ရမယ်။ ကျုပ်ရဲ့ အသံကို လူတိုင်းရဲ့ နားထဲ ရောက်အောင် လုပ်ရမယ်။
ကျုပ် ဘာပြောချင်တာလဲ။ အရှေ့ဘက်ကို စစ်ချီဖို့၊ အရှေ့ဘက်လောကကို ကယ်တင်ဖို့၊ တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးပစ်ဖို့။ ဒါပေမဲ့ ဒီလိုစကားမျိုးကို ဘယ်သူကမှ နားထောင်မှာ မဟုတ်ဘူး။
“တာ့ယန် အင်ပါယာသစ်ဟာ အန္တရာယ်အများဆုံး အချိန်ကို ရောက်နေပြီဆိုတာ ကျုပ် ပြောချင်တယ်။ ခင်ဗျားတို့က အရမ်း တိုးတက်တယ်၊ အရမ်း အင်အားကြီးတယ်။ ဒါပေမဲ့ ခင်ဗျားတို့က ကိုယ့်ဖာသာကိုယ် ပိတ်လှောင်နေတာ နှစ်ပေါင်း တစ်ထောင်ကျော် ရှိနေပြီ။ ခင်ဗျားတို့လည်း ပိတ်လှောင်လာပြီ၊ နောက်ကျလာပြီ၊ ယိုယွင်းလာပြီ။
အရှေ့ဘက်လောကကို ကယ်တင်တာက ခင်ဗျားတို့ ကိုယ်တိုင်ကို ကယ်တင်တာပဲ။ အကယ်၍ တာ့ရှန်း မိစ္ဆာနိုင်ငံကို အရှေ့ဘက်လောကကို သိမ်းပိုက်ခွင့် ပြုလိုက်မယ်ဆိုရင် တစ်နေ့နေ့မှာ တာ့ရှန်း မိစ္ဆာနိုင်ငံရဲ့ အမှောင် တပ်တော်ကြီးက ခင်ဗျားတို့ရဲ့ လောကထဲကို ဝင်ရောက်လာလိမ့်မယ်။
ခင်ဗျားတို့ ဂုဏ်ယူနေတဲ့ အင်အားကြီး တာ့ယန် အင်ပါယာသစ်ကို ဖျက်ဆီးပစ်လိမ့်မယ်။ ခင်ဗျားတို့ရဲ့ ခေါင်းပေါ်မှာ အမှောင်ထု လွှမ်းမိုးသွားစေပြီး ခင်ဗျားတို့ရဲ့ သားစဉ်မြေးဆက်တွေကို ကျွန်တွေ ဖြစ်သွားစေလိမ့်မယ်။
ဒီလိုစကားမျိုးကိုလည်း ဘယ်သူကမှ နားထောင်မှာ မဟုတ်ဘူး။ ခြောက်လှန့်နေတာ၊ ရယ်စရာကောင်းတယ်၊ အရှက်မရှိဘူး။ အရှေ့ဘက်လောက က ပျက်စီးသွားရတာ အရမ်း နောက်ကျလို့၊ အရမ်း ယိုယွင်းလို့၊ အရမ်း ဟောင်းနွမ်းလို့လေ။
ကျုပ် ယွင်ကျုံးဟဲ့လိုမျိုး အောက်တန်းကျပြီး အရှက်မရှိတဲ့ လူရွှင်တော် တစ်ယောက်လိုပဲ။ ဒါက ခင်ဗျားတို့ အားလုံးရဲ့ အတွေးပဲမလား။
ကျုပ် ဇနီး ကျီးချင့်က ကျုပ်ကို ရွံရှာတယ်။ မင်္ဂလာဦးညမှာ သူက လင်မယား တာဝန်ကို ဖြည့်ဆည်းပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျုပ် သူ့ကို မနမ်းရဘူး၊ မထိရဘူးတဲ့။ အဲဒီလိုလုပ်ရင် သူ ရွံလွန်းလို့ အန်ထွက်လာလိမ့်မယ်တဲ့။
ကျုပ်လို လူရွှင်တော်မျိုးက သေရင် သေသွားပါစေ။ ကျုပ်တို့လို အရှေ့ဘက်လောကက ပျက်စီးရင် ပျက်စီးသွားပါစေ။ ဘာတွေ နှမြောစရာ ရှိလို့လဲ။ ဟုတ်တယ်မလား။”
ထိုနေရာရှိ လူတစ်သောင်းကျော် အားလုံး တိတ်ဆိတ်သွားကြပြီး အချို့သူများ၏ မျက်လုံးများတွင် တွေဝေမှုများ ဖြစ်ပေါ်လာကာ စတင် တွေးတောလာကြသည်။
အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့၏ ဤမိန့်ခွန်းသည် အဆုံးအစမဲ့ ခံစားချက်များ ပြည့်နှက်နေသောကြောင့် ဖြစ်၏။
ဝမ်းနည်းဒေါသထွက်မှု၊ သနားစရာကောင်းမှု၊ နှိမ့်ချမှု၊ ဆုတ်ဖြဲခံရသကဲ့သို့သော လေသံများဖြင့် ပြောဆိုသွားခြင်း ဖြစ်၏။ အဖြစ်ဆိုးများက လူတွေ၏ နှလုံးသားကို အထိခိုက်စေနိုင်ဆုံး ဖြစ်သည်။
ယွင်ကျုံးဟဲ့က အက်ကွဲသော အသံဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ထဲက တချို့က ကျုပ် ပြောတာကို ထိခိုက်သွားကြပြီ။ ကျုပ်အပေါ် သနားစိတ်တွေ ဖြစ်ပေါ်လာကြပြီလား။ ဒါက ကျုပ်ရဲ့ မိန့်ခွန်း အောင်မြင်သွားပြီဆိုတာကို ပြသနေတာလား။ မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး...။
ဘာမှ အသုံးမဝင်ဘူး။ သနားကြင်နာမှု ဆိုတာ ဒီလောကမှာ အသုံးအမဝင်ဆုံး အရာပဲ။ အထူးသဖြင့် နိုင်ငံပျက်သွားတဲ့ ဧကရာဇ် တစ်ပါးအတွက်ပေါ့။ ခင်ဗျားတို့ အခု ကျုပ်ကို သနားနေကြတယ်။ စိတ်ထဲမှာ နည်းနည်းလေး ဝမ်းနည်းနေကြတယ်။
ဒါပေမဲ့ အိမ်ပြန်ရောက်ပြီး နောက်ဆယ်နာရီ မပြည့်ခင်မှာပဲ ဒီခံစားချက်တွေ အားလုံးက ပြာလို လွင့်ပျောက်သွားလိမ့်မယ်။ ကျုပ် ယွင်ကျုံးဟဲ့က သနားစရာကောင်းပြီး အရှက်မရှိတဲ့ လူရွှင်တော် တစ်ယောက် ဖြစ်နေအုံးမှာပဲ။
ကျုပ် ယွင်ကျုံးဟဲ့ တာ့ယန် အင်ပါယာသစ်ကို ရောက်လာတာ ရည်ရွယ်ချက် တစ်ခုတည်းပဲ ရှိတယ်။ ခင်ဗျားတို့ကို အရှေ့ဘက်ကို စစ်ချီစေဖို့၊ အရှေ့ဘက်လောကကို ကယ်တင်ဖို့၊ တာ့ရှန်း မိစ္ဆာနိုင်ငံကို ဖျက်ဆီးဖို့ပဲ။
ဒါပေမဲ့ ကျုပ်က တောင်းပန်ဖို့ မရည်ရွယ်ဘူး။ အော်ဟစ် အကူအညီ တောင်းဖို့လည်း မရည်ရွယ်ဘူး။ ဝမ်းနည်းပူဆွေးပြီး ငိုယိုနေတာက အင်အားကြီးတဲ့ အင်ပါယာ တစ်ခုကို လှုပ်ရှားသွားစေမှာ မဟုတ်ဘူး။
ကျုပ် ခင်ဗျားတို့နဲ့ လုပ်ချင်တာက အင်အားကြီးသူ အချင်းချင်းရဲ့ ဆွေးနွေးမှုပဲ။ ကျုပ် တာ့ယန် အင်ပါယာသစ်နဲ့ လုပ်ချင်တာက အင်အားကြီးသူ အချင်းချင်းရဲ့ အားပြိုင်မှုပဲ။ ကျုပ် ဒုတိယ ကျောင်းအုပ် ကျီးချင့်နဲ့ လုပ်ချင်တာက အင်အားကြီးသူ အချင်းချင်းရဲ့ သိမ်းပိုက်မှုပဲ။
“ဒူးထောက်ပြီး ဖားယားနေလို့ အနာဂတ် မရှိဘူး။ ဘယ်မိန်းမကမှ ခင်ဗျား ဒူးထောက် ဖားယားလို့ ခင်ဗျားကို ချစ်လာမှာ မဟုတ်ဘူး။ အဲဒီလိုပဲ ဘယ်အင်ပါယာကမှ ခင်ဗျားကို သနားလို့ ကူညီမှာ မဟုတ်ဘူး။
ကျီးချင့်က ကျုပ်ကို အထက်စီးကနေ ကြည့်ပြီး လူရွှင်တော် တစ်ယောက်လို သဘောထားတယ်။ တာ့ယန် အင်ပါယာသစ် တစ်ခုလုံးကလည်း ကျုပ်ကို အထက်စီးကနေ ကြည့်ပြီး လူရွှင်တော် တစ်ယောက်လို သဘောထားတယ်။
ခင်ဗျားတို့ကို အရှေ့ဘက်ကို စစ်ချီအောင် ဘယ်လို လုပ်ရမလဲ။ အရမ်း လွယ်ပါတယ်။ ခင်ဗျားတို့က ထင်ထားသလောက် အင်အား မကြီးဘူးဆိုတာကို ကျုပ် သက်သေပြမယ်။ ခင်ဗျားတို့က မောက်မာဖို့ အရည်အချင်း လုံးဝ မရှိဘူးဆိုတာကို သက်သေပြမယ်။
ကျုပ်ကို အထင်သေးပါ၊ ရွံရှာပါ၊ လျစ်လျူရှုပါ၊ နင်းချေပါ။ ကျုပ် တစ်ယောက်တည်း အင်အားနဲ့ တာ့ယန် အင်ပါယာသစ်က လူတိုင်းကို လုံးဝ အနိုင်ယူနိုင်တယ် ဆိုတာကို သက်သေပြမယ်။
ကျုပ် တစ်ယောက်တည်း အင်အားနဲ့ တာ့ယန် အင်ပါယာသစ် တစ်ခုလုံးကို မြေကြီးပေါ်မှာ ပွတ်တိုက်ပစ်နိုင်တယ် ဆိုတာကို သက်သေပြမယ်။
ခင်ဗျားတို့ ခေတ်နောက်ကျနေပြီ ဆိုတာကို သက်သေပြမယ်။ ခင်ဗျားတို့ အားလုံးက အရမ်း အဆင့်နိမ့်တယ် ဆိုတာကို သက်သေပြမယ်။ အဆင့်နိမ့်တာ၊ နောက်ကျနေတာ၊ အဲဒါက ဒါပဲ။”