← Chapters

အခန်း (၇၄၅-၇၄၆)

Vol. 63 Ch. 745-746

အခန်း (၇၄၅-၇၄၆)

Vol. 63 Ch. 745-746

အပိုင်း (၇၄၅)

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့။ မနက်ဖြန် ကျုပ် ဒီအင်ပါယာရဲ့ အမြင့်ဆုံး အင်ပါယာ စာမေးပွဲကို သွားဖြေမယ်။ အကယ်၍ ကျုပ်အမှတ်က အောင်မှတ် မပြည့်ဘူးဆိုရင် ကျုပ် ချက်ချင်းပဲ ကျီးချင့်နဲ့ ကွာရှင်းပြီး သူမကို လွတ်လပ်ခွင့် ပေးမယ်။

ဒါပေမဲ့ ကျုပ် အင်ပါယာ စာမေးပွဲ အောင်မှတ်ကို ကျော်သွားရင်တော့ တာ့ယန် အင်ပါယာ တစ်ခုလုံးက ကျုပ်ရဲ့ စိန်ခေါ်စာကို လက်ခံရမယ်။ တာ့ယန် အင်ပါယာ တစ်ခုလုံးက ကျုပ်ရဲ့ စိန်ခေါ်မှုကို လက်ခံရမယ်။ ရမလား။”

လီတောက်ချီက ပြတ်သားစွာ ပြောလိုက်၏။ “ကောင်းပြီ။ ကတိပဲ။”

ပြောပြီးနောက် သူ၏ အကြည့်များက ဒုတိယ ကျောင်းအုပ် ကျီးချင့်ထံသို့ ရောက်ရှိသွားသည်။

ကျီးချင့်က ခေါင်းညိတ်ကာ သဘောတူလိုက်၏။ “ကတိပဲ။”

ကွာရှင်းမည်၊ မကွာရှင်းမည်မှာ သူမ ဆုံးဖြတ်၍ မရသော်လည်း အပြင်လူများကို ဤကဲ့သို့ အထင် ရောက်သွားစေခြင်းကလည်း ကောင်းမွန်သည်။

ထို့နောက် ဒုတိယ ကျောင်းအုပ် ကျီးချင့်သည် ပထမ စာသင်ကျောင်း၊ ဒုတိယ စာသင်ကျောင်း၊ တတိယ စာသင်ကျောင်းတို့မှ ကျောင်းအုပ်များနှင့် သွားရောက် ဆက်သွယ်လိုက်၏။

အကြောင်းမှာ မနက်ဖြန် အင်ပါယာ စာမေးပွဲ စာမေးပွဲခန်းတွင် ယွင်ကျုံးဟဲ့အတွက် နေရာ တစ်နေရာ ထပ်တိုးပေးရန် ဖြစ်သည်။

သေချာပေါက် ဤအရာက သာမန် စည်းမျဉ်းများနှင့် မညီပေ။ အဘယ်ကြောင့်ဆိုသော် အင်ပါယာ မဟာ ဘွဲ့ရများသာ အင်ပါယာ စာမေးပွဲကို ဝင်ရောက် ဖြေဆိုခွင့် ရှိသောကြောင့် ဖြစ်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့သည် ဝင်ခွင့်ရမည့် အရေအတွက်တွင် ပါဝင်မည် မဟုတ်ပေ။

စာသင်ကျောင်း သုံးကျောင်းမှ ကျောင်းအုပ်များသည် ကျီးချင့်၏ ကံကြမ္မာကို အလွန် သနားကြပြီး သူမ လွတ်လပ်ခွင့် ရရှိကာ နောက်ကျနေသော အရှေ့ဘက်လောကမှ လာသည့် ယွင်ကျုံးဟဲ့ ဆိုသော လူရွှင်တော်လေးထံမှ လွတ်မြောက်နိုင်ရန် မျှော်လင့်ကြသည်။

စာမေးပွဲ ကိစ္စကို သေချာအောင် လုပ်ပြီးနောက် ယွင်ကျုံးဟဲ့သည် တတိယ စာသင်ကျောင်း၏ အဆောင်တွင် နေထိုင်ခဲ့၏။

ထို့နောက် သူ မနက်ဖြန် အင်ပါယာ စာမေးပွဲ ဖြေဆိုမည့် သတင်း၊ တာ့ယန် အင်ပါယာသစ် တစ်ခုလုံးကို စိန်ခေါ်မည့် သတင်းသည် မြို့တော် တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

လူတိုင်း ဒေါသထွက်သွားကြသလို လူတိုင်းလည်း အံ့ဩသွားကြ၏။

‘ဒီလောကမှာ ရေတွင်းထဲက ဖားသူငယ်လိုမျိုး အမြင်ကျဉ်းတဲ့ ရယ်စရာကောင်းတဲ့ လူမျိုး ရှိသေးတာလား။

ခင်ဗျားတို့ အရှေ့ဘက်လောက က ဘယ်လောက် နောက်ကျနေလဲ။ ဘယ်လောက် မိုက်မဲနေလဲ ကျုပ်တို့ မသိဘူးလို့ ထင်နေတာလား။ ကျုပ်တို့ အားလုံးက တာ့ယန် အင်ပါယာဟောင်း သမိုင်းကို သင်ယူခဲ့ဖူးတဲ့ သူတွေလေ။

နှစ်ပေါင်း တစ်ထောင်ကျော် ကာလအတွင်းမှာ ကျုပ်တို့ တာ့ယန် အင်ပါယာသစ်က အရှိန်အဟုန်နဲ့ တိုးတက် လာခဲ့ပေမယ့် ခင်ဗျားတို့ အရှေ့ဘက်လောက က ရှေ့မတိုးတဲ့အပြင် အများကြီး နောက်ဆုတ်သွားသေးတယ်။ ဒါက မိုက်မဲပြီး နောက်ကျနေတာ မဟုတ်ရင် ဘာလဲ။

ခင်ဗျား ယွင်ကျုံးဟဲ့က အရှေ့ဘက်လောက ကနေ လာတာ၊ ကျုပ်တို့ တာ့ယန် အင်ပါယာသစ်က မူလတန်း ကျောင်းသားလောက်တောင် မရှိဘဲနဲ့ အင်ပါယာ စာမေးပွဲ ဝင်ဖြေချင်သေးတာလား။

အဲဒါက အင်ပါယာ မဟာဘွဲ့ရတွေမှ ဖြေဆိုခွင့် ရှိတဲ့ စာမေးပွဲလေ။ အဲဒီထဲက အကြောင်းအရာတွေက ဘယ်လောက်တောင် နက်နဲလိုက်လဲ။ ခင်ဗျား ယွင်ကျုံးဟဲ့ ဆိုတဲ့ အမွေးမရှိတဲ့ မျောက်က မေးခွန်းတောင် နားလည်မှာ မဟုတ်ဘူး။

အင်ပါယာ စာသင်ကျောင်း သုံးကျောင်းကလည်း တကယ်ပါပဲ။ ယွင်ကျုံးဟဲ့ကို မြင့်မြတ်တဲ့ အင်ပါယာ စာမေးပွဲ ဝင်ဖြေခွင့် ပေးလိုက်တယ်လား။ ဒါက အင်ပါယာရဲ့ ပညာရပ်သစ်တွေကို ညစ်ညမ်းစေတာ မဟုတ်ဘူးလား။’

သို့ပေမည့် အင်ပါယာ စာမေးပွဲ အောင်မှတ် မပြည့်ပါက ကျီးချင့်နှင့် ကွာရှင်းမည်ဟု ယွင်ကျုံးဟဲ့က ကတိပေးထားကြောင်း လူတိုင်း ကြားသိရချိန်မှာတော့ လူတိုင်း ခေါင်းတဆတ်ဆတ် ညိတ်ကာ သဘောတူလိုက်ကြသည်။

‘ဒါဆိုရင်တော့ ကောင်းတယ်။ ယွင်ကျုံးဟဲ့က ဘာမှ မသိဘဲ မကြောက်မရွံ့ ဖြစ်နေတာက နတ်သမီးလေး ကျီးချင့်ကို လွတ်လပ်ခွင့် ရသွားစေနိုင်တာပေါ့။’

နာရီအနည်းငယ်အတွင်းမှာပဲ ယွင်ကျုံးဟဲ့ အင်ပါယာ စာမေးပွဲ ဖြေဆိုမည့် ကိစ္စကို မြို့တော် တစ်ခုလုံးရှိ လူတိုင်း သိရှိသွားကြသည်။ လူတိုင်းက သမိုင်းဝင် စံချိန်တင်မည့် ရမှတ် တစ်ခုကို စောင့်ဆိုင်းနေကြ၏။

ယွင်ကျုံးဟဲ့ ဆိုသော ဤလူရွှင်တော်လေး၊ ဤပျော်တော်ဆက်ယောက်ျားလေးသည် မည်မျှအထိ ရှက်စရာ ကောင်းသော ရမှတ်မျိုးကို ရရှိမည်နည်း။

တာ့ယန် အင်ပါယာသစ်၏ အင်ပါယာ စာမေးပွဲသည် ခေတ်သစ် ပါရဂူ စာမေးပွဲနှင့်တော့ မတူညီပေ။ ဘာသာရပ် သုံးခု ရှိသည်။ ဒဿနိကဗေဒ၊ သင်္ချာ၊ အထူးပြု ဘာသာရပ်တို့ ဖြစ်၏။ ဒဿနိကဗေဒနှင့် သင်္ချာမှာ အမှတ် ငါးဆယ်စီ ဖြစ်ပြီး အထူးပြု ဘာသာရပ်က အမှတ် တစ်ရာ ဖြစ်သည်။

ဘာသာရပ် သုံးခု စုစုပေါင်း အမှတ် နှစ်ရာ ဖြစ်ရာ ယွင်ကျုံးဟဲ့ သုံးမှတ် ရမလား။ ဒါမှမဟုတ် ငါးမှတ်လား။ ဒါမှမဟုတ် သုညမှတ်လား။

သို့ပေမည့် သေချာပေါက် လူတိုင်းက ဤလူရွှင်တော်လေးသည် သမိုင်းတစ်လျှောက် အနိမ့်ဆုံး ရမှတ်ကို သေချာပေါက် ရရှိမည်ဟု ထင်မြင်ကြသည်။

‘ကျုပ်တို့ တာ့ယန် အင်ပါယာသစ်ကို စိန်ခေါ်ချင်တာလား။ လုံးဝ အိပ်မက်မက်နေတာပဲ။’

နောက်တစ်နေ့တွင် တာ့ယန် အင်ပါယာ၏ အမြင့်ဆုံး အင်ပါယာ စာမေးပွဲကို တရားဝင် စတင်လိုက်ပြီ ဖြစ်၏။

စာမေးပွဲခန်းများကို အင်ပါယာ စာသင်ကျောင်း လေးကျောင်း အတွင်းတွင် ခွဲခြားထားပြီး စုစုပေါင်း လူငါးထောင် ဝင်ရောက် ဖြေဆိုကြသည်။

ဤတစ်ကြိမ် အင်ပါယာ စာမေးပွဲကို အထူးပြု ဘာသာရပ် ကိုးခု ခွဲခြားထားဆဲ ဖြစ်သည်။ ရူပဗေဒ၊ ဆေးပညာ၊ ဥပဒေ၊ စိုက်ပျိုးရေးနှင့် သစ်တော၊ နက္ခတ္တဗေဒ၊ အနုပညာ၊ သမိုင်း စသည်တို့ ဖြစ်၏။

ဤအထဲတွင် လူအနည်းဆုံးမှာ အနုပညာ ဖြစ်ပြီး နှိုင်းယှဉ်ချက်အရ အလွယ်ကူဆုံးမှာ သမိုင်း ဖြစ်ကာ အခက်ခဲဆုံး ငရဲပြည် အဆင့်မှာ ရူပဗေဒ ဖြစ်သည်။

စုစုပေါင်း စာမေးပွဲ ဖြေဆိုသူ ငါးထောင်တွင် လူနှစ်ထောင်ကျော်က ရူပဗေဒ အထူးပြု စာမေးပွဲကို ဝင်ရောက် ဖြေဆိုကြ၏။

တာ့ယန် အင်ပါယာသစ်သည် ကုန်ထုတ်လုပ်မှု စွမ်းအားကို မည်မျှ အလေးထားကြောင်း သိသာလှသည်။ ဤမျှ အင်အားကြီးမားပြီး ဖွံ့ဖြိုးတိုးတက်နေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

ယွင်ကျုံးဟဲ့ ဝင်ရောက် ဖြေဆိုသည်မှာ သေမင်းတမန် အုပ်စု ဖြစ်သော ရူပဗေဒ ဘာသာရပ် စာမေးပွဲ ဖြစ်သည်။

ဘာသာရပ်သုံးခု စာမေးပွဲကို တစ်ပြိုင်နက်တည်း ကျင်းပပြီး မေးခွန်းလွှာ အားလုံးကို တပြိုင်နက်တည်း ဝေငှပေးကာ စုစုပေါင်း စာမေးပွဲ ဖြေဆိုချိန် ခြောက်နာရီ ဖြစ်၏။

ဤသည်မှာ အင်ပါယာ၏ အမြင့်ဆုံး အဆင့် စာမေးပွဲ ဖြစ်ပြီး ပါရမီရှင် မဟုတ်ပါက ဝင်ရောက် မဖြေဆိုသင့်ပေ။ မေးခွန်း အားလုံးက တစ်လုံးတည်းသာ ရှိ၏။ လူတွေကို မျှော်လင့်ချက် မဲ့သွားစေလောက်အောင် ခက်သည်။

အထူးသဖြင့် ရူပဗေဒ ဘာသာရပ်မှာ လူတွေကို ရူးသွပ်သွားအောင် သီးသန့် ဖန်တီးထားသည့် မေးခွန်းများ ဖြစ်သည်။ လူနှစ်ထောင်တွင် လူတစ်ရာသာ ဝင်ခွင့် ရရှိမှာဖြစ်၏။

တာ့ယန် အင်ပါယာသစ်သည် စာမေးပွဲ စနစ်ကို ပြုပြင်ပြောင်းလဲကာ အင်ပါယာ စာမေးပွဲကို စတင် ကျင်းပ ခဲ့သည်မှာ နှစ်ပေါင်း သုံးရာသာ ရှိသေးသည်။

ဤနှစ်ပေါင်း သုံးရာ အတွင်း အမှတ် နှစ်ရာဖိုး စာမေးပွဲတွင် ပျမ်းမျှ အောင်မှတ်မှာ ၁၁၅ မှတ်သာ ရှိသောကြောင့် မည်မျှ ပြင်းထန်ကြောင်း သိသာလှ၏။

နှစ်ပေါင်း သုံးရာ သမိုင်းတစ်လျှောက် အမြင့်ဆုံး ရမှတ်မှာ ၁၆၉ မှတ် ဖြစ်ပြီး အနိမ့်ဆုံး ရမှတ်မှာ ၅၈ မှတ် ဖြစ်သည်။

မေးခွန်းလွှာများ အားလုံး ဝေငှပြီးနောက် စာမေးပွဲခန်း အတွင်းရှိ လူဆယ်ဂဏန်းခန့်ထံမှ မျှော်လင့်ချက်မဲ့သော ညည်းတွားသံများ ထွက်ပေါ်လာကြသည်။

ဤနှစ် စာမေးပွဲမှာ ခက်မည်ဆိုခြင်းကို သိပေမည့် ဤမျှလောက် ခက်မည်ဟု မထင်ထားခဲ့ကြချေ။

ယွင်ကျုံးဟဲ့သည် စာမေးပွဲခန်းအတွင်း အာရုံစိုက်ခံရဆုံး လူတစ်ယောက် ဖြစ်နေသည်။

စာမေးပွဲ ကြီးကြပ်ရေးမှူးက တိုက်ရိုက် ပြောလိုက်၏။ “ကျုပ်တို့ ဒီစာမေးပွဲခန်းက အရမ်း ကံဆိုးတယ်။ ထူးဆန်းတဲ့ ကောင်တစ်ကောင် ရောနှော ဝင်ရောက်လာတယ်။ ဒါက ခင်ဗျားတို့အတွက် မတရားပေမယ့် အခက်အခဲတွေကို ကျော်လွှားပြီး ဒီလူ မရှိဘူးလို့ သဘောထားလိုက်ကြပါ။”

‘သောက်ကျိုးနည်း... ဒီစာမေးပွဲ ကြီးကြပ်ရေးမှူးက ယွင်ကျုံးဟဲ့ရဲ့ နှာခေါင်းကို တိုက်ရိုက် လက်ညှိုးထိုးပြီး မဆဲရုံတမယ်ပဲ ရှိတော့တယ်။ သူက လူရွှင်တော် ဆိုတဲ့ စကားလုံး အစား ထူးဆန်းတဲ့ကောင် ဆိုတဲ့ စကားလုံးကို သုံးတာက တော်တော် ထိန်းချုပ်ထားလို့ပဲ။’

ထို့နောက် ထိုစာမေးပွဲ ကြီးကြပ်ရေးမှူးက ဆက်ပြောသည်။ “ကျုပ် နာမည် မခေါ်တဲ့သူ... ခင်ဗျားက ဒီစာမေးပွဲကို ဝင်ဖြေဖို့ အရည်အချင်း မရှိဘူး။ ဒါပေမဲ့ အင်ပါယာရဲ့ ဂုဏ်သိက္ခာအတွက်၊ ဒုတိယ ကျောင်းအုပ် ကျီးချင့်ရဲ့ ပျော်ရွှင်မှုအတွက် ခင်ဗျားကို ဒီစာမေးပွဲခန်းထဲ ဝင်ခွင့်ပြုလိုက်တာ။

ဒါပေမဲ့ ခင်ဗျားမှာ ကိုယ့်ကိုယ်ကိုယ် သိစိတ် ရှိမယ်လို့ မျှော်လင့်တယ်။ ခင်ဗျား စာမေးပွဲခန်းထဲက ထွက်သွားလို့ ရတယ်၊ အိပ်လို့ ရတယ်၊ ဒါပေမဲ့ တခြား ဖြေဆိုသူတွေကို မနှောင့်ယှက်နဲ့။ ခိုးချဖို့ ပိုလို့တောင် မမျှော်လင့်နဲ့။ ခင်ဗျား တခြား ဖြေဆိုသူတွေကို တစ်ချက် ကြည့်လိုက်တာနဲ့ ခင်ဗျားကို စာမေးပွဲခန်းထဲကနေ ချက်ချင်း မောင်းထုတ်ပစ်မယ်။”

ယွင်ကျုံးဟဲ့ အလွန် စိတ်ပျက်သွားသည်။ စာမေးပွဲခန်း တစ်ခုလုံးတွင် ဖြေဆိုသူ ၃၁ ယောက် ရှိပြီး သူ တစ်ယောက်တည်းက စာမေးပွဲခန်း၏ နောက်ဆုံးတွင် ရှိနေကာ အနီးဆုံး သူနှင့်ပင် ငါးမီတာ ကွာဝေးသည်။ ထို့အပြင် သူ တစ်ယောက်တည်းက လူတိုင်းကို ကျောခိုင်းထားရသောကြောင့် ဤအခြေအနေမျိုးတွင် မည်သို့ ခိုးချရမည်နည်း။

မေးခွန်း စတင် ဖြေဆိုကြပြီဖြစ်၏။

ပထမ ဘာသာရပ်၊ ဒဿနိကဗေဒ...

တာ့ယန် အင်ပါယာသစ်သည် အဘယ်ကြောင့် ဒဿနိကဗေဒကို အင်ပါယာ စာမေးပွဲ၏ မဖြစ်မနေ ဖြေဆိုရမည့် ဘာသာရပ် အဖြစ် သတ်မှတ်ထားသနည်း။

ဤသည်မှာ လောကအမြင်တွင် အရှေ့ဘက်လောကနှင့် လုံးဝ ခွဲခြားရန်အတွက် ဖြစ်ပြီး ပြည်သူများကို ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားများဖြင့် မချုပ်နှောင်ရန် ဖြစ်သည်။

ပြည်သူများ၏ အတွေးအခေါ်များကို လမ်းညွှန်ရန် လုံးဝ အသစ်စက်စက် လောကအမြင်ကို အသုံးပြုလိုခြင်း ဖြစ်၏။

ဤတစ်နှစ်တာ ကာလအတွင်း ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်၏ ဒဿနိကဗေဒ စာအုပ်များစွာကို ဖတ်ရှုခဲ့သည်။

အချက် နှစ်ချက်ကို တွေ့ရှိခဲ့သည်။ ပထမဦးစွာ တာ့ယန် အင်ပါယာသစ်၏ ဒဿနိကဗေဒသည် အပြောင်းအလဲကျမ်းကို မငြင်းပယ်သလို အပြောင်းအလဲကျမ်းသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဒဿနိကဗေဒ စာအုပ်ပင် ဖြစ်၏။

သို့ပေမည့် ဤနှစ်ပေါင်း ထောင်ချီအတွင်း တာ့ယန် အင်ပါယာသစ်တွင် ဒဿနိကဗေဒ ပညာရှင်ကြီး အများအပြား ထွက်ပေါ်လာခဲ့ပြီး ဒဿနိကဗေဒကို တဖြည်းဖြည်း အဆင့်မြှင့်တင်ခဲ့ကြသည်။

ယေဘုယျအားဖြင့် တာ့ယန် အင်ပါယာသစ်၏ ဒဿနိကဗေဒသည် ရုပ်ဝါဒဘက်သို့ လုံးဝ တိမ်းညွတ်နေ၏။

စိတ်ပိုင်းဆိုင်ရာ ဒဿနိကဗေဒ၊ သဘာဝတရား လေ့လာမှု၊ စကြာဝဠာ လေ့လာမှု၊ ဖြစ်တည်မှုဝါဒ (Existentialism)၊ အနှစ်သာရဝါဒ (Essentialism)၊ ရုပ်ဝါဒ အားလုံးသည် အလွန် မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့ပေမည့် ယေဘုယျအားဖြင့် နိုင်ငံ တစ်နိုင်ငံ၏ ဒဿနိကဗေဒ အဆင့်အတန်းနှင့် သိပ္ပံပညာ အဆင့်အတန်းသည် ကြီးမားသော ဆက်စပ်မှု ရှိ၏။

အဘယ်ကြောင့်ဆိုသော် ဒဿနိကဗေဒသည် လောကကြီး၏ အနှစ်သာရနှင့် ဖွံ့ဖြိုးတိုးတက်မှု နိယာမများကို နားလည်ခြင်း ဖြစ်သောကြောင့်ပင်။

သိပ္ပံပညာ အဆင့်အတန်းသည် အတိုင်းအတာ တစ်ခုအထိ မြင့်တက်လာမှသာ ဤလောကကြီးကို ပိုမို ရှင်းလင်းစွာ နားလည်နိုင်မှာဖြစ်သည်။ သို့ပေမည့် ဒဿနိကဗေဒတွင် အတိုင်းအတာ တစ်ခုအထိ ရှေ့ဆောင် မျှော်မြင်နိုင်စွမ်း ရှိနိုင်သည်။

ဤဒဿနိကဗေဒ စာမေးပွဲသည် ယွင်ကျုံးဟဲ့ အတွက်တော့ ဘာမှ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဦးနှောက်ထဲတွင် ဤလောက၏ ဒဿနိကဗေဒ သာမက ခေတ်သစ်ကမ္ဘာမြေ၏ ဒဿနိကဗေဒများပါ ရှိနေသောကြောင့် ဖြစ်၏။

တာ့ယန် အင်ပါယာသစ်၏ နည်းပညာ အဆင့်အတန်းသည် အလွန် မြင့်မားသော်လည်း ခေတ်သစ် ကမ္ဘာမြေကို မကျော်လွန်နိုင်သေးပေ။

ထို့အပြင် နည်းပညာ အများအပြား မပွင့်လင်းသေးဘဲ အချို့သော နယ်ပယ်များတွင်မူ အလွန် ကျွမ်းကျင်နေသည်။

ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် ကမ္ဘာနှစ်ခုစလုံး၏ ဒဿနိကဗေဒ စာအုပ်များ အားလုံးကို အလွတ် ကျက်မှတ်ထား၏။

လှည့်စားတာ မဟုတ်ဘူးလား။ စာမေးပွဲ ဖြစ်သည့်အတွက် အဆုံးစွန်အထိ ပြောရမည် ဆိုလျှင် အလွတ် ကျက်မှတ်ခြင်းသာ ဖြစ်သည်။

အပိုင်း (၇၄၆)

မိနစ် နှစ်ဆယ် မပြည့်မီ ယွင်ကျုံးဟဲ့သည် ဒဿနိကဗေဒ မေးခွန်းလွှာ အားလုံးကို ဖြေဆိုပြီးစီးသွားသည်။ အလွယ်လေးပင် ဖြစ်၏။

ထို့နောက် သင်္ချာ မေးခွန်းလွှာကို စတင် ဖြေဆိုသည်။

‘သောက်ကျိုးနည်း....’

ယွင်ကျုံးဟဲ့ အံ့ဩမှင်တက်သွား၏။

‘ဒီ... ဒီသင်္ချာ စာမေးပွဲက တကယ်ပဲ ခက်တာပဲ။ တချို့ နယ်ပယ်တွေဆိုရင် တက္ကသိုလ်ဝင်တန်း သင်္ချာထက်တောင် ပိုခက်နေသေးတယ်။ အများစုက အဆင့်မြင့် သင်္ချာ နယ်ပယ်ကိုတောင် ရောက်နေပြီ။’

ယွင်ကျုံးဟဲ့၏ မျှော်မှန်းချက်မှာ ယခုဖြစ်ရပ်နှင့် လုံးဝကွဲလွဲနေသည်။ သူသည် ဤကိစ္စအား အလွန်ဆုံးဖြစ်လျှင် အထက်တန်းအဆင့် သင်္ချာပညာရပ်မျှသာ ဖြစ်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ဤမျှလောက်အထိ ခက်ခဲနက်နဲလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။

ယွင်ကျုံးဟဲ့၏ အံ့ဩနေသော မျက်နှာကို မြင်ချိန်မှာတော့ စာမေးပွဲ ကြီးကြပ်ရေးမှူးက အထင်သေးမှုများ ပြည့်နှက်နေသည်။

‘စွမ်းအားကို သိသွားပြီ မလား။ ဒီမေးခွန်းတွေကို ခင်ဗျား ဖြေဖို့ နေနေသာသာ ကြည့်လို့တောင် နားလည်မှာ မဟုတ်ဘူး မလား။ ဒါက တာ့ယန် အင်ပါယာသစ် ယဉ်ကျေးမှုပဲ။ ခင်ဗျားတို့ အရှေ့ဘက်လောကထက် ဘယ်လောက်တောင် တိုးတက်နေလဲ ဆိုတာ မသိဘူး။ ကိုယ့်ကိုယ်ကိုယ် အမွေးမရှိတဲ့ မျောက်ဆိုတာ ဝန်မခံချင်သေးဘူးလား။’

ယွင်ကျုံးဟဲ့၏ ဦးနှောက်ကို အမှတ်ကိုး ကွမ်တမ်က လေ့ကျင့်မပေးခဲ့လျှင်၊ မီတျဲ ချိုင့်ဝှမ်း၏ လျှို့ဝှက် ဆန်းကြယ်သော ဆေးဝါးများကို သောက်သုံးပြီး ဦးနှောက်ကို ကြီးမားစွာ ဖွံ့ဖြိုးအောင် မလုပ်ခဲ့လျှင် ယနေ့ သင်္ချာ စာမေးပွဲတွင် ယွင်ကျုံးဟဲ့ တိုက်ရိုက် အရှက်ကွဲသွားမည်ဟု ပြော၍ ရနိုင်သည်။

‘ဒါက အရမ်း ခက်လွန်းတယ်။ တက္ကသိုလ်ဝင်တန်း သင်္ချာထက် အများကြီး ပိုခက်တယ်။ တက္ကသိုလ် သင်္ချာရဲ့ တချို့ အကြောင်းအရာတွေထက်တောင် ပိုခက်နေသေးတယ်။’

သူ၏ မူလ အစစ်အမှန် အဆင့်အတန်းအရ ဆိုလျှင် သင်္ချာ အမှတ် ငါးဆယ်ဖိုးတွင် သူ အလွန်ဆုံး အမှတ် သုံးဆယ်သာ ရနိုင်ပေလိမ့်မည်။

ဤအရာက ယွင်ကျုံးဟဲ့ကို အပြည့်အဝ အပြစ်တင်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် စာမေးပွဲ၏ အခက်အခဲက တကယ်ကို ရူးသွပ်လုမတတ် ဖြစ်နေသောကြောင့်ပင်။

အချို့သော မေးခွန်းများသည် စာမေးပွဲဖြေဆိုသူတို့အား ညှဉ်းပန်းနှိပ်စက်ရန်အတွက် သီးသန့်ထုတ်ထားခြင်း ဖြစ်၏။ မေးခွန်းထုတ်သည့် အဖွဲ့ကပင် ယခုတစ်ကြိမ် သင်္ချာဘာသာရပ်တွင် ပျမ်းမျှအမှတ် နှစ်ဆယ်ကျော်ရုံဖြင့် အောင်မြင်နိုင်ကြောင်း ကြိုတင်သတ်မှတ်ထားခဲ့သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့၏ အခြေအနေမှာ ကွဲပြားသည်။ အမှတ်ကိုး ကွမ်တမ်သည် သူ၏ဦးနှောက်ထဲတွင် နေရာယူထားခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်၏။

ယခုအခါ ကွမ်တမ် မရှိတော့သော်လည်း ယွင်ကျုံးဟဲ့တွင် ၎င်း၏တွက်ချက်မှုစွမ်းရည် ဆယ်ရာခိုင်နှုန်းခန့် ကျန်ရှိနေမည်မှာ သေချာသည်။ ထို့ကြောင့် ဤသင်္ချာမေးခွန်းများမှာ သူ့အတွက်မူ ခက်ခဲသည့်အရာ မဟုတ်တော့ပေ။

အခြားသူတို့သည် သင်္ချာမေးခွန်း တစ်ပုဒ်ဖြေဆိုရန် အစွမ်းကုန်ကြိုးစား၍ နာရီဝက်ခန့် အချိန်ပေးနေရသော်လည်း ယွင်ကျုံးဟဲ့မှာမူ ဆယ့်ငါးမိနစ်ခန့်ဖြင့် မေးခွန်းလွှာတစ်ခုလုံးကို အောင်မြင်စွာ ဖြေဆိုပြီးစီးသွားသည်။

နောက်ဆုံးအဆင့်အဖြစ် ရူပဗေဒမေးခွန်းလွှာကို ဖြေဆိုရန် ကျန်ရှိတော့သည်။ ဤဘာသာရပ်သည် စုစုပေါင်းအမှတ်၏ တစ်ဝက်ကို ရယူထားသည့် စာမေးပွဲ၏ အရေးအကြီးဆုံးအပိုင်း ဖြစ်၏။

သင်္ချာမေးခွန်းလွှာသည် ငရဲပြည်အဆင့်ဖြစ်ပါက ဤရူပဗေဒမေးခွန်းလွှာမှာ ငရဲပြည်၏ အထပ် တစ်ဆယ့်ရှစ်ဆင့်မြောက်အထိပင် နက်နဲလှ၏။ မေးခွန်းလွှာတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သဘာဝတရားနှင့် နက္ခတ္တဗေဒဆိုင်ရာ မေးခွန်းများ ပါဝင်နေသည်။

ဤကမ္ဘာတွင် ရူပဗေဒနိယာမ အများအပြားကို ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ၊ လျှပ်စစ်ပညာရပ်မှာ လုံးဝ ဗလာဖြစ်နေသည်။ သံလိုက်ဓာတ်နှင့်ပတ်သက်သည့် လေ့လာမှုများမှာလည်း အလွန်ရှေးကျနေသေးရာ သံလိုက်ဓာတ်ကို နက်နက်နဲနဲ မလေ့လာဘဲ လျှပ်စစ်ကို နားလည်ရန်မှာ အလွန်ခက်ခဲလှ၏။

သို့သော်ငြား အချို့သော ရူပဗေဒနှင့် ဓာတုဗေဒနယ်ပယ်များတွင်မူ အလွန်နက်ရှိုင်းသည့် အဆင့်အထိ လေ့လာထားကြသည်။ ယေဘုယျအဆင့်မှာ မြင့်မားခြင်းမရှိသော်လည်း တိကျသော အသေးစိတ် အချက်အလက်များ၌မူ အဆုံးအစမရှိ နက်ရှိုင်းနေသည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့သည် ဤရူပဗေဒမေးခွန်းလွှာကို မြင်လိုက်ရသည့်အခါ အံ့ဩမှင်တက်သွားရသည်။ ခေတ်သစ်ကမ္ဘာမှ သာမန်တက္ကသိုလ်ကျောင်းသားများပင် ဤမေးခွန်းလွှာကို မြင်ပါက အခြေအနေ နားမလည်နိုင်ဘဲ ကြောင်အမ်းသွားကြမည်မှာ အသေအချာပင်ဖြစ်၏။

“တာ့ယန်အင်ပါယာသစ်ဟာ တကယ်ကို ကြီးကျယ်ပါပေတယ်။ ယန်ရှင်းကျုံးဟာ ပညာရပ်သစ်တွေကို ဒီအဆင့်အထိ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ခဲ့တာ တကယ်ကို လေးစားဖို့ကောင်းတယ်။” ယွင်ကျုံးဟဲ့မှာ ထိုသို့ရေရွတ်ရင်း သက်ပြင်းချလိုက်မိသည်။

အချို့သော နည်းပညာရပ်များမှာ မပွင့်လင်းသေးသလို၊ ရူပဗေဒ၏ အမြင့်ဆုံးနိယာမအချို့ကို ဖော်ထုတ်ပေးမည့် ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခြင်းမရှိသေးသည်မှာ အလွန်နှမြောစရာ ကောင်းလှ၏။

ထိုသို့မဟုတ်ပါက တာ့ယန် အင်ပါယာသစ်၏ ယဉ်ကျေးမှုသည် တကယ်ကို ကြီးမားသော ပေါက်ကွဲမှုနှင့် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာနိုင်သည်။

ရူပဗေဒ၏ နိယာမကြီး သုံးခုနှင့် ပတ်သက်၍ တကယ်တမ်းတွင် ပညာရှင် အများအပြားက အစအနများကို တွေ့ရှိထားပြီးဖြစ်ကာ နယ်ပယ် အများအပြားတွင် လက်တွေ့ အသုံးပြုနေကြပြီး လူအများကလည်း အပြည့်အဝ နားလည်ထားကြ၏။

သို့ပေမည့် မည်သူကမှ ပွင့်ပွင့်လင်းလင်း မပြောသေးသလို စနစ်တကျ အကျဉ်းချုပ် ဖော်ပြထားခြင်းလည်း မရှိသေးပေ။

သေချာပေါက် ဤအရာများကို ဘေးဖယ်ထားလိုက်မည် ဆိုလျှင် ဤတစ်ကြိမ် အင်ပါယာ စာမေးပွဲ၏ ရူပဗေဒ စာမေးပွဲသည် ဖြေဆိုသူ အားလုံးအတွက် ငရဲပြည် အထပ်တစ်ဆယ့်ရှစ် အခက်အခဲမျိုး ဖြစ်နေသည်။

သို့ပေမည့် ယွင်ကျုံးဟဲ့ အတွက်မူ အားစိုက်ထုတ်စရာ မလိုသေးပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဦးနှောက်ကို အမှတ်ကိုး ကွမ်တမ်က ဖွံ့ဖြိုးအောင် လုပ်ပေးထားသောကြောင့် ဖြစ်၏။

မိနစ် သုံးဆယ်သာ အချိန်ယူလိုက်ပြီး သူသည် ရူပဗေဒ မေးခွန်းလွှာ အားလုံးကို ဖြေဆိုပြီးစီးသွားသည်။

ဘာသာရပ် သုံးခု စာမေးပွဲ၊ စုစုပေါင်း ခြောက်နာရီ အချိန်ပေးထားသော်လည်း ယွင်ကျုံးဟဲ့က တစ်နာရီသာ အချိန်ယူကာ အားလုံး ပြီးစီးသွား၏။

အဖြေများကို ပြန်စစ်ဆေးရန်ပင် မလိုအပ်ဘဲ စာမေးပွဲလွှာကို တိုက်ရိုက် အပ်နှံကာ ထွက်သွားတော့သည်။

လူတိုင်း အံ့ဩသွားကြ၏။ ‘တစ်နာရီတည်းနဲ့ အဖြေလွှာ အပ်လိုက်တယ်လား။ တကယ်ကို မေးခွန်းကိုတောင် နားမလည်ဘူးဆိုတာ သိသာတယ်။ ဒါက အရှေ့ဘက်လောကရဲ့ စာမေးပွဲနဲ့ မတူဘူးနော်။ မရေးတတ်ရင် လျှောက်ရေးလို့ ရတယ်။ ကျုပ်တို့ တာ့ယန် အင်ပါယာသစ်ရဲ့ အင်ပါယာ စာမေးပွဲမှာ ဒဿနိကဗေဒကလွဲရင် မတတ်ရင် မတတ်ဘူးပဲ။

ခြောက်နာရီ နေနေသာသာ၊ ခင်ဗျား ယွင်ကျုံးဟဲ့ကို ခြောက်နှစ် အချိန်ပေးရင်တောင် ခင်ဗျား ဖြေတတ်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အဖြေလွှာကို တိုက်ရိုက် အပ်လိုက်တာကမှ အသိဉာဏ်ရှိတဲ့သူတွေ လုပ်တဲ့ အလုပ်ပဲ။ အချိန်ဖြုန်းနေစရာ မလိုဘူး။’

ယွင်ကျုံးဟဲ့ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း စာမေးပွဲ ကြီးကြပ်ရေးမှူးက အလိုအလျောက် ခေါင်းငုံ့ကာ ထွက်ပြေးသွားသော အိမ်မဲ့ရာမဲ့ ခွေးတစ်ကောင်အဖြစ် ပုံဖော်လိုက်သည်။

‘မျှော်လင့်ချက်မဲ့တယ်၊ မှုန်မှိုင်းတယ်၊ ယွင်ကျုံးဟဲ့... အခု ခင်ဗျား ဘယ်လောက် နောက်ကျနေလဲ၊ ဘယ်လောက် မိုက်မဲနေလဲဆိုတာ သိပြီမလား။ ခင်ဗျားက အမွေးမရှိတဲ့ မျောက်ဆိုတာကို ဝန်ခံလိုက်ပြီမလား။

ကျုပ်တို့ရဲ့ ပညာရပ်သစ်တွေက ကောင်းကင်ပေါ်က ကြယ်တွေလိုပဲ။ ခင်ဗျား ရှင်းရှင်းလင်းလင်း မမြင်ရသလို ကိုင်တွယ်လို့လည်း မရဘူး။

ကျုပ်တို့ရဲ့ ဒုတိယ ကျောင်းအုပ် ကျီးချင့်လိုပဲ။ ခင်ဗျားလို မျောက်တစ်ကောင်က တပ်မက်လို့ ရမယ့်သူ မဟုတ်ဘူး။ ခင်ဗျား ဘယ်လောက်ပဲ ကောက်ကျစ်ပါစေ၊ ဘယ်လောက်ပဲ ကြိုးစားပါစေ ရေထဲက လကို ဆယ်နေသလိုပဲ။

ဘာလို့လဲဆိုတော့ ခင်ဗျားက မြေကြီးပေါ်မှာ ရှိနေပြီး ဒုတိယ ကျောင်းအုပ် ကျီးချင့်က ကောင်းကင်ပေါ်မှာ ရှိနေလို့ပဲ။ ကြည့်ရတာ ခင်ဗျားတို့ ကွာခြားမှု မရှိဘူးလို့ ထင်ရပေမယ့် တကယ်တော့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတယ်။’

ယွင်ကျုံးဟဲ့၏ စာမေးပွဲလွှာကို အစွမ်းထက် သိုင်းသမား လေးဦးက အင်ပါယာ တတိယ စာသင်ကျောင်း၏ အဓိက ရုံးခန်းသို့ ချက်ချင်း တိုက်ရိုက် ပို့ဆောင်ပေးလိုက်၏။

အထဲတွင် ပါမောက္ခ ဆယ်ဂဏန်းခန့် စောင့်ဆိုင်းနေကြပြီး သူတို့က ယွင်ကျုံးဟဲ့၏ စာမေးပွဲလွှာကို အတူတကွ ကြီးကြပ် စစ်ဆေးကြမှာ ဖြစ်သည်။

အကြွင်းမဲ့ တရားမျှတမှုကို သေချာစေရန် ဖြစ်သည်။ ကျီးချင့်နှင့် လီတောက်ချီတို့သည် ကာယကံရှင်များ ဖြစ်သောကြောင့် စစ်ဆေးခြင်းတွင် ပါဝင်ခွင့် မရှိပေ။

ပညာရှင် ကျူ့ယွီယန်သည် ယွင်ကျုံးဟဲ့နှင့် အတော်လေး ရင်းနှီးသော ဆက်ဆံရေး ရှိသောကြောင့် ဤစစ်ဆေးမှုကို ကြီးကြပ်ရန် ညတွင်းချင်း တတိယ စာသင်ကျောင်းသို့ ခေါ်ဆောင်ခံခဲ့ရသည်။

အတိုချုပ်ဆိုရလျှင် ယွင်ကျုံးဟဲ့၏ ရမှတ်နှင့် ပတ်သက်၍ အကြွင်းမဲ့ ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှု ရှိစေပြီး လုံးဝ ဖိနှိပ်မည် မဟုတ်ပေ။

ဒဿနိကဗေဒ ပါမောက္ခ ငါးဦး မတ်မတ် ထိုင်နေကြသည်။

“အဖြေလွှာ စစ်မယ်။”

ပထမဆုံး ဒဿနိကဗေဒ ပါမောက္ခက ယွင်ကျုံးဟဲ့၏ ဒဿနိကဗေဒ အဖြေလွှာကို ဖွင့်ကာ စတင် စစ်ဆေး၏။

သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ‘ဒီဘာသာရပ် သုံးခု စာမေးပွဲက အရမ်း ခက်တယ်။ ယွင်ကျုံးဟဲ့ အမှတ် ရနိုင်တာ ဆိုလို့ ဒဿနိကဗေဒ ဘာသာရပ် တစ်ခုပဲ ရှိတယ်။ စုစုပေါင်း အမှတ် ငါးဆယ်မှာ သူ ဆယ်မှတ်လောက်တော့ ရမှာပေါ့။

ဟုတ်တယ်။ အများဆုံး ဆယ်မှတ်ထက် မကျော်နိုင်ဘူး။ ဒါက ယွင်ကျုံးဟဲ့ရဲ့ အမြင့်ဆုံး အတိုင်းအတာပဲ။ ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ၊ အဆင့်မြင့် ပညာရေး မရရှိခဲ့တဲ့ အမွေးမရှိတဲ့ မျောက်ပဲလေ။’

သို့ပေမည့် ဆယ်မိနစ်အကြာတွင်...

ဤအဖြေလွှာကို စစ်ဆေးသော ဒဿနိကဗေဒ ပါမောက္ခများ လုံးဝ အံ့ဩမှင်တက်သွားကြသည်။

‘ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ ယွင်ကျုံးဟဲ့က လူလား၊ သရဲလား။’

သူက မနေနိုင်ဘဲ မေးလိုက်၏။ “ဒါ... နှစ်ပေါင်း သုံးရာအတွင်း အင်ပါယာ စာမေးပွဲမှာ ဒဿနိကဗေဒ အမြင့်ဆုံး ရမှတ် စံချိန်က ဘယ်လောက်လဲ။”

“၄၇ မှတ်...” လူတိုင်းက ဖြေလိုက်သည်။

ဤဒဿနိကဗေဒ ပါမောက္ခက တုန်ယင်စွာ ပြောလိုက်၏။ “ယွင်ကျုံးဟဲ့က သမိုင်းစံချိန်ကို ချိုးဖျက်သွားပုံပဲ။ အတိတ်မှာ ပြိုင်ဘက်ကင်းသလို အနာဂတ်မှာလည်း ရှိလာမှာ မဟုတ်ဘူး။”

ထိုစကားကို ကြားချိန်မှာတော့ ထိုနေရာရှိ လူအားလုံး အံ့ဩမှင်တက်သွားကြသည်။

“ယွင်ကျုံးဟဲ့ အမှတ် ဘယ်လောက်ရလဲ။” တစ်ယောက်က သတိထားကာ မေးလိုက်၏။

“မသိဘူး...”

စာမေးပွဲလွှာ စစ်ဆေးသော ဒဿနိကဗေဒ ပါမောက္ခက ပြောသည်။ “ကျုပ် အစွမ်းကုန် ကြိုးစားပြီးတော့ တစ်မှတ်လောက်တော့ လျှော့ချလို့ ရမယ် ထင်တယ်။ တကယ်ကို အစွမ်းကုန် ကြိုးစားခဲ့တာပါ။”

ထို့နောက် ထိုဒဿနိကဗေဒ ပါမောက္ခက ယွင်ကျုံးဟဲ့၏ စာမေးပွဲလွှာကို အခြား ဒဿနိကဗေဒ ပါမောက္ခ လေးဦးထံသို့ ကမ်းပေးလိုက်၏။

သူတို့က မယုံကြည်ကြပေ။ တာ့ယန် အင်ပါယာသစ်၏ ဒဿနိကဗေဒသည် ရုပ်ဝါဒ ဘက်သို့ တိမ်းညွတ်နေ သော်လည်း ဒဿနိကဗေဒ စာမေးပွဲ၏ အဖြေများသည် ကိုယ်ပိုင် အမြင်များ ဖြစ်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာလည်း ဖြစ်နိုင်သည်။

အချို့သော မေးခွန်းများသည် မှန်ကန်သော အဖြေဆိုသည်မှာ လုံးဝ မရှိပေ။ ထို့ကြောင့် အမှတ်လျှော့ရန် အကြောင်းပြချက် မရှာနိုင်ဘူးဆိုသည်ကို သူတို့ မယုံကြည်ကြပေ။

ထို့နောက် ဤဒဿနိကဗေဒ ပါမောက္ခ လေးဦးသည် အမှတ်လျှော့ရန် အချက်ကို ရှာဖွေရန်အတွက် ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ စဉ်းစားကြသည်။

ရလဒ်အနေဖြင့် တကယ့်ကို အမှတ်လျှော့ရန် နေရာ မတွေ့ရပေ။ အမှတ် ငါးဆယ်ဖိုး စာမေးပွဲလွှာတွင် တစ်မှတ်သာ မနည်း လျှော့ချနိုင်ခဲ့၏။

ထို့ထက် ပိုလျှော့လို့ မရတော့ပေ။ ပိုလျှော့မည် ဆိုပါက လိပ်ပြာ မလုံတော့ပေ။ မှန်ကန်သော အဖြေများထက်ပင် ပို၍ ကောင်းမွန်နေသည်။

၄၉ မှတ်ရသော ဒဿနိကဗေဒ စာမေးပွဲ အဖြေလွှာ....

သို့ပေမည့် ဤအရာက အစသာ ရှိသေးသည်။ သင်္ချာဘက်မှ စာမေးပွဲလွှာ စစ်ဆေးသော ပါမောက္ခသည်လည်း ယွင်ကျုံးဟဲ့၏ စာမေးပွဲလွှာကို စစ်ဆေးနေ၏။

အကြိမ်ကြိမ် စစ်ဆေးပြီးနောက် အက်ကွဲသော အသံဖြင့် မေးလိုက်သည်။ “ဒီနှစ် သင်္ချာ စာမေးပွဲ မေးခွန်းက အရမ်း လွယ်နေလို့လား။”

ချက်ချင်းပဲ လူတိုင်းက သူ့ကို ကြည့်လိုက်ကြ၏။

‘ဒါက လူပြောတဲ့ စကားလား။ ဒီနှစ် အင်ပါယာ စာမေးပွဲရဲ့ သင်္ချာ မေးခွန်းက ငရဲပြည် အဆင့်တောင် ရောက်နေပြီလေ။ သင်္ချာ ပါမောက္ခ ဆယ်ဂဏန်းခန့်က ဦးနှောက်ကို အစွမ်းကုန် အသုံးချပြီး အကောက်ကျစ်ဆုံး တွေးကာ ထုတ်ထားတဲ့ မေးခွန်းတွေလေ။ ခင်ဗျားက လွယ်တယ်လို့ ပြောသေးတာလား။ ဖြေဆိုသူတွေကို သေအောင် လုပ်ဖို့ ရည်ရွယ်ထားတာပဲ။’

ထို့နောက် ထိုသင်္ချာ ပါမောက္ခသည် ယွင်ကျုံးဟဲ့၏ စာမေးပွဲ အဖြေလွှာကို ဖြန့်ပြကာ ပြောလိုက်သည်။ “ခင်ဗျားတို့ ဒဿနိကဗေဒဘက်မှာ တစ်မှတ်လောက် မနည်း လျှော့ချလို့ ရသေးတယ်။ ဒီသင်္ချာ စာမေးပွဲလွှာမှာတော့ ကျုပ် အမှတ်ဝက်လေးတောင် လျှော့ချလို့ မရဘူး။”

‘အမှတ်ပြည့်လား။’

လူတိုင်း မနေနိုင်ဘဲ လေအေး တစ်ချက် ရှူသွင်းလိုက်ကြ၏။

‘ဒီလို ငရဲပြည် အဆင့် သင်္ချာ စာမေးပွဲလွှာမှာ အမှတ်ပြည့် ရတယ်လား။ ယွင်ကျုံးဟဲ့က လူလား၊ သရဲလား။’

ထို့နောက် ရူပဗေဒ ပါမောက္ခကလည်း ယွင်ကျုံးဟဲ့၏ စာမေးပွဲ အဖြေလွှာကို ဖြန့်ပြလိုက်သည်။

“ဒီစာမေးပွဲလွှာက ကျုပ် ကိုယ်တိုင်လည်း မေးခွန်းထုတ်တဲ့သူတွေထဲက တစ်ယောက်ပါ။ ရိုးရိုးသားသား ပြောရရင် ကျုပ်ကိုယ်တိုင် ဖြေရင်တောင် အမှတ်လျော့နိုင်သေးတယ်။ ဒါပေမဲ့ ယွင်ကျုံးဟဲ့ရဲ့ အဖြေလွှာမှာတော့ ကျုပ်လည်း အမှတ်ဝက်လေးတောင် လျှော့ချလို့ မရဘူး။”

ယွင်ကျုံးဟဲ့၏ ရူပဗေဒ စာမေးပွဲလွှာသည်လည်း အမှတ်ပြည့် ဖြစ်နေ၏။

‘ကောင်းကင်ဘုံ... ဒါ... ဒါက အရမ်း ကြောက်စရာကောင်းလွန်းတယ်။ ဒီလောကကြီးက အရမ်း ရူးသွပ်နေပြီပဲ။’

All Chapters