← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း(၁၀၀)

“အစ်မ ငွေသားငါးသောင်း အရေးပေါ် လိုအပ်နေလို့”

ကုဝမ်ရု ဟန်ဆောင်နိုင်ခြင်း မရှိတော့ချေ။

ဤကိစ္စက မြို့စားအိမ်တော်၌ သူမ ရပ်တည်ရေးနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး မုအန်း၏ စိတ်ကို ပြန်လည်ရယူနိုင်ရန်အတွက် သူမ၏ အရေးကြီးဆုံးအရာ ဖြစ်နေသည်။

ကုဟွား ထိတ်လန့်သွားဟန်ဖြင့် မျက်နှာပျက်ပြလိုက်သည်။

“ဒီလောက်အထိ အများကြီးလားဟင်... ညီမလေးရဲ့ ကိုယ်လုပ်တော်အမေမှာ ဒီလောက် ငွေအများကြီး ဘယ်လိုလုပ်ရှိမှာလဲ အစ်မရယ်... သူ့ရဲ့ မင်္ဂလာလက်ဖွဲ့ ခန်းဝင် တင်တောင်းပစ္စည်းတွေအကုန်လုံးက ကုအိမ်တော်ကို ထောက်ပံ့ပေးရင်းနဲ့ ကုန်သလောက် ဖြစ်နေပြီလေ... ဒီလိုလုပ်ရင်ရောဟင်...လူတစ်ယောက်လွှတ်ပြီး အမေ့(သခင်မကြီးဝမ်)ကို သွားပြောခိုင်းလိုက်မလား။ အမေက အစ်မကို အရမ်းချစ်တာဆိုတော့ သေချာပေါက် အစ်မအတွက် နည်းလမ်းတစ်ခုခု ကူပြီးစဉ်းစားပေးမှာပါ”

‘ကိုယ်လုပ်တော်ပိုင်မှာ ကိုယ်ပိုင်ငွေ ဒီလောက်အထိ ရှိမနေမှာ သေချာတယ်။ သူက သေချာပေါက် သူရဲ့ ပိုင်မိသားစုဆီကနေ တောင်းရမှာပဲ’

ကုဟွား ရင်ထဲ၌ တွက်ချက်လိုက်မိ၏။

ကုဝမ်ရု ဒေါသထွက်လွန်းသဖြင့် ဝမ်းဗိုက်ပင် ပြန်နာလာခဲ့ရသည်။

သူမက အတင်းအကျပ်ပင် နူးညံ့ပျော့ပျောင်းသော မျက်နှာထားမျိုး ဖန်တီးလိုက်သည်။

“အမေက အိမ်တွင်းရေးကိစ္စတွေကို စီမံခန့်ခွဲတာမဟုတ်ဘူးလေ။ ညီမလေးရဲ့ ကိုယ်လုပ်တော်အမေကပဲ အိမ်တော်ရဲ့ ငွေကြေးတွေကို အမိန့်ပေး ခွဲဝေနိုင်တာ။ ပြီးတော့ အစ်မကလည်း အမေ့ကို အစ်မကိစ္စတွေနဲ့ စိတ်မပူစေချင်ဘူး”

‘ဟက်... နင်က နင့်ရဲ့ အမေအတုကိုတော့ စိတ်မပူစေချင်ဘူး ဒါပေမဲ့ နင့်ရဲ့ မိခင်အရင်းကိုကျတော့ စိတ်ပူခိုင်းချင်တယ်ပေါ့ ဟုတ်လား’

‘ကောင်းပြီလေ... ဒါဆိုရင်လည်း ငါက မီးလောင်ရာလေပင့်ပေးပြီး နင်တို့ သားအမိအရင်းနှစ်ယောက်ကို တစ်ယောက်အတွက်တစ်ယောက် ကောင်းကောင်းကြီး စိတ်ပူပန်စေရမှာပေါ့’

ကုဟွား လိမ္မာရေးခြားရှိစွာ ခေါင်းညိတ်ပြလိုက်သည်။

“ညီမလေး သေချာပေါက် စကားပါးပေးပါ့မယ် အစ်မ”

ထိုအခါမှသာ ကုဝမ်ရု၏ ဒေါသများ အတော်အတန် လျော့ပါးသွားခဲ့ရသည်။

“ဒါဆိုရင်တော့ ညီမလေးကိုပဲ အားကိုးရတော့မှာပဲ”

သူမက ကုဟွား၏ မျက်နှာကို နောက်ထပ် တစ်စက္ကန့်မျှပင် မမြင်တွေ့ချင်သဖြင့် တိုက်ရိုက်ပင် နှင်ထုတ်လိုက်၏။

“မှောင်တော့မယ်။ ညီမလေးလည်း တစ်နေ့လုံး ပင်ပန်းနေမှာဆိုတော့ မြန်မြန်ပြန်ပြီး အနားယူတော့”

ကုဟွားကလည်း ဤနေရာတွင် နောက်ထပ်တစ်ခဏမျှပင် ဆက်မနေချင်ပေ။

သူမက ချက်ချင်းပင် သဘောတူလိုက်ပြီး မတ်တတ်ထရပ်ကာ နှုတ်ဆက်ထွက်ခွာလာခဲ့သည်။

သူမ လှည့်ထွက်လိုက်သည့် အခိုက်အတန့်၌ပင် ကုဟွား၏ မျက်နှာထက်ရှိ အပြုံးများက ရေခဲအလား အေးစက်တောင့်တင်းသွားခဲ့ရ၏။

အခန်းပြင်သို့ ရောက်ရှိချိန်တွင် တိုက်ခတ်လာသော လေအေးများက သူမ၏ မျက်နှာကို ဖြတ်သန်းသွားခဲ့သည်။

ကုဝမ်ရုနှင့် ရင်ဆိုင်နေရစဉ်အတွင်း ရင်ထဲ၌ ပိတ်လှောင်ထားခဲ့ရသော ညစ်ညူးဖွယ် လေထုကြီးက ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားခဲ့ရ၏။

ကုဟွား၏ ဦးနှောက်မှာ ပိုမို၍ ကြည်လင်လာခဲ့ရသည်။

အတိတ်ဘဝတုန်းက ဤရက်စက်လှသော သားအမိက သူတို့ရည်မှန်းချက်များ အောင်မြင်ရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ကြသည်။

လုယက်ခြင်း၊ လိမ်လည်ခြင်း၊ နှိပ်စက်ခြင်း၊ ညှင်းပန်းခြင်း...

ဤဘဝတွင် သူမ သူတို့ သားအမိနှစ်ယောက်ကို ထိုဒုက္ခများ၏ အရသာအားလုံးကို ထပ်တူ ပြန်လည်မြည်းစမ်းခိုင်းမည် ဖြစ်၏။

တစ်နေ့တာလုံး အလုပ်ရှုပ်နေရသော်လည်း ကုဟွား၏ စိတ်ခံစားချက်များ အလွန်အမင်း ကောင်းမွန်နေခဲ့သည်။

အချိန်စောသေးမှန်း မြင်တွေ့လိုက်ရသဖြင့် သူမ တုန်းမော့ကို မေးမြန်းကြည့်လိုက်သည်။

ယနေ့ သခင်ကြီးတွင် ဧည့်သည်ရှိနေသဖြင့် အိမ်ပြန်နောက်ကျမည့်အကြောင်းကို သိရှိလိုက်ရ၏။

ကုဟွား ရင်ထဲ၌ ဝမ်းသာသွားသည်။

သူ မရှိခိုက်ကို အခွင့်ကောင်းယူကာ စာအုပ်များ သွားရောက်ကူးရေးရန်အတွက် စာကြည့်ခန်းဆီသို့သွားရန် ပြင်ဆင်လိုက်၏။

ကွယ်လွန်သူ သခင်မကြီး၏ ကဗျာပေါင်းချုပ်က ထက်ဝက်ကျော်မျှသာ ကျန်ရှိတော့သည်။ ၎င်းကို အပြီးသတ် ကူးယူရန်အတွက် အနည်းဆုံး နှစ်ရက်ခန့် ထပ်မံအချိန်ယူရဦးမည် ဖြစ်သည်။

သူမက လစာ ငွေစငါးဆယ် ခံစားခွင့် ရရှိထားသဖြင့် သူ စိတ်ချမ်းသာစေရန်အတွက် တစ်စုံတစ်ရာ စွမ်းဆောင်ပေးရမည် ဖြစ်သည်။

၎င်းအပြင် အကယ်၍ သူမ မြို့စားအိမ်တော်တွင် လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာလိုပါက အိမ်တော်၏ သခင်ကြီးကို စိတ်ကျေနပ်အောင် ပြုလုပ်ပေးရမည် ဖြစ်၏။

သူမ ရှေးဟောင်းကျမ်းစာများကိုလည်း ကူးရဦးမည် ဖြစ်သည်။

သူမအတွက် ပိုက်ဆံ ရှာဖွေနိုင်ရန်မှာ အလွန်အမင်း အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်။

သူမက ပိုင်ရိပေးထားသော ငွေတစ်ထောင်တန် ငွေစက္ကူကို ထုတ်ယူကာ နှမြောတသဖြင့် စိုက်ကြည့်လိုက်မိပြီး အသာအယာ ခေါက်လျက် သူမ အင်္ကျီလက်ထဲသို့ ထည့်သွင်းလိုက်၏။

၎င်းကို စာကြည့်ခန်းသို့ ယူသွားပြီး မုကျွင်းယန်ကို ထိုကျောက်စိမ်းဆွဲပြားအတွက် လျော်ကြေးအဖြစ် ပေးအပ်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

သူမ ပြောထားပြီး ဖြစ်သဖြင့် သေချာပေါက် လုပ်ဆောင်ရမည် ဖြစ်သည်။

သူမ တွေးတောမိသည်မှာ မုကျွင်းယန်က ဖြောင့်မတ်တည်ကြည်ကာ ကရုဏာစိတ်ရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။

‘သူက ငါ့လိုမျိုး သနားစရာကောင်းတဲ့ မိန်းမပျိုလေးတစ်ဦးဆီက ငွေစက္ကူကို အမှန်တကယ် လက်ခံမှာတဲ့လား’

ဤအခြေအနေကို တွေးတောမိလိုက်ချိန်တွင် ကုဟွား ပျော်ရွှင်စွာ ပြုံးလိုက်မိ၏။

သူမကိုယ်တိုင်ကသာ အမြင်ကျဉ်းခဲ့ခြင်း ဖြစ်လိမ့်မည်။

ကုဟွားက စာအုပ်ကူးယူခြင်းအပေါ် အာရုံစိုက်နေခဲ့သဖြင့် သူမ၏ နောက်ကျောဘက်တွင် အရပ်ရှည်ရှည်နှင့် ထွားကြိုင်းသော အရိပ်မည်းကြီးတစ်ခု ရောက်ရှိနေခဲ့သည်ကို သတိမပြုမိလိုက်ချေ။

ထိုအရိပ်မည်းကြီးက သူမ၏ မျက်ဝန်းအစုံကို လွှမ်းခြုံသွားခဲ့သည့် အချိန်ကျမှသာ သူမ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်မိသည်။

လူတစ်ယောက်က သူမကို နောက်ကျောဘက်မှနေ၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်၏။

ကုဟွားတစ်ကိုယ်လုံး တောင့်တင်းသွားသည်။

မုကျွင်းယန် သူမ၏ ခါးသိမ်သိမ်လေးကို လက်မောင်းများဖြင့် ရစ်ပတ်ထားလျက် သူ့ရင်ခွင်ထဲသို့ ထည့်သွင်းထားခဲ့ခြင်း ဖြစ်၏။

သူ့မျက်နှာက သူမ၏ ပါးပြင်လေးများနှင့် တင်းကျပ်စွာ ထိကပ်နေခဲ့ပြီး သူ၏ နွေးထွေးသော အသက်ရှူသံများက သူမ၏ နုနယ်သော အမွေးအမျှင်လေးများကို ဖြတ်သန်းသွားခဲ့သဖြင့် သူမတစ်ကိုယ်လုံး ယားယံလာသည်။

သူမ နောက်ကျောက အလိုအလျောက် မတ်သွားခဲ့ရပြီး သူ့ရင်ခွင်ထဲသို့ ပိုမို၍ နစ်ဝင်သွားခြင်းမျိုး မပြုလုပ်ရဲချေ။

ဤသည်မှာ အမျိုးသားတစ်ဦး၏ ယခုကဲ့သို့သော ပွေ့ဖက်ခြင်းမျိုးကို သူမအနေဖြင့် ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။

၎င်းက အနေရခက်လှသော်လည်း အလွန်အမင်း နွေးထွေးလှ၏။

၎င်းအပြင် ထူးခြားသော လုံခြုံသည့် ခံစားချက်တစ်ခုကိုလည်း ရရှိစေခဲ့သည်။

လက်တစ်ဖက်တွင် စုတ်တံကို ကိုင်ထားလျက် ကျန်လက်တစ်ဖက်က ရွှမ်စက္ကူကို ဖိထားမိသည်။

ကုဟွား စုတ်တံကို ချထားရမည်လား သို့မဟုတ် ဤအတိုင်း ဆက်လက်ရေးသားရမည်လား ဆိုသည်ကို ခဏမျှ ဝေခွဲမရ ဖြစ်နေခဲ့ရသည်။

သူမ၏ နောက်ကွယ်မှ လူကြီးက နောက်ထပ် မည်သည့်လှုပ်ရှားမှုမျိုးမျှ မပြုလုပ်သကဲ့သို့ စကားလည်း မပြောချေ။

သူက ဤအတိုင်း သူမကို ပွေ့ဖက်ထားလျက် သူမ စာရေးသားနေသည်ကို စောင့်ကြည့်နေခဲ့ခြင်းမျှသာ ဖြစ်၏။

သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နွေးထွေးမှုများက သူမကို တင်းကျပ်စွာ လွှမ်းခြုံထားခဲ့သဖြင့် သူမ ရင်ထဲ၌ စိတ်အေးချမ်းမှုနှင့်အတူ ကာကွယ်မှု ခံရသည်ဟူသော ခံစားချက်မျိုးပါ ထွက်ပေါ်လာခဲ့ရသည်။

တဖြည်းဖြည်းနှင့် ကုဟွားလည်း စိတ်လျှော့လိုက်မိ၏။

အနေရခက်လှသော အခြေအနေကို ဖျောက်ဖျက်ပစ်ရန်အတွက် သူမက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ပြီး တိုးညှင်းစွာ မေးမြန်းလိုက်၏။

“သခင်ကြီး... ဘာဖြစ်လို့ ဒီလောက်အထိ စောစောပြန်လာရတာလဲဟင်။ ဧည့်သည်ဖိတ်ကြားထားလို့ အိမ်ပြန်နောက်ကျလိမ့်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား”

“အမ်...မင်းက ဒီသခင်ကြီးရဲ့ သွားလာလှုပ်ရှားမှုတွေကိုပါ ဒီလောက်အထိ အနီးကပ် စောင့်ကြည့်နေတာလား”

အမျိုးသား၏ အသံက အလွန်နက်ရှိုင်းပြီး နားထောင်၍ကောင်းသော်လည်း ပြောဆိုလိုက်သော စကားလုံးများထဲတွင် ခြိမ်းခြောက်မှု အရိပ်အယောင်အချို့ ပါဝင်နေခဲ့သည်။

ကုဟွား ရင်ထဲ၌ ထိတ်လန့်သွားရ၏။

‘ငါ ပထမဆုံးအကြိမ်တုန်းက ငွေသုံးပြီး တုန်းမော့ဆီကနေ သတင်းအချက်အလက် ယူခဲ့တာကို သူ ငါ့ကို သူ့ရဲ့ သွားလာလှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းနေတယ်လို့ သံသယဝင်သွားတာလား’

ကုဟွားက ချိုသာပြီး လိမ္မာသော အပြုံးလေးဖြင့် ပြောလိုက်သည်။

“ဒါပေါ့...ဒီကိုယ်လုပ်တော်က သခင်ကြီးကို အရမ်း ဂရုစိုက်လို့လေ”

“အမ်း...”

အမျိုးသား၏ အသံက အတော်အတန် စိတ်ကျေနပ်သွားဟန် ရှိသည်။

ကုဟွား ရင်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။

သို့သော် ပွေ့ဖက်ထားသော လက်မောင်းကြီးများက လျော့ပါးသွားမည့် အရိပ်အယောင် လုံးဝမရှိသဖြင့် ကုဟွားတစ်ယောက် နောက်ထပ် မည်သို့ဆက်လုပ်ရမည်မှန်းမသိ ဖြစ်နေခဲ့ရပြန်သည်။

မုကျွင်းယန်က မူလက သူမကို စနောက်ကျီစယ်ချင်ရုံမျှသာ ဖြစ်၏။

သို့သော်လည်း သူမ၏ နုနယ်ပြီး မွှေးပျံ့နေသော ခန္ဓာကိုယ်လေးက သူ့ရင်ခွင်ထဲသို့ ရောက်ရှိလာချိန်တွင် မိန်းမပျိုလေး၏ ခန္ဓာကိုယ်မှ အလိုအလျောက် ထွက်ပေါ်လာသော ဆွဲဆောင်မှုရှိလှသော ရနံ့များကြောင့် သူကိုယ်တိုင်ပင် စိတ်အာရုံများ ဝေဝါးကာ နစ်မွန်းသွားခဲ့ရသည်။

သူ နောက်ဆုတ်သင့်သော်လည်း မဆုတ်ချင်ခဲ့ချေ။ သူ ပိုမို၍ ရှေ့တိုးချင်သော်လည်း လက်ရှိတွင် နေမဝင်သေးသဖြင့် သူ့ သိက္ခာကို လုံးဝမလွှတ်ချနိုင်သေးချေ။

ထို့ပြင် သူက သားရဲကောင်ကြီး မဟုတ်ချေ။

သူမ၏ နုနယ်သော ခန္ဓာကိုယ်လေးက ပြန်လည်ကျန်းမာလာခြင်း မရှိသေးသဖြင့် သူမကို ထပ်မံထိတွေ့ခြင်းက သူမအပေါ် အလွန်အမင်း နှိပ်စက်ရာ ရောက်ပေလိမ့်မည်။

သူမ ရေးသားနေသော စာလုံးများကို လှမ်းကြည့်လိုက်မိချိန်တွင် သူ၏ ဓားသွားအလား ထက်ရှလှသော မျက်ခုံးအစုံက အနည်းငယ် ပင့်တက်သွားခဲ့ရ၏။

ဤစာလုံးများက သူမ ယခင်က ရေးသားလေ့ရှိသော စာလုံးများနှင့် အနည်းငယ် ကွဲပြားနေခဲ့သည်။

စုတ်ချက်များထဲတွင် လွတ်လပ်မှုနှင့် ချုပ်တည်းမှုမရှိသောခံစားချက်မျိုး ပိုမိုပါဝင်နေခဲ့သည်။

မုကျွင်းယန်က သူ၏ ဘယ်ဘက်လက်မောင်းဖြင့် သူမ၏ သေးသွယ်သော ခါးလေးကို ရစ်ပတ်လျက် ညာဘက်လက်ဖြင့် သူမ၏ လက်ကလေးနှင့်အတူ စုတ်တံကိုပါ ပူးတွဲကိုင်ဆောင်လိုက်၏။

All Chapters