အခန်း ၆၀၄
Vol. 51 Ch. 604
အခန်း(၆၀၄)
အမျှင်တန်း နှစ်ခုစလုံးရဲ့ ပေါင်းစပ်မှုက သူ့ရဲ့လက်တွေဆီကို ဧရာမ စွမ်းအင်ပမာဏကြီး ထုတ်လွှတ်ပေးလိုက်တယ်။ အားအင်တွေ ပိုပြီး ပံ့ပိုးပေးလိုက်တာနဲ့အမျှ သူ့လက်ကောက်ဝတ်ပတ်လည်က လေဟာနယ်တစ်ခုလုံး ပုံပျက်ချင်သလို ဖြစ်လာပြီး လေဟာနယ်အစင်းကြောင်းတွေက ပိုပြီးတော့ ထင်ရှားလတာကို စစ်သည်တော်ကိုယ်တိုင်တောင် မျက်စိနဲ့ အထင်းသား မြင်နေရပြီ။
စစ်သည်တော်က မိုက်ကယ်ရဲ့ လက်ကောက်ဝတ်မှာ စုစည်းနေတဲ့ အားအင်တွေကို သတိကြီးကြီးထားရင်း မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။ သူက ဇဝေဇဝါဖြစ်နေတာက မိုက်ကယ်က အရင်တုန်းက ဒီလိုမျိုး တန်ခိုးစွမ်းရည်ကို တစ်ခါမှ မပြခဲ့ဖူးဘူးကိုး။ မိုက်ကယ်က ဒီလိုမျိုး စွမ်းအားကို ဒီအချိန်ကျမှ သုံးဖို့အတွက် လျှို့ဝှက်သိမ်းဆည်းထားတာနေမှာပဲလို့ သူက တွေးတောယူဆလိုက်မိတယ်။
နောက်ဆုံးမှာတော့ လေဟာနယ်တစ်ခုလုံး ပုံပျက်နေတဲ့အခြေအနေအထွတ်အထိပ်သို့ ရောက်ရှိသွားတယ်။ မိုက်ကယ်ရဲ့ ခန္ဓာကိုယ် ထက်ဝက်နီးပါးက လေဟာနယ် ပုံပျက်သွားမှုကြောင့် ကွယ်ပျောက်နေရတဲ့အထိပဲ။
မိုက်ကယ်က သူ့ရဲ့ သဟဇာတဓါး ကို လက်နှစ်ဖက်လုံးနဲ့ ဆုပ်ကိုင်ပြီး အားနဲ့ ထိုးစိုက်လိုက်တယ်။ သူ အဲဒီလို လုပ်လိုက်တာနဲ့ တစ်ပြိုင်နက် လေဟာနယ်ပုံပျက်သွားမှုက သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုပစ်လိုက်တော့တယ်။
စစ်သည်တော်က သူ့ရဲ့ပုဆိန်ကို မြဲမြဲဆုပ်ကိုင်ပြီး မြေကြီးပေါ်မှာ ခြေကုပ်ယူလိုက်တယ် မိုက်ကယ်ရဲ့ တိုက်ခိုက်မှုအတွက် အသင့်ပြင်ထားတယ်။ ဘယ်လို တိုက်ခိုက်မှုမျိုးပဲဖြစ်ဖြစ် သူ တုံ့ပြန်နိုင်လိမ့်မယ်လို့ ယုံကြည်နေတာပဲ။
ဒါပေမဲ့ မျက်တောင်တခတ်အတွင်းမှာတင် မိုက်ကယ်ရဲ့ ခန္ဓာကိုယ်က ပျောက်ကွယ်သွားတယ်။ အလွန်အမင်း မြန်ဆန်တဲ့ အရှိန်အဟုန်မျိုး ဒါမှမဟုတ် မှော်ပညာ သုံးလိုက်တဲ့ အရိပ်အယောင်မျိုးလည်း မရှိဘဲနဲ့ကိုး။ လေဟာနယ်ထဲ ချက်ချင်းပဲ အစပျောက်သွားသလိုမျိုးပဲ။
စစ်သည်တော်က ချက်ချင်းပဲ စိတ်မသက်မသာ ဖြစ်သွားရတယ်။ မိုက်ကယ် ဘယ်နေရာကို ပျောက်ကွယ်သွားလဲဆိုတာ သူ မမြင်ရသလို တုံ့ပြန်ဖို့လည်း မတတ်နိုင်ဘူး ဖြစ်နေတယ်။
အဲဒီနောက် သူ့ပါးစပ်ကနေ သွေးတွေ စတင် စီးကျလာတော့တယ်။ စစ်သည်တော်က ငုံ့ကြည့်လိုက်တဲ့အခါ မိုက်ကယ်ရဲ့ သဟဇာတဓါးက သူ့ရဲ့ ဗိုက်ကို ဖောက်ထွင်း ထိုးစိုက်ထားတာကို မြင်လိုက်ရတယ်။ နာကျင်မှုကို ခံစားရဖို့ထက် စစ်သည်တော်ရဲ့ စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်မှုတွေက အရင်ဆုံး ပြည့်နှက်သွားတယ်။
ပြီးတော့ ရုတ်တရက်ဆိုသလို စစ်သည်တော်ရဲ့ ခန္ဓာကိုယ်က ပေါ်လိုက်ပျောက်လိုက်နဲ့ ဝေဝါးလာတယ်။
သဟဇာတဓါးက စစ်သည်တော်ရဲ့ ဗိုက်ကို အပေါက်ကြီးဖြစ်အောင် လောင်ကျွမ်းထိုးစိုက်ထားတာကြောင့် မှော်ကမ္ဘာငယ်လေး က သူ့ကို ဒီပွဲမှာ ဆက်ထားဖို့ သိပ်ကို အန္တရာယ်များလွန်းတယ်လို့ သတ်မှတ်လိုက်တာပဲ။ သူက ပွဲစဉ်ထဲကနေ အလိုအလျောက် အဝေးသို့ ပို့ဆောင်ခံလိုက်ရတော့တယ်။
စစ်သည်တော်က သတိလစ်မေ့မြောလုနီးပါး ဖြစ်နေတဲ့ အချိန်မှာတောင် မိုက်ကယ်က သူ့ဆီကို ဘယ်လိုမျိုး ချက်ချင်း ပို့ဆောင်ပြီး ရောက်လာနိုင်လဲဆိုတာ နားမလည်နိုင်သေးဘူး။ ပို့ဆောင်ခြင်းမှော်ပညာ ဒါမှမဟုတ် အလွန်အမင်း မြန်ဆန်တဲ့ အရှိန်အဟုန်ကို သုံးခဲ့ရင်တောင်မှ သူ့ရဲ့ အဆင့်ခုနစ် ကျင့်စဉ်ကြောင့် ပြိုင်ဘက်တွေ ဘယ်နေရာမှာ လာပြီး လမ်းဆုံးမလဲဆိုတာကို သူ မြင်နိုင် သတိပြုနိုင်ရမှာလေ။
ဒါပေမဲ့ အခုတော့ သူ လုံးဝ သတိမထားမိခဲ့ဘူး။ တုံ့ပြန်နိုင်ခြင်းလည်း မရှိခဲ့ဘူးပေါ့။
သူ့ရဲ့ အမြင်အာရုံတွေ မှောင်မိုက်သွားတာနဲ့အမျှ သတိလစ်နေတဲ့ သူ့ခန္ဓာကိုယ်က ပရိသတ်တွေရဲ့ မျက်စိရှေ့တည့်တည့်၊ စင်မြင့်ပေါ်ဆီကို တိုက်ရိုက် ပို့ဆောင်ခြင်း ခံလိုက်ရတော့တယ်။
ချက်ချင်းဆိုသလိုပဲ ပရိသတ်တွေရဲ့ ဆွေးနွေးငြင်းခုံသံတွေက ရပ်တန့်သွားတယ်။ သူတို့က စစ်သည်တော်ကို ဇဝေဇဝါနဲ့ ကြည့်နေကြပြီး အခုလိုမျိုး ပွဲစောစောစီးစီးမှာတင် ပွဲကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ လုံးဝ ထင်မထားကြတာ အသေအချာပဲ။
"အဲဒီလူက ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ကပဲလေ" "ဘာလို့ ဒီလောက်တောင် မြန်မြန်ဆန်ဆန် ပွဲက ထွက်သွားရတာလဲ"
"သူ့ကို မြင်လိုက်တဲ့သူ ရှိလား"
"သူ ဘယ်သူနဲ့ တိုက်ခဲ့တာလဲ"
"တိုက်ခဲ့တဲ့သူက အလွန်အမင်း သန်မာတာ နေမှာပဲ"
"ကျိန်းသေပေါက် အဆင့်ရှစ် ဒါမှမဟုတ် အဆင့်ကိုးလောက် ရှိလိမ့်မယ်"
"ငါတို့ထဲက ဘယ်သူမှ မမြင်လိုက်ရဘဲနဲ့ သူ့လို အရည်အချင်းရှိတဲ့သူကို အနိုင်ယူသွားတယ်ဆိုတော့ တိုက်ပွဲက သိပ်ကို မြန်မြန်ဆန်ဆန်ပဲ ပြီးသွားတာ နေမှာပါ"
သူတို့အားလုံးက မှော်ကမ္ဘာငယ်လေး ထဲက တခြားကစားသမားတွေကိုပဲ အာရုံစိုက်နေခဲ့ကြတယ်။ လူအများစုရဲ့ မျက်လုံးတွေက အဲလ်ရစ်၊ ဘရက်စတန်၊ ပေါ့တ်ဘိုးလ် နဲ့ တခြား အဆင့်မြင့် မက်ဂ်နက်တစ် ခေါင်းဆောင်တွေဆီကိုပဲ ဦးတည်နေတာကြောင့် အဖွဲ့ထဲက စစ်သည်တော် တစ်ယောက်ချင်းစီကိုတော့ ဘယ်သူမှ သတိမထားမိကြဘူးလေ။
ဒါတင်မကသေးဘဲ မှော်ကမ္ဘာငယ်လေး ထဲမှာ တိုက်ပွဲတွေ တော်တော်များများ စတင်နေပြီ ဖြစ်တယ်။ လက်ဂါစီ့စ်တွေနဲ့ အဖွဲ့အစည်းတွေကြားထဲက ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် အခုချိန်မှာ တိုက်ပွဲတွေ အများကြီး ဖြစ်ပွားနေတာကိုး။
ထိုအကြောင်းကြောင့်ပဲ ဒါက ဘယ်လိုမျိုး ဖြစ်ပျက်ခဲ့လဲဆိုတာ ဘယ်သူမှ မသိကြဘဲ ခန့်မှန်းတွေးဆရုံကလွဲလို့ တခြားမတတ်နိုင်ကြဘူး ဖြစ်နေတယ်။
"သူ့ရဲ့ ဒဏ်ရာကို ကြည့်ဦး"
"သူ့ဗိုက်မှာ ဧရာမ အပေါက်ကြီး ဖြစ်နေတာ"
ဘာနာဘီစတင်ဆင် ရဲ့ အဖွဲ့သားတွေက စစ်သည်တော်ဆီ အမြန်ရောက်သွားပြီး ပထမအဆင့် ရှေးဦးသူနာပြုစုခြင်း အကူအညီတွေ ပေးနေကြပြီ ဖြစ်တယ် ဒါပေမဲ့ လူတိုင်းကတော့ သူ့ရဲ့ ဝမ်းဗိုက်မှာ ရှိနေတဲ့ ကြီးမားတဲ့ ဒဏ်ရာကို မြင်နေရတယ်။
ထို့ကြောင့် သူနဲ့ တိုက်ခဲ့တဲ့သူက ဓားလိုမျိုး အနီးကပ်တိုက်ခိုက်ရတဲ့ လက်နက်ကို သုံးခဲ့တာပဲလို့ အလွယ်တကူ ကောက်ချက်ချနိုင်တယ်။
ဒီအချက်အလက်က ပဟေဠိကို ပိုပြီးတော့တောင် ရှုပ်ထွေးသွားစေတယ်။ တကယ်တော့ စစ်သည်တော်တွေဆိုတာ သူတို့ရဲ့ အထင်ကရ ဓားသိုင်းပညာရပ်တွေနဲ့ လက်နက်တွေကို ကျွမ်းကျင်စွာ အသုံးချနိုင်မှုကြောင့် သိပ်ကို နာမည်ကြီးလှတာလေ။
အကယ်၍ တစ်ယောက်ယောက်က သူတို့ကို တစ်ဦးချင်း တိုက်ပွဲမှာ အနိုင်ယူနိုင်ခဲ့ပြီး ဓားသိုင်းပညာမှာပါ အသာစီးရသွားခဲ့တယ်ဆိုရင် အဲဒီတိုက်ခိုက်ခဲ့တဲ့သူကလည်း သိပ်ကို အရည်အချင်း မြင့်မားတာ နေမှာပဲ။
အချို့ကလည်း စစ်သည်တော်က ချုံခိုတိုက်ခိုက်ခြင်း ခံလိုက်ရတာနေမှာပဲလို့ မှန်မှန်ကန်ကန် ခန့်မှန်းမိကြတယ်။
"ဒါက ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစု က ဖြစ်ရမယ်" "စစ်သည်တော်တွေကို အငိုက်ဖမ်းနိုင်လောက်အောင် မြန်တာဆိုလို့ သူတို့ပဲ ရှိတာ"
"သူတို့က မြန်တာတော့ မှန်ပါတယ် ဒါပေမဲ့ စစ်သည်တော်တွေက သိပ်ကို သတိကြီးကြတာ"
"ဒါက တခြားတစ်ယောက်ယောက် ဖြစ်ရမယ်"
"ဒီစစ်သည်တော်ကို အခုလိုမျိုး ပြတ်ပြတ်သားသား အနိုင်ယူနိုင်တဲ့သူဆိုလို့ အဓိက အုပ်စုကြီးတွေရဲ့ ခေါင်းဆောင်တွေပဲ ရှိလိမ့်မယ်လို့ ငါထင်တယ်"
သူတို့ရဲ့ ဆွေးနွေးချက်တွေကြားထဲမှာ မိုက်ကယ်ရဲ့ နာမည်က တစ်ကြိမ်လေးတောင် ထွက်မလာခဲ့ဘူး။ ကွင်းပြင်ထဲမှာ အားအနည်းဆုံး ကစားသမားက စစ်သည်တော်ကို အနိုင်ယူခဲ့တဲ့သူ ဖြစ်လိမ့်မယ်လို့ သူတို့ရဲ့ အတွေးထဲကိုတင် လုံးဝ မဝင်ခဲ့ကြတယ်။
အမှန်တရားကို မြင်လိုက်ရတဲ့ တစ်ဦးတည်းသောသူကတော့ တစ်ချိန်လုံး မိုက်ကယ်ကိုပဲ စိုက်ကြည့်နေခဲ့တဲ့သူ ဖြစ်တယ်။
သေချာတာပေါ့ ဒါက မြို့စားကတော်ကိုယ်တိုင်ကလွဲလို့ တခြားသူ မဟုတ်ပါဘူး။
မိုက်ကယ်က တခြားသူတွေနဲ့ ယှဉ်ရင် ကျင့်စဉ်အဆင့် သိသိသာသာ နိမ့်ကျနေတာကြောင့် သူမက မိုက်ကယ်အတွက် တော်တော်လေး စိတ်ပူနေခဲ့တာ ဖြစ်တယ်။ ထိုအကြောင်းကြောင့်ပဲ သူမက သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့တယ်။
ပြီးတော့ စစ်သည်တော် ပေါ်လာတဲ့ အချိန်မှာတော့ မိုက်ကယ်အနေနဲ့ ပွဲစောစောစီးစီးမှာတင် ပွဲက ထွက်သွားရတော့မှာပဲလို့ သူမ တွေးမိလိုက်တယ်။
ဒါပေမဲ့ မိုက်ကယ်က ဒီပွဲကို စိတ်မဝင်စားဘူးဆိုတာ သိထားတာကြောင့် ပွဲစဉ်က ဘယ်လိုပဲဖြစ်ဖြစ် သူ ဂရုစိုက်မှာ မဟုတ်ဘူးဆိုတာကိုလည်း သူမ သိတယ်။
သူမက သူ့ကို ဘေးကင်းစေချင်ရုံသက်သက်ပါပဲ။
မိုက်ကယ်သာ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုခု ရလိုက်တာနဲ့ ဘာနာဘီစတင်ဆင် ကို ချက်ချင်း အော်ပြောပြီး မိုက်ကယ်ကို မှော်ကမ္ဘာငယ်လေး ထဲကနေ အဝေးသို့ ပို့ဆောင်ခိုင်းဖို့ သူမက ပြင်ဆင်ထားခဲ့တာ ဖြစ်တယ်။
ဒါပေမဲ့ မယုံနိုင်စရာကောင်းတာက သူက တိုက်ခိုက်မှုကနေ လွတ်မြောက်သွားရုံတင်မကဘဲ စစ်သည်တော်ကိုပါ ပြန်ပြီး အနိုင်ယူလိုက်တာပဲ။
ပြောရရင်တော့ သူမ တစ်ကိုယ်လုံး ဆွံ့အမှင်တက်သွားရတယ်။
ပြီးတော့ သူမတစ်ယောက်တည်း မဟုတ်ပါဘူး။
မြို့စားကတော်ရဲ့ ကိုယ်ရံတော် ဖြစ်တဲ့ အန်ဂျလာ မောင့်ဂိုမာရီ ကလည်း မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ မိုက်ကယ်ဆီမှာ အကြည့်တွေ စွဲမြဲနေခဲ့တယ်။
"ဒါက မဖြစ်နိုင်တာ" လို့ သူမက တိုးတိုးလေး ရေရွတ်လိုက်တယ် "သူ ဒါကို မလုပ်နိုင်သင့်ဘူးလေ" "သူက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်လေးပဲ ရှိသေးတာကို"
သူမရဲ့ မျက်လုံးတွေက ရှင်းလင်းနေပြီး မိုက်ကယ် ဘယ်လိုမျိုး စွမ်းအားကို သုံးလိုက်တယ်ဆိုတာ အသေအချာ သိနေတဲ့ ပုံစံမျိုးပဲ။
သူ့ရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် ဒါကို မလုပ်နိုင်သင့်ဘူးလေ။
ပထမဆုံးအနေနဲ့ သူ ဒါကို အစတည်းက မသိနိုင်သင့်ဘူး မဟုတ်လား။
"မြို့စားကတော်... ငါ ဘာတွေကို မြင်နေရတာလဲ" လို့ သူမက မယုံနိုင်သေးဘဲ မေးလိုက်တယ်။ ဒါကို မြင်လိုက်ရတာ သူမတစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို တခြားသူတွေဆီကနေ အတည်ပြုချက် ရယူချင်နေတယ်။
"မင်းက မိုက်ကယ်ရဲ့ ထူးခြားမှုကို မျက်မြင်တွေ့နေရတာပါ" လို့ မြို့စားကတော်က ပြန်ဖြေလိုက်တယ် "သူ့ကို ပုံမှန်နည်းလမ်းတွေနဲ့ တိုင်းတာလို့ မရဘူး" "မင်း... မဟုတ်ဘူး... ငါတို့တွေ အခုချိန်မှာ ဒါကို သိထားသင့်နေပြီ"
* * * * * * * *
မိုက်ကယ်က မောပန်းနွမ်းနယ်စွာနဲ့ မြေပြင်ပေါ်မှာ ဒူးထောက်လိုက်မိတယ်။ သူ့ရဲ့ သဟဇာတဓါး က ခလုတ်ပိတ်သွားပြီး သူ့လက်ထဲကနေ မြေကြီးပေါ်ကို ပြုတ်ကျသွားတယ်။
သူ့ရဲ့ ကြွက်သားတွေ၊ အရိုးတွေ၊ အကြောတွေ အားလုံးက လုံးဝဥဿုံ ကုန်ခမ်းသွားပြီး အမြင့်ဆုံး အမောအပန်း အခြေအနေကို ရောက်ရှိနေတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့ အားအင်တွေကလည်း အနိမ့်ဆုံးအဆင့်ကို ရောက်နေတာကို ခံစားလိုက်ရတယ်။ သူ့ရဲ့ မျက်ခွံတွေကလည်း နှစ်ရက်ဆက်တိုက် အိပ်ရေးပျက်ထားသလိုမျိုး မနည်း အားတင်းပြီး ဖွင့်ထားရတာမျိုးပေါ့။
ထိုသို့ဖြစ်နေလင့်ကစား သူ မပြုံးဘဲ မနေနိုင်ခဲ့ဘူး။
သူ လုပ်နိုင်ခဲ့ပြီ။ သူကကွမ်တမ်ခြေလှမ်း ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခဲ့ပြီလေ။
|ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ….|ငါ မင်းကို ဘာပြောခဲ့လဲ။ ပိုပြီး သန်မာတဲ့ တခြား မက်ဂ်နက်တစ်တွေနဲ့ တိုက်ခိုက်တာကပဲ မင်းကို အကန့်အသတ်တွေအထိ တွန်းပို့ပေးလိမ့်မယ်။ လာကွာ…နောက်ထပ် သားကောင်အချို့ကို ထပ်ရှာကြရအောင်|
သူက အနာဂတ်နိမိတ်ဖတ်ကြားသူရဲ့ စိတ်လှုပ်ရှားမှုတွေကို ချက်ချင်းပဲ တားဆီးဖို့ ကြိုးစားလိုက်တယ် နေပါဦး' 'ငါ့မှာ မတ်တတ်ရပ်ဖို့တောင် အားမရှိတော့တာ မင်းမမြင်ဘူးလား' 'ငါ့ကို မိနစ်အနည်းငယ်လောက် အချိန်ပေးပါဦး'
သူက အသက်ကို မနည်းလုရှူနေရချိန်မှာ အနာဂတ်နိမိတ်ဖတ်ကြားသူကတော့ သူ့စိတ်ထဲက ဟာလာလေဟာနယ်ထဲမှာ မကျေမနပ် ရေရွတ်ရုံကလွဲလို့ တခြားမတတ်နိုင်ရှာဘူးပေါ့။
သူက သူ့ကိုယ်သူ ပြန်ကြည့်ဖို့ ဒရုန်းကို လှည့်ပတ်မောင်းနှင်လိုက်တဲ့အခါ သူ့နှလုံးသားထဲက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက သိပ်ကို မှိန်ဖျော့စွာ တောက်ပနေတာကို မြင်လိုက်ရတယ်။ အရင်က တောက်ပနေကျ အနီရောင်နဲ့ လိမ္မော်ရောင် အလင်းတန်းတွေက ပျောက်ကွယ်သွားပြီး အခုတော့ အေးစိမ့်စိမ့် အပြာရောင်နဲ့ ခရမ်းရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။
* * * * * * * *
စာစဉ်(၅၁)