အခန်း ၉၂
Vol. 10 Ch. 92
အခန်း(၉၂)
ကုဟွား ကျိုးကျစ်လန်ကို လှမ်းကြည့်လိုက်သောအခါ သူမက ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။
“ငါ လုပ်စရာတွေ ရှိသေးတယ်... နင်တို့ဘာသာ စကားဆက်ပြောကြတော့နော်”
ကုဟွား၏ မျက်ဝန်းအစုံတွင် ပူနွေးသော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျိုးကျစ်လန်ကို တံခါးဝအထိ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးခဲ့၏။
ကျိုးကျစ်လန် တိုးညှင်းစွာ ဆိုလိုက်သည်။
“မကြောက်ပါနဲ့... သူ့ကိုသာ အမိန့်ပေးလိုက်... သူ သေချာပေါက် အစွမ်းကုန် ကြိုးစားပေးလိမ့်မယ်”
“အင်းပါ”
ကုဟွားက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရင်ဘတ်ကိုမတ်ကာ ခေါင်းကို မော့လျက် အခန်းထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
သူမက ထိုအမျိုးသားကို ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်သည်။
“ထိုင်ပါဦး”
ချီယန်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ပြောလိုက်သည်။
“ကျွန်တော်မျိုး မလုပ်ရဲပါဘူး... မမလေး အမိန့်သာပေးလိုက်ပါ”
ကုဟွားက သူ့ကို အတင်းအကျပ် မထိုင်ခိုင်းတော့ချေ။
သူမက တိတ်တဆိတ်ပင် စကားလုံးများကို စနစ်တကျ စီစဉ်လိုက်ပြီးနောက် ဆိုလိုက်၏။
“ကျွန်မမှာ သေသေချာချာ စုံစမ်းချင်တဲ့ လျှို့ဝှက်ကိစ္စလေးတစ်ခု ရှိတယ်... အဲဒါကို ကျွန်မအတွက် တိတ်တဆိတ် စုံစမ်းပေးဖို့ ဒုက္ခပေးချင်လို့ပါ”
ချီယန် ဘာမျှမပြောဘဲ သူမ ဆက်ပြောမည့် စကားကိုသာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
ဤသည်က ကုဟွားအနေဖြင့် ထိုမျှအထိ ထည်ဝါသော လူတစ်ယောက်ကို ပထမဆုံးအကြိမ် အမိန့်ပေးခြင်း ဖြစ်သဖြင့် သူမ၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်နေမိသည်။
လက်ကိုင်ပဝါကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သူမ၏ လက်ချောင်းလေးများက အနည်းငယ် တုန်ယင်နေခဲ့၏။
သူမက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြုလုပ်ရန်အတွက် အသက်ကို အကြိမ်ကြိမ် ခပ်ပြင်းပြင်းရှူသွင်းလိုက်ရသည်။
“ကျွန်မ... ကျွန်မက ငယ်စဉ်ကလေးဘဝတည်းက ကိုယ်လုပ်တော်မိခင်ရဲ့ ကလေးချင်း လဲလှယ်တာကို ခံခဲ့ရတယ်လို့ သံသယရှိနေမိတယ်... ကျွန်မရဲ့ မွေးမိခင်အရင်းက ကုအိမ်တော်ရဲ့ တရားဝင် ဇနီးသည် ဖြစ်လိမ့်မယ်ထင်တယ်”
ချီယန် ခေါင်းငုံ့ထားလျက် ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
မိန်းမပျိုလေး၏ အသံက ဝမ်းနည်းမှုကြောင့် တုန်ယင်နေသည်ကို ကြားလိုက်ရသောအခါ သူ မအောင့်အည်းနိုင်ဘဲ မျက်လုံးကို ညင်သာစွာ ပင့်ကြည့်လိုက်မိ၏။
မိန်းမပျိုလေးက ခေါင်းကို အနည်းငယ် ငုံ့ထားသော်လည်း သူမ မျက်ဝန်းအနားသတ်များက နီရဲနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ သူမ အမှန်တကယ်ပင် ငိုကြွေးတော့မည့် ပုံစံမျိုး ဖြစ်နေခဲ့၏။
သူမ သနားစရာကောင်းလှသော အမူအရာကြောင့် ချီယန်၏ ရင်ထဲတွင် အလွန်တရာ နေရထိုင်ရ ခက်ခဲသွားရသည်။
သူက အမျိုးသမီးများနှင့် ဆက်ဆံရသည်မှာ မရှိသလောက် အလွန်နည်းပါးလွန်းသူ ဖြစ်၏။ သခင်ကြီး သူ့ကို ဤနေရာသို့ လာရောက်ရန် အမိန့်ပေးခဲ့ပြီး သူမ မည်သူမည်ဝါဖြစ်ကြောင်းကို သူ သိရှိထားသော်လည်း သူမက ဤမျှအထိ နုနယ်ပြီး သနားစရာကောင်းသော မိန်းမပျိုလေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
‘ဒီလိုမျိုး မိန်းကလေးတစ်ယောက်က ရက်စက်ကြမ်းကြုတ်တဲ့ လူတွေရဲ့ လက်ထဲမှာ အသက်၁၇နှစ်အရွယ်အထိ ဘယ်လိုတောင် တောင့်ခံပြီး အသက်ရှင်လာခဲ့ရတာလဲ’
သူ မအောင့်အည်းနိုင်ဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။
“ကျွန်တော်မျိုး ဒီကိစ္စကို သိထားပြီးသားပါ”
ဤစကားကို ကြားလိုက်ရသောအခါ ကုဟွား ရုတ်တရက် ခေါင်းမော့ကြည့်လိုက်မိပြီး အလွန်အမင်း အံ့အားသင့်သွားရသဖြင့် မတ်တတ်ထရပ်မိလုနီးပါး ဖြစ်သွားရသည်။
“နင်... နင် သိနေတာလား။ နင်က ဘယ်လိုဖြစ်လို့ သိနေရတာလဲ”
ချီယန် : “...”
‘သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းဖို့အတွက် သခင်ကြီးက ငါ့ကို စေလွှတ်ခဲ့တယ်ဆိုတာကို ငါ ပြောပြလိုက်လို့ ရပါ့မလား’
သူ အချိန်အတော်ကြာအောင် ပြန်လည်မဖြေကြားသည်ကို မြင်သောအခါ ကုဟွား ရင်ထဲ၌ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
သူမက ဤကိစ္စကို မည်သူ့ကိုမျှ တစ်ခါမှ မပြောပြခဲ့ဖူးချေ။ သို့သော် သူ့ နှုတ်ခမ်းများ တင်းကျပ်စွာ စေ့ပိတ်ထားသဖြင့် သူမတွင် သူ့ကို ဖွင့်ဟခိုင်းနိုင်စွမ်း မရှိမှန်း ခံစားလိုက်ရသည်။
တွေးတောပြီးနောက် သူမ ဤကိစ္စကို လက်လျှော့လိုက်၏။
‘ဘာပဲဖြစ်ဖြစ် ငါ သူ့ကို စုံစမ်းခိုင်းနေတာမို့လို့ သေချာပေါက် သူက သိသွားမှာပဲလေ... အခုလို ကြိုသိနေပြီဆိုတည်းက တစ်စုံတစ်ခုကို စုံစမ်းလို့ ရထားပြီဆိုတဲ့ အဓိပ္ပာယ်ပဲမလား’
ကုဟွား အနည်းငယ် စိတ်လှုပ်ရှားသွားရ၏။
“နင် တစ်ခုခု စုံစမ်းတွေ့ရှိထားပြီလား”
“ကုဝမ်ရုရဲ့ နို့ထိန်းမိခင်...”
ကုဟွားက ရုတ်တရက် မတ်တတ်ထရပ်လိုက်မိပြီး စိတ်လှုပ်ရှားလွန်းသဖြင့် သူမ အသံပင် ပြောင်းလဲသွားခဲ့ရသည်။
“နင် သူ့ကို တွေ့ခဲ့ပြီးပြီလား”
“ဟုတ်ကဲ့”
ကုဟွား သံသယ ဝင်နေမိခြင်းကို ဂရုမစိုက်နိုင်တော့ချေ။ သူမက အလျင်အမြန်ပင် ရှေ့သို့ လှမ်းလိုက်ပြီး ချီယန်၏ ရှေ့တွင် မတ်တတ်ရပ်လိုက်မိသည်။
“နင် ဘာတွေ စုံစမ်းသိရှိထားလဲဆိုတာ ကျွန်မကို ပြောပြနိုင်မလားဟင်... ကျွန်မ... ကျွန်မ...”
နုနယ်လှသော ပန်းပွင့်လေးတစ်ပွင့်အလား လှပသော မျက်နှာလေး ရုတ်တရက် သူ့မျက်စိရှေ့သို့ ရောက်ရှိလာသည်။
ထိုမျက်ရည်ဝိုင်းနေသော မျက်ဝန်းများကို စိုက်ကြည့်လိုက်မိချိန်တွင် သူ့နှလုံးသားက စည်းချက်လွဲသွားရသဖြင့် အလျင်အမြန်ပင် နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်မိ၏။
‘ချီယွီ သူ့ကို ဘာဖြစ်လို့ မြေခွေးမလေးလို့ခေါ်ခဲ့လဲဆိုတာ အံ့သြစရာ မရှိဘူး’
တစ်ချက်ကြည့်လိုက်ရုံမျှနှင့်ပင် အမျိုးသားတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်စွမ်း ရှိသည်။
ကုဟွား ရင်ထဲ၌ ထိတ်လန့်သွားရပြီး ရှေ့သို့ နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်မံတိုးကပ်ရန် ပြင်လိုက်စဉ်၌ပင် ခန့်ညားထည်ဝါသော အရိပ်ကြီးတစ်ခု တံခါးဝဆီမှ အလျင်အမြန် လျှောက်လှမ်းလာခဲ့ပြီး သူမနှင့် ချီယန်၏ ကြားထဲတွင် ရုတ်တရက် ဝင်ရောက်ရပ်တန့်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။
“မြို့... မြို့စားကြီး... ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲဟင်”
ကုဟွား သူ၏ မည်းမှောင်နေသော မျက်နှာထားကြောင့် ထိတ်လန့်သွားပြီး စကားများပင် ထစ်အကုန်ရသည်။
မုကျွင်းယန် ချီယန့်ဆီသို့ အေးစက်လှသောအကြည့်တစ်ချက် လှမ်းကြည့်လိုက်၏။
ချီယန်၏ နဖူးပြင်ထက်တွင် မည်းမှောင်သော တိမ်တိုက်ကြီးတစ်ခု ဖြတ်သန်းသွားခဲ့သည်။
‘ငါ ဘာမှလည်း မလုပ်ခဲ့မိပါဘူး ဟုတ်တယ်မလား... မိန်းမပျိုလေး အနားတိုးကပ်လာတဲ့ အချိန်မှာတောင် ငါ နောက်ကို ခြေနှစ်လှမ်းတောင် ဆုတ်ခဲ့သေးတာပဲဟာ’
မုကျွင်းယန် လက်ကို ဆန့်ထုတ်လိုက်ပြီး ကုဟွား၏ လက်ကလေးကို ဆွဲကိုင်ကာ နူးညံ့သော ညောင်စောင်းဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
သူ ကိုယ်တိုင် ဝင်ထိုင်လိုက်ပြီးနောက် ကြောင်အမ်းအမ်း ဖြစ်နေသော မိန်းမပျိုလေးကို ဆွဲယူလိုက်၏။
ကုဟွား အလျင်အမြန်ပင် ဝင်ထိုင်လိုက်ရသည်။ သူမ၏ မျက်လုံးများက သူနှင့် ချီယန်၏ ကြားထဲတွင် ပြေးလွှားနေခဲ့ပြီး သူမကိုယ်သူမ အမှားတစ်ခုခု ပြုလုပ်ထားမိသကဲ့သို့ ခံစားနေရ၏။
ကုဟွား ခုနက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ပျက်ပြားသွားခဲ့မှန်း သတိပြုမိလိုက်သည်။
မြို့စားကြီး ချီယန်အပေါ် အထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် သူမက အလျင်အမြန်ပင် မတ်တတ်ရပ်လိုက်ပြီး ဦးညွှတ်လိုက်၏။
“ကျွန်မ အရမ်း စိတ်လှုပ်ရှားသွားလို့ပါ”
မြို့စားကြီး ရောက်ရှိလာပြီ ဖြစ်သဖြင့် သူက သူမကို အမှန်တကယ် ကူညီပေးချင်မှန်း သိသာသောကြောင့် ဖုံးကွယ်ထားရန် မလိုတော့ချေ။
“ကျွန်မက မြို့စားကြီးကို ကူညီစုံစမ်းပေးဖို့ တောင်းဆိုချင်တဲ့ ကိစ္စက... ကျွန်မရဲ့ မွေးဖွားရာ ဇာစ်မြစ်နဲ့ သက်ဆိုင်တဲ့ ကိစ္စပါ”
မျက်စိတစ်မှိတ်အတွင်း၌ပင် သူမ ကလေးချင်း လဲလှယ်ခံခဲ့ရသည့် ကိစ္စကို သူမ မည်သို့ သိရှိခဲ့ကြောင်း ရှင်းပြရန်အတွက် အကြောင်းပြချက်တစ်ခုကို တွေးတောလိုက်မိသည်။
အခန်း ၆၂
ကုဟွား စိတ်ကို တည်ငြိမ်အောင် ပြန်၍ ထိန်းချုပ်လိုက်သည်။
“ကျွန်မ အသက်၁၀နှစ်အရွယ်တုန်းက အစ်မရဲ့ နို့ထိန်းအမေနဲ့ ကိုယ်လုပ်တော်ပိုင်တို့ မမလေးတွေကို လဲထားခဲ့တယ်ဆိုပြီး တိုးတိုးတိတ်တိတ် ပြောနေကြတာကို ဝေဝေဝါးဝါး ကြားခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက အသက်ငယ်လွန်းတော့ သေသေချာချာ နားမလည်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့... ကိုယ်လုပ်တော်ပိုင်နဲ့ အစ်မတို့က ကျွန်မကို ရန်လိုမုန်းတီးမှုတွေ ပိုပြီးပြလာတာကို ခံစားရပြီးတဲ့နောက်မှပဲ... အဲဒီနှစ်က ကျွန်မ ဝိုးတဝါး ကြားခဲ့ရတဲ့ စကားတွေကို ပြန်သတိရသွားခဲ့တာပါ။ အစ်မရဲ့ နို့ထိန်းအမေက ကိုယ်လုပ်တော်ပိုင်ရဲ့ မိဘအိမ်ကပါလာတဲ့ အစေခံလေ။ ပြီးတော့ ယန်ကျစ်ရဲ့ အမေရင်းပါ။ သူ့ရဲ့ ခင်ပွန်းက ကုအိမ်တော်ရဲ့ အပြင်ခြံဝင်း စီမံခန့်ခွဲသူ ဖြစ်ခဲ့တာပါ။ ယန်ကျစ်ရဲ့ အဖေက မနှစ်က ကွယ်လွန်သွားခဲ့ပြီး နို့ထိန်းအမေကလည်း ပြီးခဲ့တဲ့နှစ်မှာပဲ အပြင်းအထန် ဖျားနာခဲ့ပါတယ်။ ကိုယ်လုပ်တော်ပိုင် အထိန်းတော်ကြီးကို နောက်ဆုံးအချိန်မှာ အေးအေးချမ်းချမ်း နေထိုင်နိုင်ဖို့အတွက် အိမ်တစ်လုံး ပေးမယ်လို့ ပြောခဲ့တာပါ။ ဒါမှပဲ ယန်ကျစ်က အစ်မအနားမှာ စိတ်အေးလက်အေးနဲ့ ပြုစုလုပ်ကျွေးနိုင်မှာ ဆိုပြီးတော့လေ။ ပြီးတော့ ယန်ကျစ်ကို ကြီးကျယ်ခမ်းနားတဲ့ တင်တောင်းပစ္စည်းလက်ဆောင်တွေ စီစဥ်ပေးပြီးတော့ သူ့ရဲ့ငယ်ချစ်ဦး ဝမ်းကွဲအစ်ကိုနဲ့ လက်ထပ်ပေးပါ့မယ်လို့လည်း ကတိပြုခဲ့ပါသေးတယ်”
“ထိုင်ပြီး စကားပြောပါ”
မုကျွင်းယန် သူမကို အကြည့်တစ်ချက် ပေးလိုက်၏။
ထို့နောက် သူက ချီယန်ဘက်သို့ လှည့်လာခဲ့ပြီး ပုံမှန်အတိုင်း အမိန့်ပေးလိုက်သည်။
“မင်း စုံစမ်းသိရှိထားသမျှကို အမှန်အတိုင်း အစီရင်ခံလိုက်”
“ဟုတ်ကဲ့ပါ”
ချီယန် အလွန် လျင်မြန်သော လေသံဖြင့် စကားပြောလာ၏။
“နို့ထိန်းအမေက ကိုယ်လုပ်တော်ပိုင်ရဲ့ မင်္ဂလာခန်းဝင်ပစ္စည်း ပိုင်ဆိုင်မှုထဲမှာပါထားတဲ့ လယ်တောအိမ်ထဲမှာ အကျယ်ချုပ် ချုပ်ခံထားရတာပါ။ သူက လက်ရှိအချိန်မှာ ကုသလို့မရတော့တဲ့ ရောဂါဝေဒနာကို ခံစားနေရပြီး ပြုစုစောင့်ရှောက်မဲ့သူလည်း မရှိပါဘူး။ သူရဲ့ ဝန်ခံချက်အရဆိုရင် သခင်မကြီးဝမ် ကလေးမွေးဖွားချိန်တုန်းက သူက ဝမ်းဆွဲသည်ကို မူးအောင်လုပ်ပြီးတော့ ကလေးမွေးဖို့ တာဝန်လွှဲပြောင်းယူခဲ့တာပါတဲ့...ကလေးကို ရေချိုးပေးနေတုန်းမှာ ကိုယ်လုပ်တော်ပိုင် တစ်နာရီကြိုမွေးပြီး ရေချိုးခန်းထဲမှာ ဝှက်ထားခဲ့တဲ့ ကလေးကို တိတ်တိတ်လေး လဲလိုက်ပြီးတော့... သခင်မကြီးဝမ်ရဲ့ သမီးအရင်းကို သူ့ ခင်ပွန်းကနေတစ်ဆင့် ကိုယ်လုပ်တော်ပိုင်ဆီ ပေးပို့ခိုင်းခဲ့တာပါတဲ့”
ကုဟွားက ဤဖြစ်စဉ်ကို ခန့်မှန်းထားပြီး ဖြစ်သော်လည်း သူမ နားဖြင့် အတိုင်းသား ကြားသိလိုက်ရချိန်တွင် လက်ခံရန် အလွန်ခက်ခဲလွန်းလှသည်။
သူမ၏ မျက်ဝန်းများထဲတွင် ချက်ချင်းပင် မျက်ရည်များ ပြည့်နှက်လာ၏။
သူမ ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ရန်အတွက် နှုတ်ခမ်းများကို ပြင်းထန်စွာ ကိုက်ထားလိုက်မိသည်။
ယမန်နေ့ညက အလွန်အမင်း စုပ်ယူခြင်းခံထားရသဖြင့် အနည်းငယ် ဖူးယောင်နေသော နှုတ်ခမ်းအရေပြားလေးက အလွန်ပါးလွှာနေခဲ့မှန်း သူမ လုံးဝမေ့လျော့နေခဲ့၏။ သွားနှင့် ပြင်းထန်စွာ ဖိကိုက်မိသဖြင့် သွေးများ စီးကျလာခဲ့သော်လည်း သူ နာကျင်မှုကို မခံစားမိချေ။
မုကျွင်းယန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“လွှတ်လိုက်”
ကုဟွားက ထိုစကားကို မကြားဘဲ ချီယန် ဆက်ပြောမည့် စကားကိုသာ စူးစိုက်ကြည့်ရင်း စောင့်ဆိုင်းနေမိသည်။
မုကျွင်းယန်က လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ မေးစေ့ကို တင်းကျပ်စွာ ဆွဲကိုင်ကာ သွားကို အတင်းအကျပ် လွှတ်ပေးလိုက်စေ၏။
ချီယန် အလျင်အမြန်ပင် ခေါင်းငုံ့လိုက်ရသည်။
သူ အဘယ်ကြောင့် ရုတ်တရက်ကြီး သူမအပေါ် အင်အားအသုံးပြုလာရသည်ကို နားမလည်နိုင်သော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်မိ၏။
“မင်း သွေးထွက်နေပြီ”
မုကျွင်းယန် မနှစ်မြို့သော မျက်နှာထားဖြင့် သူ၏ လက်မကို အသုံးပြုကာ သူမ နှုတ်ခမ်းပေါ်ရှိ သွေးများကို တိုက်ရိုက်သုတ်ဖယ်ပေးလိုက်ပြီးမှ သူ၏ လက်ကိုင်ပဝါဖြင့် ပြန်လည်သန့်စင်လိုက်သည်။
ကုဟွား၏ တင်းကျပ်နေသော အာရုံကြောများ ရုတ်တရက် လျော့ကျသွားခဲ့ရပြီး မျက်ရည်များ တသွင်သွင် စီးကျလာခဲ့၏။
မုကျွင်းယန် ရေနွေးတစ်ခွက် ငှဲ့လိုက်ပြီး သူမထံသို့ ကမ်းပေးလိုက်သည်။
“သောက်လိုက်”
ကုဟွားက သူမ၏ မျက်ရည်များကို အတင်းအကျပ် ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သူမ ရေနွေးခွက်ကို ယူဆောင်ကာ နှုတ်ခမ်းဝသို့ ကပ်လိုက်သော်လည်း မျက်ရည်များက ရေနွေးခွက်ထဲသို့ အလိုအလျောက် ကျသွားခဲ့ရ၏။
ရင်ထဲတွင် ပိတ်ဆို့နေသော ဒေါသအရှိန်ကြောင့် လည်ချောင်းဝတွင် တစ်ဆို့နေခဲ့ပြီး နှလုံးသားတစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ နာကျင်လွန်းလှသည်။
မုကျွင်းယန် ကုဟွား တိတ်တဆိတ် ငိုကြွေးနေပြီး ဖြူစင်လှသော မျက်နှာလေး နီမြန်းနေသည်ကို ငြိမ်သက်စွာ စိုက်ကြည့်နေမိ၏။
“အပြင်မှာ သွားစောင့်နေ”
ချီယန် ချက်ချင်းပင် လှည့်ကာ ထွက်ပြေးသွားသည်။
ကုဟွား၏ ရေနွေးခွက်ကို ကိုင်ဆောင်ထားသော လက်လေးများက တုန်ယင်နေခဲ့ပြီး နှာခေါင်းလေး ရှုံ့ကာ အသက်ကို အသက်ရှူကျပ်သည်အထိ အတင်းအကျပ် အောင့်ထားမိသည်။
ရုတ်တရက် သူမ အမြင်အာရုံတစ်ခုလုံး မှောင်မိုက်သွားရ၏။
ရေနွေးခွက်ကို သူမ၏ လက်ထဲမှ အတင်းအကျပ် လွှတ်ပေးလိုက်ရပြီး လက်ဖဝါးကြီးတစ်ဖက်က သူမ၏ ခန္ဓာကိုယ်လေးကို ပူနွေးလှသော ရင်ခွင်ကျယ်ကြီးထဲသို့ ဆွဲသွင်းဖိကပ်ထားလိုက်သည်။
သူက သူမကို နူးညံ့လှသော လေသံဖြင့် ချော့မြှူလာ၏။
“ငိုချပစ်လိုက်... အောင့်မထားနဲ့။ ငိုလိုက်ရင် ရင်ထဲမှာ ပိုပြီးတော့ နေရသက်သာသွားလိမ့်မယ်”