အခန်း ၉၇
Vol. 10 Ch. 97
အခန်း(၉၇)
သူမတို့နှစ်ဦး စကားပြောနေရင်း အခြားနေရာသို့ လှည့်ထွက်ရန် ပြင်လိုက်စဉ်၌ပင် နောက်ကျောဘက်မှ လမ်းလျှောက်လာရင်း ငိုကြွေးနေသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်မိကြသည်။
“ကျင်းခွေ့လား”
ကျင်းခွေ့ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမက ကုဟွားနှင့် ကျိုးကျစ်လန်တို့ကို မြင်လိုက်ရသောအခါ မျက်ရည်များကို အလျင်အမြန် သုတ်ဖယ်ကာ ဂါရဝပြုလိုက်၏။
“ဒီအစေခံက ဒုတိယမမလေးနဲ့ မိန်းကလေးကျိုးကို အရိုအသေပြုပါတယ်”
ကုဟွား ရှေ့သို့လှမ်းကာ သူမ၏ လက်ကို စိုးရိမ်တကြီး ဖမ်းဆုပ်လိုက်မိသည်။
“ဘာဖြစ်လာတာလဲ”
ကျင်းခွေ့ နာကျင်လွန်းသဖြင့် အော်ဟစ်မိလုမတတ် ဖြစ်သွားရ၏။
ကုဟွား ငုံ့ကြည့်လိုက်သောအခါ သူမ၏ လက်ကောက်ဝတ်ရှိ ညိုမည်းဒဏ်ရာများကို သတိပြုမိသွားသည်။ အင်္ကျီလက်ကို အလျင်အမြန် ပင့်တင်ကြည့်လိုက်သောအခါ လက်မောင်းတစ်ခုလုံးတွင် အနုအရင့် အညိုမည်းကွက် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ကျိုးကျစ်လန်ပင် ထိတ်လန့်သွားရ၏။
“ဒါ သခင်လေး လုပ်ခဲ့တာလား”
ကျင်းခွေ့က လက်ကို အလျင်အမြန် ပြန်လည်ဆွဲယူလိုက်ပြီး အင်္ကျီလက်ကို ပြန်ချလိုက်သည်။
“မဟုတ်ပါဘူးရှင်... ဒီအစေခံက ကိုယ့်ဘာသာ ဘာနဲ့မှန်းမသိ တိုက်မိသွားတာပါ”
ကုဟွား ကောင်းစွာ သိရှိထားသည်။ မုအန်းသာ လူရိုက်မည်ဆိုပါက အဝတ်အစားအောက်ရှိ မထင်မရှား နေရာများကို ရွေးချယ်ပြီး ဆွဲဆိတ်နေမည် မဟုတ်ချေ။ ဤသည်က သေချာပေါက်ပင် ကုဝမ်ရု၏လက်ချက် ဖြစ်ရမည်။
သူမက အမြဲတမ်း လူရှေ့သူရှေ့တွင် နူးညံ့ပျော့ပျောင်းသော မျက်နှာထားရှိသော်လည်း အတွင်းစိတ်က အလွန်ရက်စက်တတ်သူ ဖြစ်သည်။
တစ်နေ့တာလုံး ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦးကဲ့သို့ ဟန်ဆောင်နေတတ်သော်လည်း လက်တွေ့တွင် သူမ၏ နှလုံးသားက ကိုယ်လုပ်တော်ပိုင်ကဲ့သို့ပင် ပုပ်ပွလွန်းလှ၏။
ယခင်တုန်းက ယန်ကျစ်မှာ ရှေ့ဆုံးမှ အနီးကပ် ခစားပေးခဲ့ပြီး ကုဟွားကလည်း ကုဝမ်ရု ဒေါသပုံချစရာ သဲအိတ်အဖြစ် ရှိနေခဲ့သဖြင့် ကျင်းခွေ့က မည်မျှပင် ထုံအနှေးကွေးနေပါစေ အပြစ်ပေးခြင်း မခံခဲ့ရချေ။
ယခုမူ သူမရော ယန်ကျစ်ပါ မရှိတော့သည့်အခါ ကျင်းခွေ့တစ်ယောက်တည်းသာ ဒေါသပုံချစရာ သဲအိတ် ဖြစ်နေခဲ့ရသည်။
ကုဟွား : “နင် သခင်လေးဆီကို ဘာကိစ္စသွားတာလဲ”
ကျင်းခွေ့ ခေါင်းငုံ့လိုက်သည်။
“အကြီးဆုံး မမလေးက သခင်လေးနဲ့ ဆွေးနွေးစရာ ကိစ္စရှိလို့ သွားခေါ်ခိုင်းလို့ပါ”
ကုဟွားက ကျွေးမို့ဆောင်ဘက်သို့ လှမ်းကြည့်လိုက်မိ၏။
“သခင်လေးက လက်ရှိမှာ ဒေါသထွက်နေတာဆိုတော့ သွားမှာမဟုတ်ဘူး ထင်တယ်”
ထို့ကြောင့် ကျင်းခွေ့တစ်ယောက် ဆဲရေးတိုင်းထွာခြင်းခံရပြီး မောင်းထုတ်ခြင်းပါ ခံခဲ့ရခြင်း ဖြစ်လိမ့်မည်။
သို့သော် သခင်လေးကို ရှာမတွေ့ပါကလည်း အရိုက်ခံရဦးမည်ဖြစ်ပြီး ခေါ်မလာနိုင်ပါကလည်း အရိုက်ခံရဦးမည် ဖြစ်သည်။ ကျင်းခွေ့ မျက်ရည်များ မတားဆီးနိုင်အောင် စီးကျလာခဲ့ရပြီး မျက်နှာလေးတစ်ခုလုံးက မျှော်လင့်ချက်မဲ့နေရရှာသည်။
ကုဟွားက ကျင်းခွေ့၏ လက်ရှိ စိတ်အခြေအနေကို အပြည့်အဝ နားလည်သည်။
၎င်းက အတိတ်ဘဝတုန်းက သူမ၏ အခြေအနေနှင့် အတိအကျပင် တူညီလှသည်။
တစ်နေ့တာလုံး နှိပ်စက်ညှင်းပန်းခံရပြီး နေရောင်ခြည်မရသော နံရံလေးဖက်ကြားတွင် ပိတ်မိကာ အသက်ရှင်သန်ဖို့ လမ်းစ လုံးဝမရှိခဲ့သည့် ဘဝမျိုး ဖြစ်သည်။
ကုဟွားက သူမ၏ လက်ကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“ဘာအခက်အခဲပဲရှိရှိ ကျွန်မဆီ လာရှာလို့ရတယ်နော်.. ကျွန်မတို့တွေက သခင်မလေးအနားမှာ တစ်လကျော်လောက် အတူတူ ခစားခဲ့ကြတာဆိုတော့ ကျွန်မလည်း ကျင်းခွေ့ ဒုက္ခရောက်နေတာကို ကြည့်ပြီး စိတ်မကောင်းဘူး”
ကျင်းခွေ့ မျက်ဝန်းများ ပူနွေးလာခဲ့ရပြီး ရှိုက်ကြီးတငင်ဖြင့် ပြောလိုက်မိသည်။
“ဒုတိယမမလေး... ဒီအစေခံက အရင်တုန်းက...”
ကုဟွားက ညင်သာစွာဖြင့် စကားကို ဖြတ်ပြောလိုက်၏။
“အတိတ်က အကြောင်းတွေကို မပြောပါနဲ့တော့။ လူတိုင်းမှာ ကိုယ်စီ အခက်အခဲတွေ ရှိခဲ့ကြတာပဲလေ”
ကျင်းခွေ့က အတိတ်တုန်းက သူမ ကူညီမပေးခဲ့သည်များကို ကုဟွားအနေဖြင့် စိတ်ထဲမထားဘဲ ခွင့်လွှတ်ပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
သူမ၏ ရှေ့ဆက်ရမည့် နေ့ရက်များကို တွေးတောမိလိုက်ချိန်၌ ဝမ်းနည်းပူဆွေးမှုများက ရင်ထဲသို့ အလုံးအရင်း ဝင်လာခဲ့ရပြန်သည်။
ကုဟွားက ကျိုးကျစ်လန်ကို အကြည့်တစ်ချက် ပေးလိုက်သည်။ နှစ်ဦးစလုံး ရင်ထဲ၌ တိတ်တဆိတ် နားလည်သွားကြ၏။
“ငါ အလုပ်ကိစ္စလေးတွေ ကျန်သေးလို့ နင်တို့နှစ်ယောက်ပဲ အရင်စကားပြောနှင့်ကြဦးနော်”
ကျိုးကျစ်လန်က အကြောင်းပြချက်တစ်ခု ပေးကာ ထွက်ခွာသွားခဲ့သည်။
“ကျွန်မနေရာကို သွားပြီး ရေနွေးလေး တစ်ခွက်လောက် သောက်ရအောင်လေ... ဘာအခက်အခဲပဲရှိရှိ နည်းလမ်းတစ်ခုခု ကူစဉ်းစားပေးပါ့မယ်”
ကျင်းခွေ့အနေဖြင့် လက်ရှိတွင် လမ်းပျောက်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သခင်လေးကိုသာ ခေါ်မသွားနိုင်ပါက အကြီးဆုံး မမလေးက သူမကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ချေ။
သူမက ကုဟွားနှင့် မတူပါချေ။ ယခင်က ကုဟွား ရှိစဉ်တုန်းက အကြီးဆုံး မမလေးက သူမကို အသုံးချပြီး အခွင့်အရေး ယူချင်ခဲ့သဖြင့် သိသိသာသာ နှိပ်စက်ခြင်းမျိုး မပြုလုပ်ခဲ့ဘဲ ကြင်နာတတ်သော သခင်မလေး ပုံရိပ်ကို ဟန်ဆောင်ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။
ယခုမူ မျက်နှာဖုံးများ ကွာကျသွားခဲ့ပြီဖြစ်သဖြင့် သခင်မလေးက ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။
အထူးသဖြင့် ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်းတွင် သူမ၏ ဒေါသက ပိုမို၍ ပေါက်ကွဲလွယ်လာခဲ့သည်။ လူကို ရိုက်နှက်သည့် အခါမျိုးတွင်လည်း မည်သည်ကိုမျှ ဂရုမစိုက်ဘဲ အငြိုးအတေးကြီးစွာ ရိုက်နှက်လေ့ရှိသဖြင့် ကျင်းခွေ့က ပုန်းအောင်းစရာ နေရာမရှိအောင် ဖြစ်နေခဲ့ရသည်။
ကျင်းခွေ့က ကုဟွား၏ နောက်သို့ လိုက်ပါရင်း ယာယွင်ဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့၏။
တုန့်ဟွားနှင့် တုန့်ချင်းတို့ အလိုက်သိစွာ ရေနွေးကြမ်းများနှင့် မုန့်များကို ပြင်ဆင်ဧည့်ခံပေးကြပြီး ကုဟွားကို သခင်မအရင်းအလား တလေးတစား ပြုစုနေကြသည်ကို မြင်တွေ့ရချိန်တွင် ကျင်းခွေ့၏ ရင်ထဲ၌ သက်ပြင်းချမိသွားသည်။
ကုဟွား ကျင်းခွေ့ကို ဆွဲကာ ထိုင်ခိုင်းလိုက်၏။
ကျင်းခွေ့ မထိုင်ရဲသော်လည်း ကုဟွားက သူမကို နူးညံ့သော ထိုင်ခုံထက်သို့ အတင်းအကျပ် ဖိထိုင်ခိုင်းလိုက်သည်။
“ရှင်က ကုအိမ်တော်ကနေ လိုက်လာတာဆိုတော့ ကျွန်မအတွက်တော့ မိသားစုဝင်တစ်ယောက်လိုပါပဲ။ ဒီနေရာကို လာတာက ကိုယ့်အိမ်ကို ပြန်လာသလိုပဲမို့လို့ မလိုအပ်တဲ့ ရိုသေမှုတွေ လုပ်မနေပါနဲ့”
ကုဟွားက ပြုံးလျက် မုန့်တစ်ခုကို ကမ်းပေးလိုက်၏။
“ဒါက မြို့စားအိမ်တော်မှာ အကောင်းဆုံး အချိုပွဲမုန့်ပဲ... အရမ်း ကြွပ်ရွတာမို့လို့ မြန်မြန်မြည်းကြည့်လိုက်”
တုန့်ဟွားက ယခင်က ကျင်းခွေ့နှင့် ဆုံတွေ့ဖူးပြီး သူမ၏ မမလေး နှိပ်စက်ခံရစဉ်တုန်းက ကျင်းခွေ့တစ်ခါမျှ ကူညီပေးခြင်း မရှိခဲ့သည်ကို သိရှိထားသဖြင့် သူမကို လူကောင်းတစ်ယောက်အဖြစ် သဘောမထားခဲ့ချေ။
သူမ မျက်နှာပျက်အောင် မပြုလုပ်သော်လည်း စကားနာတော့ ရအောင်ထိုးလိုက်မိသည်။
“ဒါက သာမန်အချိုပွဲမုန့် မဟုတ်ဘူးနော်။ အထဲမှာ တောင်ပိုင်းနယ်စပ် တောင်တန်းတွေကရတဲ့ အဖိုးတန်မှိုနဲ့ ဝက်ပေါင်ခြောက်တွေပါတာ... အထဲက ပါဝင်ပစ္စည်းတွေက ငွေစင်ထောင်ချီ တန်ဖိုးရှိပြီး ရဖို့ အရမ်းခက်ခဲတယ်။ တစ်နှစ်တာလုံးရဲ့ ဒီရာသီမှာပဲ လုပ်လို့ရတာ... အိမ်တော်တစ်ခုလုံးမှာ သခင်မအိုကြီးနဲ့ မမလေးဟွားတို့ပဲ ဒီမုန့်ကို သုံးဆောင်ခွင့် ရထားတာ”
ကျင်းခွေ့ မုန့်ကို ပါးစပ်ဝသို့ ကပ်ရုံရှိသေးသည်။ ဤစကားကို ကြားလိုက်ရသောအခါ သူမက ထိတ်လန့်သွားရသဖြင့် တစ်ကိုက်မျှပင် မကိုက်ရဲဘဲ လက်ကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်မိ၏။
“စားပါ... ဘာမှမဖြစ်ပါဘူး”
ကုဟွားက ကြင်နာစွာ ဆိုလိုက်သည်။
တုန့်ဟွားက မျက်ခုံးပင့်လိုက်မိ၏။
“နင် ယူပြီးသားကြီးကို... ငါတို့ မမလေးကို ပြန်စားခိုင်းမလို့လား”
ကုဟွားက တုန့်ဟွားကို အကြည့်တစ်ချက် ပေးလိုက်၏။
“တော်ပါ...ရပါပြီ... အစ်မကျင်းခွေ့ကလည်း အတိတ်တုန်းက ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲဟာကို”
ထိုအခါမှသာ တုန့်ဟွားက ချက်ချင်းပင် ပန်းပွင့်အလား လှပသော အပြုံးမျိုးဖြင့် မျက်နှာပြောင်းလဲလိုက်သည်။
“အာ... အဲဒီလိုလား။ ဒါဆို အစ်မကျင်းခွေ့က ပိုပြီး စားရမှာပေါ့။ အစ်မကျင်းခွေ့ ဒီမှာ ခဏစောင့်နေနော်... ကျွန်မ အခုချက်ချင်း စားဖိုဆောင်ကို သွားပြီး တခြား အရသာရှိတဲ့ မုန့်တွေ ထပ်ယူလာခဲ့ပေးမယ်”
ပြောပြီးသည်နှင့် သူမက တုန့်ချင်းကို ဆွဲကာ အပြင်သို့ ပြေးထွက်သွားခဲ့သည်။
ကျင်းခွေ့က ကြောင်အမ်းသွားခဲ့ရပြီး တုန့်ဟွားက ကုဟွားအပေါ် အလွန်သစ္စာရှိသည်ဟုသာ ရင်ထဲ၌ တွေးတောမိလိုက်၏။
ကုဟွားက နှုတ်ခမ်းလေးများ ကွေးညွတ်ကာ ပြုံးလိုက်မိသည်။
တုန့်ဟွားက အပြင်ပန်းတွင်သာ ပေါ့ပျက်ပျက် နေတတ်သော်လည်း သူမ၏ ဦးနှောက်က မှန်တစ်ချပ်အလား ကြည်လင်လှသည်။
သူမက ကုဟွားအနေဖြင့် ကျင်းခွေ့ကို အကြောင်းပြချက်မရှိဘဲ စည်းရုံးနေမည်မဟုတ်မှန်း ရိပ်မိသဖြင့် တမင်တကာ ကူညီပေးခဲ့ခြင်း ဖြစ်၏။
ကျင်းခွေ့ အလွန်အမင်း ရှက်သွားရသည်။
“စားပါ... သူတို့က စိတ်အေးလက်အေး စားနိုင်အောင် ရှောင်ပေးသွားတာ”
ကျင်းခွေ့ ရင်ထဲတွင် ချဥ်စူးစူး ခံစားလိုက်ရသည်။ ထိုအခါမှသာ သူမက တစ်ကိုက်ချင်းစီ မြည်းစမ်းကြည့်ပြီး မျက်လုံးများ ဝေ့ဝဲကာ အခန်းတွင်းကို တိတ်တဆိတ် အကဲခတ်နေမိ၏။
ဤနေရာကို ကုဝမ်ရုရော သူမပါ တစ်ခါမျှ မရောက်ရှိဖူးချေ။ ခြံဝင်းတစ်ခုလုံးက ကျင်းရှို့ဆောင်လောက် မကြီးမားသော်လည်း အလှဆင်ထားသမျှ ပရိဘောဂ အားလုံးမှာ အလွန်အမင်း သပ်ရပ်လှပပြီး အသုံးပြုထားသော ပစ္စည်းများကလည်း ထိပ်တန်းအရည်အသွေးများ ဖြစ်ကာ အရာအားလုံး အသစ်စက်စက် အတိုင်းပင် ရှိနေခဲ့သည်။
သူမ၏ ရင်ထဲ၌ တိတ်တဆိတ် အံ့အားသင့်သွားခဲ့ရ၏။
‘ဒီလောက်အထိ တန်ဖိုးထားခံရတယ်ဆိုရင် ဒုတိယမမလေးက တကယ်ကို မြို့စားကြီးရဲ့ အမျိုးသမီး ဖြစ်လာခဲ့ပြီလား’
သို့သော်လည်း မြို့စားကြီးက သူမကို လက်လည်းမထပ်ရသေးသည့်အပြင် ကိုယ်လုပ်တော်အဖြစ်ပင် တရားဝင် မသိမ်းပိုက်ရသေးချေ။
‘ဘာလို့ မြို့စားအိမ်တော်က လူတွေက ဘာရာထူး အဆင့်အတန်းမှ မရှိသေးတဲ့ အမျိုးသမီးတစ်ယောက်အပေါ် ဒီလောက်အထိ ကောင်းကောင်းမွန်မွန် ဆက်ဆံနေကြရတာလဲ’
ကျင်းခွေ့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။
“အစ်မကျင်းခွေ့ အခုတလော အများကြီး ဒုက္ခရောက်နေရမှာပဲနော်”
ကျင်းခွေ့၏ အတွေးစများ ပြတ်တောက်ကာ သတိပြန်ဝင်လာခဲ့သည်။ သူမ၏ ပါးစပ်ထဲတွင် မုန့်များ ပြည့်နှက်နေသဖြင့် စကားမပြောနိုင်သေးချေ။