အခန်း ၆၀၂
Vol. 51 Ch. 602
အခန်း(၆၀၂)
စစ်သည်တော်က ဘယ်ပြန်ညာပြန်နဲ့ သူ့ရဲ့ပုဆိန်ကို ပေါ့ပေါ့ပါးပါးလေး မြှောက်ကစားနေတယ်။ ကြေးဝါရောင်သန်းနေတဲ့ လက်နက်ရဲ့ အလင်းရောင်ကလည်း သူ့ရဲ့ဒီဗာဆီက တန်ခိုးစွမ်းရည်တွေကို ပုံဖော်ပေးနေသလိုမျိုး တဖြည်းဖြည်း ပိုပြီး တောက်ပလာတယ်။
သူ့ရဲ့အပေါ်ဘက် လေဟာနယ်ကြီးက တုန်ခါဝေဝါးလာပြီး အနက်ရောင်အကြေးခွံတွေနဲ့ အနီရောင်အစင်းကြောင်းတွေရှိတဲ့ ဧရာမဖွတ်နဂါးကြီးတစ်ကောင် စစ်သည်တော်ရဲ့အထက်မှာ ပေါ်လာတယ်။ အဲဒီသတ္တဝါကြီးက ပါးစပ်ကို ဖြဲလိုက်ပြီး လည်ချောင်းထဲမှာ အနီရောင်မီးလျှံတွေ စုစည်းနေတာပဲ။ ဒါက မီးလျှံတွေကို မှုတ်ထုတ်ဖို့ အသင့်ဖြစ်နေတဲ့ ပုံစံမျိုးပေါ့။
'သူက ဘိုးထက် အများကြီး ပိုသန်မာတယ်။ သူက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်ခုနစ်လောက် ရောက်နေပြီထင်တယ်' လို့ မိုက်ကယ်က ကောက်ချက်ချလိုက်တယ်။
ဒီမှာတင် စစ်သည်တော်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် ဝေဝါးသွားပြီး မိုက်ကယ်ရဲ့ မျက်စိရှေ့ကနေ မျက်တောင်တခတ်အတွင်း ပျောက်ကွယ်သွားတော့တာပဲ။
သူက မိုက်ကယ်ရဲ့ အနောက်ဘက်မှာ ချက်ချင်းပြန်ပေါ်လာပြီး လက်ထဲက ပုဆိန်နဲ့ မိုက်ကယ်ကို နှစ်ပိုင်းပြတ်သွားအောင် အရှိန်နဲ့ လွှဲခုတ်လိုက်တယ်။
ပုဆိန်က ပြင်းထန်တဲ့ အရှိန်အဟုန်နဲ့ ကျဆင်းလာပေမဲ့ နောက်ဆုံးစက္ကန့်ပိုင်းလေးမှာတင် သဟဇာတအလင်းတန်းတစ်ခုက စစ်သည်တော်ရဲ့ ခေါင်းဆီကို ပြေးဝင်သွားတာကြောင့် သူက တိုက်ခိုက်မှုကို လက်လွှတ်ပြီး ဘေးကို ရှောင်ထွက်သွားရတယ်။ ဒါက စစ်သည်တော်ကို အံ့အားသင့်သွားစေပြီး မိုက်ကယ်က ဒီလောက်အထိ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
"မင်း ခေါင်းအနောက်မှာ မျက်လုံးပါနေတာလား"
မိုက်ကယ်ကတော့ ပြန်မဖြေခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ ဒရုန်းအမြင်အာရုံကို မျှဝေသုံးစွဲထားတာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ၃၆၀ ဒီဂရီ အမြဲတမ်း မြင်နေရတယ်။ အဲဒီနောက် သူက ချက်ချင်းလှည့်ပြီး သူ့ရဲ့ သဟဇာတဓါးနဲ့ စစ်သည်တော်ဆီကို ပြေးဝင်လိုက်တယ်။
ဒါပေမဲ့ စစ်သည်တော်က ပြုံးရုံတင်ပြုံးပြီး ဘေးဘက်ကို ခြေလှမ်းလှည့်ရှောင်ကာ အရှိန်အဟုန်ကို သုံးပြီး ပုဆိန်ကို အလျားလိုက် လွှဲခုတ်လိုက်တာပဲ။ သူ့ရဲ့ပစ်မှတ်က မိုက်ကယ်ရဲ့ ခါးအောက်ပိုင်းပဲ။ ဒါပေမဲ့ ပုဆိန်က မူလဦးတည်ချက်အတိုင်း ဝှေ့ယမ်းလာချိန်မှာပဲ မိုက်ကယ်ရဲ့ ပတ်ပတ်လည်မှာ ရေတံတိုင်းတစ်ခု ပေါ်လာပြီး ပုဆိန်ရဲ့အရှိန်ကို နှေးကွေးသွားစေတာကြောင့် မိုက်ကယ်က လေလှိုင်းတွန်းအားမန္တန်သုံးပြီး အချိန်မီ အနောက်ကို ဆုတ်ခွာနိုင်ခဲ့တယ်။
"ကောင်းပြီ.. အခုကစပြီး ငါ့ရဲ့ စွမ်းအားအစစ်ကို သုံးရတော့မှာပေါ့" လို့ စစ်သည်တော်က ပြောလိုက်တယ်။
သူ့ခေါင်းပေါ်က ဧရာမ အနက်ရောင်ဖွတ်နဂါးကြီးက ပုဆိန်ဆီကို မီးတွေ မှုတ်ထုတ်လိုက်တာကြောင့် ပုဆိန်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်လာတဲ့ မီးလျှံတွေအတိုင်း တောက်လောင်သွားတော့တယ်။ ဒါက ရိုးရိုးမီး မဟုတ်ဘူး တန်ခိုးစွမ်းရည်နဲ့ ဖန်တီးထားတဲ့ မီးလျှံတွေပဲ။
သူ့ရဲ့ပုဆိန်က မီးတောက်တွေနဲ့ တောက်လောင်နေပြီး စစ်သည်တော်က သူ့ရဲ့လက်နက်ကို ထောင့်ဖြတ်ပုံစံ ဝှေ့ယမ်းလိုက်တဲ့အခါ ဓားသွားက လေထဲမှာ မီးလျှံလမ်းကြောင်းတစ်ခု ချန်ထားခဲ့တယ်။ ပုဆိန်နဲ့ ထိမိသမျှ အရာအားလုံးက ပြင်းထန်တဲ့ လေမုန်တိုင်းတောင်မှ မငြိမ်းသတ်နိုင်တဲ့ ထာဝရမီးလျှံတွေ ကူးစက်သွားမယ့်အတိုင်းပဲ။
ပြီးတော့ စစ်သည်တော်က သူ့ရဲ့ပုဆိန်ကို မြေကြီးပေါ် တရွတ်တိုက်ဆွဲပြီး လမ်းတလျှောက်မှာရှိတဲ့ သစ်ရွက်ခြောက်တွေကို မီးရှို့ရင်း မိုက်ကယ်ဆီ ပြေးဝင်လာတယ်။
မိုက်ကယ်က သူ့ပတ်ပတ်လည်မှာ မှော်စက်ဝိုင်း အခုနှစ်ဆယ်ကို ဖန်တီးလိုက်တယ်။ မှော်တိရစ္ဆာန်တွေနဲ့ မှော်သားရဲတွေရဲ့ ခန္ဓာကိုယ်တွေက စက်ဝိုင်းထဲမှာ ပေါင်းစပ်ပုံပေါ်လာတယ်။ တစ်ကောင်ချင်းစီမှာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အကျိုးပြုတဲ့ မှော်စွမ်းအင် နှစ်ခုစီ ပါဝင်နေတယ်။
စစ်သည်တော် အနားကို ရောက်လာတာနဲ့ မှော်တိရစ္ဆာန်တွေက မှော်စက်ဝိုင်းထဲကနေ ပြေးထွက်လာကြတယ်။ ဒါပေမဲ့ စစ်သည်တော်ရဲ့ ပုဆိန်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ အဲဒီမှော်တိရစ္ဆာန်တွေက နှစ်ပိုင်း ပြတ်ထွက်ကုန်တာပဲ။ ထိမိတဲ့နေရာကနေ မီးလျှံတွေ စတင်တောက်လောင်လာပြီး ဒီသတ္တဝါတွေထဲက မှော်စွမ်းအင်တွေကို ချက်ချင်းပဲ ဝါးမြိုပစ်တော့တယ်။ သူတို့တွေက စစ်သည်တော်ရဲ့ တန်ခိုးစွမ်းရည်ဆီက ပြင်းထန်တဲ့ မီးလျှံတွေကြောင့် စုတ်ပြတ်သတ်သွားရတယ်။
စစ်သည်တော်က အတားအစီးတွေကိုရှင်းပြီးချိန်မှာ သူ့ရဲ့ပုဆိန်ကို မိုက်ကယ်ဆီကို လွှဲခုတ်ချလိုက်တယ်။ ပုဆိန်ဓားသွားပေါ်က မီးလျှံတွေက လက်နက်အတွင်းမှာ ဧရာမ တွန်းကန်အားတစ်ခုကို ဖန်တီးပေးလိုက်သလိုပဲ မိုက်ကယ် တုံ့ပြန်ဖို့တောင် အချိန်မရနိုင်လောက်တဲ့ အရှိန်အဟုန်နဲ့ အားအင်တွေ ဖြစ်ပေါ်လာစေတယ်။
ပုဆိန်က သူ့ကို ပိုင်းဖြတ်တော့မယ့်အချိန်မှာ သူ့ရဲ့ အကြွင်းမဲ့သဟဇာတအကာအကွယ်က အလိုအလျောက် ပေါ်ထွက်လာပြီး စစ်သည်တော်ရဲ့ ပြင်းထန်တဲ့ မီးလျှံစွမ်းအားကို ခုခံပေးတယ်။ အလင်းပြန်နေတဲ့ ဒိုင်းက လက်နက်ရဲ့ ဒြပ်စင်တွေကို ဖြိုခွဲဖို့ သဟဇာတစွမ်းအားကို သုံးပြီး ကြိုးစားနေတယ်။ ဒါပေမဲ့ အဲဒီ တန်ခိုးစွမ်းရည် မီးလျှံတွေကလည်း သဟဇာတစွမ်းအားကို ပြန်လည်တိုက်ခိုက်ပြီး အကာအကွယ်တွေကို တဖြည်းဖြည်းချင်း ဖောက်ထွင်းဝင်ရောက်လာနေတာပဲ။
ပုဆိန်ဓားသွားက သူ့ရဲ့ ရင်ဘတ်ဆီကို ဖိနှိပ်လာတာကြောင့် မိုက်ကယ်က သဟဇာတဓါးကို ချက်ချင်း မြှောက်လိုက်ပြီး အလင်းပြန်ဒိုင်းကို ထောက်ပံ့ပေးလိုက်တယ်။ ဒါက နည်းနည်းတော့ အထောက်အကူဖြစ်သွားပြီး ဓားသွားရဲ့ အရှိန်ကို ရပ်တန့်သွားစေတယ်။
ဒါပေမဲ့ စစ်သည်တော်က လက်မလျှော့ဘဲ အံကြိတ်ပြီး သူ့ရဲ့လက်နက်ကို ပိုပြီး အား စိုက်ထုတ်ဖိချလိုက်တယ်။ သူ့အပေါ်က မီးမှုတ်နေတဲ့ ဧရာမအနက်ရောင်ဖွတ်နဂါးကြီးကလည်း ပါးစပ်ကို ဖြဲပြီး ဧရာမ မီးလျှံကြီးကို ဟိန်းဟောက် မှုတ်ထုတ်လိုက်ပြန်တယ်။ သူ့ရဲ့ အားအင်နဲ့ အလိုဆန္ဒက ပိုပြီး အစွမ်းထက်တဲ့ တန်ခိုးစွမ်းရည်အဖြစ် ပြောင်းလဲသွားပြီး သူ့လက်နက်ထဲက မီးလျှံတွေက ပိုပြီး ပူပြင်းလာတာကြောင့် သဟဇာတဓါးရဲ့ အထောက်အကူ ရှိနေရင်တောင်မှ အလင်းပြန်ဒိုင်းကို စတင် အက်ကွဲသွားစေတယ်။
မိုက်ကယ်က သူ့လက်တွေထဲမှာ ဖိအားကို ခံစားလိုက်ရပြီး ဓားကို ကိုင်ထားတဲ့ သူ့လက်မောင်းတွေပါ တုန်ရင်လာတယ်။ သူက စိတ်အာရုံစူးစိုက်ပြီး သူ့ရဲ့ဒရုန်းကို စစ်သည်တော်ရဲ့ဆီ သဟဇာတသေနတ် နဲ့ ပစ်ခတ်ဖို့ စေခိုင်းလိုက်တယ်။
ဒါပေမဲ့ စစ်သည်တော်က ဒရုန်းရဲ့ အနေအထားကို သိနေတဲ့ပုံစံမျိုးနဲ့ သူ့ခြေထောက်ကို သုံးပြီး မြေကြီးပေါ်က ရုန်းထနေတဲ့ ဖုန်မှုန့်တွေကို ခြေထောက်နဲ့ခတ်လိုက်တယ်။ အဲဒီဖုန်မှုန့် တွေက ရုတ်တရက် မီးတောက်သွား ပြီးတော့ လေထဲမှာ ပျံ့လွင့်သွားပြီး စစ်သည်တော်ရဲ့ နောက်ကျောကို ကာကွယ်ပေးမယ့် မီးလျှံတံတိုင်းတစ်ခု ဖန်တီးလိုက်တာပဲ။
သဟဇာတအလင်းတန်းက မီးလျှံတွေဆီကို ပြေးဝင်သွားပေမဲ့ အဲဒီမီးတောက်က သဟဇာတစွမ်းအားရဲ့ ဖျက်ဆီးမှုစွမ်းရည်ကိုပါ လောင်ကျွမ်းပစ်လိုက်တယ်။ ပြီးတော့ မိုက်ကယ်ရဲ့ အလင်းပြန်ဒိုင်းမှာလည်း အဲဒီအတိုင်း ဖြစ်နေတယ်။ စစ်သည်တော်ရဲ့ ဓားသွားက မိုက်ကယ်ရဲ့ ရင်ဘတ်ဆီကို တဖြည်းဖြည်းချင်း နီးကပ်လာနေပြီ။
'သူ့ရဲ့ တန်ခိုးစွမ်းရည်က သိပ်ကို အစွမ်းထက်လွန်းတယ်'
သူ့ဒရုန်းရဲ့ တန်ခိုးစွမ်းရည် ပုံရိပ်ဖော်အမြင်ကို သုံးပြီး ကြည့်လိုက်တဲ့အခါ စစ်သည်တော်ရဲ့ နှလုံးသားက သူ့ထက် အများကြီး ပိုမိုပြင်းထန်တဲ့ လိမ္မော်ရောင် အလင်းတန်းတွေနဲ့ တောက်ပနေတာကို မြင်လိုက်ရတယ်။ ဒါတင်မကသေးဘဲ စစ်သည်တော်ရဲ့ နှလုံးသားကနေ သူ့ရဲ့လက်နက်နဲ့ တန်ခိုးစွမ်းရည်ဆီကို ချိတ်ဆက်ထားတဲ့ အမျှင်တန်းတွေက မိုက်ကယ်ရဲ့ အမျှင်တန်းတွေထက် အများကြီး ပိုပြီး တုတ်ခိုင်နေတယ်။ မိုက်ကယ်ရဲ့ အမျှင်တန်းတွေက ဆံပင်တစ်မျှင်စာလောက်ပဲ ရှိပေမဲ့ စစ်သည်တော်ရဲ့ အမျှင်တန်းကတော့ ကြိုးတစ်ချောင်းစာလောက်အထိ တုတ်ခိုင်နေတာပဲ။
မိုက်ကယ်က သူ့ရဲ့ဒရုန်းကို ထိန်းချုပ်ပြီး ၎င်းရဲ့အောက်ခြေမှာရှိတဲ့ ခလုတ်တွေကို စစ်သည်တော်ဆီ လွှတ်လိုက်တယ်။ သံမဏိတုံးက မီသရယ် ပုဆိန်မှာ သွားကပ်သွားတယ်။ ပြီးတော့ သိပ်ကို တိုတောင်းလှတဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ မိုက်ကယ်က သူ့နှလုံးသားဆီကနေ ထွက်လာတဲ့ အမျှင်တန်းလေးက အဲဒီခလုတ်ဆီကို သွားရောက်ချိတ်ဆက်သွားတာကို မြင်လိုက်ရတယ်။
လိမ္မော်ရောင် ပူဖောင်းတစ်ခုက ခလုတ်ထဲကနေ ထွက်လာပြီး စစ်သည်တော်ရဲ့ လက်နက်ဆီကို ပျံ့နှံ့သွားကာ ၎င်းကို ထိန်းချုပ်ဖို့ ကြိုးစားတော့တယ်။ ဒါပေမဲ့ စစ်သည်တော်ရဲ့ အမျှင်တန်းက ရုတ်တရက် ပိုပြီး ပူပြင်းတောက်ပလာပြီး ပုဆိန်ပတ်ပတ်လည်မှာ ကိုယ်ပိုင်အကာအကွယ်ပူဖောင်းတစ်ခု ထွက်ပေါ်လာကာ နောက်ဆုံးမှာတော့ သူ့ခလုတ်က ဖန်တီးထားတဲ့ ပူဖောင်းကို ပေါက်ထွက်သွားစေတယ်။
သူ့ခလုတ်ဆီက အမျှင်တန်းက ပြတ်တောက်သွားပြီး မြေပြင်ပေါ်ကို သက်မဲ့အတိုင်း ကျိုးပျက်ကျသွားတယ်။ ခြုံပြောရရင် သူ့ရဲ့ခလုတ် အစွမ်းပြမှုက စက္ကန့်ပိုင်းရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ပဲ ကြာမြင့်ခဲ့တယ်။
သူက သံမဖြူတုံးနဲ့ ထပ်ပြီး ကြိုးစားကြည့်ပေမဲ့ ရလဒ်ကတော့ အတူတူပါပဲ။ စစ်သည်တော်ရဲ့ တန်ခိုးစွမ်းရည်အမျှင်တန်းတွေက သက်ရောက်မှုရှိဖို့အတွက် သိပ်ကို အစွမ်းထက်လွန်းနေတယ်။ ဒါက အဆင့်ခုနစ်နဲ့ အဆင့်လေးကြားက ကွာခြားချက်ပဲလေ။ ကွာဟချက်က သိပ်ကို ကြီးမားလွန်းလှတယ်။
"အရှုံးပေးလိုက်စမ်း" လို့ စစ်သည်တော်က တောင်းဆိုလိုက်တယ်။
ဒါပေမဲ့ မိုက်ကယ်ရဲ့ စိတ်ထဲမှာတော့ အနာဂတ်နိမိတ်ဖတ်ကြားသူက သူ့ကို ပိုပြီး မြှောက်ပင့်ပေးနေတယ်။
|လုပ်စမ်းပါ… မိုက်ကယ်….ပုဆိန်ရဲ့ ဓားသွားက ရင်ဘတ်နဲ့ စင်တီမီတာ အနည်းငယ်ပဲ ဝေးတော့တယ်|
ပုဆိန်ထဲကနေ ထွက်လာတဲ့ စစ်သည်တော်ရဲ့ မီးလျှံတွေက သူ့အဝတ်အစားတွေကို မဆိုစလောက်လေးပဲ ထိမိသေးတယ်။ ဒါပေမဲ့ အဲဒါက ချက်ချင်းပဲ ပြာကျသွားတော့တာပဲ။ အသွားက သူ့ရင်ဘတ်ထဲ ထိုးစိုက်ဝင်သွားဖို့က အချိန်အများကြီး မလိုတော့ဘူး။
'ဒီလိုပဲ ပြီးသွားတော့မှာလား….တခြားနည်းလမ်း မရှိတော့ဘူးလား။ ဒီလောက်အထိ ပြင်းထန်တဲ့ တန်ခိုးစွမ်းရည်ကို ပြန်လည်တိုက်ခိုက်ဖို့ တကယ်ပဲ ဘာနည်းလမ်းမှ မရှိတော့ဘူးလား'
ဒါပေမဲ့ ပုဆိန်က သူ့အရေပြားကို ဖောက်ထွင်းတော့မယ့် အချိန်မှာတင် သူ့ခေါင်းထဲမှာ အကြံတစ်ခု ရုတ်တရက် ပေါ်လာတယ်။
စစ်သည်တော်ရဲ့ တန်ခိုးစွမ်းရည်က သန်မာတယ်။ သိပ်ကို သန်မာလွန်းတယ်။ အဲဒါက သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက ဖန်တီးပေးထားတဲ့ တုတ်ခိုင်တဲ့ အမျှင်တန်းတွေကြောင့်ပဲ ဆိုတာ သက်သေပြနေတာပဲ။ အဲဒီအမျှင်တန်းတွေက သန်းပေါင်းများစွာသော ကြိုးမျှင်တွေကို တစ်ခုနဲ့တစ်ခု ရောယှက်စေပြီး ပိုမိုပြင်းထန်တဲ့ အားအင်တွေနဲ့ အားဖြည့်ပေးထားတာကိုး။
ပိုပြီး သန်မာတဲ့ အမျှင်တန်း ရှိနေတယ်ဆိုတာက ပိုပြီး အစွမ်းထက်တဲ့ တန်ခိုးစွမ်းရည်ကို ထုတ်လွှတ်နိုင်တယ်လို့ ဆိုလိုတာပဲ။
ဒါက ကွမ်တမ်ခြေလှမ်း အတွက် သူ အတိအကျ လိုအပ်နေတဲ့ အရာပဲ မဟုတ်လား။
* * * * * * * *
စာစဉ်(၅၁)