အခန်း (၈၂၀-၈၂၁)
Vol. 43 Ch. 820-821
အပိုင်း (၈၂၀) တာ့ကျင်း၏ ဘုရင်သစ် ဖန်ကျန်းရီ။
တစ်ညတာ အချိန်ကာလ ကုန်လွန်သွားပြီးနောက် ချန်ကောင်းဂိတ်ကြီးမှာ ဗုံးကြဲခံရမှုကြောင့် ပြိုကျ ပျက်စီးနေသော အပျက်အစီးပုံကြီးတစ်ခု အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ရွှေတိုင်းပြည်တပ်ဖွဲ့များသည် အကြီးအကျယ် ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်၏။
တာ့ကျင်းဘုရင်သည် ဂိတ်မြို့တော်၏ အလယ်ဗဟိုတွင် ရပ်ကာ ပတ်ဝန်းကျင်မှ ယမ်းနံ့များကို ရှူရှိုက်နေခဲ့သည်။ သူ၏ ရင်ထဲတွင် ဝမ်းမြောက်ပျော်ရွှင်မှုများနှင့်အတူ ရှုပ်ထွေးသော ခံစားချက်တစ်ချို့ကိုလည်း ခံစားနေမိသည်။
လီယွမ်ကျောက်သည် လူတစ်စုကို ဦးဆောင်ကာ မြို့ထဲတွင် တစ်ပတ်ခန့် ရှာဖွေစစ်ဆေးပြီးနောက် တာ့ကျင်းဘုရင် ၏ အနီးသို့ ဝမ်းသာအားရ ပြေးလာခဲ့၏။
"ခမည်းတော် .. အမြန်ဆုံး လူခေါ်ပြီး နောက်က လိုက်ကြရအောင်။"
တာ့ကျင်းဘုရင်သည် အသာအယာ ပြုံးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ခွန်အားတွေက တကယ်ကို ပြည့်ဝလွန်းလှသည်။
"လိုက်မယ် …. ရွှေတိုင်းပြည်တပ်တွေရဲ့ စိတ်ဓာတ်တွေ ပြိုကွဲသွားပြီဆိုတော့ အခု သူတို့တွေက ဂိတ်အပြင်ဘက် ကို ဆုတ်ခွာဖို့လောက်ပဲ စဉ်းစားနေကြမှာ။ အရှိန်ကုန်တင်ပြီး နောက်က လိုက်ကြ။"
...
ဖန်ထိုက်မြို့တွင်း။
ဖန်ကျန်းရီသည် တည်းခိုခန်းသို့ တစ်ဖန် ပြန်လည် ပို့ဆောင်ခံလိုက်ရပြန်၏။ ထီးနန်းတက်ရမည့်နေ့ ရောက်လာခဲ့သည်။ ဤတပည့်လိမ္မာလေးက သူ့ကို ဘုရင်လုပ်ရန် အတင်းအကျပ် ဖိအားပေးနေသဖြင့် တကယ့်ကို ဘာမှ မတတ်နိုင်တော့ပေ။
ယခုအခါ ဤထီးနန်းကို ကျော်လွန် စံမြန်းမှု ပြစ်မှုကြီးမှ သူ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
ဟိုတွေးဒီတွေးနှင့် စဉ်းစားပြီးနောက် နောက်ဆုံးတွင် သခင်လေးဖန်သည် သဘောပေါက် နားလည်သွား၏။
ငါ့လို အချိန်ကာလကို ဖြတ်သန်းလာတဲ့သူတစ်ယောက်က ဘုရင်တစ်ကြိမ် လုပ်ကြည့်တော့ ဘာဖြစ်လဲ။ ယောက္ခထီးကြီး ဘယ်လိုတွေးမလဲ ဆိုတာကတော့ သူ့ကိစ္စပဲ။ ပြန်ရောက်မှပဲ ဖြေရှင်းမယ့် နည်းလမ်းကို စဉ်းစားတာပေါ့။ စစ်သည်လာလျှင် စစ်သူကြီးနှင့်ခံမည် ၊ ရေလာလျှင် မြေကြီးနှင့် တားမည်ဖြစ်ရာ အဆိုးဆုံး အခြေအနေကြုံလာပါက အိမ်ပြန်ပြီး မင်းသမီးလင်သာ လုပ်နေရုံပင်။
သူသည် အခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသော်လည်း အခန်းအပြင်ဘက်တွင်တော့ ကြက်ပျံမကျ ဖရိုဖရဲ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သံတမန်အဖွဲ့ဝင်များ အားလုံးနီးပါးသည် အောက်ထပ်ရှိ ဧည့်ခန်းမကြီးထဲသို့ အတူတကွ ဖိတ်ခေါ်ခြင်း ခံထားရ၏။ စစ်သည်များပါ ပါဝင်နေသဖြင့် ကြိတ်ကြိတ်တိုး ဆူညံနေသည်။
အလယ်ဗဟိုတွင် စစ်သည်များက လမ်းကြောင်းတစ်ခုကို ခြားပေးထားပြီး အာလီပိုင်သည် အလယ်တွင် ရပ်ကာ နဂါးဝတ်စုံတစ်စုံကို ပွေ့ပိုက်ထားသည်။
စစ်သည်တစ်ဦးက တံခါးလာခေါက်သောအခါ ဖန်ကျန်းရီသည် အောက်ထပ်သို့ လွတ်လပ်ပေါ့ပါးစွာ လျှောက်ဆင်းသွားလိုက်သည်။ သံတမန်အဖွဲ့ဝင်များ၏ နားမလည်နိုင်သော သံသယအကြည့်များအောက်တွင် အာလီပိုင်ရှိရာဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်၏။
အာလီပိုင်သည် နဂါးဝတ်စုံကို အသာအယာ ခါထုတ်လိုက်သည်။ တလက်လက်နှင့် ရွှေရောင် တောက်ပနေသော ဝတ်ရုံကြီးသည် လူအများ၏ မျက်စိရှေ့တွင် ထင်ရှားစွာ ပေါ်လွင်လာ၏။ သံတမန်အဖွဲ့ဝင်များမှာ ကြည့်နေရင်းပင် မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
ဒီဟာက တာ့ကျင်းနိုင်ငံရဲ့ နဂါးဝတ်စုံကြီး မဟုတ်ဘူးလား။ ပြီးတော့ ဘုရင်ဆောင်းတဲ့ သရဖူလည်း ပါသေးတယ် ဒါ ဘယ်လိုအခြေအနေကြီးလဲ။
"တပည့် အာလီပိုင်က ဆရာ့ကို ဂါရဝပြုပါတယ်။ အခု ဖန်ထိုက်မြို့က ပြည်သူတွေ ဘဝအေးချမ်း သာယာနေရတာ လုံးဝကို ဆရာ့ရဲ့ လမ်းညွှန်မှု ကျေးဇူးတွေကြောင့်ပါပဲ။"
"ဒီနေ့က တပည့် ဆရာ့ကျေးဇူးကို ပြန်ဆပ်မယ့်နေ့ပါ။ အရှင်မင်းကြီး ထီးနန်းပေါ်သို့ တက်ရောက်တော်မူပါ။" အာလီပိုင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
ဘာကြီးလဲ …. ဖန်ကျန်းရီ ဘုရင် ဖြစ်သွားပြီပေါ့လေ။
တည်းခိုခန်းအတွင်းတွင် ချက်ချင်းပင် ပွက်လောရိုက်သွားတော့၏။ ဤသတင်းမှာ အလွန် ရုတ်တရက် ဆန်လွန်းလှပြီး အလွန်အမင်းလည်း ပြင်းထန်လွန်းလှသည်။
လွန်ခဲ့သော ရက်အနည်းငယ်က တည်းခိုခန်းတွင် မမျှော်လင့်ထားသည့် ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပြီး ရွှေတိုင်းပြည်စစ်သည် အမြောက်အမြား အတင်း တိုးဝင်လာကာ လူများကို အခန်းထဲတွင် ပိတ်လှောင် ထားခဲ့ကြ၏။ ထို့နောက် မကြာမီမှာပင် လူစုကွဲသွားခဲ့ပြီး ဖန်ကျန်းရီကို နန်းတော်ထဲသို့ ဖိတ်ခေါ်သွားကြောင်းကိုသာ ကြားလိုက်ရပြီး လိုက်ရှာ၍လည်း မတွေ့ခဲ့ကြချေ။
ယခုတော့ ကြည့်ကြပါဦး။ ရက်အနည်းငယ်လောက် ကြာပြီး ပြန်လာသည့်အချိန်တွင် ဘုရင် ဖြစ်လို့နေခဲ့၏။
ဖန်ကျန်းရီသည် ကျောခိုင်းလိုက်ပြီး အာလီပိုင်က သူ့ခန္ဓာကိုယ်ပေါ်သို့ နဂါးဝတ်စုံကို ဝတ်ဆင်ပေးကာ သရဖူကို ဆောင်းပေးသည်ကို ငြိမ်ခံနေလိုက်၏။ အရာအားလုံး ဝတ်ဆင်ပြီးစီးသွားသောအခါ အာလီပိုင်က တီးတိုး မေးလိုက်သည်။ "ဆရာ … ခံစားချက်က ဘယ်လိုနေလဲ။"
"တော်တော်လေး ကောင်းတယ်။" ဖန်ကျန်းရီသည် လက်မကို ထောင်ပြလိုက်၏။
ဘေးတွင် ကျောက်ရုပ်ကြီးများအလား ဖြစ်နေကြသော သံတမန်အဖွဲ့ဝင်များသည် နောက်ဆုံးတွင်တော့ သတိ ပြန်ဝင်လာကြသည်။
မာချန်က ဦးဆောင်ကာ အသံကုန် အော်ဟစ် ဆဲဆိုလိုက်၏။ "ဖန်ကျန်းရီ .. မင်း ဘာလုပ်ချင်နေတာလဲ။ မင်း ပုန်ကန်ချင်နေတာလား။"
"အဝတ်အစားတွေကို အခုချက်ချင်း ချွတ်လိုက်စမ်း။ အဲဒါက မင်း ဝတ်လို့ရတဲ့ အရာလား။"
"မင်း လုပ်နေတာက မျောက်ကို သရဖူဆောင်းပေးထားသလိုပဲ။ မြို့တော်ကို ပြန်ရောက်ရင် မင်းအကြောင်းကို အရှင်မင်းကြီးဆီ သေချာပေါက် သံတော်ဦးတင်မယ်။"
ဖန်ကျန်းရီသည် အာလီပိုင်ကို ကျောခိုင်းထားပြီး သံတမန်အဖွဲ့ကို မျက်နှာမူကာ မျက်တောင်များကို ရူးမတတ် ပုတ်ပြနေတော့သည်
"….."
မာချန်သည် ဆဲဆိုနေရင်း တစ်ဝက်တွင် အခြေအနေ မမှန်ကြောင်းကို ရိပ်မိသွားပြီး ရှက်ရွံ့စွာဖြင့် ပါးစပ်ကို ပိတ်လိုက်၏။
မျက်တောင်တွေကို ဒီလောက်အထိ ပုတ်ပြနေတာ ကြည့်ရတာ ပြန်ပေးဆွဲခံထားရတဲ့ ပုံစံမျိုးပဲ။
ဒါပေမဲ့ ဓားစာခံကို နဂါးဝတ်စုံ ဝတ်ပေးတဲ့ ပြန်ပေးသမားမျိုး ဘယ်မှာရှိဖူးလို့လဲ။ တကယ်တော့ ဒါဘယ်လိုအခြေအနေကြီးလဲ။
ချူချင်ဟန် ညီအစ်မနှစ်ဦးသည်လည်း ကြည့်နေရင်းပင် ငေးမောသွားကြပြီး ပါးစပ်လေးများကို အံ့သြတကြီး ဖုံးအုပ်ထားကာ သတိပင် မဝင်နိုင်သေးချေ။
မာချန် ပါးစပ်ပိတ်သွားသော်လည်း သဘောမပေါက်သေးသော အခြားသူများကတော့ ဆက်လက် ဆဲဆိုနေကြဆဲပင်။
မင်း အာလီပိုင်ကို လှည့်စား ဖမ်းစားထားတယ်ဆိုတာကို အားလုံးက သိပြီးသားပါ။ မင်း အားလုံးကို ကယ်တင်ပေးခဲ့တဲ့အတွက် ငါတို့တွေ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းက ရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး ကိုယ်တိုင် ဘုရင်လုပ်လို့တော့ မရဘူးလေ။ ပြီးတော့ ရွှေတိုင်းပြည်ရဲ့ နဂါးဝတ်စုံကို ဝတ်ထားသေးတယ်။
ဖန်ကျန်းရီသည် နားထောင်နေရင်း နားထင်များပင် တဒိတ်ဒိတ် ခုန်လာကာ မနေနိုင်တော့ဘဲ အဆိုးဆုံး ဆဲဆိုနေသော ထိုသူကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။ "မင်း ထပ်ဆဲကြည့်လေ။ ထပ်ဆဲရင် မင်းကို ဝန်ကြီးချုပ်အဖြစ် ခန့်လိုက်မယ်။ လာခဲ့ … ငါနဲ့အတူ နန်းတော်ထဲ လိုက်ခဲ့။"
"အင် … မင်း "
လူအားလုံး ချက်ချင်း ပါးစပ်ပိတ်သွားကြ၏။ ရာထူးတစ်ခုခု ခန့်အပ်ခံရပြီး အတူတကွ ပူးပေါင်း ပုန်ကန်သူများ ဟူသော နာမည်ဆိုးကြီး ရသွားမည်ကို အလွန်အမင်း စိုးရိမ်သွားကြသောကြောင့်ပင်။
ဖန်ကျန်းရီသည် နေရာတစ်ခုလုံးကို မျက်လုံးဖြင့် ဝေ့ကြည့်လိုက်ရာ လှေကားထစ်တွင် ရပ်နေသော ကျန်းပြောင်နှင့် ကျိုးထျဲ့တို့ကို ရုတ်တရက် မြင်လိုက်ရ၏။ ကျန်းပြောင်ကတော့ အမြဲတမ်းလိုလို တည်ငြိမ်နေဆဲဖြစ်သော်လည်း ကျိုးထျဲ့၏ မျက်လုံးများမှာတော့ တလက်လက် တောက်ပနေပြီး မိမိကို မျှော်လင့်ချက် အပြည့်ရှိသော မျက်နှာထားဖြင့် လှမ်းကြည့်နေသည်။
ဖန်ကျန်းရီသည် အသာအယာ ပြုံးလိုက်ပြီး ကျိုးထျဲ့ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "ကျိုးထျဲ့ မင်းကို ဝေကော စစ်သူကြီးချုပ်အဖြစ် ကိုယ်တော် ခန့်အပ်လိုက်တယ်။"
ကျိုးထျဲ့သည် နှုတ်ခမ်းကို သပ်လိုက်ရာ သူ၏ ရင်ထဲတွင် ပန်းတွေ ပွင့်သွားသကဲ့သို့ အလွန်အမင်း ပျော်ရွှင်သွားသည်။
ဝေကော စစ်သူကြီးချုပ်။
နားထောင်ကြည့်ရုံနဲ့တင် အရမ်းမိုက်နေပြီ။ သခင်လေးက ဘာကစားကွက်တွေ ကစားနေမှန်း မသိပေမဲ့ သေချာပေါက် ဆိုးတဲ့ကိစ္စတော့ မဖြစ်နိုင်ဘူးလေ။
မြင်ကွင်းကြီးမှာ လူပြက်ပွဲကြီးတစ်ခု အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်ကို မြင်သောအခါ အာလီပိုင်၏ မျက်နှာကြီးမှာ မည်းမှောင်သွားပြီး ဖန်ကျန်းရီ၏ နားနားသို့ ကပ်ကာ ပြောလိုက်၏။ "ဆရာ ကစားလို့ ဝပြီ မဟုတ်လား။"
ဖန်ကျန်းရီသည် မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သည်။ "မဝသေးဘူး။ မင်းက ကလေးကလား ကစားပွဲတွေ လုပ်ချင်နေမှတော့ ဆရာကလည်း မင်းနဲ့အတူ လိုက်ကစားပေးရမှာပေါ့ … ဘာလဲ အခုထိ မကျေနပ်သေးဘူးလား။"
"ဆရာ နန်းတော်ကို ပြန်ကြွတော်မူပါ။" အာလီပိုင်က အံကြိတ်ကာ ပြောလိုက်၏။
"ဟဟ … ရှောင်ပိုင် မင်းက ငယ်ပါသေးတယ်။ ဒီလောက် သေးငယ်တဲ့ မြင်ကွင်းလေးကိုတောင် မထိန်းချုပ်နိုင်ရင် နောက်ကျရင် ဘယ်လိုလုပ်ပြီး ကိစ္စကြီးတွေကို လုပ်ဆောင်နိုင်မှာလဲ။ သွားကြစို့။" ဖန်ကျန်းရီသည် ရယ်မောရင်း ကျောခိုင်းလိုက်သည်။
တည်းခိုခန်းအတွင်းမှ စစ်သည်အမြောက်အမြား ဆုတ်ခွာသွားသည်နှင့်အတူ ကျန်ရစ်နေခဲ့သော သံတမန်အဖွဲ့ဝင်များမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြတော့၏။
"ဖန်ကျန်းရီ လုပ်တဲ့ပုံက ဘာသဘောလဲ။ သူက အာလီပိုင်ကို ထိန်းချုပ်ထားပြီး ငါတို့ တာ့ကျင်းနိုင်ငံ ရွှေတိုင်းပြည်ကို သိမ်းပိုက်ပြီးတဲ့နောက် ဒီမှာ ဘုရင်အဖြစ် ဆက်နေဖို့ စိတ်ကူးနေတာလား။"
"ဒီလောက် မရိုးရှင်းလောက်ပါဘူး ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ သူက မှော်အောက်လမ်းပညာတွေ တတ်နေတာမှ မဟုတ်တာ။ ခင်ဗျားတို့ ကြည့်ရတာ အာလီပိုင်က အရူးတစ်ယောက်နဲ့ တူနေလို့လား။"
"ကြည့်ရတာ သိပ်ပြီးတော့ ဉာဏ်ကောင်းပုံ မပေါ်ပါဘူး။"
မာချန်သည် နားထောင်နေရင်း ခေါင်းများပင် ကိုက်လာကာ လက်ကို မြှောက်၍ ပြောလိုက်၏။ "အားလုံးပဲ မဆူကြနဲ့တော့။ ကိစ္စတိုင်းမှာ အကြောင်းရင်း ရှိပါတယ်။ တကယ်တော့ သခင်လေးဖန်မှာ အခက်အခဲတွေ ရှိနေလို့လည်း ဖြစ်နိုင်တယ်။ သူ မျက်စိမျက်နှာ ပျက်ပြနေတာကို မင်းတို့ မမြင်လိုက်ကြဘူးလား။
ပြီးတော့ သူက ရွှေတိုင်းပြည်မှာ ဘယ်လိုလုပ်ပြီး ဘုရင်အဖြစ် နေနိုင်မှာလဲ။ ရွှေတိုင်းပြည် တစ်နိုင်ငံလုံးနဲ့ အာဏာရှင် အာလီပိုင်ကို သူ ဖြေရှင်းနိုင်စွမ်း ရှိတယ် ဆိုရင်တောင်မှ ကျုပ်တို့ရဲ့ အရှင်မင်းကြီးက သဘောတူမှာ မဟုတ်ဘူးလေ။ သူ ဒီလို တုံးအတဲ့ အလုပ်မျိုးကို လုံးဝ လုပ်မှာမဟုတ်ဘူး။
ဒီကိစ္စက အာလီပိုင် ဖန်တီးထားတဲ့ ကိစ္စလည်း ဖြစ်နိုင်တယ်။ ဘာရည်ရွယ်ချက်လဲ ဆိုတာကိုတော့ မသိရပေမဲ့ သခင်လေးဖန်ကတော့ ဒုက္ခရောက်နေပြီ ထင်တယ်။"
"အဲဒီ နဂါးဝတ်စုံကြီးက သူ ဝတ်သင့်တဲ့အရာ မဟုတ်ဘူး။ နန်းတော်က လူတွေ သိသွားရင် အကျိုးဆက်က ဘယ်လိုနေမလဲ။ သူက ဘာပဲဖြစ်ဖြစ် ကျုပ်တို့ အသက်တွေကို ကယ်တင်ပေးခဲ့တာပဲလေ။ အားလုံးက နည်းလမ်းတစ်ခုကို အရင် စဉ်းစားကြည့်ကြရအောင်။"
"သခင်ကြီးမာ ပြောတာ ယုတ္တိရှိပါတယ်။ ဒါပေမဲ့ ကိစ္စတွေက မရှင်းလင်းသေးဘူးဆိုတော့ နန်းတော်က လူတွေ ရောက်လာတဲ့အခါ အားလုံး သူ့အတွက် အရင်ဆုံး ရှင်းပြပေးလိုက်ကြရင် ဘယ်လိုနေလဲ။"
"မလုပ်ပါနဲ့။"
ချူချင်ဟန်သည် ဖြည်းညင်းစွာ ထွက်လာပြီး အသာအယာ အရိုအသေပေးလျက် ပြောလိုက်သည်။ "သခင်ကြီးတို့ ဒီကိစ္စက လုံးဝ လုပ်လို့မရပါဘူး။ သခင်လေးဖန်ရဲ့ ဒီနေ့ အပြုအမူက ဘုရင်ကို စော်ကားတဲ့ ပြစ်မှုကြီးကို ကျူးလွန်ပြီးသား ဖြစ်နေလို့ အရှင်မင်းကြီးရဲ့ သံသယဝင်တာကို သေချာပေါက် ခံရပါလိမ့်မယ်။
အာလီပိုင်က သူ့ရဲ့ တပည့်ဖြစ်နေသလို သခင်လေးဖန်နဲ့ အိမ်ရှေ့မင်းသားတို့ရဲ့ ပတ်သက်မှုကလည်း လူတိုင်းသိနေတဲ့ ကိစ္စပဲဆိုတော့ လူတွေကို သံသယမဝင်စေဘဲ နေဖို့ဆိုတာ အရမ်း ခက်ပါတယ်။ တကယ်လို့ သခင်ကြီးတို့ အားလုံးက သူ့အတွက် ဝိုင်းပြီး အသနားခံပေးကြမယ်ဆိုရင် လူတွေကို ပိုပြီး တွေးတောစရာတွေ ဖြစ်စေလိမ့်မယ်။ အခြေအနေက ပိုပြီး ဆိုးရွားသွားနိုင်ပါတယ်။”
“အို မင်းက မိန်းကလေးတစ်ယောက် ဖြစ်ပေမဲ့ အမြင်ကျယ်သားပဲ။ အဲဒါဆိုရင်လည်း သူ့ရဲ့ နာမည်ကို အရင် ဖျက်ဆီးပစ်လိုက်ကြပြီး အားလုံး ဝိုင်းပြီး ဝေဖန် ပြစ်တင်လိုက်ကြတာပေါ့။ အဲဒီနောက်မှပဲ ရှင်းပြချက်တွေကို ဆက်လုပ်ကြတာပေါ့။"
"သူ့နာမည်က ဒီထက် ပိုပြီး ဘာများ ဆိုးရွားသွားနိုင်အုံးမှာမို့လို့လဲ။"
...
နန်းတော်အတွင်းရှိ ပင်မခန်းမဆောင်ကြီးမှာတော့ ဟာလာဟင်းလင်း ဖြစ်နေသည်။ လေထုမှာ အနည်းငယ် မှောင်မိုက်နေပြီး ခန်းမဆောင်အတွင်းတွင် လူနှစ်ဦးသာ ရှိ၏။ ဖန်ကျန်းရီသည် နဂါးပလ္လင်ပေါ်တွင် ထိုင်ကာ ဘယ်ညာသို့ လှည့်ပတ် လှုပ်ရှားကြည့်ရင်း နေရာအနှံ့အပြားကို လိုက်လံ ပွတ်သပ် ကြည့်ရှုနေခဲ့သည်။
'ကျွတ်' နည်းနည်းတော့ မာတယ် ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်မှုဆိုတာ နည်းနည်းလေးတောင် မရှိဘူး။
အောက်တွင်ရှိနေသော အာလီပိုင်ကို ကြည့်ရင်း ဖန်ကျန်းရီက ပြောလိုက်၏။ "ဒီ ကလေးကလား ကစားပွဲကိုလည်း မင်းနဲ့အတူ လိုက်ကစားပေးပြီးပြီ၏။ နဂါးဝတ်စုံလည်း ဝတ်ပြီးပြီဆိုတော့ တာ့ကျင်းတပ်တော်ကြီး မြို့ထဲ ဝင်လာမယ့် အချိန်ကို စောင့်နေရုံပဲ ရှိတော့တယ်။ မင်း ကျေနပ်ပြီလား။
မနေ့ကတည်းက မြို့အပြင်ဘက်ကို လူလွှတ်ပြီး တာ့ကျင်းနိုင်ငံရဲ့ တပ်တော်ကြီးကို သွားရှာခိုင်းထားပါတယ်။ အမြန်ဆုံး အချိန်အတွင်းမှာ သူတို့ကို ကြိုဆိုနိုင်အောင် ကြိုးစားနေပါတယ်။"
အာလီပိုင်က ခေါင်းညိတ်လျက် ပြောလိုက်သည်။ "ဆရာ .. ဆရာ့စိတ်ထဲမှာ ဒေါသထွက်နေတယ်ဆိုတာကို ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ် လုပ်နေတာတွေကလည်း ဆရာ့ကောင်းကျိုးအတွက်ပါပဲ။ ဆရာ တာ့ကျင်းနိုင်ငံမှာ တိုးတက်နိုင်မှု အခြေအနေက ကျုပ်တို့ ရွှေတိုင်းပြည်နိုင်ငံမှာလောက် လုံးဝ ကောင်းမွန်မှာ မဟုတ်ဘူးလို့ ကျုပ် ရဲရဲကြီး ပြောရဲတယ်။ ဆရာနဲ့ တပည့် နှစ်ယောက် ပူးပေါင်းပြီး အောင်မြင်မှုကြီးတစ်ခုကို အတူတကွ တည်ဆောက်ကြရင် သိပ်မကောင်းဘူးလား။
ဒီလောက် တိုတောင်းတဲ့ အချိန်လေး အတွင်းမှာပဲ ဖန်ထိုက်မြို့ကြီးကို ကျုပ် ထိန်းချုပ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ ဒါက လုံးဝကို မလုံလောက်သေးပါဘူး။ ကိစ္စအတော်များများက ဆရာ ကိုယ်တိုင် ဦးဆောင် လုပ်ကိုင်ပေးမှ ပြီးမြောက်နိုင်မှာပါ။ တကယ်လို့ ဆရာကသာ ကျုပ်ကို အမြဲတမ်း ငြင်းဆန်မနေဘူးဆိုရင် ကျုပ်လည်း အခုလို အောက်တန်းကျတဲ့ နည်းလမ်းကို သုံးခဲ့မှာ မဟုတ်ပါဘူး။"
"ဆရာ .. ဆရာ .. အခုချိန်မှာပဲ စိတ်ပြောင်းသွားဖို့ မျှော်လင့်ပါတယ်။ လီချဲ့က ဆရာ့ကို အသုံးမပြုဘဲ ပစ်ပယ်ထားလိုက်တဲ့ အချိန်ကျမှ ကျုပ်က ဆရာ့ကို လာဖိတ်ခေါ်ရမယ်ဆိုရင် အချိန်တွေ အများကြီး အလဟသ ကုန်ဆုံးသွားမှာလေ။ ဆရာရော ၊ ကျုပ်အတွက်ပါ မကောင်းပါဘူး။"
ဖန်ကျန်းရီသည် တိတ်ဆိတ်စွာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ "အာဏာလောဘက လူတွေရဲ့ မျက်စိကို ကွယ်စေတတ်တယ်။ ပိုပြီး တုံးအတာက တစ်လောကလုံးက လူတွေက အာဏာလောဘကို မက်မောနေကြတယ်လို့ ထင်နေတာပဲ။ မင်းက ဆရာ့ကို တကယ်ကို စိတ်ပျက်စေတာပဲ။
မင်းရဲ့ ဒီသဘောထားကို ကြည့်ရတာ ဆရာ့ကို ပြန်လွှတ်ပေးမဲ့ စိတ်ကူး မရှိဘူးပေါ့လေ။ တကယ်လို့ အရှင်မင်းကြီးက ဆရာ့ကို ဆက်ပြီး အလေးထား သုံးစွဲနေမယ်ဆိုရင် ဒါမှမဟုတ် ဆရာက မလာချင်ဘူးဆိုရင် မင်း ဘယ်လို လုပ်မလဲ။"
အာလီပိုင်သည် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး တိတ်ဆိတ်မှုကိုသာ ထိန်းသိမ်းထား၏။ အကြည့်ချင်း ဆုံမိသွားသည့် တစ်ခဏတွင်တော့ ဖန်ကျန်းရီ၏ ရင်ထဲတွင် ထက်ဝက်ခန့် အေးစက်သွားပြီး သူ၏ မျက်လုံးထဲတွင် လူသတ်လိုသော အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့သည်။
ဒီတပည့်မိုက်က ကြည့်ရတာ ငါက ချန်တိုင်းပြည်ရဲ့ မင်းသမီးကို တိတ်တဆိတ် သိမ်းပိုက်ထားတယ်ဆိုတဲ့ သတင်းကို အပြင်ကို သေချာပေါက် ဖွင့်ပြောလိုက်တော့မယ့် ပုံစံပဲ။ သူ့အတွက် အလုပ်လုပ်ပေးရမလား ဒါမှမဟုတ် ငါ့ဘဝကို ဖျက်ဆီးပစ်မလား ဆိုတာပဲ ရှိတော့တယ်။
အခွင့်အရေး တစ်ခုခုရှာပြီး သူ့ကို သတ်ပစ်လိုက်မှ ရမယ်။ ဒီ တိရစ္ဆာန်လေးကို …..။
ဖန်ကျန်းရီသည် နောက်သို့ မှီချလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။ "တပည့် လူတွေရဲ့ စွမ်းဆောင်နိုင်မှုမှာ ကန့်သတ်ချက် ဆိုတာ ရှိတယ်။ ငါ့ရဲ့ တိုတောင်းလှတဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံထဲကနေ ကိစ္စတစ်ခုကို သင်ယူ သဘောပေါက်ခဲ့တယ်။ ဉာဏ်နီဉာဏ်နက်တွေကို ပိုပြီး ကစားလေလေ ၊ လူသားတွေရဲ့ စွမ်းဆောင်နိုင်မှုမှာ ကန့်သတ်ချက် ရှိနေတယ်ဆိုတာကို ပိုပြီး တွေ့ရှိလာရလေလေပဲ။”
အပိုင်း (၈၂၁) ကိုယ်တော်ရဲ့ သမက်တော်လေး ဒုက္ခရောက်နေရှာပြီ။
"ဆရာ ဉာဏ်နီဉာဏ်နက်တွေကို အမြဲတမ်း ကစားနေတဲ့သူက ဆရာ ဖြစ်နေပုံရတယ်နော်။ ဆရာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျုပ်ကို အသုံးချခဲ့တာပဲလေ။ အခု ကိစ္စတွေက ဆရာ့အပေါ် ရောက်လာတော့ ဘာဖြစ်လို့ ဆရာက လက်မခံနိုင်တော့တာလဲ။"
အာလီပိုင်က သရော်လှောင်ပြောင်လျက် ပြောလိုက်၏။ "ဆရာက ဒီလိုလူမျိုးပဲလေ။"
"..."
ပွင့်လင်း ရိုးသားလှသော စံနှုန်းနှစ်မျိုး ပိုင်ရှင်ကြီးကို ရင်ဆိုင်လိုက်ရသောအခါ အာလီပိုင်သည် အသက်ရှူပင် ရပ်မတတ် ဖြစ်သွားရသည်။
ထို့နောက်တွင်တော့ ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "အခြားအကြောင်းတွေကို ပြောကြရအောင်။ မင်းက ငါ့ကို နန်းတော်ထဲ ခေါ်လာပြီးတော့ ဒီအတိုင်း ခြောက်ကပ်ကပ်ကြီး ထိုင်နေစေချင်လို့လား။"
"ငါတို့ နှစ်ယောက် တိုင်ပင်ကြည့်ကြရအောင်။ မင်း ကြည့်ကြည့်လေ …. နောက်ဆောင်က မိန်းမလှလေးတွေကို ငါက "
"ဟားဟား … ဆရာက ကျုပ်ကို သတိပေးနေပြီကိုး။”
အာလီပိုင်၏ မျက်လုံးများ တလက်လက် တောက်ပသွား၏။ "ဆရာ့ရဲ့ အဆင့်အတန်းက ပြောင်းလဲသွားပြီ ဆိုမှတော့ သဘာဝကျကျ တာ့ကျင်းနိုင်ငံရဲ့ သမက်တော်လည်း မဟုတ်တော့ဘူးလေ။ ကျုပ်တို့ ဇာတ်လမ်းလုပ်ရင် အစအဆုံး သေချာ လုပ်ကြတာပေါ့။ ဆရာ လာတုန်းက မိန်းမနှစ်ယောက် ခေါ်လာခဲ့တယ် မဟုတ်လား။
အဲဒီ နှစ်ယောက်ကို နန်းတော်ထဲ ချက်ချင်း ခေါ်လိုက်ပြီးတော့ ဆရာက သူတို့ကို တရားဝင် လက်ထပ်လိုက်ရင် ဘယ်လိုနေလဲ။"
"ဟမ်။"
"ဒီကိစ္စကို အခုချက်ချင်း သွားလုပ်ခိုင်းလိုက်မယ်။"
ဖန်ကျန်းရီ၏ မျက်နှာကြီးမှာ ရှည်ထွက်သွားပြီး အာလီပိုင်ကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်၏။ "တော်လောက်ပြီနော်။"
"မရဘူး။ ကျုပ် ကစားလို့ မဝသေးဘူး။" အာလီပိုင်က အေးစက် ကောက်ကျစ်စွာ ပြုံးလျက် ပြောလိုက်သည်။
ဖန်ကျန်းရီသည် မျက်စိကို မှိတ်လိုက်၏။ ဒီခွေးသူတောင်းစားလေးက တကယ်ကို တုံးလည်းတုံးသလို ကောက်လည်း ကောက်ကျစ်တာပဲ။ အရင်တုန်းက ဘာဖြစ်လို့ မသိခဲ့ရတာလဲ။ နဂါးပလ္လင်ပေါ်မှာ အတင်းအကျပ် ထိုင်ခိုင်းတာက ထားလိုက်ပါတော့ .. ဒါပေမဲ့ မိန်းမကိုပါ အတင်းအကျပ် လက်ထပ်ခိုင်းနေတာဆိုတော့ ဒီအကြောင်းတွေကို အပြင်ပြောပြလိုက်ရင် … ချီးတဲ့မှ … ငါ တာ့ကျင်းဘုရင် ဖြစ်နေရင်တောင် ယုံမှာ မဟုတ်ဘူးလေ။
"တကယ်တော့ ဆရာ့ကို ခေါ်လာတာက အခွင့်အရေးရတုန်း ဆရာ့ကို မေးမြန်းချင်တဲ့ ပြဿနာတချို့ ရှိနေသေးလို့ပါ။" အာလီပိုင်က စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်၏။
ဖန်ကျန်းရီသည် နဂါးပလ္လင်ပေါ်တွင် စောင်းကာ ထိုင်လျက် ပါးကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "ပြောလေ။"
"ကျုပ် အခု မြို့တစ်ခုလုံးကို ထိန်းချုပ်ထားပြီးပြီဆိုတော့ တကယ်လို့ အရေးကြီးတဲ့ နယ်မြေတွေမှာပါ ဆရာ သင်ပေးခဲ့တဲ့ နည်းလမ်းကို သုံးပြီး ပြည်သူတွေရဲ့ စိတ်ကို သိမ်းသွင်းမယ်ဆိုရင် ဖြစ်နိုင်မလား ၊ မဖြစ်နိုင်ဘူးလား ဆိုတာကို သိချင်လို့ပါ။"
"သဘာဝကျကျ မဖြစ်နိုင်ဘူးပေါ့။" ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်၏။
အာလီပိုင်တွင် ဤကဲ့သို့သော စိတ်ကူးမျိုး ရှိလာပြီဖြစ်ရာ သေသေချာချာ ရှင်းပြ ပြောဆိုပြမှ ရပေလိမ့်မည်။ နတ်ဘုရားဖန်တီးရေး လှုပ်ရှားမှုကြီးကို ယခုမျက်မှောက်ရှိ နည်းပညာ အဆင့်အတန်းနှင့်ဆိုပါက မြို့တစ်မြို့နှင့် နေရာတစ်ခုလောက်တွင်သာ ကန့်သတ် လုပ်ဆောင်၍ ရနိုင်ပြီး ဆက်လက် တိုးချဲ့ပါက ပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။
သူသာ ဤကဲ့သို့ ရမ်းတမ်း လုပ်ဆောင်နေမည်ဆိုပါက ဒုက္ခရောက်ကြမည်မှာ ရွှေတိုင်းပြည်နိုင်ငံ အထက်အောက်ရှိ ပြည်သူများသာ ဖြစ်ပြီး အမျိုးမျိုးသော အဖြစ်ဆိုးကြီးများ သေချာပေါက် ဖြစ်ပွားလာပေလိမ့်မည်။ ထိုတာဝန်ကြီးကို သူ လုံးဝ မယူလိုချေ။
"ပြည်သူတွေက မင်းကို ယုံကြည်ပြီး ထောက်ခံနေကြတာက မင်းက သူတို့ကို ဘဝကောင်းတစ်ခုဆီ ခေါ်ဆောင်သွားပေးနိုင်ပြီး ငွေတွေ ဝေပေးနိုင်မယ်လို့ ထင်နေကြလို့ပဲ။ တကယ်လို့ တစ်နေ့နေ့ ငွေမရှိတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။”
မင်းက စာရင်းလေး တစ်ခုကိုတောင် တွက်မကြည့်ဘဲနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ စိတ်ကူးနေတာလား။ ယခုမျက်မှောက် မြို့ထဲမှာ ဖရိုဖရဲ ဖြစ်နေတာတွေက မင်း အာဏာရလာဖို့အတွက် ယာယီ လုပ်ဆောင်ထားတဲ့ နည်းလမ်း သတ်သတ်ပဲ။ တကယ်လို့ လမ်းမှန်ပေါ်ကို ပြန်မရောက်ဘူးဆိုရင် စောစောဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် ပြဿနာတက်တော့မှာပဲ။
မင်း အခု အခြေအနေကို အရမ်း သာယာကျေနပ်နေတယ် ဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ကစားတဲ့သူက သေချာပေါက် တန်ပြန် သက်ရောက်မှုကို ခံရလိမ့်မယ်။ ကိုယ့်အတွက်ရော အခြားသူတွေ အတွက်ပါ ဘာအကျိုးကျေးဇူးမှ မရှိနိုင်ဘူး။"
အာလီပိုင်သည် နက်နက်နဲနဲ စဉ်းစားပြီး ခေါင်းညိတ်လိုက်၏။ သို့သော်လည်း ပြန်လည် တွေးတောကြည့်လိုက်သောအခါ သူ လူအုပ်ကြီး၏ အရှေ့တွင် ရပ်ကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အောက်မှနေ၍ တောင်တွေ ပြိုကျပြီး ပင်လယ်တွေ ဆူပွက်လာသကဲ့သို့ တုံ့ပြန်လာကြသည်ကို မြင်ယောင်လာမိသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်နေမိဆဲပင်။
"ရွှေတိုင်းပြည်နိုင်ငံ စစ်ရှုံးသွားပြီးတဲ့နောက်မှာ စနစ်တွေကို ကျုပ် ပြန်လည် ပြင်ဆင်ဖွဲ့စည်းချင်တယ်။ ဆရာ့မှာ ဘယ်လို ကောင်းမွန်တဲ့ အကြံဉာဏ်များ ရှိလဲ။"
ဖန်ကျန်းရီသည် ခေါင်းကို ခါယမ်းလိုက်၏။ ဤမျှလောက်အထိ ကြီးမား ကျယ်ပြန့်လှသော ပြဿနာကြီးကို လူတစ်ယောက်တည်း သုတေသနပြု လုပ်ဆောင်၍ လုံးဝ မရနိုင်ချေ။ အာလီပိုင်က ဤကဲ့သို့သော တုံးအလှသည့် ပြဿနာများကို လာမေးနေသဖြင့် သူ့ကို ခေါင်းကိုက်သွားစေခဲ့သည်။
"မင်း အရမ်း အဝေးကြီးကို ကြည့်မနေဖို့ ငါ အကြံပြုချင်ပါတယ်။ ယခုမျက်မှောက် အရေးအကြီးဆုံး ကိစ္စက စစ်တပ်ရေးရာတွေကို ပြင်ဆင်ဖို့ပဲ။ ဝူထူက လူပြန်လွှတ်လိုက်လို့ မြို့ကို မကာကွယ်နိုင်ဘူးဆိုရင် မင်းနဲ့ ငါ နှစ်ယောက်လုံး သေဖို့ပဲ စောင့်နေကြရုံပေါ့ "
...
တာ့ကျင်းဘုရင်သည် တပ်တော်ကြီးကို ဦးဆောင်ကာ အဝေးသို့ ဒုန်းစိုင်း ချီတက်လာခဲ့ရာ လျူဟော့ဂိတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ လျူဟော့ဂိတ် မြို့တွင်းမှာတော့ ဟာလာဟင်းလင်း ဖြစ်နေပြီး နေရာတိုင်းတွင် မီးလောင်ကျွမ်းထားသော အရာများဖြင့် ပြည့်နှက်နေသည်။ သစ်သားကို သံမဏိဖြင့် ဖုံးအုပ်ထားသော မြို့တံခါးကြီးမှာလည်း မီးလောင်ကျွမ်းမှုကြောင့် မည်းမှောင်နေပြီး ထက်ဝက်ခန့် လဲကျနေ၏။ ဤအရာများ အားလုံးမှာ ရွှေတိုင်းပြည်တပ်ဖွဲ့များ ချန်ရစ်ထားခဲ့သော အရာများပင် ဖြစ်သည်။
ဤလမ်းတစ်လျှောက်တွင် တာ့ကျင်းတပ်တော်သည် အနောက်မှ အသေအလဲ လိုက်လံ တိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်ရန်သူမှာ စစ်သည်ရော မြင်းများပါ သန်မာကြပြီး ထွက်ပြေးသည့် လမ်းတစ်လျှောက်တွင်လည်း သံချပ်ကာ မြင်းတပ်စစ်သည်များကို အဆက်မပြတ် စေလွှတ်ခဲ့ကြ၏။
တာ့ကျင်းဘုရင် ရောက်ရှိလာချိန်တွင်တော့ လျူဟော့ဂိတ်ကြီးမှာ ကြည့်မရလောက်အောင် ဖျက်ဆီးခံထားရပြီး ဖြစ်သလို ရွှေတိုင်းပြည်စစ်သည်များလည်း မြို့ကိုစွန့်ခွာကာ ဂိတ်အပြင်ဘက်သို့ တိုက်ရိုက် ပြေးသွားခဲ့ကြပြီ ဖြစ်၏။ တာ့ကျင်း၏ တပ်တော်ကြီးသည် ဂိတ်မြို့တော်အတွင်း၌ နေထိုင် အနားယူကြသည်။
တိုက်ပွဲဝင်လိုစိတ်များ အလွန်အမင်း မြင့်မားနေကြသော်လည်း ဆက်တိုက် ခရီးရှည်ကြီးကို ဒုန်းစိုင်း နှင်ခဲ့ရသဖြင့် လူများကို အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်သွားစေခဲ့သည်။ ယခုအခါတွင် ဝူထူသည် ဂိတ်အပြင်ဘက်သို့ တိုက်ထုတ်ခံလိုက်ရပြီ ဖြစ်ရာ နောက်ပိုင်းကိစ္စများကို ထပ်မံ စဉ်းစား တိုင်ပင်ရပေဦးမည်။
တာ့ကျင်းဘုရင်သည် လူတစ်စုကို ဦးဆောင်ကာ အခြေအနေများကို ကြည့်ရှုစစ်ဆေးရန် ဂိတ်အပြင်ဘက်သို့ ကိုယ်တိုင် ထွက်လာခဲ့သည်။ အရှေ့ဘက်တွင်တော့ အဆုံးအစမရှိ ကျယ်ဝန်းလှသော မြင်ကွင်းကြီး ရှိနေပြီး တာ့ကျင်းဘုရင် ၏ စိတ်အခြေအနေမှာလည်း ၎င်းနှင့်အတူ ပွင့်လင်း လွတ်လပ်သွားကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လျက် လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။
လီယွမ်ကျောက်မှာလည်း တိတ်ဆိတ်စွာ စိတ်လှုပ်ရှားနေသည်။
ရောက်ပြီ။ ရောက်လာခဲ့ပြီပဲ .. ဒီနေရာကို ရောက်ရင် ခမည်းတော်နဲ့ တပ်ခွဲပြီး သွားလို့ ရလောက်ပြီ။ ကျယ်ဝန်းလှတဲ့ လောကကြီးမှာ ကြီးမားတဲ့ လုပ်ဆောင်ချက်တွေ လုပ်လို့ရပြီ။ ငါ့လက်အောက်က သန်မာတဲ့ စစ်သည်တွေလည်း သူတို့ရဲ့ စွမ်းရည်တွေကို အပြည့်အဝ ထုတ်ပြလို့ ရတော့မယ်။
ဤလမ်းတစ်လျှောက်တွင် သူသည် အလွန်အမင်း ဖိနှိပ် ချုပ်ချယ်ခံခဲ့ရပြီး အခြားသူများ စစ်ပွဲ အောင်မြင်မှုများ ကောက်ယူနေကြသည်ကိုသာ အလဟသ ကြည့်နေခဲ့ရ၏။
ဤစစ်ပွဲကြီးသည် မူလက သူ့အတွက်သာ ဖြစ်သင့်ပေသည်။
တာ့ကျင်းဘုရင်သည် အရှေ့ရှိ အဆုံးအစမရှိ ကျယ်ဝန်းလှသော မြင်ကွင်းကြီးကို ကြည့်ရင်း ရင်ထဲတွင် ရဲရင့်သော ခံစားချက်များ ချက်ချင်း ပေါက်ကွဲထွက်လာကာ ပြောလိုက်၏။ "ငါတို့ တာ့ကျင်းနိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး အခုချိန်အထိ "
စကားတစ်ဝက်သာ ရှိသေးချိန်မှာပင် သွေးဆူနေသော လူငယ်လေး တစ်ဦးသည် ပျော်ရွှင်စွာ ပြေးထွက်သွားသည့်အလား အဝေးကြီးဆီသို့ ပြေးထွက်သွားပြီး အသံကုန် အော်ဟစ်လိုက်သည်။ "ငါတို့ တာ့ကျင်းနိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး အခုချိန်အထိ ဒီနေရာအထိ ရောက်အောင် စစ်တိုက်နိုင်ခဲ့တာ ငါတစ်ယောက်တည်းပဲ ရှိတယ်။"
ထိုပျော်ရွှင်စွာ ပြေးထွက်သွားသော ကျောပြင်ကြီးကို ကြည့်ရင်း တာ့ကျင်းဘုရင်၏ နားထင်များမှာ ရူးမတတ် ခုန်ပေါက်နေတော့၏။ အနီးသို့ ပြေးသွားပြီး လှံရှည်ကြီးဖြင့် တစ်ချက်လောက် ထိုးချပစ်လိုက်ချင်စိတ်များပင် ပေါက်သွားရသည်။
အနောက်ဘက်ရှိ စစ်သူကြီးတစ်စုမှာတော့ တိတ်တဆိတ် ခိုးရယ်နေကြ၏။
အိမ်ရှေ့မင်းသားသည် ဤလမ်းတစ်လျှောက်တွင် ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်လိုသော စိတ်ဆန္ဒများကို အမြဲတမ်း ဖိနှိပ်ထားခဲ့ရပြီး နောက်တန်း ထောက်ပံ့ရေးတွင်သာ ပင်ပန်းကြီးစွာ အလုပ်လုပ်နေခဲ့ရကြောင်းကို အားလုံးက မျက်စိရှေ့တွင် မြင်တွေ့ထားကြသည်။
ဤအသက်အရွယ်ရှိ လူငယ်တစ်ယောက်အနေဖြင့် အိမ်ရှေ့မင်းသားသည် မူလတည်းက အလွန်အမင်း သွက်လက် လွတ်လပ်သူ ဖြစ်နေလျက်နှင့် စစ်အမိန့်ကို တစ်သဝေမတိမ်း လိုက်နာကာ အနည်းငယ်မျှပင် မကျူးလွန်ခဲ့ဘဲ မိမိ၏ တာဝန်ဝတ္တရားများကို ပြည့်စုံလုံလောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ အလွန်အမင်း ခက်ခဲလှသည့် ကိစ္စတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်၏။
တာ့ကျင်းဘုရင်သည်လည်း ထိုအချက်ကို ရင်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေသဖြင့် အပြင်းအထန် မဆူပူရက်တော့ဘဲ မဝေးလှသောနေရာတွင် လီယွမ်ကျောက် တစ်ယောက်တည်း အထာပေးနေသည်ကို ဘာမှမပြောဘဲ လွှတ်ထားလိုက်တော့သည်။
မြင်းကို လှည့်ကာ အနောက်ဘက်ရှိ စစ်သူကြီးများကို ကြည့်လိုက်ပြီး တာ့ကျင်းဘုရင်သည် မြေပြင်ကို လက်ညှိုးထိုးလျက် ပြောလိုက်၏။ "ဒီမြင်းခွာရာတွေက ကြည့်ရတာ ဖရိုဖရဲ ဖြစ်နေပုံရပေမဲ့ တကယ်တော့ လိုက်နာရမယ့် စည်းကမ်းချက်တွေ ရှိနေတယ်။ မမျှော်လင့်ထားတဲ့ ကိစ္စတွေ မရှိဘူးဆိုရင် သူတို့တွေက တပ်ဖွဲ့တွေကို ခွဲပြီး ချီတက်သွားကြတာ ဖြစ်ရမယ်။ ကိုယ်တော် ဂိတ်အပြင်ဘက် ထွက်လာပြီး သူတို့နဲ့ တိုက်ပွဲဆင်နွှဲမယ့် အချိန်ကို စောင့်နေကြတာပဲ။ မင်းတို့ ဘယ်လို အကြံအစည်များ ရှိကြပါသလဲ။"
"အရှင်မင်းကြီး ကျွန်တော်မျိုးတို့ တိုင်ပင်ပြီးကြပါပြီ။ အားလုံး တွေးမိတာကတော့ ဒီနေရာအထိ တိုက်ခိုက်လိုက်တာက အကောင်းဆုံးပါပဲ။ လမ်းတစ်လျှောက် စာရင်း ကောက်ယူချက်အရ ရန်သူ့ သံချပ်ကာ မြင်းတပ်စစ်သည် ငါးသောင်းနီးပါးကို ကျုပ်တို့ ချေမှုန်းနိုင်ခဲ့ပြီး ကျန်တဲ့ သေဆုံးဒဏ်ရာရမှုက သုံးသိန်းလောက် ရှိပါတယ်။ အဓိက အင်အားစုကြီးကို ချေမှုန်းပစ်လိုက်နိုင်ပါပြီ။”
"ကျွန်တော်မျိုးတို့တပ်ရဲ့ ယမ်းမှုန့်တွေကလည်း ဆယ်ပုံတစ်ပုံတောင် မကျန်တော့ပါဘူး။ ဂိတ်အပြင်ဘက်ကို ထွက်ပြီး ရိက္ခာ ထောက်ပံ့ရေး လမ်းကြောင်းကို အရမ်း ရှည်လျားသွားအောင် ဆွဲဆန့်လိုက်မယ်ဆိုရင် … ပြီးတော့ ရွှေတိုင်းပြည်နိုင်ငံရဲ့ သံမဏိမြင်းတပ်တွေကလည်း လျင်မြန် သွက်လက်ကြတာဆိုတော့ ဆက်တိုက်နေရင် ကျွန်တော်မျိုးတို့တပ်အတွက် မကောင်းနိုင်ပါဘူး။"
"ယခုမျက်မှောက်တွင် တပ်တွေကို ပြန်ဆုတ်ပြီး အစီအစဉ်တွေ ပြန်ဆွဲတာ အကောင်းဆုံးပါပဲ။ နောက်တစ်နေ့ကျမှ တပ်တော်ကြီးကို ဦးဆောင်ပြီး ရှေ့တိုး၊ သူတို့ကို တစ်ကြိမ်တည်းနဲ့ အပြီးတိုင် ချေမှုန်းပစ်လိုက်ကြတာပေါ့။"
တာ့ကျင်းဘုရင်၏ ရင်ထဲတွင် ဒေါသထွက်သွား၏။ "နောက်တစ်နေ့ကျမှ ပြန်တိုက်မယ်။ ဒီတစ်ကြိမ် ရွှေတိုင်းပြည် နဲ့ စစ်တိုက်ရတာက ဝူထူက ကိုယ်တော့်ကို တက်တက်ကြွကြွနဲ့ စပြီး ရန်စခဲ့တာ ပြီးတော့ ကိုယ်တော်ရဲ့ သမက်ကိုလည်း အတင်းအကျပ် ဖမ်းဆီးသွားသေးတယ်။ တစ်အချက်က တိုင်းပြည်နဲ့ မိသားစုကို ကာကွယ်ဖို့ ဖြစ်ပြီး နှစ်အချက်က ဖန်ကျန်းရီကို ကယ်တင်ဖို့ပဲ။
တကယ်လို့ ဖန်ကျန်းရီသာ မရှိခဲ့ဘူးဆိုရင် ဒီစစ်ပွဲကြီးက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ချောချောမွေ့မွေ့ နိုင်နိုင်ပါ့မလဲ။ သတင်းတွေကိုလည်း သူက အသက်စွန့်ပြီး ပို့ပေးခဲ့တာ။ ယမ်းမှုန့်တွေကိုလည်း သူက ကိုယ်တော့်ဆီ ဆက်သခဲ့တာလေ။ ကိုယ်တော်တို့ တာ့ကျင်းနိုင်ငံရဲ့ အကြီးမားဆုံးသော ကျေးဇူးရှင်ကြီးကို ရွှေတိုင်းပြည်လူမျိုးတွေရဲ့ လက်ထဲမှာ ထားလိုက်ရမှာလား။"
"အရှင်မင်းကြီး .. စိတ်ကို တည်ငြိမ်အောင် ထားတော်မူပါ။ ကျွန်တော်မျိုးတို့က အကြံပြုချက်တစ်ခုကို တင်ပြရုံတင်ပါ။" စစ်သူကြီးများက ဝိုင်းဝန်း ဖျောင်းဖျ ပြောဆိုကြ၏။
"တည်ငြိမ်ရမယ်။ ကိုယ်တော်ရဲ့ သမက်တော်လေး ဘယ်လောက်တောင် ဒုက္ခတွေ ရောက်ပြီး ဆင်းရဲဒုက္ခတွေ ခံစားနေရလဲဆိုတာကို မသိရဘူး။ တကယ်လို့ ကိုယ်တော်က ဆက်ပြီး အချိန်ဆွဲနေအုံးမယ်ဆိုရင် ဆံပင်ဖြူတဲ့သူက ဆံပင်မည်းတဲ့သူကို ပို့ဆောင်ပေးရတဲ့ အဖြစ်မျိုး ရောက်သွားနိုင်တယ်။
ဒီသတင်းတွေ အပြင်ရောက်သွားရင် တစ်လောကလုံးက ပြည်သူတွေကို စိတ်ပျက်သွားစေမှာ မဟုတ်ဘူးလား။ ကိုယ်တော်က ဘယ်လို မျက်နှာမျိုးနဲ့ တစ်လောကလုံးက ပြည်သူတွေကို ရင်ဆိုင်ရတော့မှာလဲ။"
တာ့ကျင်းဘုရင်သည် လက်ကြီးကို ဝှေ့ယမ်းလိုက်သည်။ "ကိုယ်တော်ရဲ့ ဆန္ဒအတိုင်း …. အရှိန်မကျတုန်း တစ်ခါတည်း ဆက်တိုက်ကြ။ ဒုတိယအကြိမ် စစ်သည်သိန်းဂဏန်းလောက်ကို ထပ်စုစည်းမယ်ဆိုရင် ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ နေရာတိုင်းမှာ ထွက်ပေါ်လာလိမ့်မယ်။ အဲဒီအကျိုးဆက်ကိုလည်း ကိုယ်တော် မမြင်တွေ့ချင်ဘူး။"
"တကယ်လို့ အရှင်မင်းကြီးက သေချာပေါက် ဆက်တိုက်ချင်နေတယ် ဆိုရင်လည်း တပ်တော်ကြီးကို တစ်ခဲနက် ရှေ့တိုး ချီတက်စေပြီး ခြေလှမ်းတိုင်းကို သတိထားရပါမယ်။ စစ်တိုက်ရင်းနဲ့ စစ်တပ်ကို ပြုစုပျိုးထောင်သွားပါ။ တပ်တွေကို လုံးဝ မခွဲပါနဲ့။ မဟုတ်ရင် ကျွန်တော်မျိုးတို့တပ်အတွက် မကောင်းနိုင်ပါဘူး။" စစ်သူကြီးတစ်ဦးက အကြံပြု ပြောဆို၏။
တာ့ကျင်းဘုရင်က ခေါင်းညိတ်လိုက်သည်။ ဖန်ကျန်းရီကို ကယ်တင်ရန်အတွက် ဖြစ်သော်လည်း စစ်သည်များ၏ အသက်သည်လည်း အသက်ပင် ဖြစ်၏။ ယမ်းမှုန့်များ မလုံလောက်ကြောင်းကို တစ်ဖက်ရန်သူများ သိရှိသွားပါက မြက်ခင်းပြင်ထက်တွင် အလျင်စလို အပြင်းအထန် ထွက်တိုက်ရန်ဆိုသည်မှာ ထင်ရှားစွာပင် သိပ်ပြီး အဆင်မပြေ နိုင်တော့ချေ။
ထောင်ချောက်ထဲ ပိတ်မိနေသော သားရဲများသည်ပင် နောက်ဆုံး အသေအလဲ တိုက်ခိုက်တတ်ကြရာ အလွန်အမင်း အတင်း ဖိအားပေးလွန်းခြင်းမှာ ဉာဏ်မရှိသည့် အလုပ်ဖြစ်ပြီး ခြေလှမ်းတိုင်းကို သတိထား လုပ်ဆောင်မှသာ ရပေလိမ့်မည်။
"ကိုယ်တော့်အမိန့်ကို ပေးလိုက်ပါ။ တစ်တပ်လုံး ဒီနေ့ ဒီနေရာမှာ တစ်ရက်တာ အနားယူကြပြီး မနက်ဖြန် စတင် ထွက်ခွာမယ်။"