← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း(၉၄)

ချီယန် ထွက်ခွာသွားပြီးနောက် အခန်းထဲတွင် မုကျွင်းယန်နှင့် ကုဟွားတို့ နှစ်ဦးတည်းသာ ကျန်ရှိနေခဲ့သည်။

ကုဟွား ခေါင်းကို ငုံ့ထားမိပြီး ရင်ထဲ၌ အတွေးပေါင်းစုံ ရှုပ်ထွေးနေခဲ့၏။

အခြေအနေကို ပြန်လည်သုံးသပ်ကြည့်ပြီးနောက်မှသာ မုကျွင်းယန် သူမ နောက်ကြောင်းကို စုံစမ်းရန်အတွက် လူလွှတ်ထားခဲ့သည်မှာ ကြာလှပြီဖြစ်ကြောင်းနှင့် သူမ ကလေးဘဝတည်းက အဆင့်အတန်းချင်း လဲလှယ်ခံခဲ့ရကြောင်းကို သူ ကြိုတင်သိရှိထားပြီးဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။

‘ဒါဆိုရင်...’

‘မနေ့ညက ငါ သူ့နဲ့ အလကားသက်သက် အိပ်လိုက်မိတာ မဟုတ်ဘူးလား’

မုကျွင်းယန်က သူမ၏ စိတ်ဓာတ်ကျနေသော အမူအရာလေးကို စိုက်ကြည့်နေမိသည်။

ဤသည်ကလည်း မထူးဆန်းပါချေ။

ယမန်နေ့ညက သူမ အပြင်းအထန် လှုပ်ရှားခဲ့ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနယ်နေလိမ့်မည် ဖြစ်သည်။

ယနေ့တွင်လည်း သူမ သနားစရာကောင်းသော ဘဝအခြေအနေမှာ တစ်စုံတစ်ယောက်၏ လုပ်ကြံဖန်တီးမှုကြောင့် ဖြစ်ရမှန်း သိရှိလိုက်ရသည်။

သူကိုယ်တိုင်ပင် လက်ခံရန် ခက်ခဲလှသည်မို့ ဤမျှ နုနယ်သော မိန်းမပျိုလေးတစ်ဦးအတွက် ပို၍ပင် ဆိုဖွယ်ရာမရှိချေ။

“ဒီနားကို လာခဲ့”

ကုဟွား ကြောင်အမ်းအမ်းဖြင့် ခေါင်းမော့ကြည့်လိုက်မိသည်။

သူ သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ ကုဟွား အခြားရွေးချယ်စရာမရှိဘဲ လိမ္မာစွာ မတ်တတ်ရပ်ကာ သူ့ထံသို့ လျှောက်လှမ်းသွား၏။

“မြို့စားကြီး... ဘာများ အလိုရှိလို့ပါလဲ”

ဤမျှ ယဉ်ကျေးလွန်းသော လေသံကို ထပ်မံအသုံးပြုလာပြန်သည်။ မုကျွင်းယန်၏ မျက်ဝန်းအစုံက အနည်းငယ် မှောင်မိုက်သွား၏။

သူက သူမ၏ လက်လေးကို ဆွဲယူလိုက်ပြီး သူမကို သိမ်းဖက်ကာ သူ့ပေါင်ပေါ်သို့ ဘေးစောင်းတင်လျက် အတင်းအကျပ် ထိုင်ခိုင်းလိုက်သည်။

ကုဟွားတစ်ကိုယ်လုံး တောင့်တင်းသွားရ၏။

‘ဒါက... နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလိုမျိုး လုပ်တာက မသင့်တော်ဘူးမလား’

ထို့အပြင် သူမ ရှေ့မှောက်တွင် အရှိန်အဝါ အပြည့်ရှိပြီး ခန့်ညားသော အမျိုးသားတစ်ဦး ရှိနေသော်လည်း သူမက ယခုအချိန်၌ ဤကဲ့သို့သော ကိစ္စရပ်များအတွက် စိတ်ပါဝင်စားမှု လုံးဝမရှိနေချေ။

မုကျွင်းယန်၏ လက်ဖဝါးကြီးက သူမ၏ တောင့်တင်းနေသော ခါးလေးကို ထိတွေ့လိုက်သည်။

သူမတစ်ကိုယ်လုံးက သူ၏ ထိတွေ့မှုကို ငြင်းဆန်နေခဲ့၏။

သူ၏ ဓားသွားအလား ထက်ရှလှသော မျက်ခုံးအစုံက အနည်းငယ် တွန့်ကွေးသွားရသည်။

‘သူက တစ်စုံတစ်ရာ အလိုရှိတဲ့အချိန်မှပဲ ငါ့ကို လိမ္မာပြတာလား’

‘အမျိုးသမီးတစ်ယောက်ရဲ့ အလိုအလျောက် သဘောတူကြည်ဖြူခြင်းနဲ့ အတင်းအကျပ် ပေးဆပ်ရခြင်းက အမျိုးသားတစ်ယောက်အတွက် ခံစားချက်ချင်းက တကယ်ပဲ အဲ့လောက်တောင် ကွာခြားတာလား’

ပြန်တွေးကြည့်လျှင် သုံးကြိမ်စလုံး၌ သူမက အမြဲတမ်း အလိုမပါဘဲ ပေးဆပ်ခဲ့ရခြင်း ဖြစ်သည်။

ဤသည်က သူ့ကို ပြည့်တန်ဆာအိမ်က ဧည့်သည်တစ်ယောက်ကဲ့သို့ ခံစားရစေသည်။ ဤခံစားချက်က လုံးဝ မကောင်းမွန်ချေ။

ကုဟွား၏ ခါးလေးက ရုတ်တရက် ပြင်းထန်စွာ ဖျစ်ညှစ်ခြင်း ခံလိုက်ရသည်။

သူမ နာကျင်လွန်းသဖြင့် အသံထွက်သွားရပြီး သူ့ကို ရန်လိုသော မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်မိ၏။ စိတ်ဆိုးနေသော်လည်း မည်သည်မျှ ပြန်မပြောရဲချေ။

သူမ၏ နီမြန်းနေသော မျက်ဝန်းလေးများက သနားစရာကောင်းသော ယုန်ဖြူလေးတစ်ကောင်နှင့်ပင် တူညီလှသည်။

မုကျွင်းယန်၏ ရင်ထဲတွင် ယခုတင် ထွက်ပေါ်လာခဲ့သော ဒေါသအရှိန်အဟုန်များက ချက်ချင်းပင် လွင့်စင်သွားခဲ့ရ၏။

မိန်းမပျိုလေး၏ စိတ်က ယခုတင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိထားခဲ့သဖြင့် သူက သူမအပေါ် စိတ်ကောက်မနေသင့်ချေ။

သူမ၏ နူးညံ့သော အသားစိုင်လေးကို ဖျစ်ညှစ်ထားသည့် လက်ကို လွှတ်ပေးလိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုး ဖြစ်နေသော ကြောင်လေးတစ်ကောင်၏ အမွေးများကို မသာအယာ ပွတ်သပ်ပေးနေသကဲ့သို့ သူမ၏ နောက်ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးနေမိသည်။

မုကျွင်းယန် ရုတ်တရက် ပြုံးလိုက်မိ၏။

ကုဟွား ပိုမို၍ စိတ်ဆိုးသွားရသည်။

‘သူကငါ့ကို ကစားစရာတစ်ခုလို့ ထင်နေတာလား’

သူ့အပေါ်တွင် ယခင်က ထားရှိခဲ့ဖူးသည့် အထင်အမြင်ကောင်းများနှင့် ကျေးဇူးတင်ရှိမှုများ အနည်းငယ် လျော့နည်းသွားခဲ့ရသည်။

‘ဒါကလည်း သဘာဝကျပါတယ်... သူနဲ့ ငါ့ကြားက ဆက်ဆံရေးက အပေးအယူ ကိစ္စတစ်ခုသာသာပဲ မဟုတ်ဘူးလား’

“ပျင်းနေတာလား”

ရုတ်တရက် မေးမြန်းလိုက်သော မေးခွန်းကြောင့် ကုဟွား ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ချေ။

သူမ အဖြေကို မစောင့်ဆိုင်းတော့ဘဲ မုကျွင်းယန် ဆက်လက်၍ ပြောလာခဲ့သည်။

“တကယ်လို့ ပျင်းနေတယ်ဆိုရင် ကျိုးကျစ်လန်ကို အိမ်တော် အတွင်းရေးကိစ္စတွေ စီမံခန့်ခွဲဖို့ ကူညီပေးလိုက်ပါလား...မင်းလည်း တချို့ကိစ္စရပ်တွေကို လေ့လာထားသင့်တယ်။ဒါမှ အနာဂတ်မှာ အိမ်ထောင်ပြုတဲ့အခါ အသုံးမဝင်တဲ့သူတစ်ယောက် ဖြစ်မနေမှာ”

အလုပ်အကိုင်ရှိပြီး အဓိပ္ပာယ်ရှိသော ဘဝကို ဖြတ်သန်းရခြင်းက သူမကို လုံခြုံမှု ခံစားရစေမည်ဖြစ်သည်။ သူမအနေဖြင့် အားလပ်ချိန်များ ရှိမနေပါက အခြားသူများ၏ မလိုလားအပ်သော အာရုံစိုက်မှုများကို ဆွဲဆောင်မိပြီး သူ့အတွက် ပြဿနာ ရှာဖွေတော့မည် မဟုတ်ချေ။

ကုဟွားက သူ့ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။

‘သူက ငါ့ကို အိမ်ထောင်ပြုခွင့် ပေးတာလား’

“အမ်း... မင်းကို မုအန်းရတဲ့ တစ်လစာ အသုံးစရိတ်အတိုင်း ထောက်ပံ့ပေးမယ်လေ... ကျေနပ်ရဲ့လား”

မိန်းမပျိုလေးက ငွေကြေး လိုအပ်နေခြင်း ဖြစ်သည်။ သူမကို ငွေတချို့ ပေးထားခြင်းက အခြားသူတစ်ယောက်ယောက်က ငွေစက္ကူ ပေးအပ်လာသည့်အချိန်တိုင်း သူမ မျက်ဝန်းများ အရောင်တောက်မလာစေရန် တားဆီးပေးနိုင်မည် ဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းပင် ကုဟွား၏ မျက်ဝန်းအစုံက အရောင်တောက်သွားခဲ့ရသည်။

‘ဟမ်’

‘ဘာ’

‘ငါက လစာတောင် ရဦးမှာလား’

ကုဟွား စိတ်ဓာတ်များ ချက်ချင်း ပြန်လည်နိုးကြားလာခဲ့ရပြီး နူးညံ့ချိုသာသော လေသံဖြင့် မေးမြန်းလိုက်၏။

“ဒီကိုယ်လုပ်တော်က မမကျိုးဆီကနေ စီမံခန့်ခွဲမှုတွေကို လေ့လာရမှာကို ဘာဖြစ်လို့ လစာကို ပေးဦးမှာလဲဟင်”

“မင်းက လုပ်အားစိုက်ထုတ်ရမှာမို့လို့ သေချာပေါက် အကျိုးအမြတ် ရရမှာပေါ့”

ဤသည်က အလွန် သဘာဝကျသော စကားဖြစ်သည်။

သို့သော် ကုဟွားအနေဖြင့် ၎င်းကို လက်ခံရန် အနည်းငယ် စိတ်မလုံသကဲ့သို့ ခံစားနေရ၏။

“ဒါဆို... သခင်လေးရဲ့ လစဉ် ထောက်ပံ့ကြေးက ငွေဘယ်လောက်လဲဟင်”

ကုဟွား မမေးဘဲ မနေနိုင်တော့ချေ။

“ငွေသားငါးဆယ်လောက်ပေါ့”

“ငွေသားငါးဆယ်”

ထိုပမာဏက သူမ စာအုပ်များကို လပေါင်းများစွာ အပင်ပန်းခံ ကူးပြီးမှသာ ရရှိနိုင်မည့် ပမာဏ ဖြစ်သည်။

ကုဟွား၏ မျက်ဝန်းအစုံက ဝိုင်းစက်သွားခဲ့ရ၏။

သူမ ပုံစံလေးက ဆာလောင်မွတ်သိပ်နေသော ကြောင်လေးတစ်ကောင် အသားစားခွင့်ရရှိပြီးနောက် အလွန်အမင်း ဝမ်းမြောက်နေသည့် ပုံစံနှင့် အတိအကျ ဆင်တူလှသည်။

၎င်းက အမှန်တကယ်ပင် ချစ်စရာကောင်းလွန်း၏။

မုကျွင်းယန် သူမ၏ လှပသော နှာခေါင်းချွန်ချွန်လေးကို မညှာမတာ ဖိညှစ်လိုက်မိပြန်သည်။

“မင်းဘအဲဒါကို အများကြီးလို့ ထင်နေတာလား”

မုကျွင်းယန်က သူမကို ထပ်မံ၍ စနောက်ချင်စိတ် ထွက်ပေါ်လာခဲ့ရပြန်သည်။

“နည်းနည်တော့ များပါတယ်”

ကုဟွား စိတ်ရင်းအမှန်နှင့် ဆန့်ကျင်ဘက် စကားကို ဆိုလိုက်သော်လည်း ရင်ထဲတွင် မကျေမနပ် ဖြစ်နေမိရ၏။

‘ဘယ်သူကများ ငွေအများကြီး ရမှာကို မလိုချင်ဘဲ နေပါ့မလဲလို့’

‘ပြန်တွေးကြည့်ရင် သဘာဝကျပါတယ်’

‘ငါ သူ့အတွက် ကွယ်လွန်သူ သခင်မကြီးရဲ့ လက်ရေးမူတွေကိုလည်း ကူးပေးရဦးမယ်။ မုန့်နဲ့ ဟင်းတွေလည်း ချက်ပေးရဦးမှာမလား’

‘ငွေနည်းနည်းလောက် ယူတာက အဆင်ပြေပါတယ်’

‘မဟုတ်ရင် ဟိုငွေတစ်ထောင်ကို ကျောက်စိမ်းဆွဲပြားအတွက် လျော်ကြေးပေးလိုက်ပြီးရင် ငါမွဲပြာကျသွားလိမ့်မယ်’

အနာဂတ်၌ ငွေကြေးလိုအပ်မည့် ကိစ္စရပ်များစွာ ရှိနေဦးမည် ဖြစ်သည်။

အဓိကအချက်အနေဖြင့် အိမ်တော်စီမံခန့်ခွဲမှုများကို သူမ အမှန်တကယ် မလေ့လာဖူးချေ။

အကယ်၍ အနာဂတ်တွင် မိခင်အရင်း၏ အနားသို့ ပြန်ရောက်ခွင့် ရခဲ့ပါက မိခင်၏ ဝန်ထုပ်ဝန်ပိုးများကို ကူညီ၍ မျှဝေပေးနိုင်မည် ဖြစ်သည်။

သူမ၏ မိခင်ကလည်း အိမ်တော်စီမံခန့်ခွဲမှု တတ်ကျွမ်းပြီး ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦးကဲ့သို့ ပြုမူတတ်သော သမီးမျိုးကို သေချာပေါက် သဘောကျလိမ့်မည် ဖြစ်သည်။

မိခင်ဖြစ်သူအကြောင်း တွေးတောမိလိုက်ချိန်၌ ကုဟွား၏ ရင်ထဲတွင် ချိုမြိန်သော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့ရသည်။

မကြာမီ အချိန်အတွင်း၌ သူမက မိခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာများနှင့် ဂရုစိုက်မှုများကို ရရှိမည့်သူ ဖြစ်လာနိုင်တော့မည် ဖြစ်သည်။

သူမ လှပသော မျက်နှာလေးထက်တွင် အပြုံးရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသောအခါ မုကျွင်းယန်၏ နှုတ်ခမ်းသားများကလည်း လိုက်ပါ၍ ကွေးညွတ်သွားခဲ့ရ၏။

‘မိန်းမပျိုလေးတစ်ယောက်ကို ချော့မြှူရတာ ဒီလောက်အထိ လွယ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ့ရဲ့ ဆန္ဒသေးသေးလေးကို ဖြည့်ဆည်းပေးလိုက်ရုံနဲ့တင် သူ့ကို ပြုံးပျော်လာအောင် လုပ်လိုက်နိုင်တာပဲလား’

မုကျွင်းယန် လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ နားထင်နားက ဆံစလေးများကို ဖယ်ပေးလိုက်သည်။

“ကလေးမလေး... မင်းမှာ တခြား ဘာဆန္ဒတွေ ရှိသေးလဲ”

ကုဟွား၏ မျက်ဝန်းအစုံက ဆောင်းဦးရာသီက ရေပြင်အလား လှုပ်ခတ်သွားသည်။

သူမ၏ ဆန္ဒက လွတ်လပ်မှု ရရှိနိုင်ရန်နှင့် ဆိုင်ရှင်ချိုးကဲ့သို့ အသုံးဝင်သော လူတစ်ယောက် ဖြစ်လာစေရန် ဖြစ်၏။

‘ဒါပေမဲ့ ယောက်ျားတစ်ယောက်က ‘မင်းရဲ့ ဆန္ဒက ဘာလဲ’လို့ မေးလာခဲ့ရင် သူက နင့်ကို ကူညီပြီး ဖြည့်ဆည်းပေးချင်လို့လား’

‘သေချာပေါက် မဟုတ်ဘူးပေါ့’

‘သူက နင့်မှာ ဘယ်လိုမျိုး ရည်မှန်းချက်တွေ ရှိလဲဆိုတာကို သိချင်ရုံသက်သက်ပဲ’

ကုဟွားက ကြယ်ပွင့်လေးများအလား လင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်လိုက်မိသည်။

“ကျွန်မက ကောင်းကောင်း အသက်ရှင်ချင်ပါတယ်။ စားစရာ အပြည့်အဝ ရှိပြီး နွေးထွေးတဲ့ အဝတ်အစားတွေ ဝတ်ဆင်ရမယ်...ပြီးရင် ကျွန်မကို တန်ဖိုးထား မြတ်နိုးပေးမဲ့သူတစ်ယောက် ရှိရင်ပဲ ကျေနပ်ပါပြီ”

‘တွေ့တယ်မလား...ဒီလောက် ဆန္ဒသေးသေးလေးက ငါ့မှာ ဘာရည်မှန်းချက်ကြီးကြီးမားမားမှ မရှိဘူးဆိုတာ သက်သေပြနေတာပဲ’

ရည်မှန်းချက်မရှိသော အမျိုးသမီးတစ်ဦးက အနားတွင်ထားရှိရန် အလုံခြုံဆုံး ဖြစ်သည်။

မုကျွင်းယန်က ပန်းလေးတစ်ပွင့်အလား လှပသော မျက်နှာလေးရှိသည့် မိန်းမပျိုလေးကို စိုက်ကြည့်နေမိ၏။

သူမက တကယ်ကို သနားစရာကောင်းလှသည်။

“ကိုယ် ဒီနေရာမှာ ရှိနေသရွေ့ မင်းရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးပါ့မယ်”

All Chapters