အခန်း ၉၁
Vol. 10 Ch. 91
အခန်း(၉၁)
“သမားတော်စွန်း မိသားစုကိစ္စလေးတွေရှိလို့ ရက်ပိုင်းလောက် အိမ်ခဏပြန်သွားတယ်”
ကျိုးချွန်းယွီ အိမ်တော်စီမံခန့်ခွဲသူများကို အလုပ်များ ခွဲဝေပေးနေရင်း စိတ်မပါလက်မပါဖြင့် ပေါ့ပေါ့ပါးပါးပင် ပြန်လည်ဖြေကြားလိုက်၏။
ကျင်းခွေ့က မျက်ရည်များ တသွင်သွင် စီးကျလာသည်အထိ ငိုကြွေးလိုက်မိသည်။
“သခင်မလေးက ကိုယ်ဝန်ပျက်ကျသွားတာပါ... ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့အတွက် ဆေးဝါးတွေ လိုအပ်နေပါတယ်”
ကျိုးချွန်းယွီက ခေါင်းငုံ့ထားလျက် စာရင်းစာအုပ်များကိုသာ စိုက်ကြည့်နေခဲ့သည်။
“ကောင်းပြီ... ငါ သိပြီ...မင်း ပြန်လို့ရပြီ... နောက်ကျရင် ငါ အိမ်တော်အပြင်က သမားတော်တစ်ယောက်ကို ပင့်ပြီး လာကြည့်ခိုင်းလိုက်မယ်”
ကျင်းခွေ့က မျက်ရည်များကို သုတ်ဖယ်ရင်း စိတ်ကိုတင်းကာ ရှေ့သို့ တိုးလိုက်ပြီး တိုးညှင်းသော လေသံဖြင့် မေးမြန်းလိုက်၏။
“အိမ်တော်ထိန်းချုပ်ကြီးကျိုး... ကျွန်မ မေးပါရစေ... ယန်ကျစ်ရော ဘယ်လိုနေသေးလဲဟင်”
ထိုအခါမှသာ ကျိုးချွန်းယွီက ခေါင်းမော့ကြည့်လာသည်။
“သူက ဘယ်လိုဖြစ်ရဦးမှာလဲ”
ကျင်းခွေ့၏ နှလုံးသားတစ်ခုလုံး နာကျင်သွားပြီး မအောင့်အည်းနိုင်ဘဲ အော်ဟစ်ငိုကြွေးမိလိုက်သည်။
ခြံဝင်းအတွင်းရှိ လူများ သူမကို လှည့်ကြည့်လာကြသော်လည်း မည်သူမျှ သနားဂရုဏာစိတ် မပြကြချေ။
ကျိုးကျစ်လန် ထိုနေရာသို့ ရောက်ရှိလာချိန်တွင် ဤအခြေအနေကို မြင်တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
“နင်တို့အားလုံး ဘာလုပ်နေကြတာလဲ။ ကျင်းခွေ့ကို မြန်မြန် ဆွဲခေါ်သွားကြစမ်း။ အိမ်တော်ထိန်းကျိုးရဲ့ အလုပ်တွေ နှောင့်နှေးကုန်လိမ့်မယ်”
အနီးအနားရှိ အမျိုးသမီး အစေခံအိုကြီးတစ်ဦး ရှေ့သို့ တက်လှမ်းလာပြီး ကျင်းခွေ့ကို ဆွဲခေါ်သွားခဲ့သဖြင့် ကျင်းခွေ့က မတတ်သာတော့ဘဲ ငိုကြွေးပြီး ကျင်းရှို့ဆောင်သို့သာ ပြန်လာသည်။
ကုဝမ်ရုက ဖြူလျော်သော မျက်နှာထားဖြင့် ခုတင်ပေါ်တွင် လဲလျောင်းနေပြီး ဤအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ဒေါသတကြီးဖြင့် ဆဲရေးတိုင်းထွာလိုက်၏။
“နင်က ငိုချင်းချနေတာလား... နင့်အမေ သေလို့လား...နင့်အဖေ သေလို့လား... ငိုတယ်... ငိုတယ်... အမြဲတမ်း ငိုနေတာပဲ... နင့်ရဲ့ ငိုကြွေးသံတွေက ဘေးဒုက္ခတွေကိုပဲ သယ်ဆောင်လာတာ”
ကျင်းခွေ့က အမြန်ပင် အငိုတိတ်လိုက်ပြီး တိုးညှင်းစွာ ဆိုလိုက်သည်။
“သခင်မလေး... သမားတော်စွန်းက မိသားစုကိစ္စရှိလို့ အိမ်ပြန်သွားပါတယ်တဲ့... အိမ်တော်ထိန်းချုပ်ကြီးကျိုးက သခင်မလေးအတွက် အပြင်က သမားတော်တစ်ယောက် သွားပင့်ပေးမယ်လို့ ပြောပါတယ်”
“ဘာ...သူက ဘာမို့လို့ ဒီလောက်တောင် လုပ်ရဲ...”
ကုဝမ်ရု အလွန်အမင်း ဒေါသထွက်သွားရသဖြင့် မတ်မတ်ထိုင်ရန် ပြင်လိုက်သော်လည်း ဝမ်းဗိုက်အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုကြောင့် ခုတင်ပေါ်သို့ ပြန်လည်လဲကျသွားရသည်။
နာကျင်လွန်းလှသဖြင့် သူမ မျက်ဝန်းအစုံမှ မျက်ရည်များ စီးကျလာ၏။
‘ဘာဖြစ်လို့လဲ...ဘာဖြစ်လို့ ဒီလိုမျိုး နိမ့်ကျတဲ့ အစေခံတွေက ငါ့အပေါ် ဒီလိုမျိုးအထိ ပြုမူရဲကြတာလဲ...ငါက မြို့စားအိမ်တော်က တရားဝင်သားရဲ့ တရားဝင်ဇနီးသည်လေ...တံခါးမကြီးကနေ သိက္ခာရှိရှိ ဝင်ရောက်လာခဲ့တဲ့သူ မဟုတ်ဘူးလား’
အချိန်အတော်ကြာအောင် ငိုကြွေးပြီးနောက် သူမအနေဖြင့် ဤသို့ငိုနေခြင်းက အသုံးမဝင်မှန်း သိရှိသွားခဲ့သည်။
သူမက တုံးအလှသော ကျင်းခွေ့ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
“ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကိုယ်လုပ်တော်ပိုင်ကို အိမ်တော်ထဲ ရောက်အောင် ခေါ်ခဲ့လိုက်”
ယခုအချိန်၌ သူမ မိခင်အရင်းကသာ သူမကို ကူညီနိုင်တော့မည် ဖြစ်သည်။ သူမ ဤအတိုင်း အရှုံးမပေးလိုက်နိုင်ချေ။
“သခင်မလေးက အကျယ်ချုပ် ခံထားရတုန်းပဲလေ... ကိုယ်လုပ်တော်ပိုင်က ဒီထဲကို ဝင်လာလို့ မရပါဘူး”
ကျင်းခွေ့က တိုးညှင်းစွာ ဆိုလိုက်၏။
“နည်းလမ်းတစ်ခုခု စဉ်းစားစမ်းပါ ဝက်ဦးနှောက်ရဲ့”
ကုဝမ်ရု ဒေါသတကြီး အော်ဟစ်လိုက်သဖြင့် သူမ ဝမ်းဗိုက်ထဲမှ စူးရှသော နာကျင်မှုတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
သူမ ဝမ်းဗိုက်ကို ဖက်တွယ်ထားကာ ညည်းတွားရင်းဖြင့် ဆဲရေးတိုင်းထွာနေ၏။
ကျင်းခွေ့က “အိုး” ဟု တစ်ချက်သာ တုံ့ပြန်လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။
ကုဝမ်ရု ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေရ၏။
“နောက်နှစ်ရက်ကြာရင် သခင်မကြီးရဲ့ မွေးနေ့ရောက်ပါပြီ... အရင်တုန်းကတော့ အိမ်တော်က သူ့အတွက် ဟင်းလျာကောင်းတချို့ ချက်ပြုတ်ပေးရုံ သက်သက်ပါပဲ... အခု သခင်ကြီး ပြန်ရောက်နေပြီဆိုတော့ သခင်မကြီးအတွက် ကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ပွဲတစ်ခုခု ကျင်းပပေးချင်လား မသိဘူး”
ကျိုးချွန်းယွီ စားပွဲရှေ့တွင် မတ်တတ်ရပ်နေပြီး စွမ်းအင်များ ပြည့်လျှံနေသော သခင်ကြီးကို ကြည့်ကာ အနည်းငယ် အံ့အားသင့်နေမိသည်။
‘တကယ်ပဲ ဒီလောက်အထိတောင် ဆန်းကြယ်တာလား... အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက်ကို ပိုင်ဆိုင်ပြီးနောက်ပိုင်း ဒီလောက်အထိ နုပျိုလန်းဆန်းသွားတတ်တာလား’
မုကျွင်းယန်က သူ့စုတ်တံကို ချလိုက်သည်။
“ငါ မြန်မြန်ပြန်လာခဲ့တာကလည်း အမေရဲ့ မွေးနေ့ကို ဆင်နွှဲပေးချင်လို့ပဲ... ဒါပေမဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးပွဲကောင်း ကျင်းပဖို့ထိ မလိုပါဘူး... မိသားစုချင်းပဲ စားပွဲတစ်ဝိုင်းစာ ပြင်ဆင်လိုက်ရင် လုံလောက်ပြီ”
“ဒါဆို... ဒုတိယအိမ်တော်နဲ့ တတိယအိမ်တော်ဆီကိုရော ဖိတ်စာ ပေးပို့လိုက်ရမလား”
မုကျွင်းယန် ခဏတာမျှ စဉ်းစားလိုက်သည်။
“ပို့လိုက်ပါ... သူတို့ လာချင်ရင် လာနိုင်တယ်လို့ ပြောလိုက်... မလာရင်လည်း ဘာမှမဖြစ်ဘူး”
ကျိုးချွန်းယွီ ပိုမို၍ အံ့အားသင့်သွားရသည်။ မုမိသားစု၏ ဒုတိယအိမ်တော်နှင့် တတိယအိမ်တော်ရှိ လူများ သခင်ကြီး ရာထူးအာဏာကို ဆက်ခံခဲ့သည့်နှစ်တွင် အိမ်ခွဲရန် အတင်းအကျပ် တောင်းဆိုခဲ့ကြသည်။
သူတို့ သခင်ကြီး၏ အေးစက်ပြီး ရက်စက်လှသော အပြုအမူများကြောင့် မြို့စားအိမ်တော်အတွင်းမှ မောင်းထုတ်ခြင်းခံခဲ့ရသဖြင့် သခင်ကြီးကို အလွန်အမင်း မုန်းတီးနေကြပြီး ထိုအချိန်တည်းက အဆက်အသွယ် လုံးဝမရှိသလောက် ဖြစ်ခဲ့ကြ၏။ ယခု သခင်ကြီးက သူ၏ စရိုက်ကို ပြောင်းလဲလိုက်ပြီး ပို၍ နူးညံ့သိမ်မွေ့လာခဲ့ပြီ ဖြစ်သည်။
“ဒါကို လင်းလန်ဆောင်က ဆိုင်ရှင်ချိုးဆီ ပေးပို့လိုက်... ကျောက်စိမ်းနွေးထဲက အကောင်းဆုံး အမျိုးအစားကို အသုံးပြုခိုင်းလိုက်ပါ”
ကျိုးချွန်းယွီ မုကျွင်းယန် ယခုတင် ရေးဆွဲထားသော ပုံကို ယူကာ ကြည့်ရှုလိုက်သည်။ ၎င်းက အမျိုးသမီးသုံး ထပ်တရာပန်းပုံစံ ကျောက်စိမ်းဆံထိုးတစ်ချောင်း ဖြစ်နေခဲ့၏။
‘ဘုရားရေ... သခင်ကြီးက အမျိုးသမီးတစ်ယောက်အတွက် ဆံထိုးပုံစံကို ကိုယ်တိုင်ကိုယ်ကျ ဆွဲပေးတာတဲ့လား...မမလေးကုဟွားတော့ တကယ် ကံကောင်းတာပဲ’
ကျိုးချွန်းယွီ ထိုပုံတူပန်းချီကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် နားမလည်နိုင်သော မျက်နှာထားဖြင့် ထွက်ခွာလာခဲ့သည်။
လမ်းတစ်လျှောက်တွင် သူ့စိတ်ထဲ၌ အတွေးများ ပြည့်နှက်နေခဲ့၏။
‘ငါ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို တိတ်တိတ်လေး စပြီး ပြင်ဆင်ထားရတော့မှာလား’
ကုဟွား နိုးထလာခဲ့ချိန်တွင် သူမ မျက်ဝန်းအစုံ၌ ရေလှိုင်းငယ်လေးများကဲ့သို တောက်ပနေသော အလင်းရောင်များဖြင့် ပြည့်နှက်နေသည်။
ဤအခြေအနေကို မြင်တွေ့လိုက်ရသောအခါ တုန့်ဟွားနှင့် တုန့်ချင်းတို့ကလည်း စိတ်ထဲတွင် ပျော်ရွှင်သွားကြ၏။
သူတို့ သူမကို နေ့လယ်စာကျွေးပြီးနောက် ကျိုးကျစ်လန် ရောက်ရှိလာပြီး သူမနှင့်အတူ ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦးကိုလည်း ခေါ်ဆောင်လာသည်။
ကုဟွား ဝမ်းလျားမှောက်ထားရင်း မျက်လုံးများကို မှေးစင်းကာ သူမ နောက်ကျောပြင်ကို နေပူဆာလှုံနေခဲ့သည်။
အသံကို ကြားလိုက်ရသဖြင့် သူမ ခန္ဓာကိုယ်ကို ပင့်တင်လိုက်မိသည်။ ခြံဝင်းပြင်ပတွင် စိမ်းသက်သော အမျိုးသားတစ်ဦး မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားကာ အလျင်အမြန်ပင် ထထိုင်လိုက်မိသည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲသွားရပြီး နာကျင်လွန်း၍ အံကြိတ်ကာ ညည်းတွားလိုက်မိ၏။
ယမန်နေ့ည ဂျင်ဆင်းစွပ်ပြုတ်ကို သောက်ပြီးနောက်ပိုင်း မည်သည်ကိုမျှ မခံစားခဲ့ရသော်လည်း တစ်ရေးနိုးလာချိန်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ကြေမွပျက်စီးသွားသကဲ့သို့ ခံစားနေရသည်။
ကုဟွား ရင်ထဲ၌ မုကျွင်းယန်ကိုသာ တိတ်တဆိတ် အပြစ်တင်နေမိ၏။
ကျိုးကျစ်လန် သူမကိုကြည့်ပြီး တိုးညှင်းစွာ ရယ်မောလိုက်သည်။
ကုဟွား မျက်နှာလေး နီမြန်းသွားပြီး သူ့ကို စိုက်ကြည့်ကာ စနောက်လိုက်၏။
“ဘာကြည့်နေတာလဲ”
“နင် တစ်နေ့ထက်တစ်နေ့ ပိုပြီး လှလာတာကို ကြည့်နေတာလေ”
ကျိုးကျစ်လန်က သူမ ဘေးတွင် ဝင်ထိုင်လိုက်သည်။
ကုဟွား၏ နားရွက်ဖျားလေးများ နီမြန်းသွားရ၏။
“ကဲပါ... ငါ နင့်ကို မစတော့ပါဘူး... သခင်ကြီး ငါ့ကို ချီယန်ကို ခေါ်လာခိုင်းတာ... သူက ပြောလိုက်သေးတယ်... နင် ဘာကိစ္စပဲရှိရှိ သူ့ကို တိုက်ရိုက် အမိန့်ပေးနိုင်တယ်တဲ့”
ကုဟွားက ပြတင်းပေါက်ပြင်ပရှိ အမျိုးသားကို လှမ်းကြည့်လိုက်ပြီး တိုးညှင်းသော လေသံဖြင့် မေးမြန်းလိုက်၏။
“သူက မြို့စားကြီးအနားက ကိုယ်ရံတော်လားဟင်”
“ဟုတ်တယ်... ဒါပေမဲ့ သူက အိမ်တော်ထဲမှာ ရှိခဲတယ်... အဲဒါကြောင့် နင် ပုံမှန်အားဖြင့် သူ့ကို မြင်ရမှာ မဟုတ်ဘူး... သူက အဓိကအနေနဲ့ အပြင်ဘက်က ကိစ္စရပ်တွေကိုပဲ ကိုင်တွယ်ဖြေရှင်းတာ”
ကျိုးကျစ်လန် ဆန်းကြယ်စွာ ပြုံးလိုက်ပြီး သူမ၏ နားရွက်နားသို့ကပ်ကာ တိုးညှင်းစွာ ဆိုလိုက်၏။
“သခင်ကြီးက နင့်ကို တကယ် တန်ဖိုးထားတာပါ... သူ သခင်ကြီး ဘေးနားက အတော်ဆုံးလူတွေထဲက တစ်ယောက်လေ”
ကုဟွား၏ မျက်နှာတစ်ခုလုံး ပြန်လည်ပူနွေးသွားသည်။
သူမ အလျင်အမြန်ပင် မတ်တတ်ရပ်လိုက်ပြီး အပြင်သို့ ထွက်ကာ သူ့ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်နှုတ်ဆက်ရန် ပြင်လိုက်၏။
သို့သော် ကျိုးကျစ်လန် သူမကို ပြန်လည်ဆွဲခေါ်လိုက်သည်။
“ငါ သူ့ကို ဧည့်ခန်းမထဲကို ခေါ်လိုက်မယ်... နင်က သခင်ပဲလေ”
ကုဟွား ရင်ထဲတွင် အနည်းငယ် နာကျင်သွားရသည်။
‘ငါက သခင်တစ်ယောက်တဲ့လား...’
သူ၏ ကိုယ်ပိုင်အိမ်တော်အတွင်း၌ပင် သူမကို မည်သူမျှ သခင်တစ်ဦးကဲ့သို့ သဘောမထားခဲ့ကြချေ။
သို့သော်လည်း ဤမြို့စားအိမ်တော်အတွင်း၌ သူမက အစစ်အမှန် သခင်တစ်ယောက် ဖြစ်လာသည်။
“နင့်နာမည်က ချီယန်လား”
ကုဟွား မုကျွင်းယန်နှင့် အရပ်အမောင်းချင်း တူညီလုနီးပါး ဖြစ်သော အမျိုးသားကို မော့ကြည့်လိုက်ပြီး သခင်တစ်ဦး၏ အရှိန်အဝါမျိုး ပေါ်ထွက်လာစေရန် အတင်းအကျပ် ကြိုးစားလိုက်သည်။
အကယ်၍ ဤကဲ့သို့သော လူမျိုးက သူမအပေါ် ရင်ထဲမှ စစ်မှန်စွာ ရိုသေလေးစားမှု မရှိပါက အလုပ်ကို အပြည့်အဝ စွမ်းဆောင်ပေးမည် မဟုတ်ချေ။
“ဟုတ်ပါတယ်... အမိန့်ရှိပါ မမလေး”
ချီယန်က မျက်လုံးများကို ကြမ်းပြင်သို့သာ ငုံ့ကြည့်နေပြီး အက်ရှရှအသံဖြင့် ပြန်လည်ဖြေကြားလိုက်၏။