အခန်း (၈၂၂-၈၂၃)
Vol. 43 Ch. 822-823
အပိုင်း (၈၂၂) မေတ္တာနှင့် တရားမျှတသော တပ်တော်။
သန်းခေါင်ယံအချိန်။
ဂိတ်မြို့တော်အတွင်းရှိ တာ့ကျင်းတပ်ဖွဲ့များသည် အသီးသီး မိမိတို့၏ တဲနန်းဆောင်များအတွင်း၌ အနားယူနေကြ၏။
လီယွမ်ကျောက်သည် အလွန် တော်သော နောက်တန်း ထောက်ပံ့ရေး ဝန်ထမ်းတစ်ဦး ဖြစ်သည့်အပြင် ရွှေတိုင်းပြည်တပ်ဖွဲ့များ ဆုတ်ခွာသွားပြီးဖြစ်ရာ ဂိတ်မြို့တော်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
သူ ကိုယ်တိုင် လူခေါ်ပြီး ညစောင့်ပေးမည်ဟု တက်ကြွစွာ တောင်းဆိုလာမှုအောက်တွင် သဘာဝကျကျ တာ့ကျင်းဘုရင်၏ သဘောတူ ခွင့်ပြုချက်ကို ရရှိခဲ့သည်။ ထို့ကြောင့်ပင် မြို့ရိုး နေရာများကို ကာကွယ် စောင့်ရှောက်ရမည့် တာဝန်ကြီးကို ကျင်းယီဝေတပ်ဖွဲ့ထံသို့ အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့၏။ လူသုံးထောင်ကို လူစုခွဲလိုက်ပြီး တစ်ချို့က မြို့တွင်းတွင် ကင်းလှည့်နေကြကာ အများစုကတော့ မြို့ရိုးပေါ်တွင် ရပ်ကာ စောင့်ကြည့်နေကြသည်။
လီယွမ်ကျောက်သည် မြို့ရိုးပေါ်သို့ ခိုးကြောင်ခိုးဝှက် တက်သွားရာ ကျင်းယီဝေစစ်သည်များသည် သူ့ကို ချက်ချင်း ဝိုင်းကြည့်လိုက်ကြ၏။
"ညီအစ်ကိုတွေကို လက်နက် ပစ္စည်းတွေ အကုန် သေချာ ယူထားခိုင်းလိုက်။ ကျုပ်တို့တွေ မြို့ထဲကနေ တိတ်တဆိတ် ထွက်ပြီး သခင်လေးဖန်ကို သွားကယ်ကြမယ်။ ကျောက်လျဲ့ ခင်ဗျား .. သွားပြီး အခြားသူတွေကို သတင်းပို့လိုက်။ အသံတိတ်တိတ် လုပ်နော်။ အခြားသူတွေ သိသွားလို့ လုံးဝ မဖြစ်ဘူး။"
ကျောက်လျဲ့သည် မြို့ရိုးပေါ်တွင် စောင့်နေခြင်းဖြစ်ပြီး လီယွမ်ကျောက်၏ အမိန့်ကို ကြားလိုက်ရသောအခါ နှုတ်ခမ်းကို သပ်လျက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အနောက်ဘက်ရှိ လူတစ်စုမှာ ဆက်တိုက် တုံ့ပြန်လျက် မြို့ရိုးပေါ်မှ ပြေးဆင်းသွားကြသည်။
ကင်းလှည့်နေသော ကျင်းယီဝေစစ်သည်များသည် သတင်းများကို တစ်ယောက်ချင်းစီ လက်ခံရရှိကြပြီး တိတ်တဆိတ် စတင် လှုပ်ရှားကြ၏။
လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူတို့သည် လှုပ်ရှားရတော့မည်ဟူသော သတင်းကို ရရှိထားခဲ့ကြပြီး ယနေ့ကိုသာ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။
တိတ်ဆိတ်နေသော ဂိတ်မြို့တော်အတွင်းတွင် လှိုင်းတပိုးများ တိတ်တဆိတ် လှုပ်ရှားနေသည်။ ကျင်းယီဝေ စစ်သည် သုံးထောင်သည် အဖွဲ့လိုက်ခွဲကာ ပစ္စည်းများကို ယူဆောင်ပြီး လက်နက်များကို လဲလှယ် တပ်ဆင်ကြ၏။
ကျင်းယီဝေတပ်ဖွဲ့သည် သီးသန့် လက်နက်ပစ္စည်း တစ်စုံကို ကိုယ်တိုင် သယ်ဆောင်လာခဲ့ကြပြီး လက်ပစ်ဗုံးများ သေနတ်များနှင့် ယမ်းထုပ်များကို စစ်တပ်၏ နောက်တန်း ထောက်ပံ့ရေး ပစ္စည်းများထဲတွင် အမြဲတမ်း ဖုံးကွယ်ထားခဲ့ကာ တစ်ခါမှ ထုတ်ယူ အသုံးပြုခဲ့ခြင်း မရှိချေ။
ထိုမျှမကသေးဘဲ လီယွမ်ကျောက်သည် အစောပိုင်းက သိမ်းဆည်းရမိထားသော ရွှေတိုင်းပြည်နိုင်ငံ၏ သံချပ်ကာဝတ်စုံ အမြောက်အများကိုပါ တိတ်တဆိတ် သိမ်းဆည်း ဖုံးကွယ်ထားခဲ့သေး၏။ ၎င်းအပြင် တိတ်တဆိတ်ပင် နံပါတ်များ အသီးသီးတပ်ကာ လူများကို ခွဲဝေပေးပြီး ဖြစ်သည်။
အမှောင်ထုထဲရှိ ကျင်းယီဝေစစ်သည်များသည် အလွန် စည်းကမ်းတကျ ရှိကြပြီး မကြာမီမှာပင် အသံတစ်ချက်မျှ မထွက်ဘဲ အားလုံး ဝတ်ဆင်ပြီးစီးသွားကြ၏။
နေရာအလိုက် ခွဲခြားထားခြင်း ဖြစ်သော်လည်း ညစောင့်နေကြသော အခြား တပ်စခန်းများမှ စစ်သည်များ ကတော့ ပုံမှန်မဟုတ်သည့် အခြေအနေများကို မြင်တွေ့သွားခဲ့ကြသည်။
သန်းခေါင်ယံ အချိန်ကြီးတွင် လူအချို့က သံချပ်ကာဝတ်စုံကြီးများကို ဝတ်ဆင်ကာ ကသမ်းကရမ်း လျှောက်သွားနေကြသဖြင့် ကြည့်ရသည်မှာပင် ထူးဆန်းနေသည်။ သို့သော်လည်း တော်သေးသည်က လီယွမ်ကျောက်သည် ပထမဦးဆုံး အချိန်မှာပင် ကိုယ်တိုင် ထွက်လာကာ ရှင်းပြခဲ့ပြီး ညီအစ်ကိုများသည် သံချပ်ကာဝတ်စုံ ကောင်းကောင်းများကို မဝတ်ဖူးကြသဖြင့် ညပိုင်းတွင် အပျော်ဝတ်ကြည့်ကြခြင်း ဖြစ်သည်ဟု ပြောဆိုကာ အခြေအနေကို အချိန်မီ ဖြေရှင်းနိုင်ခဲ့၏။
မြင်းများကိုတော့ သူသည် နေ့ခင်းဘက်တွင် အားလုံးရှေ့၌ ပွင့်ပွင့်လင်းလင်းပင် စုစည်းကာ မိမိ တာဝန်ယူရသော နေရာဆီသို့ သယ်ဆောင်သွားခဲ့ပြီး ဖြစ်သည်။ လူတစ်ယောက်လျှင် မြင်းနှစ်ကောင်စီ ဆွဲကာ အမှောင်ထုထဲတွင် ပျက်စီးနေသော မြို့တံခါးပေါက်မှတစ်ဆင့် အပြင်ဘက်သို့ တစ်ယောက်ပြီးတစ်ယောက် တိတ်တဆိတ် ထွက်သွားကြသည်။
လီယွမ်ကျောက်သည် မြို့အပြင်ဘက်သို့ လျှောက်သွားကာ မြို့တံခါးပေါက်တွင် ရပ်လျက် စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ချင်းစီကို ရေတွက်နေခဲ့၏။
နောက်ဆုံးတွင်တော့ လူအားလုံး စုံလင်သွားရာ လီယွမ်ကျောက်သည် လက်သီးကို ဆုပ်လိုက်ပြီး မြင်းပေါ်သို့ လွှားကနဲ ခုန်တက်လိုက်သည်။ ခြေထောက်ကို တစ်ဝက်သာ မြှောက်ရသေးချိန်တွင် ပြန်ချလိုက်ရ၏။ ဤသံချပ်ကာဝတ်စုံကြီးမှာ လေးလံလွန်းလှသဖြင့် ခုန်တက်၍ မရခဲ့ပေ။
"ကျောက်လျဲ့ ကျောက်လျဲ့ … မြန်မြန် လာတွဲစမ်းပါအုံး။"
ကျောက်လျဲ့သည် အလျင်အမြန် လာရောက် ကူညီပေးကာ သူ့ကို မြင်းပေါ်သို့ တင်ပေးလိုက်ရာ လီယွမ်ကျောက် သည် ရဲရင့်သော အရှိန်အဝါများ အပြည့်ဖြင့် အရှေ့သို့ လက်ညှိုးထိုးကာ ပြောလိုက်၏။ "ထွက်မယ်။"
တပ်တော်ကြီး စတင် ချီတက်သွားချေပြီ။
တဖြည်းဖြည်းနှင့် ဝေးကွာသွားသည့် အချိန်သို့ ရောက်ရှိမှသာ လီယွမ်ကျောက်သည် ရင်ထဲတွင် ပေါ့ပါးသွားကာ အသံကုန် အော်ဟစ်လိုက်သည်။ "ညီအစ်ကိုတို့ … ကျုပ်နောက်ကို လိုက်ခဲ့ကြ။"
"ဖန်ထိုက်မြို့ကြီးရေ ငါ လာပြီဟေ့။"
...
"ဒီ တိရစ္ဆာန်လေး။ ကိုယ်တော် သူ့ကို သတ်ပစ်ရမယ်။"
တာ့ကျင်းဘုရင်၏ မျက်နှာအရောင်မှာ အဆက်မပြတ် ပြောင်းလဲနေပြီး အနောက်ဘက်တွင်လည်း အစေခံများက သူ့အတွက် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ပေးနေကြ၏။ မနက်စောစော အိပ်ရာမှပင် မနိုးသေးမီမှာပင် ဤ သတင်းဆိုးကြီးကို ကြားလိုက်ရသည်။ မူလက အရာအားလုံး ချောချောမွေ့မွေ့ ရှိနေခဲ့သော်လည်း ဤကောင်လေးက အရေးကြီးသည့် အချိန်အခါမျိုးတွင် ပြဿနာ ရှာလာခဲ့သည်။
တာ့ကျင်းဘုရင်သည် ယခုအခါတွင် ဒေါသများ အထွက်အထိပ်သို့ ရောက်ရှိနေပြီး ဒေါသကို အတင်း ဖိနှိပ်ကာ အောက်မှ သတင်းပို့ချက်များကို နားထောင်နေခဲ့၏။
"ကျင်းယီဝေစစ်သည် သုံးထောင် စစ်မြင်းခြောက်ထောင်နဲ့ သိမ်းဆည်းရမိထားတဲ့ သံချပ်ကာဝတ်စုံနဲ့ မြေပုံတွေ ကိုလည်း သူတို့ ယူဆောင်သွားကြပါတယ်။ ပြီးတော့ သူတို့ စစ်တပ်နဲ့အတူ အစောဆုံး သယ်ဆောင်လာခဲ့တဲ့ ပစ္စည်းတွေ။ အဲဒါတွေက ဘာပစ္စည်းတွေလဲ ဆိုတာကိုတော့ မသိရပါဘူး။ တစ်ခါမှလည်း မစစ်ဆေးဖူးပါဘူး။ အဲဒါတွေကိုပါ တစ်ပါတည်း ယူဆောင်သွားကြပါတယ်။
ရိက္ခာတာဝန်ခံရဲ့ စာရင်းအရ သူတို့တွေ တစ်ယောက်ကို ရိက္ခာ ငါးရက်စာလောက်စီ ယူဆောင်သွားကြပါတယ်လို့ သိရပါတယ်။"
သံချပ်ကာဝတ်စုံကို ဝတ်ဆင်ပြီးစီးသွားသောအခါ တာ့ကျင်းဘုရင်သည် မျက်စိကို မှိတ်ကာ အသက်ကို ပြင်းပြင်း ဆက်တိုက် ရှူသွင်းလိုက်၏။ "နောက်ကလိုက်ဖို့ လူလွှတ်လိုက်ပြီလား။"
"လွှတ်လိုက်ပါပြီ။ သူတို့ရဲ့မြင်းခွာရာတွေက အတော်လေး နက်တော့ ခွဲခြားသိမြင်ဖို့ လွယ်ကူပါတယ်။ ကျွန်တော်မျိုး အလျင်အမြန် လိုက်ဖို့ မြင်းတပ်တွေကို လွှတ်လိုက်ပါပြီ။"
တာ့ကျင်းဘုရင်သည် ဘာမှမတတ်နိုင်စွာဖြင့် ခေါင်းညိတ်လိုက်ရာ တစ်ခဏတာ အချိန်လေး အတွင်းမှာပင် နှစ်အတော်များများ ပိုမို အိုမင်းသွားသကဲ့သို့ ပေါ်လွင်နေသည်။ သူ၏ ရင်ထဲတွင် နောင်တတရားများ ဆက်တိုက် ဖြစ်ပေါ်နေ၏။
ပြဿနာရှာတယ် တကယ်ကို ပြဿနာ ရှာတာပဲ။ ဒီ ခွေးတိရစ္ဆာန်လေးကို ခေါ်မလာခဲ့သင့်ဘူး။
"အရှင်မင်းကြီး ဒေါသကို လျှော့တော်မူပါ။ ခန္ဓာကိုယ် ကျန်းမာရေး ထိခိုက်သွားပါလိမ့်မယ်။"
တာ့ကျင်းဘုရင်က အသံကုန် အော်ဟစ်လိုက်၏။ "ဒေါသလျှော့ရမယ်။ မင်းက ကိုယ်တော့်ကို ဘယ်လိုလုပ်ပြီး ဒေါသလျှော့ခိုင်းနေတာလဲ။ ဒီ ခွေးသူတောင်းစားလေးနောက်ကို လိုက်ဖို့အတွက် လူဘယ်နှစ်ယောက်လောက် သေရအုံးမလဲ ဆိုတာကို မသိဘူးလား။"
"တစ်တပ်လုံး ပြင်ဆင်ထားကြ။ ကိုယ်တော်နဲ့အတူ အခုချက်ချင်း ဖန်ထိုက်မြို့ကို ထွက်ကြမယ်။"
...
မြက်ခင်းပြင်ထက်တွင် အလွန်အမင်း ခမ်းနားလှသော စစ်မြင်းတစ်စုသည် ရူးမတတ် ဒုန်းစိုင်း ပြေးလွှားနေကြ၏။ အချိန်ကာလသည် ဆယ်ရက်တိုင်တိုင် ကျော်လွန်သွားခဲ့ချေပြီ။ ဤသံချပ်ကာ ကျင်းယီဝေစစ်သည်များသည် အလွန်အမင်း တက်ကြွ လန်းဆန်းနေကြဆဲပင်။
တစ်ယောက်ချင်းစီတိုင်း၏ ရုပ်သွင်ပြင်မှာ သာမန်မဟုတ်ကြသော်လည်း မြို့တော်တွင် သူတို့ ရရှိခဲ့သော အာဟာရ ထောက်ပံ့မှု အဆင့်အတန်းနှင့် လေ့ကျင့်မှု ပြင်းထန်မှု အဆင့်တို့မှာ မြို့တော်အတွင်းရှိ လက်ရွေးစင် စစ်သည်များ အားလုံးထက် အဝေးကြီး ကျော်လွန်နေခဲ့သည်မှာ သေချာလှသည်။
တစ်ခုတည်းသော လိုအပ်ချက်မှာ စစ်မြေပြင် အတွေ့အကြုံသာ ဖြစ်၏။ စစ်မြေပြင် အတွေ့အကြုံများထဲတွင် အရေးအကြီးဆုံးဖြစ်သော စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုများကိုတော့ အစောပိုင်းက သွေးသားများ လွင့်စင်ခဲ့ရသည့် စစ်မြေပြင်ထက်တွင် အပြည့်အဝ လုပ်ဆောင်ပြီးစီးခဲ့ပြီ ဖြစ်သည်။ သူတို့သည် အလောင်းများ ပြန့်ကျဲနေသော မြင်ကွင်းများကို စောစောစီးစီး မြင်တွေ့ထားပြီးဖြစ်ရာ သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ ကြောက်ရွံ့စိတ်များ လုံးဝ မရှိတော့ချေ။
လီယွမ်ကျောက်သည် ဂိတ်မြို့တော်မှ ထွက်ခွာလာပြီးနောက် မြေပုံအတိုင်း ခရီးမနှင်ခဲ့ပေ။ အကယ်၍ ဝူထူက လှည့်လည် တိုက်ပွဲဆင်နွှဲမည်ဆိုပါက တရားဝင် လမ်းမကြီးများက အန္တရာယ်အများဆုံး ဖြစ်ပေလိမ့်မည်။
သူတို့တွင် လူသုံးထောင်သာ ရှိပြီး လက်နက်ပစ္စည်းများလည်း ကန့်သတ်ချက် ရှိနေသဖြင့် စစ်ပွဲ အများကြီးကို မဆင်နွှဲနိုင်ချေ။ မြေပုံအတိုင်း မြစ်များကို ရှာဖွေပြီးနောက် မြစ်ရေစီးဆင်းရာ လမ်းကြောင်းအတိုင်းသာ ရှေ့တိုး ချီတက်ရပေမည်။
လမ်းကွေ့လမ်းကောက် အတော်များများကို ပိုမို လျှောက်လှမ်းခဲ့ရသည် ဆိုသော်လည်း ရွှေ့ပြောင်း နေထိုင်သူများ၏ အိမ်ရာများသည် ရေနှင့် မြက်ခင်းများကို လိုက်၍ နေထိုင်ကြခြင်းဖြစ်ရာ လမ်းတစ်လျှောက်ရှိ ရိက္ခာများကို ရှာဖွေရန်လည်း လွယ်ကူသည်။
ဤလမ်းတစ်လျှောက်တွင် သူတို့သည် လူမျိုးစုငယ်လေး ဆယ်ကျော်ခန့်ကို ဖျက်ဆီးပစ်ခဲ့ကြပြီ ဖြစ်၏။ လူမျိုးစုငယ်လေးများသာ ဖြစ်ကြသော်လည်း ဤမြက်ခင်းပြင်ရှိ ပြည်သူများမှာ ရိုင်းစိုင်း ကြမ်းတမ်းကြပြီး တာ့ကျင်းနိုင်ငံသားများအပေါ် ရန်လိုမှုအချို့ ရှိနေက၏။
တာ့ကျင်း၏ တပ်တော်ကြီး မြက်ခင်းပြင် အတွင်းပိုင်းအထိ တိုးဝင်လာသည်ကို ရုတ်တရက် မြင်လိုက်ရသောအခါ အလွန်အမင်း အံ့သြသွားကြပြီး လက်နက်များကို ကိုင်ဆောင်ကာ ပြန်လည် ခုခံကြသည်။
ရလဒ်ကတော့ ထင်ထားသည့်အတိုင်းပင်။
ပြန့်ကျဲ နေထိုင်ကြသော လူမျိုးစုငယ်လေးများမှာ တစ်ချက် တိုက်ခိုက်လိုက်သည်နှင့် အကုန်အစင် ပြိုကွဲသွားကြသည်။ ဓား၊ လှံများကိုပင် အသုံးပြုရန် မလိုအပ်ဘဲ တစ်ကြိမ် ဒုန်းစိုင်း ဝင်တိုက်လိုက်သည်နှင့် တစ်ဖက်လူများ အားလုံး လဲကျကုန်ကြ၏။
အပြင်းအထန် ခုခံသူများကိုတော့ နေရာအရပ်တွင်ပင် သတ်ပစ်လိုက်သည်။ ကျန်ရှိနေသော ခွန်အားကြီး လူငယ် သိုးထိန်းများကိုတော့ ခြေထောက်များကို ရိုက်ချိုးကာ အခြားသော အိုမင်းမစွမ်းသူများ မိန်းမများနှင့် ကလေးများနှင့်အတူ ထိုနေရာတွင် ပစ်ထားခဲ့ကြသည်။
ထို့နောက်တွင်တော့ တိရစ္ဆာန် အမြောက်အများကို သတ်ဖြတ်ကာ လုံလောက်သော အသားများကို ယူဆောင်ပြီး ကျန်ရှိနေသည်များကို ထိုနေရာတွင် ပစ်ထားခဲ့ပြီးနောက် အလျင်အမြန် ထွက်ခွာခဲ့ကြ၏။
သူတို့၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းလှရာ အသက်ရှင်နေသေးသော ထိုပြည်သူများ သတင်းသွားပေးမည်ကိုလည်း အနည်းငယ်မျှပင် စိုးရိမ်စရာ မလိုခဲ့ပေ။ အတွေ့အကြုံ အတော်များများကို ရယူ ဖြတ်သန်းပြီးသည့်နောက်တွင်တော့ လီယွမ်ကျောက်မှာ မုတ်ဆိတ်မွေးများ ဖျားထွက်နေပြီး မူလက ဖြူဖွေး နုဖတ်နေသော အသားအရေမှာလည်း အများကြီး ကြမ်းတမ်းသွားခဲ့သည်။
လူဆယ်ကျော်ခန့်၏ ခြေထောက်များကို ဆက်တိုက် ရိုက်ချိုးပြီးသည့်နောက်တွင်တော့ သူ၏ ရင်ထဲတွင် ဓားတစ်လက် အလား အေးစက်နေခဲ့ပြီ ဖြစ်၏။
သူနှင့်အတူ စစ်ထွက်တိုက်ခဲ့သော ကျင်းယီဝေစစ်သည်များမှာမူ တဖြည်းဖြည်းနှင့် ပိုမို ဝဖြိုးလာကြ၏။ ဤလမ်းတစ်လျှောက်တွင် ရာသီဥတုက အေးသဖြင့် အားလုံးက အဆီအသားများကိုသာ ရွေးချယ် စားသောက်ကြရာ စားရလွန်းသဖြင့် အပူကန်ကာ နှုတ်ခမ်းထောင့်များတွင် အဖုကြီးများပင် ပေါက်နေကြသည်။
လူမျိုးစုစခန်း တစ်ခုအတွင်းတွင် …
လီယွမ်ကျောက်သည် မြေပုံကို သေသေချာချာ လေ့လာနေပြီး ပါးစပ်မှလည်း အဖြူရောင် အခိုးအငွေ့များကို အဆက်မပြတ် ထုတ်ဖော်နေကာ သူသည် နောက်ထပ် လှုပ်ရှားမှုအတွက် ပြင်ဆင်နေခြင်း ဖြစ်၏။
ကျောက်လျဲ့သည် တဲအပြင်ဘက်မှ အလျင်အမြန် လျှောက်လာပြီး ပြောလိုက်သည်။ "အိမ်ရှေ့မင်းသား ကျုပ်တို့ရဲ့ ကင်းထောက်က အရှေ့တောင်ဘက် အရပ်မှာ စစ်မြင်း အမြောက်အမြား ကျုပ်တို့ဘက်ကို ရွေ့လျားလာနေတာကို တွေ့ရပါတယ်လို့ သတင်းပို့ပါတယ်။ အကြမ်းဖျင်း တွက်ကြည့်ရသလောက် လူနှစ်သောင်းထက် မနည်းပါဘူး။ အဲဒီအထဲက အများစုက သံချပ်ကာဝတ်စုံကြီးတွေကို ဝတ်ဆင်ထားကြပါတယ်။"
လီယွမ်ကျောက်သည် မျက်လုံးကို မော်ကြည့်လိုက်၏။ "အလံတွေကရော။"
"အလံတွေ မရှိပါဘူး။ အနီးကပ်သွားပြီး မကြည့်ရဲဘူးလေ။ သူတို့ လူအင်အားက အရမ်း များလွန်းနေတယ်။"
"အောက်ကလူတွေကို စုစည်းခိုင်းလိုက်။ ဒီနေရာကနေ ဝေးဝေး သွားကြမယ်။"
"အဲဒါဆို ခုနကမှ ဖမ်းထားတဲ့ အဲဒီ သိုးထိန်း သုံ့ပန်းတွေကရော …. သူတို့တွေ သတင်းသွားပေးကြလိမ့်မယ်။ သူတို့ကိုများ " ကျောက်လျဲ့သည် လည်ပင်းတွင် လှီးဖြတ်ဟန် လုပ်ပြလိုက်၏။
"မလုပ်နဲ့ သူတို့ကို ကြိုးဖြည်ပေးလိုက်။ ပြီးတော့ ကျုပ်တို့တွေ ကုန်းမြင့်ပိုင်းဆီကို တက်ကြမယ် " လီယွမ်ကျောက်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်တစ်ခု လက်သွားသည်။
နောက်ဆုံးတော့ ငါးကြီးတစ်ကောင် ထွက်လာပြီပေါ့လေ။ ယခုမျက်မှောက်တွင် ပြေးရမည်ဆိုပါက တစ်ဖက်လူများကို ယှဉ်နိုင်မည်မဟုတ်သော်လည်း တစ်ပွဲတိုက်ရန်အတွက်တော့ သူ့တွင် ခွန်အား ရှိသည်။ ဘာပဲဖြစ်ဖြစ် လျှို့ဝှက်လက်နက်များကို ယခုအချိန်အထိ အသုံးမပြုရသေးဘူး မဟုတ်ပါလား။
ကျောက်လျဲ့သည်လည်း သက်ပြင်းချလိုက်ပြီး တဲအပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားတော့၏။
ထိုသိုးထိန်းများကို ကျင်းယီဝေစစ်သည်များကလည်း မသတ်လိုကြချေ။ အားလုံးက တိုက်ခိုက်မှုကို မကြောက်ရွံ့သလို လူသတ်ရမည်ကို ပို၍ပင် မကြောက်ရွံ့ကြသော်လည်း ရင်ထဲတွင်တော့ အနည်းငယ် စိတ်မသန့်ဖြစ်မှုကို ခံစားနေကြရသောကြောင့်ပင်။
ပုံမှန်အားဖြင့် မြို့တော်တွင် သူတို့သည် စံပြဖြစ်လိုစိတ် ရှိကြပြီး မေတ္တာတရား ရှိကြကာ တရားမျှတမှု တလက်လက် တောက်ပနေသော ပုံစံမျိုး ရှိကြသည်။ ပြည်သူများနှင့်အတူ ပူးပေါင်း နေထိုင်ခဲ့ကြသည်မှာ ကြာလှပြီဖြစ်ရာ အကျင့်ပါနေခဲ့ပြီ ဖြစ်၏။ သိုးထိန်းများသည် ရွှေတိုင်းပြည်နိုင်ငံမှ သာမန်ပြည်သူများသာ ဖြစ်ကြပြီး ရိုးရိုးအေးအေး ပုံစံမျိုး ရှိကြကာ တာ့ကျင်းနိုင်ငံမှ ပြည်သူများနှင့်လည်း ဘာမှ ကွဲပြားခြားနားမှု မရှိသဖြင့် သနားစိတ်များ ဖြစ်ပေါ်လာခြင်းမှာ မဆန်းပေ။
မသတ်ရရင် အကောင်းဆုံးပဲလေ။
မကြာမီမှာပင် ကျောက်လျဲ့သည် တဲအတွင်းသို့ တစ်ဖန် ပြန်ပြေးဝင်လာပြီး အသံကျယ်ကျယ်ဖြင့် သတင်းပို့ လိုက်သည်။ "အိမ်ရှေ့မင်းသား တစ်တပ်လုံး စုစည်းပြီးပါပြီ။"
အပိုင်း (၈၂၃) ဝူထူ လာရောက် တိုက်ခိုက်ပြီ။
လီယွမ်ကျောက်သည် တဲအပြင်ဘက်သို့ အလျင်အမြန် လျှောက်ထွက်သွားလိုက်၏။
ကျင်းယီဝေစစ်သည် သုံးထောင်သည် အားလုံး စုစည်းပြီးစီးနေပြီဖြစ်သည်။ တိုက်ပွဲဝင်လိုစိတ်များ အပြည့်ရှိနေသည့် ပုံစံကို မြင်သောအခါ သူ မနေနိုင်တော့ဘဲ ခေါင်းညိတ်လိုက်မိသည်။
"ကျုပ်ကို မြင်းပေါ် တင်ပေးကြဦး။"
ကျောက်လျဲ့သည် တိတ်ဆိတ်စွာ ရှေ့တိုးသွားပြီး လီယွမ်ကျောက်ကို မြင်းပေါ်သို့ တစ်ချက်တည်းနှင့် တွန်းတင်ပေးလိုက်၏။
သူက အရမ်း အားနည်းလွန်းနေ၍ မဟုတ်ဘဲ သံချပ်ကာဝတ်စုံကြီးမှာ အလွန်အမင်း လေးလံ လွန်းလှသောကြောင့်ဖြစ်သည်။ သာမန် စစ်သည်များဆိုပါက လူနှစ်အုံးပူးပေါင်း လုပ်ဆောင်မှသာ မြင်းပေါ်သို့ တက်နိုင်ပေမည်။
သာမန် စစ်သည်များသည် ဤကျင်းယီဝေစစ်သည်များကဲ့သို့သော ခွန်အားကြီး တိရစ္ဆာန်အုပ်ကြီး မဟုတ်ကြပေ။
မြင်းပေါ်သို့ တက်ရောက်ပြီးနောက် လီယွမ်ကျောက်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ခုနက ဘယ်သူ အပြင်မှာ သွားရောက် စုံစမ်းခဲ့တာလဲ။ ရန်သူ့တပ်တော်ကြီး ဒီနေရာကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ။"
ကျင်းယီဝေစစ်သည်များထဲမှ တစ်ဦးက အသံကျယ်ကျယ်ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။ "ကျွန်တော်မျိုး အပြင်မှာ သွားရောက် စုံစမ်းခဲ့တာပါ။ ကျွန်တော်မျိုး မှန်းဆကြည့်ရသလောက်တော့ … ရန်သူတွေက နာရီဝက်လောက် နေရင် ဒီနေရာကို ရောက်လာပါလိမ့်မယ်။"
လီယွမ်ကျောက်က ခေါင်းညိတ်လိုက်ပြီး နေရာအနှံ့အပြားကို တစ်ချက် ဝေ့ကြည့်ကာ ပြောလိုက်၏။ "ကိုယ်တော်နဲ့အတူ ရန်သူကို စောင့်ဖို့ ကုန်းမြင့်ပိုင်းဆီ လိုက်ခဲ့ကြ။"
...
ဝူထူသည် စိတ်ဓာတ်များ အလွန်အမင်း ကျဆင်းနေပြီး တပ်မတော်ကြီးကို ဦးဆောင်ကာ အရှေ့မှ လျှောက်လှမ်းနေခဲ့သည်။
အနောက်ဘက်ရှိ စစ်သည်များမှာလည်း စိတ်ဓာတ်များ အောက်ခြေအထိ ထိုးကျနေကြ၏။
စစ်ရှုံးမှုကြီးတစ်ခု။
သမိုင်းတွင် အရင်က မကြုံဖူးလောက်အောင် ကြီးမားလှသော စစ်ရှုံးမှုကြီးတစ်ခုသည် သူ့လက်ထက်တွင် ဖြစ်ပွားခဲ့ပြီး စစ်ရှုံးသည့် အမြန်နှုန်းမှာလည်း မှန်းဆထားသည်ထက် အများကြီး ကျော်လွန်နေခဲ့သည်။
အရှိန်အဝါ အပြည့်ဖြင့် တာ့ကျင်းအတွင်းသို့ တိုးဝင်သွားခဲ့သော်လည်း နောက်ဆုံးတွင်တော့ ပိုမို မြန်ဆန်သော အမြန်နှုန်းဖြင့် ပြန်လည် ရိုက်ထုတ်ခံလိုက်ရသဖြင့် လူများကို အမှန်တကယ်ပင် လက်ခံနိုင်ရန် ခက်ခဲစေခဲ့၏။
သို့သော်လည်း တော်သေးသည်က တစ်ဖက်ရန်သူသည် မြက်ခင်းပြင် အနက်ပိုင်းအထိ စတင် တိုးဝင်လာခဲ့ပြီဖြစ်ရာ ကျန်ရှိနေသော စစ်သည်အင်အားကို အားကိုး၍ တစ်ပွဲတိုက်ရန် ခွန်အား ရှိသေးသည်။
ဤရက်ပိုင်းအတွင်းတွင် သူတို့သည် လှည့်လည် တိုက်ပွဲများကို ရူးမတတ် ဆင်နွှဲနေခဲ့ကြ၏။
သို့ပေမည့် ဒေါသထွက်စရာကောင်းသည်မှာ တစ်ဖက်ရန်သူ၏ တပ်တော်ကြီးမှာ တစ်စုတစ်စည်းတည်း ရှိနေကြပြီး ခွဲခြား သွားလာခြင်း လုံးဝ မရှိခဲ့ခြင်း ဖြစ်သည်။
မိမိတို့ဘက်မှ မြင်းတပ်များသည် စစ်ကြောင်း ဖွဲ့စည်းကာ ၎င်းတို့ဆီသို့ စတင် ဒုန်းစိုင်း ဝင်တိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအလွန်အမင်း အင်အားကြီးမားပြီး ဆန်းကြယ်လှသော လက်နက်များသည် စစ်မြေပြင်ထက်တွင် တစ်ဖန် ပြန်လည် အစွမ်းပြလာကြပြန်သည်။
ဝူထူ၏ ရင်ထဲတွင် ဒေါသထွက်နေသလို ဘာမှမတတ်နိုင်သည့် ခံစားချက်များလည်း ရရှိနေသည်။
’ဒါက စစ်တိုက်မတတ်လို့ ရှုံးတာ မဟုတ်ဘူးလေ။ အဲဒီထူးဆန်းတဲ့ အရာဝတ္ထုတွေသာ မရှိခဲ့ဘူးဆိုရင် ကျင်းနိုင်ငံက စစ်သည်အင်အား ဘယ်လောက်ပဲ များနေပါစေ … သေချာပေါက် ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။ ဒီ ပျော့ညံ့တဲ့ ကောင်တွေက အခုချိန်အထိ ငါနဲ့ မျက်နှာချင်းဆိုင် ယှဉ်တိုက်ရဲတာမှ မဟုတ်တာ။’
သူ၏ ရင်ထဲတွင် ဘယ်လောက်ပဲ ဆဲဆိုနေပါစေ ဘာမှမတတ်နိုင်ဘဲ ဒေါသထွက်နေရုံသာ ရှိ၏။ ဘာပဲဖြစ်ဖြစ် ရန်သူက သူ့အလိုအတိုင်း လိုက်လံ တိုက်ခိုက်ပေးလိမ့်မည် မဟုတ်ပေ။
ယခုမျက်မှောက်တွင် သူသည် ကျန်ရှိနေသေးသော သံချပ်ကာ မြင်းတပ်များနှင့် အခြားသော မြင်းတပ် စစ်သည်များကို ဦးဆောင်နေရပြီး ရိက္ခာ ထောက်ပံ့မှုများလည်း မလုံလောက်တော့ချေ။ မမျှော်လင့်ထားသည့် ကိစ္စများ မရှိဘူးဆိုပါက အရှေ့ဘက် မဝေးလှသော နေရာတွင် လူမျိုးစုစခန်းများ သေချာပေါက် ရှိနေမည်ဖြစ်ရာ ရိက္ခာအချို့ကို သွားရောက် ရှာဖွေပြီးနောက် ကျင်းတပ်တော်နှင့် စစ်တိုက်ရန် ပြန်လည် လှည့်ထွက်ရပေမည်။
တစ်ဖက်ရန်သူ၏ ထိုအလွန်အမင်း အင်အားကြီးမားလှသော လက်နက်များသည် အသုံးပြုသည့် အကြိမ် အရေအတွက် တဖြည်းဖြည်း နည်းပါးလာပြီဖြစ်ရာ ကုန်ဆုံးတော့မည့်ပုံ ပေါ်နေပြီ ဖြစ်သည်။ ယင်းအပြင် ၎င်းတို့သည် မြက်ခင်းပြင် အနက်ပိုင်းအထိ တိုးဝင်လာကြခြင်းဖြစ်ရာ နောက်တန်း ရိက္ခာ ထောက်ပံ့ရေးမှာ သေချာပေါက် ပြဿနာ ရှိလာပေလိမ့်မည်။ ဆက်ပြီး အချိန်ဆွဲထားနိုင်မည် ဆိုပါက ပြန်လည် သတ်ဖြတ်နိုင်မည့် အခွင့်အရေး မရှိဟု မဆိုနိုင်ပေ။
ဝူထူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်ပြီး ထိုအချက်ကို တွေးမိလိုက်သောအခါ အတင်းအကျပ် စိတ်ဓာတ်များကို ပြန်လည် မြှင့်တင်လိုက်ရ၏။ သူသည် ကောင်းကင်က ရွေးချယ်ထားသူ ဖြစ်ပြီး မြက်ခင်းပြင် သမိုင်းတွင် လူမျိုးစုများ အားလုံးကို ပထမဆုံးအကြိမ် အုပ်ချုပ်နိုင်ခဲ့သော ဂန္ထဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ပည်။
’ငါက တစ်ပါးတည်းသော ဘုရင်ပဲ။’
လူမျိုးစုငယ်လေးတစ်ခုမှ ရဲရင့်သော စစ်သူကြီးတစ်ယောက် ဘဝကနေ ယနေ့ အနေအထားအထိ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ရာ အခက်အခဲ လှိုင်းတပိုးတိုင်းကို သူ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီး ယခုတစ်ကြိမ်လည်း ချွင်းချက် မဟုတ်ပေ။
ထိုအချက်ကို တွေးမိလိုက်သောအခါ ဝူထူသည် ဓားရှည်ကြီးကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်သို့ တိုက်ရိုက် လှမ်းညွှန်ပြကာ အသံကုန် အော်ဟစ်လိုက်၏။ "စစ်သည်တော်တို့ ... စိတ်ဓာတ်ကို မြှင့်တင်ထားကြ။ ရန်သူ့တပ်တွေက မြက်ခင်းပြင် အနက်ပိုင်းအထိ တိုးဝင်လာကြပြီဆိုတော့ သူတို့ရဲ့ ရိက္ခာတွေလည်း အကြီးအကျယ် ကုန်ဆုံးသွားလိမ့်မယ်။ နောက်ထပ် သုံးရက်လောက်ရောက်လျှင် ငါတို့တပ်တော် ပြန်လည် တိုက်ခိုက်မဲ့ အချိန်ပဲ။
ငါ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ မင်းတို့ကို ဦးဆောင်ပြီး ဂိတ်အတွင်းကို တစ်ဖန် ပြန်လည် တိုးဝင်မယ်။ ကျင်းနိုင်ငံ အထက်အောက်ရှိ ပြည်သူတွေကို အကုန်သတ်ပစ်ပြီး ငါတို့ ရွှေနိုင်ငံအတွက် သေဆုံးသွားခဲ့ရတဲ့ စစ်သည်တွေကိုယ်စား ကလဲ့စားချေပေးမယ်။"
အနောက်ဘက်ရှိ ရွှေစစ်သည်များမှာလည်း အလွန်အမင်း ပင်ပန်းနေကြပြီဖြစ်ပြီး ဗိုက်လည်းဆာသလို မောလည်း မောနေကြ၏။ သို့သော်လည်း အရှင်မင်းကြီးက ဤမျှလောက်အထိ တက်ကြွနေပြီး တိုက်ပွဲဝင်လိုစိတ်များ မြင့်မားနေဆဲဖြစ်သည်ကို မြင်သောအခါ အားလုံးက တစ်ခဲနက် တက်ကြွလာကြတော့သည်။ တစ်သံတည်း ညီညာစွာ ဟစ်ကြွေး တုံ့ပြန်လိုက်ကြ၏။
စိတ်ဓာတ်များ တစ်ဖန် ပြန်လည် မြှင့်တင်ပြီးသည့်နောက်တွင်တော့ တပ်တော်ကြီးသည် အရှေ့သို့ ဆက်လက် ခရီးနှင်ကြပြန်သည်။
အချိန်ကာလများ ကုန်လွန်သွားသည်နှင့်အတူ တဲအိမ်လေးများသည် လူအများ၏ မျက်စိရှေ့တွင် တစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာခဲ့၏။
ဝူထူ၏ မျက်လုံးထဲတွင် ဝမ်းမြောက်သည့် အရိပ်အယောင်တစ်ခု လက်သွားသည်။
’နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ။ ဒါပေမဲ့ ကြည့်ရတာ ဒီပြန့်ကျဲ နေထိုင်ကြတဲ့ လူမျိုးစုစခန်းလေးက သိပ်ပြီး ကြီးမားပုံမပေါ်ဘူးဆိုတော့ လောလောဆယ် အရေးပေါ် ပြဿနာကိုပဲ ဖြေရှင်းနိုင်လောက်မယ်။ ဒီနေရာမှာ ခေတ္တ အနားယူပြီး ဆက်ရှာကြတာပေါ့။’
အနောက်ဘက်ရှိ စစ်သည်များမှာလည်း အလွန်အမင်း ပျော်ရွှင်သွားကြသည် ... ဤနေရာမှာ ရိက္ခာခြောက်များကို စားစရာ မလိုတော့ပြီ။ ဗိုက်ဝလောက်သည့်အထိ မဟုတ်လျှင်တောင်မှ အနည်းဆုံးတော့ အသားဟင်းရည်လေး နည်းနည်းလောက်တော့ သောက်ရပေတော့မည်။
လူအုပ်ကြီးသည် အရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားကြရာ မကြာမီမှာပင် ဝူထူသည် အခြေအနေ မမှန်ကြောင်းကို ရိပ်မိသွား၏။ မြေပြင်ပေါ်ရှိ မြင်းခွာရာများသည် ဖရိုဖရဲ ဖြစ်နေပြီး ... အရေအတွက်ကို ကြည့်ရသလောက် ဤလူမျိုးစုစခန်းက အရာများ မဖြစ်နိုင်ပေ။
ဘယ်ညာရှိ အစောင့်များသည် လူရှိ၊ မရှိကို အသံကျယ်ကျယ်ဖြင့် စတင် မေးမြန်းနေကြပြီ ဖြစ်၏။ ပြန်လည် ဖြေကြားမည့်သူ မရှိသည်ကို မြင်သောအခါ တဲအိမ်များ အသီးသီးအတွင်းသို့ တိုးဝင် ရှာဖွေကြတော့သည်။
မကြာမီမှာပင် ကြိုးတုပ်ခံထားရသော သိုးထိန်းတစ်စုကို တပ်တော်ကြီး၏ အရှေ့သို့ ခေါ်ဆောင်လာခဲ့ကြ၏။
ဝူထူသည် မျက်စိကို မှိတ်ကာ မေးလိုက်သည်။ "ဒီနေရာမှာ ဘာဖြစ်ခဲ့တာလဲ။"
မိမိတို့လူများ ဖြစ်ကြောင်းကို မြင်လိုက်ရသောအခါ သိုးထိန်းများ၏ ရင်ထဲတွင် အလွန်အမင်း ဝမ်းသာသွားကြပြီး ဝူထူ ဝတ်ဆင်ထားသော သံချပ်ကာဝတ်စုံမှာ အခမ်းနားဆုံး ဖြစ်နေသည်ကို မြင်သောအခါ အလျင်အမြန် ပြောလိုက်ကြ၏။ "စစ်သူကြီး ... ကျင်းနိုင်ငံက ရန်သူတွေ ဒီနေရာအထိ ရောက်လာပြီး ကျုပ်တို့ရဲ့ တိရစ္ဆာန်တွေကိုလည်း လုသွားကြပါတယ်။ စစ်သူကြီးက ကျုပ်တို့အတွက် ကလဲ့စားချေပေးပါ။"
ဝူထူ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားသည်။
’မဖြစ်နိုင်ဘူးလေ။ မြင်းတပ်တွေ လာရောက် နှောင့်ယှက်မှာကို ကာကွယ်ဖို့ သူတို့၏ အဓိက တပ်တော်ကြီးက အမြဲတမ်း တစ်စုတစ်စည်းတည်း ရှိနေခဲ့ကြတာ။ အခုများတော့ တပ်ဖွဲ့တွေကို ခွဲပြီး ဒီနေရာအထိတောင် တိုးဝင်လာကြပြီလား။’
"လူဘယ်နှစ်ယောက်လောက် ရှိလဲ။ မင်းတို့ကို ဘယ်အချိန်က လုသွားကြတာလဲ။ ပြီးတော့ ဘယ်ကို သွားကြလဲ။"
သိုးထိန်းက စဉ်းစားကြည့်ပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။ "လူနှစ်ထောင်၊ သုံးထောင်လောက် ရှိမယ်ထင်တယ်။ ခုနလေးတင်ပဲ .. သူတို့ သွားတဲ့အချိန်မှာ ကျုပ် နားထောင်ကြည့်ရသလောက်တော့ အဲဘက် အရပ်ဆီကို သွားကြတဲ့ပုံပဲ။" သိုးထိန်းသည် အဝေးဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
ဝူထူသည် သူ လက်ညှိုးထိုးပြရာဆီသို့ လှမ်းကြည့်လိုက်ပြီး မြေပြင်ပေါ်ရှိ မြင်းခွာရာများကိုလည်း သေသေချာချာ ကြည့်လိုက်ပြန်၏။
’သူတို့က ခြေလှမ်းတိုင်းကို သတိထား လုပ်ဆောင်နေကြတာ။ ဘာဖြစ်လို့ တပ်တွေကို ခွဲလိုက်တာလဲ။ လူမျိုးစုစခန်းကို လုယက်ပြီးတော့ ဘာဖြစ်လို့ လူတွေကို မသတ်သွားရတာလဲ။’
ဤပြဿနာများသည် ဝူထူ၏ ခေါင်းထဲတွင် အဆက်မပြတ် လျှပ်တစ်ပြက် ပေါ်ပေါက်နေခဲ့၏။
"တာ့ကျင်းတပ်တွေ ထွက်လာပြီဆိုမှတော့ အကုန်လုံး ကိုယ်တော်နောက်ကို လိုက်ခဲ့ကြ။"
သေချာပေါက် တပ်ဖွဲ့ငယ်လေးတစ်ခုသာ ဖြစ်ရမည်။ အဓိက တပ်တော်ကြီး၏ အမြန်နှုန်းက ဤမျှလောက်အထိ မမြန်ဆန်နိုင်သလို ဤနေရာတွင်လည်း ပေါ်လာနိုင်စရာ အကြောင်းမရှိပေ။ ယခုအခါတွင် သူ၏ လက်အောက်၌ စစ်သည်နှစ်သောင်း ရှိနေပြီး သံချပ်ကာ မြင်းတပ်စစ်သည် တစ်သောင်းကိုပါ ခေါ်ဆောင်လာခဲ့သေးရာ လူထောင်ဂဏန်း လောက်ကို ရင်ဆိုင်ရာတွင် မည်သည့်ပြဿနာမှ ရှိလာမည်မဟုတ်ပေ။
---
လီယွမ်ကျောက်သည် စိတ်မပါ့တပါဖြင့် ခြောက်ကပ်နေသော မြက်ပင်တစ်ပင်ကို ကိုက်ထားရင်း ကျင်းယီဝေ စစ်သည် တစ်စုနှင့်အတူ အနည်းငယ် မြင့်သော မြေပြင်ပေါ်တွင် ရပ်ကာ အတန်းရှည်ကြီးတစ်ခု တန်းစီနေခဲ့၏။ ကျင်းယီဝေ စစ်သည်များသည် လာရာလမ်းကြောင်းဆီသို့ လေးနက်သော မျက်နှာထားဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
လီယွမ်ကျောက်သည် တစ်ပတ်ခန့် အကဲခတ်ကြည့်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ရန်သူ့တပ်တွေ လာရောက် တိုက်ခိုက်ရင် သူတို့နဲ့ အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားကြ။ ကျုပ်ရဲ့ အမိန့်ကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက်တည်း လက်ပစ်ဗုံးတွေကို အစွမ်းကုန် ပစ်ထုတ်လိုက်ကြ။ မီးရှို့တဲ့ အချိန်မှာ သတိထားရမယ်။ ကျုပ် တစ်ခါအော်ရင် တစ်လုံးပဲ ပစ်ရမယ်။ တကယ်လို့ သူတို့ ဝိုင်းပြီး တိုက်လာကြရင် စစ်ကြောင်း ဖွဲ့စည်းပုံကို အချိန်မီ ပြောင်းလဲရမယ်။
တစ်ဖက်ရန်သူက လူနှစ်သောင်း၊ သုံးသောင်းလောက် ရှိတယ်ဆိုတော့ အကုန်လုံး သတိ အပြည့်ထားနေကြ၊ မဟုတ်ရင် အကျိုးဆက်က ဘယ်လိုနေမလဲဆိုတာကို အားလုံးက သိပြီးသားပါ။ တတ်နိုင်သလောက် ကျုပ် အတွက် အသက်ရှင်နေအောင် နေကြ။"
လူအားလုံးက အသံကျယ်ကျယ်ဖြင့် ပြန်လည် ဖြေကြားလိုက်ကြရာ လီယွမ်ကျောက်သည် ခါးတွင်ရှိသော လက်ပစ်ဗုံး သုံးလုံးကို ပုတ်လိုက်၏။ ဤအရာများကို သူသည် တောက်ယွမ်ခရိုင်တွင် စမ်းသပ် အသုံးပြုကြည့်ပြီးဖြစ်ရာ မိုရှောင်ဟူ ပြောခဲ့သည်နှင့် အတော်လေး တူညီပြီး အရှိန်အဝါ အလွန် ပြင်းထန်လှသည်။ လူအုပ်ကြီးထဲ ပစ်ထည့်လိုက်ပါက တစ်လုံးပေါက်ကွဲတိုင်း သေချာပေါက် ထိမှန်ပေလိမ့်မည်။
သို့သော်လည်း နှမြောစရာကောင်းသည်မှာ ပို၍ မြင့်မားသော မြေပြင်အနေအထားမျိုးကို ရှာမတွေ့ခဲ့ခြင်းပင် ဖြစ်၏။ အကယ်၍ အနီးကပ်လွန်းအောင် ပစ်လိုက်မိပါက ကိုယ့်လူများကိုပါ မှားယွင်း ထိမှန်သွားနိုင်ချေ ရှိသည်။
"ဟူး ... ဂေါ်ပြားတစ်လက်လောက် ရှိနေရင် သိပ်ကောင်းမှာပဲ။ ကျုပ်တို့တွေ တွင်းတစ်တွင်း တူးလိုက်ပြီး တွင်းထဲကနေ လက်ပစ်ဗုံးတွေကို ပစ်ထုတ်လိုက်ရင် ပိုပြီး လုံခြုံ စိတ်ချရမှာ မဟုတ်ဘူးလား။ ရန်သူတွေရဲ့ လေးမြှားတွေကိုလည်း ရှောင်တိမ်းလို့ ရတာပေါ့။" လီယွမ်ကျောက်က နှမြောတသစွာဖြင့် ပြောလိုက်၏။
ဘေးတွင်ရှိသော ကျောက်လျဲ့မှာ မနေနိုင်တော့ဘဲ ရယ်မောလိုက်သည်။ "အိမ်ရှေ့မင်းသား ... စစ်တိုက်တဲ့ နေရာမှာ ဂေါ်ပြားတွေ သယ်ခိုင်းတဲ့သူ ဘယ်မှာရှိဖူးလို့လဲ။ တွင်းတူးဖို့ သတ်သတ်ဆိုရင် ဒါကြီးက အရမ်းကို ရှုပ်ထွေးလွန်းပါတယ်။"
"ကျွတ် ... အဲဒါလည်း ဟုတ်တာပါပဲ။ ဒါပေမဲ့ ဂေါ်ပြားကိုများ အသွား တင်လိုက်ရင် ဘယ်လိုနေမလဲ။ တူးလို့လည်းရသလို ၊ ခုတ်လို့လည်းရမယ်။ ပြီးတော့ လက်ကိုင်ရိုးနေရာကို သေနတ် ပုံစံမျိုး လုပ်လိုက်ရင် လက်နက်ကောင်း တစ်ခု ဖြစ်လာမှာ မဟုတ်ဘူးလား။"
"ဟင် ... တကယ်ကြီး အဲဒီလို ဖြစ်လာနိုင်လောက်တယ်။ အိမ်ရှေ့မင်းသားရဲ့ အမြင်က အရမ်း ကျယ်တာပဲ။" ကျောက်လျဲ့က လေးစားစွာဖြင့် ပြောလိုက်၏။
လီယွမ်ကျောက်မှာ အထာပေးနေဆဲ ရှိသေးချိန်မှာပင် အရှေ့ဘက်မှ ဖုန်မှုန့် လှိုင်းတပိုးများ ရုတ်တရက် ထွက်ပေါ်လာသဖြင့် အခြေအနေကို ကြည့်ရှုရန် မှန်ပြောင်းကို အလျင်အမြန် ကောက်ယူလိုက်သည်။ ဖုန်မှုန့် လှိုင်းတပိုးများသည် လိပ်တက်လာနေဆဲဖြစ်ပြီး အရှေ့တွင်ရှိနေသည်မှာ လေးလံလှသော သံမဏိ သံချပ်ကာ ဝတ်စုံများကို ဝတ်ဆင်ထားသည့် ရွှေတပ်ဖွဲ့များပင် ဖြစ်သည်။
"တစ်တပ်လုံး ပြင်ဆင်ထားကြ။ ရန်သူ့တပ်တွေ လာပြီဟေ့။"
မျက်နှာချင်းဆိုင်ရှိ ရန်သူ့တပ်ဖွဲ့များသည် တဖြည်းဖြည်း နီးကပ်လာပြီး ပို၍ပင် နီးကပ်လာခဲ့ချေပြီ။
လီယွမ်ကျောက်သည် မှန်ပြောင်းကို အသေအလဲ ဆွဲကိုင်ထားရင်း မျက်နှာပေါ်တွင် ဝမ်းမြောက်သည့် အမူအရာများ ရုတ်တရက် ပေါ်ထွက်လာကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ "ဝူထူ ဖြစ်နေတာပဲ။"
"လာတာ အတော်ပဲ။ ညီအစ်ကိုတို့ ပြင်ဆင်ထားကြ။ ကျုပ်တို့တွေ စစ်ပွဲ အောင်မြင်မှုတွေကို တည်ဆောက်ရမဲ့ အချိန် ရောက်လာပြီဟေ့။"