← Chapters

အခန်း (၈၁၂-၈၁၃)

Vol. 43 Ch. 812-813

အခန်း (၈၁၂-၈၁၃)

Vol. 43 Ch. 812-813

အပိုင်း (၈၁၂) ထိန်းချုပ်မှုလွတ်သွားသော အာလီပိုင်။

အာလီပိုင် ထွက်သွားသည်ကို ကြည့်ရင်း ဖန်ကျန်းရီ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့၏။

သူက ရုတ်တရက် ဤကဲ့သို့သော စကားတစ်ခွန်းကို မေးလိုက်ခြင်းမှာ ကောင်းသောကိစ္စတော့ မဟုတ်ပေ။ သို့ပေမည့်လည်း အလွန်အမင်း စိုးရိမ်ပူပန်နေရန်တော့ မလိုအပ်ချေ။ အာလီပိုင်သည် စိတ်အာရုံ လုံးဝ ချို့ယွင်း မသွားဘူးဆိုပါက သူ့ကို ထိပါးရဲမည် မဟုတ်ပေ။ တာ့ကျင်းမှ လူများ လာရောက်ရှာဖွေမည့်အချိန်သို့ ရောက်ရှိပါက အရာအားလုံး အဆင်ပြေသွားပေမည်။

ယခုအခါတွင် အာလီပိုင်၏ စိတ်ကူးအကြံအစည်များမှာ အနည်းငယ် ရိုင်းစိုင်းနေပြီဖြစ်ရာ ကျန်ရှိနေသော ကိစ္စများကို လောလောဆယ် ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ဘဲ အခြေအနေ ပြောင်းလဲမှုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခြင်းကသာ ပိုကောင်းပေမည်။

သို့သော်လည်း ဤတပည့် လျှောက်နေသောလမ်းမှာ အနည်းငယ် ကောက်ကွေ့နေချေပြီ။ ဖန်ကျန်းရီသည် ဝမ်းနည်းနှမြောစွာဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

အာလီပိုင်သည် အစောင့်များကို ခေါ်ဆောင်လျက် ကြယ်အပေါင်းက လမင်းကြီးကို ဝန်းရံထားသည့်အလား လမ်းမထက်တွင် လျှောက်လှမ်းလာခဲ့သည်။ ရောက်လေရာ အရပ်တိုင်းရှိ ပြည်သူများမှာ သူ့ကို မကြည့်ဘဲ မနေနိုင်ကြသလို အရိုအသေ မပေးဘဲလည်း မနေနိုင်ကြချေ။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူသည် ယခုအခါတွင် အသားကျနေခဲ့ပြီ ဖြစ်၏။

လျှောက်သွားနေစဉ်မှာပင် အစောင့်တစ်ဦးသည် အလျင်အမြန် ရှေ့သို့ တိုးလာခဲ့သည်။ "ဒုတိယမင်းသား လူတစ်ယောက် လာရောက် တွေ့ဆုံခွင့် တောင်းနေပါတယ်။"

အာလီပိုင်က စဉ်းစားခြင်းပင်မပြုဘဲ ချက်ချင်း ငြင်းဆိုလိုက်ပြီး အနည်းငယ် ဒေါသထွက်နေသော လေယူလေသိမ်းဖြင့် ဆက်ပြောလိုက်၏။ "မတွေ့ဘူး။ နောက်ပိုင်း အရေးမပါတဲ့ လူတွေလာရင် အကုန်မောင်းထုတ်လိုက်။ လာပြီး သတင်းပို့နေစရာ မလိုဘူး။"

ယခုမျက်မှောက်တွင် ပြည်သူအုပ်ကြီးမှာ သူ့ကို တွေ့မြင်လိုနေကြပြီး လူတစ်ယောက်လာတိုင်း သတင်းပို့နေရမည်ဆိုပါက အသက်ရှင်နေရန်ပင် အချိန်ရတော့မည် မဟုတ်ပေ။ ပြည်သူများ၏ မြှောက်စားမှုကို ခံရခြင်းက ကောင်းမွန်သော်လည်း မကြာခဏဆိုသလို အလွန်အမင်း ရူးသွပ်နေကြသော ပြည်သူအချို့က သူ့အနီးသို့ ကပ်ကာ မျက်နှာချင်းဆိုင် ဒူးထောက် ရှိခိုးပြီး ငိုယိုအော်ဟစ်နေတတ်ကြသဖြင့် တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့၏။

အစောင့်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ "သာမန်လူတော့ မဟုတ်ပါဘူး။ ရုပ်သွင်ပြင်ကို ကြည့်ရတာ တာ့ကျင်းက လူတစ်ယောက်ပါ"

အာလီပိုင်က ပြောလိုက်၏။ "တာ့ကျင်းက လူ။ အဲဒါဆိုလည်း ခေါ်လာခဲ့။ ကြည့်ကြည့်ရတာပေါ့။"

ထိုတာ့ကျင်းမှ လူကို ခေါ်ဆောင်လာချိန်မှာတော့ သူသည် အာလီပိုင်၏ အရှေ့တွင် ချက်ချင်းပင် ဝပ်တွား ရှိခိုးလိုက်သည်။ "သာမန်အရပ်သား ကျွန်တော်မျိုး ရွှေအန်းကောက ဒုတိယမင်းသားကို ဂါရဝပြုပါတယ်။"

အာလီပိုင်က ရေရွတ်လိုက်သည်။ "ရွှေအန်းကော။"

ဤမြို့ထဲတွင် တာ့ကျင်းမှ လူများ များများစားစား မရှိဘဲ အဓိကအားဖြင့် တည်းခိုခန်းတွင်သာ ရှိနေကြသည်။ သို့သော်လည်း တည်းခိုခန်းသို့ သူ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ဖူးပြီး မသိကျွမ်းလျှင်ပင် မျက်မှန်း တန်းမိလောက်သည့် အနေအထားရှိသော်လည်း ယခု အရှေ့ရှိ ဤလူကိုတော့ တကယ် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

အာလီပိုင်က မေးလိုက်သည်။ "ခင်ဗျားက သံတမန်အဖွဲ့ထဲက လူလား။ ဘာဖြစ်လို့ ကျုပ် ခင်ဗျားကို တစ်ခါမှ မမြင်ဖူးရတာလဲ။"

ရွှေအန်းကောသည် ခေါင်းကို မော်ကြည့်လိုက်ပြီး ဖော်ရွေလှသော အပြုံးတစ်ခုကို ထုတ်ပြလိုက်၏။ "သာမန်အရပ်သား ကျွန်တော်မျိုးက သံတမန်အဖွဲ့ထဲက လူမဟုတ်ပါဘူး။ ကြီးမြတ်လှတဲ့ ရွှေတိုင်းပြည်ကြီး အတွက် သံရိုင်းသယံဇာတတွေကို အမြဲတမ်း ရှာဖွေစုဆောင်းပေးနေတဲ့ နယ်လှည့်ကုန်သည် တစ်ယောက်ပါ။ နိုင်ငံတော်ဆရာရဲ့ အမိန့်အရ ဖန်ထိုက်မြို့ထဲမှာ နေထိုင်နေရတာပါ။"

အာလီပိုင်က ခေါင်းညိတ်လိုက်၏။ ပုံမှန်အားဖြင့် သူသည် အိမ်တော်အတွင်း၌သာ နေထိုင်လေ့ရှိပြီး နန်းတွင်းရေးရာများနှင့် ပတ်သက်၍ နားလည်မှု သိပ်မရှိခဲ့သလို ဤကိစ္စများနှင့် ပတ်သက်၍ သူ့ကို လာပြောပြမည့်သူလည်း မရှိခဲ့ချေ။ ရွှေအန်းကောကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းမှာလည်း သဘာဝ ကျပေသည်။

အာလီပိုင်က မေးလိုက်၏။ "ခင်ဗျား ကျုပ်ဆီ လာတာ ဘာကိစ္စရှိလို့လဲ။"

ရွှေအန်းကောက ပြုံး၍ ပြောလိုက်သည်။ "သာမန်အရပ်သား ကျွန်တော်မျိုးက ဒီရက်ပိုင်းအတွင်းမှာ ဒုတိယမင်းသားကို အမြဲတမ်း စောင့်ကြည့်နေခဲ့တာပါ။ ဒုတိယမင်းသားရဲ့ ရဲရင့်တက်ကြွတဲ့ ပုံစံကို မြင်ရတော့ စိတ်ထဲမှာ လေးစား အထင်ကြီးသွားမိလို့ ရဲရဲဝံ့ဝံ့ လာရောက် တွေ့ဆုံခွင့် တောင်းခံခဲ့တာပါ

ဒါ့အပြင် သာမန်အရပ်သား ကျွန်တော်မျိုးက ဒုတိယမင်းသားကို သတိပေးစရာလေး တစ်ခုလည်း ရှိနေပါသေးတယ်။"

အာလီပိုင်သည် စိတ်ပါဝင်စားသွား၏။ "ဘာကို သတိပေးချင်တာလဲ။"

ရွှေအန်းကောက ပြောလိုက်သည်။ "ဖန်ကျန်းရီပါ။"

အာလီပိုင်သည် မျက်စိကို မှိတ်လိုက်ရာ သူ၏ မျက်လုံးထဲတွင် စူးရှသော အလင်းရောင်တစ်ခု လက်သွား၏။ "ကျုပ် အိမ်တော်ကို လိုက်ခဲ့။ အဲဒီကျမှ စကားပြောကြတာပေါ့။"

အာလီပိုင်သည် အရှေ့တွင် အေးဆေးတည်ငြိမ်စွာ လက်ဖက်ရည်သောက်နေသော ဤသူကို ခံစားချက်မဲ့စွာ ကြည့်ရင်း ပြောလိုက်၏။ "ပြော .. ဖန်ကျန်းရီနဲ့ ပတ်သက်ပြီး တကယ်တော့ ဘာကိစ္စတွေ ရှိနေတာလဲ။"

ရွှေအန်းကောသည် အေးဆေးသက်သာစွာဖြင့် လက်ဖက်ရည်ပန်းကန်ကို ချကာ ပြောလိုက်သည်။ "ဒုတိယမင်းသား က မေးလာမှတော့ သာမန်အရပ်သား ကျွန်တော်မျိုးလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်။ ကျွန်တော်မျိုးနဲ့ ဖန်ကျန်းရီ အကြားမှာ ပတ်သက်မှုတချို့ ရှိခဲ့တယ်။ ပိုတိတိကျကျ ပြောရရင် ပဋိပက္ခတချို့ ရှိခဲ့ဖူးတယ်။ ဒါကြောင့် သူ့သတင်းတွေနဲ့ ပတ်သက်လာရင် ကျွန်တော်မျိုးက အမြဲတမ်း အလေးထားလေ့ရှိတယ်။

ကျွန်တော်မျိုးက မူလက ချန်တိုင်းပြည်ရဲ့ တော်ဝင်မိသားစုဝင် တစ်ယောက်ပါ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ တိုင်းပြည် ကျဆုံးသွားခဲ့ရတယ်။ တိုင်းပြည်ပျက်ပြီး မိသားစုတွေ ကွဲကွာသွားတဲ့အချိန်မှာ အပြင်ဘက်ကို ရောက်ရှိ မျောလွင့်နေခဲ့တဲ့ တော်ဝင်မိသားစုဝင် တချို့ ရှိနေခဲ့သေးတယ်။

ကျွန်တော်မျိုးနဲ့ ချန်တိုင်းပြည်ရဲ့ မင်းသမီးလည်း အဲဒီအထဲမှာ ပါဝင်ခဲ့တယ်။ နောက်ပိုင်းမှာ ရေနတ်ဘုရားဂိုဏ်း ကို တည်ထောင်ပြီး ကြီးမြတ်လှတဲ့ ချန်တိုင်းပြည်ကြီးကို ပြန်လည် ထူထောင်ချင်ခဲ့ကြတာပါ။ ဒီကြားထဲက ကိစ္စတွေကိုတော့ ကျွန်တော်မျိုး အများကြီး ဆက်မပြောတော့ပါဘူး။ ကျွန်တော်မျိုး ပြောချင်တာက အဲဒီနောက်ပိုင်း ကိစ္စတွေပါ။

ကျွန်တော်မျိုးနဲ့ အဲဒီ ဖန်ကျန်းရီတို့ ပဋိပက္ခဖြစ်ပြီးတဲ့နောက်မှာ ရေနတ်ဘုရားဂိုဏ်းကလည်း မမျှော်လင့်ထားတဲ့ အပြောင်းအလဲ အများကြီးနဲ့ ထပ်ကြုံခဲ့ရပြန်တယ်။ ဒါကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ရေနတ်ဘုရားဂိုဏ်းကနေ ထွက်ခွာလာခဲ့တယ်။ အပြင်ဘက်မှာ တစ်ယောက်တည်း ကုန်သွယ်ရေးအလုပ်ကို လုပ်နေခဲ့တာပါ။

ရေနတ်ဘုရားဂိုဏ်းကနေ ထွက်ခွာလာခဲ့ပေမဲ့လည်း ကျွန်တော်မျိုးက အမြဲတမ်း ဂရုစိုက်နေဆဲဖြစ်ပြီး ပုံမှန်အားဖြင့်လည်း လူလွှတ်ပြီး သတင်းတွေကို စုံစမ်းလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ် အတောအတွင်းမှာပဲ အရမ်း အံ့သြစရာကောင်းတဲ့ ကိစ္စတစ်ခုကို တွေ့ရှိခဲ့ရတယ်။ ကျွန်တော်မျိုးတို့ ရေနတ်ဘုရားဂိုဏ်းရဲ့ စီးပွားရေးလုပ်ငန်း အတော်များများက တောက်ယွမ်ခရိုင်ရဲ့ အမည်အောက်ကို ရောက်ရှိသွားခဲ့တယ်။

ဆိုလိုတာက ဖန်ကျန်းရီရဲ့ လက်အောက်ကို ရောက်သွားတာပေါ့။ ဒါကြောင့် ကျွန်တော်မျိုး ဆက်ပြီး စုံစမ်းကြည့်လိုက်တဲ့အခါ … မစုံစမ်းလိုက်ရင် ဘာမှမဖြစ်ပေမဲ့ စုံစမ်းလိုက်ချိန်မှာတော့ ကျွန်တော်မျိုးတို့ ချန်တိုင်းပြည်ရဲ့ မင်းသမီးကို ဖန်ကျန်းရီက အိမ်ထဲ သွင်းထားပြီးပြီဆိုတာကိုပါ သိလိုက်ရတော့တာပဲ။

သူက နာမည်ပြောင်းပြီး မြို့တော်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနေတယ်။ ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားတွေက ဖန်ကျန်းရီနဲ့ သူတို့ အတူတူရှိနေတာကို လမ်းပေါ်မှာ တစ်ခါမက မြင်တွေ့ခဲ့ဖူးပါတယ်။"

အာလီပိုင်က အော်ဟစ်လိုက်၏။ "ဘာပြောလိုက်တယ်။"

အာလီပိုင်သည် ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ "ခင်ဗျားပြောတာ တကယ်ပဲလား။"

ရွှေအန်းကောက အံကြိတ်ကာ ပြောလိုက်၏။ "တကယ်ပေါ့။ အတုအယောင် ဖြစ်နေစရာ အကြောင်း လုံးဝမရှိဘူး။ အဲဒီ ဖန်ကျန်းရီက သမက်တော်တစ်ယောက် ဖြစ်လျက်နဲ့ ရန်သူ့တိုင်းပြည်က မင်းသမီးကို တိတ်တဆိတ် သိမ်းပိုက်ရဲတာ တကယ့်ကို မိုက်ရူးရဲဆန်လွန်းတယ်။"

ဟုတ်ပေသည်။ ဤကဲ့သို့ ဖြစ်ရမည်မှာ သေချာလှ၏။ ဤကဲ့သို့သော စကားမျိုးကို လိမ်လည်သူများပင်လျှင် လုပ်ကြံ ဖန်တီး၍ မရနိုင်ရာ အမှန်တရားသာ ဖြစ်နိုင်ပသည်။

အာလီပိုင်သည် သူ့ကို သေသေချာချာ အကဲခတ်ကြည့်လိုက်၏။ "ခင်ဗျားနဲ့ သူက ရန်သူတွေပဲ။ ဒီလိုသတင်းမျိုးက သူ့ကို ဆယ်ခါလောက် သေစေနိုင်လောက်တဲ့အထိ လုံလောက်နေပြီ။ ဘာဖြစ်လို့ တာ့ကျင်းဆီကို တိတ်တဆိတ် သတင်းမပို့ဘဲ ကျုပ်ဆီကို လာရှာရတာလဲ။"

ရွှေအန်းကောက အားတင်းပြုံး၍ ပြောလိုက်သည်။ "သာမန်အရပ်သား ကျွန်တော်မျိုးက သတင်းမပို့ချင်ဘဲ နေမလား။ ဒါပေမဲ့ ဒီသတင်းက အရမ်းကို ကြီးမားတဲ့ တော်ဝင်မိသားစုရဲ့ အရှက်တော်ကွဲမှုကြီးလေ။ ဖန်ကျန်းရီ မသေခင်မှာပဲ ကျွန်တော်မျိုးရဲ့ သဲလွန်စကို တုန်းချန်အဖွဲ့က လူတွေ အရင်ဆုံး ရှာတွေ့သွားမှာကို စိုးရိမ်ရတယ်။ ကျွန်တော်မျိုးရဲ့ အဆင့်အတန်းရယ် ၊ ကြီးမြတ်လှတဲ့ ရွှေတိုင်းပြည်ကြီးအတွက် သံရိုင်းတွေ ခိုးထုတ်ပေးနေတဲ့ ကိစ္စတွေကိုပါ အသေးစိတ် စစ်ဆေးတွေ့ရှိသွားမယ်ဆိုရင် အကြိမ်တစ်ထောင်လောက် ဓားနဲ့မွှန်းပြီး သတ်ခံရရင်တောင် နည်းနေအုံးမှာပဲ။

ဒီနေ့ ကျွန်တော်မျိုး ဒုတိယမင်းသားဆီ လာရှာတာက ဒုတိယမင်းသားကို သတိပေးချင်လို့ပါ။ ကျွန်တော်မျိုး ကြည့်ရသလောက် သူနဲ့ ဒုတိယမင်းသားတို့က အတော်လေးကို ရင်းနှီးနေကြတယ်။ ဒီလူက အလုပ်လုပ်တဲ့ နေရာမှာ မလုပ်ရဲတဲ့ ကောက်ကျစ်မှုမျိုး မရှိဘူး။ ဒါကြောင့် ဒုတိယမင်းသား အနေနဲ့ အထူး သတိထားပြီး သူ့ရဲ့ အသုံးချမှုကို မခံလိုက်ရဖို့ မျှော်လင့်ပါတယ်။

ဒါ့အပြင် ဒုတိယမင်းသားက ပြည်သူတွေကြားထဲမှာ ငွေတွေ ရိက္ခာတွေကို အများကြီး ဝေငှပေးနေတာကို မြင်ရတော့ အဲဒီအချက်ကို ကျွန်တော်မျိုးက အထူး လေးစားမိတယ်။ ဒါကြောင့် ကျွန်တော်မျိုးမှာ ပိုင်ဆိုင်မှု အသင့်အတင့် ရှိနေတာနဲ့ မြို့ထဲက ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ဒုတိယမင်းသားကို ငွေကြေးတစ်ရပ် ထောက်ပံ့ပေးချင်ပါတယ်။"

အာလီပိုင်သည် နောက်သို့ မှီချလိုက်ပြီး ရွှေအန်းကောကို အကဲခတ်နေသော အကြည့်များဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ "ထောက်ပံ့မယ်။ ခင်ဗျား လိုချင်တဲ့ တောင်းဆိုမှုကရော ဘာလဲ။"

"ဖန်ကျန်းရီကို ရွှေတိုင်းပြည်ထဲမှာ ပိတ်လှောင်ထားတာက ကောင်းကင်ပျံ အရာဝတ္ထုတွေကို ဖန်တီးခိုင်းဖို့ ဖြစ်ရမယ်ဆိုတာကို ကျွန်တော်မျိုး သိပါတယ်။ အခု တပ်တော်ကြီးလည်း စစ်ထွက်သွားပြီဆိုတော့ ဖန်ကျန်းရီကို ဘာဖြစ်လို့ ဆက်ထားထားသေးလဲဆိုတာကိုတော့ မသိဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်မျိုး တွေးမိတာက တကယ်လို့ သူက အသုံးမဝင်တော့ဘူးဆိုရင် သူ့ကို ကျွန်တော်မျိုး စိတ်ကြိုက် စီရင်နိုင်ဖို့အတွက် ဒုတိယမင်းသားက လွှဲပြောင်းပေးဖို့ မျှော်လင့်ပါတယ်။"

အာလီပိုင်၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသည့် အမူအရာ ပေါ်လာ၏။ "အို .. ခင်ဗျားတို့ နှစ်ယောက်အကြားမှာ ဘယ်လို နက်ရှိုင်းတဲ့ ရန်ငြိုးကြီးများ ရှိနေလို့ ခင်ဗျား ဒီလောက်အထိ အပင်ပန်းခံနေရတာလဲ။"

ရွှေအန်းကောသည် မတွေးဝံ့စရာ အတိတ်အမှတ်အသားများကို ပြန်လည် မြင်ယောင်လာမိ၏။ အစောပိုင်းက သူနှင့် ကျန်းချန်တို့ နှစ်ဦးသည် အလှပြလှေပေါ်တွင် အဝတ်အစားများ ချွတ်ခံခဲ့ရပြီးနောက် အပြင်းအထန် ရိုက်နှက်ခံခဲ့ရသည်ကို တွေးမိလိုက်၏။

သူ၏ မျက်နှာအရောင်မှာ တဖြည်းဖြည်းနှင့် ဝက်အသည်းရောင်အလား နီမြန်းလာပြီး တင်းမာ ခက်ထန်စွာ ပြောလိုက်သည်။ "ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ပါတယ်။"

အာလီပိုင်က ပြောရင်း သူ့ထံသို့ လက်ယပ်ခေါ်လိုက်၏။ "ဟဟ … ဂုဏ်သိက္ခာ။ ထားလိုက်ပါတော့။ ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကျုပ် ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ခင်ဗျား ယူလာတဲ့သတင်းက အရမ်းကို တန်ဖိုးရှိတယ်။ ခင်ဗျား အနီးကို တိုးလာခဲ့။ ကျုပ်လည်း ခင်ဗျားကို မှာကြားစရာ ကိစ္စတချို့ ရှိသေးတယ်။"

အောင်မြင်သွားပြီလား။ ရွှေအန်းကောသည် ဝမ်းသာအားရဖြင့် ရှေ့သို့ အလျင်အမြန် တိုးလှမ်းသွားတော့၏။

အာလီပိုင်သည် အခြေအနေကို အခွင့်ကောင်းယူကာ သူ၏ ပခုံးပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်ပြီး နားနားကပ်၍ တီးတိုး ပြောလိုက်သည်။ "ကျုပ်နဲ့ ဖန်ကျန်းရီက ဘယ်လို ပတ်သက်မှုရှိလဲဆိုတာကို ခင်ဗျား သိလား။"

ရွှေအန်းကောက မေးလိုက်၏။ "ဘယ်လို ပတ်သက်မှုလဲ။"

"သူက ကျုပ်ကို ပညာသင်ပေးခဲ့တဲ့ ကျေးဇူးရှင် ဆရာကြီးလေ"

"အမ်။"

'ဖွပ်' ဟူသော အသံတစ်ချက် ထွက်ပေါ်လာ၏။ ရွှေအန်းကောသည် ဝမ်းဗိုက်အတွင်းသို့ အေးစက်သော အရာတစ်ခု စိုက်ဝင်သွားသည်ကိုသာ ခံစားလိုက်ရပြီးနောက် အာလီပိုင်၏ တွန်းဖယ်ခြင်းကို ခံလိုက်ရသည်။

သူသည် ဝမ်းဗိုက်ကို လက်နှစ်ဖက်ဖြင့် ဖိထားရာမှ လက်ကို လွှတ်လိုက်သောအခါ လက်နှစ်ဖက်လုံး သွေးရောင်လွှမ်းနေသည်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိပြီး ဓားမြှောင်တစ်လက်သည် သူ၏ ဝမ်းဗိုက်အတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသည်ကို ထင်ရှားစွာ မြင်လိုက်ရ၏။

ဆိုးရွားပြင်းထန်သော နာကျင်မှုသည် တဖြည်းဖြည်း တုံ့ပြန်လာရာ ရွှေအန်းကောသည် ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး အဆက်မပြတ် တုန်ယင်နေသည်။ "ဒုတိယမင်းသား … ခင်ဗျား …. ခင်ဗျား ဒါ ဘာလုပ်တာလဲ။"

အာလီပိုင်က အေးစက်စွာ ပြုံး၍ ပြောလိုက်၏။ "ခင်ဗျား သိထားတာတွေက အရမ်းများလွန်းနေပြီ။ ဒါပေမဲ့ ဒီအကြောင်းတွေကို ပြောပြပေးတဲ့အတွက်တော့ အရမ်းကို ကျေးဇူးတင်ပါတယ်။"

ရွှေအန်းကော၏ မျက်လုံးထဲတွင်တော့ ကြောင်အမ်းသွားမှု ၊ နောင်တရမှု ၊ မျှော်လင့်ချက်မဲ့မှု အစရှိသော အမျိုးမျိုးသော ခံစားချက်များမှာ တစ်ခုမက ပြည့်နှက်နေခဲ့ချေသည်။ ကောင်းမွန်သော အခွင့်အရေးတစ်ခုဟု ထင်မှတ်ထားခဲ့သော်လည်း တစ်ကြိမ် တွေ့ဆုံရုံဖြင့် အသက်ပါ ဆုံးရှုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

တစ်ခဏမျှ တုန်ယင် လူးလှိမ့်နေပြီးနောက် အသက်ရှူရပ်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး အာလီပိုင်၏မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။

ဆရာ .. ဆရာ။ ဆရာက တကယ့်ကို မိုက်ရူးရဲဆန်လွန်းတာပဲ။ အခုတော့ ဒီ စွန်းဝူခုန်းကြီးက လက်ငါးချောင်း တောင်တန်းကြီးထဲကနေ ဘယ်လို ပျံသန်း ထွက်ခွာသွားမလဲဆိုတာကို ကျုပ် ကြည့်ရသေးတာပေါ့။

မျက်နှာအမူအရာကို တစ်ဖန် ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် အာလီပိုင်သည် အပြင်ဘက်သို့ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "လူလာကြ။ လုပ်ကြံသူ ရှိတယ်။"

စစ်သည်တစ်စုသည် အပြင်ဘက်မှ အလျင်အမြန် ပြေးဝင်လာကြပြီး အာလီပိုင် ဘေးကင်းလုံခြုံနေသည်ကို မြင်သောအခါမှသာ သက်ပြင်းချနိုင်ကြတော့၏။ သူသည် ပြည်သူများ၏ စိတ်ထဲရှိ နတ်ဘုရားတစ်ပါး ဖြစ်သလို စစ်တပ်အတွင်းတွင်လည်း အချစ်ခံရဆုံးသော ဒုတိယမင်းသား ဖြစ်ပေရာ အကယ်၍ သူသာ သေဆုံးသွားခဲ့ပါက အကျိုးဆက်များမှာ ရေးမှတ်၍ပင် ကုန်နိုင်မည်မဟုတ်ပေ။

အာလီပိုင်က ပြောလိုက်သည်။ "လူဆိုးကို ကျုပ် ပြန်သတ်ပစ်လိုက်ပြီ။ သူ့ကို မြှုပ်ပစ်လိုက်ကြ။"

"ဒုတိယမင်းသား … ဘယ်သူက လာရောက် လုပ်ကြံတာလဲဆိုတဲ့ သဲလွန်စများ ရှိပါသလား။ ကျွန်တော်မျိုးတို့ အခုပဲ သွားရောက် စုံစမ်း ဖော်ထုတ်ပေးပါ့မယ်။"

အာလီပိုင်သည် မတ်တတ်ရပ်လိုက်ပြီး လက်ကို နောက်ပစ်ကာ တိတ်တဆိတ် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ "တည်းခိုခန်းကို လူအရင်လွှတ်ပြီး တာ့ကျင်းရဲ့ သံတမန်အဖွဲ့ဝင် အားလုံးကို အပြင်မထွက်နိုင်အောင် တည်းခိုခန်းထဲမှာ ဝိုင်းထားလိုက်။ အထူးသဖြင့် ဖန်ကျန်းရီကို သေချာပေါက် စောင့်ကြည့်ထားရမယ်။ ပြီးတော့ နောက်ထပ် စစ်တပ်တစ်တပ်ကို လွှတ်"

အပိုင်း (၈၁၃) ရွှေခြုံပြီး ဘုရင်ဖြစ်မလား။

ဖန်ကျန်းရီသည် စားပွဲရှေ့တွင် ထိုင်နေပြီး အရှေ့ရှိ အစောင့်သုံးဦးကို မျက်တောင်မခတ်ဘဲ စူးစူးရဲရဲ ကြည့်နေခဲ့၏။ မနေ့က နေ့လယ်ပိုင်းတွင် အကြောင်းရင်းမသိဘဲ လူတစ်စု ရောက်လာကာ တည်းခိုခန်းကို ရေတစ်စက်မျှပင် မထွက်နိုင်လောက်အောင် အတင်းအကျပ် ဝိုင်းရံထားခဲ့ကြသည်။

သူသည် ယခုအခါတွင် တံခါးအပြင်သို့ပင် ထွက်ခွင့်မရတော့သလို အခြားသူများနှင့်လည်း တွေ့ဆုံခွင့် မရတော့ချေ။ အပြင်ထွက်၍ အပေါ့အပါး သွားသည်ကိုပင် လူများ၏ စူးစူးရဲရဲ စောင့်ကြည့်ခြင်းကို ခံနေရ၏။ စကားမေးလျှင်လည်း ပြန်မဖြေကြချေ။ ခန့်မှန်းကြည့်ရသည်မှာ တစ်ဖက်လူများသည် သူ ပြောသောစကားကို နားမလည်ကြခြင်း ဖြစ်ပေလိမ့်မည်။

အခြေအနေကို ကြည့်ရသလောက် ဤလူများသည် အာလီပိုင် စေလွှတ်လိုက်သူများ ဖြစ်သည်မှာ ရှစ်ဆယ် ရာခိုင်နှုန်းခန့် သေချာလှသည်။ သို့ပေမည့် မည်သည့်နေရာတွင် ပြဿနာတက်သွားသနည်း။ ဤတပည့်မိုက်သည် လူလွှတ်ကာ သူ့ကို ဤနေရာတွင် ပိတ်လှောင်ထားချေသည်။

ဖန်ကျန်းရီသည် အကြိမ်ရာချီ စဉ်းစားသော်လည်း အဖြေရှာမရခဲ့ဘဲ တစ်ညလုံး စဉ်းစားခဲ့သော်လည်း နားမလည်နိုင်ခဲ့ပေ။ အာလီပိုင်က သူ့ကို သတ်ချင်နေခြင်းလား။ ထိုအရာမှာ မဖြစ်နိုင်ပေ။ ပထမဦးစွာ ထိုကဲ့သို့ လုပ်ဆောင်ရန် လှုံ့ဆော်မှုမရှိသလို မနေ့က သူ နားမထောင်လိုသော စကားနှစ်ခွန်းခန့် ပြောမိရုံဖြင့် လူသတ်မည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ သူသည်လည်း အရူးတစ်ယောက် မဟုတ်ပေ။

၎င်းအပြင် အမှုန်ပေါက်ကွဲမှုကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံဖူးထားပြီးဖြစ်ရာ ရွှေတိုင်းပြည်တွင် အနိုင်ရမည့် အခွင့်အရေး ရှိတော့မည်ဟု လုံးဝ ထင်မှတ်မည်မဟုတ်ဘဲ သူ၏ စကားကို နားထောင်၍ လုပ်ဆောင်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ လုပ်ဆောင်နေခြင်းမှာ တကယ်တော့ အဘယ်ကြောင့်နည်း။

အရှေ့ရှိ စစ်သည်သုံးဦးကို ကြည့်ရင်း ဖန်ကျန်းရီသည် လုံးဝ စိတ်မရှည်တော့ဘဲ မတ်တတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ဗိုက်ဆာပြီ။ သွားပြီး စားစရာ တစ်ခုခု သွားယူချေ။ ငါ သိုးနံကင် စားချင်တယ်။"

စစ်သည်သုံးဦးသည် အရင်ကအတိုင်းပင် တိတ်ဆိတ်စွာဖြင့် စကားတစ်ခွန်းမျှ မပြောကြချေ။

ဖန်ကျန်းရီသည် ဒေါသထွက်သွားပြီး တံခါးအပြင်သို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

တလက်လက် တောက်ပနေသော သံမဏိဓားသုံးလက်သည် သူ၏ လည်ပင်းရှေ့သို့ ချက်ချင်း ရောက်ရှိလာ၏။

ဖန်ကျန်းရီသည် လေအေးတစ်ချက်ကို ပြင်းပြင်းရှူသွင်းလိုက်မိပြီး ရွှေတိုင်းပြည်မှ စစ်သည်များကို ခံစားချက်မဲ့စွာ ကြည့်လိုက်ကာ ကုတင်ဘေး၌ တိတ်တဆိတ် ပြန်ထိုင်လိုက်သည်။

ထိုအချိန်တွင် စစ်သည်များထဲမှ တစ်ဦးသည် အခြားနှစ်ဦးကို နားမလည်သော စကားများဖြင့် စတင် ပြောဆိုလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့၏။

အချိန်တစ်နာရီခန့် ကြာပြီးသည့်နောက်တွင်တော့ အာလီပိုင်သည် အခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။

ဖန်ကျန်းရီသည် ကုတင်ပေါ်တွင် ထိုင်နေရင်း မျက်လုံးကို မော်ကာ သူ့ကို ကြည့်လိုက်၏။ "တပည့် မင်းက နောက်ဆုံးတော့ ဆရာ့ကို လာတွေ့ဖို့ စိတ်ကူးပေါက်လာပြီပေါ့။ ဒီနေရာက ဘာအခြေအနေလဲဆိုတာကို မင်း ငါ့ကို ရှင်းပြသင့်တယ် မဟုတ်လား။"

အာလီပိုင်က ပြုံး၍ ပြောလိုက်သည်။ "တကယ်ကို တောင်းပန်ပါတယ် ဆရာ။ ကျုပ် ဒီနေ့ လမ်းမပေါ်မှာ ပြည်သူတွေကို မိန့်ခွန်းပြောဖို့ အလုပ်များနေလို့ အခုမှပဲ လာဖို့ အချိန်ရတော့တာပါ။ တကယ်တော့ ကျုပ် မနက်စောစောတည်းက လာသင့်နေခဲ့တာပါ။"

အာလီပိုင်က အမိန့်ပေးလိုက်၏။ "မင်းတို့ အကုန်လုံး အပြင်ထွက်သွားကြတော့။"

အာလီပိုင်၏ အမိန့်တစ်ချက်အောက်တွင် ရွှေတိုင်းပြည်စစ်သည်များသည် အခန်းအပြင်သို့ ထွက်သွားကြသည်။ သူက ဆက်ပြောလိုက်သည်။ "ဆရာ တကယ်တော့ ကျုပ်မှာ အခြား ရည်ရွယ်ချက် မရှိပါဘူး။ မနေ့က ပြန်ရောက်ပြီး စဉ်းစားကြည့်တော့ မကြာသေးခင်က ပြည်သူတွေရဲ့ ကိစ္စတွေနဲ့ပဲ အမြဲတမ်း အလုပ်များနေခဲ့လို့ ဆရာ့ဆီကနေ ပညာသင်ယူဖို့ အချိန်တွေ အများကြီး လျော့နည်းသွားခဲ့တယ်။ ဒါကြောင့် ဆရာ့ကို တည်းခိုခန်းထဲမှာပဲ နေဖို့ လူလွှတ်ပြီး သတင်းပို့ခိုင်းလိုက်တာပါ။ အချိန်ရလို့ ဆရာ့ဆီလာပြီး စကားပြောရင် လူရှာမတွေ့ဘဲ ဖြစ်မှာစိုးလို့ပါ။ ဒီ တုံးအလှတဲ့ အောက်ခြေလူတွေက"

ဖန်ကျန်းရီက သူ့စကားကို ဖြတ်ပြောလိုက်ပြီး အေးစက်စွာ ပြုံး၍ ပြောလိုက်၏။ "ဆရာ့ရှေ့မှာ လာပြီး ဟန်ဆောင်မနေနဲ့။ ဆရာက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တယ်။ အောက်ခြေလူတွေ ဘယ်လောက်ပဲ တုံးအနေပါစေ … အကောင်းအဆိုး စကားကိုတော့ ခွဲခြားသိနိုင်သင့်တယ်။ မင်းက ငါနဲ့ စကားပြောချင်နေတာလား။ ငါ ကြည့်ရသလောက်တော့ မင်းက ငါ့ကို ပိတ်လှောင်ထားချင်နေတာပဲ။"

ဖန်ကျန်းရီက ပြောရင်း ရင်ထဲမှ ဒေါသများ ထွက်ပေါ်လာကာ စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ "မင်းက ငါ့ကို ရက်အတော်ကြာ ချုပ်နှောင်ထားချင်နေသေးတာလား။"

အာလီပိုင်သည် ရှေ့သို့ တိုးသွားကာ လက်ဖက်ရည်တစ်ခွက်ကို ငှဲ့လိုက်ပြီး ဖန်ကျန်းရီ၏ အရှေ့သို့ ရိုရိုသေသေ ထိုးပေးလိုက်ရင်း ပြောလိုက်၏။ "ဆရာကလည်း ဘယ်လိုစကားတွေ ပြောနေတာလဲ။ တကယ်ကို နားလည်မှုလွဲနေတာပါ။ တပည့်က ဆရာ့အပေါ် ဘယ်လို သဘောထားရှိလဲဆိုတာကို ဆရာ့စိတ်ထဲမှာ မသိဘူးလား။ ကျုပ်က တကယ်ကို ဆရာနဲ့ ရင်ဖွင့်စကား နှစ်ခွန်းလောက် ပြောချင်ရုံတင်ပါ။"

ဖန်ကျန်းရီသည် လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "အဲဒါဆိုလည်း ပြောလေ။"

အာလီပိုင်က ခေါင်းညိတ်လိုက်ပြီး တီးတိုး ပြောလိုက်၏။ "ဆရာ မနေ့က ကျုပ် ပြန်ရောက်ပြီး သေသေချာချာ စဉ်းစားကြည့်ခဲ့တယ်။ တပည့် ဒီနေ့လို အနေအထားမျိုး ရလာတာက လုံးဝကို ဆရာ့ရဲ့ ကျေးဇူးတွေကြောင့်ပါပဲ။ ဆရာ့ရဲ့ ပညာရပ်တွေက ပင်လယ်ကြီးလို နက်ရှိုင်းပြီး ယူသုံးလို့ကို ကုန်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဆရာ တာ့ကျင်းကို ပြန်တော့မယ်ဆိုတာကို တွေးမိလိုက်တိုင်း တပည့်ရဲ့ ရင်ထဲမှာ ဟာတာတာကြီး ဖြစ်သွားရတယ်။ ဒါကြောင့် ဆရာ ဆက်နေပြီး ကျုပ်ကို ကူညီပေးလို့ မရဘူးလား။

ဆရာ စိတ်ချပါ။ အရင်က ကျုပ် ပြောခဲ့သလိုပါပဲ။ ဆရာ့ကို ဧကရာဇ်ရဲ့ ဆရာတစ်ယောက်ရဲ့ ဂါရဝတရားမျိုးနဲ့ ဆက်ဆံပါ့မယ်။ ဖါးပါး ရဲ့ အဆင့်အတန်းကတောင် ဆရာ့ကို လုံးဝ မီနိုင်မှာမဟုတ်ဘူး။ တပည့် ပေးနိုင်တာမှန်သမျှ သဘောမတူတာ လုံးဝ မရှိစေရဘူး။"

ဖန်ကျန်းရီသည် သူ့ကို အံ့သြစွာ ကြည့်လိုက်၏။ "ဒီလောက်လေးအတွက်နဲ့လား။"

အာလီပိုင်က ပြောလိုက်သည်။ "တကယ်ပေါ့။ ကျုပ်စိတ်ထဲမှာ ဆရာ တစ်ယောက်တည်းက စစ်သည် သိန်းသောင်းမက တန်ဖိုးရှိတယ်။"

ဖန်ကျန်းရီ၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားပြီး ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "မရဘူး။ ဆရာက ရှင်လည်း တာ့ကျင်းသားပဲ ၊ သေလည်း တာ့ကျင်းက တစ္ဆေပဲ။ မိသားစုနဲ့ ကလေးတွေ အားလုံးက တာ့ကျင်းမှာ ရှိနေကြတာဆိုတော့ ရွှေတိုင်းပြည်မှာ ဘယ်လိုလုပ်ပြီး အလုပ်လုပ်လို့ ရမှာလဲ။

နောက်တစ်ခုက ငါတို့ ဖန်မိသားစုမှာ မိသားစုဆုံးမစကား ရှိတယ်။ နောင်လာနောက်သား သားမြေးတွေ အားလုံးက သစ္စာရှိရမယ်။ ရွှေတိုင်းပြည်က ဆရာ့ရဲ့ အရည်အချင်းတွေကို ထုတ်ပြရမယ့် စင်မြင့်မဟုတ်ဘူး။

ဒါပေမဲ့ မင်းက ဆရာ့ရဲ့ တရင်းတချာ တပည့်ပဲလေ။ ဆရာ့ဆီကနေ ပညာသင်ချင်ရင် စာနဲ့ ဆက်သွယ်လို့ ရနေတာပဲ။ ဆရာ့ကို ဘာဖြစ်လို့ ဒီမှာ ဆက်နေခိုင်းနေရတာလဲ။ ပြီးတော့ ဆရာ့အဖေကလည်း သဘောတူမှာ မဟုတ်ဘူး။"

အဖေ။

ဤစကားလုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အာလီပိုင်သည် တစ်ခဏမျှ ကြောင်အမ်းသွားပြီးနောက်မှ သဘောပေါက်သွားတော့၏။ ဤပြောနေခြင်းမှာ တာ့ကျင်းဧကရာဇ် လီချဲ့ကို ပြောနေခြင်း ဖြစ်ပေလိမ့်မည်။ အဖေဟု ခေါ်လိုက်သည်မှာ အလွန်ပင် ချောမွေ့လွန်းလှရာ အရင်းအချာ အဖေကို ပြောနေသည်ဟုပင် ထင်မှတ်လိုက်မိသည်။

အာလီပိုင်သည် တည်ငြိမ်သော မျက်နှာထားဖြင့် ခေါင်းကို အနည်းငယ် ငုံ့ကာ မည်သည့်အရာကို တွေးတောနေမှန်း မသိချေ။

ဖန်ကျန်းရီသည်လည်း လောလောဆယ် မလောဘဲ သူ့ဘာသာ လက်ဖက်ရည်ကိုသာ သောက်နေလိုက်၏။ ဤကောင်လေးမှာ ပြဿနာရှိနေသည်မှာ သေချာလှ၏။ သို့ပေမည့် ယခုမျက်မှောက် အခြေအနေကို ကြည့်ရသလောက်တော့ သံတမန်အဖွဲ့နှင့် သူသည် ဘေးကင်းလုံခြုံနေဆဲ ဖြစ်သည်။

အတန်ကြာပြီးသည့်နောက် အာလီပိုင်သည် ခေါင်းကို မော်ကာ မေးလိုက်သည်။ "ဆရာ ဧကရာဇ်တစ်ပါးရဲ့ မျက်လုံးထဲကို သဲပွင့်တွေ ထည့်ပွတ်လို့ ရနိုင်ပါ့မလား။"

ဘာတုံးအလှတဲ့ မေးခွန်းကြီးနည်း။

ဖန်ကျန်းရီက နှုတ်ခမ်းကို မဲ့ကာ ပြောလိုက်၏။ "အဲဒါက သဘာဝကျကျ မရဘူးပေါ့။ ဘာဖြစ်လို့ ဒီလို လာမေးနေရတာလဲ။"

အာလီပိုင်သည် ပြန်လည် ဖြေကြားခြင်း မပြုဘဲ တစ်ဖန် ပြန်မေးလိုက်သည်။ "ဆရာ ကြည့်ရသလောက် ကျုပ်မှာ တကယ်ပဲ အခွင့်အရေး မရှိတော့ဘူးလား။"

ဖန်ကျန်းရီက လက်မှိုင်ချကာ ပြောလိုက်၏။ "မင်းက ဆရာ့ကို ဘယ်နှစ်ခါလောက် မေးနေမှာလဲ။ ဆရာက သေချာပေါက် တာ့ကျင်းကို ပြန်ရမှာ။ ဆရာက မပြန်ချင်ဘူးဆိုရင်တောင်မှ ဆရာ့ကို အတင်း ဆွဲခေါ်သွားလိမ့်မယ်။ ဆရာ ဒီမှာ နေ၊ မနေဆိုတာက လုံးဝ အရေးမကြီးပါဘူး။ မင်းက အခု ဖန်ထိုက်မြို့ကြီးမှာ လက်တစ်ဖက်တည်းနဲ့ မိုးကောင်းကင်ကို ဖုံးကွယ်ထားနိုင်နေပြီပဲ။

စစ်ပွဲကြီး ပြီးဆုံးသွားရင် ဆရာ ကိုယ်တိုင် အရှင်မင်းကြီးဆီသွားပြီး မင်းအတွက် ကောင်းကောင်း ပြောပေးပါ့မယ်။ မင်းက တာ့ကျင်းနဲ့ သဘောထား တစ်ခုတည်း ရှိနေတာဆိုတော့ ထီးနန်းက လုံးဝကို ခိုင်မြဲနေမှာပါ။ ဆရာက ဘယ်သူ့ကိုပဲ နစ်နာစေပါစေ ကိုယ့်ရဲ့ တပည့်ကိုတော့ လုံးဝ နစ်နာစေမှာ မဟုတ်ဘူး။"

အာလီပိုင်၏ မျက်နှာအမူအရာတွင် အနည်းငယ် နှမြောတသမှုများ ပါဝင်နေ၏။ "ဟူး အဲဒါဆိုလည်း ကောင်းပါပြီလေ။ ဆရာက သွားတော့မယ်ဆိုမှတော့ ဆရာ့ရဲ့ ကျေးဇူးတွေကို ပြန်လည် ပေးဆပ်တဲ့အနေနဲ့ တပည့်က ဆရာ့အတွက် ကိစ္စတချို့ကို ထပ်လုပ်ပေးပါရစေ။"

ဖန်ကျန်းရီသည် စိတ်ဝင်စားသွား၏။ "အင်း။ မင်းက ဘယ်လိုမျိုး ကျေးဇူးဆပ်ချင်လို့လဲ။"

အာလီပိုင်၏ မျက်နှာထားမှာ ထူးဆန်း နက်နဲသွားပြီး ဖန်ကျန်းရီ၏ နားနားသို့ ကပ်ကာ တီးတိုး ပြောလိုက်သည်။ "ဒီလိုလုပ်ရင် မကောင်းဘူးလား ဒီ ထီးနန်းကို ဆရာက အရင်ဆုံး စံမြန်းလိုက်ပါ။"

ဖန်ကျန်းရီက မေးလိုက်၏။ "မင်း ဘာပြောလိုက်တယ်။"

ဖန်ကျန်းရီ၏ ခေါင်းထဲတွင် 'ဝီ' ဟူသော အသံတစ်ချက် မြည်သွားပြီး လည်ပင်းကို တောင့်တင်းစွာ လှည့်ကြည့်လိုက်မိသည်။

မျက်နှာချင်းဆိုင်တွင်တော့ ပြုံးနေသော မျက်နှာထားနှင့် အာလီပိုင်ကို မြင်လိုက်ရပြီး သူက ဖြည်းညင်းစွာ ပြောလိုက်သည်ကို ကြားလိုက်ရ၏။ "ကျုပ် ပြောတာက ဒီ ဧကရာဇ်နေရာကို ဆရာက အရင်ဆုံး လုပ်ပြီး တပည့်က နောက်မှလုပ်မယ်လို့။ အဲဒါက ဆရာ အမြဲတမ်း သွန်သင်ဆုံးမပေးခဲ့တဲ့ ကျေးဇူးတွေကို ပြန်လည် တုံ့ပြန် ကျေးဇူးဆပ်တာလည်း ဖြစ်ပါတယ်။

ပြီးတော့ အချိန်ဆွဲနေလို့ မကောင်းဘူးထင်တယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ လုပ်လိုက်ကြတာပေါ့။ တပည့်က ဆရာ့အတွက် တာ့ကျင်းရဲ့ ထုံးတမ်းစဉ်လာတွေနဲ့ ကိုက်ညီမယ့် နဂါးဝတ်စုံတစ်စုံနဲ့ နိုင်ငံတော် တံဆိပ်တုံးကို အရင်ဆုံး သွားရောက် စီစဉ်ခိုင်းလိုက်ပါ့မယ်။ ဒါမှ ဂါရဝတရား ရှိမှာလေ။

ပြီးတော့ ဧကရာဇ်တစ်ပါး ဖြစ်လာမှတော့ ကျုပ်တို့တွေ သေချာပေါက် တရားဝင် ခမ်းခမ်းနားနားနဲ့ စည်စည်ကားကား ကျင်းပရမယ်။ သံတမန်အဖွဲ့ရဲ့ မျက်မှောက် သက်သေပြုမှုအောက်မှာ ကျင်းပလိုက်ရင် ဘယ်လိုနေလဲ။"

ငါက ဧကရာဇ်လုပ်ပြီး ရွှေနိုင်ငံရဲ့ နဂါးဝတ်စုံကို ဝတ်ရမယ်။ ပြီးတော့ သံတမန်အဖွဲ့ရဲ့ အရှေ့မှာ။

ဖန်ကျန်းရီ၏ မျက်နှာထားမှာ ထူးဆန်းစွာ ဆိုးရွားနေချေသည်။ "မင်း ဘာတွေ ရူးနေတာလဲ။ ငါ့ကို သေအောင် သတ်ချင်နေတာလား။"

အာလီပိုင်သည် လက်ကို ဆက်တိုက် ဝှေ့ယမ်းကာ အပြစ်ကင်းစင်သည့် ပုံစံမျိုး လုပ်ပြလိုက်၏။ "မဟုတ်ပါဘူး မဟုတ်ပါဘူး။ ဆရာက တပည့်အပေါ် ဘယ်လိုလုပ်ပြီး ဒီလို တွေးနိုင်ရတာလဲ။

ဒါက ကျုပ် မနည်း ကြိုးစား စဉ်းစားပြီးမှ ထွက်လာတဲ့ ဆရာ့ကို ကျေးဇူးဆပ်မယ့် နည်းလမ်းလေးပါ။ စစ်ပွဲကြီး မပြီးဆုံးခင်မှာ ရွှေတိုင်းပြည်ရဲ့ ဧကရာဇ်အဖြစ် တစ်ခဏလောက် နေထိုင်ကြည့်တာ ဘာများ မဖြစ်နိုင်စရာ ရှိလို့လဲ။

သဘာဝကျကျ ကျုပ်တို့ ရွှေတိုင်းပြည်က အမတ်တွေကတော့ သေချာပေါက် ကန့်ကွက်ကြလိမ့်မယ်။ ဒါပေမဲ့ ဆရာ စိတ်ချပါ။ ကျုပ် တစ်ယောက်တည်း တာဝန်ယူ ဖြေရှင်းပေးပါ့မယ်။ ဆရာ့အတွက် ဘာအန္တရာယ်မှ မရှိစေရပါဘူး။ ဒီလောကကြီးမှာ ထီးနန်းပေါ် ထိုင်နိုင်တဲ့သူ ဘယ်နစ်ှယောက်များ ရှိလို့လဲ။ ဆရာက တကယ်ပဲ ဆန္ဒမရှိလို့လား။"

ဖန်ကျန်းရီသည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး အာလီပိုင်ကို စူးစူးရဲရဲ ကြည့်ကာ စကားလုံးများကို တစ်လုံးချင်းစီ ပီပီသသ ပြောလိုက်၏။ "ငါ ဆန္ဒမရှိဘူး။ ပြီးတော့ မင်းက ဘာကို အားကိုးပြီး ငါက မင်းနဲ့ ပူးပေါင်းပေးလိမ့်မယ်လို့ ထင်နေတာလဲ။ သတ္တိရှိရင် မင်း ငါ့ကို သတ်ပစ်လိုက်လို့ ရတယ်။ အဲဒါက ငါ သေရတာ ပိုပြီး မြန်ဆန် သက်သာအုံးမယ်။"

အာလီပိုင်သည် ဒေါသထွက်ချင်ယောင် ဆောင်လိုက်၏။ "ဟာ ဆရာကလည်း … ဘာဖြစ်လို့ ဒီလိုစကားမျိုး ပြောရပြန်တာလဲ။ ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ။ ကျုပ်က ဆရာ့အတွက် စီစဉ်ပေးပြီးမှတော့ ဆရာက လက်ခံလိုက်ရုံပါပဲ။

ဘာပဲဖြစ်ဖြစ် ဆရာလည်း ချန်တိုင်းပြည်ရဲ့ မင်းသမီးကို သိမ်းပိုက်ထားတဲ့ ကိစ္စကို အခြားသူတွေ သိသွားတာမျိုး မလိုလားဘူး မဟုတ်လား။"

All Chapters