အခန်း ၉၈
Vol. 10 Ch. 98
အခန်း(၉၈)
“ကျွန်မ မရှိတော့ အစ်မအတွက် ဒေါသပုံချစရာ လူလည်း မရှိတော့ဘူး။ အစ်မယန်ကျစ်ကလည်း မရှိတော့ အစ်မကျင်းခွေ့ကို ကာကွယ်ပေးမဲ့သူ ဘယ်သူမှ မကျန်တော့ဘူးမလား။ တစ်ယောက်တည်းပဲ ဒုက္ခအားလုံးကို ခံစားနေရမှာပေါ့။ ရင်ထဲမှာ အများကြီး မတရားမှုတွေကို အောင့်အည်းထားရမှာပဲ”
ကုဟွား၏ စကားလုံးများက ကျင်းခွေ့ ရင်ထဲသို့ အတိအကျ စိုက်ဝင်သွားသည်။
သူမ မျက်ရည်များကို မထိန်းချုပ်နိုင်ဘဲ တစ်ဖန် ပြန်လည်စီးကျလာခဲ့ရပြန်၏။
ကုဟွား သက်ပြင်းချလိုက်ပြီး ရေနွေးတစ်ခွက် ငှဲ့ကာ သူမထံသို့ ကမ်းပေးလိုက်သည်။
“အစ်မယန်ကျစ်က တကယ်ကို သနားစရာကောင်းလွန်းတာပါ... သူက အစ်မအပေါ်ကို ဒီလောက်အထိတောင် သစ္စာရှိခဲ့တာကို နောက်ဆုံးကျတော့ ဒီလိုမျိုး အဆုံးသတ်မျိုးနဲ့ ကြုံတွေ့လိုက်ရတာက တကယ်ကို ရင်နာစရာကောင်းလွန်းတယ်”
“ယန်ကျစ်... သူ တကယ်ပဲ သေသွားပြီလားဟင်”
ကျင်းခွေ့ ငိုကြွေးရင်း မေးမြန်းလိုက်၏။
“အဲဒီနေ့က အပြစ်ပေးတဲ့သူတွေက မြို့စားကြီးရဲ့ ကိုယ်ရံတော်တွေလေ...အားလုံးက လက်ဆပြင်းကြတဲ့သူတွေချည်းပဲ... အစ်မယန်ကျစ်က အစေခံတစ်ယောက် ဖြစ်ပေမဲ့ ငယ်ငယ်တည်းက နုနုနယ်နယ် ကြီးပြင်းလာခဲ့ရတာဖြစ်လို့ ပင်ပန်းတဲ့ အလုပ်တွေကို တစ်ခါမှ မလုပ်ခဲ့ဖူးဘူးမလား။ ဒီလို နုနယ်တဲ့ ခန္ဓာကိုယ်လေးက ဘယ်လိုလုပ်ပြီး သံကြာပွတ်ဒဏ်ကို တောင့်ခံနိုင်ပါ့မလဲ။ ကျွန်မဆို အဲဒီအချိန်တုန်းက ကြည့်တောင်မကြည့်ရဲခဲ့ဘူး။ သူ့တစ်ကိုယ်လုံး သွေးချင်းချင်းနီနေတာပဲ တွေ့လိုက်ရတယ်”
ကျင်းခွေ့က သူမ မျက်နှာကို လက်ဖဝါးဖြင့် အုပ်ကာ ပြင်းထန်စွာ ငိုကြွေးပစ်လိုက်သည်။
ကုဟွား ဆက်ပြောလာသည်။
“သူ့ကို ဆွဲထုတ်သွားတဲ့အချိန်တုန်းက အသက်ရှူသံ ယဲ့ယဲ့လေး ကျန်ပါသေးတယ်။ သူ့ရဲ့ မျက်ဝန်းတွေက အစ်မကို မျှော်လင့်ချက်မဲ့စွာနဲ့ လှမ်းကြည့်နေခဲ့တာလေ... တကယ်လို့ အစ်မသာ ရှေ့ထွက်ပြီး ကာကွယ်ပေးခဲ့မယ်ဆိုရင် မြို့စားကြီးကလည်း သူ့ချွေးမရဲ့ မျက်နှာကို ထောက်ထားပြီး ခွင့်လွှတ်ပေးမှာ သေချာတယ်”
“အစေခံတစ်ယောက်ရဲ့ အသက်က တန်ဖိုးမရှိဘူးဆိုပေမဲ့ ဒါကလည်း လူ့အသက်တစ်ချောင်းပဲ မဟုတ်ဘူးလား။ မြို့စားအိမ်တော်က အစေခံတွေအပေါ်ကို အမြဲတမ်း ကရုဏာထားတတ်တာ...အခုလိုမျိုး ပြင်းပြင်းထန်ထန် အပြစ်ပေးတာမျိုးက ဖြစ်ခဲတယ်။ အမှားလုပ်ရင် အပြစ်ပေးခံရမှာ သဘာဝကျပေမဲ့ အသက်ဆုံးရှုံးတဲ့အထိတော့ မဖြစ်သင့်ဘူးမလား”
ကုဟွား ပြောဆိုလိုက်သော စကားလုံးများက ကျင်းခွေ့၏ ရင်ထဲတွင် ပဲ့တင်ထပ်သွားသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမရင်ထဲ၌ ခံစားခဲ့ရသော ဝမ်းနည်းမှုများနှင့် မကျေနပ်မှုများက ပိုမို၍ ကြီးမားလာရ၏။
ယန်ကျစ်က အခြားသူများထက် အကြီးဆုံး မမလေးအပေါ် ပိုမို၍ သစ္စာရှိခဲ့သူ ဖြစ်သည်။
သူမအနေဖြင့် သခင်လေး၏ အိပ်ယာနွေးပေးရသော အစေခံအဖြစ် အတင်းအကျပ် အသုံးချခြင်း ခံခဲ့ရပြီး သခင်လေးကလည်း အကြီးဆုံး မမလေးကို ဒေါသထွက်အောင် ပြုလုပ်ရန်အတွက် သူမအပေါ် တမင်တကာ မျက်နှာသာပေးခဲ့သည်။ သို့သော် သူမ အခွင့်အရေးရသည့် အချိန်တိုင်း ကျင်းရှို့ဆောင်သို့ တိတ်တဆိတ် လာရောက်ကာ အကြီးဆုံး မမလေးကို အစွမ်းကုန် ပြုစုလုပ်ကျွေးခဲ့သည်။
အကြီးဆုံး မမလေးက သူမကို မြင်သည့်အချိန်တိုင်း ဒေါသထွက်ကာ ရိုက်နှက်ဆဲဆိုလေ့ရှိသော်လည်း ယန်ကျစ်က တစ်ခါမျှ မကျေမနပ် မဖြစ်ခဲ့ချေ။
သူမ ကျင်းခွေ့ကို အမြဲတမ်း မှာကြားလေ့ရှိသည်မှာ သူမက အကြီးဆုံး မမလေးအပေါ် အပြစ်လုပ်ခဲ့မိသဖြင့် ကျင်းခွေ့အနေဖြင့် အကြီးဆုံး မမလေးကို ကောင်းမွန်စွာ အလုပ်အကျွေး ပြုပေးရန် ဖြစ်၏။
‘ဒါပေမဲ့ ယန်ကျစ်ရဲ့ သေဆုံးမှုက ထိုက်ရောထိုက်တန်ရဲ့လား’
ကျင်းခွေ့ တွေးမိလေလေ ပိုမို၍ မုန်းတီးလာမိလေလေဖြစ်ကာ ကြောက်စိတ်များလည်း တိုးလာသည်။
ရုတ်တရက် သူမက မတ်တတ်ထရပ်လိုက်ပြီး ကုဟွား၏ ရှေ့တွင် ဒူးထောက်ကာ ငိုကြွေးလျက် အရိုအသေပေးလိုက်၏။
“ဒုတိယမမလေး... ဒီအစေခံကို ကယ်ပေးပါဦးရှင့်... အခုလိုမျိုး ဆက်သွားနေရင် ဒီအစေခံ သေချာပေါက် အကြီးဆုံး မမလေးရဲ့ ရိုက်နှက်မှုကြောင့် သေသွားရပါလိမ့်မယ်။ဒီအစေခံ သေသွားတာက အရေးမကြီးပေမဲ့ ဒီအစေခံရဲ့ မိခင်နဲ့ မောင်ငယ်လေးတို့လည်း အသက်ရှင်ဖို့ လမ်းစမရှိတော့ပါဘူး”
ကုဟွား သူမကို အလျင်အမြန် ဆွဲထူလိုက်မိသည်။
“မြန်မြန်ထပါ။ ကျွန်မက အစ်မလို့တောင် ခေါ်နေတာကို အခုလိုမျိုး တရိုတသေကြီးနဲ့ ဂါရဝပြုမနေပါနဲ့”
ကျင်းခွေ့က မထရဲဘဲ ကုဟွား၏ အင်္ကျီလက်ကို အသက်ကယ်ကောက်ရိုးတစ်မျှင်အလား တင်းကျပ်စွာ ဖမ်းဆုပ်ထားမိ၏။
“ဒုတိယမမလေး... ဒီအစေခံက အတိတ်တုန်းက မမလေးအပေါ် အပြစ်လုပ်ခဲ့မိပါတယ်။ မမလေး ဒုက္ခရောက်နေတုန်းက ဒီအစေခံက မျက်ကွယ်ပြုခဲ့မိပါတယ်။ ဒီအစေခံက သေသင့်တဲ့သူပါ။ ဒီအစေခံ...”
ကုဟွား သူမ၏ ပြင်းထန်စွာ ဆွဲထားမှုကြောင့် လဲကျလုနီးပါး ဖြစ်သွားသည်။
“နင် အဲဒီတုန်းက ဘာတတ်နိုင်မှာမို့လို့လဲ...အရင်ဆုံး ထလိုက်ပါဦး”
“ဒီအစေခံမှာ ပြောမပြနိုင်တဲ့ အခက်အခဲတွေ ရှိလို့ပါ။ ဒီအစေခံရဲ့ မွေးမိခင်က အပြင်းအထန် ဖျားနာနေပြီး မောင်ငယ်လေးကလည်း အသက်ငါးနှစ်ပဲ ရှိပါသေးတယ်။ အဖေက ရောဂါနဲ့ စောစောစီးစီး ကွယ်လွန်သွားခဲ့ရတာပါ။ မိသားစုက ဆင်းရဲလွန်းပြီး ဒီအစေခံရဲ့ လစာက လုံးဝမလောက်ပါဘူး။ ဒီအစေခံရဲ့မိသားစုက ကိုယ်လုပ်တော်ပိုင်ကတစ်ဆင့် ပိုင်မိသားစု ဆေးဆိုင်ကနေ လစဉ်လတိုင်း ဆေးဝါးတွေကို အကြွေးနဲ့ ယူဆောင်ခွင့်ပြုထားလို့သာ အသက်ဆက်နေနိုင်ကြတာပါ။ မဟုတ်ရင် ဒီအစေခံရဲ့ မိခင်က သေဆုံးသွားတာ ကြာပါပြီ”
ကျင်းခွေ့ ငိုကြွေးရင်း သူမ၏ အတွင်းရေးကိစ္စအားလုံးကို ဖွင့်ဟပြောဆိုလိုက်သည်။
ကုဟွားကသာ လက်ရှိတွင် သူမ၏ တစ်ဦးတည်းသော ကယ်တင်ရှင် ဖြစ်နိုင်သည်။
ကုဟွား၏ ရင်ထဲတွင် လေးလံသွား၏။
ကိုယ်လုပ်တော်ပိုင်က လူတိုင်း၏ အားနည်းချက်များကို သူမ၏ လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။
“တို့တွေ အတူတူ နည်းလမ်းတစ်ခုခု စဉ်းစားကြည့်ကြတာပေါ့”
ကျင်းခွေ့ မျက်ရည်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မတ်တတ်ရပ်လိုက်ပြီး ကုဟွားကို ကမ္ဘာဦး နတ်ဘုရားမအလား စိုက်ကြည့်နေမိသည်။
ကုဟွား လက်ကိုင်ပဝါကို ထုတ်ယူကာ သူမ မျက်ရည်များကို သုတ်ဖယ်ပေးလိုက်သည်။
“အစ်မကျင်းခွေ့က ဒီနှစ်ဆို အသက် တစ်ဆယ့်ရှစ်နှစ် ရှိပြီမလားဟင်... ကိုယ်တိုင်အတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ ချမှတ်ရမဲ့ အချိန်ရောက်ပါပြီ။ လက်ရှိမှာ ဘာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ ကျွန်မကို ပြောပြပါဦး။ တို့တွေ အတူတူ နည်းလမ်းရှာကြတာပေါ့”
ကျင်းခွေ့ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
သူမက အသက် တစ်ဆယ့်ရှစ်နှစ် ရှိပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာ သူမ၏ ရုပ်ရည်က သာမန်မျှသာ ဖြစ်နေသည်။
မဟုတ်လျှင်...
ကျင်းခွေ့ မည်သည်ကိုမျှ ဖုံးကွယ်မထားတော့ဘဲ အထိန်းတော်ချန်နှင့် ကုဝမ်ရုတို့ တိတ်တဆိတ် ပြောဆိုခဲ့ကြသည့် စကားများ အားလုံးကို ဖွင့်ဟပြောဆိုလိုက်၏။
“ဒီအစေခံ သိရသလောက်ဆိုရင် အကြီးဆုံး မမလေးက သခင်လေးကို ဒီကိစ္စကို လုပ်စေချင်တာပေမဲ့ အမှန်အတိုင်း ပြောဖို့ ငြင်းဆန်နေပြီး ဒီအစေခံအနေနဲ့လည်း တိုက်ရိုက် သွားရောက်ပြောဆိုဖို့ မဖြစ်နိုင်ပါဘူး။ သခင်လေးကတော့ အကြီးဆုံး မမလေးကို သွားရောက်တွေ့ဆုံမှာ မဟုတ်တာ သေချာပါတယ်။ ဒီအစေခံ ခဏနေလို့ ပြန်သွားတဲ့အချိန်ကျရင် သေချာပေါက် အရိုက်ခံရမှာပါ”
ကျင်းခွေ့က စကားပြောနေရင်းနှင့်ပင် တစ်ဖန် ပြန်လည်ငိုကြွေးလာပြန်သည်။
ကုဟွား ခဏတာမျှ စဉ်းစားမိလိုက်၏။
မျှော်လင့်ထားသည့်အတိုင်းပင်... ဆောင်းရာသီ စစ်ဝတ်စုံ ထောက်ပံ့ရေး အမိန့်တော်နှင့် သက်ဆိုင်သည့် ကိစ္စရပ်ကြီးမှာ သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များအရ ယခုရက်ပိုင်းအတွင်း၌ပင် အတိအကျ စတင်ဖြစ်ပွားနေခဲ့ပြီ ဖြစ်သည်။
ကုဝမ်ရုနှင့် မုအန်းတို့နှစ်ဦးလုံး အတ္တကြီးကြပြီး သူတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုကြသူများ ဖြစ်သည်။
အတိတ်ဘဝတုန်းက သူတို့နှစ်ဦးသည် အလွန်အမင်း ချစ်ခင်ကြသော လင်မယားအဖြစ် လူအများရှေ့တွင် ဟန်ဆောင်ခဲ့ကြသော်လည်း လက်တွေ့တွင် တစ်ဦးစီ၌ ကိုယ်ပိုင် အကွက်ချတွက်ချက်မှုများ ရှိနေခဲ့ကြ၏။
ကုဝမ်ရုက ပိုင်မိသားစုထံမှ ပိုမို၍ လာဘ်လာဘ ရရှိလိုသဖြင့် ကိုယ်လုပ်တော်ပိုင်အား ကြားခံအဖြစ် ကူညီပေးပါမည်ဟု ကတိပြုခဲ့ကာ မုအန်းထံတွင် အသနားခံပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မုအန်းက ပိုမိုကြီးမားသော အကျိုးအမြတ်ကို ရရှိရန်အတွက် ကုန်ပစ္စည်းများကို တိတ်တဆိတ် လဲလှယ်ပစ်ခဲ့သဖြင့် ပိုင်မိသားစုက အကြီးအကျယ် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ဤကိစ္စကြောင့်ပင် ကုဝမ်ရုနှင့် မုအန်းတို့ ပထမဆုံးအကြိမ် ပြင်းထန်စွာ စကားများခဲ့ကြ၏။
နောက်ပိုင်းတွင် ကုဝမ်ရုက ကိုယ်လုပ်တော်ပိုင်ထံ သွားရောက်တိုင်တန်း ငိုကြွေးခဲ့သဖြင့် ပိုင်မိသားစုက အရင်ဦးဆုံး ငွေသား အမြောက်အမြား ထုတ်ပေးခဲ့ရုံတင်မကဘဲ မုအန်းလိုချင်နေသော မြို့ပြင်က ရေပူစမ်းကိုပါ ဝယ်ယူပေးခဲ့ရသည်။
ထိုအခါမှသာ မုအန်းက ပိုင်မိသားစုထံမှ ငွေရလွယ်ကာ လိမ္မာရေးခြားရှိသည်ဟု ခံစားရသဖြင့် ကုဝမ်ရုနှင့် ပြန်လည်သင့်မြတ်သွားခဲ့ခြင်း ဖြစ်သည်။
ပြင်ပလူများအမြင်တွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးက ပျားသကာကဲ့သို့ ချိုမြိန်နေခဲ့ကြသော်လည်း လက်တွေ့တွင် တစ်ဦးကိုတစ်ဦး အသုံးချနေကြခြင်းမျှသာ ဖြစ်၏။
ထို့နောက်တွင် မုအန်း ပိုင်ရိကို နန်းတွင်းမိန်းမစိုးဌာနမှ မိန်းမစိုးချုပ်ကြီး၏ မွေးစားသားနှင့် တွေ့ဆုံနိုင်ရန် အမှန်တကယ် လမ်းခင်းပေးခဲ့သည်။
သို့သော် ထိုညက ကုဟွားအတွက် အိပ်မက်ဆိုးကြီးတစ်ခု စတင်ခဲ့သည့် ညပင် ဖြစ်သည်။
ထိုညလွန်ပြီးနောက် ပိုင်မိသားစု၏ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး အမိန့်တော်မှာ အောင်မြင်သွားခဲ့ပြီး သူတို့က မြို့တော်၏ ပထမတန်းစား တော်ဝင်ကုန်သည်အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။
သို့သော် ၎င်းက ကုဝမ်ရုနှင့် မုအန်းတို့၏ စွမ်းဆောင်မှုကြောင့် မဟုတ်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ကုဟွားတစ်ယောက်တည်းကသာ ကြေကွဲစဖွယ် အဖိုးအခကို ပေးဆပ်ခဲ့ရခြင်း ဖြစ်သည်။
ကုဟွားတစ်ကိုယ်လုံး တုန်ယင်သွားသည်။ ဦးနှောက်ထဲရှိ အတိတ်က အကြောင်းအရာအားလုံးကို အတင်းအကျပ် မောင်းထုတ်ပစ်လိုက်ရ၏။ သူမ၏ လှပပြီး အရောင်တောက်နေသော မျက်ဝန်းအစုံထဲမှ မလိုမုန်းထားစိတ်များကို ဖုံးကွယ်လိုက်ပြီး နှုတ်ခမ်းသားများကို အနည်းငယ် ကွေးညွတ်ကာ ပြုံးလိုက်မိသည်။
ယခုဘဝတွင် သူမ ဤဇာတ်လမ်းကို ပိုမို၍ သက်ဝင်လှုပ်ရှားအောင် ဖန်တီးပေးမည် ဖြစ်၏။
“အစ်မကျင်းခွေ့ရဲ့ မိခင်နဲ့ မောင်လေးရဲ့ လိပ်စာကို ကျွန်မကိုပေးပါ။ ကျွန်မ သူတို့ဆီကို သမားတော် ပုံမှန်လွှတ်ပြီး မိခင်ဖြစ်သူကို ကုသပေးပါ့မယ်။ နောက်နောင် မိခင်ဖြစ်သူရဲ့ ဆေးဖိုးဝါးခကို ကျွန်မပဲ တာဝန်ယူပေးပါ့မယ်။ ပြီးတော့ လစဉ်လတိုင်း သူတို့အတွက် စားစရိတ် အနည်းငယ်လည်း ပေးပါ့မယ်”
ကျင်းခွေ့ မျက်လုံးများ ပြူးကျယ်သွားရကာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
“ဒီအစေခံက ဘယ်လိုလုပ်ပြီး လက်ခံရဲပါ့မလဲ”
“ကျွန်မ မြို့စားကြီးအတွက် ကွယ်လွန်သူ သခင်မကြီးရဲ့ လက်ရေးမူတွေကို ကူးရေးပေးနေရတာဆိုတော့ မြို့စားအိမ်တော်က ကျွန်မကို လစာပေးပါတယ်။ ပြီးတော့ သမားတော်စွန်းကိုလည်း ကျွန်မ သွားကြည့်ခိုင်းလိုက်လို့ ရတယ်”
ကျင်းခွေ့ ကြမ်းပြင်ထက်သို့ ထပ်မံဒူးထောက်လိုက်ပြန်သည်။
“ဒုတိယမမလေးက... ဒီအစေခံရဲ့ အသက်သခင် ကျေးဇူးရှင်ပါပဲ”
ကုဟွား သူမကို ဆွဲထူလိုက်ပြီး အဓိပ္ပာယ်ပါပါ ဆိုလိုက်၏။
“ကိုယ့်အသက်ကို ကိုယ်တိုင်ပဲ ကယ်တင်နိုင်မှာ...တကယ်လို့ ကြောက်ရွံ့နေဖို့ပဲ သိနေရင် လူဆိုးတွေက ကိုယ့်ကို ပိုပြီးတော့တောင် နှိပ်စက်ကြဦးမှာ။ ကိုယ့်ဘာသာ လမ်းစ ရှာဖွေနိုင်မှ အသက်ရှင်ဖို့ အလင်းရောင်ကို မြင်ရမှာ...နားလည်ရဲ့လား”
ကျင်းခွေ့ ကုဟွားကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။ သူမကို မမှတ်မိတော့သကဲ့သို့ပင် ခံစားလိုက်ရ၏။
အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှသာ သူမ သဘောပေါက်သွားခဲ့ရ၏။
“ဒီအစေခံ နားလည်ပါပြီ ဒုတိယမမလေး... ဒီအစေခံရဲ့ အသက်ကို မမလေးပိုင်ပါတယ်”
ကုဟွား ပြုံးလိုက်မိသည်။
“ကျွန်မက အစ်မကျင်းခွေ့ရဲ့ အသက်ကို ယူပြီး ဘာလုပ်လို့ ရမှာမို့လို့လဲ။ ရှင်ရော ကျွန်မရော နှစ်ယောက်လုံး ကောင်းကောင်း အသက်ရှင်သွားလို့ ရပါတယ်”
ကျင်းခွေ့ ရင်ထဲတွင် အားနာစိတ်နှင့်အတူ စိတ်လှုပ်ရှားမှုများပါ ထွက်ပေါ်လာခဲ့ရသည်။
“တကယ်လို့ တစ်စုံတစ်ရာ အမိန့်ရှိမယ်ဆိုရင် ဒီအစေခံက အသက်နဲ့လဲပြီး အောင်မြင်အောင် စွမ်းဆောင်ပေးပါ့မယ်”
ဤစကားက ကုဟွား အတိအကျ စောင့်ဆိုင်းနေခဲ့သော စကားပင် ဖြစ်သည်။
ကုဟွား သူမ လက်ကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“နောက်နောင် ဘာသတင်းပဲကြားကြား ကျွန်မကို အတတ်နိုင်ဆုံး လာရောက်ပြောပြပေးပါ... ကျွန်မတို့တွေ အတူတူ နည်းလမ်းရှာပြီး အစ်မကျင်းခွေ့ကို ကျွန်ဘဝကနေ လွတ်မြောက်အောင် ကူညီပေးပါ့မယ်”
“ကျွန်ဘဝကနေ လွတ်မြောက်အောင်တဲ့လား... အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျင်းခွေ့ မျက်လုံးများ ပြူးကျယ်သွားရသည်။