← Chapters

အခန်း ၆၀၈

Vol. 51 Ch. 608

အခန်း ၆၀၈

Vol. 51 Ch. 608

အခန်း(၆၀၈)

သေချာတာပေါ့ ဒါက ပြောဖို့သာ လွယ်ပြီး လက်တွေ့လုပ်ဖို့ကျတော့ တခြားစီပဲ။ သူ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေက အများကြီး ရှိနေတာကိုး။

ပထမဆုံးအနေနဲ့ သူက တန်ခိုးစွမ်းရည်ရဲ့ သက်ရောက်မှုနယ်ပယ် အနားသတ်လေးကို သူ့ဒရုန်းတွေ မဆိုစလောက်လေး ထိမိရုံလောက်ပဲ လှည့်ပတ်မောင်းနှင်ရမယ်။ အခြေခံအားဖြင့်တော့ သူတို့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေဆီကနေ ထွက်လာတဲ့ တန်ခိုးစွမ်းရည် အမျှင်တန်းတွေနဲ့ ၎င်းရဲ့ကိုယ်ထည်အောက်ခြေက ဘက်ထရီတည့်တည့် ကျရောက်နေဖို့ပဲ လိုအပ်တာ။

ဒါက သိပ်ကို ကျဉ်းမြောင်းလှတဲ့ အကန့်အသတ်လေးပဲ။ သိပ်ကို ဝေးကွာသွားရင်လည်း သူ့ဘက်ထရီတွေကို အားသွင်းနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သိပ်ကို နီးကပ်သွားပြန်ရင်လည်း သူ့ဒရုန်းတွေက တိုက်ခိုက်မှုကြားထဲ ညှပ်ပါသွားပြီး အဲဒီ မက်ဂ်နက်တစ် နှစ်ယောက်ကို သူ့ရဲ့တည်ရှိမှုအကြောင်း သိသွားစေနိုင်တယ်။

ပြီးတော့ ဒုတိယအချက်အနေနဲ့ သူက အချိန်ကို အတိအကျ တွက်ချက်ရမယ် မဟုတ်ရင်တော့ လုံးဝ လွဲချော်သွားလိမ့်မယ်။

တန်ခိုးစွမ်းရည်တစ်ခုကို ထုတ်ဖော်လိုက်ပြီး အရှိတရားနဲ့ ချိတ်ဆက်' သွားတဲ့ အဲဒီစက္ကန့်ပိုင်းလေးမှာတင် နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက အရှိတရားရဲ့ တခြားအစိတ်အပိုင်းတွေဆီကို သက်ရောက်မှုတွေ ပျံ့နှံ့သွားစေဖို့အတွက် တန်ခိုးစွမ်းရည် ပမာဏအမြောက်အမြားကို ပံ့ပိုးပေးလေ့ရှိကြတယ်။

ဥပမာအားဖြင့် စစ်သည်တော်က သစ်ပင်ကို ကျောက်တုံးအဖြစ် ပြောင်းလဲဖို့ သူ့ရဲ့ဓားကို သုံးလိုက်တဲ့အချိန်မှာ ကြမ်းတမ်းတဲ့ ကျောက်တုံးသက်ရောက်မှုက သစ်ပင်တစ်ပင်လုံးဆီ ပျံ့နှံ့သွားတာမို့ သူ့ရဲ့ တန်ခိုးစွမ်းရည် အသုံးချမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားတာမျိုးပေါ့။

သစ်ပင်တစ်ပင်လုံးက ကျောက်တုံးအဖြစ် အပြည့်အဝ ပြောင်းလဲသွားတဲ့ အခါကျမှသာ စစ်သည်တော်ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက တန်ခိုးစွမ်းရည် ထုတ်လွှတ်မှုကို စတင် လျှော့ချလိုက်ကြတာ။

ဒါကလည်း သိပ်ကို တိုတောင်းလှတဲ့ အကန့်အသတ်လေးဖြစ်ပြီး တစ်စက္ကန့် ဒါမှမဟုတ် စက္ကန့်အနည်းငယ်လောက်ပဲ ကြာမြင့်တာ။

ကဲ ဒါက တကယ်ကော ဖြစ်နိုင်ပါ့မလားဆိုတာ စမ်းသပ်ကြည့်ရမယ့် အချိန်ပဲ။

သူက ဒရုန်းနှစ်ခုလုံးကို ထိန်းချုပ်မောင်းနှင်လိုက်ပြီး သူတို့အတွက် ပစ်မှတ်တစ်ခုစီ သတ်မှတ်ပေးလိုက်တယ်။ ဒရုန်းအကြီးက စစ်သည်တော်အတွက်ဖြစ်ပြီး ဒရုန်းအသေးစားကတော့ မှော်ပညာရှင်အတွက်ပေါ့။

ပြီးတော့ ပန်ကာသံတွေကို လျှော့ချနိုင်ဖို့အတွက် သူတို့နဲ့ အနည်းဆုံး မီတာတစ်ရာလောက် အကွာအဝေးမှာ နေရမှာဖြစ်လို့ သူတို့က တန်ခိုးစွမ်းရည်တွေကို စတင်သုံးစွဲတာ မြင်လိုက်ရတဲ့ အချိန်မှာတင် သူက ဒရုန်းတွေကို စတင် ပျံသန်းခိုင်းရမယ်။

စက္ကန့်အနည်းငယ်လောက် စောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ သူ လှုပ်ရှားရမယ့် အခွင့်အရေးကို ရှာတွေ့သွားခဲ့ပြီ။

မှော်ပညာရှင်က သူမရဲ့ မှော်နှင်တံထိပ်ဖျားမှာ ဆန်းကြယ်တဲ့ အပြာရောင် အရည်လုံးကြီး နောက်တစ်ခုကို ထပ်ပြီး ဖန်တီးလိုက်ပြန်တယ်။

ပြီးတော့ သူမက အဲဒီအရည်လုံးကို စစ်သည်တော်ဆီ ပစ်လွှတ်တော့မယ့် အချိန်မှာတင် သူက သူ့ရဲ့ ဒရုန်းအသေးစားကို တန်ခိုးစွမ်းရည်ရှိရာဆီ တတ်နိုင်သမျှ အမြန်ဆုံး ထိုးဆင်းသွားအောင် မောင်းနှင်လိုက်တယ်။

အရည်လုံးက စစ်သည်တော်ရဲ့ ခြေထောက်နဲ့ လက်မအနည်းငယ်ပဲ ဝေးတဲ့ မြက်ခင်းပြင်ပေါ်ကို သွားရောက် စင်လှည့်သွားတယ်။

မှော်ပညာရှင်ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက အဲဒီအရည်လုံးဆီ တန်ခိုးစွမ်းရည်တွေ ပိုပြီး ပံ့ပိုးပေးလိုက်တာကြောင့် အမျှင်တန်းရဲ့ တုတ်ခိုင်မှုက အနည်းဆုံး သုံးဆလောက်အထိ တိုးမြှင့်သွားတော့တာပဲ။

ထိုအကြောင်းကြောင့်ပဲ သူမရဲ့ တန်ခိုးစွမ်းရည်ဆီက ပွတ်တိုက်မှုမရှိတဲ့ သက်ရောက်မှုက အစပြုစင်လှည့်သွားတဲ့ နေရာကနေ ပတ်ပတ်လည် နှစ်မီတာ အချင်းဝက်အထိ ပျံ့နှံ့သွားခဲ့တယ်။

စစ်သည်တော်က အခုဆိုရင် အဲဒီတိုက်ခိုက်မှုကို သတိထားမိသွားပြီး ရှောင်တိမ်းသွားနိုင်ခဲ့ကာ တန်ပြန်တိုက်ခိုက်မှုအနေနဲ့ မှော်ပညာရှင်ဆီ ပြေးဝင်လိုက်တော့တယ်။

တစ်ဖက်မှာတော့ ပြင်းထန်လှတဲ့ တိုက်ပွဲရဲ့ အရှိန်အဟုန်ကြောင့် သူတို့နှစ်ယောက်လုံးက အပြာရောင်ပြောင်းသွားတဲ့ မြက်ခင်းပြင်ဆီ ထိုးဆင်းလာတဲ့ သူ့ဒရုန်းအသေးစားရဲ့ ပန်ကာသံတွေကို သတိမထားမိကြဘူး။

သူ့ရဲ့ ဒရုန်းအသေးစားက လုံလောက်တဲ့ အနက်အထိ ထိုးဆင်းသွားတာကို မြင်တာနဲ့ သူက ၎င်းကို အပေါ်ဘက်ဆီ အမြန် ပြန်လှည့်မောင်းနှင်လိုက်တာကြောင့် တန်ခိုးစွမ်းရည် အမျှင်တန်းကို မဆိုစလောက်လေးတင် ဖြတ်သန်း ထိတွေ့သွားစေတယ်။

[၁%... ၃%... ၅%]

၎င်းက ငါးရာခိုင်နှုန်းအထိ ရောက်သွားတဲ့ အချိန်မှာတင် မှော်ပညာရှင်ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက ဧရာမ တန်ခိုးစွမ်းရည် ပမာဏကြီး ထုတ်လွှတ်ပေးနေမှုကို ရပ်တန့်လိုက်တာ။

သူက ဒရုန်းအသေးစားကို သူတို့နှစ်ယောက်ရဲ့ ကြားနိုင်တဲ့ အကွာအဝေးပြင်ပဆီ ရောက်အောင် ချက်ချင်းပဲ မောင်းနှင် ထွက်ခွာစေလိုက်တယ်။

ပန်ကာသံတွေကို မကြားနိုင်တော့ဘူးလို့ သေချာတဲ့ အခါကျမှသာ သူက နောက်ပြန်လှည့်လိုက်တယ်။

'ဒါက အလုပ်ဖြစ်တယ်' လို့ သူက စိတ်ထဲကနေ အကျေနပ်ကြီး ကျေနပ်နေမိတယ်။

သူက ဘက်ထရီကို တန်ခိုးစွမ်းရည် အမျှင်တန်းပေါ်မှာ တစ်စက္ကန့်တောင် မပြည့်တဲ့ အချိန်လေးပဲ ထားခဲ့ရသေးတာတောင် ဒါက ငါးရာခိုင်နှုန်းအထိ တက်သွားခဲ့ပြီလေ။

ပြီးတော့ သူ့ရဲ့ အချိန်ကို တွက်ချက်မှုက အပြည့်အဝ တိကျတာတောင် မဟုတ်သေးဘူး။

သူက အပေါ်ကို သိပ်ပြီး စောစောစီးစီး ပြန်ဆွဲတင်လိုက်တာမို့ ဘက်ထရီရဲ့ ထက်ဝက်လောက်ပဲ တန်ခိုးစွမ်းရည်ထဲ နစ်မြုပ်သွားခဲ့တာ ဖြစ်တယ်။ ဒါတင်မကသေးဘဲ တန်ခိုးစွမ်းရည် လှိုင်းလုံးကြီးရဲ့ အထွတ်အထိပ် ရောက်မယ့် အချိန်ရဲ့ သုံးပုံနှစ်ပုံလောက်ကို သူက လွဲချော်ခဲ့တာ။

သူသာ ဒါကို အပြည့်အဝ တိတိကျကျ လုပ်ဆောင်နိုင်ခဲ့ရင် အခုဆိုရင် ၁၀ ရာခိုင်နှုန်းအထိ တက်သွားလိမ့်မယ်ဆိုတာ သူ လုံးဝ သံသယမရှိဘူး။

ဒီရလဒ်ကို မြင်ပြီးတဲ့နောက် သူက သူ့ရဲ့ ဒရုန်းအကြီးဆီကိုပဲ အာရုံစိုက်လိုက်တော့တယ်။

စစ်သည်တော်က မှော်ပညာရှင်ဆီ ပြေးဝင်လာတော့ သူမက စစ်သည်တော်ရဲ့အရှိန်ကို နှေးကွေးသွားစေဖို့အတွက် ရေဒြပ်စင်မှော်ပညာတွေကို ထုတ်ဖော်နေတယ်။

စစ်သည်တော်က မှော်ပညာပဲဖြစ်ဖြစ် သဘာဝအတားအဆီးပဲဖြစ်ဖြစ် ရှေ့မှာရှိတဲ့ အရာအားလုံးကို ဖြတ်တောက် ပစ်လိုက်တယ်။ စစ်သည်တော်တစ်ဦးအနေနဲ့ သူ့ရဲ့ လေ့ကျင့်မှုတွေကြောင့် သူ့ရဲ့အရှိန်က မှော်ပညာရှင်နဲ့ ယှဉ်ရင် နှိုင်းယှဉ်လို့မရအောင် မြန်ဆန်လှတာ။ မှော်ပညာရှင်ကတော့ သူတို့ကြားထဲမှာ ဖန်တီးနိုင်သမျှသော မှော်အတားအဆီး အမြောက်အမြားကြောင့်သာ အသက်ဆက်နိုင်နေတာ ဖြစ်တယ်။

နောက်ဆုံးမှာတော့ စစ်သည်တော်က မှော်ပညာရှင်ကို မှီသွားခဲ့ပြီဖြစ်ပြီး သူ့ရဲ့ဓားနဲ့တိုက်ခိုက်မယ့် အကွာအဝွေးတွင်းမှာ ရှိနေစေခဲ့တယ်။

သူက ထောင့်ဖြတ်ပုံစံ နှစ်ကြိမ် ဆက်တိုက် ဝှေ့ယမ်း ခုတ်ပိုင်းလိုက်တာကြောင့် သူ့အရှေ့မှာ 'X' ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်သွားတော့တယ်။

အဲဒီနောက် လေထဲမှာ ကြမ်းတမ်းတဲ့ ကျောက်တုံးတွေ ပေါ်ထွက်လာပြီး စစ်သည်တော်ရဲ့ ခုတ်ပိုင်းမှုအတိုင်း ပုံစံတူ ဖြစ်ပေါ်သွားတယ်။

စစ်သည်တော်က သူ့ရဲ့ဓားကို အနောက်ကို ပြန်ဆွဲလိုက်ပြီး အဲဒီ 'X' ပုံသဏ္ဌာန်ရဲ့ ဗဟိုတည့်တည့်ဆီ မထိုးစိုက်ခင် အားယူလိုက်ကာ ၎င်းကို မှော်ပညာရှင်ဆီ ပစ်လွှတ်လိုက်တယ်။

ရှောင်တိမ်းဖို့ မတတ်နိုင်တာကြောင့် မှော်ပညာရှင်က အဲဒီကျောက်တုံး 'X' ပုံသဏ္ဌာန်နဲ့ ရင်ဘတ်ကို အရှိန်နဲ့ အိုက်မိသွားပြီး သစ်ပင်တစ်ပင်ပေါ်မှာ ကပ်ပါသွားတော့တယ်။

ရုတ်တရက်ဆိုသလို ကျောက်တုံးတွေက သူမနဲ့ သစ်ပင်ရဲ့ ပတ်ပတ်လည်မှာ ပျံ့နှံ့သွားပြီး သူမကို ကျောက်တုံးဂူတစ်ခုထဲ ပိတ်လှောင်ပစ်ဖို့ ရည်ရွယ်နေတယ်။

အဲဒီအချိန်မှာပဲ မိုက်ကယ်က သူ့ရဲ့ ဒရုန်းအကြီးကို သစ်ပင်ဆီ ထိုးဆင်းခိုင်းလိုက်ပြီး ဘက်ထရီက တန်ခိုးစွမ်းရည် လှိုင်းလုံးကြီးနဲ့ ထိတွေ့မိတဲ့ အဲဒီစက္ကန့်ပိုင်းလေးမှာတင် ၎င်းရဲ့အရှိန်ကို ရပ်တန့်လိုက်တယ်။

[၁%... ၃%... ၆%]

၎င်းက ခြောက်ရာခိုင်နှုန်းအထိ ရောက်ရှိသွားတာမို့ ဒါက ဒရုန်းအသေးစားနဲ့ ရခဲ့တဲ့အရာထက် ပိုပြီးတော့ ကောင်းမွန်လှတယ်။

သူက ဒရုန်းအကြီးကို အပေါ်ဘက်ဆီ အမြန် ပြန်လှည့်မောင်းနှင်လိုက်ပြီး တိုက်ပွဲနဲ့ ဝေးရာကို ထွက်ခွာစေလိုက်တယ်။

'ဒါက အလုပ်ဖြစ်နိုင်တယ်' လို့ သူက အပြုံးတစ်ခုနဲ့ တွေးလိုက်မိတယ်။

သူက အကြိမ်တိုင်းမှာ ၅%ပဲ ရနိုင်ဦးမယ်ဆိုရင်တောင်မှ ဘက်ထရီတွေကို ၃၀%အထိ အားသွင်းနိုင်ဖို့အတွက် နောက်ထပ် ငါးကြိမ်လောက်ပဲ ကြိုးစားဖို့ လိုအပ်တော့တာပဲ ၎င်းပမာဏက ကွမ်တမ်ခြေလှမ်း တစ်ကြိမ်အတွက် လုံလောက်လှတာကိုး။

ဒီမှာတင် မှော်ပညာရှင်ကို ပိတ်လှောင်ထားတဲ့ ကျောက်တုံးဂူက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး သူမက နောက်ဆုံးမှာတော့ ပိတ်လှောင်ခံရမှုကနေ ရုန်းထွက် လွတ်မြောက်နိုင်ခဲ့ပြီ ဖြစ်တယ်။ သူမအထက်က ဆန်းကြယ်တဲ့ မှော်ကြောင်ပုံစံ ဒီဗာက စစ်သည်တော်ကို ကြည့်ပြီး ဟိန်းဟောက်နေတာပေါ့ ၎င်းလုပ်ခဲ့တဲ့ အပြုအမူအတွက် ဒေါသထွက်နေတဲ့အတိုင်းပဲ။

ဒါကို မြင်လိုက်ရတဲ့အခါ မိုက်ကယ်က စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။ သူမသာ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားမယ်ဆိုရင် သူ့ရဲ့ အစီအစဉ်တွေက အလုပ်ဖြစ်မှာ မဟုတ်ဘူးလေ။

'၃၀% ရောက်တဲ့အထိ တစ်ယောက်ကိုတစ်ယောက် ဆက်ပြီး တိုက်ခိုက်ပေးကြပါဦး ဟုတ်ပြီလား'

မှော်ပညာရှင်က ဒေါသတကြီးနဲ့ သူမအရှေ့မှာ ရေခဲလုံး အခုဆယ်လုံးကို ဖန်တီးလိုက်တယ်။

သူမက မှော်နှင်တံနဲ့ တစ်လုံးချင်းစီကို တို့ထိလိုက်ပြီး သူမရဲ့ တန်ခိုးစွမ်းရည်တွေကို ထည့်သွင်းပေးလိုက်တယ်။

အဲဒီနောက် သူမက အဲဒီရေခဲလုံးတွေကို စစ်သည်တော်ဆီ ဦးတည်သွားဖို့ စေခိုင်းလိုက်တာပဲ။

သူတို့တွေက လေထဲမှာ မယုံနိုင်လောက်တဲ့ အရှိန်အဟုန်နဲ့ ပြေးဝင်သွားကြပြီး ကျည်ဆန်တစ်တောင့်လောက်နီးပါး မြန်ဆန်လှတယ်။ အဲဒီရေခဲလုံးတွေမှာ တန်ခိုးစွမ်းရည်တွေ ပါဝင်နေတာကြောင့် သူတို့ရဲ့အရှိန်က အကန့်အသတ်မရှိ တိုးမြှင့်သွားနိုင်တာ ဖြစ်တယ်။

စစ်သည်တော်က အငိုက်မိသွားပြီး သူ့ရဲ့ဓားကို မနည်းပဲ အသည်းအသန် မြှောက်လိုက်ရတယ်။ သူက ရေခဲလုံး တစ်လုံးကို ဖြတ်တောက်လိုက်ပေမဲ့ အဲဒါက ပြတ်မသွားဘဲ ဓားအနားသတ်ကနေ လျှောထွက်သွားတယ်။ ကျန်တဲ့အလုံးတွေကတော့ သူ့ရဲ့ ချပ်ဝတ်တန်ဆာဆီ ပြေးဝင်သွားပြီး နေရာအချို့မှာ အစင်းကြောင်းတွေ ဖြစ်ပေါ်သွားစေတယ်။

မိုက်ကယ်က အဲဒီရေခဲလုံးတွေရဲ့ အရှိန်ကို လိုက်ပါဖို့အတွက် အခက်အခဲ ရှိနေပေမဲ့ ၎င်းတို့ဆီကနေ အနည်းဆုံး ရာခိုင်နှုန်း အနည်းငယ်လောက်တော့ အားသွင်းနိုင်ခဲ့သေးတယ်။

သူသာ သတိမထားဘူးဆိုရင်တော့ ဒီထက် ပိုပြီး အများကြီး အားသွင်းနိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒါက အခြေအနေတစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်တာမို့ သူက တဖြည်းဖြည်းချင်းပဲ လုပ်ဆောင်ချင်ပြီး အကြိမ်ကြိမ် ကြိုးစားမှုတွေကတစ်ဆင့် တန်ခိုးစွမ်းရည်တွေကို စုပ်ယူဖို့ပဲ ရွေးချယ်လိုက်တာ ဖြစ်တယ်။

ထိုသို့ဖြင့် မှော်ပညာရှင်နဲ့ စစ်သည်တော်တို့က တစ်ယောက်ကိုတစ်ယောက် အဆင့်ခုနစ် တန်ခိုးစွမ်းရည်တွေနဲ့ ဆက်လက် ပစ်လွှတ် တိုက်ခိုက်နေကြစဉ်မှာပဲ သူတို့ မသိစေဘဲ သူတို့ရဲ့ တန်ခိုးစွမ်းရည်တွေကို ခိုးယူနေတဲ့ ဒရုန်းနှစ်ခု ရှိနေခဲ့တယ်။

မိနစ်အချို့ ကုန်လွန်သွားတာနဲ့အမျှ မိုက်ကယ်က သူ့ရဲ့ဘက်ထရီကို ဆက်ပြီး အားသွင်းနေခဲ့တယ်။

သိပ်မကြာခင်မှာပဲ သူ့ရဲ့ ဒရုန်းအသေးစားမှာ ဘက်ထရီ ၃၃% ရှိလာခဲ့ပြီး သူ့ရဲ့ ဒရုန်းအကြီးမှာတော့ ဘက်ထရီ ၃၄% ရှိလာခဲ့ပြီ ဖြစ်တယ်။

* * * * * * * *

စာစဉ်(၅၁)

All Chapters