အခန်း (၈၁၈-၈၁၉)
Vol. 43 Ch. 818-819
အပိုင်း (၈၁၈) ဆီးဖုန်း အောင်ပွဲကြီး … လီယွမ်ကျောက်က ချီလျဲ့ကို အနိုင်ယူလိုက်ပြီ။
တာ့ကျင်းဘုရင်မင်းမြတ်သည် တပ်တော်ကြီးကို ဦးဆောင်ကာ မြင်းကို ဒုန်းစိုင်းစီး၍ အပြင်းအထန် လိုက်လံ တိုက်ခိုက်သည်။
ဆီးဖုန်းလွင်ပြင်ထက်တွင် ခမ်းနားလှသော မြင်ကွင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။
ရွှေတိုင်းပြည်စစ်သည် သိန်းသောင်းမက အရှေ့မှနေ၍ ရူးမတတ် ပြေးလွှားနေကြပြီး အနောက်ဘက်တွင်လည်း တာ့ကျင်းစစ်သည် သိန်းသောင်းမက အနောက်မှ အလျင်အမြန် လိုက်လံ တိုက်ခိုက်နေကြသည်။
ကျယ်ဝန်းလှသော ဖုန်မှုန့်တိမ်တိုက်ကြီးများ လိပ်တက်လာပြီး မြူခိုးထူကြီးတစ်ခုအလား ဖြစ်ပေါ်နေ၏။
တာ့ကျင်းတပ်မတော်သည် အရှိန်အဟုန် အလွန် ကောင်းမွန်နေသော်လည်း ဤတစ်ခဏတွင် စစ်မြင်းများ အကြားရှိ ကွာဟချက်မှာ ထင်ရှားစွာ ပေါ်လွင်လာခဲ့၏။ အဓိက တပ်တော်ကြီးမှာ တစ်ဖက်ရန်သူကို လိုက်မမီဘဲ ဖြစ်နေသည်။ အနောက်မှ အသေအလဲ လိုက်နေသော်လည်း အမြဲတမ်း ခြေတစ်လှမ်းစာလောက် လိုနေခဲ့သည်။
နှစ်ဖက်စလုံး တစ်ယောက်ကပြေး တစ်ယောက်ကလိုက်ဖြင့် လမ်းတစ်ဝက်သို့ ရောက်ရှိလာချိန်မှာတော့ ရွှေတိုင်းပြည် တပ်ဖွဲ့များသည် ရုတ်တရက် တပ်ဖွဲ့တစ်ဖွဲ့ကို ခွဲထုတ်ကာ ပြန်လည် လှည့်ထွက်လာခဲ့ကြ၏။ သံမဏိမြင်းတပ်တစ်တပ်သည် လူအုပ်ကြီးထဲမှ ထိုးထွက်လာပြီး တာ့ကျင်းဘုရင်မင်းမြတ်ရှိရာ အရပ်ဆီသို့ တိုက်ခိုက်လာကြသည်။
တာ့ကျင်းဘုရင်မင်းမြတ်သည် မြင်းဇာတ်ကြိုးကို ဆွဲလိုက်ပြီး လာနေသော စစ်သူကြီးကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် စူးရှသော အလင်းရောင်နှစ်ခု ပေါက်ကွဲထွက်လာ၏။ "ချီလျဲ့။"
ချီလျဲ့သည်လည်း တာ့ကျင်းဘုရင်မင်းမြတ်ကို တစ်ချက်တည်းနှင့် မြင်လိုက်ရပြီး ရူးမတတ် ရယ်မောကာ တာ့ကျင်းဘုရင်မင်းမြတ်ဆီသို့ ဒုန်းစိုင်း တိုးဝင်လာခဲ့သည်။
စစ်မြေပြင်၏ သွေးထွက်သံယို ကြမ်းတမ်းမှုကို သူသည် မည်သူ့ထက်မဆို ပို၍ ရှင်းလင်းစွာ မြင်တွေ့ထားပြီး ဖြစ်၏။ သို့ပေမည့် ကြောက်ရွံ့ခြင်းဆိုသည်ကို ပြောရမည်ဆိုလျှင် သူသည် ငယ်ငယ်တည်းက ကြီးလာသည့်အထိ ကြောက်ရွံ့ခြင်း ဆိုသည်မှာ ဘာလဲဆိုတာကို လုံးဝ မသိခဲ့ချေ။
အရပ်အမောင်းနှင့် ကိုယ်အလေးချိန်မှစ၍ တိုက်ပွဲ ရလဒ်များအထိ ဘေးနားရှိ လူများကို အပြည့်အဝ ကြိတ်ချေ အနိုင်ယူနိုင်ခဲ့သော လူတစ်ယောက်သည် ကြောက်ရွံ့ခြင်းဆိုသည်ကို တစ်ခါမှ သိရှိမည်မဟုတ်ပေ။ အခြားသူများက သူ့ကို ကြောက်ရွံ့ရသည့် အပိုင်းသာ ရှိပေမည်။ တစ်သက်လုံးတွင် နှစ်ကြိမ်တည်းသော ရှုံးနိမ့်ခဲ့ရမှုမှာလည်း ပြိုင်ဘက်က အောက်တန်းကျကျ ဉာဏ်နီဉာဏ်နက်များ သုံးခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
ချီလျဲ့သည် မြင်းကို ရူးမတတ် ဒုန်းစိုင်းစီးလာရင်း ဘေးဘီဝဲယာသို့ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်၏။ "ရန်သူ့တပ်တွေကို တားဆီးထားကြ။ လီချဲ့ရဲ့ ခေါင်းကို ကျုပ် ကိုယ်တိုင် ယူမယ်။"
တာ့ကျင်းဘုရင်မင်းမြတ်သည် အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ လှံရှည်ကြီးကို ကိုင်ကာ မျက်နှာချင်းဆိုင်သို့ တိုးဝင်သွားသည်။ ဘေးပတ်လည်ရှိ စစ်သည်များသည် ခြေတစ်လှမ်း ကြိုတင်၍ ဓားချင်းယှဉ်ခုတ်သည့် တိုက်ပွဲများအတွင်းသို့ ဝင်ရောက်နေကြပြီ ဖြစ်သည်။
ချီလျဲ့သည် တာ့ကျင်းဘုရင်မင်းမြတ်နှင့် ခြေလှမ်းနှစ်ဆယ် အကွာအဝေးသို့ ရောက်ရှိလာချိန်တွင် အသံကုန် အော်ဟစ်လိုက်၏။ "လီချဲ့ ကလေးလေး ကျုပ်နဲ့ တစ်ယောက်ချင်း ယှဉ်တိုက်ရဲလား။"
သူ ပြောလိုက်သည်မှာ ရွှေတိုင်းပြည်ဘာသာစကား မဟုတ်သည်ကို ကြားလိုက်ရသောအခါ တာ့ကျင်းဘုရင်မင်းမြတ် သည် အနည်းငယ် ငေးမောသွားသော်လည်း ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ပြန်လည် အော်ဟစ်လိုက်သည်။ "လူမိုက်ကြီး …. ကိုယ်တော်က တောင်းတနေတာ ကြာလှပြီ။"
စကားပြောပြီးသည်နှင့် မြင်းဝမ်းဗိုက်ကို ညှပ်ကာ လှံရှည်ကြီးကို ကိုင်လျက် အရှေ့သို့ တိုးထွက်သွားပြီး လမ်းတစ်လျှောက်တွင် မြင်းတပ်စစ်သည် နှစ်ဦးကိုပင် ထိုးချပစ်ခဲ့သေးသည်။ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း ဤအင်အားနှင့် ကျွမ်းကျင်မှုများမှာ အလွန်ပင် ထက်မြက်နေဆဲဖြစ်ကြောင်းကို မြင်တွေ့နိုင်သည်။
ပြိုင်ဘက်ကင်း နှစ်ဦး မျက်နှာချင်းဆိုင် ဆုံတွေ့ကြချေပြီ တစ်ယောက်က လှံကိုင်ထားပြီး တစ်ယောက်က လှံရှည်ကြီးကို ကိုင်ထား၏။
ခြေလှမ်းနှစ်ဆယ် ခြေလှမ်းဆယ့်ငါးလှမ်း ခြေလှမ်းဆယ့်နှစ်လှမ်း။
ချီလျဲ့၏ သရဲတစ္ဆေ မျက်နှာကြီးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေချေပြီဖြစ်ပြီး သူ၏ သံမဏိလှံကြီးမှာ အလွန်အမင်း ရှည်လျားလှကာ လီချဲ့ အသုံးပြုနေသည်မှာ ပုံမှန် လှံရှည်သာ ဖြစ်ပေသည်။ ၎င်းအပြင် ဤမျှလောက်အထိ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ရာ အနီးသို့ မရောက်လာနိုင်သေးမီမှာပင် လှံတစ်ချက် ထိုးလိုက်ရုံဖြင့် သူ့ကို အပေါက်ကြီးတစ်ခု ဖြစ်သွားစေလောက်အောင် ထိုးဖောက်နိုင်မည်မှာ သေချာ၏။ ထိုအချိန်သို့ ရောက်ရှိလာပါက တာ့ကျင်းဘုရင်မင်းမြတ် ကျဆုံးသွားမည်ဖြစ်ပြီး စစ်သည်များ၏ စိတ်ဓာတ်များလည်း သေချာပေါက် ပြိုကွဲသွားပေလိမ့်မည်။
(မူရင်းစာရေးဆရာကတော့ စားပြီ။ ချီလျဲ့ နဲ့ လီချဲ့ တော့ ချနေပြီ။)
ထိုအချက်ကို တွေးမိလိုက်သောအခါ ချီလျဲ့သည် လက်တစ်ချက် တုန်ခါလိုက်ရာ လှံအနောက်ဘက်စွန်းသည် လက်ဝါးထဲသို့ လျှောကျလာပြီး အရှည်ဆုံးသော အကွာအဝေးကို အသုံးပြုကာ တစ်ဖက်လူကို တစ်ချက်တည်းနှင့် သတ်ပစ်ရန် ကြံစည်လိုက်၏။
တာ့ကျင်းဘုရင်မင်းမြတ်သည် လှံရှည်ကြီးကို လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ ကာကွယ်မည့် အနေအထားမျိုး လုပ်ပြလိုက်သည်။
လှံရှည်ကြီး ထိုးထွက်မလာမီ စက္ကန့်အနည်းငယ် အလိုမှာပင် တာ့ကျင်းဘုရင်မင်းမြတ်၏ ညာဘက်လက်သည် ခါးနောက်ဘက်သို့ ရုတ်တရက် ရောက်ရှိသွား၏။ နတ်ဘုရားများနှင့် တစ္ဆေများပင် မှန်းဆ၍မရနိုင်လောက်အောင် လျင်မြန်စွာဖြင့် သေနတ်တိုတစ်လက်ကို ဆွဲထုတ်လိုက်သည်။
ဝတ်ရုံရှည်ကြီး လန်တက်သွားသည့် တစ်ခဏတွင်တော့ အတွင်းခံ သံချပ်ကာအင်္ကျီကို မြင်တွေ့လိုက်ရသည့်အပြင် ခါးတွင် ပတ်ထားသော အထူးပြုလုပ်ထားသည့် ခါးပတ်တစ်ခုကိုပါ မြင်လိုက်ရပြီး အပေါ်တွင် သေနတ်များ အပြည့်အစီအရီ ချိတ်ဆွဲထားသည်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရ၏။
'ဖန်း' … 'ဖန်း' … 'ဖန်း'။
သေနတ်သုံးချက် ဆက်တိုက် ပစ်ခတ်လိုက်ရာ ချီလျဲ့ စီးနင်းထားသော စစ်မြင်းကို တိတိကျကျ ထိမှန်သွားသည်။ စစ်မြင်းကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး ချီလျဲ့ကို မြေပြင်ပေါ်သို့ လွှင့်စင် ကျသွားစေခဲ့၏။
ဤတစ်ချက် ပြုတ်ကျမှုကြောင့် သူ၏ ခေါင်းများပင် မူးဝေသွားခဲ့ရသည်။ သူ သတိပြန်မဝင်နိုင်သေးမီမှာပင် နားထဲတွင် တာ့ကျင်းဘုရင်မင်းမြတ်ထံမှ လှောင်ပြောင်သံကို ကြားလိုက်ရသည်။
"ညံ့တာကွာ …”
"မင်း အမေကို "
'ဒုန်း … ဒုန်း'
ချီလျဲ့ စကားပြော၍ မဆုံးမီမှာပင် အနောက်ဘက်မှ စစ်မြင်းဆယ်ကျော်ခန့်သည် သူ့ခန္ဓာကိုယ်ပေါ်မှနေ၍ အလောင်းတစ်လောင်းကို နင်းဖြတ်သွားသကဲ့သို့ ဆက်တိုက် နင်းဖြတ်သွားကြသည်။ သို့သော်လည်း တော်သေးသည်က သူသည် အထူးပြုလုပ်ထားသော သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ကာကွယ်မှုအား အလွန် ကောင်းမွန်နေသည်။ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး အသက်သေဆုံးမည့် အခြေအနေသို့တော့ မရောက်ရှိခဲ့ချေ။
နင်းဖြတ်မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး ချီလျဲ့၏ စိတ်အာရုံများမှာ အကြောင်းရင်းမသိဘဲ ဝေဝါးလာခဲ့သည်။ ငယ်ငယ်ကတည်းက ကြီးလာသည့်အထိ ပြိုင်ဘက်ကင်းခဲ့သော ပျော်ရွှင်ဖွယ် အချိန်ကာလများသည် သူ၏ ခေါင်းထဲတွင် တလက်လက် မြင်ယောင်လာ၏။
သို့ပေမည့် တာ့ကျင်းသို့ သံတမန်အဖြစ် လာရောက်ခဲ့ရသည့် ဤအချိန်သို့ ရောက်ရှိလာသောအခါ ကျန်းပြောင်၏ ရွံရှာဖွေကောင်းလှသော မျက်နှာပျက်ကြီးသည် ရုတ်တရက် ခုန်ထွက်လာသည်။ အမှတ်တရများ အားလုံး ချက်ချင်း ရပ်တန့်သွားသည်။
ငါ့ရဲ့ ပျော်ရွှင်ဖွယ်ရာအချိန်ကာလတွေက အဲဒီအချိန်ကစပြီး အဆုံးသတ်သွားခဲ့တာပဲ ဖြစ်ရမယ်။
ချီလျဲ့သည် ဝေခွဲမရစွာဖြင့် တွေးတောနေမိပြီး တစ်ချိန်တည်းမှာပင် နားထဲရှိ သတ်ဖြတ်သံများမှာ အများကြီး တိတ်ဆိတ်သွားခဲ့၏။ တာ့ကျင်းတပ်တော်ကို တားဆီးနေသော ရွှေတိုင်းပြည်တပ်ဖွဲ့များသည် သန်မာကြသော်လည်း ပကတိ လူအင်အားကို ကြည့်မည်ဆိုပါက တစ်ဖက်လူများနှင့် ယှဉ်လျှင် အလွန်အမင်း နည်းပါးလှပသည်။ ဒီရေအလား များပြားလှသော ပြိုင်ဘက်များကို ရင်ဆိုင်ရချိန်တွင် ရွှေတိုင်းပြည် တပ်ဖွဲ့များသည် အလျင်အမြန်ပင် ရှုံးနိမ့်သွားကြ၏။
လီယွမ်ကျောက်သည် စစ်မြင်းကို စီးကာ အနောက်ဘက်မှနေ၍ အလျင်အမြန် ဒုန်းစိုင်း ရောက်ရှိလာပြီး ရွှေတိုင်းပြည် တပ်ဖွဲ့များ တစ်ဖန် ပြန်လည် ဆုတ်ခွာသွားရပြန်သည်ကို မြင်သောအခါ ခေါင်းငုံ့ကာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။
"ဟေး .. ဒါက ချီလျဲ့ မဟုတ်လား။"
ချီလျဲ့သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။ ပြီးနောက် အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။ "သတ်ချင်သတ် … ချက်ချင်ချက် သဘောပဲ။"
လီယွမ်ကျောက်သည် အလွန်အမင်း ဝမ်းသာသွား၏။ "မသေသေးဘူး။ မသေသေးရင် တော်သေးတာပေါ့။ မင်း လာတာ အတော်ပဲ။ ထစမ်း .. ငါ မင်းနဲ့ တစ်ယောက်ချင်း တိုက်ကွက် သုံးရာလောက် ယှဉ်တိုက်မယ်။"
'ထွီ'။
ချီလျဲ့သည် သွေးများ ပါဝင်နေသော တံတွေးတစ်ချက်ကို လီယွမ်ကျောက်ဆီသို့ ထွေးထုတ်လိုက်သည်။
သို့သော်လည်း တပ်တော်ကြီး၏ ဆက်တိုက် နင်းဖြတ်ခြင်းကို ခံထားရသဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ အလွန်အမင်း ပြင်းထန်နေခဲ့ပြီ ဖြစ်၏။ ဤတံတွေးမှာ လေထဲတွင် ပေါ့ပါးစွာ လွင့်ပျံသွားပြီးနောက် သူ၏ မျက်လုံးပေါ်သို့သာ ပြန်လည် ကျဆင်း ကပ်ငြိသွားတော့၏။
"ဟူး " လီယွမ်ကျောက်သည် အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။
တကယ်ကို အသုံးမကျတဲ့ ကောင်ကြီးပဲ။ ဘယ်က နာမည်မရှိ စစ်သည်လေးတစ်ယောက် ရိုက်နှက်တာကို ခံခဲ့ရတာလဲ မသိဘူး။
သို့ပေမည့်လည်း ဤရွှေတိုင်းပြည်၏ ပထမဆုံးသော သူရဲကောင်းကြီးက ဤနေရာတွင် ရှိနေပြီဖြစ်ရာ အကယ်၍ မတိုက်ခိုက်လိုက်ရဘူးဆိုပါက သူ တစ်သက်လုံး နောင်တရနေမိတော့မည် မဟုတ်ပါလား။
ထိုအချက်ကို တွေးမိလိုက်သောအခါ လီယွမ်ကျောက်သည် ခါးနောက်ဘက်မှ သေနတ်ကို ဆွဲထုတ်လိုက်သည်။
'ဒိုင်း'။ 'ဒိုင်း'။ 'ဒိုင်း'။
သေနတ်သုံးချက်ကို ချီလျဲ့၏ ရင်ဘတ်ဆီသို့ တိတိကျကျနှင့် ပြင်းပြင်းထန်ထန် ပစ်ခတ်လိုက်ရာ မီးပွင့်သုံးခု ပေါက်ကွဲထွက်လာ၏။
ချီလျဲ့သည် အားနည်းစွာဖြင့် အေးစက်စွာ ပြုံးလိုက်သည်။ "အသုံးမဝင်ဘူး။"
"မှတ်ထား။ တာ့ကျင်းအိမ်ရှေ့မင်းသား လီယွမ်ကျောက်က ဆီးဖုန်းလွင်ပြင်မှာ အောင်ပွဲခံပြီး ရွှေတိုင်းပြည်နိုင်ငံရဲ့ ပထမဆုံးသော သူရဲကောင်း ချီလျဲ့ကို အနိုင်ယူလိုက်ပြီ။"
လီယွမ်ကျောက်သည် ခေါင်းလှည့်ကာ အနောက်ဘက်ရှိ ကျင်းယီဝေတပ်ဖွဲ့ဆီသို့ အော်ဟစ် ပြောဆိုလိုက်၏။ "သူ့ကို ကြိုးတုပ်ပြီး ခေါ်သွားကြ။"
လီယွမ်ကျောက်က ချီလျဲ့ကို အနိုင်ယူလိုက်ပြီပေါ့လေ။
ချီလျဲ့သည် တစ်ခဏမျှ ကြောင်အမ်းသွားပြီးနောက် မျက်လုံးအိမ်ထဲသို့ သွေးများ စုပုံလာကာ မျက်ရည်များ ကျဆင်းရင်း တစ်ကိုယ်လုံးရှိ အင်အားများကို အသုံးပြုကာ နောက်ဆုံး အော်ဟစ်လိုက်သည်။ "မင်းတို့ အကုန်လုံးက တကယ့် တိရစ္ဆာန်တွေချည်းပဲလား "
...
တာ့ကျင်းတပ်တော်သည် အလျင်အမြန် လိုက်လံ တိုက်ခိုက်နေဆဲပင်။ နေဝင်ချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဉာဏ်ကုန်ထုတ် ကြိုးစားခဲ့သော်လည်း ကံဆိုးစွာနှင့် ရွှေတိုင်းပြည်တပ်ဖွဲ့များကို လိုက်မမီခဲ့ချေ။
ရွှေတိုင်းပြည် တပ်ဖွဲ့တစ်ဖွဲများ ချန်ကောင်းဂိတ်အတွင်းသို့ အလျင်အမြန် ပြေးဝင်သွားကြသည်ကို မျက်စိရှေ့တွင်ပင် ကြည့်နေခဲ့ရ၏။ ထို့နောက်တွင်တော့ တံခါးကြီးကို ဆွဲတင်ကာ ဂိတ်ပေါက်ကြီးကို ပိတ်လိုက်ကြသည်။
တာ့ကျင်းဘုရင်မင်းမြတ်သည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး မြို့တံခါးကြီးကို ကြည့်ကာ အသာအယာ ပြုံးလိုက်၏။ ယခင်က မြို့တံခါးများသည် မီးလောင်ကျွမ်းမှုကို မကြောက်ရွံ့ခဲ့သလို ဝင်တိုက်မှုကိုလည်း မကြောက်ရွံ့ခဲ့ကြချေ။ ယနေ့ခေတ်၏ အမြောက်များကို ရင်ဆိုင်ရချိန်တွင်တော့ ဘယ်လိုများ နေလိမ့်မည်နည်း။ ဤအလွန် ခိုင်မာလှသော ချန်ကောင်းဂိတ်ကြီးမှာ အပေါက်အပြဲများဖြင့် ပြည့်နှက်နေလောက်ပြီ ဖြစ်၏။
အတန်ကြာပြီးသည့်နောက် လီယွမ်ကျောက်သည်လည်း အနောက်မှ ရောက်ရှိလာပြီး တာ့ကျင်းဘုရင်မင်းမြတ်၏ အရှေ့သို့ သုတ်ခြေတင် ပြေးလာပြီး မေးလိုက်သည်။ "ခမည်းတော် … မီးပုံးပျံတွေကို ဘယ်အချိန်လောက်တင်ပြီး စတင် တိုက်ခိုက်ကြမလဲ။"
"မလောနဲ့။ သူတို့တွေ အခု သတိထားနေကြတဲ့ အချိန်ပဲ ရှိသေးတယ်။ မြို့ရိုးပေါ်မှာလည်း မြို့စောင့်တပ်တွေကို နေရာချထားပြီးလောက်ပြီဆိုတော့ စစ်တပ်ကြီးက ထိတ်လန့်သွားတဲ့အတွက် ဒီနေရာမှာ ခေတ္တနားပြီး စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ပြန်လည် တည်ငြိမ်အောင် လုပ်ကြလိမ့်မယ်။
သူတို့တွေ ဂိတ်မြို့တော်အတွင်းမှာ စခန်းချ နေရာယူပြီးတဲ့ အချိန်ကျမှ ငါတို့ ရုတ်တရက် ဝင်တိုက်ကြမယ်။ အဲဒီအခါကျရင် လူရော ၊ မြင်းပါ အကုန်ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖရိုဖရဲ ဖြစ်သွားကြလိမ့်မယ်။"
...
ဂိတ်မြို့တော်အတွင်းတွင်တော့ စစ်သူကြီးများ အားလုံး စုစည်းရောက်ရှိနေကြပြီး ဝူထူ၏ မျက်လုံးထဲတွင်တော့ ကြောက်ရွံ့ ထိတ်လန့်မှုများ တလက်လက် တောက်ပနေကာ ခေါက်တုံ့ခေါက်ပြန် လျှောက်သွားနေရင်း ပါးစပ်မှ တီးတိုး ရေရွတ်နေ၏။ "အဲဒါက ဘာကြီးလဲ။ အဲဒါက တကယ်တော့ ဘာကြီးလဲ။ ဘယ်သူကများ ကိုယ်တော့်ကို ပြောပြနိုင်မလဲ။"
"ဖါးပါး …. မင်းက ဖန်ကျန်းရီအကြောင်းကို ကောင်းကောင်းသိတယ်။ တာ့ကျင်းရဲ့ လှုပ်ရှားမှုတွေကို ကောင်းကောင်းသိတယ် မဟုတ်လား။ မင်း ပြောစမ်း။"
ဖါးပါး မှာ စိုးရိမ်ပူပန်လွန်း၍ တစ်ကိုယ်လုံး ချွေးများ ပြန်နေပြီး နာကျင်စွာဖြင့် ပြောလိုက်၏။ "ကျွန်တော်မျိုး ကျွန်တော်မျိုး တကယ်ကို မသိပါဘူး။ ဒီလိုလက်နက်မျိုးက မှော်အောက်လမ်းပညာနဲ့ ဘာမှမကွာခြားပါဘူး။ ကျွန်တော်မျိုး အကြံပြုချင်တာကတော့ လုံခြုံရေးအတွက် ဂိတ်အပြင်ဘက်ကို ခေတ္တ ပြန်ဆုတ်သွားတာ ပိုကောင်းပါတယ်။ ဒီမြို့တံခါးကြီးကလည်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။"
"မင်း .. ချီး .. ။"
ဝူထူသည် အရှေ့သို့ ရုတ်တရက် တိုးသွားကာ ဖါးပါး ၏ အင်္ကျီစကို ဆွဲကိုင်လိုက်၏။ "အခုချက်ချင်း ဖန်ထိုက်မြို့ကို လူပြန်လွှတ်ပြီး ဖန်ကျန်းရီကို ဖမ်းခေါ်လာခဲ့။ တကယ်လို့ မေးလို့မရဘူးဆိုရင် သူ့ကို သတ်ပစ်လိုက်။"
"ဒါပေမဲ့ မေးလို့ရရင်တောင် ဘယ်လိုလုပ်ပြီး တိုက်လို့ ရနိုင်မှာလဲ။"
ဖါးပါး သည် မျက်စိကို နာကျင်စွာ မှိတ်လိုက်သည်။ "ဒီလိုလက်နက်မျိုးကို ကျုပ်တို့ ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ။ အရှင်မင်းကြီး ကျွန်တော်မျိုး တွေးမိတာက "
ဝူထူမှာ စိတ်များ အလွန်အမင်း ရှုပ်ထွေးနေချေပြီ။ "လုပ်စရာရှိတာ လုပ်စမ်းကွာ။ "
ဖါးပါး ၏ မျက်ခမ်းထောင့်များမှာ အဆက်မပြတ် တုန်လှုပ်နေပြီး အံကို ပြင်းပြင်းထန်ထန် ကြိတ်ကာ ပြောလိုက်သည်။ "အဲဒါဆိုရင်လည်း လက်နက်ချ အညံ့ခံလိုက်ကြပါစို့လား။ ချန်ကောင်းဂိတ်ရဲ့ စစ်သူကြီးက အကြောင်းရင်းမရှိဘဲ ဂိတ်ထဲကနေ ထွက်သွားခဲ့တယ်။ တာ့ကျင်းတပ်တော်ကလည်း ဆီးဖုန်းလွင်ပြင်မှာ ကျုပ်တို့တပ်တော်နဲ့ အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲခဲ့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကျုပ်တို့ ရွှေတိုင်းပြည်နိုင်ငံရဲ့ အဓိက အင်အားစုတွေကို တစ်တပ်လုံး ချေမှုန်းပစ်ချင်နေတာ ထင်ရှားပါတယ်။
တကယ်လို့ သူတို့က ခုနကလို လက်နက်မျိုးကို အသုံးပြုပြီး မြို့ကို တိုက်မယ်ဆို ကျုပ်တို့ ဂိတ်ထဲဝင်နိုင်မယ့် အခွင့်အရေး လုံးဝ မရှိတော့ပါဘူး။ အရှင်မင်းကြီး အနေနဲ့ သေသေချာချာ သုံးသပ် စဉ်းစားတော်မူပါ။"
"ခွေးသူတောင်းစား။"
ဝူထူသည် အသံကုန် ဟိန်းဟောက်လိုက်ပြီး ဖါးပါး ကို မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် တွန်းလှဲလိုက်သည်။ သူ၏ လည်ပင်းကြီးမှာ တစ်ပတ်လောက် တုတ်ခိုင်လာပြီး သွေးကြောများ ပေါက်ကွဲထွက်လာကာ လူသတ်လိုသော မျက်နှာထားဖြင့် ဖါးပါး ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ "ကိုယ်တော်က မင်းကို ပြဿနာ ဖြေရှင်းခိုင်းနေတာ။ မင်းက ကိုယ်တော့်ကို လက်နက်ချခိုင်းနေတာလား။ ကိုယ်တော် တစ်သက်လုံး တည်ဆောက်ခဲ့ရတဲ့ ထီးနန်းစည်းစိမ်ကြီးကို ဒီအတိုင်း ဖျက်ဆီးပစ်လိုက်ပြီး တစ်သက်လုံး အခြားသူတွေရဲ့ ခွေးအဖြစ် နေထိုင်စေချင်နေတာလား။"
"ကျွန်တော်မျိုး အဲဒီလို သဘောမျိုး ပြောတာ မဟုတ်ပါဘူး "
"အဲဒီလို သဘောမျိုး မဟုတ်ဘူး။ မင်း ထွက်သွားစမ်း။ အခုချက်ချင်း လူတွေကို ခေါ်ပြီး ထွက်သွား။ ဖန်ကျန်းရီကို ကိုယ်တော့်ရှေ့ကို ကိုယ်တိုင် ဖမ်းခေါ်လာခဲ့။ သံတမန်အဖွဲ့ထဲက ကျန်တဲ့သူတွေကို အကုန်သတ်ပစ် တစ်ယောက်မှ မချန်ထားနဲ့။"
အပိုင်း (၈၁၉) ကောင်းကင်မှ ကျဆင်းလာသော ဘုန်းတန်ခိုး၊ မြို့ကိုစွန့်ခွာ၍ ထွက်ပြေးခြင်း**
ညအချိန်။
တဲနန်းဆောင်အတွင်းတွင် ဝူထူသည် စစ်သူကြီးများနှင့်အတူ ပြင်းထန်စွာ ဆွေးနွေး တိုင်ပင်နေဆဲပင်။ သို့သော်လည်း ယခုအခါတွင် တဲအတွင်းရှိ လူအင်အားမှာ အများကြီး နည်းပါးသွားခဲ့ပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အဓိက တပ်တော်ကြီးတစ်ခုလုံး အပြင်းအထန် ထိခိုက် ဆုံးရှုံးသွားခဲ့ရသောကြောင့်ပင်။ ပြန်လည် ချိန်ညှိ စီစဉ်ရန် လိုအပ်ပြီး ပထမဦးဆုံး အချိန်မှာပင် အောက်ခြေသို့ လူလွှတ်ကာ စီစဉ်ခိုင်းထားပြီး ဖြစ်၏။
၎င်းအပြင် ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် ယမ်းမှုန့်များ၏ အရှိန်အဝါကြီးမှာလည်း သူတို့၏ ရင်ထဲတွင် အဆက်မပြတ် ပြန်လည် ပေါ်ပေါက်နေဆဲ ဖြစ်သည်။ မူလက အလွန်အမင်း ထူထဲ လေးလံပြီး လူများကို အလွန်အမင်း လုံခြုံမှုရှိစေခဲ့သော မြို့တံခါးကြီးမှာလည်း ယခုအခါတွင် လူများ၏ ရင်ထဲ၌ မလုံခြုံမှုများကိုသာ ဖြစ်ပေါ်စေခဲ့သည်။
ထိုလက်နက်မှာ နတ်ဘုရားများနှင့် တစ္ဆေများပင် မှန်းဆ၍မရနိုင်လောက်အောင် ဆန်းကြယ်လှပြီး မြေကြီးပေါ်တွင် တစ်ချက် ပေါက်ကွဲသွားသည်နှင့် ကြီးမားလှသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေ၏။
ဤမြို့တံခါးကြီးမှာ သစ်သားကို သံမဏိဖြင့် ဖုံးအုပ်ထားခြင်းဖြစ်ပြီး အကောင်းဆုံးသော သံမဏိသစ်သားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ သစ်သားပဲဖြစ်သည်။ လူအင်အား အမြောက်အများကို အမျိုးမျိုးသော ပစ္စည်းများ သယ်ဆောင်ကာ မြို့တံခါးကြီးကို သွားရောက် ထောက်ခံထားရန် စီစဉ်ထားပြီး ဖြစ်၏။ ကျန်ရှိနေသော သူများကတော့ အလှည့်ကျ အနားယူကြသလို သို့မဟုတ် စစ်သူကြီးများက စစ်သည်များ၏ စိတ်ဓာတ်ကို နှစ်သိမ့်ပေးနေကြသည်။
"အရှင်မင်းကြီး အခု ကျွန်တော်မျိုးတို့က တက်တက်ကြွကြွနဲ့ ထွက်တိုက်လို့ မရတော့ပါဘူး။ ချန်ကောင်းဂိတ်မှာ အချိန်ကြာကြာ နေထိုင်လို့ မရနိုင်တော့ဘဲ ဂိတ်အပြင်ဘက်သို့ အမြန်ဆုံး ဆုတ်ခွာပြီးမှ နောက်ထပ် အစီအစဉ်တွေကို စဉ်းစားသင့်ပါတယ်။
ကျွန်တော်မျိုး အကြံပြုချင်တာကတော့ တပ်ဖွဲ့တွေကို ခွဲပြီး ချီတက်သင့်တယ်။ တာ့ကျင်းရဲ့ စစ်မြင်းတွေက ကျုပ်တို့ ရွှေတိုင်းပြည်နိုင်ငံကို လုံးဝ မမီနိုင်ပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ သူတို့ရဲ့ စစ်ကြောင်းကို ရှည်လျားသွားအောင် ဆွဲဆန့်လိုက်ပြီး တစ်ဖွဲ့ချင်းစီကို ချေမှုန်းပစ်ဖို့ပါပဲ။"
"မှန်ပါတယ်။ ကျွန်တော်မျိုးလည်း ဒီနည်းလမ်းတစ်ခုတည်းသာ ဖြစ်နိုင်ခြေရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်မျိုး အဝေးကနေ ကြည့်လိုက်ရတဲ့ ရန်သူ့ရဲ့ အဲဒီလက်နက်က အမည်းရောင် အပေါက်ကြီးတစ်ခုနဲ့ အရာဝတ္ထုတစ်ခုကို မြေကြီးထဲမှာ မြှုပ်ထားတာဖြစ်ပြီး မြေကြီးပေါ်မှာလည်း သံမဏိနဲ့ ပြုလုပ်ထားတဲ့ ပြောင်းပိုက်ရှည်ကြီး တစ်ခုလိုမျိုး ရှိနေသေးတယ်။ အဲဒီအရာက ကြည့်ရတာ အရမ်းကို လေးလံလွန်းတယ်။ တကယ်လို့ ကျွန်တော်မျိုးတို့က သူတို့နဲ့ အချိန်ဆွဲ တိုက်ပွဲဆင်နွှဲမယ်ဆိုရင် သူတို့ရဲ့လက်နက်တွေကို အချိန်မီ ရွှေ့ပြောင်းနိုင်မှာ မဟုတ်ပါဘူး။"
ဝူထူသည် ခေါက်တုံ့ခေါက်ပြန် လျှောက်သွားနေဆဲဖြစ်ပြီး မျက်မှောင်ကြုတ်လျက် စိတ်ညစ်နေသည်။
ဆုတ်ခွာမယ်။ တစ်နိုင်ငံလုံးရဲ့ သွေးတွေက ဒီစစ်ပွဲကြီးရဲ့ စုပ်ယူမှုအောက်မှာ ခန်းခြောက်တော့မလို့ ဖြစ်နေပြီ။ အခုမှ ချန်ကောင်းဂိတ်နဲ့ လျူဟော့ဂိတ် နှစ်ခုတည်းကိုသာ သိမ်းပိုက်ထားနိုင်သေးတာ။ တကယ်လို့ ဒီဂိတ်နှစ်ခုကိုပါ ထပ်ပြီး စွန့်လွှတ်လိုက်ရမယ်ဆိုရင် ငါတို့ အလဟသ စစ်တိုက်ခဲ့ရတာ မဟုတ်ဘူးလား။
တိုင်းပြည်တွင်းရှိ နိုင်ငံရေး အခြေအနေများမှာလည်း မူလတည်းက ကိုယ်ပိုင် အကြံအစည် အသီးသီး ရှိနေကြသူများ အများအပြား ရှိသည်။ ယခုလို အုပ်ချုပ်မှု မအောင်မြင်ဘူးဆိုပါက အရာအားလုံး ပြီးဆုံးသွားပြီ မဟုတ်ပါလား။
ထိုအချက်ကို တွေးမိလိုက်သောအခါ ဝူထူသည် ခေါင်းကို မော်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ထပ်ကြည့်ကြသေးတာပေါ့။ တာ့ကျင်းရဲ့ လက်နက်တွေက သန်မာပေမဲ့လည်း အားနည်းချက်တွေကလည်း ထင်ရှားတယ်။ အခုချိန်အထိ မြို့တံခါးကို လာမတိုက်သေးဘူးဆိုတော့ သူတို့ရဲ့ ရွှေ့ပြောင်းနိုင်မှုက ///"
"သတင်းပို့ပါတယ် အရှင်မင်းကြီး။ ကောင်းကင်ပေါ်မှာ မီးပုံးပျံ အမြောက်အမြား လာရောက် တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ အကြမ်းဖျင်း ကြည့်ရှုစစ်ဆေးချက်အရ သုံးရာထက် မနည်းပါဘူး။"
စစ်သည်ငယ်တစ်ဦးသည် ရူးသွားသည့်အလား တဲနန်းဆောင်အတွင်းသို့ ပြေးဝင်လာပြီး အသံကျယ်ကျယ်ဖြင့် သတင်းပို့လိုက်၏။ မူလက တဲအပြင်ဘက်တွင် သတင်းပို့ပြီးမှ ဝင်လာရမည်ဖြစ်သော်လည်း ယခုအခါတွင် သူသည် လုပ်ငန်းစဉ်အတိုင်း မလုပ်ဆောင်ရဲတော့ဘဲ စက္ကန့်အနည်းငယ်မျှ နောက်ကျသွားမည်ကို အလွန်အမင်း စိုးရိမ်နေခဲ့သည်။
တာ့ကျင်း၏ လက်နက်များမှာ အလွန်အမင်း ထိတ်လန့်စရာကောင်းလွန်းလှပြီး တစ်ဖက်ရန်သူထံမှ ပုံမှန် မဟုတ်သော လှုပ်ရှားမှု အနည်းငယ် ပေါ်ထွက်လာသည်နှင့် တစ်တပ်လုံးကို ကြောက်ရွံ့ တုန်လှုပ်သွားစေရန် လုံလောက်လှ၏။
တဲအတွင်းရှိ စစ်သူကြီးအားလုံး၏ အကြည့်များသည် စစ်သည်ငယ်လေးထံသို့ စုပုံသွားကြသည်။
ဝူထူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "တပ်စခန်းတိုင်းကို သတိထားနေဖို့ အမိန့်ပေးလိုက်။ ရန်သူ့အရှိန်က အရမ်း ကြမ်းနေရင် နီးစပ်ရာ လူနေအိမ်တွေထဲဝင်ပြီး ပုန်းရှောင်နေကြလို့။ မြို့ရိုးပေါ်က ကင်းလှည့်မှုတွေနဲ့ မြို့ကာကွယ်ရေး ပစ္စည်း ထောက်ပံ့မှုတွေကို ပိုမို တင်းကျပ်ထားလိုက်။ မြို့တံခါး နေရာမှာလည်း အစောင့်တွေကို ပိုများများထားလိုက်။ လုံးဝ အချိုးဖျက်ခံလိုက်လို့ မဖြစ်ဘူး။ ငါတို့တပ်ရဲ့ မီးပုံးပျံတွေကိုလည်း လွှင့်တင်ပြီး သူတို့ကို အစွမ်းကုန် တားဆီးထားကြ။"
"ကောင်းပါပြီ။" စစ်သည်ငယ်လေးသည် တစ်ချက် အော်ဟစ် အမိန့်ခံလိုက်ပြီး အမိန့်ပေးရန်အတွက် အပြင်သို့ အလျင်အမြန် ထွက်သွားတော့၏။
"မင်းတို့ အကုန်လုံး လူစုခွဲလိုက်ကြတော့။ အခု စစ်သည်တွေရဲ့ စိတ်ဓာတ်တွေက မတည်မငြိမ် ဖြစ်နေတယ်။ ဒီနေ့တော့ ဒီမြို့ကို အရင်ဆုံး ကာကွယ်ထားကြအုံး။ ဆုတ်မလား ၊ တိုက်မလား ဆိုတာကိုတော့ မနက်ဖြန်ကျမှ ဆက်ပြီး ဆုံးဖြတ်ကြတာပေါ့။"
...
ချန်ကောင်းဂိတ်၏ မြို့ရိုးထက်တွင် မီးပုံးပျံ သုံးရာကျော်ခန့်သည် ကောင်းကင်ထက်၌ ကြယ်လေးများအလား အစီအရီ တောက်ပနေကြ၏။
ဝူထူသည် အောက်ဘက်တွင် ရပ်နေပြီး ခါးရှိ ဓားရိုးကို လက်တစ်ဖက်ဖြင့် အသေအလဲ ဆွဲကိုင်ထားကာ ကောင်းကင်သို့ မော်ကြည့်နေခဲ့သည်။
ကောင်းကင်မှ ရေနံဆီများနှင့် ကျောက်တုံးများ ကျဆင်းလာမည်မှာ ပြဿနာကြီးတစ်ခု ဖြစ်သည်။ ဤမြို့တွင်းရှိ လူနေအိမ် အတော်များများမှာ သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အနည်းငယ်သာ ကျောက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ အစောပိုင်း မြို့ကို တိုက်ခိုက်ခဲ့စဉ်တွင် သူတို့သည် ရေနံဆီများနှင့် ကျောက်တုံးများကို တစ်ကြိမ် ကြဲချခဲ့ဖူးပြီးဖြစ်ရာ ဂိတ်မြို့တော်အတွင်းရှိ သစ်သား အိမ်ရာ အတော်များများကို လောင်ကျွမ်းစေခဲ့ပြီး ဖြစ်သည်။ ယခု ကျန်ရှိနေသည်မှာ အရည်အသွေး အလွန် ကောင်းမွန်သော အိမ်ရာများချည်းသာ ဖြစ်၏။
သူ တစ်ခုတည်းသော စိုးရိမ်နေမိသည့်အရာမှာ နေ့ခင်းဘက်က မြင်တွေ့ခဲ့ရသည့် ထိုထူးဆန်းသော လက်နက်များပင်ဖြစ်ပြီး အကယ်၍ မီးပုံးပျံများပေါ်တွင်သာ ပါလာခဲ့မည်ဆိုပါက ပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။
သို့သော်လည်း ဝူထူသည် သေသေချာချာ ပြန်လည် စဉ်းစားကြည့်ပြီးနောက် ရင်ထဲမှ စိုးရိမ်မှုများကို အနည်းငယ် လျှော့ချလိုက်နိုင်သည်။
မှန်ပေသည်။ အခြားသူများ ပြောခဲ့သလိုပင် ထိုလက်နက်မှာ နတ်ဘုရားဆန်လှသော်လည်း အလွန်အမင်း လေးလံနေမည်မှာ သေချာသည်။ မီးပုံးပျံများ၏ သယ်ဆောင်နိုင်စွမ်းကို သူ နားလည်ထားပြီးဖြစ်ရာ ထိုမျှလောက်အထိ ကြီးမားလှသော သံမဏိတုံးကြီးကို ဆွဲတင်နိုင်မည် မဟုတ်ပေ။
ယခုမျက်မှောက်တွင် ဂိတ်မြို့တော်အတွင်းရှိ စစ်သည် အမြောက်အမြားသည် ယာယီ တည်ဆောက်ထားသော တဲနန်းဆောင်များထဲမှ ထွက်လာကြပြီး ကောင်းကင်သို့ အသီးသီး မော်ကြည့်နေကြ၏။ မီးပုံးပျံ အုပ်စုကြီးမှာ ချန်ကောင်းဂိတ်၏ ကောင်းကင်ထက်ဆီသို့ ဖြည်းညင်းစွာ ရွေ့လျား ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရုတ်တရက် အလင်းရောင်ငယ်လေးများ ဝေဝါးသော မီးရောင်များသည် ကောင်းကင်ထက်မှနေ၍ ကျဆင်းလာခဲ့၏။ ယမ်းထုပ်တစ်ခုသည် တဲနန်းဆောင်ဘေးသို့ အလွန် တိုက်ဆိုင်စွာဖြင့် ကျရောက်သွားသည်။ ထိုစနက်ကြိုးမှာ အလွန်အမင်း ရှည်လျားစွာ ချန်ထားခဲ့သဖြင့် 'ချစ်ချစ်ချစ်' ဟူသော အသံများနှင့်အတူ လောင်ကျွမ်းနေဆဲ ဖြစ်၏။
တဲနန်းဆောင်ဘေးရှိ ရွှေတိုင်းပြည်စစ်သည်များသည် အပေါ်မှ ကျဆင်းလာသော ဤထူးဆန်းသည့် အရာဝတ္ထုကြောင့် အလွန်အမင်း လန့်သွားကြပြီး အဝတ်ထုပ်တစ်ခုလို ပုံစံမျိုး ဖြစ်နေသည်ကို မြင်သောအခါ သတ္တိမွေးကာ အရှေ့သို့ တိုးသွားပြီး ကောက်ယူလိုက်ကြရာ ဘေးပတ်လည်ရှိ စစ်သည်အချို့လည်း အတူတကွ ဝိုင်းအုံလာကြ၏။
"ဒါက ဘာကြီးလဲ။ ဒါက ကျောက်တုံးလည်း မဟုတ်ဘူး။"
"ဒီအထဲမှာ ဘာတွေများ ထည့်ထားတာလဲ မသိဘူး။ ဖွင့်ကြည့်ရအောင်။"
"မလုပ်နဲ့။ အဲဒါက မီးခိုးတွေ ထွက်နေသေးတယ် "
'ဒိုင်း'။
ယမ်းထုပ်ကြီးမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားရာ ဘေးတွင် ဝိုင်းဖွဲ့နေကြသော ရွှေတိုင်းပြည်စစ်သည် ငါးဦး ခြောက်ဦးခန့်မှာ သွေးသား ခန္ဓာကိုယ်များ ပေါက်ကွဲမှုကို ခံယူလိုက်ကြရ၏။ ယမ်းထုပ်အတွင်းရှိ မရေမတွက်နိုင်သော သံမဏိပြားများနှင့် ကျောက်စများသည် အပြင်းအထန် ပေါက်ကွဲ ထွက်လာကြပြီး ဤစစ်သည်များ၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားကြသည်။
ဤမြင်ကွင်းမျိုးမှာ ချန်ကောင်းဂိတ်၏ နေရာအနှံ့အပြားတွင် ဆက်တိုက် ဖြစ်ပွားနေခဲ့ပြီး အချို့သော ယမ်းထုပ်များမှာ မြေကြီးပေါ်သို့ ကျရောက်မည့် ဆဲဆဲ အချိန်လေးမှာပင် တိုက်ရိုက် ပေါက်ကွဲသွားကြကာ အနီးအနားရှိ စစ်သည်များ၏ အသက်များကို ရိတ်သိမ်းသွားကြ၏။
သို့သော်လည်း ယမ်းထုပ် အတော်များများမှာ အစောတလျင် ပေါက်ကွဲပြီး အရှိန်အဝါ ပျောက်ဆုံးသွားခြင်းမှ ကင်းဝေးစေရန် စနက်ကြိုးများကို အနည်းငယ် ပိုရှည်အောင် ချန်ထားခဲ့ကြသည်။ ထို့ကြောင့်ပင် လူအတော်များများမှာ တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာပင် ဤယမ်းထုပ်များကို ကောက်ယူရရှိခဲ့ကြပြီး တစ်ချိန်တည်းနှင့် တစ်နေရာတည်းမှာပင် တူညီသော အဖြစ်ဆိုးကြီးကို ကြုံနေကြရသည်။
'ဒိုင်း' .. 'ဒိုင်း' .. 'ဒိုင်း'။
ပေါက်ကွဲသံကြီးများမှာ မည်သည့် စည်းကမ်းချက်မျှ မရှိဘဲ ထွက်ပေါ်နေပြီး မရေမတွက်နိုင်သော ရွှေတိုင်းပြည် စစ်သည်များ၏ နာကျင်သော အော်ဟစ်သံကြီးများသည် ကောင်းကင်နှင့် မြေကြီးသို့ တစ်ဖန် လွှမ်းခြုံသွားပြန်၏။
ပို၍ ကြောက်စရာကောင်းသည်မှာ စစ်မြင်းများ တစ်ဖန် ပြန်လည် ထိတ်လန့်သွားကြခြင်းပင် ဖြစ်သည်။
ယမ်းထုပ် အတော်များများကို မြင်းအုပ်များကြားထဲသို့ တိုက်ရိုက် ပစ်ချလိုက်သဖြင့် မရေမတွက်နိုင်သော စစ်မြင်းများကို ချက်ချင်း ရူးသွပ်သွားစေခဲ့ပြီး ချည်နှောင်ထားသော ကြိုးများကို ရုန်းထွက်ကာ မြို့တွင်း၌ ခေါင်းငုံ့၍ ရမ်းတမ်း ပြေးလွှားကြတော့သည်။ လမ်းတစ်လျှောက်တွင် စစ်သည်များနှင့် တိုက်မိပါက အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်း မရှိဘဲ တိုက်ရိုက် နင်းဖြတ်သွားကြ၏။
ဝူထူ၏ မျက်လုံးများမှာ နီမြန်းသွားခဲ့ပြီဖြစ်ပြီး ဤတစ်ခဏတွင် သူ၏ စိတ်အာရုံများမှာ အပြည့်အဝ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ ဖရိုဖရဲဖြစ်နေသော စစ်သည်များနှင့်အတူ လိုက်လံ ပြေးလွှားနေပြီး ပါးစပ်မှလည်း စစ်သည်များကို တည်ငြိမ်စွာ နေထိုင်ကြရန်နှင့် အခြားသော စစ်သူကြီးများကို သွားရောက် ရှာဖွေကြရန် အဆက်မပြတ် အော်ဟစ် ပြောဆိုနေသည်။
အခြားသော စစ်သူကြီးများသည်လည်း အမြင့်ဆုံးသော ညွှန်ကြားချက်များကို ရယူရန် ဝူထူရှိရာ အရပ်ဆီသို့ ပြေးလာနေကြ၏။
စစ်သည်အချို့မှာ အသက်လု ပြေးနေကြရပြီး အချို့မှာတော့ ရူးနေသော မြင်းများကို ဆွဲထုတ်ရန် အလုပ်များနေကြကာ အရာအားလုံးမှာ ကြက်ပျံမကျ ဖရိုဖရဲ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မြို့တွင်းရှိ ဖရိုဖရဲ မြင်ကွင်းကြီးမှာ လွင်ပြင်ထက်တွင် ဖြစ်ပွားခဲ့သည်ထက်ပင် ပိုမို ဆိုးရွားနေသည်။ မီးပုံးပျံ အုပ်စုကြီး ဝေးကွာသွားသည်နှင့်အတူ ပေါက်ကွဲသံများမှာ တဖြည်းဖြည်း ကျဲပါးလာခဲ့၏။
သို့သော်လည်း ထိုအချိန်လေးမှာပင် အခြားသော ပေါက်ကွဲသံ တစ်မျိုးက စတင် ထွက်ပေါ်လာပြန်သည်။
'ဖန်း'။
'ဒိုင်း'။
မြို့တံခါးကြီးမှာ အဆက်မပြတ် တုန်လှုပ်နေပြီး မြို့ရိုးပေါ်ရှိ စစ်သည်များ အားလုံးသည် ဤပြင်းထန်လှသော တုန်လှုပ်မှုကို အထင်အရှား ခံစားလိုက်ကြရ၏။
အမြောက်တွေပဲ။ တာ့ကျင်းရဲ့ အမြောက်တွေက မြို့တံခါးကြီးကို စတင် ပစ်ခတ်နေကြပြီပဲ။
ဝူထူနှင့် စစ်သူကြီးတစ်စုသည် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေကြပြီး မြို့တံခါးရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ကြပြီး ရူးသွားသည့်အလား ထိုဘက်ဆီသို့ အလျင်အမြန် ပြေးသွားကြသည်။
"မြို့တံခါးကို အသေအလဲ ကာကွယ်ထားကြ။ ကျန်တဲ့သူတွေ အခုချက်ချင်း ဆုတ်ခွာပြီး အစီအစဉ်အတိုင်း ဂိတ်အပြင်ဘက်ကို ပြန်ဆုတ်ကြ၊ တပ်တွေကို ခွဲပြီး ရန်သူကို စောင့်နေကြလို့။"
စကားပြောနေစဉ်မှာပင် မြို့တံခါးကြီးနှင့် မြို့ရိုးကြီးမှာ အမြောက်ကျည်ဆန် အတော်များများ၏ ပစ်ခတ်မှုကို ထပ်မံ ခံလိုက်ရပြန်၏။ ပါးစပ်မှ မြို့တံခါးကို အသေအလဲ ကာကွယ်ထားရန် အော်ဟစ်နေသော်လည်း စစ်သည်များ အားလုံးမှာ ဘာလုပ်ရမှန်းမသိ ကြောင်အမ်းအမ်း ဖြစ်နေကြသည်။
မြို့ကို ကာကွယ်မယ်။ ဘယ်လိုလုပ်ပြီး ကာကွယ်ရမှာလဲ။ ငါ သွားပြီး မြို့တံခါးကြီးကို ထောက်ထားရမှာလား။ ဘာမှ အသုံးမဝင်လောက်ဘူးထင်တယ်။ ပြီးတော့ အခု မြို့တံခါး အနီးအနား တစ်ဝိုက်ကိုလည်း သစ်သားတွေ ကျောက်တုံးတွေ အပုံလိုက်နဲ့ ထောက်ထားပြီးသားလေ။ ကြီးမားလွန်းတဲ့ တံခါးမင်းတုံးကြီးကိုလည်း မြို့တံခါးပေါ်မှာ တင်ထားပြီးသားဆိုတော့ အခြား ဘာတွေများ လုပ်လို့ ရနိုင်အုံးမှာလဲ။
ဝူထူသည် အောက်ခြေမှ လူများကို လှုပ်ရှားမှု တစ်ခုခု လုပ်ဆောင်ရန် အဆက်မပြတ် တိုက်တွန်းနေပြီး ဘာမှမတတ်နိုင်သော စစ်သည်ငယ်လေးများသည် သစ်သားများကို ဆက်လက် သယ်ဆောင်ကာ မြို့တံခါးရှိရာ အရပ်ဆီသို့ ပို့ဆောင်နေကြရသည်။
တဒိုင်းဒိုင်း မြည်နေသော အမြောက်သံများနှင့်အတူ သစ်သားများ ကွဲအက် ဆုတ်ဖြဲခံရသည့် အသံကြီးတစ်ခုသည် မြို့တံခါး၏ အနောက်ဘက်မှနေ၍ ထွက်ပေါ်လာရာ ရွှေတိုင်းပြည်စစ်သည်များ အားလုံးသည် မီးရောင်မှတစ်ဆင့် မျက်နှာကို မော်ကာ မြို့တံခါးဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ရင်ထဲတွင် ချက်ချင်းပင် အေးစက်သွားကြ၏။
တံခါးချပ်တွေ။ တံခါးမင်းတုံးတွေ အကုန် ကွဲအက်သွားပြီပဲ။
နောက်တစ်စက္ကန့်တွင်တော့ နောက်ထပ် အမြောက်ကျည်ဆန် တစ်လုံးသည် မြို့တံခါး၏ အလယ်ဗဟိုဆီသို့ တိတိကျကျ ပျံသန်းလာခဲ့ပြန်သည်။
ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ မြို့တံခါးကြီးမှာ အကြီးအကျယ် ပေါက်ကွဲ ပွင့်ထွက်သွား၏။ အမြောက်ကျည်ဆန်သည် မြို့တံခါးအောက်တွင် စုပုံထားသော သစ်သားများနှင့် ကျောက်တုံးများပေါ် ကျရောက်ကာ အနီးဆုံးတွင်ရှိနေသော စစ်သည်ငယ်လေးများဆီသို့ အပြင်းအထန် လွင့်စင်သွား၏။
တပွတ်ပွတ် မြည်နေသော အသံများနှင့်အတူ လူ့ခန္ဓာကိုယ် အရိပ်တစ်ခုသည် များပြားလှသော သွေးနှစ်များ နှင့်အတူ ဝူထူ၏ ဘေးမှ အလွန်မြန်ဆန်စွာ ဖြတ်သန်းသွားပြီးနောက် အဝေးဆီသို့ ပြုတ်ကျသွားသည်။
'ဒုန်း'။
ဝူထူသည် ကြောင်အမ်းသွားပြီး အံကို ပြင်းပြင်းထန်ထန် ကြိတ်ထားလိုက်မိသည်။ အမြောက်များ၏ အရှိန်အဝါမှာ ပထမဆုံးအကြိမ်အဖြစ် သူ၏ မျက်စိရှေ့တွင် ဤမျှလောက်အထိ နီးကပ်စွာ ပေါ်လွင်လာခဲ့ခြင်း ဖြစ်သည်။
ကြောက်သွားပြီ သူ တကယ်ကြီးကို အပြီးတိုင် ကြောက်ရွံ့သွားခဲ့ပြီ။
နားထဲတွင် တဒိုင်းဒိုင်း မြည်နေသော ပေါက်ကွဲသံကြီးများကို ဆက်တိုက် ကြားနေရဆဲဖြစ်ရာ ဝူထူသည် မျှော်လင့်ချက်မဲ့စွာဖြင့် အော်ဟစ်လိုက်၏။ "မြို့ကိုစွန့်။ ဆုတ် …. ဆုတ်ခွာကြတော့။"