အခန်း (၇၄၇-၇၄၈)
Vol. 63 Ch. 747-748
အပိုင်း (၇၄၇)
စာမေးပွဲ အဖြေလွှာ စစ်ဆေးခြင်း ပြီးဆုံးသွားပြီး ယွင်ကျုံးဟဲ့၏ အမှတ်မှာ ၁၉၉ မှတ် ဖြစ်သည်။
နှစ်ပေါင်း သုံးရာ အတွင်း သမိုင်းတစ်လျှောက် အမြင့်ဆုံး ရမှတ်မှာ ၁၆၉ မှတ်သာ ရှိရာ ယွင်ကျုံးဟဲ့သည် သမိုင်းစံချိန်ကို ချိုးဖျက်ရုံသာမက စံချိန်ကို လုံးဝ မည်သူကမှ လိုက်မမီနိုင်သော အဆင့်အထိ တိုက်ရိုက် မြှင့်တင်လိုက်ခြင်း ဖြစ်၏။
ထိုနေရာရှိ ပါမောက္ခ နှစ်ဆယ်ကျော်သည် အသက်ရှူရပ်မတတ် တိတ်ဆိတ်နေကြသည်။
‘ဒါ... ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ယွင်ကျုံးဟဲ့က နောက်ကျပြီး ယိုယွင်းနေတဲ့ အရှေ့ဘက်လောက က လာတာလေ။ ဘယ်တုန်းကမှ အဆင့်မြင့် ပညာရေးကို မသင်ယူခဲ့ဖူးဘူး။’
“မေး... မေးခွန်း ပေါက်ကြားသွားတာများလား။” တစ်ယောက်က မေးလိုက်၏။
လူတိုင်းက သူ့ကို စိတ်မနှံ့သူ တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ကြသည်။
‘မေးခွန်း ပေါက်ကြားသွားရင်တောင်မှ ယွင်ကျုံးဟဲ့က မှန်ကန်တဲ့ အဖြေတွေကို ဘယ်က သွားရှာမှာလဲ။ တစ်ယောက်ယောက်က အဖြေတွေကို ပေးမှ ရမှာပေါ့။’
အဓိက အချက်မှာ မနေ့တည်းက ယွင်ကျုံးဟဲ့သည် အဆောင်ခန်းထဲတွင်သာ အမြဲတမ်း ရှိနေပြီး အပြင်သို့ တစ်လှမ်းမှ မထွက်ခဲ့ခြင်းပင်။
မည်သူက သူ့ကို မေးခွန်း ပေါက်ကြားအောင် လုပ်ပေးနိုင်မည်နည်း။ ထို့နောက် လူတိုင်း၏ အကြည့်များက ကျူ့ယွီယန်ထံသို့ ရောက်ရှိသွားသည်။
“ကျွန်မ ဘာမှ မသိဘူး။ ကျွန်မကို လာမကြည့်ကြနဲ့။” ကျူ့ယွီယန်က ပြောလိုက်၏။
ထို့နောက် လူတစ်ယောက်က ပြောသည်။ “သူ ကျုပ်တို့ တာ့ယန် အင်ပါယာသစ်ကို ရောက်လာတာ တစ်နှစ်ကျော်ပဲ ရှိသေးတယ်။ သူ နေ့တိုင်း စာကြည့်တိုက်မှာ စာသွားဖတ်တယ်လို့ ကြားတယ်။ ဒါတွေ အားလုံးက ကိုယ့်ဘာသာကိုယ် လေ့လာပြီး တတ်မြောက်လာတာများလား။ အဲ... အဲဒါဆိုရင်တော့ အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။”
တာ့ယန် အင်ပါယာသစ်၏ လုပ်ငန်းလုပ်ဆောင်မှု အရှိန်အဟုန်မှာ အလွန် မြန်ဆန်၏။
ယမန်နေ့က အင်ပါယာ စာမေးပွဲ ပြီးဆုံးသွားပြီးနောက် ထိုညတွင်ပင် စာမေးပွဲ အဖြေလွှာများကို စစ်ဆေး ပြီးစီးကာ ယနေ့ နံနက်တွင် ရလဒ်များကို ကြေညာသည်။
ခေတ်သစ် လူ့အဖွဲ့အစည်းတွင် အောင်စာရင်း ကပ်လေ့ မရှိတော့ပေ။ ကွန်ပျူတာဖြင့် စစ်ဆေးနိုင်သလို မိုဘိုင်းဖုန်းဖြင့်လည်း စစ်ဆေးနိုင်သည်၊ ဤအရာများ မရှိလျှင်လည်း ကျောင်း သို့မဟုတ် ပညာရေးမှူးရုံးသို့ သွားရောက် စစ်ဆေးနိုင်၏။
တာ့ယန် အင်ပါယာသစ်တွင်မူ အရှေ့တိုင်း အင်ပါယာများ၏ အောင်စာရင်း ကပ်သည့် အစဉ်အလာကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ လူရာဂဏန်းခန့်သာ ရှိသောကြောင့်ပင်။
ရလဒ်များကို စောင့်ဆိုင်းနေစဉ် ဖြေဆိုသူ အများအပြားသည် အချင်းချင်း တီးတိုး စကားပြောဆိုနေကြပြီး ဝမ်းနည်းပူဆွေးနေကြသည်။
‘ဒီတစ်ကြိမ် စာမေးပွဲက အရမ်း ခက်လွန်းတယ်။ အထူးသဖြင့် ရူပဗေဒ ဘာသာရပ်က ငရဲပြည် အထပ်တစ်ဆယ့်ရှစ်လိုပဲ လူတွေကို မျှော်လင့်ချက်မဲ့သွားစေလောက်အောင် ခက်ခဲတယ်။’
လူတိုင်းက ရူပဗေဒ ဘာသာရပ်၏ အောင်မှတ် မည်မျှ ဖြစ်မည်နည်း ဆိုသည်ကို ခန့်မှန်းနေကြ၏။
“ဒီတစ်ကြိမ် အရမ်း ခက်လွန်းတော့ အောင်မှတ်က ၁၁၅ လောက်ပဲ ရှိမယ် ထင်တယ်။”
“ကျုပ်ကတော့ ၁၁၀ လောက်ပဲ ရှိမယ် ထင်တယ်။”
လူတိုင်း ခန့်မှန်းသော အမှတ်များက တစ်ယောက်ထက် တစ်ယောက် ပိုနည်းနေကြသည်။
မကြာမီ ဤတစ်ကြိမ် ရူပဗေဒ ဘာသာရပ်၏ အောင်မှတ် ထွက်ပေါ်လာသည်။ ၁၀၅ မှတ် ဖြစ်သည်။
လူတိုင်း လေအေး တစ်ချက် ရှူသွင်းလိုက်ကြသည်။ လူနှစ်ထောင်တွင် လူတစ်ရာသာ ဝင်ခွင့်ရမည်ဖြစ်ပြီး ၅ ရာခိုင်နှုန်း ဝင်ခွင့်ရနှုန်း ဖြစ်ကာ အောင်မှတ်ကို ၁၀၅ မှတ်အထိ ချထားခြင်း ဖြစ်သည်။ ၎င်းမှာ နှစ်ပေါင်း သုံးရာ အတွင်း ပျမ်းမျှ အောင်မှတ်ထက် ၁၄ မှတ် ပိုနည်းနေ၏။
ဤတစ်ကြိမ် စာမေးပွဲ၏ အခက်အခဲသည် မည်မျှလောက်အထိ ကောင်းကင်ကို တုန်လှုပ်စေပြီး သရဲတစ္ဆေများကို ငိုကြွေးစေနိုင်ကြောင်း သိသာလှသည်။
ထို့နောက် တွေးစရာ တစ်ခုတည်းသာ ကျန်ရှိတော့သည်။ ဤတစ်ကြိမ်တွင် ယွင်ကျုံးဟဲ့ အမှတ် မည်မျှ ရမည်နည်း။
စာမေးပွဲ အဖြေလွှာများကို စစ်ဆေးရာတွင် ပါဝင်သော၊ သို့မဟုတ် ကြီးကြပ်သော ပါမောက္ခ နှစ်ဆယ်ကျော်သည် ခြံဝင်းအတွင်း၌ အမြဲတမ်း ပိတ်လှောင်ခံထားရသည်။
ထို့ကြောင့် အပြင်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို မည်သူကမှ မသိကြသေးပေ။
ယနေ့ လူသောင်းချီ၍ အောင်စာရင်း လာကြည့်ကြခြင်းမှာ ယွင်ကျုံးဟဲ့ အမှတ် ဘယ်လောက် ရသနည်း ဆိုသည်ကို သိချင်သောကြောင့် ဖြစ်သည်။
‘ဒီလေလုံးထွားတဲ့ မျောက်က အခုတော့ သူ့ရဲ့ နောက်ကျမှုနဲ့ မိုက်မဲမှုကို သိလောက်ပြီပေါ့။ တာ့ယန် အင်ပါယာသစ်ရဲ့ အသိပညာက ဘယ်လောက်တောင် တိုးတက်နေလဲ။ ဘယ်လောက်တောင် ခက်ခဲလဲ ဆိုတာကို သိလောက်ပြီပေါ့။
ယွင်ကျုံးဟဲ့က သေချာပေါက် အမှတ် နှစ်ဆယ်တောင် ကျော်မှာ မဟုတ်ဘူး။ ဒုတိယ ကျောင်းအုပ် ကျီးချင့်လည်း နောက်ဆုံးတော့ လွတ်လပ်ခွင့် ရသွားတော့မယ်။ သူနဲ့ ကွာရှင်းလို့ ရသွားတော့မယ်။’
အင်ပါယာ တတိယ စာသင်ကျောင်း၏ ကျောင်းအုပ်က သက်ပြင်းချကာ ပြောလိုက်၏။ “ကျုပ် ဘယ်လို ထွက်သွားရမလဲတောင် မသိတော့ဘူး။”
အကယ်၍ ဤအောင်စာရင်းကို ကပ်လိုက်ပါက အခြေအနေ တစ်ခုလုံး ပေါက်ကွဲထွက်သွားမည်မှာ သေချာသည်။
“အောင်စာရင်း ကပ်တော့။” ကျောင်းအုပ်အချို့၏ အမိန့်ပေးသံနှင့်အတူ အင်ပါယာ ပထမ၊ ဒုတိယ၊ တတိယ စာသင်ကျောင်းများ အားလုံး တပြိုင်နက်တည်း အောင်စာရင်း ကပ်လိုက်ကြ၏။
ထို့နောက် တည်နေရာတစ်ခုလုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်သွား၏။ မရေမတွက်နိုင်သော လူများက မိမိတို့၏ မျက်လုံးများကို လုံးဝ မယုံကြည်နိုင်ဘဲ အားကုန် ပွတ်သပ်နေကြသည်။
‘ဒါ... ဒါက သရဲ ခြောက်တာလား။ ကျုပ် အိပ်မက် မက်နေတာလား။ ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာလား။ ဒါမှမဟုတ် တာ့ယန် အင်ပါယာသစ်မှာ ယွင်ကျုံးဟဲ့လို့ နာမည်ရတဲ့ နောက်တစ်ယောက် ရှိနေသေးတာလား။’
အဘယ်ကြောင့်ဆိုသော် ဂုဏ်ထူးဆောင် စာရင်းပေါ်ရှိ ပထမဆုံး နာမည်မှာ ယွင်ကျုံးဟဲ့ ဖြစ်နေသောကြောင့်ပင်။
ဘာသာရပ် သုံးခု၏ အမှတ်များမှာ ၄၉၊ ၅၀၊ ၁၀၀ အသီးသီး ဖြစ်ပြီး စုစုပေါင်း အမှတ် ၁၉၉ မှတ် ဖြစ်သည်။
‘သောက်ကျိုးနည်း... ဒါက ကောင်းကင်ကို အန်တုနေတာပဲ။ သမိုင်းတစ်လျှောက် အမြင့်ဆုံး အမှတ်ထက် အမှတ် သုံးဆယ်တိတိ ပိုများနေတယ်။ တကယ်ကို အတိတ်မှာ ပြိုင်ဘက်ကင်းသလို အနာဂတ်မှာလည်း ရှိလာမှာ မဟုတ်ဘူး။’
ထိုနေရာရှိ လူအားလုံး အချင်းချင်း ကြည့်ကာ ကြောင်အနေကြသည်။ ဤအခြေအနေမှာ တာ့ကျိုး အင်ပါယာတွင် ဆိုပါက လူအချို့က မေးခွန်း ပေါက်ကြားသည်ဟု အော်ဟစ်နေကြလောက်ပြီ ဖြစ်၏။
ထိုအချိန်က ပြည်နယ် စာမေးပွဲတွင် ရန်သူများက ယွင်ကျုံးဟဲ့ မေးခွန်း မခိုးချကြောင်း သိသိရက်နှင့်ပင် မေးခွန်း ပေါက်ကြားသည်ဟု အော်ဟစ်ခဲ့ကြပြီး ကျောင်းသား သောင်းချီကို ခေါ်ဆောင်ကာ ကွန်ဖြူးရှပ် ကျောင်းတော်တွင် ငိုကြွေးခဲ့ကြသည်။
သို့ပေမည့် တာ့ယန် အင်ပါယာသစ်တွင်မူ လူသောင်းချီက ယွင်ကျုံးဟဲ့၏ ဤအမှတ်ကို မြင်တွေ့လိုက်ရ ချိန်မှာတော့ အံ့ဩမှင်တက်သွားသည်၊ ကြောင်အမ်းသွားသည်၊ ခေါင်းတွေ ထုံကျင်သွားသည်၊ မယုံကြည် နိုင်အောင် ဖြစ်သွားကြ၏။ သို့ပေမည့် မည်သူကမှ မေးခွန်း ပေါက်ကြားသည်ဟု မအော်ဟစ်ကြပေ။
ထို့နောက် မရေမတွက်နိုင်သော လူများက ယွင်ကျုံးဟဲ့၏ စာမေးပွဲ အဖြေလွှာများကို သွားရောက် စစ်ဆေး ကြည့်ရှုကြသည်။ ထို့နောက် ထပ်မံ၍ အံ့ဩမှင်တက်သွားကြပြန်၏။
‘ကောင်းကင်ဘုံ... ယွင်ကျုံးဟဲ့က လူမှ မဟုတ်တာ။ ဒါ... ဒါက အရမ်း တော်လွန်းနေပြီ မဟုတ်ဘူးလား။’
ထို့နောက် မြို့တော်ရှိ စာသင်ကျောင်းကြီးများမှ ခေါင်းဆောင်များသည် လျှို့ဝှက် အစည်းအဝေး တစ်ခုကို ကျင်းပခဲ့ကြသည်။
ယွင်ကျုံးဟဲ့၏ ဤရလဒ်ကို ရင်ဆိုင်ရာတွင် မည်သို့ လုပ်ဆောင်သင့်သနည်း။ ဖိနှိပ်မလား။ ဖုံးကွယ်မလား။ ခိုးချတယ်လို့ စွပ်စွဲမလား။ ဤအရာများ အားလုံးက မဖြစ်နိုင်ပေ။
တာ့ယန် အင်ပါယာသစ်က ဒဿနိကဗေဒကို အဘယ်ကြောင့် ဤမျှ အလေးထားပြီး ငယ်စဉ်တည်းက မဖြစ်မနေ ဖြေဆိုရသည့် ဘာသာရပ် အဖြစ် သတ်မှတ်ထားသနည်း။
ဤသည်မှာ လူတိုင်းကို ငယ်စဉ်တည်းက လက်တွေ့ကျကျ နေထိုင်တတ်စေရန်၊ အမှန်တရားကို အခြေခံ၍ အမှန်တရားကို ရှာဖွေသည့် စည်းမျဉ်းကို တင်းကျပ်စွာ လိုက်နာတတ်စေရန် သင်ကြားပေးခြင်း ဖြစ်သည်။
ထို့ကြောင့် ယွင်ကျုံးဟဲ့၏ အမှတ် ထွက်ပေါ်လာပြီဖြစ်ရာ လူတိုင်းက ဤအချက်ကို သေချာပေါက် အသိအမှတ် ပြုရမှာဖြစ်ပြီး မိမိကိုယ်ကိုယ် လှည့်စားခြင်းသည် အရှက်ရစရာ ဖြစ်သည်။
အမှတ် ထွက်ပေါ်လာပြီးနောက် လူတိုင်းက ဘာမှ မသိသလို ဟန်ဆောင်နေကြမည်လား။ ထိုအရာကလည်း မဖြစ်နိုင်ပေ။
“ယွင်ကျုံးဟဲ့ကို အင်ပါယာ ပါရဂူ အဖြစ် တရားဝင် လက်ခံဖို့ ကျုပ် အကြံပြုပါတယ်။”
“ထောက်ခံပါတယ်။”
“ထောက်ခံပါတယ်။”
“ထောက်ခံပါတယ်။”
ထိုသို့ဖြင့် စာသင်ကျောင်းကြီးများမှ ခေါင်းဆောင်များသည် ယွင်ကျုံးဟဲ့၏ နာမည်ကို ဤတစ်ကြိမ် အင်ပါယာ ပါရဂူ စာရင်းတွင် ထည့်သွင်းလိုက်ပြီး ပထမ နေရာတွင် ထားရှိကာ အထက်လွှတ်တော်သို့ အတည်ပြုချက် ရယူရန် တင်ပြလိုက်သည်။
ဝင်ခွင့်ပြုမည့် လူဦးရေ ငါးရာမှာ အတူတူပင်ဖြစ်ပြီး ယွင်ကျုံးဟဲ့ တစ်ယောက် တိုးလာသောကြောင့် နောက်ထပ် တစ်နေရာ ထပ်တိုးမည် မဟုတ်ပေ။
ထိုအချိန်မှစ၍ ယွင်ကျုံးဟဲ့သည် အင်ပါယာ ပါရဂူ တစ်ဦး တရားဝင် ဖြစ်လာခဲ့၏။ သူသည် တာ့ယန် အင်ပါယာသစ် တစ်ခုလုံးကို စိန်ခေါ်ပိုင်ခွင့် ရရှိသွားပြီဖြစ်ပြီး စိန်ခေါ်စာ ပေးပို့ပိုင်ခွင့်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် မြို့တော် တစ်ခုလုံး၊ တာ့ယန် အင်ပါယာသစ် တစ်ခုလုံးရှိ မျက်လုံး အားလုံးက ယွင်ကျုံးဟဲ့ကို စောင့်ကြည့်နေကြသည်။ ပထမဆုံး စိန်ခေါ်စာကို သူ ဘယ်သူ့ကို ပေးပို့မည်နည်း။
မကြာမီ ရလဒ် ထွက်ပေါ်လာသည်။ ရှစ်ယီ၊ တာ့ယန် အင်ပါယာသစ်၏ အနုပညာရှင်ကြီး၊ ဂီတ နံပါတ်တစ် ပုဂ္ဂိုလ်၊ ရာစုနှစ် တစ်ခုအတွင်း တာ့ယန် အင်ပါယာသစ်၏ နံပါတ်တစ် ဂီတပညာရှင်ကြီး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။
သေချာပေါက် သူ့တွင် နောက်ထပ် အဆင့်အတန်း တစ်ခု ရှိသေး၏။ ထိုအရာမှာ ဒုတိယ ကျောင်းအုပ် ကျီးချင့်ကို ကြည်ညိုသူ တစ်ဦး ဖြစ်၏။
ယွင်ကျုံးဟဲ့သည် အင်ပါယာ အနုပညာ စာသင်ကျောင်းသို့ တရားဝင် သွားရောက်ကာ ပါမောက္ခ ရှစ်ယီ ထံသို့ စိန်ခေါ်စာ ပေးပို့ခဲ့သည်။
သူ တစ်ယောက်တည်းဖြင့် တာ့ယန် အင်ပါယာသစ် တစ်ခုလုံးကို စိန်ခေါ်မည့် ခရီးစဉ်ကို တရားဝင် စတင်လိုက်ပြီ ဖြစ်၏။
တာ့ယန် အင်ပါယာသစ်၏ နံပါတ်တစ် ဂီတပညာရှင်ကြီး ရှစ်ယီ သည်လည်း တရားဝင် စိန်ခေါ်မှုကို လက်ခံလိုက်သည်။
တတိယလ ဆယ့်သုံးရက်နေ့တွင် အင်ပါယာ အနုပညာပြခန်း၌ တေးဂီတ ဖျော်ဖြေပွဲ တစ်ခု ကျင်းပမှာ ဖြစ်သည်။ ဤသည်မှာ ယွင်ကျုံးဟဲ့နှင့် တာ့ယန် အင်ပါယာသစ်တို့၏ ပထမဆုံး တိုက်ပွဲဖြစ်ပြီး ချက်ချင်းပဲ အင်ပါယာ တစ်ခုလုံးကို ပေါက်ကွဲသွားစေခဲ့၏။
တတိယလ ဆယ့်သုံးရက်နေ့ ရောက်ရန် ဆယ်ရက် လိုသေး၏။ မရေမတွက်နိုင်သော လူများက ဤတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရန်အတွက် မြို့တော်သို့ အပြေးအလွှား လာရောက်ကြသည်။
ဟုတ်ပေသည်။ ဤသည်မှာ တိုက်ပွဲ တစ်ခု ဖြစ်သည်။ ဤသည်မှာ တာ့ယန် အင်ပါယာသစ်၏ အနုပညာကို ကာကွယ်မည့် တိုက်ပွဲ တစ်ခု ဖြစ်၏။
ထိုစာမေးပွဲ အပြီးတွင် မည်သူကမှ ယွင်ကျုံးဟဲ့ကို အထင်မသေးရဲတော့ဘဲ အားလုံးက သူ့ကို အလေးအနက် ထားလာကြ၏။ သို့ပေမည့် လူတိုင်းက ရှစ်ယီ ရှုံးမည် မဟုတ်ဟု ထင်မြင်နေကြဆဲပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တာ့ယန် အင်ပါယာသစ်၏ ဂီတပုံစံသည် လုံးဝ ကွဲပြားခြားနားပြီး ပိုမို တိုးတက်ကာ ပိုမို တုန်လှုပ်ဖွယ် ကောင်းသောကြောင့်ပင်။
အရှေ့တိုင်း အင်ပါယာ၏ ရှေးဟောင်း ဂီတသည်လည်း မဆိုးသော်လည်း လွှမ်းမိုးနိုင်စွမ်းမှာ အလွန် နည်းပါးလှသည်။
အရှေ့ဘက်လောက၏ ဂီတသည် ကိုယ်ပိုင် ဉာဏ်အလင်းပွင့်မှုဘက်သို့ ပိုမို တိမ်းညွတ်ပြီး မြင့်မြတ်မှုကို ရှာဖွေကာ အသံ၏ ရိုက်ခတ်မှု စွမ်းအားမှာ တာ့ယန် အင်ပါယာသစ်ကို မမီနိုင်ပေ။
ထို့အပြင် ရှစ်ယီ သည် ဂီတတွင် အာရုံစိုက်လာခဲ့သည်မှာ အနှစ်သုံးဆယ် ရှိနေပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် အရှေ့ဘက်လောကတွင် စောင်းတီးခဲ့ဖူးသော်လည်း ရှေးဟောင်းစောင်းဖြစ်စေ၊ ကုချင်း ဖြစ်စေ တာ့ယန် အင်ပါယာသစ်မှ လူများက မနှစ်သက်ကြပေ။
‘ယွင်ကျုံးဟဲ့... ခင်ဗျားရဲ့ ကျွမ်းကျင်မှုက ဘယ်လောက်ပဲ ကောင်းကင်ပေါ် ရောက်နေပါစေ၊ မကြိုက်ဘူးဆိုရင် မကြိုက်ဘူးပဲ။’
အပိုင်း (၇၄၈)
အင်ပါယာ အနုပညာ စာသင်ကျောင်း အတွင်းတွင်...
နာမည်ကြီး ဂီတပညာရှင် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြပြီး သူတို့၏ ဂန္ထဝင် တေးသီချင်းများကို အသီးသီး လာရောက် ပေးအပ်ကြသည်။
ရှစ်ယီ သည် ပါရမီရှင် တစ်ဦးဖြစ်ပြီး ဂီတစွမ်းရည် အလွန် မြင့်မားသော်လည်း ဂီတပညာရှင်များ ကြားတွင် လူမှုဆက်ဆံရေး သိပ်မကောင်းလှပေ။
အဘယ်ကြောင့်ဆိုသော် သူသည် အလွန် လွတ်လပ်ပေါ့ပါးလွန်းပြီး မိန်းမ အရမ်း ရှုပ်သောကြောင့် လူတွေကို မနာလို ဖြစ်စေသည်။
ထို့အပြင် သူသည် အလွန် မောက်မာပြီး ဒီလူက မကောင်းဘူး၊ ဟိုလူက မကောင်းဘူးဟု မကြာခဏ ဝေဖန်တတ်ကာ ဤလောကတွင် သူတစ်ယောက်တည်းကသာ အတော်ဆုံးဟု ထင်မြင်နေသကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် အခြား ဂီတပညာရှင်များက သူ့ကို သိပ်မနှစ်သက်ကြပေ။
သို့ပေမည့် ဤတစ်ကြိမ်တွင်မူ အင်ပါယာ တစ်ခုလုံးမှ ဂီတပညာရှင်များ အားလုံးနီးပါး ရောက်ရှိလာကြသည်။ တေးသီချင်းများကို ပေးအပ်ရုံသာမက သူ၏ တေးဂီတ အဖွဲ့တွင် ပါဝင်ကာ သူ၏ အရန် အဖြစ် လုပ်ဆောင်ရန်ပင် ဆန္ဒရှိကြ၏။
ထို့ကြောင့် ရှစ်ယီ ဘက်မှ တေးဂီတ အဖွဲ့၏ ဖွဲ့စည်းပုံမှာ ပို၍ ပို၍ ခမ်းနားလာ၏။ မည်သူ့ကို ရွေးချယ် လိုက်သည်ဖြစ်စေ အားလုံးက နာမည်ကြီး ပညာရှင်များသာ ဖြစ်ကြသည်။
ထိုမျှမက သူသည် တေးသီချင်း ငါးပုဒ်ကို သေချာစွာ ရွေးချယ်ထားပြီး အားလုံးက နှစ်ရာချီ ကြာမြင့်ခဲ့သော အထူး ဂန္ထဝင် သီချင်းများချည်း ဖြစ်၏။
အတိုချုပ်ဆိုရလျှင် ဤတေးဂီတ ဖျော်ဖြေပွဲ တိုက်ပွဲအတွက် ရှစ်ယီသည် အခမ်းနားဆုံး ဖွဲ့စည်းပုံနှင့် ထိပ်တန်း တေးသီချင်းများကို ထုတ်ယူလာခဲ့သည်။
သူတစ်ယောက်တည်း တိုက်ခိုက်နေခြင်း မဟုတ်ဘဲ အင်ပါယာ တစ်ခုလုံး၏ ဂီတလောကက သူ၏ နောက်ကွယ်တွင် ရပ်တည်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တိုက်ပွဲ တစ်ခု ဖြစ်သောကြောင့်ပင်။
ယွင်ကျုံးဟဲ့သည် နောက်ကျနေသော အရှေ့ဘက်လောကကို ကိုယ်စားပြုပြီး တာ့ယန် အင်ပါယာသစ်ကို သိမ်းပိုက်မည့် တိုက်ပွဲ စတင်ခဲ့ခြင်း ဖြစ်သည်။
အင်ပါယာ စာမေးပွဲတွင် ယွင်ကျုံးဟဲ့သည် ဖြေဆိုသူ ထောင်ချီကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူခဲ့ပြီး စစ်တိုက်ခွင့်ကို ရရှိခဲ့သည်။ ဤပထမဆုံး တိုက်ပွဲအတွက် သူက ဂီတကို ရွေးချယ်ခဲ့၏။
အကယ်၍ ယွင်ကျုံးဟဲ့သာ အနိုင်ရသွားပါက အင်ပါယာ၏ အနုပညာ စစ်မြေပြင်တွင် ရှုံးနိမ့်သွားပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
တာ့ယန် အင်ပါယာသစ်တွင် အနုပညာသည် စစ်ရေးလောက် မကြီးမားသလို ရူပဗေဒလောက်လည်း မကြီးမားသော်လည်း ၎င်းသည် အင်ပါယာ ယဉ်ကျေးမှု တစ်ခုလုံး၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်နေ၏။
အနုပညာသည် စိတ်ထားကို ပြုစုပျိုးထောင်ပေးပြီး အနုပညာသည် ယဉ်ကျေးမှု တစ်ခုလုံးကို အကောင်းဆုံး ဖော်ပြနိုင်သည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။
အကယ်၍ အနုပညာ စစ်မြေပြင်တွင် ရှုံးနိမ့်သွားပါက တာ့ယန် အင်ပါယာသစ်၏ ဂုဏ်ယူစရာ ယဉ်ကျေးမှုသည်လည်း ထောင့်တစ်နေရာမှ ပြိုကျသွားပေလိမ့်မည်။
ကျီးချင့်သည် နောက်ဆုံးတွင် ရှောင်ဖယ်မနေတော့ဘဲ အင်ပါယာ အနုပညာ စာသင်ကျောင်းသို့ ကိုယ်တိုင် သွားရောက်ခဲ့သည်။
ရှစ်ယီ သည် ဇာတ်တိုက် လေ့ကျင့်နေသည်။ လူတစ်ရာကျော် ပါဝင်သော တေးဂီတ အဖွဲ့ကြီးဖြစ်ပြီး အင်ပါယာ တစ်ခုလုံးမှ နာမည်ကြီး ပညာရှင်များ အားလုံး ဤနေရာတွင် ရှိနေကြ၏။
‘ဒါက တကယ်ကို နိုင်ငံ တစ်နိုင်ငံက လူတစ်ယောက်ကို တိုက်ခိုက်တာပဲ။ ဒါက လောကမှာ အခမ်းနားဆုံး တေးဂီတ ဖျော်ဖြေပွဲ တစ်ခု ဖြစ်လာလိမ့်မယ်။’
ရှစ်ယီက ကျီးချင့်ကို ပြောလိုက်သည်။ “ကျုပ် သူနဲ့ တစ်ခါမှ မတိုက်ခိုက်ချင်ခဲ့ဘူး။ ကျုပ် လိုချင်တာက အတိတ်မှာရော၊ အနာဂတ်မှာပါ ပြိုင်ဘက်ကင်းမယ့် အထွတ်အထိပ် တေးဂီတ ဖျော်ဖြေပွဲ တစ်ခုပဲ။ အနုပညာဆိုတာ စာဖတ်တာနဲ့ မတူဘူး၊ မေးခွန်း ဖြေတာနဲ့လည်း မတူဘူး။ ယွင်ကျုံးဟဲ့က အနုပညာကို နားမလည်ဘူး။
အနိုင်အရှုံးလား။ ကျုပ် တစ်ခါမှ ဂရုမစိုက်ခဲ့ဘူး။ သူ့ကို နိုင်ရင်တောင် တရားမျှတမှု မရှိသလိုပဲ ခံစားရတယ်။ ကျုပ် လိုချင်တာက ကျုပ်အင်ပါယာရဲ့ ဂုဏ်ကျက်သရေကို အမြင့်ဆုံးအထိ ဖျော်ဖြေပြသဖို့ပဲ။”
ယေဘုယျအားဖြင့် တေးဂီတ ဖျော်ဖြေပွဲ တစ်ခုသည် လူတစ်ယောက်တည်းဖြင့် မလုံလောက်ဘဲ တေးဂီတ အဖွဲ့ တစ်ခုလုံး၏ ပူးပေါင်းပါဝင်မှု လိုအပ်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့တွင် တေးဂီတ အဖွဲ့ မရှိပေ။
တတိယလ သုံးရက်နေ့တွင် မိဖုရား တူရှားသည် မြို့တော်သို့ ဝင်ရောက်လာပြီး ယွင်ကျုံးဟဲ့အတွက် တေးဂီတ အဖွဲ့ တစ်ဖွဲ့ကို ခေါ်ဆောင်လာခဲ့သည်။ ဤတေးဂီတ အဖွဲ့သည် သူမ၏ စံအိမ်မှ လာခြင်းဖြစ်ပြီး သူမက ကျွေးမွေးထားခြင်း ဖြစ်၏။
သို့ပေမည့် မိဖုရား တူရှားသည် အနုပညာကို သိပ်မနှစ်သက်သလို ဂီတကိုလည်း သိပ်မနှစ်သက်သောကြောင့် ဤတေးဂီတ အဖွဲ့ကို သူမ ကျွေးမွေးထားရုံ သက်သက်သာဖြစ်ပြီး ဖျော်ဖြေခွင့် အခြေခံအားဖြင့် မရှိသလောက်ပင် ဖြစ်သည်။
ထို့ကြောင့် ဤတေးဂီတ အဖွဲ့မှ အဖွဲ့ဝင် အများစုသည် အင်ပါယာ အနုပညာ စာသင်ကျောင်းမှ ဘွဲ့ရခဲ့ကြသော်လည်း အများစုမှာ ကျရှုံးသူများသာ ဖြစ်ကြသည်။ ကျရှုံးသော တေးဂီတ ပညာရှင် တစ်ယောက်သာလျှင် တူရှား စံအိမ်သို့ သွားရောက်၍ ထမင်းစားမှာ ဖြစ်၏။
ထို့အပြင် လူအများအပြားက အကြံအစည် တစ်ခု ရှိကြသည်။ တူရှား စံအိမ်သို့ သွားခြင်းသည် တေးဂီတ ဖျော်ဖြေရန် လုံးဝ မဟုတ်ဘဲ မိဖုရား တူရှားနှင့် နီးစပ်ရန်နှင့် ပျော်တော်ဆက်ယောက်ျား ဖြစ်လာရန်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ထိုအဖွဲ့သည် တတိယတန်းစား တေးဂီတ အဖွဲ့ တစ်ဖွဲ့သာ ဖြစ်သည်။
မိဖုရား တူရှားတွင် မြို့တော်၌လည်း ရဲတိုက် တစ်ခု ရှိသည်။ ယွင်ကျုံးဟဲ့သည် ရှောင်ဖယ်မနေဘဲ အသစ် တည်ဆောက်ထားသော စန္ဒရားကြီးနှင့် တေးဂီတ အဖွဲ့ကို ခေါ်ဆောင်ကာ ဤရဲတိုက် အတွင်းသို့ ဝင်ရောက်ပြီး နေ့စဉ်နှင့်အမျှ ဇာတ်တိုက် လေ့ကျင့်မှုများကို စတင်ခဲ့၏။
သေချာပေါက် ဤသည်မှာ တရားမျှတမှု မရှိသော တိုက်ပွဲ တစ်ခု ဖြစ်၏။ ရှစ်ယီဘက်တွင် ခမ်းနားသော တေးဂီတ အဖွဲ့ ဖွဲ့စည်းပုံ ရှိပြီး အားလုံးက ထိပ်တန်း နာမည်ကြီး ပညာရှင်များ ဖြစ်ကြကာ ဖျော်ဖြေမည့် တေးသီချင်းများကလည်း အထူး ဂန္ထဝင် သီချင်းများ ဖြစ်ကြသည်။
ယွင်ကျုံးဟဲ့ ဘက်တွင်မူ မိဖုရား တူရှား ခေါ်ဆောင်လာသော တောကြက် တေးဂီတအဖွဲ့ကိုသာ အသုံးပြုရမှာ ဖြစ်ပြီး တာ့ယန် အင်ပါယာသစ်၏ မည်သည့် တေးသီချင်းကိုမှ အသုံးပြုခွင့် မရှိပေ။
အရှေ့ဘက်လောက၏ တေးသီချင်းများကို အသုံးပြုမည်လား။ ထိုအရာများက ဤနေရာတွင် ဖျော်ဖြေရန် လုံးဝ မသင့်တော်ဘဲ မည်သူကမှ နှစ်သက်မည် မဟုတ်ပေ။ ထို့ကြောင့် ယွင်ကျုံးဟဲ့သည် တေးသီချင်းသစ်များကို ပြန်လည် ရေးသားရပေလိမ့်မည်။
သို့ပေမည့် တေးသီချင်း ဆိုသည်မှာ အနုပညာ ဖြစ်ပြီး စိတ်ကူးဉာဏ်ကို အခြေခံရမည် ဖြစ်ရာ ထိုသို့ ရေးသားရန် လွယ်ကူပါမည်လား။
ရှစ်ယီ အသုံးပြုရန် ပြင်ဆင်ထားသော တေးသီချင်းများသည် နှစ်ရာချီ ကြာမြင့်ခဲ့သော ဂန္ထဝင် သီချင်းများ ဖြစ်ပြီး သဲထဲမှ ရွှေကို စစ်ထုတ်ထားခြင်း ဖြစ်၏။ ၎င်းတို့သည် အင်ပါယာ တစ်ခုလုံး၏ နှစ်ရာချီသော အနုပညာရှင်ကြီးများ၏ အနှစ်သာရများ ဖြစ်သည်။
ထို့ကြောင့် သူသည် တစ်ဖက်သတ် အသာစီးရနေ၏။ ဤသည်မှာ အင်ပါယာ စာမေးပွဲနှင့် မတူဘဲ တစ်ကိုယ်ရည် စွမ်းရည်အပေါ် မှီခို၍ ရနိုင်သည် မဟုတ်ပေ။
ဤအရာက အဖွဲ့အစည်းကို ယှဉ်ပြိုင်ရခြင်း ဖြစ်ပြီး အင်ပါယာ၏ အခြေခံ အုတ်မြစ်ကို ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ရှစ်ယီ၏ နောက်ကွယ်တွင် အင်ပါယာ တစ်ခုလုံး၏ အနုပညာ လောကက တိုက်ပွဲဝင်နေခြင်း ဖြစ်၏။
ထို့ကြောင့် သူသည် အနိုင်ရရုံသာမက လုံးဝ ဖိနှိပ် အနိုင်ယူရမှာဖြစ်ပြီး ယွင်ကျုံးဟဲ့ကို စက္ကန့်ပိုင်းအတွင်း ကြေမွသွားအောင် လုပ်ပစ်မှသာ အင်ပါယာ၏ ကံကြမ္မာကို ပြန်လည် ကယ်တင်နိုင်မှာဖြစ်သည်။
ဤသည်မှာ ယွင်ကျုံးဟဲ့နှင့် တာ့ယန် အင်ပါယာသစ်တို့၏ ပထမဆုံး တိုက်ပွဲ ဖြစ်သည်။ သူ ရှစ်ယီ က ဤတိုက်ပွဲကို တိုက်ခိုက်ရခြင်းသည် ကြီးမားသော ဂုဏ်ကျက်သရေပင် ဖြစ်၏။
အင်ပါယာ တတိယ စာသင်ကျောင်း၏ စံအိမ် အတွင်းတွင် မိဖုရား တူရှားသည် ဒုတိယ ကျောင်းအုပ် ကျီးချင့်နှင့် တွေ့ဆုံခဲ့သည်။
ဤအမျိုးသမီး၏ ခန္ဓာကိုယ်အလှတရားမှာ အသက်ရှူမှားလောက်အောင်ပင် ဆွဲဆောင်မှုရှိလှသည်။ သူမသည် မြင်သူတို့၏ အမြင်အာရုံကို ထိခိုက်စေလောက်သည့် အထိ အားကောင်းလွန်းလှသောကြောင့် အမြင်အာရုံကို ပျက်စီးစေနိုင်သည့် အက်တမ်ဗုံးတစ်လုံးနှင့်ပင် တူနေ၏။
သူမသွားလေရာအရပ်တိုင်းတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသကဲ့သို့ အခြေအနေများ ဖန်တီးတတ်၏။ သူမ မည်သည့်နေရာတွင်ပင် ထိုင်နေပါစေ၊ ထိုနေရာမှာ ဟော်မုန်းဓာတ်များကို လှုံ့ဆော်ပေးမည့် ဗုံးတစ်လုံးကို မြှုပ်ထားသည့်အလား အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့် အနေအထားမျိုး ဖြစ်ပေါ်နေသည်။
သူမကိုယ်တိုင်က ဆွဲဆောင်မှုရှိသော အရောင်အဝါများကို အလိုအလျောက် ထုတ်လွှင့်နေသည့်အလား ရှိနေပြီး ပြိုင်ဘက်ကင်းသော မိစ္ဆာမလေးတစ်ယောက်ပမာပင်။
“ဗိုက်က ဘာလို့ ဘာမှ မထူးခြားသေးတာလဲ။ ကလေး အမြန်လိုချင်တယ် ဆိုတာ မဟုတ်ဘူးလား။”
မိဖုရား တူရှားက ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့ရဲ့ တော်ဝင်မိသားစု သွေးကြောက အသန့်စင်ဆုံးပဲနော်။”
ကျီးချင့်က ယဉ်ကျေးစွာဖြင့် ခွက်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်သော်လည်း စကားမပြောပေ။
“သူ့ခန္ဓာကိုယ်က မသန့်ရှင်းဘူးလို့ ရွံနေတာလား။”
မိဖုရား တူရှားက ပြောလိုက်သည်။ “ဒါဆိုရင်တော့ ကျွန်မ ရှင့်ကို ပြောပြရလိမ့်မယ်။ သူ ကျွန်မရဲ့ ပျော်တော်ဆက်ယောက်ျား ဖြစ်ခဲ့တဲ့ တစ်နှစ်လုံးလုံး ကျွန်မတို့ ဘာဆက်ဆံရေးမှ မရှိခဲ့ဖူးဘူး။ ကျွန်မက မုဆိုးမ ဖြစ်ပြီး ပျော်တော်ဆက်ယောက်ျားတွေ အများကြီး ခေါ်ခဲ့ဖူးပေမယ့် ကျွန်မရဲ့ခန္ဓာကိုယ်က ရှင့်ထက်တောင် ပိုပြီး သန့်ရှင်းကောင်း သန့်ရှင်းနေလိမ့်မယ်။”
ဒုတိယ ကျောင်းအုပ် ကျီးချင့်က အေးစက်စက် ပြောလိုက်၏။ “မိဖုရား တူရှား.... ရှင့်ရဲ့ နေထိုင်မှု ပုံစံကို ကျွန်မ နားမလည်သလို ဝေဖန်ဖို့လည်း မရည်ရွယ်ပါဘူး။”
မိဖုရား တူရှားက ပြောသည်။ “ယွင်ကျုံးဟဲ့က ရှင့်ရဲ့ ခင်ပွန်းလေ။ သူ နိုင်တာကို ရှင် မမြင်ချင်ဘူးလား။”
ဒုတိယ ကျောင်းအုပ် ကျီးချင့်က ပြောလိုက်၏။ “မိဖုရား တူရှား... ကျွန်မတို့ သူ့အကြောင်း ပြောဖို့ လိုအပ်လို့လား။ လောကမှာ မာနကြီးတဲ့ ဝိညာဉ်တွေဟာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် မာနကြီးနေမှာပဲလို့ ကျွန်မ ယုံကြည်တယ်။ ပြောင်းပြန်လည်း ဒီအတိုင်းပဲ။
အနုပညာ ဆိုတာ မာနကြီးတဲ့ ဝိညာဉ်ရဲ့ ဖော်ပြချက်ပဲ။ အဲဒါကြောင့် သူ မနိုင် နိုင်ဘူး၊ ဘယ်လိုလုပ်လုပ် မနိုင် နိုင်ဘူး၊ ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ မနိုင် နိုင်ဘူး။ လွတ်လပ်ပြီး မာနကြီးတဲ့ ဝိညာဉ်ကမှ တကယ့် ဂီတ အနုပညာကို ဖန်တီးနိုင်တာ။ သူက အရမ်း အောက်တန်းကျပြီး အကျိုးအမြတ်ကိုပဲ ကြည့်လွန်းတယ်။”
တတိယလ ဆယ့်သုံးရက်နေ့၊ လူတိုင်း စောင့်မျှော်နေသော နေ့ရက်သို့ ရောက်ရှိလာ၏။ အင်ပါယာ အနုပညာ ပြခန်းတွင် ထိုင်ခုံ နေရာလပ် မရှိတော့ပေ။
လူငါးထောင်ကျော်က ဤပြခန်း အတွင်းသို့ ဝင်ရောက်လာကြပြီး အင်ပါယာ တစ်ခုလုံးမှ နာမည်ကြီး ပုဂ္ဂိုလ်များ အားလုံး ရောက်ရှိလာကြသည်။
အုပ်ချုပ်ရေးမှူး နှစ်ဦး၊ တော်ဝင် ဆွေမျိုးစု အဖွဲ့အစည်း၊ စစ်တပ် အရာရှိကြီးများ၊ အထက်လွှတ်တော် အမတ်များ၊ အင်ပါယာ စာသင်ကျောင်းကြီးများမှ အရာရှိကြီးများ၊ အင်ပါယာ တစ်ခုလုံးမှ နယ်ပယ် အသီးသီးရှိ အထူးချွန်ဆုံး လူများနှင့် အင်ပါယာ၏ အထူးချွန်ဆုံး အနုပညာ ဝေဖန်ရေးဆရာများ အားလုံးလည်း ရောက်ရှိလာကြသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တေးဂီတ ဖျော်ဖြေပွဲ သက်သက်သာ မဟုတ်ဘဲ တိုက်ပွဲ တစ်ခု ဖြစ်သောကြောင့်ပင်။
တာ့ယန် အင်ပါယာသစ်၏ ဂုဏ်ကျက်သရေ တိုက်ပွဲကို ကိုယ်စားပြုနေသည်။ ရှစ်ယီ နှင့် အခြား ဂီတပညာရှင်များ ကာကွယ်နေသည်မှာ တာ့ယန် အင်ပါယာသစ်၏ အနုပညာ နယ်မြေ ဖြစ်သည်။
မည်သည့် အပိုစကားမျှ မပြောသလို မည်သည့် မိန့်ခွန်းမှလည်း မရှိပေ။ အုပ်ချုပ်ရေးမှူး နှစ်ဦးပင်လျှင် မည်သည့် စကားမျှ မပြောခဲ့ပေ။
တေးဂီတ ဖျော်ဖြေပွဲ တရားဝင် စတင်ပြီဖြစ်၏။ စက္ကန့်ပိုင်း အတွင်းမှာပင် လူထောင်ပေါင်းများစွာသည် ရှစ်ယီ နှင့် အင်ပါယာ တေးဂီတ အဖွဲ့၏ ဆွဲဆောင်မှုဖြင့် အံ့ဩဖွယ်ရာ ဂီတ နန်းတော် အတွင်းသို့ ရောက်ရှိသွားကြသည်။
ရုတ်တရက် လူတိုင်း၏ ခေါင်းများ ထုံကျင်သွားပြီး ခန္ဓာကိုယ်ပေါ်မှ မွေးညင်းများ အားလုံး ထောင်မတ် လာကြသည်။ ထိုအထဲတွင် ယွင်ကျုံးဟဲ့လည်း အပါအဝင် ဖြစ်၏။
တစ်နည်းအားဖြင့် ပြောရလျှင် ဂီတတွင် နိုင်ငံခြားရေး နယ်နိမိတ် မရှိပေ။ ယွင်ကျုံးဟဲ့လည်း အံ့ဩမှင်တက်သွားသည်။
ရှစ်ယီ၏ တီးခတ်မှု၊ ခမ်းနားသော တေးဂီတ အဖွဲ့ တစ်ခုလုံး၏ တီးခတ်မှုကြောင့် အံ့ဩမှင်တက်သွားရခြင်း ဖြစ်သည်။ တကယ်ကို ပညာရှင်ကြီး အဆင့် တီးခတ်မှုပင် ဖြစ်၏။
................