← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း(၉၉)

‘ငါ့ကို ကျွန်ဘဝက လွတ်မြောက်အောင် ကူညီပေးမယ်တဲ့လား’

သို့သော်လည်း အကြောင်းပြချက်မရှိဘဲ သူမ ကုဟွားကို ယုံကြည်မိသွားခဲ့၏။

ယခင်က ကုဟွားသည် ကိုယ်လုပ်တော်ပိုင်၏ အတင်းအကျပ် စေခိုင်းမှုကြောင့် မြို့စားအိမ်တော်သို့ ရောက်ရှိလာခဲ့ရပြီး ကျွန်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ယန်ကျစ်က သူမကို လူရှေ့သူရှေ့တွင် ဆဲရေးတိုင်းထွာရဲခြင်း ဖြစ်၏။

သို့သော် မျက်စိတစ်မှိတ်အတွင်း၌ပင် သူမ မြို့စားကြီး၏ ကာကွယ်မှုကို ရရှိသွားခဲ့ပြီး မြို့စားအိမ်တော်ကလည်း သူမ၏ အစေခံစာချုပ်ကို ဖျက်ဆီးပစ်ခဲ့သည်။

ယန်ကျစ် မကျေမနပ်ဖြစ်ပြီး ဤအကြောင်းကို သူမအား ပြောပြစဉ်က ပုံမှန်အားဖြင့် နုနယ်လှသော ဒုတိယမမလေးတွင် ဤမျှအထိ စွမ်းဆောင်ရည် ရှိနေခဲ့သည်ကို သူမ အလွန်အမင်း အံ့ဩခဲ့ရဖူးသည်။

“မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ လူဆိုတာ ရည်မှန်းချက်တော့ ရှိရမှာပေါ့... တကယ်လို့ အဲဒါက အမှန်တကယ် ဖြစ်လာခဲ့ရင်ရော”

ကုဟွား၏ နောက်ဆုံး စကားလုံးများက ကျင်းခွေ့၏ ဦးနှောက်ထဲတွင် ဝဲလည်နေခဲ့သည်။

ကျင်းရှို့ဆောင်သို့ ပြန်လာခဲ့စဉ် လမ်းခရီးတစ်လျှောက်လုံးတွင် ကုဟွား မှာကြားလိုက်သော အချက်အလက်များကိုသာ သူမ အကြိမ်ကြိမ် ပြန်လည်စဉ်းစားနေခဲ့၏။

ကျင်းရှို့ဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့ချိန်တွင် မုအန်း လိုက်ပါမလာသည်ကို မြင်တွေ့လိုက်ရသဖြင့် ကုဝမ်ရု၏ မျက်နှာကြီးက မှောင်မိုက်သွားသည်။

သူမက ကျင်းခွေ့ကို ဆဲရေးတိုင်းထွာရန် ပြင်လိုက်စဉ်၌ပင် ကျင်းခွေ့က အလျင်အမြန်ပင် ကုဟွား သင်ကြားပေးလိုက်သော စကားများကို ပြောလိုက်၏။

“သခင်လေးက အခုတလော ငွေစင်ငါးသောင်း လိုအပ်နေပါတယ်တဲ့”

ကုဝမ်ရု မျက်မှောင်ကြုတ်လိုက်မိသည်။

“ဟုတ်ပါတယ်။ သခင်လေး သူ အခုတလော ငွေရှာဖို့အတွက် အလုပ်ရှုပ်နေတာမို့လို့ ဒီကိုလာဖို့ အချိန်မရှိဘူးလို့ ပြောလိုက်ပါတယ်ရှင်”

ကျင်းခွေ့ လိမ်လည်ပြောဆိုနေရသဖြင့် အနည်းငယ် တုန်လှုပ်နေခဲ့ပြီး စကားလုံးများကလည်း ထစ်ငေါ့နေခဲ့၏။

ကုဝမ်ရုက သူမ၏ စကားကို သံသယမဝင်ချေ။ ကျင်းခွေ့က ပုံမှန်အားဖြင့်လည်း ဤကဲ့သို့ပင် ထုံအပြီး ကြောက်တတ်သူတစ်ဦးဖြစ်သည်။

သို့သော်လည်း သူမ လက်ထဲတွင် ငွေလုံးဝမကျန်ရှိတော့ချေ။

မဟုတ်လျှင် ဤရက်ပိုင်းအတွင်း သူမအနေဖြင့် ဤမျှအထိ စိတ်ပျက်စရာကောင်းသော ဘဝမျိုးကို ဖြတ်သန်းနေရမည် မဟုတ်ချေ။

၎င်းကို မြင်တွေ့လိုက်ရသောအခါ ကျင်းခွေ့ အလျင်အမြန်ပင် ပြောလိုက်သည်။

“ဒီလိုလုပ်ရင်ရောဟင်... ဒီအစေခံက အိမ်တော်ပြင်ပကို ထွက်ခွာဖို့ နည်းလမ်းရှာပြီး ကိုယ်လုပ်တော်ပိုင်ဆီကနေ အကူအညီ တောင်းပေးရမလား”

“နင် အပြင်ထွက်ဖို့ နည်းလမ်း စဉ်းစားမိလို့လား”

အထိန်းတော်ချန်က အပြင်ထွက်နိုင်သော်လည်း ကုဝမ်ရုအနေဖြင့် အထိန်းတော်ချန်ကို ကိစ္စရပ်အားလုံးကို အလွန်အမင်း သိရှိမသွားစေချင်ပေ။

“ဒီအစေခံမှာတော့ မရှိပါဘူးရှင့်... ဒါပေမဲ့ ဒုတိယမမလေးဆီမှာတော့ ရှိပါတယ်”

ကုဝမ်ရု၏ ဒေါသများ ချက်ချင်းပင် ဦးခေါင်းသို့ တက်ဆောင့်သွားခဲ့ရ၏။

“နင်က ငါ့ကို ဟိုကုဟွားဆိုတဲ့ မိန်းမပျက်ဆီမှာ အသနားခံခိုင်းနေတာလား”

ကျင်းခွေ့ အလျင်အမြန် ဒူးထောက်လိုက်သည်။

“အကြီးဆုံး မမလေးရယ်... ဒုတိယမမလေးက အခုဆိုရင် မိန်းကလေးကျိုးနဲ့အတူတူ မြို့စားအိမ်တော်ရဲ့ အတွင်းရေးကိစ္စတွေကို စီမံခန့်ခွဲနေရတာပါ။ သူ့မှာ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ အိမ်တော်ကနေလည်း အလွယ်တကူ ထွက်ခွာနိုင်ပါတယ်။ အကြီးဆုံး မမလေးနဲ့ သူက ညီမအရင်းတွေ ဖြစ်ကြတာမို့လို့ အကြီးဆုံး မမလေးဆီမှာ အရေးကြီးတဲ့ ကိစ္စရှိနေတာကို သူက ဘယ်လိုလုပ်ပြီး ကူညီမပေးဘဲ နေပါ့မလဲ... ဘာပဲဖြစ်ဖြစ် သူကလည်း ကုမိသားစုက သမီးတစ်ယောက်ပဲ မဟုတ်ဘူးလား။ အနာဂတ်မှာ အိမ်ထောင်ပြုတဲ့အခါ သခင်မကြီးဝမ်ကို အားကိုးရဦးမှာပဲဟာ”

ထိုအခါမှသာ ကုဝမ်ရု၏ စိတ်ခံစားချက်များ ပြန်လည်တည်ငြိမ်သွားသည်။

ကျင်းခွေ့ ပြောဆိုလိုက်သော စကားလုံးများက အမှန်တကယ်ပင် သဘာဝကျ၏။

သေသေချာချာ ပြန်လည်စဉ်းစားကြည့်လျှင် ကုဟွား သူမအပေါ် ပြင်းထန်သော မုန်းတီးစိတ်များ ထားရှိစရာ အကြောင်းပြချက် မရှိချေ။ ထို အပျက်မလေးက မုအန်းကို သဘောမကျသဖြင့်သာ ပိုမိုမြင့်မားသော အကိုင်းအခက်ဆီသို့ တွယ်တက်သွားခဲ့ခြင်း ဖြစ်လိမ့်မည်။

သို့သော် မုကျွင်းယန် သူ့အနေဖြင့် မည်သည့်အခါမျှ အိမ်ထောင်ပြုမည်မဟုတ်ကြောင်း တရားဝင် ကြေညာထားခဲ့ပြီး လက်ရှိတွင်လည်း သူမကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်မည့် အရိပ်အယောင်မျိုး လုံးဝမရှိချေ။

နောက်ဆုံးတွင် ကုဟွားက သူမ၏ အပျိုစင်ဘဝကိုသာ ဆုံးရှုံးသွားခဲ့ရသဖြင့် လူအများ၏ လှောင်ပြောင်စရာ ဖြစ်လာလိမ့်မည်။

ကုဟွား သေချာပေါက် အနာဂတ်အတွက် ပြန်လည်စဉ်းစားလိမ့်မည်။ တရားဝင် သမီးကို စော်ကားမိခြင်းက သူမအတွက် အကျိုးရှိမည် မဟုတ်ချေ။

လက်ရှိတွင် ကုဝမ်ရုက အကျယ်ချုပ် အခြေအနေမျိုး ဖြစ်နေခဲ့ပြီး မုအန်းကလည်း သူမကို ပစ်ပယ်ထားကာ မြို့စားအိမ်တော်ကိုလည်း သူမ အမိန့်မပေးနိုင်ချေ။

သူမက လက်ရှိတွင် အသုံးချနိုင်မည့်သူမှာ ကုဟွားတစ်ဦးတည်းသာ ရှိသည်။

“ကုဟွားကို ဒီကိုခေါ်ပြီး ညစာ အတူတူစားဖို့ ဖိတ်ကြားလိုက်”

ဤစကားကို ကြားလိုက်ရသောအခါမှသာ ကျင်းခွေ့၏ ရင်ထဲ၌ စိုးရိမ်ပူပန်နေခဲ့ရသော အလုံးကြီး ကျသွားသည်။

သူမ ရင်ထဲ၌ ဒုတိယမမလေးကို အလွန်အမင်း ချီးကျူးလိုက်မိသည်။

သူမက နတ်ဘုရားတစ်ပါးကဲ့သို့ ကိစ္စရပ်အားလုံးကို ကြိုတင်သိမြင်နေခဲ့သည်။

အကြီးဆုံး မမလေးက အမှန်တကယ်ပင် သူမနှင့် ပြန်လည်သင့်မြတ်ချင်နေခဲ့ပြီ ဖြစ်သည်။

“ဟုတ်ကဲ့ပါ”

ကျင်းခွေ့ထံမှ အခြေအနေ အရပ်ရပ်ကို ကြားသိရပြီးနောက် ကုဟွား ပြုံးလိုက်မိသည်။

“ကောင်းပြီ... အစ်မကို ပြန်ပြီး တင်ပြလိုက်... ကျွန်မကိုယ်တိုင် စားဖိုဆောင်ကို သွားပြီး အရသာရှိတဲ့ ဟင်းလျာအချို့ ပြင်ဆင်ခိုင်းလိုက်မယ်။ ပြီးရင် ဒီည သူနဲ့အတူတူ ညစာစားဖို့ လာခဲ့ပါ့မယ်လို့”

ကုဟွားကိုယ်တိုင် စားဖိုဆောင်သို့ သွားရောက်ကာ ဟင်းလျာကောင်းများ ပြင်ဆင်ခိုင်းမည်ဟူသော စကားကို ကြားလိုက်ရချိန်တွင် ကုဝမ်ရု မောက်မာလှစွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

‘အောက်တန်းစားကတော့ အောက်တန်းစားပါပဲ’

ကုဟွား တမင်တကာပင် တောက်ပလှသော ငန်းဝါရောင် ဂါဝန်ကို ဝတ်ဆင်လိုက်ပြီး အဖိုးတန်လှသော လက်ဝတ်ရတနာအသစ် နှစ်ခုကိုလည်း ဆင်ယင်လိုက်သည်။

သူမ၏ နောက်တွင် ကြီးမားသော အစားအသောက်သေတ္တာ နှစ်ခုကို သယ်ဆောင်လာခဲ့ကြသည့် တုန့်ဟွားနှင့် တုန့်ချင်းတို့ကို ဦးဆောင်လျက် ကျင်းရှို့ဆောင်ဆီသို့ လျှောက်လှမ်းလာခဲ့၏။

နေဝင်ရီတရော အချိန်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ နေဝင်ဆည်းဆာ၏ ရွှေရောင်အလင်းတန်းများက နီမြန်းနေသော အုတ်တံတိုင်းများနှင့် ဖြူလွလွ နံရံများထက်သို့ ကျရောက်နေခဲ့ပြီး ထူးခြားဆန်းပြားသော ပန်းပုလက်ရာ တိုင်လုံးကြီးများနှင့် ပန်းချီကားချပ်များကို တောက်ပသော အလင်းရောင်များဖြင့် လွှမ်းခြုံထားခဲ့သည်။

ကုဟွား၏ ကျောပြင်က ပို၍ပင် မတ်သွားခဲ့ရ၏။

သူမ ကံကြမ္မာကို လက်ထဲတွင် ပထမဆုံးအကြိမ်အနေဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားနိုင်ခဲ့ပြီဟု ခံစားလိုက်ရသည်။

ပျက်စီးခြင်းမရှိဘဲ အသစ်တည်ဆောက်ခြင်း မရှိနိုင်ချေ။

အတိတ်ဘဝ၌ သေချာပေါက် သေဆုံးရမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုမူ သူမ လုံးဝ ဆန့်ကျင်ဘက် လမ်းကို လျှောက်လှမ်းနေခဲ့ပြီ ဖြစ်သည်။

ဤဘဝတွင် မည်သူက အောင်နိုင်သူ ဖြစ်လာမည်ဆိုသည်မှာ မသေချာသေးချေ။

ကျင်းရှို့ဆောင်...

ကုဟွား ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်မိသည်။

ဤနေရာက အလွန်အမင်း တိတ်ဆိတ် ခြောက်ကပ်နေခဲ့သည်။

အတိတ်တုန်းက မြို့စားအိမ်တော်၏ သခင်မလေးက အိမ်တော် စီမံခန့်ခွဲခွင့် အာဏာကို မရရှိသေးသော်လည်း သူမက တစ်ဦးတည်းသော သခင်မလေး ဖြစ်ခဲ့သည်။

ကုအိမ်တော်အပြင် မြို့စားအိမ်တော်မှ အစေခံများအားလုံးကပါ သခင်မလေး အနာဂတ်တွင် ဤအိမ်တော်၏ အဓိက သခင်မကြီး မလွဲမသွေ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားခဲ့ကြခြင်း ဖြစ်၏။

ထို့ကြောင့်ပင် ခြံဝင်းအသီးသီးမှ အမျိုးသမီး စီမံခန့်ခွဲသူများနှင့် အစေခံများက သူမ၏ ရှေ့မှောက်တွင် မျက်နှာလိုမျက်နှာရ လာရောက်မျက်နှာပြလေ့ ရှိကြသည်။

သို့သော် ယခုမူ...

‘ဟက်’

အလွန်အမင်း ကောင်းမွန်လှသော စိတ်ခံစားချက်ဖြင့် ကုဟွား အဓိက အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ကုဝမ်ရုက သူမ၏ အခမ်းနားဆုံးသော ဝတ်စုံကို ဝတ်ဆင်ထားလျက် စားပွဲဝိုင်းတွင် သူမကို စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

“အစ်မ...”

ကုဟွား စနစ်တကျ ဂါရဝပြုလိုက်၏။

ကုဝမ်ရုက သူမ၏ မျက်ဝန်းများထဲမှ မုန်းတီးစိတ်များကို ဖုံးကွယ်၍ မရနိုင်သော်လည်း အတင်းအကျပ် အပြုံးမျက်နှာမျိုး ဖန်တီးလိုက်သည်။

“ညီမလေး ရောက်လာပြီပဲ။ မြန်မြန်ထိုင်ပါ။ အစ်မက ခန္ဓာကိုယ် သိပ်မကောင်းသေးလို့ မထတော့ဘူးနော်”

ကုဟွားက သူမ စကားအတိုင်းပင် ဘေးနား၌ ဝင်ထိုင်လိုက်သည်။

“အစ်မက အခုတင် ကိုယ်ဝန်ပျက်ကျထားတာဆိုတော့ အိပ်ယာထဲမှာပဲ ကောင်းကောင်း အနားယူသင့်တာကို ဘာဖြစ်လို့ အပင်ပန်းခံပြီး ထထိုင်နေရတာလဲ”

ကုဝမ်ရု အလွန်အမင်း ဒေါသထွက်သွားရသဖြင့် သူမ၏ အပြုံးကိုပင် ဆက်လက် မထိန်းထားနိုင်ခဲ့ချေ။

သူမက မချိပြုံး ပြုံးလိုက်ရသည်။

“အစ်မက ညီမလေးကို မတွေ့ရတာ ကြာလို့ တအား သတိရနေလို့ပါ”

‘သေချာတာပေါ့... နင် ငါ့ကို သတိရနေတာက ငါ့ကို လည်ပင်းညှစ်သတ်ချင်နေလောက်အောင် သတိရနေတာမလား’

ကုဟွား နူးညံ့စွာ ပြုံးလိုက်သည်။

“ညီမလေးလည်း အစ်မကို သတိရနေတာပါ”

သူမ၏ ပိုမို၍ လှပလာသော မျက်နှာလေးနှင့် ဆံထုံးထက်ရှိ အဖိုးတန်သော ရတနာများကို စိုက်ကြည့်မိလိုက်ချိန်တွင် ကုဝမ်ရု၏ ရင်ထဲ၌ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်သွား၏။

သူမက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်ခံစားချက်များကို အတင်းအကျပ် နှိမ်နင်းကာ ကုဟွား၏ လက်ကို ဖမ်းဆုပ်လိုက်သည်။

“ညီမလေးရယ်... အရင်က တို့တွေကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိခဲ့တယ်။ အစ်မက ညီမလေးရဲ့ စိတ်ကူးကို နားလည်မှုလွဲပြီး ညီမလေးက ခင်ပွန်းကို သဘောကျနေတယ်... ခင်ပွန်းကလည်း ညီမလေးကို သဘောကျနေတယ်လို့ ထင်မှတ်ခဲ့မိတာ။ ဒါကြောင့်လည်း အစ်မက ညီမလေးတို့နှစ်ယောက်ကို အောင်သွယ်ပေးချင်ခဲ့တာပေါ့။ အစ်မ ထင်ခဲ့တာက တို့ညီအစ်မနှစ်ယောက်လုံး ခင်ပွန်းတစ်ယောက်တည်းကို အတူတူ ပြုစုလုပ်ကျွေးရင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်မယ်လို့ ထင်ခဲ့မိတာ။ ညီမလေးက ခင်ပွန်းကို သဘောမကျဘူးလို့ အစ်မ ထင်မထားခဲ့မိဘူး။ တကယ်လို့ အစ်မသာ ကြိုသိခဲ့ရင်...

တကယ်ဆို ညီမလေးကလည်း အစ်မကို အမှန်အတိုင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သင့်တာပေါ့”

ကုဟွား ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။

“အစ်မပြောတာ သဘာဝကျပါတယ်... ညီမလေးက အစ်မကို အစတည်းက ရှင်းရှင်းလင်းလင်း ပြောပြခဲ့သင့်တာပါ”

ကုဝမ်ရု ဤမျှအထိ ဟန်ဆောင်နေရသည်ကို အမှန်တကယ်ပင် ပင်ပန်းလှသည်။

သူမက လက်ကို လွှတ်လိုက်ပြီး တူကို ကိုင်ကာ ကြက်တောင်ပံတစ်ခုကို ယူ၍ ကုဟွား၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်၏။

“ဒီညစာကို အစ်မက ညီမလေးကို တောင်းပန်တဲ့ ညစာအဖြစ်ပဲ သဘောထားလိုက်နော်”

“ကျေးဇူးတင်ပါတယ် အစ်မ”

ကုဟွားက ပန်းကန်လုံးထဲရှိ ကြက်တောင်ပံကို စိုက်ကြည့်ရင်း တိုးညှင်းစွာ ဆိုလိုက်သည်။

‘ဒါက ငါ့ရဲ့ အတောင်ပံတွေ သန်မာလာပြီလို့ ပြောချင်တာလား ဒါမှမဟုတ် ငါ့ကို အဝေးဆုံးကို ပျံသန်းသွားစေချင်လို့ ဆုတောင်းပေးတာလား’

သူမတို့နှစ်ဦးက ပထမဆုံးအကြိမ်အဖြစ် ညီအစ်မအရင်းများကဲ့သို့ အလွန်အမင်း ရင်းနှီးစွာ ညစာစားရင်း စကားပြောဆိုနေခဲ့ကြသည်။

အပြင်ပန်းတွင် အလွန်အမင်း ကြည်နူးဖွယ်ကောင်းလှသော ညီအစ်မ ချစ်ခြင်းမေတ္တာ ပုံရိပ်ကြီးတစ်ခု ဖြစ်နေခဲ့သည်။

သူတို့ကို စောင့်ကြည့်နေသော ကျင်းခွေ့က ဒုတိယမမလေး၏ တည်ငြိမ်လှသော စိတ်ဓာတ်ကို ရင်ထဲ၌ တိတ်တဆိတ် အံ့ဩချီးကျူးလိုက်မိ၏။

“အစ်မ... အစ်မမှာ ဘာအခက်အခဲပဲရှိရှိ ညီမလေးကို ပွင့်ပွင့်လင်းလင်း ပြောပြပါနော်... အခုဆိုရင် ညီမလေးက မိန်းကလေးကျိုးကို ကူညီပြီး အိမ်တော် အတွင်းရေးကိစ္စတွေကို စီမံခန့်ခွဲနေတာဖြစ်လို့... အစ်မ ဘာပဲစားချင်ချင် ဘာပဲသုံးချင်ချင် ညီမလေးကိုသာ ပြောလိုက်ပါ။ ညီမလေး သေချာပေါက် အစ်မရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ နည်းလမ်းရှာပေးပါ့မယ်”

‘ငါက ဒီမိန်းမပျက်ရဲ့ အကူအညီကို ယူပြီး စားသောက်ဝတ်ဆင်ရမယ်တဲ့လား’

ပန်းတစ်ပွင့်အလား ပြုံးရွှင်နေသော ကုဟွားကို စိုက်ကြည့်ရင်း ကုဝမ်ရု၏ ရင်ထဲမှ ဒေါသများက သူမ၏ မျက်နှာဖုံးကို ဖောက်ထွက်လုနီးပါး ဖြစ်သွားခဲ့ရ၏။

ရင်ထဲမှ အပြုံးနှင့် ဒေါသများကရောထွေးနေခဲ့သဖြင့် သူမ၏ မျက်နှာကြီးက တောင့်တင်းနေခဲ့ရသည်။

“အစ်မ ဒီအိမ်တော်ကို လက်ထပ်ဝင်ရောက်လာခဲ့စဉ်တုန်းက ဆယ်မိုင်လောက် ရှည်လျားတဲ့ မင်္ဂလာခန်းဝင် တင်တောင်းပစ္စည်းတွေ သယ်ဆောင်လာခဲ့တာလေ...အဲဒီအထဲမှာ ဆိုင်ခန်းအမြောက်အမြားလည်း ပါတယ်။ အစ်မက ဘာဖြစ်လို့ မြို့စားအိမ်တော်ရဲ့ ထောက်ပံ့မှုကိုယူပြီး စားသောက်ဝတ်ဆင်နေရမှာလဲ”

ကုဟွား၏ မျက်နှာလေးက အနည်းငယ် နီမြန်းသွားရ၏။

“ဒါက ညီမလေးက အစ်မမျက်နှာ သိပ်မကောင်းတာကို မြင်တော့ ခန္ဓာကိုယ် ကောင်းကောင်း ပြန်လည်မကျန်းမာသေးမှာကို စိုးရိမ်ပြီး အတွေးလွန်သွားမိလို့ပါ”

ကုဝမ်ရု အောင့်အည်းထားလိုက်ရသည်။ သူမ ခန္ဓာကိုယ် အခြေအနေကို ဆက်လက်၍ မဆွေးနွေးချင်ပေ။

“အစ်မရဲ့ ကျန်းမာရေးက မကောင်းသေးလို့ အပြင်ထွက်ဖို့ မလွယ်ကူသေးဘူး။ ကျင်းခွေ့ကလည်း ထုံအနှေးကွေးလွန်းတယ်။ အခုဆိုရင် ညီမလေးက အပြင်ကို လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီဆိုတော့ အစ်မအတွက် ညီမလေးရဲ့ ကိုယ်လုပ်တော်မိခင်ဆီကို စကားတစ်ခွန်းလောက် ပါးပေးလို့ ရမလားဟင်”

ကုဟွား ရင်ထဲ၌ လှောင်ပြုံး ပြုံးလိုက်မိ၏။

‘သမီးအရင်းက အမေအရင်းဆီကို အကူအညီတောင်းတာကို ဒီသမီးအတုကို ကြားခံအဖြစ် အသုံးချပြီး စကားပါးခိုင်းနေရတယ်ဟုတ်လား’

‘လောကကြီးက တကယ်ကို ပြောင်းပြန်လန်ကုန်ပြီပဲ’

“ကိစ္စမရှိပါဘူး။ အစ်မ ဘာစကား ပါးချင်လို့လဲဟင်... ကျွန်မရဲ့ ကိုယ်လုပ်တော်မိခင်က သေချာပေါက် အစ်မကို ကူညီပေးမှာပါ”

ကုဟွား၏ မျက်နှာတစ်ခုလုံး ရိုးသားဖြူစင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူမက မောက်မာလှသော ဒေါင်းမလေး ကုဝမ်ရု သူမကိုယ်တိုင် တူးထားသော ကျင်းထဲသို့ ခုန်ဆင်းမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

All Chapters