အခန်း ၆၀၉
Vol. 51 Ch. 609
အခန်း(၆၀၉)
သူ့ရဲ့ ဘက်ထရီတွေထဲမှာ အခုလို အားအမြောက်အမြား စုပ်ယူပြီးတဲ့နောက် သူက ဒရုန်းတွေကို သူ့ဆီ ချက်ချင်း ပြန်လှည့်မောင်းနှင်လိုက်တယ်။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်အတွင်းမှာ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့တယ် ဆိုပေမဲ့ နောက်ပိုင်းကျရင်လည်း သူတို့ သတိမထားမိကြတော့ဘူးလို့ ပြောလို့မရဘူးလေ။
ရှေ့ဆက်မသွားခင်မှာ သူ့ရဲ့ အားသွင်းထားသမျှတွေကို အရင်ဆုံး စုစည်းထားတာက အကောင်းဆုံးပဲ ဖြစ်တယ်။
သူက သူ့ရဲ့ ကိုယ်ပိုင်ဘက်ထရီကို ထုတ်ပြီး ရင်ဘတ်မှာ တပ်ဆင်လိုက်တယ် အဲဒါက အခုချိန်ကစပြီး သူ့ရဲ့ ကိုယ်ပိုင် တန်ခိုးစွမ်းရည် သိုလှောင်ရုံ ဖြစ်လာတော့မှာပေါ့။
ဒရုန်းတွေက သူ့အရှေ့တည့်တည့်ဆီ ရောက်လာတာနဲ့ သူက ၎င်းတို့ရဲ့ ကိုယ်ထည်အောက်ခြေက ဘက်ထရီတွေကို ဖြုတ်ယူလိုက်ပြီး သူ့ရင်ဘတ်က ဘက်ထရီနဲ့ သွားရောက် ချိတ်ဆက်လိုက်တယ်။
အဲဒီအရာတွေက တစ်ခုနဲ့တစ်ခု မြဲမြံစွာ ကပ်ပါသွားတာနဲ့တစ်ပြိုင်နက် ဘက်ထရီတွေထဲမှာ သိမ်းဆည်းထားတဲ့ တန်ခိုးစွမ်းရည်တွေက သူ့ရဲ့ဘက်ထရီဆီကို စတင် ကူးပြောင်းသွားတော့တာပဲ။ သိပ်မကြာခင်မှာပဲ အဲဒီနှစ်လုံးထဲက စွမ်းရည်တွေက သုညအထိ ပြန်လည် ကုန်ခမ်းသွားပြီး သူ့ရင်ဘတ်က ဘက်ထရီမှာတော့ အမြင့်ဆုံး အားသွင်းပမာဏရဲ့ ထက်ဝက်ကျော်အထိ ရောက်ရှိသွားတယ်။
အခုဆိုရင် ဘယ်အချိန်မဆို သုံးနိုင်ဖို့အတွက် ဘက်ထရီအား ၆၇ ရာခိုင်နှုန်းအထိ အဆင်သင့် ရှိနေပြီပေါ့။ ဒါက သူ့ရဲ့ ကိုယ်ပိုင် တန်ခိုးစွမ်းရည်ကို တစ်စက်ကလေးမှ သုံးစရာမလိုဘဲ ကွမ်တမ်ခြေလှမ်း နှစ်ကြိမ်အထိ ထုတ်ဖော်နိုင်ဖို့အတွက် လုံလောက်တဲ့ ပမာဏပဲ ဖြစ်တယ်။
'ဟင်း... ရင်ဘတ်မှာ ဒီဘက်ထရီကို တပ်ထားရတာက နာမည်ကြီး လူစွမ်းကောင်း ကာတွန်းဇာတ်ကောင်တစ်ယောက်ကို သွားပြီး သတိရစေတယ်'
သူ့ရဲ့ ဒီဗာကလည်း နည်းပညာနဲ့ အလုပ်လုပ်တာဆိုတော့ တော်တော်လေးတော့ လိုက်ဖက်ညီလှတယ်။ သူ့မှာ အဲဒီဇာတ်ကောင်ရဲ့ နာမည်ကြီး အလင်းတန်းတွေနဲ့ ဆင်တူတဲ့ သဟဇာတသေနတ် လည်း ရှိနေတာပဲလေ။ သူသာ နိုဗာကို ဂျားဗစ်လို့ နာမည်ပေးခဲ့ရင် အပြည့်အဝ စုံလင်သွားမှာ။
(TR Note: Iron Man & J.A.R.V.I.S)
ဘာပဲဖြစ်ဖြစ် သူက အားကုန်သွားတဲ့ ဘက်ထရီတွေကို ဒရုန်းတွေဆီ ပြန်လည် တပ်ဆင်ပေးလိုက်ပြီး နောက်ထပ်တစ်ကြိမ် စုပ်ယူဖို့အတွက် အဆင်သင့် ပြင်ဆင်ခိုင်းလိုက်တယ်။
သူက တန်ခိုးစွမ်းရည်တွေကို တတ်နိုင်သမျှ အကြာကြီး ဆက်ပြီး ခိုးယူဦးမှာပါ။ အမှန်အတိုင်းပြောရရင် သူက ဘက်ထရီတွေကို စိတ်ကူးရှိသလောက် အများကြီး အားသွင်းနိုင်ဖို့အတွက် အဲဒီနှစ်ယောက်ကို ပွဲစဉ်ရဲ့ ကျန်ရှိတဲ့ အချိန်တွေအထိ ဆက်ပြီး တိုက်ခိုက်စေချင်တာ။
ဒါပေမဲ့ အဲဒီလို ဖြစ်လာဖို့တော့ မလွယ်ကူလှပါဘူး။ မှော်ပညာရှင်က စစ်သည်တော်နဲ့ ယှဉ်ရင် အားအင်တွေ သိပ်ကို ပိုပြီး ကုန်ခမ်းလာနေပြီ ဖြစ်လို့ပဲ။
ဒီရလဒ်က တော်တော်လေးကို ခန့်မှန်းရ လွယ်ကူလှပါတယ် အနီးကပ်တိုက်ခိုက်မှုနဲ့ မှော်ပညာ တိုက်ခိုက်မှုကြားမှာ ဓားသမားကပဲ အမြဲတမ်း အနိုင်ရလေ့ ရှိတာကိုး။ မှော်ပညာရှင်တွေက အနီးကပ်တိုက်ခိုက်သူတွေနဲ့ အလှမ်းဝေးဝေးမှာ ရှိနေရင် ဒါမှမဟုတ် လုံလောက်တဲ့ အကာအကွယ် ရှိနေရင်မှသာ ပိုပြီး အဆင်ပြေကြတာ။
သူ့အမြင်အရတော့ မှော်ပညာရှင်က နောက်ထပ် အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်လောက်ပဲ ခံနိုင်ရည်ရှိတော့မှာဖြစ်ပြီး စစ်သည်တော်က နောက်ဆုံးပိတ် ချက်ကောင်းကို ခုတ်ပိုင်းပစ်လိမ့်မယ် အဲဒါက သူ့ရဲ့ ဘက်ထရီ အားသွင်းမယ့် တာဝန်အတွက်တော့ မကောင်းတဲ့ အချက်ပဲ ဖြစ်တယ်။
သူက သူတို့ရဲ့ တိုက်ပွဲကြားထဲကို ဝင်ရောက် စွက်ဖက်ဖို့အတွက် အတွေးတစ်ဝက် ရှိနေခဲ့တယ်။ သူက သူ့ဒရုန်းကတစ်ဆင့် စစ်သည်တော်ဆီ သဟဇာတသေနတ်နဲ့ လှမ်းပစ်ပြီး မှော်ပညာရှင်ကို ကူညီပေးလို့ ရတာပဲ အဲဒီအခါ စစ်သည်တော် ဒဏ်ရာရသွားပြီး အခြေအနေက တန်းတူ ပြန်ဖြစ်သွားမှာပေါ့။
ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင် သူ့ရဲ့ ဒရုန်းတွေကို ရိပ်မိသွားကြလိမ့်မယ် အဲဒီကနေတစ်ဆင့် သူကိုယ်တိုင်ပါ အရှာဖွေခံရနိုင်တယ်။ ဒီပျံသန်းနိုင်တဲ့ လက်နက်ကို သူ ပိုင်ဆိုင်ထားတယ်ဆိုတာ လူတိုင်း သိကြတာလေ။
ထို့ကြောင့် သူက နောင်တရမယ့်အစား ဘေးကင်းမယ့် နည်းလမ်းကိုပဲ ရွေးချယ်လိုက်တော့တယ်။ သူက မှော်ပညာရှင်ကို ရှုံးနိမ့်စေလိုက်ပြီး အဲဒီအတောအတွင်းမှာတင် တတ်နိုင်သမျှပဲ စုပ်ယူဖို့ ဆုံးဖြတ်လိုက်တယ်။
သူက ဒရုန်းတွေကို သူတို့နှစ်ယောက်ရဲ့ အထက် မီတာတစ်ရာအကွာမှာ ဝဲပျံနေဖို့ စေခိုင်းလိုက်ပြီး နောက်ထပ် အခွင့်အရေးအတွက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့တယ်။ ဒါကို အကြိမ်ကြိမ် ကြိုးစားခဲ့မှုကြောင့် သူက ဒရုန်းနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အားသွင်းနိုင်မယ့်အထိ ထိန်းချုပ်မောင်းနှင်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်တယ်။
မှော်ပညာရှင်က မောပန်းစွာနဲ့ အသက်ကို လုရှူနေရပြီး ဝတ်ရုံပတ်ပတ်လည်မှာလည်း ပြတ်ရှဒဏ်ရာတွေ အများကြီးနဲ့ စုတ်ပြတ်သတ်လို့နေတယ်။
သူမရဲ့ ခြေထောက်တစ်ခုလုံးကနေ ခြေသလုံးအထိ ကျောက်တုံးတွေ ဖုံးလွှမ်းနေတာကြောင့် ထွက်ပြေးဖို့လည်း မတတ်နိုင်ရှာဘူး။
သူမရဲ့ တစ်ဖက်မှာတော့ စစ်သည်တော် ရှိနေပြီး သူလည်း နည်းနည်းတော့ မောပန်းနေပေမဲ့ သူမနဲ့ ယှဉ်ရင်တော့ အများကြီး ပိုပြီး အခြေအနေ ကောင်းမွန်လှတယ်။ သူက သူမဆီ ပြေးဝင် တိုက်ခိုက်ဖို့အတွက် သူ့ရဲ့ဓားကို မြှောက်လိုက်တော့တယ်။
ဒါပေမဲ့ သူက နောက်ဆုံးပိတ် တန်ခိုးစွမ်းရည် တိုက်ခိုက်မှုကို ထုတ်ဖော်တော့မယ့် အချိန်မှာတင် သူတို့အားလုံးက အပေါ်ဘက်ဆီကနေ ပဲ့တင်ထပ်လာတဲ့ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရတယ်။
"ဖယောင်းတိုင်နှစ်တိုင်စာ အချိန် ကုန်လွန်သွားခဲ့ပြီ"
"ကစားသမားတို့... အခုကစပြီး မှော်ကမ္ဘာငယ်လေး ထဲမှာ ရှိတဲ့ အလံတွေရဲ့ တည်နေရာကို ထုတ်ဖော်ပြသရမယ့် အချိန်ပဲ" လို့ ဘာနာဘီ က ကြေညာလိုက်တယ်။
ပွဲစဉ်စတင်ပြီး တစ်နာရီအကြာမှာတော့ ကောင်းကင်ထက်ကနေ မတူညီတဲ့ အလင်းတန်းတွေ စတင်ပြီး ဖြာကျလာတော့တာပဲ။
အမှန်တော့ အဲဒါတွေက အလံကိုင်ဆောင်ထားသူတွေ လက်ရှိ ရှိနေတဲ့ နေရာတွေကို အချိန်နဲ့တစ်ပြေးညီ ပြသပေးနေတဲ့ အလင်းတန်းတွေ ဖြစ်တယ်။ ဒါက ကစားသမားတွေအနေနဲ့ မှော်ကမ္ဘာငယ်လေး ထဲမှာ အလံတွေကို ဝှက်ထားပြီး ပွဲကို ဒီအတိုင်း လက်လျှော့မပစ်စေဖို့အတွက် ထည့်သွင်းထားတဲ့ ပွဲစဉ်ရဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်တယ်။
စိတ်မကောင်းစရာပဲ မိုက်ကယ်လည်း ထူးခြားချက် မရှိခဲ့ပါဘူး။
ဧရာမ အစိမ်းရောင် အလင်းတန်းကြီးတစ်ခုက သူ့ဆီကို ပြင်းထန်တဲ့ အရောင်အဝါတွေနဲ့ ဖြာကျလာတာကြောင့် ပတ်ဝန်းကျင်ကို မြင်နိုင်ဖို့အတွက် သူ မျက်စိကို မနည်း မှိတ်ထားရတယ်။
အဲဒီအလင်းတန်းက ကောင်းကင်ပေါ် ပြန်လည် မပျောက်ကွယ်ခင် သုံးစက္ကန့်လောက်ပဲ ကြာမြင့်ခဲ့ပြီး အရာအားလုံးကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားစေတယ်။
လူအများစုအတွက်တော့ ဒါက တခြားအလံတွေကို လိုက်လံ ရှာဖွေဖို့အတွက် အကောင်းဆုံး သဲလွန်စတစ်ခု ဖြစ်တယ်။ ပြီးတော့ အလံကိုင်ဆောင်သူတွေ အတွက်ကတော့ တခြားကစားသမားတွေရဲ့ ဖမ်းဆီးခြင်းကို မခံရစေဖို့အတွက် လက်ရှိ ရှိနေတဲ့ နေရာကနေ ချက်ချင်း ထွက်ပြေးကြဖို့ သတိပေးချက်တစ်ခု ဖြစ်တယ်။
ဒါပေမဲ့ မိုက်ကယ်အတွက်ကတော့ အခြေအနေက လုံးဝ ဥဿုံ ကွဲပြားခြားနားလွန်းတယ်။
သူက လူသူကွယ်ရာ တသီးတခြား နေရာတစ်ခုမှာ ပုန်းနေခဲ့တာ မဟုတ်ဘူးလေ။
သူက စစ်သည်တော်နဲ့ မှော်ပညာရှင်တို့ရဲ့ အကွာအဝေး မီတာအနည်းငယ်အလိုမှာပဲ ရှိနေခဲ့တာ ဖြစ်ပြီး အခုဆိုရင် သူတို့နှစ်ယောက်လုံးက သူ့ဆီ တည့်တည့် စိုက်ကြည့်နေကြကာ သူ့ကျောပေါ်က တောက်ပနေတဲ့ အစိမ်းရောင်အလံကို လှမ်းမြင်သွားကြပြီ ဖြစ်တယ်။
ချက်ချင်းဆိုသလိုပဲ စစ်သည်တော်က အားအင်အသစ်တွေနဲ့ သူ့ဆီ ပြေးဝင်လာတော့တယ်။ စစ်သည်တော်ရဲ့ ဓားက အတားအဆီး မှန်သမျှကို ဖြတ်တောက် ပစ်လိုက်ပြီး အရာအားလုံးကို ထုထည်ကြီးမားတဲ့ ကျောက်တုံးတွေအဖြစ် ပြောင်းလဲကာ အပိုင်းပိုင်း ကြေမွသွားစေတယ်။
မှော်ပညာရှင်လည်း အားအင်အချို့ ပြန်လည် ရရှိသွားတဲ့ ပုံစံမျိုးပဲ။ သူမနဲ့ မလှမ်းမကမ်းမှာ အလံတစ်ခု ရှိနေတာကို မြင်လိုက်ရတဲ့ စိတ်လှုပ်ရှားမှုကြောင့် သူမရဲ့ လက်ရှိ အကန့်အသတ်တွေကို ခဏတာ ဖြတ်ကျော်နိုင်သွားခဲ့တယ်။
သူမက မှော်နှင်တံကို ဝှေ့ယမ်းလိုက်ပြီး အပြာရောင် အရည်လုံးတစ်ခုကို ဖန်တီးကာ မြေကြီးပေါ် ပစ်လွှတ်လိုက်တယ်။
ရုတ်တရက်ဆိုသလို သူမရဲ့ အရှေ့တည့်တည့်မှာ အပြာရောင် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာတာကြောင့် သူမက တောအုပ်မြေပြင်ပေါ်မှာ လွယ်လင့်တကူနဲ့ အရှိန်အဟုန်နဲ့ လျှောတိုက်သွားနိုင်ခဲ့ပြီး စစ်သည်တော်ရဲ့ အနောက်ကိုတင် ကပ်လျက် လိုက်ပါသွားနိုင်ခဲ့တယ်။
အဲဒီ မက်ဂ်နက်တစ် နှစ်ယောက်လုံးက သူ့ဆီ ဦးတည် ပြေးဝင်လာတာကို မြင်ပြီး သူက သူ့ရဲ့ ကံကြမ္မာကိုသာ ကျိန်ဆဲနေမိတော့တယ်။
'ဟင်း... ဒီပွဲမှာ ဒီလိုမျိုး လုပ်ဆောင်ချက် ရှိနေမှန်း ငါ မသိခဲ့ဘူး' လို့ သူက မကျေမနပ် ညည်းတွားလိုက်မိတယ်။
စစ်သည်တော်ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက ပြင်းထန်တဲ့ အရောင်အဝါတွေနဲ့ စတင် တောက်ပလာတာကို သူ မြင်လိုက်ရတယ် အဲဒါက ခပ်မှိုင်းမှိုင်း လိမ္မော်ရောင်ကနေ ပူပြင်းတဲ့ နီရဲနေတဲ့ နီယွန်ရောင်အဖြစ် ပြောင်းလဲသွားတာ ဖြစ်တယ်။ စစ်သည်တော်က မှော်ပညာရှင်နဲ့ တိုက်တုန်းက မသုံးခဲ့တဲ့ စွမ်းအားတစ်ခုကို သုံးနေတာ ဖြစ်တယ်။
ပြီးတော့ မှော်ပညာရှင်ဘက်မှာလည်း အတူတူပဲ ဖြစ်နေပုံရတယ်။ သူမက သူမရဲ့ ပတ်ပတ်လည်မှာ အေးစိမ့်စိမ့် အပြာရောင် ရေခဲလုံးတွေကို စိတ်ကူးရှိသလောက် အများကြီး ဖန်တီးလိုက်ပြီး သူ့ဆီကို ပစ်လွှတ်လိုက်တော့တယ်။
သူတို့တွေက လေထဲမှာ ပွတ်တိုက်မှုမရှိဘဲ ဖြတ်သန်းသွားကြပြီး ကျည်ဆန်တစ်တောင့်ရဲ့ အရှိန်ကို ကျော်လွန်သွားတဲ့အထိ တဖြည်းဖြည်းချင်း ပိုမို မြန်ဆန်လာကြတယ်။
မိုက်ကယ်အနေနဲ့ ထွက်ပြေးဖို့ အခွင့်အရေး မရှိဘူးဆိုတာ သူတို့နှစ်ယောက်လုံး သိကြတယ်။ သူ့ရဲ့ အဆင့်လေး ကျင့်စဉ်က သူတို့ရဲ့ အဆင့်ခုနစ် တန်ခိုးစွမ်းရည်တွေကို ရှောင်တိမ်းနိုင်ဖို့အတွက် လုံလောက်မှာ မဟုတ်ဘူးလေ။
အခုချိန်မှာ သူ့ကို ပွဲကနေ ထုတ်ပယ်နိုင်တဲ့သူကပဲ အလံကို ပိုင်ဆိုင်ခွင့်ရမယ့် ဂုဏ်သိက္ခာကို ရရှိမှာ ဖြစ်တယ်။
မိုက်ကယ်က အဲဒီနေရာမှာတင် မတ်တတ်ရပ်နေခဲ့ပြီး လက်ထဲက ခလုတ်ကို နှိပ်ကာ သူ့ရဲ့ သဟဇာတဓါးကို အသက်သွင်းလိုက်တယ်။
"လူနှစ်ယောက်... တိုက်ခိုက်မှု နှစ်ချက်" လို့ သူက တိုးတိုးလေး ရေရွတ်လိုက်မိတယ်။
ဒီအခက်အခဲကနေ လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက သူတို့နှစ်ယောက်လုံးကို ပွဲက ထုတ်ပစ်ဖို့ပဲ အဲဒါက သူ ကွမ်တမ်ခြေလှမ်း ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ရမယ်လို့ ဆိုလိုတာပဲ။
သူ့ရဲ့ တိုက်ခိုက်မှုကို သူတို့ တုံ့ပြန်နိုင်မယ့် အခွင့်အရေးမျိုး လုံးဝ ပေးလို့မရဘူး။
ဒီမှာတင် စစ်သည်တော်က သူ့ရဲ့ တိုက်ခိုက်မှုကို နောက်ဆုံးမှာ ထုတ်လွှတ်လိုက်ပြီး လခြမ်းပုံစံ ဧရာမ ကျောက်တုံးကြီးတစ်ခု ဖြစ်ပေါ်လာကာ မှော်ပညာရှင်ရဲ့ အပြာရောင် ရေခဲလုံးတွေနဲ့အတူ သူ့ဆီကို တစ်ပြိုင်နက်တည်း ပြေးဝင်လာတော့တယ်။
အဲဒီ တန်ခိုးစွမ်းရည် နှစ်ခုစလုံးက သူ့ဆီ ဦးတည်လာတာကို မြင်ရတဲ့ အခိုက်အတန့်မှာပဲ သူ လှုပ်ရှားလိုက်တော့တယ်။
သူ့ရင်ဘတ်က ဘက်ထရီက ခလုတ်ကို ပိတ်လိုက်ပြီး ၎င်းရဲ့ ကိုယ်ထည်ထဲမှာ သိမ်းဆည်းထားသမျှသော စွမ်းရည်တွေကို ထုတ်လွှတ်လိုက်တယ်။
တန်ခိုးစွမ်းရည်ရဲ့ တုတ်ခိုင်လှတဲ့ အမျှင်တန်းကြီးတစ်ခုက သူ့လက်တွေဆီ ပြေးဝင်သွားပြီး ပြင်းထန်တဲ့ အားအင်လှိုင်းလုံးကြီးတစ်ခုနဲ့ အားဖြည့်ပေးလိုက်တယ်။
သူ့ရဲ့ လက်ကောက်ဝတ်က ဟာလာလေဟာနယ်ကြီးကို စတင် ကွေးညွတ်စေခဲ့ပြီး အမျှင်တန်းက ပိုပြီး တုတ်ခိုင်လာတာနဲ့အမျှ ပိုမို ပြင်းထန်လှတဲ့ အစွမ်းသတ္တိတွေ ဖြစ်ပေါ်လာစေတယ်။
ဒါပေမဲ့ သူက ကွမ်တမ်ခြေလှမ်း ကို အသက်သွင်းတော့မယ့် အချိန်မှာတင် သူ့ရဲ့ ဦးတည်ချက်ဆီကို ပြေးဝင်လာတဲ့ ခြေသံအချို့ကို ရုတ်တရက် ကြားလိုက်ရတယ်။
* * * * * * * *
စာစဉ်(၅၁)