← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း(၉၃)

ကုဟွား ခေါင်းကို သူ့ရင်ခွင်ထဲတွင် မြှုပ်နှံထားလိုက်မိသည်။

တစ်ခါမျှ မကြားဖူးခဲ့သော သူ့နူးညံ့သော လေသံကို ကြားလိုက်ရချိန်၌ ဘဝနှစ်ခုစာ ခံစားခဲ့ရသမျှ မတရားမှုများနှင့် သေခြင်းတရားကို ရင်ဆိုင်ခဲ့ရစဉ်က စိတ်ပျက်အားငယ်မှုများ ပေါင်းစပ်သွားခဲ့ပြီး သူမရင်ထဲမှ ဝမ်းနည်းပူဆွေးမှုများက တားဆီး၍မရနိုင်လောက်အောင် ပေါက်ကွဲထွက်လာရသည်။

သူမက သူ့ခါးကို တင်းကျပ်စွာ သိုင်းဖက်လိုက်ပြီး အသံကုန် အော်ဟစ်ငိုကြွေးပစ်လိုက်၏။

ထိုငိုကြွေးသံက ကြားရသူတိုင်းကို ရင်ကွဲမတတ် ခံစားရစေသည်။

မုကျွင်းယန် နှလုံးသားက ဓားဖြင့် အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ နာကျင်သွားရ၏။

တံခါးပြင်ပတွင် ရပ်နေသော ချီယန်သည် သံမဏိကဲ့သို့ မာကျောလှသော နှလုံးသား ရှိသူဖြစ်သော်လည်း မိန်းမပျိုလေး၏ ပြင်းထန်လှသော ငိုကြွေးသံကို ကြားရချိန်တွင် သူမ ယခင်က မည်ကဲ့သို့သော ဘေးဒုက္ခများ ခံစားခဲ့ရသည်ကို မခန့်မှန်းနိုင်လောက်အောင်ပင် ဖြစ်သွားရ၏။

မုကျွင်းယန် လက်တစ်ဖက်ဖြင့် သူမ၏ ခေါင်းလေးကို ညင်သာစွာ ဖိကပ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ နောက်ကျောပြင်ကို ပွတ်သပ်ပေးနေမိသည်။

သူ နောက်ဆုံး၌ သိရှိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူမသာ အန္တရာယ်ကို ကြိုတင်မခံစားမိ၍ သတ္တိကို မမွေးမြူမိဘဲ သူမ၏ ဖြူစင်မှုကို လက်လွှတ်ကာ သူ့ထံသို့ လာရောက် အကာအကွယ်မတောင်းခံခဲ့လျှင် သူမအနေဖြင့် အသက်ရှင်သန်နိုင်ရန် လုံးဝ လွယ်ကူမည် မဟုတ်ချေ။

ဤအချိန်တွင် မုကျွင်းယန်၏ ရင်ခွင်ထဲရှိ ကုဟွားက နွေးထွေးမှုကို ခံစားလိုက်ရသည်။

သူ၏ ညင်သာသော ချော့မြှူမှုနှင့် ငိုချပစ်လိုက်ပါဆိုသည့် စကားလုံးများက သူမကို စိတ်လှုပ်ရှားစေပြီး ဝမ်းနည်းစေခဲ့ရ၏။

အချိန်အတော်ကြာအောင် ငိုကြွေးပြီးနောက် ကုဟွား သူမ၏ ခံစားချက်အားလုံးကို အပြည့်အဝ ဖွင့်ချပစ်လိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

သူ၏ သန်မာပြီး တည်ငြိမ်နေသော နှလုံးခုန်သံကို နားထောင်ရင်း သူမက ဖြည်းဖြည်းချင်း တည်ငြိမ်သွား၏။

အတိတ်ဘဝ၌ သူမ ဘယ်နှကြိမ်မျှ ပြင်းထန်စွာ ငိုကြွေးခဲ့ရမှန်း မသိချေ။

အသနားခံခြင်း၊ လိမ္မာယဉ်ကျေးခြင်းနှင့် နှိမ့်ချခြင်းတို့က သူမ အသက်ကို မကယ်တင်နိုင်ခဲ့ပေ။

သူမက မျက်ရည်အများကြီး ကျခဲ့ရဖူးသည်။ ဤဘဝတွင် သူမ လုံးဝ ပြင်းပြင်းထန်ထန် မငိုကြွေးခဲ့ချေ။

ငိုကြွေးခြင်းက လုံးဝ အသုံးမဝင်မှန်း သူမ သိရှိထားသည်။

ကိုယ့်ကိုယ်ကိုယ် လွတ်လပ်အောင် ပြုလုပ်ခြင်း၊ သန်မာအောင် ပြုလုပ်ခြင်းနှင့် အသက်ရှင်သန်နိုင်မည့် လမ်းစတစ်ခုကို အစွမ်းကုန် ရုန်းကန်ရှာဖွေခြင်းဖြင့်သာ သူမကို ထိခိုက်အောင် ပြုလုပ်ခဲ့သူများကို သူတို့ ပြုလုပ်ခဲ့သော အကုသိုလ်ကံအတိုင်း ပြန်လည်ခံစားရအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။

သူမ အငိုတိတ်သွားသည်ကို မြင်သောအခါ မုကျွင်းယန် သူမကို လက်ကိုင်ပဝါ ကမ်းပေးလိုက်သည်။

ကုဟွားက ၎င်းကို ယူဆောင်ကာ မျက်ရည်များကို သုတ်လိုက်မိ၏။

ရုတ်တရက် သူမ၏ အကြည့်များက ရပ်တန့်သွားရသည်။

မုကျွင်းယန် ဝတ်ဆင်ထားသော အဝတ်အစားများ၏ ရှေ့ဘက်နေရာတစ်နေရာ၌ သူမ၏ နှာရည်များနှင့် မျက်ရည်များကြောင့် အကွက်ကြီးဖြစ်ပြီး စိုစွတ်နေခဲ့သည်။

သူမ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းမော့ကြည့်လိုက်မိပြီး တိုးညှင်းသော လေသံလေးဖြင့် ဆိုလိုက်၏။

“မြို့စားကြီးရဲ့ အဝတ်အစားတွေ စိုကုန်ပြီ... ဒီကိုယ်လုပ်တော်ကို အဝတ်အစား လဲပေးခွင့်ပြုပါလားဟင်”

မုကျွင်းယန်က သူမ၏ နဖူးပြင်ထက်ရှိ ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်သည်။

“ကိစ္စမရှိပါဘူးကွာ... အရေးကြီးတဲ့ ကိစ္စကို အရင်လုပ်ကြတာပေါ့”

သူမ၏ မျက်ရည်များ ကျသွားခဲ့သော ရေနွေးများကို သူက သွန်ပစ်လိုက်ပြီး နောက်ထပ် ရေနွေးတစ်ခွက် ထပ်မံငှဲ့ပေးလိုက်သည်။

“သောက်လိုက်ဦး”

ကုဟွားက ခွက်ကို ယူဆောင်ကာ တစ်ငုံချင်းစီ သောက်သုံးနေခဲ့ပြီး ရင်ထဲ၌ အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးနေမိ၏။

မုကျွင်းယန် သူမအပေါ် အလွန်ကောင်းမွန်လှသည်။ ကောင်းမွန်လွန်းလှသဖြင့် သူမ အနည်းငယ်ပင် ထိတ်လန့်နေမိ၏။

သူမ သူ့အနားမှ ထွက်ခွာသွားရန် မပြတ်သားနိုင်မည်ကို စိုးရိမ်နေမိသည်။

သူမထွက်ခွာသွားခြင်းက သူ့ကို ဒေါသထွက်စေမည်ကိုလည်း ကြောက်ရွံ့နေမိ၏။

“ဝင်လာခဲ့”

ချီယန် ချက်ချင်းပင် ဝင်ရောက်လာသည်။ သူ၏ မျက်လုံးထောင့်စွန်းမှတစ်ဆင့် မိန်းမပျိုလေး၏ မျက်ဝန်းများ နီမြန်းပြီး ဖူးယောင်နေသည်ကို မြင်တွေ့လိုက်ရ၏။ အလွန်ပင် သနားစဖွယ် ကောင်းလှသည်။

သခင်ကြီး၏ အကြည့်များ သူ့ထံသို့ ကျရောက်လာသည်ကို ခံစားလိုက်ရသဖြင့် သူက အလျင်အမြန်ပင် ခေါင်းငုံ့လိုက်ပြီး သူ့ခြေဖျားကိုသာ စိုက်ကြည့်နေမိ၏။

မုကျွင်းယန် နေရာ၌ ပြန်ထိုင်လိုက်သည်။

“ဆက်ပြော”

“ကျွန်တော်မျိုး အစကတော့ အဲဒီလူကို အိမ်တော်ထဲ ခေါ်ဆောင်လာဖို့ ပြင်ခဲ့ပေမဲ့ နောက်တစ်နေ့မှာပဲ သူ သေဆုံးသွားတာကို တွေ့ခဲ့ရပါတယ်”

ကုဟွား ရုတ်တရက် ခေါင်းမော့ကြည့်လိုက်မိသည်။

“နင် ပြောချင်တာက အစ်မရဲ့ နို့ထိန်းအမေက သေသွားပြီပေါ့ ဟုတ်လား”

“ဟုတ်ပါတယ်... သူ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချပြီး သတ်သေခဲ့တာပါ”

“မတော်တဆလား... ဒါမှမဟုတ် လုပ်ကြံခံရတာလား”

မုကျွင်းယန် ကုဟွားရင်ထဲမှ သံသသများကို ကိုယ်စား မေးမြန်းလိုက်သည်။

“ဒါက အမှန်တကယ်ပဲ ကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့တာပါ”

ချီယန် သူ့အင်္ကျီလက်အတွင်းမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။

“ဒါပေမဲ့ သူ သမီးဖြစ်သူအတွက် ဒီစာတစ်စောင်ကို ချန်ထားပေးခဲ့ပါတယ်”

ကုဟွား ၎င်းကို ယူဆောင်ရန်အတွက် အလျင်အမြန် မတ်တတ်ထရပ်လိုက်မိသည်။

ထိုစာက ပိတ်ထားခြင်း မရှိချေ။ ဆွဲထုတ်ကြည့်လိုက်ချိန်တွင် ၎င်းက အမှန်တကယ်ပင် တွန့်လိမ်နေသော စာလုံးခြောက်လုံးသာ ပါဝင်သည့် သွေးစာတစ်စောင် ဖြစ်နေခဲ့၏။

‘အဖေနဲ့ အမေ့အတွက် ကလဲ့စား ချေပေးပါ’

ကုဟွားက ရုတ်တရက် နားလည်သွားခဲ့ရသည်။

“ယန်ကျစ်ရဲ့ မိဘနှစ်ပါးလုံးကို ကိုယ်လုပ်တော်ပိုင်က သတ်ပစ်ခဲ့တာများ ဖြစ်နေမလား”

“ကျွန်တော်မျိုး အခင်းဖြစ်ပွားရာနေရာကို ရှာဖွေခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ သက်သေမရရှိသေးပါဘူး”

ချီယန်က အမှန်အတိုင်း ဖြေကြားလိုက်သည်။

“နှုတ်ပိတ်လိုက်တာပဲ”

ကုဟွားက မုကျွင်းယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“မြို့စားကြီး ပြောချင်တာ ကိုယ်လုပ်တော်ပိုင်က သက်သေတွေကို နှုတ်ပိတ်လိုက်တာလားဟင်”

“ကိုယ် စိုးရိမ်မိတာက... အဲဒီနှစ်က ကိစ္စရပ်တွေကို သိထားတဲ့လူမှန်သမျှကို သူက အားလုံး စီရင်ပစ်လိုက်ပြီ ထင်တယ်။သူက အထိန်းတော်ကြီးကို အသက်ရှင်လျက် ချန်ထားခဲ့တာကလည်း ယန်ကျစ်ကို ထိန်းချုပ်ဖို့နဲ့ ကုဝမ်ရုရဲ့ လူယုံတစ်ယောက် ဖြစ်လာအောင် လုပ်ဖို့အတွက်ပဲ ဖြစ်လိမ့်မယ်”

မုကျွင်းယန်၏ စကားလုံးများကြောင့် ကုဟွား ကြောင်အမ်းသွားခဲ့ရသည်။

‘ဒါဆို ငါ့အမေအရင်းရဲ့ သမီးအရင်းဖြစ်ကြောင်း သက်သေပြဖို့အတွက် မျက်မြင်သက်သေရော သက်သေအထောက်အထားပါ ဘာမှမကျန်တော့ဘူးပေါ့’

ကုဟွား၏ မျက်ဝန်းများက တစ်ဖန် ပြန်လည်နီမြန်းလာခဲ့ရပြန်သည်။

မုကျွင်းယန် စကားလမ်းကြောင်းကို လွှဲပြောင်းလိုက်သည်။

“နောက်ထပ် ကိစ္စတစ်ခုကို စုံစမ်းစစ်ဆေးတာရော ဘယ်လိုလဲ”

ကုဟွား၏ အာရုံစိုက်မှုက ပြောင်းလဲသွားခဲ့ရပြီး ချီယန်ကို ကြောင်အမ်းအမ်းဖြင့် လှမ်းကြည့်လိုက်မိ၏။

‘သူတို့က ငါနဲ့ သက်ဆိုင်တဲ့ တခြားကိစ္စတစ်ခုခုကိုများ စုံစမ်းသိရှိထားကြတာလား’

ချီယန် : “သခင်ကြီးကို လျှောက်တင်ရရင်... သခင်ကြီး မြို့တော်ကို ပြန်ရောက်လာခဲ့တဲ့နှစ်က လုပ်ကြံခံရပြီး အနောက်တောင်ဘက် ဆင်ခြေဖုံးက ပျက်စီးနေတဲ့ ဘုရားကျောင်းအိုကြီးထဲမှာ ပုန်းအောင်းနေခဲ့စဉ်တုန်းက သခင်ကြီး တွေ့ဆုံခဲ့ရတဲ့သူက သခင်မလေးမဟုတ်ဘဲ မမလေးဟွား ဖြစ်ပါလိမ့်မယ်”

ကုဟွား နားမလည်နိုင်သော မျက်နှာထားဖြင့် ကြည့်လိုက်မိသည်။

“လုပ်ကြံခံရတာလား”

ရုတ်တရက် သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရပြီး မုကျွင်းယန်ကို စိုက်ကြည့်ရင်း လွှတ်ခနဲ ပြောလိုက်မိသည်။

“အဲဒီတုန်းက အနောက်တောင်ဘက် ဆင်ခြေဖုံးက ဘုရားကျောင်းအိုကြီးထဲမှာ ရှိနေခဲ့တဲ့သူက မြို့စားကြီးလားဟင်... လုပ်ကြံခံခဲ့ရလို့ အဲဒီထဲမှာ ပုန်းနေခဲ့တာလား”

မုကျွင်းယန်က အဖြေကို ကြိုတင်သိရှိထားပြီး ဖြစ်သော်လည်း သူမကိုယ်တိုင် ဝန်ခံလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

သူ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်သည်။

“ဒါဆို မင်းကရော ဘာဖြစ်လို့ အဲဒီဘုရားကျောင်းအိုကြီးထဲမှာတစ်ယောက်တည်း ပေါ်လာခဲ့ရတာလဲ”

ကုဟွား တိုးညှင်းသော လေသံဖြင့် ဆိုလိုက်၏။

“ကိုယ်လုပ်တော်ပိုင်က ကျွန်မ စကားမနားထောင်ဘူးဆိုပြီး အပြစ်ပေးတဲ့အနေနဲ့ အဲဒီနေရာမှာ စွန့်ပစ်ထားခဲ့တာပါ”

မုကျွင်းယန် မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါဆို မင်းဆီက ပေါက်စီတစ်ဝက်ကရော ဘယ်ကရခဲ့တာလဲ”

ကုဟွားက တွေဝေသွားခဲ့ရပြီး သူ့ကို မကြည့်ရဲဘဲ အကြည့်များကို ရှောင်လွှဲထားမိသည်။

သူမက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“အဲဒါ... အဲဒါက ခွေးတစ်ကောင်ရဲ့ ပါးစပ်ထဲကနေ လုယူခဲ့တာပါ”

မုကျွင်းယန် : “...”

‘ကောင်းပြီလေ’

‘ငါ ခွေးစာ စားခဲ့ရတာပဲ’

“မင်း အဲဒီတုန်းက အသက်ဘယ်လောက်ရှိပြီမို့လို့ ခွေးပါးစပ်ကနေတောင် အစာလုရဲရတာလဲ”

မုကျွင်းယန်၏ မျက်နှာထက်တွင် မယုံနိုင်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

ကုဟွားက မျက်နှာလေး အနည်းငယ် နီမြန်းသွားရပြီး တိုးညှင်းစွာ ဆိုလိုက်၏။

“ကျွန်မ ငယ်ငယ်တုန်းက သတ္တိ တော်တော်လေး ကောင်းပါတယ်... ကျွန်မ... ကျွန်မ ကျောက်ခဲနဲ့ ပစ်ပေါက်ပြီး အဲဒီခွေးကို မောင်းထုတ်ခဲ့တာပါ”

အသက်ငါးနှစ်အရွယ် ကလေးပေါက်စလေး၏ သတ္တိက အမှန်တကယ်ပင် မဆိုးလှချေ။ လက်ရှိအချိန်ထက် ပို၍ပင် သတ္တိကောင်းလှသည်။

မုကျွင်းယန်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ကုဟွားက နေရခက်သွားသည်။

သူမက သူ့ကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်မိသည်။

“မြို့...မြို့စား ... မြို့စားကြီးရဲ့ ကျောက်စိမ်းဆွဲပြားလေးက ပျောက်သွားပါပြီ”

မုကျွင်းယန်က ၎င်းကို မည်သူယူဆောင်သွားခဲ့မှန်း သေချာပေါက် သိရှိပြီးသား ဖြစ်သည်။

မဟုတ်လျှင် ကုဝမ်ရုအနေဖြင့် မုအိမ်တော်သို့ သခင်မလေးအဖြစ် လက်ထပ်ဝင်ရောက်နိုင်စွမ်း ရှိမည် မဟုတ်ချေ။

သို့သော်လည်း ယခုပြန်တွေးကြည့်လျှင် ၎င်းက ကောင်းမွန်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။

မဟုတ်လျှင် မုအန်းအတွက် သူ တောင်းရမ်းပေးရမည့် အိမ်ထောင်ဖက်က ဤမိန်းမပျိုလေး ဖြစ်နေလိမ့်မည်။

ဤဖြစ်နိုင်ခြေကို တွေးတောမိလိုက်ချိန်တွင် မုကျွင်းယန်၏ နှလုံးသားက တုန်လှုပ်သွားပြီး ရင်ထဲတွင် ဝမ်းမြောက်သော ခံစားချက်တစ်ခု ထွက်ပေါ်လာ၏။

သူ မျက်နှာကို တည်ထားရင်း ပြောလိုက်သည်။

“ဒါက မုမိသားစုရဲ့ ဘိုးဘွားစဉ်ဆက် အမွေအနှစ်ကို မင်းက ပျောက်အောင် လုပ်ပစ်လိုက်တာလား”

ကုဟွား ထိတ်လန့် တုန်လှုပ်စွာ မတ်တတ်ရပ်လိုက်မိသည်။

“ဒါ... ဒါဆို ဒီကိုယ်လုပ်တော်က ငွေသားနဲ့ ပြန်လည်လျော်ပေးပါ့မယ်။ ဒါပေမဲ့ အဲဒီကျောက်စိမ်းက ငွေဘယ်လောက် တန်ဖိုးရှိလဲဟင်”

သူမ၏ ဦးခေါင်းလေးက ပိုမို၍ ငုံ့ကျသွားခဲ့ရပြီး အသံလေးကလည်း ခြင်လေး တဝီဝီ မြည်သံကဲ့သို့ သေးငယ်သွားခဲ့ရ၏။

မုကျွင်းယန်က နှုတ်ခမ်းများ ကွေးညွတ်သွားခြင်းကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်။

“ငွေသား တစ်ထောင်”

“အာ”

ကုဟွား၏ လှပသော မျက်ဝန်းအစုံက ပြူးကျယ်သွားခဲ့ရပြီး သူ့ကို မယုံကြည်နိုင်သကဲ့သို့ စိုက်ကြည့်လိုက်မိသည်။

‘ငွေသားတစ်ထောင် ဟုတ်လား’

ပိုင်ရိ သူမကို ပေးခဲ့သော ငွေသားတစ်ထောင်က လျော်ကြေးပေးရန်အတွက် ကွက်တိ ဖြစ်နေခဲ့သည်။

‘ဝူးဝူးဝူး... ငါ့ရဲ့ ငွေတစ်ထောင်လေး...’

သူမ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ဘဲ ဖြစ်နေခဲ့ရသည်။

“ဒီ... ဒီကိုယ်လုပ်တော်က ပြန်လျော်ပေးပါ့မယ်”

မုကျွင်းယန် မည်သည့်အားနာမှုမျှမရှိဘဲ တစ်ချက်သာ တုံ့ပြန်လိုက်၏။

“အမ်း”

ကုဟွား ရင်ထဲတွင် သွေးချင်းချင်းနီအောင် ခံစားလိုက်ရသည်။

“မင်း ကလေးချင်း လဲလှယ်ခံခဲ့ရတယ်ဆိုတာကို သက်သေပြနိုင်မဲ့ မျက်မြင်သက်သေတစ်ဦး ကျန်ပါသေးတယ်... ဒါက မင်း သူ့ကို ဘယ်လိုအသုံးချမလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာ”

မုကျွင်းယန်၏ စကားလုံးများကြောင့် ကုဟွား ငွေကိစ္စကို ချက်ချင်းပင် မေ့လျော့သွားခဲ့ရ၏။

“ဘယ်သူလဲဟင်”

“ယန်ကျစ်”

“သူ မသေသေးဘူးလား”

ကုဟွား အံ့အားသင့်သွားရသည်။

“သူ့ကို မင်းအတွက်သီးသန့် အသက်ရှင်လျက် ချန်ထားပေးခဲ့တာ... ဒါပေမဲ့ နောက်ထပ် ရက်နည်းနည်းလောက် ထပ်စောင့်ရဦးမယ်။ သူ့ ဒဏ်ရာတွေက မသက်သာသေးလို့ စကားမပြောနိုင်သေးဘူး”

မုကျွင်းယန်၏ ပုံမှန်အားဖြင့် နက်ရှိုင်းပြီး အေးစိမ့်လှသော မျက်ဝန်းအစုံတွင် နူးညံ့သိမ်မွေ့သော အလင်းရောင်များ ယှက်သန်းနေခဲ့သည်။

သူ မိန်းမပျိုလေး၏ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော အမူအရာလေးအား မြင်ရသည်ကို အလွန်နှစ်သက်လှသည်။

ကုဟွား ရုတ်တရက် တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့ရ၏။

သူက သူမအတွက် ဤမျှအထိ သေသေချာချာ စဉ်းစားပေးထားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ကုဟွား ရိုသေစွာ ဒူးထောက်လိုက်ပြီး ကြီးကျယ်ခမ်းနားစွာ ဂါရဝပြုလိုက်သည်။

“ကုဟွား... မြို့စားကြီးရဲ့ ကြီးမားလှတဲ့ ကရုဏာနဲ့ ကျေးဇူးအတွက် အရိုအသေပြုပြီး ကျေးဇူးတင်ရှိကြောင်း ပြသပါတယ်”

ထိုအချိန်၌ မုကျွင်းယန်၏ မျက်ဝန်းထဲမှ နူးညံ့မှုများ ချက်ချင်းပင် ပျောက်ကွယ်သွား၏။

‘အရမ်းယဥ်ကျေးလွန်းတယ်’

All Chapters