အခန်း ၉၆
Vol. 10 Ch. 96
အခန်း(၉၆)
လစဉ်လတိုင်း သူတို့ထံမှ ငွေသားများ ပေးအပ်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ခေတ္တမျှကြာသော် အထိန်းတော်ချန် ရောက်ရှိလာ၏။
“အကြီးဆုံး မမလေး... ခန္ဓာကိုယ်ရော သက်သာရဲ့လားဟင်”
အကြီးဆုံး မမလေး၏ ခေါ်ယူခြင်းကို ခံရသဖြင့် အလွန်အမင်း ဝမ်းမြောက်နေသော အထိန်းတော်ချန်က သူမ၏ ဖြူလျော်နေသော မျက်နှာလေးကို မြင်တွေ့လိုက်ရသောအခါ ရင်နာနေသော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
သူမအပေါ် တစ်စုံတစ်ယောက်က ဂရုစိုက်ပေးသည်ကို ကြားရခဲလှသည့်အပြင် မိခင်အရင်းကိုလည်း မြင်တွေ့ခွင့်မရသဖြင့် ကုဝမ်ရုက ရုတ်တရက် သူမ၏ အားကိုးရာကို ပြန်လည်တွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမက အထိန်းတော်ချန်၏ ခါးကို ဖက်တွယ်ထားရင်း ငိုကြွေးပစ်လိုက်၏။
“အကြီးဆုံး မမလေးရယ်... မမလေး ငိုနေတာကို ကြည့်ပြီး ဒီအစေခံ ရင်တွေနာရပါတယ်”
“အထိန်းတော်ချန်... ကျွန်မ ဘာဆက်လုပ်ရမလဲဟင်... ကျွန်မ တကယ်ပဲ ကွာရှင်းခံရတော့မှာလား”
ကုဝမ်ရုက လုံးဝ စိတ်ဓာတ်ကျနေခဲ့သည်။
အထိန်းတော်ချန် သူမကို ပွေ့ဖက်ထားပြီး နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးကာ တိုးညှင်းသော လေသံလေးဖြင့် ချော့မြှူလိုက်၏။
“စိတ်အေးအေးထားပါကွယ်...ဒီအထိန်းတော်ကြီး သတင်းကောင်း ယူလာခဲ့တယ်။ တကယ်လို့ ဒီကိစ္စကိုသာ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ရင် မြို့စားအိမ်တော်က သခင်မလေးကို လုံးဝ ကွာရှင်းရဲမှာ မဟုတ်တဲ့အပြင် တလေးတစားနဲ့ကို ထိပ်ဆုံးမှာ တင်ထားရပါလိမ့်မယ်”
ဤစကားကို ကြားလိုက်ရသောအခါ ကုဝမ်ရုက ချက်ချင်းပင် အငိုတိတ်သွားခဲ့ရသည်။
“မြန်မြန်ပြောစမ်းပါ... အဲဒါက ဘာကိစ္စလဲ”
အထိန်းတော်ချန်က ကျင်းခွေ့ကို လှမ်းကြည့်လိုက်သည်။
“တံခါးဝမှာ သွားစောင့်နေလိုက်”
ကျင်းခွေ့ ခေါင်းညိတ်ပြပြီး အပြင်သို့ ထွက်ခွာသွားခဲ့သည်။
အထိန်းတော်ချန် ကုဝမ်ရုအတွက် ရေနွေးနွေးလေးတစ်ခွက် ငှဲ့ပေးလိုက်၏။
သူမ သောက်သုံးနေသည်ကို စောင့်ကြည့်ပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်လေးများကို ဂရုတစိုက် သုတ်ပေးလိုက်သည်။
“ဒီအစေခံကို ကိုယ်လုပ်တော်ပိုင်က သခင်မလေးကို ကောင်းကောင်း စောင့်ရှောက်ဖို့ မှာထားပါတယ်။ ဒီအစေခံက သေချာပေါက် သခင်မလေးကို ကောင်းကောင်း ကာကွယ်ပေးသွားမှာပါ”
“မြန်မြန်ပြောစမ်းပါ...သတင်းကောင်းက ဘာလဲ”
ကုဝမ်ရု စိုးရိမ်တကြီး မေးမြန်းလိုက်၏။
“သခင်လေးက သခင်မလေးအပေါ်မှာ ဘာကို အလေးအနက်ထားဆုံးလဲ”
အထိန်းတော်ချန်က ဆန်းကြယ်စွာ ပြုံးလျက် မေးမြန်းလိုက်သည်။
ကုဝမ်ရု မျက်မှောင်ကြုတ်လိုက်မိ၏။
‘သူက ငါ့အပေါ်မှာ ဘာကို အလေးအနက်ထားရမှာလဲ’
‘ရုပ်ရည်ပိုင်းအရဆိုရင် ကုဟွားက ငါ့ထက် သာလွန်တယ်’
‘အိမ်တွင်းရေး စီမံခန့်ခွဲမှု အပိုင်းမှာလည်း ငါက ယောက္ခထီးရဲ့ အသိအမှတ်ပြုမခံရသေးလို့ စီမံခန့်ခွဲခွင့် အာဏာကိုလည်း မရရှိထားဘူး’
“ငွေလေ”
သူမ မျက်နှာပျက်လျက် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ အထိန်းတော်ချန်က သတိပေးလိုက်သည်။
ကုဝမ်ရု ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။
“ရှင် ပြောချင်တာက... ခင်ပွန်းက ကျွန်မ လစဉ်လတိုင်း သူ့ကိုပေးတဲ့ ငွေတွေကို အလေးအနက်ထားတာလား”
“အတိအကျပါပဲ... သခင်မလေး သိရဲ့လား... သခင်လေးရဲ့ လစဉ်ထောက်ပံ့ငွေက ငွေသားငါးဆယ်ပဲ ရှိတာပါ။ သူ သုံးစွဲသမျှ ငွေကြေးတိုင်းကို စီမံခန့်ခွဲသူကျိုးက စိစစ်တာ... အထူးသဖြင့် နောက်ဖေးဝင်းက ဟိုမြေခွေးမတွေကို ထောက်ပံ့ဖို့အတွက် စီမံခန့်ခွဲသူကျိုးက စည်းကမ်းချက်အတိုင်းပဲ ငွေထုတ်ပေးတာပါ။ သခင်လေးအနေနဲ့ တစ်ခါတလေ အဲဒီမြေခွေးမတွေကို ချော့မြှူဖို့အတွက် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဝယ်ချင်ရင်တောင် စီမံခန့်ခွဲသူကျိုးရဲ့ မျက်နှာကို ကြည့်နေရတာပါ”
ကုဝမ်ရု အံ့အားသင့်သွားသည်။ သူမက ဤကိစ္စကို အမှန်တကယ်ပင် မသိရှိခဲ့ချေ။
မုအန်းက သူမ၏ ရှေ့မှောက်တွင် အမြဲတမ်း မြို့စားအိမ်တော်၏ တစ်ဦးတည်းသော မွန်မြတ်လှသည့် သခင်လေးအဖြစ် ဟန်ဆောင်လေ့ရှိသည်။
သူမထံမှ သူ ငွေတောင်းသည့် အချိန်တိုင်း အရာရှိများကို ဧည့်ခံကျွေးမွေးရန်အတွက်ဟုသာ အကြောင်းပြလေ့ရှိ၏။
အထိန်းတော်ချန်က ခန်းဝင်ပစ္စည်းများနှင့် စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရသူ ဖြစ်ပြီး ပြင်ပခြံဝင်းရှိ စီမံခန့်ခွဲသူများနှင့်လည်း အမြဲတမ်း အဆက်အသွယ်ရှိသဖြင့် သူမက အချို့သော ကိစ္စရပ်များကို သဘာဝကျစွာပင် သိရှိထားသည်။
ယခင်က ကုဟွားကို သိက္ခာချခဲ့သော မကောင်းသတင်းများကလည်း သူမ လက်ချက်ပင် ဖြစ်၏။
“ဒါဆို ရှင် ထင်တာက... ကျွန်မ ခင်ပွန်းကို ငွေသားတွေ ပိုပြီး ပေးနိုင်ရင် သူက ကျွန်မကို ပိုပြီး တန်ဖိုးထားလာလိမ့်မယ်ပေါ့ ဟုတ်လား... ပြီးတော့ သူက ကျွန်မကို ကွာရှင်းဖို့ အတွေးမျိုးလည်း ရှိတော့မှာ မဟုတ်ဘူးပေါ့”
“အမျိုးသားတွေအားလုံးက အထက်အောက် ဆက်ဆံရေးတွေကို တည်ဆောက်ဖို့အတွက် ငွေသားလိုအပ်ကြပါတယ်။ အပြင်ထွက်တာ၊ ဧည့်သည်တွေကို ဖိတ်ကြားတာ၊ ခန့်ညားအောင် ဝတ်ဆင်တာ... ဒါတွေအားလုံးက မျက်နှာပန်းလှဖို့အတွက်ပဲ မဟုတ်ဘူးလား”
ကုဝမ်ရု မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒါပေမဲ့ ကိုယ်လုပ်တော်ပိုင် ပေးထားတဲ့ ငွေသားတစ်ထောင်ကို ခင်ပွန်းကို ပေးပြီးသားလေ။ ဆိုင်တွေကရတဲ့ ဝင်ငွေအများစုကိုလည်း သူ့ကို ပေးထားပြီးသားပဲ။ ကျွန်မမှာ သူ့ကိုထပ်ပေးဖို့ တခြား ဘာငွေသား ကျန်သေးလို့လဲ”
“ဒါက ဒီအစေခံ ပြောပြချင်တဲ့ အခွင့်အရေးကောင်းကြီးပေါ့”
အထိန်းတော်ချန်က ဆန်းကြယ်စွာ ဆိုလိုက်သည်။
“မြန်မြန်ပြောစမ်းပါ”
ကုဝမ်ရုက အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်လိုက်ရသကဲ့သို့
အလျင်စလို တိုက်တွန်းလိုက်၏။
အထိန်းတော်ချန် သူမကို ဆက်လက်၍ စိတ်မရှည်အောင် မပြုလုပ်တော့ချေ။
“ပိုင်မိသားစုက မြို့တော်မှာ ပထမတန်းစား တော်ဝင်ကုန်သည် ဖြစ်ချင်နေတာပါ။ လက်ရှိအချိန်မှာ အခွင့်အရေးတစ်ခု ရှိနေပါတယ်။ သခင်လေးအနေနဲ့ ပိုင်မိသားစုရဲ့ ဆောင်းရာသီ စစ်ဝတ်စုံ ဂွမ်းထည်တွေနဲ့ ဂွမ်းစနမူနာတွေကို နန်းတွင်းက ရွေးချယ်နိုင်ဖို့အတွက် ကူညီတင်ပြပေးနိုင်ရုံနဲ့တင် ပိုင်မိသားစုက ငွေသားတစ်သိန်းကို ပေးအပ်ဖို့ ဆန္ဒရှိနေပါတယ်။ တကယ်လို့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အမိန့်တော်ကိုသာ ရရှိခဲ့မယ်ဆိုရင် သူတို့ နောက်ထပ် ငွေသားငါးသိန်းကို ထပ်ပေးဦးမှာပါ”
ကုဝမ်ရု၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒါဆို စုစုပေါင်း ငွေသားခြောက်သိန်းပေါ့ ဟုတ်လား”
အထိန်းတော်ချန် ပြုံးပြလိုက်သည်။
“ဒါက ပိုင်မိသားစုအတွက်တော့ ပမာဏနည်းနည်းလေးပဲ ရှိပါသေးတယ်”
“ခင်ပွန်းက ဒါကို လုပ်နိုင်ပါ့မလား”
ကုဝမ်ရုက ဤကိစ္စသည် အဖိုးတန်လှသော အခွင့်ကောင်းကြီးတစ်ခုဖြစ်မည်ကို သိရှိလိုက်သည်။
အကယ်၍ ဤကိစ္စကိုသာ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့လျှင် မုအန်းတင်မကဘဲ ယောက္ခထီးဖြစ်သူကပါ သူမအပေါ် အမြင်သစ်ဖြင့် ကြည့်ရှုလာကြမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် မြို့စားအိမ်တော်၏ စီမံခန့်ခွဲခွင့် အာဏာက သူမ လက်ထဲသို့ မရောက်ရှိဘဲ နေတော့မည် မဟုတ်ချေ။
“သေချာပေါက် လုပ်နိုင်တာပေါ့...သခင်လေး အခုတလော ပေါင်းသင်းနေတဲ့သူက နန်းတွင်းမိန်းမစိုးဌာနက မိန်းမစိုးချုပ်ကြီးရဲ့ မွေးစားသားလေ”
ကုဝမ်ရု ရုတ်တရက် သဘောပေါက်သွားခဲ့ရသည်။
“ဒါကြောင့်ကိုး... သူက နန်းတွင်းမိန်းမစိုးဌာနရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်ပဲ”
“သခင်လေးအနေနဲ့ မိန်းမစိုးချူပ်ကြီးရဲ့ မွေးစားသားဆီကို စကားတစ်ခွန်းနှစ်ခွန်းလောက် ပါးလိုက်ရုံနဲ့တင် ဒီကိစ္စက အလွယ်တကူ အောင်မြင်သွားမှာပါ”
ကုဝမ်ရု၏ ဦးနှောက် ချက်ချင်းပင် လည်ပတ်သွားခဲ့ရသည်။
‘စကားတစ်ခွန်း နှစ်ခွန်းပါးရုံလောက်ကတော့ မခက်ခဲလောက်ပါဘူး’
ထို့အပြင် နန်းတွင်းသို့ နမူနာပစ္စည်းတစ်ခု ယူဆောင်သွားရုံမျှဖြင့် ငွေစင် တစ်သိန်း ရရှိနိုင်မည် ဖြစ်သဖြင့် မုအန်း သေချာပေါက် စိတ်လှုပ်ရှားသွားလိမ့်မည်။
သူမ၏ခင်ပွန်း သူမကို ဒေါသမထွက်မီအချိန်တုန်းက သူသည် မြို့ပြင်ရှိ ရေပူစမ်းတစ်ခုကို ငွေတစ်သိန်း အသုံးပြု၍ ဝယ်ယူချင်ကြောင်း သို့မှသာ သူတို့နှစ်ဦး အားလပ်သည့် အချိန်တိုင်း နွေးထွေးပြီး သီးသန့်ဆန်သော နှစ်ယောက်တည်းကမ္ဘာလေးကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
ထိုအချိန်တုန်းက သူမ လက်ထဲတွင် ငွေသား လုံးဝမရှိခဲ့ချေ။
“ကောင်းပြီ... ကျွန်မ ခင်ပွန်းကို ပြောပြဖို့ နည်းလမ်းတစ်ခုခု စဉ်းစားကြည့်လိုက်မယ်”
အထိန်းတော်ချန် ရင်ထဲတွင် ဝမ်းမြောက်သွားခဲ့ရသည်။
ကိုယ်လုပ်တော်ပိုင် သူမ အပြင်သို့ အလုပ်ကိစ္စဖြင့် ထွက်ခွာစဉ်က သူမကို တားဆီးခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကိုယ်လုပ်တော်ပိုင်အနေဖြင့် အခုတလော အိမ်တော်တွင်းမှ ထွက်ခွာရန် ခက်ခဲနေပြီး ဤမြို့စားအိမ်တော်အတွင်းသို့ ဝင်ရောက်ရန်ကလည်း ပိုမို၍ ခက်ခဲနေသောကြောင့် အထိန်းတော်ချန်မှတစ်ဆင့် စကားပါးခိုင်းလိုက်ခြင်း ဖြစ်၏။
အထိန်းတော်ချန်အနေဖြင့် ကိုယ်လုပ်တော်ပိုင် အဘယ်ကြောင့် သခင်မလေးအပေါ် သမီးအရင်းတစ်ယောက်ကဲ့သို့ ကောင်းမွန်စွာ ဆက်ဆံနေရသည်ကို မသိရှိသော်လည်း ကိစ္စအောင်မြင်ပြီးနောက် ကိုယ်လုပ်တော်ပိုင်က သူမကို ငွေသားတစ်ရာ ပေးအပ်မည်ဟု ကတိပြုထားခဲ့သည်။
သူမက ပိုင်မိသားစုမှ ဆင်းသက်လာသူ ဖြစ်သဖြင့် ငွေသားကိုသာ အသိအမှတ်ပြုပြီး ကိုယ်လုပ်တော်ပိုင် မည်သူ့အပေါ် ကောင်းမွန်စွာ ပြုမူသည်ကို စိတ်မဝင်စားချေ။
အထိန်းတော်ချန် ထွက်ခွာသွားပြီးနောက် ကုဝမ်ရု ကျင်းခွေ့ကို ခေါ်ကာ သူမကို အဝတ်အစား လဲလှယ်ပေးရန်နှင့် ပြင်ဆင်ခြယ်သပေးရန် ခိုင်းစေလိုက်သည်။
ကျင်းခွေ့ မျက်မှောင်ကြုတ်လိုက်မိသည်။
“သခင်မလေး... သခင်မလေးက ကိုယ်ဝန်ပျက်ကျထားတဲ့ ကာလအတွင်းမှာပဲ ရှိသေးတာပါ။ သမားတော်စွန်းက ပြောပါတယ် သခင်မလေးအနေနဲ့ အိပ်ရာကထပြီး လမ်းလျှောက်ဖို့ မလွယ်ကူသေးပါဘူးတဲ့”
သူမ၏ ကိုယ်ဝန်ပျက်ကျထားသည့် ကိစ္စကို ပြောဆိုလိုက်သဖြင့် ကုဝမ်ရု ရင်ထဲ၌ ဒေါသအရှိန်အဟုန်များ ထွက်ပေါ်လာခဲ့ရပြီး ချက်ချင်းပင် ဆဲရေးတိုင်းထွာလိုက်၏။
“ငါ ခိုင်းတာကိုသာ နင်လုပ်စမ်းပါ။ နင်က ဝက်တစ်ကောင်လိုမျိုး တုံးအလွန်းလို့ ဘာမှ သေချာမလုပ်တတ်ဘူး။ ငါ့ကို ဒေါသထွက်အောင်ပဲ လုပ်တတ်တာ”
ကျင်းခွေ့ ပါးစပ်ပိတ်လိုက်ပြီး သူမ၏ အမိန့်အတိုင်းသာ ပြင်ဆင်ပေးလိုက်သည်။
ကုဝမ်ရုက သူမ၏ ခန္ဓာကိုယ် အခြေအနေကို အထင်သေးခဲ့မိသည်။
သူမ အပြည့်အဝ ပြင်ဆင်ခြယ်သပြီးချိန်တွင် ခန္ဓာကိုယ်ထဲ၌ ခွန်အား လုံးဝမကျန်ရှိတော့ချေ။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည့် အချိန်တိုင်း သူမ၏ ဝမ်းဗိုက်အောက်ပိုင်းမှ စူးရှသော နာကျင်မှုများကို ခံစားနေရသည်။
မတတ်သာတော့ဘဲ သူမက ဒေါသများကို အောင့်အည်းထားလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် အမိန့်ပေးလိုက်၏။
“သွား... ခင်ပွန်းကို သွားပြောစမ်း...ငါ အရေးကြီးတဲ့ကိစ္စတစ်ခု ပြောစရာရှိလို့ ဒီကို ခဏလောက် လာခဲ့ပါဦးလို့”
ကျင်းခွေ့က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“သခင်လေးက... လာမှာ မဟုတ်ပါဘူး”
“ငါ ခိုင်းရင် သွားလုပ်လိုက်စမ်းပါ”
သူမ ဒေါသကို မထိန်းချုပ်နိုင်တော့သဖြင့် ကုဝမ်ရုက လက်ကို ဆန့်ထုတ်ပြီး ကျင်းခွေ့၏ လက်မောင်းကို ပြင်းထန်စွာ အကြိမ်ကြိမ် ဆိတ်ဆွဲပစ်လိုက်၏။
ကျင်းခွေ့ နာကျင်လွန်းသော်လည်း မငိုရဲချေ။ သူမ အလျင်အမြန်ပင် လှည့်ကာ ထွက်ပြေးခဲ့ရသည်။
ကုဟွားနှင့် ကျိုးကျစ်လန်တို့ မုအန်း၏ ကျွေးမို့ဆောင်ပြင်ပသို့ လျှောက်လှမ်းလာခဲ့ကြပြီး ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။
သူမ အထဲသို့ မဝင်ရောက်ချင်မှန်း သိရှိသဖြင့် ကျိုးကျစ်လန်က အပြင်ဘက်တွင် ရပ်တန့်ကာ သူမကို အသေးစိတ်အချက်အလက်များ ရှင်းပြပေးခဲ့သည်။
“သခင်လေးရဲ့ ခြံဝင်းထဲမှာ အနီးကပ် အစေခံမိန်းကလေး ခြောက်ယောက် ရှိတယ်။ သုံးယောက်ကတော့ သူ့ရဲ့ အိပ်ရာဝင် အစေခံတွေဖြစ်ပြီးတော့ ကျန်တဲ့ ကိုယ်လုပ်တော် သုံးယောက်ကတော့ အနောက်ခြံဝင်းက ကျင်းရှို့ဆောင် အနီးအနားမှာပဲ နေထိုင်ကြတယ်။ တခြားအစေခံ အားလုံးပေါင်း ဆယ့်ငါးယောက် ရှိသေးတယ်... အဓိက စီမံခန့်ခွဲသူကတော့ သခင်လေးရဲ့ ပထမတန်းစား အစေခံမိန်းကလေး ပီယွီပဲ။ သူက သခင်လေးရဲ့ နို့ထိန်းအမေရဲ့ သမီးလေ...ပြီးတော့ သခင်လေးနဲ့ ငယ်ငယ်တည်းက အတူတူကြီးပြင်းလာခဲ့ကြတာ”
ကုဟွား ခေါင်းညိတ်လိုက်၏။
သူမက ဤအကြောင်းကို အတိတ်ဘဝတည်းက သိရှိထားပြီးသား ဖြစ်သည်။
ပီယွီက မုအန်း၏ အိပ်ရာဝင်အစေခံများထဲမှ တစ်ဦးဖြစ်သည်။
သခင်လေးနှင့်အတူ ငယ်စဉ်တည်းက ကြီးပြင်းလာခဲ့သည့် သံယောဇဉ်ကို အမှီပြု၍ သူမက အလွန်အမင်း မောက်မာစော်ကားပြီး ထောင်လွှားလှသည်။
သူမ၏ ရင်ထဲ၌ မုအန်း၏ တရားဝင် ဇနီးကြီး ဖြစ်လာရန်သာ ရည်ရွယ်ထားသဖြင့် မုအန်း၏ အခန်းထဲရှိ အခြားလူများကို မျက်စိစပါးမွှေး စူးနေလေ့ရှိ၏။
အတိတ်ဘဝတုန်းက မုအန်းနှင့် ကုဝမ်ရုတို့က အလွန်အမင်း ချစ်ခင်ကြသော လင်မယားနှစ်ဦး ဖြစ်ခဲ့ကြသည်။
ပီယွီ၏ အဆုံးသတ်က အလွန် သနားစရာကောင်းပြီး ကုဟွားထက်ပင် စောစီးစွာ သေဆုံးခဲ့ရ၏။
ထို့အပြင် သူမ သေဆုံးမှုက ကုဝမ်ရုနှင့် သက်ဆိုင်နေခဲ့သည်။
သို့သော် ဤဘဝတွင် မုအန်းနှင့် ကုဝမ်ရုတို့ကြား၌ အဖုအထစ်များ ဖြစ်ပွားနေခဲ့ကြပြီ ဖြစ်သည်။
ပီယွီ၏ ကံကြမ္မာက ပြောင်းလဲသွားနိုင်မည်လား ဆိုသည်ကို သူမ သိချင်မိရ၏။
“တကယ်လို့ ညီမလေး သခင်လေးရဲ့ အခန်းထဲက ကိစ္စရပ်တွေမှာ မပတ်သက်ချင်ဘူးဆိုရင် မပတ်သက်ဘဲ နေလို့ရတယ်နော်”
ကျိုးကျစ်လန်က ဂရုတစိုက်နှင့် ညင်သာစွာ ပြောလိုက်သည်။
“အမ်း... ကျေးဇူးတင်ပါတယ် မမ”
ကုဟွားက သူမကို ကျေးဇူးတင်ရှိစွာ ပြုံးပြလိုက်၏။
သို့သော်လည်း သူမအနေဖြင့် ကျွေးမို့ဆောင်၏ ကိစ္စရပ်များတွင် မပတ်သက်ချင်သည် မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ ဝင်ရောက်စွက်ဖက်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရန် လိုအပ်နေခြင်း ဖြစ်သည်။
၎င်းက ပိုင်မိသားစု၏ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အမိန့်တော်နှင့် သက်ဆိုင်နေသည် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ပီယွီက အဓိက အချိုးအကွေ့ အချက်အချာတစ်ခု ဖြစ်လာနိုင်သည်။