← Chapters

အခန်း (၈၁၆-၈၁၇)

Vol. 43 Ch. 816-817

အခန်း (၈၁၆-၈၁၇)

Vol. 43 Ch. 816-817

အပိုင်း (၈၁၆) ရူးသွပ်နေသော တာ့ကျင်းတပ်တော်။

တပ်တော်နှစ်ရပ်သည် မျက်နှာချင်းဆိုင် ချီတက်လာကြပြီး တစ်ဖက်နှင့်တစ်ဖက် မျက်မှောက်တွင် အထင်အရှား ပေါ်လွင်နေချေပြီ။

ဝူထူသည် မျက်နှာပေါ်တွင် အံ့သြသည့် အမူအရာဖြင့် အဝေးသို့ လှမ်းကြည့်လိုက်ရာ ထင်ရှားလှသော နဂါးအလံကို တစ်ချက်တည်းနှင့် မြင်လိုက်ရ၏။

ဖါးပါး မှာ အလွန်အမင်း အံ့သြသွားသဖြင့် စကားပြောသည်မှာပင် မပီမသ ဖြစ်နေချေသည်။ ဘာပဲဖြစ်ဖြစ် အရှေ့ရှိ မြင်ကွင်းမှာ တွေးတောဆင်ခြင်၍မရနိုင်လောက်အောင် အံ့သြဖွယ်ကောင်းလွန်းနေသောကြောင့်ပင်။

တာ့ကျင်းဘုရင်မင်းမြတ်သည် စစ်မြေပြင်တွင် အောင်ပွဲခံခဲ့သော ဧကရာဇ်တစ်ပါး ဖြစ်လျက်နှင့် ဤကဲ့သို့ အတွေ့အကြုံမရှိသည့် အလုပ်မျိုးကို လုပ်ဆောင်လာခဲ့ချေသည်။ ကျယ်ဝန်းသော လွင်ပြင်တွင် ရွှေတိုင်းပြည် နိုင်ငံ၏ မြင်းတပ်များနှင့် မျက်နှာချင်းဆိုင် ဓားချင်းယှဉ်ခုတ်ရန် သတ္တိရှိနေသည်။

ဝူထူသည် မြင်းပေါ်မှ မဆင်းရသေးမီမှာပင် မျက်နှာချင်းဆိုင်ရှိ မြင်းတပ်တစ်စုသည် သူတို့ဘက်သို့ တိမ်းညွှတ် လာနေပြီဖြစ်သည်ကို မြင်လိုက်ရ၏။ သူသည် နေရာအရပ်တွင်ပင် အသံထွက် ရယ်မောလိုက်ပြီး မျက်နှာချင်းဆိုင် သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ဒါက စိတ်ဝင်စားစရာကောင်းတယ်။ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလွန်းတယ်။

ကိုယ်တော်က အပင်ပန်းခံပြီး ဉာဏ်ကုန်ထုတ်၊ ဒီလောက်ကြာအောင် ပြင်ဆင်ခဲ့ရတာ တစ်ဖက်ရန်သူက ဒီလောက်အထိ ညံ့ဖျင်းနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။"

သူ၏ အနောက်ဘက်ရှိ စစ်သူကြီးတစ်စုသည်လည်း တစ်ခဲနက် ရယ်မောလိုက်ကြ၏။

ဟုတ်ပေသည်။ အားလုံးက အလွန်အမင်း မမျှော်လင့်ထားခဲ့မိကြချေ။ ယခင်က တစ်ခုတည်းသော စိုးရိမ်ခဲ့ရသည့် အရာမှာ တာ့ကျင်းက ခံစစ်ကို အသုံးပြု၍ တိုက်ခိုက်လာမည်ကိုဖြစ်ပြီး မိမိတို့ဘက်တွင် ရိက္ခာ ထောက်ပံ့မှု မလုံလောက်ဘဲ အချိန်ကြာရှည်သွားပါက မမျှော်လင့်ထားသည့် အန္တရာယ်မျိုး ကြုံလာမည်ကို ဖြစ်သည်။ ယခုအခါတွင်တော့ ပို၍ပင် ကောင်းမွန်သွားချေပြီ။ သူတို့ မလှုပ်ရှားရသေးမီမှာပင် တာ့ကျင်းက အလွန်အမင်း အလျင်စလိုဖြင့် အရှေ့သို့ တိုးဝင်လာခဲ့သည်။ ဤအရာမှာ သူတို့ထံသို့ စားစရာ လာပို့ပေးခြင်း မဟုတ်လား။

ရန်သူ့တပ်တော်ကြီး ဒီရေအလား တိုးဝင်လာသည်ကို ရင်ဆိုင်ရာတွင် ဝူထူသည် အနည်းငယ်မျှပင် မလောဘဲ ပြောလိုက်၏။ "မူလ အစီအစဉ်အတိုင်းပဲ လုပ်ဆောင်ကြ။ မြင်းတပ်တွေ အရှေ့မှာနေပြီး ဖရိုဖရဲ မဖြစ်စေနဲ့။ အမိန့်ပေးလိုက်။"

အမိန့်ပေးသော အလံကိုင်များသည် အလံပြ သင်္ကေတများကို ရူးမတတ် အသုံးပြုကာ အနောက်ဘက်သို့ သတင်းများကို ဆက်လက် ပေးပို့လိုက်ကြသည်။

ကျယ်လောင်လှသော စစ်ချီခရာသံကြီးသည် ရှည်လျားစွာ ထွက်ပေါ်လာပြီး အသံမှာ စစ်မြေပြင်တစ်ခုလုံးသို့ လွှမ်းခြုံသွား၏။ ဤခမ်းနား ကြီးကျယ်လှသော အသံကြီးနှင့်အတူ ရွှေတိုင်းပြည်တပ်ဖွဲ့များသည်လည်း စတင် လှုပ်ရှားလာကြ၏။

တာ့ကျင်းဘုရင်မင်းမြတ်၏ ဤဘက်ခြမ်းမှ ကြည့်မည်ဆိုပါက မျက်နှာချင်းဆိုင်ရှိ ရွှေတိုင်းပြည်တပ်ဖွဲ့များသည် အလွန်အမင်း အရှိန်အဝါ ကြီးမားလှပြီး မူလက ဖရိုဖရဲဖြစ်နေသော တပ်ဖွဲ့များသည် တဖြည်းဖြည်း စုစည်းသွားကာ အဝေးဆီမှနေ၍ ရူးသွပ်နေသော ဒီရေလုံးကြီးတစ်ခုအလား ဆူပွက် ကြုံးဝါး အော်ဟစ်နေပြီး တာ့ကျင်းစစ်သည်များဆီသို့ အလွန်အမင်း ကြမ်းတမ်းစွာဖြင့် ဒုန်းစိုင်း တိုးဝင်လာကြသည်။

တာ့ကျင်းဘုရင်မင်းမြတ်သည် မှန်ပြောင်းကို ကိုင်ထားပြီး လေးနက်သော မျက်နှာအမူအရာဖြင့် စစ်မြေပြင်ကို စူးစူးရဲရဲ ကြည့်နေခဲ့၏။ ရွှေတိုင်းပြည်တပ်ဖွဲ့များသည် အလွန်အမင်း ခမ်းနား ထည်ဝါပြီး သာမန်မဟုတ်ပေ။ ဤကဲ့သို့သော တပ်တော်မျိုးကို တကယ့်ကို အထင်သေး၍ မရနိုင်ချေ။ တကယ်လို့ မီးလက်နက်များသာ မရှိခဲ့ပါက ယခုတစ်ကြိမ်တွင် အကြီးအကျယ် အရှုံးပေါ်ပေလိမ့်မည်။ သို့ပေမည့် တော်သေးသည်က မီးလက်နက်များ ရှိနေခဲ့ပေပြီ။

ယမ်းမှုန့်များကို တွေးမိလိုက်သောအခါ တာ့ကျင်းဘုရင်မင်းမြတ်သည် ဖန်ကျန်းရီကိုပါ တစ်ပါတည်း တွေးတောမိလိုက်ပြီး သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ ပြီးနောက် အမိန့်ပေးလိုက်၏။ "ရှန်းကျီတပ်ဖွဲ့ ပြင်ဆင်ထားကြ။"

တပ်မတော်နှစ်ရပ်လုံးသည် ကောင်းကင်သို့တိုင် အရှိန်အဝါများ မြင့်တက်နေကြပြီး မြင်းတပ်များကို ဦးဆောင်ကာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုးဝင်သွားကြသည်။

အနီးသို့ မရောက်ရှိသေးမီမှာပင် နှစ်ဖက်သော စစ်သည်များသည် လေးများကို တင်ကာ မြှားများဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စတင် ပစ်ခတ်ကြ၏။ နှစ်ဖက်စလုံးတွင် ဒဏ်ရာရသူများ အသီးသီး ရှိနေကြပြီး မြင်းပေါ်မှ ပြုတ်ကျသူများ တဖြည်းဖြည်း ရှိလာသော်လည်း မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပင် ဓားချင်းယှဉ်ခုတ်သည့် တိုက်ပွဲဆီသို့ ရောက်ရှိသွားကြ၏။

ရွှေတိုင်းပြည်နိုင်ငံ၏ မြင်းတပ်များသည်လည်း အလွန်အမင်း ရဲရင့် ကြမ်းတမ်းလှပြီး အလွန် ထက်မြက်လှသော ဓားရှည်ကြီးတစ်လက်အလား တာ့ကျင်းနိုင်ငံ၏ စစ်ကြောင်းအတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွား၏။ သို့သော်လည်း တစ်ဖက်မှာလည်း အနည်းငယ်မျှပင် မညံ့ဖျင်းဘဲ နှစ်ဖက်စလုံးမှာ အလွန်အမင်း ထက်မြက်လှပေသည်။

ရွှေတိုင်းပြည်သည် အလွန်အမင်း ရိုင်းစိုင်း ကြမ်းတမ်းလှပြီး အစွယ်များကို ထုတ်ဖော်ထားသည်။ အရှေ့ဆုံးမှ ရွှေတိုင်းပြည်စစ်သည်များသည် ပါးစပ်မှ ရွှေတိုင်းပြည်ဘာသာစကားဖြင့် အော်ဟစ်လျက် တာ့ကျင်းစစ်သည်များ ဆီသို့ ခုတ်ဆွဲ တိုက်ခိုက်လာကြ၏။

တစ်ခဏတာ ပြင်းထန်သော တိုက်မိမှုအတွင်းမှာပင် စစ်သည်အမြောက်အမြားသည် မြေပြင်ပေါ်သို့ တစ်ဖန် လဲကျ သွားကြပြန်သည်။ စစ်မြေပြင်ကြီးမှာ အသားကြိတ်စက်ကြီးတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

လီယွမ်ကျောက်သည်လည်း မှန်ပြောင်းကို ကိုင်ကာ အခြေအနေများကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေပြီး ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်မှုကို ခံစားနေရ၏။ စိတ်လှုပ်ရှား ပျော်ရွှင်နေသည့်အပြင် ထူးဆန်းသော ခံစားချက်တစ်မျိုး ပိုမို တိုးပွားလာသကဲ့သို့ ခံစားလိုက်ရ၏။

စစ်မြေပြင်က တကယ်ကို သွေးဆူစေသော်လည်း သူ စိတ်ကူးယဉ်ထားခဲ့သည်နှင့် လုံးဝ တူညီမနေခဲ့ပေ။ အထူးသဖြင့် ရွှေတိုင်းပြည်နိုင်ငံ၏ မြင်းတပ်များ သွေးသံရဲရဲဖြင့် အပြင်းအထန် တိုက်ခိုက်နေကြသည်ကို မြင်ရသောအခါ အနည်းငယ် နှမြောတသသ ခံစားလိုက်ရသည်။

အရှေ့ဘက်တွင် သတ်ဖြတ်နေကြဆဲဖြစ်ပြီး တာ့ကျင်းက မြင်းတပ်စစ်သည် သောင်းဂဏန်းခန့်ကိုသာ စေလွှတ် တိုက်ခိုက်စေခဲ့သော်လည်း ယခုမျက်မှောက်တွင် ရွှေတိုင်းပြည်နိုင်ငံ၏ တပ်မတော်ကြီးမှာ စစ်မြေပြင်ထက်သို့ အဆက်မပြတ် တိုးဝင်လာခဲ့ပြီ ဖြစ်၏။

ဝူထူသည် နဂါးအလံရှိရာ အရပ်သို့ စူးစူးရဲရဲ စိုက်ကြည့်နေရင်း ရင်ထဲတွင် သံသယများ စတင် ဖြစ်ပေါ်လာ၏။ တစ်ဖက်ရန်သူ၏ အဓိက တပ်တော်ကြီးက အရှေ့သို့ တက်မလာဘဲ မြင်းတပ်များကိုသာ လွှတ်၍ စစ်တိုက်ခိုင်းနေခြင်းမှာ တကယ်တော့ ဘာသဘောနည်း။

သေချာပေါက် သေမယ့်လမ်းကို လာလျှောက်နေတာပဲ။ လီချဲ့က ဒီလောက်အထိ အတွေ့အကြုံမရှိတာလား။

သူ အများကြီး စဉ်းစားနေရန် အချိန်မရလိုက်မီမှာပင် ရွှေစစ်သည်များနှင့် ရောထွေး သတ်ဖြတ်နေသော တာ့ကျင်းတပ်ဖွဲ့များသည် ရုတ်တရက် စစ်ကြောင်းကို စတင် ပြောင်းလဲလိုက်ကြ၏။ တပ်ဖွဲ့များကို ဘေးနှစ်ဖက် သို့ ခွဲထုတ်လိုက်ပြီး ကွေ့ဝိုက်ကာ နောက်သို့ ပြန်ဆုတ်သွားကြသည်။ ဤကဲ့သို့ ရှောင်တိမ်းလိုက်မှုကြောင့် အလယ်ဗဟိုမှာ အကြီးအကျယ် ပွင့်ထွက်သွား၏။

ဝူထူ၏ အမိန့်ပေး ညွှန်ကြားမှုကို စောင့်ဆိုင်းနေရန် မလိုအပ်တော့ဘဲ ရွှေတိုင်းပြည်တပ်ဖွဲ့၏ စစ်သူကြီးများသည် အလွန်အမင်း ဝမ်းသာအားရဖြင့် တာ့ကျင်းဘုရင်မင်းမြတ်ရှိရာ အရပ်ဆီသို့ တိုးဝင် လွှမ်းမိုးသွားကြသည်။

တစ်ဖက်ရန်သူ၏ ဤစစ်ပွဲဗျူဟာနှင့် တိုက်ခိုက်ပုံမှာ တကယ့်ကို ကြောက်စရာကောင်းလောက်အောင် အတွေ့အကြုံ ကင်းမဲလှသည်။ ဤကဲ့သို့သော မြေပြင်အနေအထားမျိုးသို့ နှစ်ဖက်စလုံးက ယာယီ ရောက်ရှိလာကြခြင်းဖြစ်ရာ ထောင်ချောက်များ ဆင်ထားရန်လည်း လုံးဝ မဖြစ်နိုင်ချေ။

ထိုသို့ဆိုလျှင် ဘာကို တုံ့ဆိုင်းနေစရာ ရှိတော့မည်နည်း။ ကြီးမြတ်လှသော ရွှေတိုင်းပြည်သည် လောကတွင် ပြိုင်ဘက်ကင်းသည့် သံမဏိမြင်းတပ်ကြီး ရှိနေပေသည်။

တာ့ကျင်းဘုရင်မင်းမြတ်သည် နဂါးရထားလှည်းပေါ်မှ မတ်တတ်ရပ်လိုက်ပြီး တဖြည်းဖြည်း နီးကပ်လာကာ အရှိန်အဝါများ အလွန်အမင်း မြင့်တက်လာသော ရွှေတိုင်းပြည်နိုင်ငံ၏ မြင်းတပ်များကို ကြည့်နေသော်လည်း မျက်နှာပေါ်တွင်တော့ အလွန်အမင်း တည်ငြိမ်သည့် မျက်နှာထားကိုသာ ထိန်းသိမ်းထား၏။ တက်ကြွမှု ရဲရင့်မှု သွေးဆူမှုဆိုသည်မှာ လုံးဝ မရှိပေ။

လီယွမ်ကျောက်မှာတော့ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး တာ့ကျင်းဘုရင်မင်းမြတ်ကို စကားနှစ်ခွန်းခန့် ပြောချင်နေသော်လည်း သူ၏ လေးနက်သော မျက်နှာအမူအရာကို ကြည့်ကာ အသံမထွက်ရဲခဲ့ပေ။ ခမည်းတော်၏ ယခုမျက်မှောက် ပုံစံမှာ ဖန်ကြီး ပြောလေ့ရှိသော ထိုစကားလုံးနှင့် အလွန်ပင် တူညီလှသည်။

ခွေးအိုကြီးတစ်ကောင်လို တည်ငြိမ်နေတာပဲ။

ယခုမျက်မှောက်တွင် ရှန်းကျီတပ်ဖွဲ့သည် အမြောက်များကို စတင် နေရာချထားနေပြီဖြစ်သလို မီးလက်နက်ဌာန က ထောက်ပံ့ပေးထားသော ပျံသန်းမိုင်းအမြောက်များလည်း ရှိနေချေသည်။ ပစ်ခတ်နိုင်သည့် အကွာအဝေး အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သမိုင်းတွင် အရင်က မကြုံဖူးလောက်အောင် ခမ်းနားလှသော စစ်ပွဲကြီးတစ်ခုကို မြင်တွေ့ရတော့မည်။

လီယွမ်ကျောက်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အနောက်ဘက်တွင် အသင့် စောင့်ဆိုင်းနေသော ကျင်းယီဝေတပ်ဖွဲ့ကို လှည့်၍ တစ်ချက် ကြည့်လိုက်ပြန်သည်။

နှမြောစရာကောင်းလိုက်တာ ဒီလူတွေက စစ်ထွက်တိုက်လို့ မရသေးဘူး။

စစ်အမိန့်ကို အရင်ဆုံး နားထောင်ပြီး လုပ်ဆောင်ရမည်ဖြစ်ရာ ဤနေရာတွင် မိမိတို့၏ အင်အားများကို အလဟသ ကုန်ဆုံးခံ၍ မဖြစ်ပေ။

ယခုမျက်မှောက်တွင် ရွှေတိုင်းပြည်တပ်ဖွဲ့များသည် အရှိန်နှင့် အင်အားကို အမြင့်ဆုံး ကန့်သတ်ချက်အထိ တင်ထားပြီးဖြစ်ရာ စစ်သည်သိန်းသောင်းမက ဒုန်းစိုင်းပြေးလာသည့်အချိန်တွင် မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း နင်းချလိုက်သဖြင့် ထွက်ပေါ်လာသော ထိုရူးသွပ်သည့် အင်အားကြီးမှာ ငလျင်ငယ်လေးတစ်ခု လှုပ်ခတ်သွားသည့်အလား ပေါ်လွင်နေချေသည်။ ရွှေတိုင်းပြည်တပ်ဖွဲ့၏ ထိုကြမ်းတမ်းလှသော အစွယ်များနှင့် အလွန်အမင်း အင်အားကြီးမားလှသော မျက်နှာအမူအရာမှာ ဤတစ်ခဏတွင် အပြည့်အဝ ပွင့်ဟလာခဲ့ပြီ ဖြစ်၏။

အခြေအနေ တိုးတက်ပြောင်းလဲမှု မြန်ဆန်ပုံမှာ ဝူထူ မှန်းဆထားခဲ့သည်ထက် အဝေးကြီး ကျော်လွန်နေခဲ့သည်။ သို့သော်လည်း အသာစီးရမှုက ကိုယ့်ဘက်မှာ ဖြစ်သည်။ မည်သူကမှ အများကြီး တွေးတောနေခြင်း မရှိဘဲ အရှေ့တွင် တာ့ကျင်းက ထုတ်ဖော်ပြသနေသည်မှာ အထက်မှအောက်အထိ မှားယွင်းနေသော ဗျူဟာများချည်းသာ ဖြစ်၏။

စစ်ပွဲဗျူဟာ မမှန်ကန်မှု တုံ့ပြန်ပုံ မှားယွင်းမှုဆိုသည်မှာ ကျောင်းသုံးစာအုပ်များထဲတွင် ပြသထားသည့် အမှားများဖြစ်ပြီး မီးအိမ်ထွန်း၍ ရှာဖွေလျှင်ပင် တွေ့နိုင်ရန် ခက်ခဲလှသည်။

ဖါးပါး ပင်လျှင် အများကြီး တွေးတောနေရန် စိတ်ကူးမရှိတော့ဘဲ စိတ်လှုပ်ရှားလွန်း၍ ကတုံးကြီး ပင် နီမြန်းလာချေ၏။

ကောင်းကင်ဘုံက ကြီးမြတ်လှတဲ့ ရွှေတိုင်းပြည်နိုင်ငံတော်ကို ကူညီနေပြီ။ အရာအားလုံးက ဒီလောက်အထိ ချောမွေ့နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။

အကွေ့အကောက်တွေ အများကြီး ကြုံရလိမ့်ဦးမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ကြည့်ရသည်မှာ ယနေ့ ဤနေရာတွင်ပင် အဆုံးအဖြတ် ရလဒ် ပေါ်ထွက်လာတော့မည်။

သို့ပေမည့် တစ်ဖက်ရန်သူက မြေကြီးထဲမှာ ဘာတွေများ မြှုပ်နေသနည်း။

မှန်ပေသည်။

ရှန်းကျန်းတပ်ဖွဲ့သည် အခြားသော စစ်သည်များနှင့်အတူ တစ်ခဲနက် ထွက်ပေါ်လာပြီး မြေကြီးပေါ်တွင် တွင်းများကို ရူးမတတ် တူးဆွနေကြကာ ပျံသန်းမိုင်းအမြောက်များအတွက် သံပုံးများကို မြှုပ်နှံရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ အမြောက်များကို လမ်းတစ်လျှောက်တွင် အလက်တစ်ရာနီးပါး သယ်ဆောင်လာခဲ့သော်လည်း အမြောက်များမှာ သုံးရသည်မှာ သိပ်မကောင်းလှပေ။ ၎င်းတို့မှာ အလွန်အမင်း လေးလံလှပြီး ဘီးများ တပ်ဆင်ထားလျှင်ပင် ထိန်းချုပ်ရန် ခက်ခဲလှ၏။

သို့သော်လည်း အားသာချက်မှာ ပစ်ခတ်နိုင်သည့် အကွာအဝေး ဝေးကွာပြီး ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်စွမ်း ရှိသည်။ ကျယ်ဝန်းသော နေရာအနှံ့အပြားသို့ ပစ်ခတ်မှု လွှမ်းခြုံနိုင်ရန် ပျံသန်းမိုင်းအမြောက်များကိုသာ အားကိုးရပေမည်။

စစ်မြေပြင်တွင် ယခုအခါ၌ ထူးဆန်းလှသော အနေအထားတစ်ခု ပေါ်ပေါက်နေ၏။

တစ်ဖက်တွင်တော့ အသံတစ်ချက်မျှမထွက်ဘဲ တိတ်ဆိတ်နေချေသည်။ အခြားတစ်ဖက်တွင်တော့ မိုးကြိုးများအလား ကျယ်လောင်စွာ ဟိန်းထွက်နေသည်။

ဤအရာမှာ ခေတ်ကာလများကို ကျော်လွန်နေသော စစ်ပွဲကြီးတစ်ခုဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူများ၏ ယဉ်ကျေးမှုနှင့် ယမ်းမှုန့်နည်းပညာတို့၏ အမြင့်ဆုံး ယှဉ်ပြိုင်မှုကြီးဖြစ်ကာ နှစ်ဖက်စလုံးက သေချာပေါက် အနိုင်ရမည်ဟူသော ယုံကြည်ချက်များကို အသီးသီး ပိုက်ထွေးထားကြ၏။

ဝူထူသည် ရယ်မောလိုက်၏။ မြင်းကို စီးနေရင်းနှင့်ပင် ရူးသွပ်သော ရယ်မောသံကြီးများကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ အကယ်၍ လီချဲ့သာ အရှေ့တွင် ရှိနေခဲ့ပါက သူ့ကို အပြင်းအထန် လှောင်ပြောင် သရော်ပစ်လိုက်မည်။

စစ်မြေပြင်က ရဲရင့်သော စစ်သူကြီးတစ်ယောက်ဟု ထင်ထားခဲ့မိပေမည့် နောက်ဆုံးတော့လည်း ငွေရောင် တင်ထားတဲ့ ခဲလှံခေါင်းတစ်ခုလိုမျိုး ဤမျှလောက်အထိ အသုံးမကျဖြစ်နေလေသည်လား။

ယခင်တုန်းက ရရှိခဲ့တဲ့ အောင်မြင်မှုတွေက သူ့လက်အောက်ငယ်သားတွေ တိုက်ယူပေးခဲ့တာတွေ ဖြစ်လောက်ပြီး ယခု ကိုယ်တိုင် ဦးဆောင်ပြီး စစ်ထွက်တိုက်တဲ့အခါကျမှ အစစ်အမှန် အဆင့်အတန်းကို ထုတ်ပြလိုက်ခြင်းလား။

ဒီတိုက်ပွဲက ထပ်ပြီး ရင်ခုန်စရာ မရှိတော့ဘူး။

ရွှေတိုင်းပြည်တပ်ဖွဲ့များသည် အလွန်အမင်း အရှိန်အဟုန်ဖြင့် တိုးဝင်လာကြ၏။

ပေငါးထောင် ပေလေးထောင်။

တာ့ကျင်း၏ တပ်တော်စစ်ကြောင်းမှာ အလွန်အမင်း ကျယ်ဝန်းလှပြီး ရွှေတိုင်းပြည်စစ်သည်များသည် အခြေအနေအရ ပြောင်းလဲကာ ထက်မြက်လှသော လှံရှည်ကြီးတစ်လက်အလား စစ်ကြောင်းအတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာခဲ့၏။ လှံထိပ်ဖျား၏ နေရာမှာလည်း နဂါးအလံရှိရာ အရပ်ဆီသို့ တိုက်ရိုက် ဦးတည်နေပေသည်။

ပေသုံးထောင် ပေနှစ်ထောင် ပေတစ်ထောင်။

မီးလက်နက်များကို ထိန်းချုပ်နေရသော စစ်သည်များ၏ နှလုံးသားများမှာ ရူးမတတ် ခုန်ပေါက်နေပြီး မျက်ဆန်များ ကျဉ်းမြောင်းသွားကြသည်။ အရှေ့ရှိ မိုးကောင်းကင်နှင့် မြေပြင်ကို ဖုံးကွယ်မတတ် တိုးဝင်လာသော ရွှေတိုင်းပြည်တပ်ဖွဲ့များကို မျက်တောင်မခတ်ဘဲ စူးစူးရဲရဲ စိုက်ကြည့်နေကြ၏။

တစ်ချိန်တည်းမှာပင် မျက်လုံးထောင့်မှနေ၍ အလံပြ သင်္ကေတများကို သတိပြုနေကြသည်။

ပေကိုးရာ ပေခုနစ်ရာ ပေငါးရာ။

ပစ်ခတ်နိုင်တဲ့ အကွာအဝေးအတွင်းကို ဝင်လာပြီလား။

တာ့ကျင်း ဘုရင်မင်းမြတ်သည် လက်သီးနှစ်ဖက်ကို ပြင်းပြင်းထန်ထန် ဆုပ်လိုက်ပြီး ချက်ချင်းပင် အသံကုန် အော်ဟစ်လိုက်၏။ "ပစ် … ပစ်လိုက်။"

စစ်မြေပြင်ရှိ အလံများ တလက်လက် လက်သွားသည်နှင့်အတူ အချိန်ကြာရှည်စွာ တိတ်ဆိတ်နေခဲ့သော တာ့ကျင်းတပ်တော်ကြီးသည် တိတ်ဆိတ်မှုကို အပြီးတိုင် ဖြိုခွဲလိုက်ချေပြီ။

အပိုင်း (၈၁၇) ရူးသွပ်စွာ ကြိတ်ချေ လွှမ်းမိုးသွားသည့် အရှိန်အဝါ။

တလက်လက် တောက်ပနေသော တုတ်ခိုင်လှသည့် မီးတောက်ကြီးများသည် ရှန်းကျီတပ်ဖွဲ့စစ်သည်များ၏ အရှေ့မှနေ၍ ရုတ်တရက် ထိုးထွက်လာကြ၏။ ပျံသန်းမိုင်းအမြောက်များနှင့် အမြောက်ကြီးများသည် တစ်ပြိုင်နက်တည်း ဒေါသတကြီး အသံမြည်လာကြသည်။

ထိုကောင်းကင်ကို တုန်လှုပ်သွားစေသော အသံကြီးများသည် ရွှေတိုင်းပြည်စစ်သည်များ၏ မြင်းခွာများက မြေကြီးပေါ်တွင် ဖန်တီးထားသော ဆူညံသံများကို ချက်ချင်းပင် ဖုံးအုပ်သွား၏။

၎င်းအပြင် ရှန်းကျီတပ်ဖွဲ့၏ အနောက်ဘက်တွင်လည်း လှံကိုင်စစ်သည် အတန်း အတော်များများကို နေရာ ချထားသေး၏။ လှံကိုင်စစ်သည်များ၏ အနောက်ဘက်တွင်တော့ လေးသမားများက လေးဆယ့်ငါးဒီဂရီ ထောင့်ချိုးဖြင့် ကောင်းကင်သို့ မော်ကာ ပစ်ခတ်နေကြသည်။

အမြောက်များက ကောင်းကင်မှ မိုးကြိုးများအလား တဒိုင်းဒိုင်း မြည်နေသည်ဟု ဆိုပါက သေနတ်များနှင့် လေးမြှားများ တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်မှုမှာ သည်းထန်လှသော မိုးသက်မုန်တိုင်းကြီးတစ်ခုဟု ဆိုနိုင်သည်။ ထိုမိုးသက်မုန်တိုင်းကြီးထဲတွင် ရွာသွန်းနေသည်မှာ ထက်မြက်လှသော ဓားသွားများပင် ဖြစ်၏။

ဤတစ်ခဏတွင် စစ်မြေပြင်ထက်၌ ရှေးယခင်တည်းက ယခုအချိန်အထိ တစ်ခါမှ မရှိဖူးခဲ့သော မြင်ကွင်းမျိုး ပေါ်ထွက်လာခဲ့ပြီး မီးခိုးခေါင်းတိုင်များ ပြည့်နှက်နေကာ မြှားများနှင့် ကျည်ဆန်များမှာ မိုးရေများအလား ရွာသွန်းနေသည်။ မိုးကုတ်စက်ဝိုင်းကြီးကို ဆွဲဖြဲလိုက်သလို နှလုံးသားများကို ကြေမွသွားစေပြီး ဝိညာဉ်များကို တုန်လှုပ်သွားစေခဲ့၏။

ဒီရေအလား တိုးဝင်လာပြီး အလွန်အမင်း ကြမ်းတမ်းလှသော ရွှေတိုင်းပြည်တပ်ဖွဲ့များသည် ဘာဖြစ်သွားမှန်းကိုပင် မသိလိုက်ရမီမှာပင် နတ်ဘုရားများနှင့် တစ္ဆေများ၏ အင်အားဟု ခေါ်ဆိုနိုင်လောက်သော ဤပြင်းထန်လှသည့် ပစ်ခတ်မှုကြီး၏ ဆွဲဖြဲခြင်းကို ခံလိုက်ရချေသည်။

မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပဲ အရှေ့ဆုံးတန်းရှိ ရွှေတိုင်းပြည်စစ်သည်များမှာ ပါးစပ်အဟောင်းသားနှင့် မျက်လုံးများ ပြူးကျယ်သွားကြပြီး စစ်မြင်းများမှာလည်း နာကျင်စွာ အော်ဟစ်ကြ၏။

သူတို့သည် ဘဝ၏ နောက်ဆုံးအချိန်တွင် နာကျင်သော အော်ဟစ်သံတစ်ချက်ကိုပင် ထုတ်ဖော်ရန် အချိန်မရလိုက်ပေ။ အနောက်ဘက်ရှိ မြင်းခွာများ၏ နင်းချေခြင်းကို ခံလိုက်ရကာ အသားစအဖြစ်သို့ ပြောင်းလဲသွားပြီး သဘာဝတရားကြီးထံသို့ ပြန်လည် ရောက်ရှိသွားကြသည်။

ပျံသန်းမိုင်းအမြောက်များသည် အရှေ့ဘက် ပေငါးရာမှ ပေခုနစ်ရာအထိ အကွာအဝေးကို အပြည့်အဝ လွှမ်းခြုံ ပစ်ခတ်၏။ ဤနယ်မြေကြီးမှာ လူမဆန်သော ဗုံးကြဲခံရသည့် နေရာကြီးတစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့၏။

ပင်လယ်ရေအလား များပြားလှသော ဝါကျင့်ကျင့် မြေကြီးများသည် မြေပြင်ထဲမှနေ၍ ပေါက်ကွဲ ထွက်လာကြပြီး ဖုန်မှုန့်များနှင့် အမှိုက်သရိုက်များကို ရစ်ပတ်ကာ ကောင်းကင်သို့တိုင် တိုက်ရိုက် ထိုးတက်သွားကြသည်။

တုတ်ခိုင်လှသော မီးခိုးတိုင်ကြီးများသည် လေဟာပြင်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာကြ၏။ ရွှေတိုင်းပြည် လူမျိုးများသည် စစ်မြင်းများကို မွေးမြူရာတွင် ကျွမ်းကျင်ကြပြီး သူတို့၏ သံမဏိမြင်းတပ်ကြီး နာမည်ကြီးနေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ တိုက်ခိုက်လိုက်လျှင် မိုးကြိုးပစ်သကဲ့သို့ လျင်မြန်ပြီး အရှိန်အဝါမှာ နဂါးတစ်ကောင် ထိုးထွက်လာသည့်အလား ရှိ၏။

သို့သော်လည်း ဤတစ်ခဏတွင်တော့ အမြဲတမ်း အောင်နိုင်ခဲ့သော ဤလှံရှည်ကြီးသည် တကယ့် သံမဏိပြားကြီးတစ်ခုနှင့် ဝင်တိုက်မိသွားချေပြီ။ လှံထိပ်ဖျားက မည်မျှ ထက်မြက်နေပါစေ အသုံးမဝင်တော့ချေ။

ဝူထူသည် အနောက်ဘက်တွင် မြင်းကို ရူးမတတ် ဒုန်းစိုင်းစီးကာ အရှေ့သို့ လာနေဆဲဖြစ်ပြီး နားထဲတွင် ထူးဆန်းသော အသံများကို ကြားလိုက်ရသဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ ရင်ထဲ၌ အပြင်းအထန် တုန်လှုပ်သွား၏။

လူတွေရော မြင်းတွေပါ ဖရိုဖရဲ လဲကျနေသည့် အရှေ့ဆုံးနေရာကို ကြည့်ရင်း မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားရသည်။ အထူးသဖြင့် ကောင်းကင်သို့တိုင် ထိုးတက်နေသော ထိုဖုန်မှုန့်နှင့် မြေကြီးတိုင်ကြီးများကို မြင်ရသောအခါ ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

"အဲဒါက ဘာကြီးလဲ။ အဲဒါက ဘာကြီးလဲ။ ဆုတ် မြန်မြန် ပြန်ဆုတ်ကြ။"

လူ့အသက်များကို ရိတ်သိမ်းနေသော ဘာမှန်းမသိရှိရသေးသည့် အရာများသည် လူများကို အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့သွားစေသည်။ သို့သော်လည်း ယခုမျက်မှောက်ရှိ အမိန့်မှာ နောက်ကျသွားခဲ့ချေပြီ။

ဝူထူ၏ အော်ဟစ်သံကြီးများသည် တဒိုင်းဒိုင်း မြည်နေသော ပေါက်ကွဲသံကြီးများ၏ အောက်တွင် အပြည့်အဝ ဖုံးအုပ်သွားခဲ့သည်။ စစ်တပ်စည်းကမ်း အလွန် တင်းကျပ်သော တပ်ဖွဲ့များသည် စစ်သည်များကို နောက်သို့ ဆုတ်ခွာခွင့် လုံးဝ မပြုကြချေ။

အကယ်၍ နောက်ဆုတ်ရဲပါက ပို၍ ဆိုးရွားစွာ သေဆုံးရမည်ဖြစ်ပြီး အထက်မှအောက်အထိ အားလုံး အပြစ်ပေးခံရမည်။ ယခုအခါတွင် တင်းကျပ်လှသော စစ်တပ်စည်းကမ်းကြီးမှာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ရာ အရှေ့ဆုံးတန်းမှ လူများ ဆက်တိုက် လဲကျနေသော်လည်း အနောက်ဘက်မှ လူများကတော့ ခေါင်းငုံ့ကာ အရှေ့သို့ တိုးဝင်နေကြဆဲပင်။

ပို၍ ကြောက်စရာကောင်းသည်မှာ စစ်မြင်းများ ရူးသွားကြပြီး စစ်သည်များက လုံးဝ ထိန်းချုပ်၍ မရတော့ခြင်းပင်။

သိထားသင့်သည်မှာ စစ်မြေပြင်ရှိ စစ်မြင်းများ ကြောက်ရွံ့သွားခြင်း သို့မဟုတ် ထိတ်လန့်သွားကာ နောက်ခြေဖြင့် ကန်ကျောက်ခြင်းမျိုး ဖြစ်ပွားလေ့ အလွန် နည်းပါးလှသည်။ စစ်မြင်းများသည် ခန္ဓာကိုယ် ဖွဲ့စည်းပုံ ဉာဏ်ရည် ။ ခံနိုင်ရည်နှင့် ပေါက်ကွဲထွက်နိုင်စွမ်း အစရှိသည့် အပိုင်းများတွင် အလွန် သိသာထင်ရှားသော အားသာချက်များ ရှိနေကြပြီး သာမန် မြင်းများနှင့် လုံးဝကို ကွဲပြားခြားနားလှ၏။

အထူးသဖြင့် ယဉ်ပါးအောင် သင်ကြားထားပြီးသော စစ်မြင်းများသည် သတ္တိရှိကြပြီး စစ်မြေပြင်ကို မကြောက်ရွံ့တတ်ကြပေ။ ညွှန်ကြားချက်များကို နားထောင်ကာ ခြေလှမ်းများကို ညီညာစွာထားလျက် တစ်ခဲနက် ရှေ့တိုး တိုက်ခိုက်တတ်ကြသည်။

(ဤနေရာတွင် ဘာသာပြန်သူ ရှင်းပြလိုသည်မှာ ရွှေတိုင်းပြည်ဟု ဘာသာပြန်ထားသောကြောင့် မြန်မာနိုင်ငံဟု မထင်မှတ်စေလိုပါ။ တာ့ကျင်း နှင့် ကျင်း ဟူပြီး ရှုပ်ထွေးနေသောကြောင့် (ကျင်း = ရွှေ) ဟူပြီး တိုက်ရိုက် ဘာသာပြန် လိုက်ခြင်းဖြစ်သည်။ တရုတ်တွင် ကျင်း ဟူသော စာလုံးသည် ရွှေဟု အဓိပ္ပာယ်ပေါ်သည်။ ကျင့်ကြံခြင်းဝတ္တုများတွင် ပါဝင်သော ရွှေရောင်အမြူတေ အဆင့်ဆိုသည်မှာ ကျင်းတန် ဖြစ်သည်။ ဤကား စကားချပ်။)

ရွှေတိုင်းပြည်၏ စစ်မြင်းများသည် အကောင်းဆုံးသော မြင်းမွေးမြူရေးခြံများထဲမှ အဆင့်ဆင့် ရွေးချယ်ထားခြင်း ဖြစ်ပြီး မြင်းလောက၏ ဝမ်လျိုစာသင်ကျောင်းမှ ဘွဲ့ရထားသည်ဟု ဆိုနိုင်လောက်သည်။ တစ်ကောင်ချင်းစီတိုင်းမှာ မြင်းချစ်သူ အမြောက်အမြား အိပ်မက်မက်လောက်သည့် အဆင့်အတန်းမျိုး ရှိကြသည်။ သို့သော်လည်း ဤမျှလောက်အထိ ကောင်းမွန်လှသော စစ်မြင်းများသည်လည်း ပုံမှန် စစ်မြေပြင်များ အတွက်သာ ရည်ရွယ်၍ လေ့ကျင့်သင်ကြားခံထားရခြင်း ဖြစ်၏။

ယခုမျက်မှောက်တွင်တော့ ၎င်းတို့ ရင်ဆိုင်နေရသည်မှာ မှော်အောက်လမ်းပညာ ပင် ဖြစ်ချေသည်။ တိရစ္ဆာန်များ၏ ဆင်ခြင်တုံတရားမှာ လူများထက် အဝေးကြီး ညံ့ဖျင်းသော်လည်း တိရစ္ဆာန်များ၏ ပင်ကိုယ်ဗီဇကို အားကိုးသည့် စွမ်းရည်မှာတော့ လူများထက် အဝေးကြီး မြင့်မားနေသည်မှာ သေချာလှသည်။

လူအုပ်ကြီး ကြိတ်ကြိတ်တိုး ပြည့်နှက်နေပြီး မြင်ကွင်းလည်း နိမ့်ကျနေသည့် အခြေအနေမျိုးတွင်ပင် ၎င်းတို့သည် အရှေ့ဘက်၌ အလွန်အမင်း ပုံမှန်မဟုတ်သော အခြေအနေဆိုးကြီး ရှိနေကြောင်းကို ရိပ်မိသွားခဲ့ကြ၏။

ဤထူးဆန်းလှသော အခြေအနေကြီးကြောင့် စစ်မြင်းများမှာ ချက်ချင်းပင် ရူးသွပ်ကာ ဖရိုဖရဲ ဖြစ်သွားကြသည်။ စစ်မြင်းများ၏ မျက်လုံးများထဲတွင် ကြီးမားလှသော ကြောက်ရွံ့မှုများ ပေါ်လွင်လာသည်။ မြင်းအုပ်ကြီးမှာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အရှေ့သို့ ရူးမတတ် ဒုန်းစိုင်း တိုးဝင်သွားကြရာ မြင်းစီးသူရဲများက အသေအလဲ ဆွဲထားသော်လည်း အနည်းငယ်မျှ အသုံးမဝင်တော့ချေ။

တာ့ကျင်းဘုရင်မင်းမြတ်သည် နဂါးရထားလှည်းဘေးတွင် အလွန်အမင်း တည်ငြိမ်စွာ ရပ်နေဆဲဖြစ်ပြီး ရထားလှည်းတန်း ကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ ဝံပုလွေတစ်ကောင်အလား ဘေးဘီဝဲယာသို့ သတိအပြည့်ဖြင့် ကြည့်ရှုနေ၏။

အရှေ့ရှိ ရွှေတိုင်းပြည်တပ်ဖွဲ့များသည် လွန်ခဲ့သော စက္ကန့်အနည်းငယ်ကပင် အလွန်အမင်း ကြမ်းတမ်း ရိုင်းစိုင်းနေခဲ့ကြသော်လည်း ယခုအခါတွင်တော့ သတ်ဖြတ်ခံရမည့် သိုးငယ်လေးများ အဖြစ်သို့သာ ရောက်ရှိသွားခဲ့သည်။

နှစ်ဖက်သော စစ်သည်များ ဓားချင်းယှဉ်ခုတ်ခွင့် မရလိုက်မီမှာပင် မြက်ခင်းပြင်ကြီးထက်တွင် ထင်တိုင်းကျဲ ဗိုလ်ကျခဲ့ကြသော ထိုရဲရင့်သည့် စစ်သူရဲ အမြောက်အမြားမှာ လူတွေရော မြင်းတွေပါ ဖရိုဖရဲ လဲကျကုန်ကြပြီ ဖြစ်၏။ လူအချို့မှာ ပေါက်ကွဲမှုကြောင့် မီတာအတော်များများအထိ လွှင့်စင်သွားခဲ့ပြီး လူတစ်ချို့မှာတော့ အမြောက်ကျည်ဆန်ကြောင့် ခါးလယ်မှနေ၍ နှစ်ပိုင်း ပြတ်သွားခဲ့ရသည်။ ပို၍ ဆိုးရွားသူများမှာ မျက်နှာကို ကျည်ဆန် ထိမှန်သွားသဖြင့် သွေးမြူခိုးများအလား ပေါက်ကွဲထွက်သွားခဲ့ရ၏။

အဆိုးရွားဆုံးသူများမှာ ဒဏ်ရာ အနာတရ မရှိသူများပင် ဖြစ်သည်။ လူရော မြင်းပါ အကောင်းအတိုင်း ရှိနေကြပြီး ဤမျှလောက်အထိ ကြီးမားလှသော အရှိန်အဝါကြီးကို ရင်ဆိုင်ရချိန်တွင် လှည့်ပြေးကာ အသက်ရှင်ရာ လမ်းကြောင်းကို ရှာဖွေလိုကြသော်လည်း လှည့်လိုက်သည့် တစ်ခဏမှာပင် ကျန်ရှိနေသော အဖော်များ၏ အတင်းအကျပ် တိုးဝှေ့မှုကြောင့် ကျည်ဆန်မိုးများအကြားသို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားကြပြန်သည်။

လူအချို့မှာ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့မှုအောက်တွင် မြင်းပေါ်မှ လွှင့်စင်ကျသွားခဲ့ရပြီး သနားစရာကောင်းစွာဖြင့် ခြေထောက်တစ်ဖက်က မြင်းနင်းကွင်းပေါ်တွင် ချိတ်ဆွဲနေဆဲဖြစ်ကာ ခေါင်းက မြေကြီးနှင့် ပွတ်တိုက်နေ၏။

ကြမ်းတမ်းလှသော မြေပြင်ထက်တွင် ဤဦးခေါင်းကြီးမှာ ဒိန်ခဲခြစ်စက်ပေါ်ရှိ ဒိန်ခဲတစ်ခုအလား အဆက်မပြတ် ပွတ်တိုက် ကြိတ်ချေခြင်းကို ခံနေရသည်။

သွေးသားများနှင့် ဦးနှောက်နှစ်များ ရောနှောကာ မြေပြင်ပေါ်တွင် တောက်ပြောင်လှသော သွေးကြောင်းရှည်ကြီး တစ်ခုကို ဖန်တီးသွားပြီး မျက်လုံးအိမ်ထဲမှ မျက်ဆန်များ ကျွတ်ထွက်သွားသည်ကိုပင် ဝေဝါးစွာ မြင်တွေ့နေရသည်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှု နှစ်ခုလုံးကို ခံစားရပြီးနောက်မှသာ အသက်ဝိညာဉ် ချုပ်ငြိမ်းသွားခဲ့ရခြင်း ဖြစ်၏။

တာ့ကျင်းနိုင်ငံ၏ အဓိက တပ်တော်ကြီးမှာ အနည်းငယ်မျှပင် မလှုပ်ရှားရသေးသောကြောင့် သက်ရောက်မှု တစ်ချက်လေးမျှပင် မရှိခဲ့ချေ။ ဤမျှလောက်အထိ ကောင်းမွန်လှသော အခြေအနေကြီးကို ရင်ဆိုင်နေရသော်လည်း တာ့ကျင်းဘုရင်မင်းမြတ်၏ ရင်ထဲတွင် ဝမ်းမြောက်ပျော်ရွှင်မှု အနည်းငယ်မျှပင် မရှိခဲ့ဘဲ သူ၏ မျက်လုံးထဲတွင်တော့ ဝေခွဲမရဖြစ်မှု အချို့သာ ပိုမို ပါဝင်နေခဲ့သည်။

ခေတ်ကာလတွေ ပြောင်းလဲသွားပြီ။ တကယ်ကြီး ပြောင်းလဲသွားခဲ့ပြီပဲ။

ယမ်းမှုန့်များ စတင် ပေါ်ပေါက်လာချိန်တည်းက သူ စိတ်ကူးယဉ် ကြည့်ဖူးခဲ့သော်လည်း ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရသည့် အချိန်၌ ဤအရာ၏ ကြမ်းတမ်းမှုကို သဘောပေါက်သွားခဲ့၏။

အသေးစိတ်ကျလှသော တပ်ဖွဲ့များ နေရာချထားမှုများ ၊ အလွန် ကောင်းမွန်လှသော စစ်ပွဲဗျူဟာနှင့် စစ်ကြောင်း ဖွဲ့စည်းပုံများ မလိုအပ်တော့ချေ။ အလွန်အမင်း ရိုင်းစိုင်း ကြမ်းတမ်းလှသော မျက်နှာချင်းဆိုင် အင်အားသုံး တိုက်ခိုက်မှု သတ်သတ်ဖြင့်ပင် မျက်နှာချင်းဆိုင်ရှိ ရန်သူ့တပ်တော်ကြီးကို ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။

တစ်သက်လုံး ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ သွေးသားတွေ တစ်သက်လုံး စစ်တိုက်ခဲ့ရတဲ့ အတွေ့အကြုံ သင်ခန်းစာတွေ အားလုံးက ဒီတစ်ခဏမှာပဲ လေထဲ ပျောက်ကွယ်သွားခဲ့ရပြီ။

သို့သော်လည်း တော်သေးသည်က စစ်ပွဲကျမ်းစာအုပ်များမှာ ခေတ်မနောက်ကျသေးခြင်းပင်။ တာ့ကျင်းဘုရင်မင်းမြတ်သည် တွေးတောနေရင်း ဘေးတွင်ရှိသော လီယွမ်ကျောက်ကို စွေကြည့်လိုက်ရာ လီယွမ်ကျောက်က ပါးစပ်အဟောင်းသားနှင့် မျက်နှာများ နီမြန်းနေသည်ကို မြင်လိုက်ရသည်။ ပခုံးကို ပုတ်လိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်၏။

"ရန်သူကိုသိပြီး ကိုယ့်ကိုယ်ကိုယ်သိရင် ပွဲတစ်ရာတိုက်လည်း အန္တရာယ်မရှိနိုင်ဘူး။ ကောင်းကင်ကိုသိပြီး မြေကြီးကိုသိရင် အောင်ပွဲဆိုတာ အဆုံးအစမရှိ ဖြစ်လာလိမ့်မယ်။"

"သတင်းအချက်အလက်ရဲ့ အရေးကြီးမှုက အရာအားလုံးထက် ပိုပြီး အရေးကြီးတယ်။ ဝူထူ .. ဒီနေ့ ဒီလို ရှုံးနိမ့်သွားရတာက သတင်းအချက်အလက် မလုံလောက်လို့ ရှုံးသွားရတာပဲ။ မီးလက်နက်တွေက ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ … တပ်တွေကို စနစ်တကျ နေရာချထားနိုင်မယ်ဆိုရင် အနိုင်ရနိုင်သေးတယ်။ ဒီအချက်ကို မင်း ရင်ထဲမှာ သေချာပေါက် မှတ်သားထားရမယ်။"

လီယွမ်ကျောက်သည် သတိပြန်ဝင်လာပြီး လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "သားတော် နားလည်ပါပြီ။"

"ကောင်းပြီ။ အဲဒါဆိုလည်း မင်း အနောက်ကို ပြန်ဆုတ်သွားလိုက်တော့။ အနောက်ဘက်ကနေ အခြေအနေကို စောင့်ကြည့်နေပြီး အလွယ်တကူ မလှုပ်ရှားနဲ့။ အချိန်ကျလာရင် ငါတို့တပ်တော်က လိုက်ပြီး တိုက်ခိုက်ရတော့မယ်။"

အမိန့်ပေးလိုက်ပြီဖြစ်ရာ ကိစ္စကြီးမားလှသဖြင့် လီယွမ်ကျောက်သည် စကားအများကြီး မပြောရဲတော့ဘဲ တပ်မတော်၏ အနောက်ဘက်သို့ တိတ်ဆိတ်စွာ ဆုတ်ခွာသွားလိုက်၏။

မည်မျှကြာအောင် ပစ်ခတ် ဗုံးကြဲလိုက်မိမှန်း မသိချေ။ အရှေ့ဘက် ပေတစ်ထောင်နီးပါး အကွာအဝေးမှာတော့ အလောင်းများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။

ဝူထူသည် လူများကို တစ်သံတည်း အော်ဟစ်စေလိုက်ရာ နောက်ဆုံးတွင်တော့ ကျဆင်းနေသော အခြေအနေကို အနည်းငယ် ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပြီး တပ်တော်၏ ဆင်ခြင်တုံတရားမှာလည်း ထက်ဝက်ကျော်ခန့် ပြန်လည် ရရှိလာခဲ့၏။

အားလုံး အတူတကွ ဦးလှည့်ကာ နောက်သို့ စတင် ပြေးလွှားကြတော့သည်။

သေနတ်ကိုင်စစ်သည်များ၏ သေနတ်များနှင့် အမြောက်တပ်သားများ၏ ပျံသန်းမိုင်းအမြောက်များသည်လည်း အလွန်အမင်း ပူပြင်းလာကာ နီရဲနေအောင် လောင်ကျွမ်းနေသည်။ ဆက်လက် ပစ်ခတ်နေဦးမည်ဆိုပါက ပြောင်းဝများ ပေါက်ကွဲထွက်သွားနိုင်ချေ ရှိ၏။

ရှန်းကျီတပ်ဖွဲ့သည်လည်း အမြောက်များ ပစ်ခတ်နေမှုကို ခေတ္တမျှ ရပ်တန့်လိုက်ပြီး တည်ငြိမ်သော အခြေအနေ သို့ ဝင်ရောက်ကာ လက်နက်များကို အအေးခံရန် ပြင်ဆင်လိုက်ကြသည်။

ရွှေတိုင်းပြည်တပ်ဖွဲ့များသည် ဒီရေအလား တိုးဝင်လာပြီးနောက် ဒီရေအလား ပြန်လည် ဆုတ်ခွာသွားကြရာ တာ့ကျင်းဘုရင်မင်းမြတ်သည် အခြေအနေကို ကြည့်ပြီး ရထားလှည်းဘေးမှ လှံရှည်ကြီးကို ဆွဲယူလိုက်ကာ မြင်းပေါ်သို့ လွှားကနဲ ခုန်တက်လိုက်ပြီး တစ်ချိန်တည်းမှာပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "တစ်တပ်လုံး လိုက်ပြီး တိုက်ခိုက်ကြ။"

နဂါးအလံများ တလွင့်လွင့် လွင့်ပျံနေပြီး တာ့ကျင်းတပ်တော်၏ စိတ်ဓာတ်များမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေချေသည်။

တောင်တွေ ပြိုကျပြီး ပင်လယ်တွေ ဆူပွက်လာသကဲ့သို့ တစ်ခဲနက် ဟစ်ကြွေး တုံ့ပြန်သံကြီးများ ထွက်ပေါ်လာပြီးသည့်နောက် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသော တာ့ကျင်းနိုင်ငံ၏ မြင်းတပ် စစ်သည်များသည် သံမဏိရေစီးကြောင်းကြီးတစ်ခုအလား ရွှေတိုင်းပြည်တပ်ဖွဲ့များနောက်သို့ အလျင်အမြန် လိုက်လံ တိုက်ခိုက်ကြတော့၏။

ဝူထူသည် ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေခဲ့ပြီဖြစ်ရာ စစ်သူကြီးများနှင့် စစ်သည်များကို ရူးမတတ် အော်ဟစ် တိုက်တွန်းနေတော့သည်။ "ချန်ကောင်းဂိတ်ထဲကို ပြန်ဆုတ်ကြ။"

ယခုမျက်မှောက် အခြေအနေမှာ သူ မှန်းဆနိုင်စွမ်းထက် အဝေးကြီး ကျော်လွန်နေခဲ့ပြီဖြစ်ရာ စစ်မြေပြင် ဖရိုဖရဲဖြစ်နေချိန်တွင် ဆုံးဖြတ်ချက်များ ချမှတ်ရန် မသင့်တော်တော့ပေ။ ချန်ကောင်းဂိတ်အတွင်းသို့ ပြန်လည် ရောက်ရှိပြီး တည်ငြိမ်စွာ စဉ်းစား အစီအစဉ်ဆွဲခြင်းကသာ အကောင်းဆုံး ဖြစ်ပေမည်။

ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ။

ဖါးပါး သည်လည်း ဆုတ်ခွာနေသော တပ်မတော်ကြီးကို နာကျင်သော မျက်နှာအမူအရာဖြင့် ကြည့်နေခဲ့၏။

ရင်ထဲတွင် အလွန်အမင်း မျှော်လင့်ချက်မဲ့သွားသော်လည်း ဆင်ခြင်တုံတရားကို ထိန်းသိမ်းကာ ဝူထူထံသို့ အော်ဟစ် ပြောဆိုလိုက်သည်။ "အရှင်မင်းကြီး ရန်သူ့အရှိန်က အရမ်း ကြမ်းနေတယ်။ ချီလျဲ့ကို နောက်ချန်တပ် အဖြစ် နေခဲ့ခိုင်းလိုက်ပါ။"

All Chapters