အခန်း ၆၀၃
Vol. 51 Ch. 603
အခန်း(၆၀၃)
ရဲတင်းလွန်းတဲ့ အတွေးတစ်ခုက သူ့စိတ်ထဲမှာ ရုတ်တရက် လျှပ်ကနဲ ပေါ်လာတယ်။
အကယ်၍ စစ်သည်တော်ရဲ့ အဆင့်ခုနစ် တန်ခိုးစွမ်းရည်ကိုသာ သူ ဖမ်းယူပြီး ကိုယ်ပိုင်အဖြစ်ပြန်သုံးလိုက်ရင်ကော။
သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားသက်သက်နဲ့ ကွမ်တမ်ခြေလှမ်းကို မအောင်မြင်နိုင်ဘူးဆိုရင်၊ သူ့ထက် အဆင့်သုံးဆင့်မက မြင့်တဲ့သူဆီက ရလာမယ့် အရှိန်အဝါ အားအင်တွေနဲ့သာ သူ့ကိုယ်သူ ပံ့ပိုးပေးလိုက်ရင် ဘာဖြစ်သွားမလဲ။
ဒါက ဘယ်လိုမျိုး အလုပ်လုပ်မလဲဆိုတာ သူကိုယ်တိုင်လည်း သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ အဲဒီအတွေးက သူ့ခေါင်းထဲမှာ အမြစ်တွယ်သွားပြီး တားဆီးလို့ မရတော့ဘူး။ သူက ဘာမှ ထပ်မစဉ်းစားတော့ဘဲ ပင်ကိုယ်သိစိတ်အတိုင်း သက်သက်နဲ့တင် လှုပ်ရှားလိုက်တော့တယ်။
ပြီးတော့ သူ့ဒရုန်းရဲ့ အမြင်အာရုံကနေတစ်ဆင့် ကြည့်ရသလောက် သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက ပိုပြီးတော့ ပူပြင်းတောက်ပလာပြီး အရင်က သူတစ်ခါမှ မထုတ်ဖော်နိုင်ခဲ့ဖူးတဲ့ ခွန်အားမျိုးကို ပြသလာတယ်။ အဲဒီအတွေးကြောင့်ပဲ သူ့ခန္ဓာကိုယ်ထဲမှာ အားအင်တွေ တရဟော တိုးမြှင့်လာပြီး ခန္ဓာကိုယ်ရဲ့ လက်ရှိ အကန့်အသတ်တွေကိုပါ အကြွင်းမဲ့ ကျော်ဖြတ်နိုင်သွားသလိုမျိုးပဲ။
သူက ဒရုန်းကို မြေပြင်ပေါ် ဆင်းသက်ဖို့ အမြန်မောင်းနှင်လိုက်ပြီး မြေကြီးပေါ်မှာ ကျနေတဲ့ ရပ်တန့်ခြင်း စွမ်းရည်ခလုတ်နဲ့ နောက်ပြန်ရစ်ခြင်း စွမ်းအင်တုံး တို့ကို ကောက်ယူလိုက်တယ်။
အဲဒီ ကိရိယာနှစ်ခုက တစ်ခုနဲ့တစ်ခု ကွက်တိကပ်ပါသွားပြီး ချက်ချင်းဆိုသလိုပဲ သူ့ရင်ဘတ်ဆီကနေ တန်ခိုးစွမ်းရည် အမျှင်တန်းနှစ်တန်းဟာ အဲဒီကိရိယာနှစ်ခုဆီကို တန်းကနဲ ပျံသန်းစီးဝင်သွားတော့တယ်။
သူ့ရဲ့ တန်ခိုးစွမ်းရည်တွေ တရိပ်ရိပ် စုစည်းလာပြီး တစ်သားတည်းကျတဲ့ စွမ်းအင်ပူဖောင်းတစ်ခုအဖြစ် ပေါင်းစပ်ပုံဖော်သွားတယ်။ တန်ခိုးစွမ်းရည်တွေ ပြင်းထန်စွာ စီးဆင်းမှုကြားထဲက အမျှင်တန်းတစ်ခုချင်းစီက တစ်ခုနဲ့တစ်ခု ရိုက်ခတ်မိကြပြီး ရပ်တန့်ခြင်းခလုတ်ရဲ့ ကွေးကောက်နေတဲ့ ပုံသဏ္ဌာန်နဲ့ နောက်ပြန်ရစ်ခြင်း စွမ်းအင်တုံးရဲ့ စွေစောင်းနေတဲ့ ဇစ်ဇက်လိုင်းတွေဟာ တစ်ခုနဲ့တစ်ခု တိုက်မိကာ လုံးဝဥဿုံ သစ်လွင်တဲ့ ပုံစံတစ်ခု ဖြစ်ပေါ်လာတဲ့အထိ ပုံသဏ္ဌာန်ပြောင်းလဲသွားကြတယ်။
ဒရုန်းက အဲဒီလို အသစ်ဖန်တီးလိုက်တဲ့ စွမ်းရည်ကိရိယာအသစ်ကို သံလိုက်နဲ့ အမိအရ ဆွဲယူလိုက်တယ်။ အဲဒီနောက် ဒရုန်းကို သူ့ခန္ဓာကိုယ်ရှိရာဆီ ပိုပြီး နီးကပ်အောင် ရွှေ့လိုက်ပြီး ဒရုန်းပျံသန်းမှုရဲ့ အရှိန်အဟုန်ကို သုံးကာ ပေါင်းစပ်ထားတဲ့ အဲဒီစွမ်းရည်ကိရိယာအသစ်ကို သူ့ရင်ဘတ်ဆီ ပစ်လွှတ်လိုက်တော့တယ်။
ဒါက စစ်သည်တော်ရဲ့ ပုဆိန်နဲ့ လက်မအနည်းငယ်ပဲ ဝေးတော့တဲ့ သူ့ရင်ဘတ်ပေါ်မှာ ကွက်တိလာကပ်မိသွားတယ်။
"ဒါကလည်း မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး" လို့ စစ်သည်တော်က အော်ဟစ်လိုက်ပြီး သူ့ရဲ့ မီသရယ်ပုဆိန်ကို အလင်းပြန်ဒိုင်းထဲ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိုးစိုက်ဝင်သွားအောင် လက်နှစ်ဖက်လုံးနဲ့ အားကုန်ဖိချလိုက်တယ်။
ပုဆိန်ရဲ့ မီးလျှံတွေက ပိုပြီးတော့ တောက်လောင်လာပြီး နောက်ဆုံးမှာတော့ ဓားသွားက ခုနက ကိရီယာအသစ်ကို သွားပြီး ထိမိသွားတော့တာပဲ။ စစ်သည်တော်ရဲ့ အဆင့်ခုနစ် ကျင့်စဉ်အရှိန်အဝါနဲ့ဆိုရင် သူ့မီးလျှံတွေရဲ့ အားအင်က မိုက်ကယ်ရဲ့ အဆင့်လေး စွမ်းရည်ကိရိယာတွေကို အလွယ်တကူ လောင်ကျွမ်းပစ်နိုင်ရမှာ။
ဒါပေမဲ့ သူက ပုဆိန်ကို ကိရိယာအသစ်ဆီ ပိုပြီး တိုးဖိလိုက်တဲ့ အချိန်မှာတော့ သူ့မီးလျှံတွေရဲ့ စွမ်အားတွေက လျော့ပါးသွားသလို ထူးဆန်းစွာ ခံစားလိုက်ရတယ်။ ပိုပြီး တိတိကျကျ ပြောရရင်တော့ စစ်သည်တော်က စွမ်းအင်ကိရိယာအသစ်ကို ဖြတ်တောက်ဖို့ ပုဆိန်ကို ဖိချလေလေ သူ စိုက်ထုတ်ရတဲ့ အားက ပိုပြီးတော့ လေးလံထိုင်းမှိုင်းလာလေလေပဲ။
စစ်သည်တော်ရဲ့ နဖူးကနေ ချွေးတွေ တရဟော စီးကျလာပြီး မျက်မှောင်ကြုတ်သွားမိတယ်။ သူ့ရဲ့ ဂုဏ်သိက္ခာက ဒီလိုအဖြစ်မျိုးကို ဘယ်လိုမှ ခွင့်မပြုနိုင်ဘူးလေ။ သူ့အထက်က ဧရာမ အနက်ရောင်ဖွတ်နဂါးကြီးက ပါးစပ်ကို ဖြဲပြီး ဒီအတားအဆီးကို အနိုင်ယူဖို့ သူ့ခန္ဓာကိုယ်ထဲကနေ မီးလျှံတွေကို ပိုပြီးတော့ အားစိုက်မှုတ်ထုတ်လာတယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီစွမ်းရည်ကိရိယာကို မှုန့်မှုန့်ညက်ညက် ဖျက်စီးပစ်ရမှာပါ။
ဒရုန်းရဲ့ အမြင်အာရုံကတစ်ဆင့် ကြည့်ရတဲ့ မြင်ကွင်းအရ စစ်သည်တော်ရဲ့ နှလုံးသားထဲက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက သူ့လက်နက်ဆီကို ဧရာမ တန်ခိုးစွမ်းရည် ပမာဏကြီး ထုတ်လွှတ်ပေးနေတယ်။ ထိမိသမျှ အရာအားလုံးကို ဝါးမြိုပစ်ဖို့ ကြိုးစားနေတဲ့ မီးလျှံတွေကို အားဖြည့်ပေးဖို့အတွက် အဆက်မပြတ် စီးဆင်းနေတဲ့ စွမ်းအားတွေ ရှိနေတာ။
ဒါပေမဲ့ မီးလျှံတွေက မိုက်ကယ်ရဲ့ ရင်ဘတ်မှာ တပ်ဆင်ထားတဲ့ ပေါင်းစပ်စွမ်းရည်ကိရိယာကို ထိမိတာနဲ့ သိပ်ကို တိုတောင်းလှတဲ့ စက္ကန့်ပိုင်းအတွင်းမှာတင် မီးလျှံတွေက ခဏတာ ရပ်တန့်သွားတယ်။ အဲဒီနောက်မှာတော့ မီးလျှံတွေဟာ တန်ခိုးစွမ်းရည်ကို ဖွဲ့စည်းထားတဲ့ အမျှင်တန်းတွေအဖြစ် စတင်ပြီး ပြိုကွဲပျက်စီးသွားတော့တာပဲ။ အဲဒီနောက် အမျှင်တန်းတစ်ခုချင်းစီက သူတို့ရဲ့ ပုံသဏ္ဌာန်တွေ ပြောင်းလဲသွားပြီး အထွတ်အထိပ်ရောက်နေတဲ့ စွမ်းအားတွေကို လျော့ချလိုက်ကြတယ်။
တဖြည်းဖြည်းနဲ့ အဲဒီအမျှင်တန်းတွေက စစ်သည်တော်ရဲ့ နှလုံးသားထဲက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေဆီကနေ တိုက်ရိုက် ထွက်လာတဲ့အတိုင်း ဖြောင့်စင်းတဲ့ လိုင်းတွေအဖြစ် ပြန်လည် ပြောင်းလဲသွားကြတယ်။
ဒါက သန့်စင်တဲ့ တန်ခိုးစွမ်းရည် အရင်းအမြစ်ပဲ မဟုတ်လား။
(ရပ်တန့်တဲ့ခလုတ်အစွမ်းကြောင့် မီးလျှံရပ်သွားပြီး နောက်ပြန်ရစ်တဲ့အတုံးအစွမ်းကြောင့် စွမ်းရည်တွေက မူလပုံစံပြန်သွားတာ)
ပြီးတော့ ဒါက သန့်စင်တဲ့ စွမ်းအင်အဖြစ် ပြောင်းလဲသွားတာနဲ့ အမျှင်တန်းတွေက ပေါင်းစပ်စွမ်းရည်ကိရိယာရဲ့ တည်ဆောက်ပုံထဲကို ကိုယ်တိုင် ဝင်ရောက် စီးဆင်းသွားကြတော့တယ်။
အနာဂတ်နိမိတ်ဖတ်ကြားသူက ဒါကို မြင်မြင်ချင်းပဲ သူ့မျက်နှာမှာ သိသာထင်ရှားတဲ့ အပြုံးကြီးတစ်ခု ပေါ်ထွက်လာတယ်။
|ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. မင်း လုပ်နိုင်ခဲ့ပြီ မိုက်ကယ်။ ငါ မင်းကို ပြောခဲ့တဲ့အတိုင်းပဲ ငါတို့ လုပ်နိုင်ခဲ့ပြီလေ|
အနာဂတ်နိမိတ်ဖတ်ကြားသူက မိုက်ကယ် ဘာလုပ်နေလဲဆိုတာ အစကတည်းက ရိပ်မိနေခဲ့တယ်။ သူက စစ်သည်တော်ရဲ့ တန်ခိုးစွမ်းရည်တွေကို အပိုင်ခိုးယူသိမ်းဆည်းနေတာလေ။
စစ်သည်တော်ကတော့ ဒါတွေ ဖြစ်ပျက်နေတာကို မသိရှာဘဲ ကုန်လွန်သွားတဲ့ စက္ကန့်ပိုင်းတွေနဲ့အမျှ ပိုပြီးတော့ မောပန်းနွမ်းနယ်လာတယ်။ မာရသွန်အပြေးပြိုင်ပွဲတစ်ခု ပြီးဆုံးသွားတဲ့အတိုင်း သူက အပြင်းအထန် အသက်လုရှူနေရတယ်။
ဒါပေမဲ့ စစ်သည်တော်တစ်ဦးအနေနဲ့ သူ့ရဲ့မာနနဲ့ ဂုဏ်သိက္ခာက ရုတ်တရက် နိုးထလာပြီး သူ့နှလုံးသားဆီကို အားအင်အသစ်တွေ ပြန်လည် ခေါ်ယူနိုင်ခဲ့တယ်။ သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက ပိုပြီးတော့ ပြင်းထန်စွာ တောက်ပလာတယ်။
"ပုဆိန်ရဲ့ လမ်းစဉ်အရ... ဘယ်တော့မှ... မရှုံးစေရဘူး"
နောက်ဆုံး ကျန်ရှိနေတဲ့ ခွန်အားတွေအကုန်စိုက်ပြီး စစ်သည်တော်က သူ့ရဲ့ပုဆိန်ကို ခေါင်းပေါ်အထိ ပြန်မြှောက်လိုက်ကာ မိုက်ကယ်ဆီကို အားကုန်လွှဲခုတ်ချလိုက်တယ်။
မီးလျှံတွေဆီကို ကြီးမားတဲ့တန်ခိုးစွမ်းရည်ကြောင့် မိုက်ကယ်ရဲ့ အလင်းပြန်ဒိုင်းဆီ ရောက်တာနဲ့ သန့်စင်တဲ့ စွမ်းအားတွေအဖြစ် ပြင်းထန်စွာ ပေါက်ကွဲသွားတော့တာပဲ။ ရိုက်ခတ်မိတဲ့ နေရာကနေ ပြင်းထန်တဲ့ တုန်ခါမှုလှိုင်းတစ်ခု ထွက်ပေါ်လာပြီး မိုက်ကယ်ကို လေထဲ လွင့်စင်သွားစေကာ အနီးဆုံး သစ်ပင်ဆီကို သွားရောက် ရိုက်ခတ်မိစေတဲ့အထိ အားပြင်းလွန်းလှတယ်။
မိုက်ကယ်ရဲ့ နောက်ကျောက သစ်ပင်ပင်စည်ကို အရှိန်နဲ့ ရိုက်မိတဲ့အတွက် သစ်ပင်ကြီးက အပိုင်းပိုင်း ကျိုးပဲ့သွားတော့တယ်၊ သူ့ပါးစပ်ကနေလည်း သွေးတွေ ပန်းထွက်စီးကျလာတယ်။ သူ့ရဲ့ အလင်းပြန်ဒိုင်း ပျက်စီးသွားတာကြောင့် ရိုက်ခတ်မှုရဲ့ ဒဏ်ကို သူ အပြည့်အဝ ခံစားလိုက်ရတာပဲ။
စစ်သည်တော်က အသက်ကို လုရှူနေရပြီး ပုဆိန်ကို မနည်း ထိန်းကိုင်ထားရတယ်။ သူက သတိလစ်ပြီး လဲကျနေတဲ့ ပုံစံမျိုး ဖြစ်နေတဲ့ မိုက်ကယ်ကို ကြည့်လိုက်တယ်။
"မင်းသာ အာခံမနေဘဲ အရှုံးပေးလိုက်ရင် ငါတို့နှစ်ယောက်လုံးအတွက် ဒီထက် ပိုလွယ်ကူသွားမှာ..." လို့ စစ်သည်တော်က တိုးတိုးလေး ရေရွတ်လိုက်တယ် ဒါပေမဲ့ တောအုပ်ရဲ့ တိတ်ဆိတ်မှုကြောင့် အဲဒီစကားက အတိုင်းသား ကြားနေရတယ်။
ရီနေးတားကုမ္ပဏီကို ကိုယ်စားပြုတဲ့ အစိမ်းရောင်အလံကတော့ ဖုန်မှုန့်တွေ၊ မြေကြီးတွေ ပေကျံပြီး တောအုပ်မြေပြင်ပေါ်မှာ လဲကျလို့နေတယ်။ စစ်သည်တော်က မြေကြီးပေါ်ကနေ အလံကို ကောက်ယူလိုက်ပြီး စစ်ဆေးကြည့်လိုက်တယ်။
"ဒီလောက်ဆိုရင် ငါ့ရဲ့ အရည်အချင်းကို သက်သေပြဖို့ လုံလောက်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ" လို့ စစ်သည်တော်က ရေရွတ်လိုက်တယ်။
သူက လှည့်ထွက်ပြီး သူတို့ရဲ့ စခန်းဆီ ပြန်သွားတော့မယ့် အချိန်မှာပဲ ရုတ်တရက် သစ်ပင်တွေ ကျိုးပဲ့ ပျက်စီးသွားတဲ့ အသံကြီးကို ကြားလိုက်ရတယ်။
သူ ချက်ချင်း နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ မိုက်ကယ်က သူ့ပါးစပ်က သွေးတွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပြီး တဖြည်းဖြည်းချင်း ပြန်မတ်တတ်ရပ်နေတာကို မြင်လိုက်ရတာပဲ။
"မင်း အခုထိ အရှုံးမပေးသေးဘူးလား" လို့ စစ်သည်တော်က ဇဝေဇဝါနဲ့ စိတ်ပျက်လက်ပျက် ပုံစံမျိုးနဲ့ မေးလိုက်တယ်။ "ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲဆိုတာ မင်း သိသင့်တယ်"
သူက မိုက်ကယ်ကို လိုအပ်တာထက် ပိုပြီး မနာကျင်စေချင်ပါဘူး ဒါပေမဲ့ အခုလိုမျိုး ဆက်ပြီး တိုက်ခိုက်နေဦးမယ်ဆိုရင်တော့ သူလည်း အကြမ်းဖက်တဲ့ နည်းလမ်းကို သုံးဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ဘူးလေ။
မိုက်ကယ်က မြေပြင်ပေါ်ကို ငုံ့လိုက်ပြီး သစ်ရွက်ခြောက်ပုံတွေထဲကနေ သဟဇာတဓါး ကို ကောက်ယူလိုက်တယ်။
သူက ခလုတ်ကို နှိပ်လိုက်တာနဲ့ သဟဇာတအလင်းတန်း ပေါ်ထွက်လာပြီး ပုံမှန် ဓားတစ်စင်းစာလောက်အထိ ရှည်လျားသွားတော့တာပဲ။
စစ်သည်တော်က သက်ပြင်းချလိုက်ပြီး သူ့လက်ထဲက ပုဆိန်ကို လှည့်ပတ်ကစားလိုက်တယ် သူ့မျက်နှာမှာ ယုံကြည်မှုအပြည့်နဲ့ စိတ်ပျက်နေတဲ့ အရိပ်အယောင်တွေ ရှိနေတာပေါ့ မိုက်ကယ် ဘာပဲလုပ်လုပ် အလဟဿ ဖြစ်သွားလိမ့်မယ်ဆိုတာ သူ သိနေတဲ့အတိုင်းပဲ။
စစ်သည်တော်တစ်ဦးအနေနဲ့ သူ့ရဲ့ လေ့ကျင့်မှုတွေနဲ့ အဆင့်ခုနစ် ကျင့်စဉ်ကြောင့် မိုက်ကယ်ရဲ့ လှုပ်ရှားမှုတွေက ခရုတစ်ကောင်လို နှေးကွေးနေသလိုမျိုး မြင်နေရတာ။
မိုက်ကယ်က သူ့ဓားရဲ့ လက်ကိုင်ကို လက်နှစ်ဖက်လုံးနဲ့ ဆုပ်ကိုင်ထားပြီး ဓားသွားကို စစ်သည်တော်ဆီ ဦးတည်လိုက်တယ်။
သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက တောက်ပလာပြီး တန်ခိုးစွမ်းရည် အမျှင်တန်းတစ်ခုက သူ့လက်ကောက်ဝတ်ဆီကို တဖြည်းဖြည်းချင်း စီးဆင်းသွားတော့တယ်။
သူ့လက်တွေထဲမှာ တန်ခိုးစွမ်းရည်တွေ ရှိနေတာကြောင့် သူ့လက်ကောက်ဝတ် ပတ်ပတ်လည်က ဟာလာလေဟာနယ်က စတင်ပြီး ပုံပျက်ကာ ကွေးညွတ်လာတယ်။
ဒါပေမဲ့ ဒီအားအင်က မလုံလောက်သေးဘူး သူ ပိုပြီး လိုအပ်နေသေးတယ်။
ရုတ်တရက်ဆိုသလို သူ့ရင်ဘတ်မှာ တပ်ဆင်ထားဆဲဖြစ်တဲ့ ပေါင်းစပ်စွမ်းရည်ကိရိယာက အမျှင်တန်းတစ်ခု ထုတ်လွှတ်လိုက်ပြီး သူ့လက်ကောက်ဝတ်ဆီကို ပစ်လွှတ်လိုက်တယ်။
ဒီ သန့်စင်တဲ့ တန်ခိုးစွမ်းရည်က မူလအမျှင်တန်းကို ပတ်ချာလည် စီးဆင်းသွားပြီး ပိုမိုတုတ်ခိုင်တဲ့ အမျှင်တန်းတစ်ခုအဖြစ် အားဖြည့်ပေးလိုက်တော့တာပဲ။
* * * * * * * *
စာစဉ်(၅၁)