အခန်း (၇၄၉-၇၅၀)
Vol. 63 Ch. 749-750
အပိုင်း (၇၄၉)
ခေတ်သစ် ကမ္ဘာမြေတွင် ရှိစဉ်က ယွင်ကျုံးဟဲ့သည် အထက်တန်းလွှာ တစ်ယောက် ဖြစ်ခဲ့ပြီး တေးဂီတ ဖျော်ဖြေပွဲများကို မကြာခဏ သွားရောက် နားထောင်လေ့ ရှိသည်။
ထို့အပြင် မိန်းကလေးများ မျက်စိကျစေရန်၊ ဟန်ရေးပြရန်အတွက် ကမ္ဘာ့ထိပ်တန်း တေးဂီတ အဖွဲ့များ၏ ဖျော်ဖြေပွဲများကိုလည်း သူ နားထောင်ခဲ့ဖူး၏။
ဗီယင်နာ ရွှေရောင် ခန်းမကြီး၊ ဆစ်ဒနီ အော်ပရာဟောက်စ်၊ ကာနက်ဂီ ဂီတခန်းမကြီး၊ အမ်စတာဒမ် ဂီတခန်းမကြီး စသည်တို့သို့ တစ်နှစ်လျှင် အကြိမ်အတော်များများ လေယာဉ်ဖြင့် သွားရောက်ခဲ့သည်။
ကမ္ဘာ့ထိပ်တန်း တေးဂီတ အဖွဲ့များ၏ ဖျော်ဖြေပွဲများကို သူ တစ်ခါမက နားထောင်ခဲ့ဖူးသောကြောင့် အကဲဖြတ်နိုင်စွမ်းလည်း ရှိ၏။
ငြင်းဆို၍ မရပေ။ တာ့ယန် အင်ပါယာသစ်၏ တူရိယာ အဆင့်အတန်းသည် ခေတ်သစ် ကမ္ဘာမြေ၏ အဆင့်အတန်းသို့ မရောက်ရှိသေးသော်လည်း တီးခတ်မှု အဆင့်အတန်းမှာမူ တကယ်ကို ထိပ်တန်းရောက်နေပြီး ခေတ်သစ် ပထမတန်းစား တေးဂီတ အဖွဲ့များနှင့် လုံးဝ မနိမ့်ကျပေ။ တုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။
အထူးသဖြင့် ရှစ်ယီ အဖွဲ့ တီးခတ်သော တေးသီချင်းများသည် ဤနှစ်ရာချီအတွင်း အထူး ဂန္ထဝင် သီချင်းများ၊ ပညာရှင်ကြီးများ၏ လက်ရာများ ဖြစ်ကြ၏။
သီချင်း တစ်ပုဒ်စီတိုင်းက နှလုံးသားကို တုန်လှုပ်စေပြီး ဝိညာဉ်ကို ရိုက်ခတ်စေ၏။ သီချင်း တစ်ပုဒ်စီတိုင်းက ညို့ယူဖမ်းစားနိုင်စွမ်း ရှိသော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်။
အချို့က ကြီးကျယ်ခမ်းနားသည်၊ အချို့က တုန်လှုပ်ဖွယ် ကောင်းသည်၊ အချို့က လွတ်လပ်ပေါ့ပါးသည်၊ အချို့က လှပတောက်ပသည်။ ဤသာယာလှပသော တီးခတ်မှု အတွင်းတွင် လူတိုင်းနီးပါး အချိန်ကို မေ့လျော့သွားကြ၏။
ဂီတပင်လယ် အတွင်းတွင် လုံးဝ မျောပါသွားကြပြီး ခန္ဓာကိုယ်ကို မေ့လျော့ကာ ဝိညာဉ်ကသာ ပင်လယ်ပြင်တွင် လွင့်မျောနေသကဲ့သို့ ဖြစ်နေ၏။ တကယ်ကို လှပလွန်းလှသည်။
ထိုအရာက မိဖုရား တူရှားနှင့် ကျူ့ယွီယန်တို့ အချင်းချင်း တစ်ချက် ကြည့်လိုက်မိစေပြီးနောက် ကျီးချန်နှင့်လည်း တစ်ချက် ကြည့်လိုက်မိစေ၏။
‘အခြေအနေ မကောင်းဘူး။ ယွင်ကျုံးဟဲ့ ရှုံးတော့မယ်။’
ဤသည်မှာ တာ့ယန် အင်ပါယာ၏ နှစ်ရာချီ သမိုင်းတစ်လျှောက် အမြင့်မားဆုံးသော တေးဂီတ ဖျော်ဖြေပွဲ တစ်ခု ဖြစ်သည်။
အတိတ်မှာ ပြိုင်ဘက်ကင်းသလို လာမယ့် ဆယ်စုနှစ်တွေ အတွင်းမှာလည်း နောက်ထပ် ရှိလာမှာ မဟုတ်ပေ။
အင်ပါယာ တစ်ခုလုံးမှ အနုပညာရှင်များသည် ဤတေးဂီတ ဖျော်ဖြေပွဲအတွက် သူတို့၏ အရာအားလုံးနီးပါးကို ပေးဆပ်ခဲ့ကြသည်။
သူတို့သည် တကယ်ကို အသက်နှင့် ဝိညာဉ်ကို အသုံးပြု၍ တီးခတ်နေကြခြင်း ဖြစ်သည်။ ယွင်ကျုံးဟဲ့ ပင်လျှင် အချိန်တွေ မြန်ဆန်စွာ ကုန်ဆုံးသွားသည်ဟု ခံစားရ၏။
သူသည်လည်း ပရိသတ် နေရာတွင် ထိုင်ကာ ရှစ်ယီ နှင့် တာ့ယန် အင်ပါယာသစ်၏ ဂီတပညာရှင်များ တီးခတ်နေသည်ကို အရင် နားဆင်နေ၏။ သူ လုံးဝ မိန်းမောသွားသည်။
လူတိုင်းကလည်း ယွင်ကျုံးဟဲ့ မိန်းမောသွားသည်ကို မြင်တွေ့လိုက်ကြသည်။ မသိမသာဖြင့် အချိန် နှစ်နာရီ ကုန်ဆုံးသွားခဲ့သည်။ ရှစ်ယီ နှင့် အင်ပါယာ တေးဂီတ အဖွဲ့၏ တီးခတ်မှု ပြီးဆုံးသွားပြီဖြစ်၏။
ပရိသတ် ထောင်ချီ အားလုံး မတ်တတ်ရပ်ကာ မိုးခြိမ်းသံကဲ့သို့သော လက်ခုပ်သံများ ပေးကြသည်။
“အရမ်း ကောင်းလွန်းတယ်။ အရမ်း တော်လွန်းတယ်။”
ယွင်ကျုံးဟဲ့သည်လည်း ပထမဆုံး မတ်တတ်ရပ်သူ ဖြစ်သည်။ ဤမိုးခြိမ်းသံကဲ့သို့သော လက်ခုပ်သံများသည် တစ်ဆယ့်ငါးမိနစ်တိတိ ကြာမြင့်ခဲ့ပြီး လုံးဝ မရပ်တန့်ချင်ကြပေ။
ရှစ်ယီ နှင့် သူ၏ တေးဂီတ အဖွဲ့သည် တစ်ကြိမ်ပြီး တစ်ကြိမ် ထွက်လာကာ အရိုအသေပေး နှုတ်ဆက်ရသည်။
ထိုနေရာရှိ ပရိသတ် အားလုံး၏ မျက်နှာပေါ်တွင် အဆုံးအစမရှိသော ဂုဏ်ယူမှုများ ပြည့်နှက်နေ၏။
နိုင်ပြီ။ ယွင်ကျုံးဟဲ့ မတီးခတ်ရသေးသော်လည်း ဤအနုပညာ ယှဉ်ပြိုင်မှုတွင် နိုင်သွားပြီ ဖြစ်သည်။
‘ယွင်ကျုံးဟဲ့... မြင်ပြီလား။ ကြားပြီလား။ ဒါက တာ့ယန် အင်ပါယာသစ်ရဲ့ ဂီတပဲ။ ခင်ဗျား မြင်တောင် မမြင်ဖူးဘူး၊ ကြားတောင် မကြားဖူးဘူးမလား။
ဒါက အသစ်စက်စက် အနုပညာ ပုံစံတစ်ခုပဲ။ ခင်ဗျားတို့ အရှေ့ဘက်လောကထက် နှစ်ပေါင်း ထောင်ချီ သာလွန်နေပြီ။ ခင်ဗျားရဲ့ နောက်ကျမှုကို ဝန်ခံလိုက်တော့။
ခင်ဗျားက အနုပညာမှာ ကျုပ်တို့ကို အနိုင်ယူချင်တာလား။ လုံးဝ နေ့ခင်းကြောင်တောင် အိပ်မက် မက်နေတာပဲ။ အနုပညာဆိုတာ ဝိညာဉ်ရဲ့ အမြင့်ဆုံး ဖော်ပြချက်ပဲ။ ဒီအဆင့်အတန်း မရှိတဲ့သူတွေက လုံးဝ ဖော်ပြလို့ မရဘူး။
ခင်ဗျား ယွင်ကျုံးဟဲ့ရဲ့ ရှေးဟောင်း သီချင်းတွေက စင်ပေါ်တက်ခွင့်တောင် မရှိဘူး။ ကျုပ်တို့က ခင်ဗျားနဲ့ အနိုင်အရှုံး ယှဉ်ပြိုင်ဖို့တောင် မလိုဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားက မတန်လို့ပဲ။
ကျုပ်တို့က ခင်ဗျားကို ဂုဏ်ယူစွာနဲ့ ပြသလိုက်ရုံပဲ။ ခင်ဗျား ယွင်ကျုံးဟဲ့ကို ကိုယ့်ကိုယ်ကိုယ် ရှက်သွားအောင် လုပ်လိုက်တာပဲ ရှိတယ်။’
ရှစ်ယီ နောက်ဆုံး စင်ပေါ်မှ ဆင်းသွားချိန်တွင် ယွင်ကျုံးဟဲ့ကို တစ်ချက်မှ မကြည့်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့ကို ကြည့်ရန်ပင် မတန်ဘူးဟု သူ ထင်မြင်သောကြောင့် ဖြစ်သည်။
သူသည် အင်ပါယာ ပြည်သူများကို ခမ်းနားသော ဖျော်ဖြေမှု တစ်ခု ပြသလိုက်ရုံသာဖြစ်ပြီး အိပ်မက်ထဲက ချစ်သူ ကျီးချင့်ကို ခမ်းနားသော ဖျော်ဖြေမှု တစ်ခု ပြသလိုက်ရုံသာ ဖြစ်၏။
သူက ယွင်ကျုံးဟဲ့နှင့် ယှဉ်ပြိုင်လိုစိတ် လုံးဝ မရှိပေ။ ယွင်ကျုံးဟဲ့ ဆိုသော ဤတောသားလေးက သူနှင့် ယှဉ်ပြိုင်ရန် မတန်သေးပေ။
‘ခင်ဗျားက အနုပညာ ဆိုတာ ဘာလဲ သိလို့လား။ ခင်ဗျား ဂီတ ဆိုတာ ဘာလဲ သိလို့လား။’
ထို့နောက် ယွင်ကျုံးဟဲ့ စင်ပေါ် တက်ရမည့် အချိန် ရောက်လာခဲ့၏။ ဤသည်မှာ တိုက်ပွဲ တစ်ခု ဖြစ်ပြီး အရင်က သဘောတူထားသည့်အတိုင်း ယွင်ကျုံးဟဲ့က စတင် စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။
မိဖုရား တူရှား ကျွေးမွေးထားသော တေးဂီတ အဖွဲ့သည်လည်း စင်ပေါ်သို့ ရောက်ရှိကာ နေရာယူထားကြပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့သည် စင်ပေါ်သို့ တက်လာပြီး အသစ်စက်စက် စန္ဒရားကြီး ရှေ့တွင် ထိုင်လိုက်၏။ သို့ပေမည့် ပရိသတ်များက စတင် ထွက်ခွာနေကြပြီဖြစ်ပြီး တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။
ဤသည်မှာလည်း အေးစက်သော အကြမ်းဖက်မှု တစ်မျိုးပင် ဖြစ်သည်။ ရှစ်ယီ နှင့် အင်ပါယာ တေးဂီတ အဖွဲ့၏ တီးခတ်မှု ပြီးဆုံးသွားပြီ ဖြစ်ပြီး အခမ်းနားဆုံး တီးခတ်မှု ပြီးဆုံးသွားပြီ ဖြစ်၏။
ယခု အဆုံးသတ်လိုက်ခြင်းက အကောင်းဆုံးဖြစ်ပြီး အလှပဆုံး အမှတ်တရများကို ယူဆောင်သွားနိုင်မှာ ဖြစ်သည်။
အကယ်၍ ဆက်လက် နေထိုင်ပြီး ယွင်ကျုံးဟဲ့၏ ဆိုးရွားသော၊ ရှေးကျသော၊ ရိုင်းစိုင်းသော တီးခတ်မှုကို နားထောင်မည် ဆိုပါက ယနေ့ တေးဂီတ ဖျော်ဖြေပွဲကြီး ပျက်စီးသွားမည် ဖြစ်သလို လှပသော အမှတ်တရများလည်း ပျက်စီးသွားပေလိမ့်မည်။
ဤသည်မှာ အနုပညာ တစ်ခုလုံးကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ယွင်ကျုံးဟဲ့က မျက်စိမှိတ်ထားပြီး တေးဂီတ အဖွဲ့ တစ်ခုလုံးက အသက်အောင့်ကာ တီးခတ်မှု စတင်မည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
ပရိသတ် နေရာတွင်မူ လူအများအပြား တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။ အရမ်း ရက်စက်သည့် မြင်ကွင်းဖြစ်၏။
ကျူ့ယွီယန် တစ်ယောက်တည်းသာ အဆုံးအစမရှိသော မျှော်လင့်ချက်များ ပြည့်နှက်နေ၏။ အဘယ်ကြောင့် ဆိုသော် သူမသည် ယွင်ကျုံးဟဲ့၏ တီးခတ်မှုကို နားထောင်ဖူးပြီး လုံးဝ ထိပ်တန်း အဆင့် ဖြစ်သော်လည်း ရှစ်ယီ ကိုတော့ မမီသေးဘူးဟု ထင်မြင်ခဲ့သောကြောင့် ဖြစ်သည်။
ထိုအရာကလည်း သဘာဝကျသည်။ ထိုအချိန်တုန်းက ယွင်ကျုံးဟဲ့က သူ့ကိုယ်ပိုင် စွမ်းရည်ကို သုံးခဲ့ခြင်းဖြစ်ပြီး လက်ခြောက်ချောင်း ဂီတမိစ္ဆာ ဘီသိုဗင် ပူးကပ်နေခြင်း မဟုတ်သောကြောင့်ပင်။
သို့ပေမည့် ယခုအချိန်တွင် X စိတ်ရောဂါကုဆေးရုံ၊ အမှတ်ရှစ် လူနာ ဘီသိုဗင်၊ လောကအနှံ့ ဖြတ်သန်းပြီး လောကကြီးကို လွှမ်းမိုးနိုင်တဲ့ နံပါတ်တစ် ဝိညာဉ် ဂီတပညာရှင် ပူးကပ်သွားပြီဖြစ်သည်။
အကယ်၍ တခြားလူများ၏ ဂီတက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုလို့ ပြောမည်ဆိုလျှင် အမှတ်ရှစ် လူနာ ဘီသိုဗင်၏ ဂီတကတော့ မှော်တိုက်ခိုက်မှု၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ဖြစ်၏။
သူ၏ ဂီတမှာ အသံလှိုင်းများကိုသာ အားကိုးနေခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကိုပါ ပေါင်းစပ်ထား၏။ ၎င်းသည် ပရိသတ်၏ ဦးနှောက်နှင့် နှလုံးသားတို့တွင် တိုက်ရိုက်မြည်ဟည်းနေသည့် ဂီတမျိုးဖြစ်သည်။
နားဆင်သူ၏ ဦးနှောက်အတွင်းရှိ စိတ်ပိုင်းဆိုင်ရာ သွေးကြောများကို တိုက်ရိုက်လှုပ်ခါပေးကာ ဝိညာဉ်နှင့် ပြင်းထန်သော တုန်ခါမှုများကို ဖြစ်ပေါ်စေသည့် အစွမ်းရှိသည်။ ဤမျှလောက်ထိ ကြောက်မက်ဖွယ် ကောင်းအောင် စွမ်းဆောင်နိုင်သည့် တေးသွားမျိုးဖြစ်သည်။
ဘီသိုဗင် ပူးကပ်လာခဲ့သည်။ ထို့အပြင် စင်ပေါ်မတက်မီ ယွင်ကျုံးဟဲ့သည် ဆေးတစ်လုံးကိုပင် သောက်ခဲ့သေး၏။
အားကောင်းသော စိတ်စွမ်းအားများ စတင် စုစည်းလာ၏။ တီးခတ်မှု စတင်လိုက်သည်။
“ဒေါင်...ဒေါင်... ဒေါင်ဒေါင်... ဒင်.. ဒင်. ဒေါင်ဒေါင်ဒေါင်ဒေါင်...”
ချက်ချင်းပဲ ပြင်းထန်ပြီး ခမ်းနားသော စန္ဒရားသံ ထွက်ပေါ်လာသည်။ တေးဂီတ အဖွဲ့ တစ်ခုလုံး၏ တီးခတ်သံများနှင့်အတူ ပေါင်းစပ်သွား၏။
မှော်တိုက်ခိုက်မှု ရောက်လာပြီဖြစ်သည်။
Symphony No. 5 in C minor - ကမ္ဘာမြေ၏ ဂီတပညာရှင်ကြီး ဘီသိုဗင်၏ အကြီးကျယ်ဆုံးသော လက်ရာများထဲမှ တစ်ခုဖြစ်ပြီး အခမ်းနားဆုံး တေးသီချင်းဖြစ်ကာ Destiny Symphony (ကံကြမ္မာ ဆင်ဖိုနီ) ဟုလည်း အမည်ပေးထားသည်။ ဤသည်မှာ တကယ့် နှစ်ထောင်ချီ ဂန္ထဝင် သီချင်းဖြစ်ပြီး တကယ့် ဂီတ ရတနာကြီး ဖြစ်သည်။
Engels (၁၉ ရာစုက ဂျာမန်လူမျိုး ဒဿနပညာရှင်၊ လူမှုရေးသိပ္ပံပညာရှင်၊ စာရေးဆရာ၊ နိုင်ငံရေးသမား နှင့် ကွန်မြူနစ်ဝါဒကို တည်ထောင်သူများထဲမှ တစ်ဦး) က ဝေဖန်ခဲ့သည်။ အကယ်၍ ဤခမ်းနားသော လက်ရာကို နားမထောင်ဖူးပါက ဘဝ တစ်သက်တာလုံး မည်သည့် လက်ရာကိုမှ နားမထောင်ဖူးဘူးဟု ပြော၍ ရနိုင်၏။
ဂီတပညာရှင် Schumann (၁၉ ရာစု၏ အကျော်ကြားဆုံး ဂျာမန် ဂီတပညာရှင်နှင့် တေးရေးဆရာ တစ်ဦး) က ဝေဖန်ခဲ့သည်။ ဘယ်နှခါပဲ နားထောင်ဖူးပါစေ သဘာဝတရားလိုပင် အသစ်တဖန် ကြည်ညိုမှုနှင့် အံ့ဩမှုတွေကို ဖြစ်ပေါ်စေပြီး ကမ္ဘာပေါ်မှာ ဂီတ ရှိနေသရွေ့ မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်း သွားလိမ့်မည် ဟူ၍ ဖြစ်သည်။
ရှစ်ယီ တီးခတ်သော သီချင်းများသည်လည်း ကောင်းမွန်ပြီး အင်ပါယာ၏ နှစ်ရာချီ အထူး ဂန္ထဝင် သီချင်းများ ဖြစ်သော်လည်း ဂီတပညာရှင်ကြီး ဘီသိုဗင်၏ ဤသီချင်းနှင့် ယှဉ်လျှင် အနည်းငယ် ကွာဟနေသေးသည်။ ဤသည်မှာ ဝိညာဉ် အဆင့် တေးသီချင်း ဖြစ်၏။
အထူးသဖြင့် ယခု တီးခတ်နေသူမှာ ယွင်ကျုံးဟဲ့ ကိုယ်တိုင် မဟုတ်ဘဲ သေမင်းတမန် အဆင့် ပညာရှင်ကြီး၊ အမှတ်ရှစ် ဘီသိုဗင် ဖြစ်၏။ သူ စန္ဒရား ခလုတ်ကို ခေါက်လိုက်တိုင်း မှော်တိုက်ခိုက်မှု တစ်ကြိမ် ဖြစ်သည်။
တစ်ခဏချင်းအတွင်းမှာပဲ ဂီတဗုံးတစ်လုံးပမာ ချက်ချင်းပေါက်ကွဲသွားသည်။ နားဆင်နေရသူတိုင်းမှာလည်း မိမိတို့၏ ဝိညာဉ်များ လွင့်ပျံသွားသကဲ့သို့ ခံစားလိုက်ရ၏။
ဤမျှပြင်းထန်သော စွမ်းအားမှာ မည်သည့်ထိပ်တန်းတေးဂီတအဖွဲ့၏ ဖျော်ဖြေမှုထက်မဆို ပိုမိုအံ့ဩမှင်သက်ဖွယ် ကောင်းလှ၏။ အဘယ်ကြောင့်ဆိုသော် အမှတ်ရှစ် စိတ်ရောဂါသည် ဘီသိုဗင်၏ တီးခတ်မှုက အထူးစွမ်းအား တစ်ခု ဖြစ်နေသောကြောင့်ပင်။
ထိုင်ခုံမှ ထသွားသော လူများ အားလုံး ချက်ချင်း ရပ်တန့်သွားကြ၏။ မူလက နေရာသို့ ပြန်သွားချင်သော်လည်း လမ်းလျှောက်၍ပင် မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။
ဤအချိန်တွင် လမ်းလျှောက်ခြင်းသည် အနုပညာကို စော်ကားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မူလ နေရာတွင် မလှုပ်မယှက် ရပ်နေကြ၏။
ထို့နောက် သူတို့၏ ဝိညာဉ်နှင့် နှလုံးသားများသည် ဘီသိုဗင်၏ တီးခတ်မှုကြောင့် တစ်ကြိမ်ပြီး တစ်ကြိမ် ရူးသွပ်စွာ ရိုက်ခတ်ခြင်းကို ခံနေရသည်။
ဦးနှောက် တစ်ခုလုံး လုံးဝ ဗလာ ဖြစ်သွားသကဲ့သို့ပင်။ စောစောက ရှစ်ယီ ၏ တီးခတ်မှုကို နားထောင်နေစဉ်က ဦးနှောက်ထဲတွင် စိတ်ကူးယဉ်မှုများ၊ တွေးတောမှုများ ရှိနေသေး၏။
သို့ပေမည့် ယခု ယွင်ကျုံးဟဲ့၏ တီးခတ်မှုကို နားထောင်ရချိန်တွင် သူတို့၏ ဦးနှောက်မှာ လုံးဝ ဗလာ ဖြစ်နေ၏။ ဂီတ မှော်တိုက်ခိုက်မှု၏ ရူးသွပ်စွာ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရသည်။
စောစောက ရှစ်ယီ တီးခတ်သော သီချင်းများကို နားထောင်ခဲ့ရသည့် မှတ်ဉာဏ်များ ချက်ချင်း ပြောင်စင်အောင် လွင့်ပျောက်သွား၏။
ဦးနှောက် တစ်ခုလုံး၊ စိတ်ဝိညာဉ် တစ်ခုလုံး အတွင်းတွင် ယွင်ကျုံးဟဲ့ (အတိအကျ ပြောရလျှင် ဘီသိုဗင်) ၏ တီးခတ်မှုကသာ ရူးသွပ်စွာ ကခုန်နေ၏။ အားလုံးက လှိုင်းလုံးကြီးများကဲ့သို့ အတူတကွ လှိမ့်တက်လာသည်။
Destiny Symphony ပြီးဆုံးသွားပြီးနောက် ယွင်ကျုံးဟဲ့ တီးခတ်သော ဒုတိယ သီချင်းမှာ Wojciech Kilar ၏ Exodus ဖြစ်သည်။ ဤသီချင်းသည် ဝမ်းနည်းကြေကွဲဖွယ် ကောင်းသည်၊ လျှို့ဝှက်ဆန်းကြယ်သည်၊ စိတ်လှုပ်ရှားဖွယ် ကောင်း၏။
သူ တီးခတ်သော တတိယ သီချင်းမှာ The Godfather (Love Theme) ဖြစ်ပြီး ရုပ်ရှင် The Godfather ၏ ဇာတ်ဝင်သီချင်းကို ပြန်လည် ပြင်ဆင်ထားခြင်း ဖြစ်ကာ Bilibili ၏ နှစ်သစ်ကူး တေးဂီတ ဖျော်ဖြေပွဲတွင် တစ်ကွင်းလုံးကို အံ့ဩမှင်တက်သွားစေခဲ့သည်။
သူ တီးခတ်သော စတုတ္ထ သီချင်းမှာ Johann Strauss Waltz ဖြစ်ပြီး The Blue Danube ဟုလည်း ခေါ်ဆိုသည်။
ပဉ္စမမြောက် သီချင်း အရောက်တွင် ယွင်ကျုံးဟဲ့ တူရိယာ ပြောင်းလိုက်၏။
‘ခင်ဗျားတို့က အရှေ့ဘက်လောကရဲ့ တူရိယာတွေ မကောင်းဘူးလို့ ပြောတယ် မလား။ ကျုပ်က အရှေ့တိုင်း အင်ပါယာဟောင်းရဲ့ တူရိယာကိုပဲ သုံးမယ်။’
အပိုင်း (၇၅၀)
ယွင်ကျုံးဟဲ့က အထူး ပြုလုပ်ထားသော ပီပါ စောင်းတစ်လက်ကို ယူလာပြီး အပြင်းထန်ဆုံးဖြစ်သည့် House of Flying Daggers (ဆယ်မျက်နှာ ချုံခိုတိုက်ပွဲ) ကို စတင် တီးခတ်သည်။
ဤအချိန်မှာတော့ တကယ့် လက်ခြောက်ချောင်း ဂီတမိစ္ဆာ စင်ပေါ် ရောက်လာပြီဖြစ်သည်။ ဤအချိန်ကမှ တကယ့် အသံလှိုင်း မှော်တိုက်ခိုက်မှုဖြစ်၏။
တေးဂီတ အဖွဲ့ကလည်း တီးခတ်မှုကို ရပ်တန့်လိုက်သည်။
ယွင်ကျုံးဟဲ့ တစ်ယောက်တည်းကသာ ကြိုးများကို ခေါက်နေပြီး သူ တစ်ယောက်တည်း၏ ရူးသွပ်သော ဖျော်ဖြေမှု အဖြစ် ပြောင်းလဲသွား၏။
မဟုတ်ပေ။ ထိုနေရာတွင် သူနှင့် ဘီသိုဗင် နှစ်ဦးသား ပူးပေါင်း၍ ကြိုးများကို တီးခတ်နေကြခြင်းဖြစ်၏။ ပြင်းထန်သော စောင်းသံများမှာ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်သော လျှို့ဝှက် လက်နက်များကို လျင်မြန်စွာ ပစ်လွှတ်လိုက်သည့်အလား ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“ဒေါင်... ဒေါင်ဒေါင်.... ဒေါင်...”
ရူးသွပ်စရာကောင်းတဲ့ ဆယ်မျက်နှာ ချုံခိုတိုက်ပွဲ၊ အပြင်းထန်ဆုံး၊ အမြင့်ဆုံး အထွတ်အထိပ်ကို ရောက်ရှိလာ၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
ယွင်ကျုံးဟဲ့၏ တီးခတ်မှုမှ ထွက်ပေါ်လာသည့် အသံလှိုင်းများ လျင်မြန်စွာ ပစ်လွှတ်လိုက်သည်နှင့်တပြိုင်နက် ရှစ်ယီ တီးခတ်နေသော ဟာပဆီကော့ စန္ဒရားကြီးမှာ တစ်လက်မချင်းစီ အမှုန့်အဖြစ် ပြိုကွဲသွားခဲ့သည်။
မမြင်နိုင်သော ကျည်ဆန်များ ထိမှန်သွားသကဲ့သို့ ခိုင်ခံ့သော စန္ဒရားကြီးမှာ အဆက်မပြတ် ဆုတ်ဖြဲဖျက်ဆီး ခံလိုက်ရပြီး၊ ကြည့်ရှုနေကြသည့် ပရိသတ်များ၏ အမြင်အာရုံထဲတွင် တဖြည်းဖြည်းချင်း အမှုန့်အဖြစ် ပြောင်းလဲပျောက်ကွယ်သွား၏။
ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်းမှာ ကြက်သီးမွေးညင်းထသွားကြပြီး ထိတ်လန့်တုန်လှုပ်လျက်ရှိနေ၏။ တစ်မိနစ်ခန့် ကြာမြင့်ပြီးနောက် ယွင်ကျုံးဟဲ့၏ တီးခတ်မှုမှာ အဆုံးသတ်သွားခဲ့သည်။
ယွင်ကျုံးဟဲ့၏ ဖျော်ဖြေမှု ပြီးဆုံးသွားချိန်မှာတော့ ပထမဦးစွာ သေဆုံးသွားသကဲ့သို့ တိတ်ဆိတ်သွားသည်။ ထို့နောက် မိုးခြိမ်းသံကဲ့သို့သော လက်ခုပ်သံများ ထွက်ပေါ်လာ၏။
တကယ်ကို မိုးခြိမ်းသံကဲ့သို့ပင် ဖြစ်ပြီး လူတိုင်းက အသက်ရှူရပ်မတတ် လက်ခုပ်တီးနေကြသည်။
ယခင်က သူတို့သည် ရှစ်ယီနှင့် အင်ပါယာ တေးဂီတ အဖွဲ့အတွက် တစ်ဆယ့်ငါးမိနစ်ကြာ လက်ခုပ်တီးပေး ခဲ့သော်လည်း ယခု ယွင်ကျုံးဟဲ့အတွက်မူ မိနစ်နှစ်ဆယ်တိတိ လက်ခုပ်တီးပေးနေကြ၏။
လူတိုင်းက မိမိတို့၏ မူလနေရာတွင် ရပ်ကာ အဆက်မပြတ် လက်ခုပ်တီးနေကြပြီး လက်ဖဝါးများပင် ရောင်ရမ်းလာသည်အထိပင်။
တကယ်ကို ရူးသွပ်မိန်းမောသွားကြပြီး အိပ်မက်တစ်ခုကဲ့သို့သော နှစ်နာရီတာ အချိန်လေး ဖြစ်ကာ စိတ်ဝိညာဉ် တစ်ခုလုံးက ထူးဆန်းသော လောကတစ်ခု အတွင်းသို့ နစ်မြုပ်နေဆဲ ဖြစ်နေ၏။
လူတိုင်းက လေပေါ် ပျံဝဲနေသကဲ့သို့ ခံစားရပြီး အချိန်မရွေး ကိုယ့်ဆံပင်ကို ကိုယ်ဆွဲကာ မြေကြီးမှ ခွာ၍ ပျံတက်သွားနိုင်သကဲ့သို့ပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် တစ်ကြိမ်ပြီး တစ်ကြိမ် ထွက်လာကာ အရိုအသေပေး နှုတ်ဆက်ရ၏။
ဤအချက်ကို ကြည့်မည်ဆိုပါက တာ့ယန် အင်ပါယာသစ်၏ ပြည်သူများသည် ချစ်စရာကောင်းကြောင်း တွေ့ရ၏။ သူတို့သည် မောက်မာကြသော်လည်း အလွန် ရိုးသားကြပြီး အမှန်ကို အမှန်အတိုင်း လက်ခံကြသည်။
သာမန်အားဖြင့် စာပေတွင် ပထမ မရှိသလို သိုင်းပညာတွင် ဒုတိယ မရှိပေ။
‘ယွင်ကျုံးဟဲ့... ခင်ဗျားရဲ့ တီးခတ်မှု အဆင့်အတန်းက ပိုမြင့်နေရင်တောင် ကျုပ်က အသိအမှတ် မပြုဘူး ဆိုရင် ခင်ဗျား ဘာတတ်နိုင်မှာလဲ။ ဘာလို့လဲဆိုတော့ ဒါက လုံးဝ စိတ်ပိုင်းဆိုင်ရာ ဖြစ်နေလို့ပဲလေ။ ကျုပ်က ခင်ဗျားကို တမင် ဖိနှိပ်ချင်လို့ ခင်ဗျား တီးခတ်တဲ့ ဂီတက မကောင်းဘူးလို့ ပြောရင် ခင်ဗျား ဘာလုပ်နိုင်မှာလဲ။’
သို့ပေမည့် သူတို့ ထိုသို့ လုံးဝ မလုပ်ခဲ့ကြပေ။ အံ့ဩမှင်တက်ပြီးနောက် ဤရလဒ်ကို အသိအမှတ် ပြုခဲ့ကြသည်။ ထို့အပြင် ယွင်ကျုံးဟဲ့အတွက် ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီးပေးရန် ဆန္ဒရှိကြပြီး သူတို့၏ နှစ်သက်မှုနှင့် လေးစားမှုကို ပေးအပ်ရန် ဆန္ဒရှိကြသည်။
‘ဒါက တကယ်ကို မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ နိုင်ငံ တစ်ခုပဲ။ သူတို့ဆီမှာ တကယ်ကို အမှန်တရားကို အခြေခံပြီး အမှန်တရားကို ရှာဖွေတဲ့ စိတ်ဓာတ်တွေ အပြည့်အဝ ရှိနေကြတယ်။ အနည်းဆုံးတော့ လူအများစုက ဒီလိုပါပဲ။’
နှစ်ဆယ့်တစ်မိနစ်တိတိ ကြာမြင့်ပြီးနောက်....
ယွင်ကျုံးဟဲ့ နောက်ဆုံးအကြိမ် ထွက်လာပြီး အရိုအသေပေး နှုတ်ဆက်ပြီးနောက် ပရိသတ် ထောင်ပေါင်းများစွာ စတင် ထွက်ခွာသွားကြ၏။
ဤသည်မှာ လုံးဝ မေ့ဖျောက်၍ မရနိုင်သော ညတစ်ည ဖြစ်ပြီး မနက်ဖြန်တွင် အင်ပါယာ တစ်ခုလုံးသို့ ပေါက်ကွဲပျံ့နှံ့သွားပေလိမ့်မည်။
သို့ပေမည့် အဘယ့်ကြောင့် ဤအတိုင်း ထွက်သွားကြသနည်း။ မည်သူကမှ အနိုင်အရှုံး မဆုံးဖြတ် ပေးတော့ဘူးလား။ ယွင်ကျုံးဟဲ့ နိုင်သည်လား၊ ရှုံးသည်လား။
တာ့ယန် အင်ပါယာသစ်သည် ဂုဏ်သိက္ခာကို စောင့်ထိန်းပြီး အလွန် အောက်တန်းကျစွာဖြင့် လူတစ်ယောက် ထွက်လာကာ ယွင်ကျုံးဟဲ့ အနိုင်ရကြောင်း ကြေညာမည် မဟုတ်ပေ။
လက်ခုပ်တီးသည့် အချိန်ကို ကြည့်ရုံဖြင့် အနိုင်အရှုံးကို ခွဲခြားနိုင်၏။ ၁၅ မိနစ်နှင့် ၂၁ မိနစ်၊ ယွင်ကျုံးဟဲ့ နိုင်သွားပြီ ဖြစ်သည်။
ထို့အပြင် ယနေ့ ဖျော်ဖြေပွဲသည် အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်သွားစေမည်မှာ သေချာပြီး မသေနိုင်သော ဒဏ္ဍာရီ တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပေလိမ့်မည်။
နောက်တစ်နေ့တွင် တာ့ယန် အင်ပါယာသစ်၏ တစ်ခုတည်းသော အနုပညာ စာသင်ကျောင်းက ယွင်ကျုံးဟဲ့ကို ဖိတ်ကြားစာ ပေးပို့လာသည်။
ကျောင်းအုပ် ကိုယ်တိုင်က ယွင်ကျုံးဟဲ့ကို အင်ပါယာ အနုပညာ ပါရဂူဘွဲ့ကို အပ်နှင်းခဲ့ပြီး အင်ပါယာ အနုပညာ စာသင်ကျောင်း၏ အချိန်ပိုင်း ပါမောက္ခ အဖြစ် ဖိတ်ကြားခဲ့၏။
ဤသည်မှာ အင်ပါယာ အနုပညာ လောက တစ်ခုလုံး၏ သဘောထားကို ပြသလိုက်ခြင်းလည်းဖြစ်ပြီး ယွင်ကျုံးဟဲ့၏ ပထမဆုံး တိုက်ပွဲ အနိုင်ရရှိမှုကို အသိအမှတ် ပြုလိုက်ခြင်း ဖြစ်၏။ ယွင်ကျုံးဟဲ့၏ ဂီတ တီးခတ်မှုက သူတို့ကို သိမ်းပိုက်သွားခဲ့သည်။
ယွင်ကျုံးဟဲ့က ဝမ်းမြောက်စွာ လက်ခံလိုက်သည်။ ထို့နောက်ပိုင်း အချိန်များတွင် ယွင်ကျုံးဟဲ့သည် အင်ပါယာ အနုပညာ စာသင်ကျောင်းသို့ တကယ် သွားရောက် စာသင်ကြားပေးခဲ့၏။
စာသင်ခန်း အတွင်းတွင် ယွင်ကျုံးဟဲ့သည် အင်ပါယာ အနုပညာ စာသင်ကျောင်းမှ ကျောင်းသားများကို အသစ်စက်စက် တူရိယာများကို ပြသခဲ့သည်။
ဥပမာအားဖြင့် ရွှံ့ပလွေနှင့် ဝါးပလွေတို့ ဖြစ်သည်။ ထို့အပြင် ဤတူရိယာသစ်များကို အသုံးပြု၍ ဂန္ထဝင် သီချင်းများကို တီးခတ်ပြခဲ့၏။
ရွှံ့ပလွေဖြင့် တီးခတ်ပြသည်မှာ ကမ္ဘာမြေ၏ နတ်ဘုရား သီချင်းဖြစ်သော Hometown's Original Landscape (ဇာတိမြေ၏ မူလ ရှုခင်း) ဖြစ်ပြီး ဂီတပညာရှင်ကြီး ဆိုဂျီရို (Sojiro) ၏ လက်ရာ ဖြစ်သည်။
ထိုအရာသည် ရွှံ့ပလွေဖြင့် တီးခတ်ရန် အသင့်တော်ဆုံး လက်ရာဖြစ်ပြီး တကယ့် နတ်ဘုရား သီချင်း တစ်ပုဒ်ဖြစ်ကာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများစွာတွင် ပါဝင်ခဲ့ဖူး၏။
အင်ပါယာ အနုပညာ စာသင်ကျောင်းမှ ကျောင်းသားများ လုံးဝ ရူးသွပ်မိန်းမောသွားကြသည်။
ဝါးပလွေဖြင့် တီးခတ်ပြသော သီချင်းများမှာ Autumn Moon over the Calm Lake (အေးချမ်းသော ကန်ရေပြင်ပေါ်မှ ဆောင်းဦးလမင်း) နှင့် Prelude to a Good Night (သာယာသော ညတစ်ည၏ အစ) တို့ ဖြစ်ပြီး နှစ်ရာချီ ကြာမြင့်ခဲ့သော ဂန္ထဝင် သီချင်းများ ဖြစ်၏။
တာ့ယန် အင်ပါယာသစ်၏ ဝိသေသလက္ခဏာ တစ်ခုကိုလည်း ယွင်ကျုံးဟဲ့ တွေ့ရှိခဲ့သည်။ ၎င်းမှာ အင်အားကြီးသူကို လေးစားကြောက်ရွံ့ခြင်း ဖြစ်သည်။
သူတို့သည် မောက်မာမှုများနှင့် ဘက်လိုက်မှုများ ပြည့်နှက်နေသော်လည်း နယ်ပယ် တစ်ခုခုတွင် အင်အား အကြီးဆုံး သူတစ်ယောက် ပေါ်ထွက်လာပါက သူတို့၏ ဘက်လိုက်မှုများကိုလည်း ပြုပြင်ပြင်ဆင်တတ်ကြ၏။
ဥပမာအားဖြင့် ယခင်က တာ့ယန် အင်ပါယာသစ် တစ်ခုလုံးသည် အရှေ့ဘက် နယ်မြေဟောင်းမှ အရာအားလုံးကို ငြင်းပယ်သည့် သဘောထားမျိုး ထားရှိခဲ့ကြသည်။
သို့ပေမည့် ထိုညက ယွင်ကျုံးဟဲ့၏ နတ်ဘုရား အဆင့် တီးခတ်မှု အပြီးတွင် အရာအားလုံး ပြောင်းလဲသွားခဲ့ပြီး အရှေ့တိုင်း ဂီတကိုလည်း သဘာဝကျစွာ လက်ခံလာကြ၏။
မည်သို့ပင်ဖြစ်စေ သူတို့သည် တကယ်ကို အဆင့်အတန်း မြင့်မားကြပြီး အနုပညာ အကဲဖြတ်နိုင်စွမ်း အလွန် ကောင်းမွန်ကာ ကောင်းမွန်သော အနုပညာ ဆိုသည်မှာ ဘာလဲ ဆိုသည်ကို သိရှိပြီး အကောင်းအဆိုး၊ အနိမ့်အမြင့်ကို ခွဲခြားသိမြင်နိုင်ကြသည်။
တစ်လနီးပါး အချိန်အတွင်း ယွင်ကျုံးဟဲ့သည် အင်ပါယာ အနုပညာ စာသင်ကျောင်း အတွင်း၌သာ စာသင်ကြားပေးနေခဲ့သည်။ ဂီတ သာမက ပန်းချီပညာကိုပါ သင်ကြားပေးခဲ့၏။
သူ၏ ဂီတက ကြီးမားသော တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ဤတစ်လတာ ကာလအတွင်း သူသည် တေးသီချင်းပေါင်းများစွာကို တီးခတ်ပြခဲ့သောကြောင့် ဖြစ်သည်။
နှစ်ရာချီသော ဂန္ထဝင် သီချင်းများစွာသည် ယွင်ကျုံးဟဲ့၏ လက်ချောင်းများမှ အဆက်မပြတ် ထွက်ပေါ် လာခဲ့သည်။ ထို့အပြင် သူသည် တူရိယာသစ်များကိုပါ ယူဆောင်လာခဲ့၏။
အထူးသဖြင့် စန္ဒရားကြီးသည် ချက်ချင်း ခေတ်စားသွားကာ ဟာပဆီကော့ စန္ဒရားများကို တိုက်ရိုက် ဖယ်ရှားပစ်ခဲ့သည်။
အထူးသဖြင့် အင်ပါယာ အနုပညာ စာသင်ကျောင်းသည် စန္ဒရားများကို အမြောက်အမြား ချက်ချင်း ထုတ်လုပ် စေခဲ့ပြီး ဂီတ ပါမောက္ခများ ကိုယ်တိုင် စန္ဒရား တီးခတ်ရန် စတင် သင်ယူနေကြ၏။
နောက်နှစ်မှ စတင်၍ အင်ပါယာ အနုပညာ စာသင်ကျောင်း တစ်ခုလုံးသည် ဟာပဆီကော့ အစား စန္ဒရားကို အသုံးပြု၍ သင်ကြားရေး လုပ်ငန်းများကို စတင်တော့မှာ ဖြစ်သည်။
သို့ပေမည့် တကယ့် အနုပညာ တော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့သည်မှာ ပန်းချီပညာ ဖြစ်နေသည်။ အင်ပရက်ရှင်း ဝါဒ ပန်းချီပညာက ပန်းချီ အနုပညာအပေါ် ရိုက်ခတ်မှုကို ယွင်ကျုံးဟဲ့ တကယ်ကို အထင်သေးခဲ့မိ၏။
အင်ပါယာ အနုပညာ စာသင်ကျောင်းသည်သာ ဤကမ္ဘာပေါ်တွင် အသစ်အဆန်းများကို အလက်ခံချင်ဆုံး လူစု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တာ့ယန် အင်ပါယာသစ်၏ ပန်းချီ အနုပညာသည် အချစ်ရေးဆန်သော ဝါဒနှင့် လက်တွေ့ကျသော ဝါဒတွင် နစ်မွန်းနေခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သောကြောင့်ပင်။
နှစ်ရာပေါင်းများစွာ ကြာအောင် သူတို့သည် ထိုးဖောက်နိုင်မည့် လမ်းကြောင်းသစ်ကို ရှာဖွေခဲ့ကြသော်လည်း အမြဲတမ်း မရှာတွေ့ခဲ့ကြပေ။
လူအများအပြားက အသစ်အဆန်း ထိုးဖောက်မှုများ ပြုလုပ်ရန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင် အသံတိတ်သွားခဲ့ကြသည်။
မူလ ပန်းချီ အနုပညာတွင် အံ့မခန်း လက်ရာများကို ရေးဆွဲနိုင်ရန်မှာ ပို၍ ပို၍ ခက်ခဲလာ၏။
‘ခင်ဗျားက တကယ့် လူတစ်ယောက်နဲ့ တူအောင် ဆွဲနိုင်ရင်တောင် ဘာဖြစ်သေးလဲ။ တကယ်ကို အမြင်အာရုံ ရိုးအီနေပြီလေ။’
သို့ပေမည့် အင်ပရက်ရှင်း ဝါဒသည် လျှပ်စီးလက်သကဲ့သို့ အက်ကွဲကြောင်း တစ်ခုကို ဆုတ်ဖြဲလိုက်ပြီး ဤအနုပညာရှင်များကို အံ့မခန်း စိတ်ကူးဉာဏ်များ ပေးစွမ်းနိုင်ခဲ့သည်။
ထို့အပြင် အင်ပရက်ရှင်းဝါဒ ပန်းချီပညာကို စတင် လေ့လာပြီးနောက် သူတို့၏ ယခင်က အချစ်ရေးဆန်သော ဝါဒ၊ လက်တွေ့ကျသော ပန်းချီဆွဲဟန်များမှာလည်း အတိုင်းအတာ တစ်ခုအထိ တိုးတက်လာခဲ့ကြောင်း တွေ့ရှိလိုက်ကြ၏။
ထို့အပြင် အင်ပရက်ရှင်း ဝါဒ ပန်းချီပညာသည် စိတ်ခံစားချက်များနှင့် အတွင်းစိတ် ကမ္ဘာကို ဖော်ပြရာတွင် အလွန် ကျွမ်းကျင်ပြီး စိတ်ကူးဉာဏ်နှင့် ဝိညာဉ်ကို ပိုမို ဖော်ထုတ်နိုင်ကြောင်း သူတို့ တွေ့ရှိလိုက်ကြသည်။
ယွင်ကျုံးဟဲ့သည် အခွင့်ကောင်းယူ၍ အင်ပရက်ရှင်းဝါဒ ပန်းချီပြပွဲ တစ်ခုကို ကျင်းပခဲ့ရာ အနည်းဆုံးတော့ အင်ပါယာ အနုပညာ လောကတွင် အလွန် ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့၏။
လူအများအပြားက ၎င်းကို ပန်းချီပညာ၏ တော်လှန်ရေးဟုပင် တိုက်ရိုက် ခေါ်ဆိုခဲ့ကြသည်။
လအနည်းငယ် အတွင်းမှာပင် အင်ပါယာ အနုပညာ စာသင်ကျောင်းတွင် ယွင်ကျုံးဟဲ့သည် ကြည်ညိုသူ အများအပြားကို ရရှိခဲ့၏။
အင်ပါယာ အနုပညာ လောက၏ ဆွေးနွေးပွဲများနှင့် စုဝေးပွဲများ အားလုံးတွင် သူ ဖိတ်ကြားခံခဲ့ရပြီး အကြိမ်တိုင်းတွင်လည်း အဓိက ဇာတ်လိုက် ဖြစ်ခဲ့သည်။
အနုပညာတွင် ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤအချိန်တွင် အနိုင်အရှုံး ခွဲခြားရန် မလိုအပ်တော့ပေ။ တာ့ယန် အင်ပါယာသစ်၏ အနုပညာ လောက တစ်ခုလုံးက ယွင်ကျုံးဟဲ့ကို လက်ခံရန် ဆန္ဒရှိကြပြီး အသိအမှတ်ပြုကြ၏။
ငါးလပိုင်း ခုနစ်ရက်နေ့...
ယွင်ကျုံးဟဲ့သည် တာ့ယန် အင်ပါယာသစ်သို့ ဒုတိယမြောက် စိန်ခေါ်စာကို ထပ်မံ ပေးပို့လိုက်ပြန်သည်။
ဘုတ်အဖွဲ့ ကစားနည်း (Board Games) ၏ ဉာဏ်ပညာ...
ဘုတ်အဖွဲ့ ကစားနည်း ဆိုသည်မှာ မြင့်မြတ်သော တိုက်ပွဲ တစ်ခုဖြစ်ပြီး ဉာဏ်ပညာ၏ တိုက်ပွဲ တစ်ခု ဖြစ်သည်။ အင်ပါယာ ရင်ပြင်တွင် သူသည် စစ်တုရင် ပညာရှင်ကြီး အားလုံး၏ စိန်ခေါ်မှုကို လက်ခံမှာဖြစ်၏။
ဝေချီ ဖြစ်စေ၊ စစ်တုရင် ဖြစ်စေ အားလုံး ရသည်။ တစ်ယောက်တည်း ဖြစ်စေ၊ ဆယ်ယောက် ဖြစ်စေ နေရာလောက်သရွေ့ အားလုံး ရသည်။
ယွင်ကျုံးဟဲ့က တစ်ယောက်တည်းဖြင့် ဆယ်ယောက်ကို ရင်ဆိုင်မည်၊ တစ်ရာကို ရင်ဆိုင်မှာဖြစ်သည်။ ဆိုလိုသည်မှာ သူသည် လူတစ်ရာနှင့် တင်နက်တည်း စစ်တုရင် ကစားမည်ဖြစ်ပြီး လူတစ်ယောက်ကို ရှုံးသွားပါက ဤစိန်ခေါ်မှုတွင် သူ ရှုံးသွားပြီဟု သတ်မှတ်မှာဖြစ်၏။
ထိုအချိန်မှစ၍ တာ့ယန် အင်ပါယာသစ်ကို လုံးဝ ဖျက်ဆီးပစ်မည် ဆိုသည့် စကားကို ထပ်မပြောတော့ဘဲ စိန်ခေါ်မှုများ အားလုံးလည်း ပြီးဆုံးသွားပေလိမ့်မည်။
.........................