အခန်း (၈၁၄-၈၁၅)
Vol. 43 Ch. 814-815
အပိုင်း (၈၁၄) စိတ်ထား ကောက်ကွေ့နေသော အာလီပိုင်။
ချီးတဲ့မှ။
မိုင်ပေါင်းသိန်းသောင်းမက ဝေးကွာနေသော … ဤနှစ်ထောင်ချီ ကြာမြင့်နေသည့် ဇာတ်လမ်းဟောင်းကြီးကို ဤခွေးသူတောင်းစားလေးက ဘယ်လိုလုပ်ပြီး တော်ကောက် ဖော်ထုတ်လိုက်တာနည်း။
ဖန်ကျန်းရီ၏ ရင်ထဲတွင် အပြင်းအထန် တုန်လှုပ်သွားခဲ့သော်လည်း စိတ်ကို အတင်း တည်ငြိမ်အောင်ထားကာ ပြောလိုက်၏။ "မင်း ဘာတွေပြောနေတာလဲ။ ငါ နားမလည်ဘူး။ ဒီလောက်တောင် အောက်တန်းကျတဲ့ လိမ်ညာမှုမျိုးကို မင်းက လုပ်ကြံ ဖန်တီးနိုင်သေးတာလား။"
အာလီပိုင်က ပြုံး၍ ပြောလိုက်သည်။ "လုပ်ကြံထားတာ ဟုတ်မဟုတ်ဆိုတာကို ဆရာ့စိတ်ထဲမှာ အသိဆုံးပါ။ ကျုပ်လည်း အများကြီး ဆက်မပြောတော့ပါဘူး။"
ဖန်ကျန်းရီက ဒေါသကို ဖိနှိပ်ကာ ပြောလိုက်၏။ "ဘာဖြစ်လို့လဲ။ တကယ်တော့ ဘာဖြစ်လို့လဲဆိုတဲ့ အကြောင်းပြချက် တစ်ခု ငါ့ကိုပေးစမ်းပါ။ စကားက ဒီအခြေအနေအထိ ရောက်နေမှတော့ မင်းလည်း ဆက်ပြီး ဖုံးကွယ် ထိန်ချန်ထားစရာ မလိုတော့ဘူးလို့ ငါ ထင်တယ်။"
အာလီပိုင်က ရယ်မောလိုက်၏။ "အဲဒါလည်း ဟုတ်တာပါပဲ။ အမှန်အတိုင်းပဲ ပြောပါတော့မယ်။"
"ဆရာ ကျုပ် နိုင်သွားပြီ။ ဒီနေ့ ဖန်ထိုက်မြို့ကြီးမှာရှိတဲ့ ကျုပ်ရဲ့ ဂုဏ်သတင်းနဲ့ အာဏာစက်က ခမည်းတော်ကို ကျော်လွန်သွားခဲ့ပြီ။ ဆရာ ပြောခဲ့သလိုပါပဲ။ ကျုပ် တစ်ကြိမ် နိုင်ခဲ့ရင် သေချာပေါက် ဒုတိယအကြိမ် ထပ်နိုင်လိမ့်မယ်။ ကျုပ် ဆက်တိုက် အနိုင်ယူသွားချင်တယ်။ ကြီးမြတ်လှတဲ့ ရွှေတိုင်းပြည်ကြီးက ကျုပ်ရဲ့ လက်အောက်မှာ သာမန် လက်အောက်ခံ တိုင်းပြည်တစ်ခုလောက် ရိုးရှင်းနေမှာ လုံးဝမဟုတ်ဘူး။ ကျုပ် ခမည်းတော်ကို ကျော်လွန်ရမယ်။ သူ ရရှိခဲ့တဲ့ အောင်မြင်မှု အားလုံးကို ကျော်လွန်ရမယ်။
ဆရာကတော့ ကျုပ်ရဲ့ အရှေ့မှာ ကာဆီးနေတဲ့ လမ်းပိတ် ကျားကြီးတစ်ကောင်ပဲ။ ကျုပ် ဆရာ့ကို အရမ်း ကြောက်တယ် .. တပည့် ဒီနေ့လို အနေအထားမျိုး ရလာတာက လုံးဝကို ဆရာ့ရဲ့ ကျေးဇူးတွေကြောင့်ပဲလေ။ ဆရာသာ တာ့ကျင်းကို ပြန်သွားမယ်ဆိုရင် ကျုပ်အတွက် နောက်ထပ် ခေါင်းမော်နိုင်မယ့် နေ့ရက်မျိုး ရှိတော့မှာ မဟုတ်ဘူးလို့ ထင်မိတယ်။"
ဖန်ကျန်းရီသည် သရော်လှောင်ပြောင်စွာ ရယ်မောလိုက်ပြီး မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အမူအရာ ပေါ်လာ၏။
ခွေးသူတောင်းစားလေး … အရက်ဘယ်နှစ်ပန်းကန်လောက် သောက်ထား၍ ဤမျှလောက်အထိ ယစ်မူးရူးသွပ်နေရသနည်း။ ကြည့်ရသည်မှာ ဤနတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုကြီးကို သာမန်လူများ ကစား၍ မရနိုင်သည်မှာ သေချာလှ၏။
ဤကောင်လေးသည် အာဏာလောဘကြောင့် ဦးခေါင်း မူးဝေသွားခြင်း ဖြစ်နိုင်သလို သို့မဟုတ် မူလတည်းက ဤကဲ့သို့သော လူစားမျိုးဖြစ်ပြီး အာဏာရလာပြီးနောက် မူလဗီဇအစစ်အမှန်ကို ထုတ်ဖော်လာခြင်းလည်း ဖြစ်နိုင်ပေသည်။
တကယ်ကို မမျှော်လင့်ထားခဲ့မိပေ။ ကစားရင်းနှင့် အကွက်လွတ်သွားကာ စိတ်ဓာတ်ခွန်အားပေး စကားများ လွန်ကဲသွားသဖြင့် ရူးသွပ်သော လူမိုက်တစ်ယောက်ကို ဖန်တီးမိလျက်သား ဖြစ်သွားခဲ့ချေပြီ။
အာလီပိုင်က ဆက်ပြောလိုက်သည်။ "ကျုပ်မှာ ဆရာ့ကို ဒုက္ခပေးချင်တဲ့ စိတ်ကူးမရှိပါဘူး။ ဆရာ့ကို သတ်ပစ်လိုက်လို့ ကျုပ်အတွက် ဘာအကျိုးကျေးဇူးများ ရှိမှာမို့လို့လဲ။ အခုလို အောက်တန်းကျတဲ့ နည်းလမ်းကို သုံးရတာကလည်း ဆရာ့ကို အနီးအနားမှာ အမြဲတမ်း ရှိနေစေချင်လို့ပါ။
တွေးကြည့်ရသလောက် သံတမန်အဖွဲ့ထဲက လူအတော်များများက ဆရာနဲ့ ကျုပ်တို့ ရင်းနှီးကြတယ်ဆိုတာကို သိထားကြတယ်။ ဆရာလည်း သူတို့ကို အခြေအနေတွေကို ပြောပြပြီးလောက်ပြီလို့ ကျုပ် ခန့်မှန်းမိတယ်။ ဆရာသာ ဧကရာဇ်ဖြစ်သွားပြီး အိမ်ရှေ့စံမင်းသားရဲ့ ဆရာလည်း ဖြစ်နေမယ်ဆိုရင် လီချဲ့က ဘယ်လို တွေးမလဲ။
ကျုပ် တွေးမိတာက ဆရာ အလွန်ဆုံး အာဏာစက်လောက်ပဲ ဆုံးရှုံးသွားမှာဖြစ်ပြီး အသက်ပါ ဆုံးရှုံးရလောက်တဲ့အထိတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ရန်သူ့တိုင်းပြည်က မင်းသမီးကို တိတ်တဆိတ် သိမ်းပိုက်ထားတယ် ဆိုတာကတော့ တော်ဝင်မိသားစုရဲ့ အရှက်တော်ကွဲမှုကြီးဖြစ်ပြီး သေချာပေါက် သေရမယ့်ကိစ္စပဲ။ ဒီနှစ်ခုကို ဘယ်လို ချိန်ခွင်လျှာ ညှိရမလဲဆိုတာကို ကျုပ် အများကြီး ပြောပြနေစရာ မလိုဘူး မဟုတ်လား။ တာ့ကျင်းက ဆရာ့ကို အလေးထား မသုံးဘူးဆိုရင် ကျုပ်ဘက်က တံခါးကြီးက ဆရာ့အတွက် အချိန်မရွေး ပွင့်နေပါတယ်။"
ဖန်ကျန်းရီက မျက်နှာကို တင်းမာစွာထား၍ ပြောလိုက်၏။ "ငါ ဘယ်ရန်သူ့တိုင်းပြည်က မင်းသမီးကိုမှ မသိမ်းပိုက်ဖူးဘူး။ မင်း လာပြီး ရမ်းသမ်း ပြောဆိုမနေနဲ့။ မင်းက ဆရာ့ကို အလေးထားတာကို ဆရာ အရမ်း ပျော်ပါတယ်။ ဒါပေမဲ့ မင်း စကားပြောတဲ့ လေယူလေသိမ်းကိုတော့ ဆရာ သဘောမကျဘူး။"
အာလီပိုင်က ပြောလိုက်သည်။ "အို ဟုတ်လား။ အဲဒါဆိုလည်း ကျုပ် သွားပြီး ရေနတ်ဘုရားဂိုဏ်းက လူကို ခေါ်လာခဲ့မယ်။ သူ့ကို ဆရာနဲ့ မျက်နှာချင်းဆိုင် စကားချင်း ဖလှယ်ခိုင်းလိုက်ရင် ဘယ်လိုနေလဲ။"
အာလီပိုင်သည် ခေါင်းလှည့်ကာ ထွက်ခွာသွားရန် ပြင်ဆင်လိုက်၏။
ချီးတဲ့မှ … ရေနတ်ဘုရားဂိုဏ်းက ရွှေတိုင်းပြည်အထိ ရောက်လာပြီး ငါ့ကိစ္စတွေကိုပါ သိနေကြတာလား။
ဖန်ကျန်းရီသည် နှုတ်ခမ်းထောင့်ကို မဲ့ကာ ပြောလိုက်သည်။ "မင်းက ဆရာ့ကို အရမ်း အထင်သေးလွန်းနေပြီ။ ငါက ဧကရာဇ်ဖြစ်သွားပြီး အရှင်မင်းကြီးက ငါ့အပေါ် သံသယဝင်မယ်။ အဲဒီအချိန်ကစပြီး ဆက်မသုံးတော့ဘူး ဆိုရင်တောင်မှ ငါက ပိုပြီး ပေါ့ပါး လွတ်လပ်သွားအုံးမယ်။ ငါက တကယ်ပဲ အရာရှိ လုပ်ချင်နေတယ်လို့ မင်း ထင်နေတာလား။"
အာလီပိုင်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်ကာ ပြောလိုက်၏။ "တကယ်လား။ ကျုပ် မယုံဘူး။ ဆရာက မြင့်မားတဲ့ ရာထူးနေရာမှာ ရှိနေပြီး အမတ်တွေထဲမှာ အမြင့်ဆုံးအဆင့်ကို ရောက်နေတာ။ ဆရာ့ရဲ့ ဒီနေ့လို အာဏာစက်မျိုးကို ဆရာ စွန့်လွှတ်ချင်တိုင်း စွန့်လွှတ်နိုင်တယ်ဆိုတာကို ကျုပ် လုံးဝ မယုံကြည်ဘူး။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "ဟားဟား .. လူတိုင်းကို မင်းနဲ့ တူတယ်လို့ ထင်နေတာလား။ အပေါ်ယံဆန်လိုက်တာ။"
အာလီပိုင်က ခြိမ်းခြောက် ပြောဆိုလိုက်၏။ "ဟားဟား … ဆရာ ဘာပဲပြောပြော အသုံးမဝင်တော့ပါဘူး။ ဆရာ့မှာ ရွေးချယ်စရာ မရှိဘူး။ ဆရာသာ ကျုပ်နဲ့ ပူးပေါင်းပေးဖို့ ဆန္ဒရှိမယ်ဆိုရင် နောက်ကျရင် ကျုပ်ဆီကို လာရောက် ခိုလှုံလို့ ရတယ်။ တကယ်လို့ ဆရာက အာဏာစက်ကို တကယ် မမက်မောဘူး ဆိုရင်တောင်မှ တာ့ကျင်းက ဆရာ့ကို ဖုံးကွယ် ပစ်ပယ်ထားလိုက်တာက ကျုပ်အတွက်တော့ ရင်ထဲက အန္တရာယ်တစ်ခု လျော့နည်းသွားတာပဲလေ။ သဘာဝကျကျ အဲဒါက ကျုပ် အမြင်ချင်ဆုံး အရာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဆရာက ကျုပ်နဲ့ မပူးပေါင်းဘူးလို့ အတင်း တင်းခံနေမယ်ဆိုရင်တော့ ဆရာက ချန်တိုင်းပြည်ရဲ့ မင်းသမီးကို တိတ်တဆိတ် သိမ်းပိုက်ထားတယ်ဆိုတဲ့ သတင်းကို ကျုပ် အပြင်ကို ထုတ်ပြောလိုက်ရုံပဲ ရှိတော့မယ်။ အဲဒီအချိန်ကျရင်တော့ တကယ်ကို ပြန်လှည့်စရာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။
တကယ်တော့ ကျုပ်လည်း ဆရာ့ကို မခြိမ်းခြောက်ချင်ပါဘူး။ ဒါပေမဲ့ ဆရာ့ရဲ့ ဆုတ်လမ်းတွေကို သန့်ရှင်းပြောင်စင်နေအောင် မဖြတ်တောက်လိုက်ဘူးဆိုရင် ဆရာက ကျုပ်အနီးအနားမှာ ရှိနေပြီး တာ့ကျင်းကို ပြန်ရမယ်ဆိုတဲ့ စိတ်ကူးယဉ် မျှော်လင့်ချက်တွေကို အမြဲတမ်း ပိုက်ထွေးနေလိမ့်မယ်။ အဲဒီလိုဆိုရင် ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ဘူး။"
ကောင်လေး … တော်လိုက်တာ။ သူ့ကို တကယ်ကို သင်ယူ သဘောပေါက်သွားစေခဲ့တာပဲ။
ဖန်ကျန်းရီသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ "ငါက ထီးနန်းပေါ် ထိုင်ပြီး ပြန်မဆင်းလာတော့ဘဲ နောင်တစ်ချိန် ငါတို့ တာ့ကျင်းရဲ့ တပ်တော်ကြီး မြို့ထဲ ဝင်လာတဲ့အခါ ဒီမှာ တိုက်ရိုက် ထားခဲ့မှာကို မင်း မကြောက်ဘူးလား။"
အာလီပိုင်သည် ခေါင်းငုံ့ကာ ပြုံး၍ ပြောလိုက်၏။ "ဆရာက နောက်နေပြန်ပါပြီ။ ဆရာက တာ့ကျင်းသား ဖြစ်နေမှတော့ ကြီးမြတ်လှတဲ့ ရွှေတိုင်းပြည်ရဲ့ ထီးနန်းပေါ်မှာ ဘယ်လိုလုပ်ပြီး အမြဲတမ်း ထိုင်နေလို့ ရနိုင်မှာလဲ။ ကျုပ် တွေးမိတာက လီချဲ့လည်း ဖရိုဖရဲဖြစ်နေတဲ့ ရွှေတိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာမျိုးကို မြင်တွေ့ချင်မှာ မဟုတ်ဘူး။ ဆရာ နေချင်ရင်တောင် နေလို့ ရနိုင်ပါ့မလား။
တာ့ကျင်းရဲ့ တပ်တော်ကြီး ဒါမှမဟုတ် လက်နက်ချဖို့ ကမ်းလှမ်းတဲ့ သံတမန်တွေ မြို့ထဲ ဝင်လာတဲ့အခါ ကျုပ် ပထမဦးဆုံး အချိန်မှာပဲ အညံ့ခံစာလွှာကို တင်သွင်းပါ့မယ်။ တကယ်လို့ ဆရာက ကျုပ်နဲ့ ပူးပေါင်းပေးမယ်ဆိုရင် ဆရာ့အတွက် လျှို့ဝှက်ချက်ကို ကျုပ် ကိုယ်တိုင် ထိန်းသိမ်းပေးပါ့မယ်။"
ဖန်ကျန်းရီ၏ ရင်ထဲတွင် တစ်ရှိုက်မတ်မတ် စိတ်ရှုပ်ထွေးသွား၏။ ဤတပည့်မိုက်သည် မိမိကို နောက်ကွယ်မှနေ၍ အမြဲတမ်း အကွက်ဆင် တွက်ချက်နေခဲ့ရာ တကယ့်ကို ခွေးသူတောင်းစား ဆန်လွန်းလှပေသည်။
ဖန်ကျန်းရီက ပြောလိုက်၏။ "တပည့်မိုက် … မင်းမှာ ညီအစ်ကို ဆယ်ကျော်လောက် ရှိနေသေးတယ်ဆိုတာကို မမေ့နဲ့အုံး။ မင်းက ထီးနန်းပေါ် ထိုင်ဖို့ အသင့်တော်ဆုံးသူ ဖြစ်ချင်မှ ဖြစ်မှာ။"
အာလီပိုင်သည် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် တီးတိုး ပြောလိုက်သည်။ "ညီအစ်ကိုတွေ … မနေ့ညကစပြီး အစ်ကိုကြီးနဲ့ ညီလေးသုံးတို့ကလွဲရင် ကျုပ်မှာ အခြား ညီအစ်ကိုတွေ မရှိတော့ပါဘူး။ တာ့ကျင်းရဲ့ နန်းတော်က စစ်မြေပြင်ကို ကိုယ်တိုင် တက်ရောက်ခဲ့ဖူးတဲ့ အဲဒီ တော်ဝင်မိသားစုဝင် မင်းမျိုးမင်းနွယ် နှစ်ယောက်ကို ထောက်ပံ့ မြှောက်စားပေးလိမ့်မယ်လို့ ဆရာ ထင်နေတာလား။"
ညီအစ်ကိုတွေ မရှိတော့ဘူး။
ဖန်ကျန်းရီသည် ချက်ချင်းပင် ဒေါသထွက်သွား၏။ "အာလီပိုင် မင်း ရူးနေပြီလား။ မင်းရဲ့ အဲဒီ ညီလေးတွေကို အကုန်သတ်ပစ်လိုက်တာလား။"
အာလီပိုင်သည် ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။ "ဆရာ အံ့သြနေစရာ မလိုပါဘူး။ ဆရာ့ရဲ့ ဒီတုံ့ပြန်မှုကို ကြည့်ရုံနဲ့ ဆရာ့မှာ အဲဒီလောက် ညီအစ်ကိုတွေ အများကြီး မရှိဘူးဆိုတာကို ကျုပ် သိပါတယ်။ အမှန်အတိုင်း ပြောရရင် ညီအစ်ကိုတွေ များလာတော့ သူတို့အပေါ် ကျုပ်မှာ ဘာသံယောဇဉ်မှ မရှိတော့ဘူး။ ကျုပ် အနီးအနားမှာရှိတဲ့ အိမ်စေတွေအပေါ်ထားတဲ့ စိတ်ကတောင် သူတို့ထက် ပိုပြီး ရင်းနှီးသေးတယ်။"
ဖန်ကျန်းရီသည် မနေနိုင်တော့ဘဲ အံကြိတ်မိသည်။ တကယ့်ကို ဒေါသထွက်သွားတော့၏။ "အဲဒါကလည်း မင်းရဲ့ ညီအစ်ကိုတွေပဲလေ။ မင်းက တကယ့် တိရစ္ဆာန်ပဲ။"
အာဏာစက်ကို မက်မောခြင်းက ကိစ္စမရှိသလို ဉာဏ်နီဉာဏ်နက်လေးများ သုံးခြင်းကလည်း ကိစ္စမရှိပေ။ သို့သော်လည်း သတ်ဖြတ်သည့်ဓားကို ကိုင်ကာ မိမိ၏ ညီအစ်ကိုရင်းများဆီသို့ ဦးတည်လိုက်သည့် ဤအချက်ကိုတော့ သူ လုံးဝ သည်းမခံနိုင်ချေ။
ဝူထူတွင် သားတော်ဆယ့်ခုနစ်ပါး ရှိပြီး အငယ်ဆုံးသူမှာ အသက်အနည်းငယ်မျှသာ ရှိသေးပေသည်။ ဤကဲ့သို့သော ဆိုးရွားလှသည့် ကိစ္စမျိုးကိုပင် လုပ်ဆောင်ရဲရာ သူ၏ သည်းခံနိုင်မှု ကန့်သတ်ချက်ကို အဝေးကြီး ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
အာလီပိုင်၏ မျက်နှာပေါ်တွင် ဒေါသများ ပေါ်လာသည်။ "တိရစ္ဆာန် … ကြီးမားတဲ့ မေတ္တာတရားမှာ ခံစားချက်မရှိဘူးဆိုတာ ဆရာ သင်ပေးခဲ့တာလေ။
ဒီလူတွေ အားလုံးက ကျုပ် နန်းတက်ပြီးတဲ့နောက်မှာ ရှိလာမယ့် အန္တရာယ်တွေပဲ။ သူတို့ကို အကြောင်းပြပြီး ပြဿနာရှာမယ့်သူတွေ အမြဲတမ်း ရှိနေလိမ့်မယ်။ ကျုပ် ထမ်းပိုးထားရတာက ကြီးမြတ်လှတဲ့ ရွှေတိုင်းပြည်ရဲ့ ပြည်သူတွေပဲ။ သူတို့ကို သတ်လိုက်တာကလည်း ကျုပ်တို့ ရွှေတိုင်းပြည်ရဲ့ ပြည်သူတွေအတွက်ပါပဲ။ နောင်တစ်ချိန် သူတို့ကြောင့် နိုင်ငံရေး အခြေအနေတွေ မတည်မငြိမ် ဖြစ်လာခဲ့ရင် ဒုက္ခရောက်ကြမှာက ပြည်သူတွေချည်းပဲ။"
ဖန်ကျန်းရီသည် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ "အပြောကတော့ လှလှပပတွေ။ လုပ်ပြီးရင်လည်း လုပ်ပြီးတာပဲလေ။ ကိုယ့်ရဲ့ အရှက်မဲ့မှုအတွက် ဆင်ခြေတွေ လာရှာမနေနဲ့။"
နေမင်းကြီးကို ကျောခိုင်းထားရာ အရှေ့တွင်တော့ အမှောင်ထုသာ ရှိနေချေသည်။ ယခုမျက်မှောက်တွင် အာလီပိုင်မှာ ကယ်တင်၍ မရနိုင်တော့ပြီဖြစ်ရာ သူသည် စိတ်ပျက်လက်ပျက် ဖြစ်သွားခြင်းမှ တခြားမရှိတော့ပေ။
ဖန်ကျန်းရီ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို မြင်သောအခါ အာလီပိုင်သည် တဖြည်းဖြည်း တည်ငြိမ်သွားပြီးမှ ပြောလိုက်သည်။ "ဆရာ တစ်နေ့နေ့ကျရင် ကျုပ်ရဲ့ အခက်အခဲတွေကို ဆရာ နားလည်လာမှာပါ။ ဆရာ ကျုပ်ကို ကိုယ်ချင်းစာလာလိမ့်မယ်။ အခုတော့ ဆရာ ကျုပ်နဲ့ အရင် လိုက်ခဲ့ပါအုံး။ နဂါးဝတ်စုံ ချုပ်လုပ်ပြီးစီးတာကို စောင့်ဆိုင်းပြီး ထီးနန်း တက်လိုက်ပါ။"
ဖန်ကျန်းရီက လှောင်ပြောင် ပြောဆိုလိုက်၏။ "မင်းက ငါ့ကို သိမ်းသွင်းပြီး မင်းအတွက် အလုပ်လုပ် ခိုင်းချင်နေတာ။ ဒါပေမဲ့ ဒီလောကကြီးမှာ ဘယ်နေရာမှာများ ဒီလို တောင်းဆိုတဲ့ နည်းလမ်းမျိုး ရှိလို့လဲ။ ရယ်စရာ ကောင်းတယ်လို့ မင်း မထင်ဘူးလား။"
အာလီပိုင်က ပြုံး၍ ပြောလိုက်သည်။ "ရယ်စရာကောင်းတယ်။ ဆရာ .. ဆရာ တာ့ကျင်းမှာ တစ်ခါမှ မရဖူးခဲ့တဲ့ အာဏာစက်မျိုးကို ကျုပ် ဆရာ့အတွက် ပေးပါ့မယ်။ ဆရာ စိတ်ပြောင်းသွားပါလိမ့်မယ်။ ကျုပ်နဲ့ လိုက်ခဲ့ပါ။ ကျုပ်မှာ သည်းခံနိုင်စွမ်း ကန့်သတ်ချက်ရှိပြီး စကားတွေ အများကြီး ထပ်မပြောချင်တော့ဘူး။
တကယ်လို့ ဆရာ သဘောမတူဘူးဆိုရင် ကျုပ်က ဆရာ့ရဲ့ သံတမန်အဖွဲ့ထဲက လူတွေကို အရင်ဆုံး စတင် ကိုင်တွယ်ဖို့ စဉ်းစားရလိမ့်မယ် … ဥပမာပြောရရင် အဲဒီ မိန်းမနှစ်ယောက်လိုမျိုးပေါ့။"
စကားပြောပြီးသည်နှင့် အာလီပိုင်သည် လှည့်ကာ ချက်ချင်း ထွက်ခွာသွားပြီး ဆက်လက် တုံ့ဆိုင်းနေခြင်း မရှိတော့ချေ။
ဖန်ကျန်းရီသည် အပြင်းအထန် ဒေါသထွက်သွား၏။ ဤခွေးက ချေးကို ရတနာတစ်ခုအဖြစ် သဘောထားပြီး လူတိုင်း သဘောကျလိမ့်မည်ဟု ထင်နေခြင်းလား။
ပါးစပ်ဖွင့်လိုက်သည်နှင့် အာဏာစက် ပါးစပ်ပိတ်လိုက်သည်နှင့် အာဏာစက်ဆိုတော့ .. လူတိုင်းက အာဏာစက်ကို မက်မောနေကြသည်ဟု ထင်နေခြင်း ဖြစ်ပေမည်။
"ခဏနေအုံး။ ငါ့မှာ နောက်ဆုံး မေးခွန်းတစ်ခု ရှိသေးတယ်။"
"မင်းရဲ့ ညီလေး ဆယ်ကျော်လောက်ကို မင်း သတ်ပစ်လိုက်တာ ရင်ထဲမှာ ခံစားချက်လေး နည်းနည်းလေးတောင် မရှိဘူးလား။ မင်း နောင်တမရဘူးလား။"
ခံစားချက် နောင်တရမှု။ ငါက လူမျိုးတစ်ခုရဲ့ ကြီးမားတဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့တာ။ ဘာကို နောင်တရစရာ ရှိမှာမို့လို့လဲ။
ဤစကားကို ကြားလိုက်ရသောအခါ အာလီပိုင်သည် တစ်ခဏမျှ ငေးမောသွားပြီးနောက် ရယ်မောကာ လက်နှစ်ဖက်ကို ပွေ့ပိုက်လိုက်၏။
"ကျုပ် က တကယ့်ကို အမြင့်ဆုံး သာယာကျေနပ်မှုကြီးကို ခံစားနေရတာပဲ။"
အပိုင်း (၈၁၅) တပ်မတော်နှစ်ရပ် တွေ့ဆုံခြင်း။
အာလီပိုင် ရူးသွပ်နေသည်ကို ကြည့်ရင်း ဖန်ကျန်းရီသည် အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့၏။ ဤကောင်လေး ပျက်စီးသွားပြီ လူမဆန်တော့ပြီဖြစ်ရာ ကုစား၍ မရနိုင်တော့ချေ။ သို့သော်လည်း ပို၍ စိတ်ဆင်းရဲစရာကောင်းသည်မှာ သူ၏ ဤဘက်ခြမ်းပင် ဖြစ်၏။ အာလီပိုင်သည် သူ့ကို ဧကရာဇ်အဖြစ် တစ်ကြိမ် လုပ်ဆောင်စေရန် အတင်းအကျပ် အကွက်ဆင်နေခဲ့ရာ ယခုအခါတွင် ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေချေပြီ။
လုပ်ရမည်ဆိုလျှင်လည်း သံတမန်အဖွဲ့၏ အရှေ့တွင် လုပ်ဆောင်ရဦးမည် ဖြစ်၏။ လုပ်ငန်းစဉ်က မည်သို့ပင် ရှိစေကာမူ ဤရလဒ်သည် ကျင်းဘုရင်မင်းမြတ် ၏ နားထဲသို့ ရောက်ရှိသွားပါက သေချာပေါက် သက်ရောက်မှု ရှိပေလိမ့်မည်။ ဤသက်ရောက်မှုမှာ မည်သည့် အတိုင်းအတာအထိ ရှိမည်ကိုတော့ သူ အတိအကျ မမှန်းဆနိုင်ချေ။
ဘာပဲဖြစ်ဖြစ် ကျင်းဘုရင်မင်းမြတ်သည် အမြဲတမ်း သဘောထားကြီးမားသူ ဖြစ်သလို ယခုအခါတွင်လည်း မိသားစု တစ်ခုတည်း ဖြစ်နေကြပြီ ဖြစ်၏။
သို့ပေမည့်လည်း ဘုရင်မင်းမြတ်တစ်ပါး၏ ဂုဏ်ပုဒ်ဆိုသည်မှာ ထိုနေရာတွင် ရှိနေပေရာ သူ့မှာ ထင်ရှားသော သုံ့ပန်းတစ်ယောက် ဖြစ်လျက်နှင့် နောက်ဆုံးတွင်တော့ အခြားသူများကို လှည့်စားကာ ဒေသခံ အုပ်စု၏ ဧကရာဇ်အဖြစ် သွယ်ဝိုက်သောနည်းဖြင့် တက်ရောက်သွားခဲ့ရသည်။ သူသည် ဂျန်ရှီစီဌာန၏ ရာထူး တာဝန်ကိုလည်း ပူးတွဲ ထမ်းဆောင်နေသေးသည် မဟုတ်ပါလား။ အိမ်ရှေ့မင်းသား၏ ဆရာတစ်ယောက် ဖြစ်နေသဖြင့် မည်သူနှင့်မဆို လဲလှယ် စဉ်းစားကြည့်ပါက သံသယများ ရှိလာခြင်းမှ မလွတ်ကင်းနိုင်ပေ။
ယနေ့တွင် အခြားသူများကို လှည့်စားနိုင်ပါက မနက်ဖြန်တွင် အိမ်ရှေ့စံမင်းသားကို လှည့်စားရတော့မည် မဟုတ်လား။ နောင်တစ်ချိန်တွင် အိမ်ရှေ့စံမင်းသားကို ရုပ်သေးရုပ်တစ်ခုအဖြစ် ဖန်တီးရဦးမည် ဖြစ်ပေလိမ့်မည်။ အာလီပိုင် ဖန်တီးထားသော အကွက်ဖြစ်ကြောင်းကို သိရှိလျှင်ပင် ဘာများ ထူးခြားသွားမည်နည်း။ ဤကဲ့သို့သော ကိစ္စမျိုး တစ်ကြိမ် ဖြစ်ပွားသွားသည်နှင့် လူများ၏ ရင်ထဲတွင် ကျန်ရစ်နေခဲ့မည်မှာ ဆူးတစ်ချောင်းပင် ဖြစ်၏။
သေရလောက်သည့်အထိတော့ မဖြစ်နိုင်သော်လည်း နောက်ဆုံးတွင်တော့ သံယောဇဉ်ကို ထိခိုက်စေမည်မှာ သေချာလှပေသည်။
အကယ်၍ သဘောမတူဘူးဆိုပါက ပို၍ပင် ပြဿနာတက်ပေလိမ့်မည်။ ရွှေယီပိုင်၏ အဆင့်အတန်းကို ယခုအချိန်အထိ သိရှိသူ အလွန်နည်းပါးလှပြီး မြောင်ဟန် ပင်လျှင် သိရှိထားခြင်း မရှိချေ။ ဤကိစ္စသာ တကယ် ပေါက်ကြားသွားခဲ့ပါက အရေခွံတစ်ထပ် ခွာခံရနိုင်ချေရှိပြီး နန်းတော်ထဲဝင်ကာ မင်းမြေးတော်အတွက် ကုန်းကုန်းအဖော်အဖြစ် နေထိုင်ရမည်ဆိုလျှင်ပင် ဆန်းလှမည်မဟုတ်ပေ။ ယခုအခါတွင် အာလီပိုင်၏ လက်ထဲ၌ သက်သေရှိမရှိဆိုသည်မှာ လုံးဝ အရေးမကြီးတော့ချေ။ အပြင်သို့ ပြောချလိုက်သည်နှင့် လိုက်လံ စုံစမ်းမည့်သူများ သေချာပေါက် ရှိလာပေလိမ့်မည်။
ဆိုးရွားသော အခြေအနေ နှစ်ခုအကြားတွင် ပို၍ သက်သာရာကို ရွေးချယ်ရမည်ဖြစ်ရာ ယခု လောလောဆယ်တွင်တော့ အာလီပိုင်နှင့်အတူ လိုက်လံ ကစားပေးရုံသာ ရှိတော့၏။ ဧကရာဇ်အဖြစ် တစ်ကြိမ်လောက် နေထိုင်ကြည့်ရသည်မှာလည်း နားထောင်ကြည့်ရုံဖြင့် မဆိုးလှပေ။
ဖန်ကျန်းရီသည် အာလီပိုင် အခန်းအပြင်သို့ ထွက်သွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်ကာ အနောက်မှ လိုက်ပါ၍ အခန်းအပြင်သို့ ထွက်သွားလိုက်သည်။
ဤခွေးသူတောင်းစားလေးမှာ ဤမျှလောက်အထိ အလားအလာများ ရှိနေပြီး မိမိကို သူ၏ အလုပ်သမားအဖြစ် လုပ်ဆောင်စေရန်အတွက် တကယ့်ကို ဉာဏ်ကုန်ထုတ် ကြိုးစားခဲ့သည်။ ဤကဲ့သို့သော လူတော်လူကောင်းမျိုးသည် လူရည်ချွန်ရှာဖွေရေး အလုပ်ကို လုပ်ဆောင်သင့်သည်။ သို့ပေမည့် ထင်ရှားစွာပင် မွေးဖွားရာ နေရာ မှားယွင်းနေခဲ့ချေပြီ။
ချန်ကောင်းဂိတ်။
ရွှေတိုင်းပြည်တပ်တော်ကြီးသည် တန်းစီ အသင့်ရှိနေကြပြီး သူတို့ရှေ့တွင်တော့ မြေပုံငယ်လေးများ အစီအရီ ရှိနေချေသည်။ မြှုပ်နှံထားသည်မှာ သေဆုံးသွားကြသော ရွှေတိုင်းပြည်စစ်သည်များချည်းသာ ဖြစ်၏။
စစ်သည်သိန်းသောင်းမက သေဆုံးသွားခဲ့ရသဖြင့် ဝူထူသည် အချိန်ယူကာ တပ်ဖွဲ့များကို မွမ်းမံ ပြင်ဆင်ရုံမှတစ်ပါး အခြားမရှိခဲ့သလို စစ်သည်များကိုလည်း တစ်ဖန် ပြန်လည် နှစ်သိမ့်ပေးရသည်။
ချန်ကောင်းဂိတ်ကို သိမ်းပိုက်နိုင်ခဲ့သည် ဆိုသော်လည်း ဝမ်းမြောက်ပျော်ရွှင်မှုမှာ အချိန်ကြာရှည်စွာ မတည်မြဲခဲ့ချေ။ ဘာပဲဖြစ်ဖြစ် တစ်တပ်လုံး ရင်ဆိုင်နေရသော ဖိအားမှာ မှန်းဆရန်ပင် ခက်ခဲလှပြီး အရေးပေါ် အခြေအနေမျိုး မဟုတ်ပါက ကျဆုံးသွားသော စစ်သည်များကို ကောင်းမွန်စွာ စီစဉ်ပေးခြင်းက မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။ ထိုသို့မဟုတ်ပါက စစ်သည်များ၏ စိတ်ဓာတ်အပေါ် အလွန်အမင်း ထိခိုက်စေပေလိမ့်မည်။
အခြားတစ်ဖက်တွင်လည်း ချန်ကောင်းဂိတ်ကို ပြန်လည် ပြင်ဆင် စီစဉ်ရန် လိုအပ်ပြီး နောက်ပိုင်းတွင် ဤနေရာသည် ကြီးမြတ်လှသော ရွှေတိုင်းပြည်၏ အရေးကြီးသော အခြေစိုက်စခန်းများထဲမှ တစ်ခုဖြစ်လာပေမည်။ မမျှော်လင့်ထားသည့် အန္တရာယ်မျိုး ကြုံလာပါက ဆုတ်လမ်းတစ်လမ်းလည်း ဖြစ်ပေလိမ့်မည်။
ရိုးရှင်းသော အခမ်းအနားတစ်ခုကို ကျင်းပပြီးသည့်နောက် နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ တပ်တော်ကြီး စတင် ရွေ့လျားကာ တောင်ဘက်သို့ ဆက်လက် ဆင်းသွားရန်ပင် ဖြစ်၏။
ဝူထူသည် တဲနန်းဆောင်အတွင်းသို့ ပြန်ရောက်ပြီး မြေပုံပေါ်တွင် အသေးစိတ် အစီအစဉ်များကို ရေးဆွဲနေဆဲဖြစ်ရာ ရုတ်တရက် တဲအပြင်ဘက်မှ လူတစ်ဦး လာရောက် သတင်းပို့သည်။
"အရှင်မင်းကြီး ဆီးဖုန်းလွင်ပြင်မှာ တာ့ကျင်းရဲ့ တပ်တော်ကြီးနဲ့ ဆုံခဲ့တယ်လို့ ကင်းထောက်က သတင်းပို့ပါတယ်။ လူအင်အားက နှစ်သိန်းထက် မနည်းပါဘူး။"
ဝူထူက မေးလိုက်၏။ "သေသေချာချာ မြင်လိုက်ရဲ့လား။"
"ကင်းထောက်ရဲ့ သတင်းပို့ချက်အရ ပိုရင်သာ ပိုမယ် လျော့မှာမဟုတ်ပါဘူး။ ကျွန်တော်မျိုး အကြိမ်ကြိမ် အတည်ပြုပြီးပါပြီ။"
ဝူထူသည် တစ်ခဏမျှ ငေးမောသွားပြီး လက်ကို မြှောက်ကာ ပြောလိုက်သည်။ "နိုင်ငံတော်ဆရာကို ခေါ်လိုက်။"
မကြာမီမှာပင် ဖါးပါး သည် တဲနန်းဆောင်အတွင်းသို့ ဝင်ရောက်လာပြီး ပါးစပ်ဖွင့်လိုက်သည်နှင့် ပြော၏။ "အရှင်မင်းကြီး တာ့ကျင်းရဲ့ တပ်မတော်ကြီးက အရှေ့မှာတင် ရောက်နေတာဆိုတော့ ဒီကိစ္စက ထူးဆန်းမှုတချို့ ရှိနေလောက်တယ်။"
ဝူထူသည် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဟုတ်တယ် တာ့ကျင်းက ဘယ်လိုလုပ်ပြီး ဆီးဖုန်းလွင်ပြင်ကို ဒီလောက် မြန်မြန် ရောက်လာနိုင်ရတာလဲ။ ချန်ကောင်းဂိတ်ကို ကာကွယ်နေတဲ့ စစ်သူကြီးက နေ့ရောညပါ ခရီးနှင်ပြီး သတင်းပို့ခဲ့တယ် ဆိုရင်တောင်မှ သူတို့ တပ်တော်ကြီးကို စုစည်းဖို့က ဒီလောက် မြန်နိုင်မှာမဟုတ်ဘူး။ ငါတို့ရဲ့ သတင်းတွေ ပေါက်ကြားသွားတာမျိုး မဟုတ်ဘူးဆိုရင်ပေါ့ "
သတင်း ပေါက်ကြားသွားတာလား။ ဖါးပါး သည်လည်း မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်၏။
"အရှင်မင်းကြီး ကင်းထောက်တချို့ကို ထပ်လွှတ်ပြီး အခြေအနေတွေကို အသေးစိတ် သွားရောက် စုံစမ်းခိုင်းလိုက်ရင် ဘယ်လိုနေလဲ။ တာ့ကျင်းရဲ့ တပ်မတော်ကြီးက ဒီနေရာကို စောစောစီးစီး ရောက်လာသလို ချန်ကောင်းဂိတ်ရဲ့ စစ်သူကြီးကလည်း အကြောင်းရင်းမသိဘဲ ဆုတ်ခွာသွားခဲ့တယ်ဆိုတော့ ဒီအကြားထဲမှာ အလိမ်အညာ အကွက်ဆင်မှုများ ရှိနေမလား။"
ဝူထူသည် လက်ကို မြှောက်ကာ ပြောလိုက်၏။ "ဒီလိုပဲ ဖြစ်သင့်တယ်။ မီးပုံးပျံတွေကို ယူဆောင်သွားမယ့် ကင်းထောက်တချို့ကို အရင်လွှတ်ပြီး ရန်သူ့အခြေအနေကို ဆက်လက် စုံစမ်းခိုင်းလိုက်။ ငါတို့ကတော့ အစီအစဉ်အတိုင်းပဲ ဆက်လက် ချီတက်ကြမယ်။"
"တကယ်လို့ သူတို့ရဲ့ တပ်တော်ကြီးက ဆီးဖုန်းလွင်ပြင်မှာ စုစည်းနေကြတယ်ဆိုရင် ငါတို့အတွက်တော့ ကောင်းတဲ့ကိစ္စ တစ်ခုပဲလေ။ အကွက်ဆင်ထားတယ် ဆိုရင်တောင်မှ ဘာအကွက်တွေများ ဆင်ထားနိုင်ဦးမှာလဲ။ လွင်ပြင်ဒေသမှာ မြင်းတား အတားအဆီးတွေ လုပ်ထားရင်တောင် ဘာအသုံးဝင်နိုင်မှာမို့လို့လဲ။
ဘယ်လိုပဲဖြစ်ဖြစ် လွင်ပြင်မှာ ငါတို့တပ်မတော်နဲ့ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲတယ် ဆိုတာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။"
ဖါးပါး၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ပါဝင်နေပြီး မကောင်းသော အရိပ်အယောင်တစ်ခုကို တိတ်တဆိတ် ခံစားနေရ၏။
"ကျွန်တော်မျိုး အခုပဲ သွားရောက် စီစဉ်လိုက်ပါ့မယ်။ ဒါပေမဲ့ ကိစ္စတွေက ထူးဆန်းနေတယ်။ အဲဒီ လီချဲ့ကလည်း စစ်တိုက်ရာမှာ ရဲရင့် ကျွမ်းကျင်တဲ့သူပဲဆိုတော့ ကျွန်တော်မျိုးတို့တပ်မတော်နဲ့ မျက်နှာချင်းဆိုင် တိုက်ပွဲဆင်နွှဲဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ အရှင်မင်းကြီး အနေနဲ့ အထူး သတိထားတော်မူပါ။"
ဝူထူက ပြောလိုက်သည်။ "အင်း .. သွားတော့။"
……….
"အရှင်မင်းကြီး … အောက်က သတင်းပို့ချက်အရ ရွှေနိုင်ငံရဲ့ ကင်းထောက်တွေ ပြန်လှည့်သွားကြပါပြီ။"
ဗဟိုတပ်မတော်၏ တဲနန်းဆောင်အတွင်းတွင် တာ့ကျင်းအရှင်မင်းမြတ်သည် စစ်ပွဲကျမ်းစာအုပ်ကို စိတ်မပါ့တပါ ကြည့်ရှုနေရင်း တဲအတွင်းသို့ လူဝင်လာသံ ကြားသောအခါ မျက်လုံးကို မော်ကာ ပြောလိုက်၏။ "စစ်သည် အားလုံးကို စုစည်းပြီး ရှေ့သို့ ဆက်လက် ချီတက်ကြ။"
"ဝူထူက လူထပ်လွှတ်လိုက်ရင် လိုက်လံ တိုက်ခိုက်ချင်ယောင် ဆောင်လိုက်ရုံပဲ။ ပြီးတော့ တစ်ဖက်ရန်သူရဲ့ အခြေအနေကို စုံစမ်းဖို့ နောက်ထပ် တပ်တစ်တပ်ကို ထပ်လွှတ်လိုက်။"
"စစ်သူကြီးတွေ အားလုံးကို အမိန့်ပေးလိုက်။ အလံတွေကို အမြင့်ဆုံးအထိ လွှင့်တင်ထားပြီး စိတ်ဓာတ်တွေကို မြှင့်တင်ကာ တိုက်ပွဲဆင်နွှဲဖို့ ပြင်ဆင်ထားကြလို့။"
တာ့ကျင်းနိုင်ငံ၏ ကင်းထောက်များသည် နေ့ရောညပါ စုံစမ်းစစ်ဆေးပြီးသည့်နောက် တပ်တော်စခန်းဆီသို့ တစ်ဖန် အလျင်အမြန် ပြေးလွှား ပြန်လာကြ၏။
ရွှေတိုင်းပြည်တပ်ဖွဲ့များသည် ဆီးဖုန်းလွင်ပြင်သို့ သွားမည့် လမ်းခရီးကို စတင် ထွက်ခွာနေကြပြီဖြစ်ရာ တန်းစီနေသော လူအုပ်ကြီးမှာ ရှည်လျား ကောက်ကွေ့နေပြီး ကြီးမားလှသော စပါးကြီးမြွေတစ်ကောင် အဆက်မပြတ် ရှေ့သို့ တက်လှမ်းနေသည့်အလား ပေါ်လွင်နေချေသည်။
ဝူထူသည် မြင်းပေါ်တွင် စီးနင်းလိုက်ပါလာပြီး သူ့ဘေးတွင်တော့ ချီလျဲ့က လိုက်ပါ အဖော်ပြုပေးနေ၏။ တပ်မတော်ကြီး ချီတက်နေစဉ်မှာပင် မျက်နှာချင်းဆိုင်မှ ကင်းထောက်သည် မြင်းကို ရူးမတတ် ဒုန်းစိုင်းစီးကာ အရှေ့သို့ တိုးဝင်လာပြီး ဝူထူ အရှေ့တွင် ရှိနေသည်ကို မြင်သောအခါ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီး .. တာ့ကျင်းရဲ့ တပ်တော်ကြီးက ကျုပ်တို့ဘက်ကို ချီတက်လာနေပါပြီ။ မီးပုံးပျံနဲ့ စစ်ဆေးကြည့်ချက်အရ သူတို့ရဲ့ စစ်သည်အင်အား အားလုံးက လေးသိန်းထက် မနည်းပါဘူး။ ကျန်တဲ့ ကင်းထောက်တွေကိုလည်း တာ့ကျင်းက လူတွေ တွေ့သွားကြပြီး လိုက်လံ တိုက်ခိုက်ခံနေရဆဲပါ။"
ဝူထူသည် နားထောင်ပြီးနောက် အနည်းငယ် ကြောင်အမ်းသွား၏။ စစ်သည်လေးသိန်းထက်မနည်းတဲ့ တပ်မတော်ကြီးကို ကိုယ်တိုင်တောင် ဦးဆောင်ပြီး လာတိုက်နေတာလား။ ဤအရာမှာ အသက်ရှည်သော နတ်ဘုရားအဘိုးအိုက အသက်ရှည်လွန်းနေသည်ကို မနှစ်သက်၍ စိန်ဖြူကို စားလိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့သော ဝမ်းမြောက်စရာ ကိစ္စမျိုး ရှိနေသေးသည်လား။
ဝူထူက မေးလိုက်၏။ "အခြားသတင်းတွေ ရှိသေးလား။"
"ရှိပါတယ်။ နဂါးအလံတွေလည်း ရှိနေပါသေးတယ်။ စစ်တပ်ကြီးရဲ့ အလယ်ဗဟိုမှာ နဂါးအလံတွေကို ကျုပ်တို့ တွေ့ခဲ့ရပါတယ်။"
ထပ်မံ၍ မမျှော်လင့်ထားသော ရူးမတတ် ဝမ်းမြောက်မှုကြီး တစ်ခုပင် ဖြစ်၏။ ဧကရာဇ် ကိုယ်တိုင် စစ်ထွက်တိုက်ခြင်းလား။
လီချဲ့က စစ်သည်လေးသိန်းထက်မနည်းသော တပ်မတော်ကြီးကို ဦးဆောင်ကာ ကိုယ်တိုင် စစ်ထွက်တိုက် လာခဲ့ချေသည်။ ထိုသို့ဆိုလျှင် ဤလေးသိန်းသော စစ်သည်များသည် တာ့ကျင်းတပ်တော်၏ အဓိက အင်အားစုများ ဖြစ်ရမည်မှာ သေချာလှသည်။
ဝူထူက အမိန့်ပေးလိုက်၏။ "ထပ်စုံစမ်းပြီး ထပ်သတင်းပို့ကြ။"
"ကောင်းကင်ဘုံက ကျုပ်ကို ကူညီနေပြီ … ကောင်းကင်ဘုံက ကျုပ်ကို ကူညီနေပါပြီလေ။ ဒီ လီချဲ့က စိတ်ဖောက်ပြန်တဲ့ ရောဂါ ရသွားတာပဲ။ မြို့ကို မကာကွယ်ဘဲ ကိုယ်တိုင် ဦးဆောင်ပြီး ထွက်တိုက်နေတာလား။ ကြည့်ရတာ ငြိမ်းချမ်းနေတဲ့ အချိန်တွေ အရမ်း ကြာသွားတော့ စစ်ဘယ်လို တိုက်ရမလဲ ဆိုတာကိုတောင် မသိတော့ဘူး ထင်တယ်။"
ဝူထူက တီးတိုး ရေရွတ်လိုက်သည်။ "သူတို့တွေက ကိုယ်တော်နဲ့ မျက်နှာချင်းဆိုင် အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲချင်နေကြတာလား။"
ဖါးပါး က သတိပေး ပြောဆိုလိုက်၏။ "အရှင်မင်းကြီး … လီချဲ့က အရှင်မင်းကြီးနဲ့ မျက်နှာချင်းဆိုင် တိုက်ပွဲဆင်နွှဲဖို့ သတ္တိရှိနေမှတော့ သေချာပေါက် အားကိုးစရာ တစ်ခုခု ရှိနေလိမ့်မယ်။ သူတို့တွေ ဆီးဖုန်းလွင်ပြင်ကို ဘယ်အချိန်က ရောက်နေကြလဲဆိုတာ မသိရဘူးဆိုတော့ ကျုပ်တို့ ထောင်ချောက်ထဲ ဝင်လာဖို့အတွက် အစောကြီးတည်းက ထောင်ချောက်တွေ လုပ်ထားပြီးသားလည်း ဖြစ်နိုင်တယ်။"
ဝူထူက စဉ်းစားကာ ပြောလိုက်သည်။ "အစောပိုင်းက ကင်းထောက်ရဲ့ သတင်းပို့ချက်အရ သူတို့က ကိုယ်တိုင် ဦးဆောင်ပြီး တက်လာကြတာဆိုတော့ ဘယ်မှာများ ထောင်ချောက်ဆင်ဖို့ အချိန်ရှိမှာလဲ။ ဒါပေမဲ့ အဲဒီအချိန် ရောက်လာတဲ့အထိ စောင့်ကြည့်ကြတာပေါ့။ အလွယ်တကူ လှုပ်ရှားလို့တော့ မဖြစ်ဘူး။"
အမြဲတမ်း တိတ်ဆိတ်နေခဲ့သော ချီလျဲ့က ပြောလိုက်၏။ "အရှင်မင်းကြီး … ကျွန်တော်မျိုးက ရှေ့တန်းတပ်အဖြစ် ဦးဆောင်ပြီး အရှင်မင်းကြီးအတွက် လီချဲ့ရဲ့ ခေါင်းကို ကိုယ်တိုင် သွားရောက် ယူဆောင်ပေးပါရစေ။"
ဝူထူက ပြောလိုက်သည်။ "မလုပ်နဲ့။ မြင်းတပ်တွေကို အရင်လွှတ်မယ်။ မင်းက တပ်ထဲမှာပဲနေပြီး အလွယ်တကူ မထွက်လာခဲ့နဲ့။ ဒီ တာ့ကျင်းက ဘာဉာဏ်နီဉာဏ်နက်တွေ ရှိနေလဲဆိုတာကို ပြောရခက်သေးတယ်။ သူတို့နဲ့ စစ်ချင်းယှဉ်တိုက်ကြည့်တဲ့အခါ သိရမှာပေါ့။"
………
"ခမည်းတော် နောက်ပိုင်းမှာ ရွှေတိုင်းပြည်တပ်ဖွဲ့နဲ့ ဆုံခဲ့ရင် သားတော်က ရှေ့တန်းတပ်အဖြစ် ဦးဆောင်ပါရစေ။" လီယွမ်ကျောက်သည် မြင်းကို စီးကာ တာ့ကျင်းဘုရင်မင်းမြတ်၏ ဘေးတွင် လိမ်လမ်မာမာနှင့် လိုက်ပါလာခဲ့၏။
ဤစကားကို ပြောလိုက်သည့်အချိန်တွင် ရင်ထဲ၌ အနည်းငယ် စိတ်လှုပ်ရှားနေပြီး နှာခေါင်းပေါက်များမှာ အနည်းငယ် ကျယ်လာကာ မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာထားဖြင့် တာ့ကျင်းဘုရင်ကို လှမ်းကြည့်နေချေသည်။
တာ့ကျင်းဘုရင်မင်းမြတ်သည် သူ့ကို စွေကြည့်လိုက်၏။ "ကိုယ်တော်က လူရွေးချယ်ပြီးသား ရှိတယ်။ မင်းက ကျင်းယီဝေတပ်ဖွဲ့ကို ဦးဆောင်ပြီး နောက်ကနေ အခြေအနေကို စောင့်ကြည့်နေ။ အလွယ်တကူ လှုပ်ရှားရဲရင် စစ်တပ်ဥပဒေနဲ့ အရေးယူမယ်။"
"အမ် .."