အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း (၁၂၁) - လက်သီးခြေထောက်တွင် မျက်လုံးမရှိ၊ ဓားလှံတွင် အညှာတာမရှိ (၁)
လော့ချန်၏ စကားအနည်းငယ်မှာ တစ်ခဏအတွင်း၌ပင် လှိုင်းဂယက်ကြီးကို ရိုက်ခတ်သွားစေလေသည်။
လက်ဆောင်ပေးမည်မှာ လွန့်ရှန်ဓားတင်မကဘဲ ရှင်တောက်အန်းဂိုဏ်းတစ်ခုလုံးပါဝင်နေသည်။
ရှင်တောက်အန်းဂိုဏ်းသည် လွန်ခဲ့သောနှစ်များအတွင်း လော့ချန်ပြောသကဲ့သို့ပင် အမှန်တကယ် ပျက်စီးယိုယွင်းနေခဲ့ပြီ ဖြစ်၏။
သူတို့၏ စိုးမိုးနယ်မြေအတွင်းရှိ ပြည်သူလူထုမှာ ဆင်းရဲကျပ်တည်းကာ အသက်ရှင်သန်ရန်ပင် ခက်ခဲနေကြပြီး အိမ်ခြေဆယ်လုံးတွင် ကိုးလုံးမှာ လူသူကင်းမဲ့နေချေသည်။
သို့သော်လည်း ပိန်လှီသွားသော ကုလားအုတ်သည် မြင်းထက် ကြီးမားသေးသည်ဟူသော စကားပုံရှိပေသည်။
ရှင်တောက်အန်းဂိုဏ်း၏ အင်အားစုမှာ အဆုံးတွင် သာမန်မဟုတ်သေးသဖြင့် မိမိလက်အောက်သို့ သွတ်သွင်းနိုင်ခဲ့လျှင် ကောင်းကင်ဘုံသို့ တစ်ဟုန်ထိုးတက်လှမ်းနိုင်မည်ဟု မဆိုနိုင်သော်လည်း မိမိတို့အင်အားကို များစွာတိုးပွားစေမည်မှာ အမှန်ပင်ဖြစ်၏။
အထူးသဖြင့် ဘေးပတ်ပတ်လည်ရှိ အိမ်နီးချင်းအင်အားစုများအတွက်မူ ဤအရာသည် မီးအိမ်ထွန်းရှာလျှင်ပင် ရှာမရနိုင်သော အခွင့်ကောင်းကြီး ဖြစ်ပေသည်။
ထို့ပြင် လော့ချန်၏စကားများမှာ အဓိပ္ပာယ်မရှိသကဲ့သို့ ထင်ရသော်လည်း လက်တွေ့တွင်မူ အကြောင်းမဲ့မဟုတ်ချေ။
ကျန်းရှန်တောက်မှာ သေလုမြောပါးဖြစ်နေပြီဖြစ်ရာ ရှင်တောက်အန်းဂိုဏ်းသည်လည်း အလွန်အန္တရာယ်ကြီးမားသော အခြေအနေသို့ ဆိုက်ရောက်နေခဲ့ပြီ ဖြစ်၏။
မူလက လူအများစုမှာ ရှင်တောက်အန်းဂိုဏ်းအနေဖြင့် ဤကဲ့သို့သော အချိန်မျိုးတွင် အဘယ်ကြောင့် အရပ်မျက်နှာအသီးသီးမှ အင်အားစုများကို ရှင်တောက်မြို့အတွင်းသို့ ဖိတ်ခေါ်ရသနည်းဟူသည်ကို နားမလည်နိုင်ကြချေ။
ဤသည်မှာ ဓားသွားပေါ်တွင် ကပြနေသကဲ့သို့ အလွန်တရာအန္တရာယ်များလှပေသည်။
အနည်းငယ်မျှ သတိလက်လွတ်ဖြစ်သွားသည်နှင့် ရှင်တောက်အန်းသည် ယနေ့တွင်ပင် ပျက်သုဉ်းသွားနိုင်ချေသည်။
သို့သော် ဤအရာသည် သေရာမှ ပြန်ထမြောက်စေမည့် အစီအမံတစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။
မည်သည့်အင်အားစုမဆို ရှင်တောက်အန်းကို မိမိလက်အောက်သို့ သွတ်သွင်းလိုက်သည်နှင့် နှစ်ဖက်ပူးပေါင်းမှုကြောင့် မည်သူကပင် ထိပါးလိုပါစေ အရှုံးနှင့်အမြတ်ကို သေချာပေါက် ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။
လက်ရှိတွင် အထီးကျန်ပြီး အကူအညီမဲ့နေပါက အရပ်မျက်နှာအသီးသီး၏ ဝါးမြိုခြင်းကို ခံရမည်မှာ ဓမ္မတာပင် ဖြစ်ချေသည်။
သို့သော် တစ်စုံတစ်ဦးကကူညီရန် လက်ကမ်းလာပြီး ဂိုဏ်း၏ ကြွင်းကျန်သော အင်အားနှင့် ပေါင်းစပ်လိုက်ပါက အခြေအနေများပြောင်းလဲသွားပြီး မည်သူမျှ လွယ်လွယ်နှင့်လှုပ်ရှားရဲတော့မည် မဟုတ်ပေ။
ပျန်းချန်၏မျက်လုံးများမှာ အနည်းငယ်ကျဉ်းမြောင်းသွားပြီး ရေရွတ်လိုက်သည်။
"ဒါကြောင့်ကိုး... ဒီနည်းလမ်းက လော့ချန်လို လူမိုက်တစ်ယောက် စဉ်းစားနိုင်တာမျိုး မဟုတ်ဘူး..."
"စင်မြင့်ပေါ်မှာပြိုင်ပြီး သိုင်းပညာအမြင့်ဆုံးလူက လွန့်ရှန်ဓားကိုရမယ်..."
"ပထမအချက်က ဒီနေ့ရောက်လာတဲ့ သိုင်းပညာရှင်တွေကို အင်အားချည့်နဲ့အောင် လုပ်လိုက်တာပဲ။ ဒုတိယအချက်ကတော့ အားကိုးလို့ရမဲ့ အင်အားကြီးသူကို ရွေးချယ်တာပဲ... ရှင်တောက်အန်းကတော့ ဒီနည်းနဲ့ သေတွင်းထဲကနေ လွတ်မြောက်သွားလိမ့်မယ်..."
"နောင်မှာ သူတစ်ပါးလက်အောက် ခိုလှုံရမှာဖြစ်ပေမဲ့ ပြန်ခေါင်းမော့လာမဲ့နေ့ မရှိဘူးလို့တော့ ပြောလို့မရဘူး..."
အရာအားလုံးမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်သွားသကဲ့သို့ ရှိချေသည်။
ချူချင်းကမူ လော့ချန်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်မိသည်။
သူသာ ဤလွန့်ရှန်ဓား၏နောက်ခံသမိုင်းကြောင်း၊ ကောင်းကင်မိစ္ဆာဂိုဏ်းနှင့် ကျန်းရှန်တောက်တို့အကြား ပတ်သက်မှုများကို မသိရှိခဲ့ပါက လော့ချန်၏စကားများကို အမှန်တကယ် ယုံကြည်မိသွားနိုင်ချေသည်။
သို့သော်လည်း သူတို့အနေဖြင့် ဤမျှများပြားသော လူများကို စုစည်းရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။
သူက ဝမ်ရိုကို တိုးတိုးလေးမေးလိုက်သည်။
"ကျန်းရှန်တောက် ရောက်လာပြီလား..."
ဝမ်ရိုက သူ့ကိုတစ်ချက်ကြည့်ကာ ခေါင်းခါပြလိုက်သည်။
"မလာသေးဘူး..."
ချူချင်းက အသာအယာခေါင်းညိတ်လိုက်ပြီး သိပ်စိုးရိမ်ပူပန်ခြင်း မရှိပေ။
လော့ချန်ကမူ စင်မြင့်ထက်တွင် သိုင်းပြိုင်ပွဲ စတင်ပြီဖြစ်ကြောင်းနှင့် စိတ်ဝင်စားသူများ တက်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ကြေညာလိုက်လေသည်။
ပြောပြီးသည်နှင့် သူက လွန့်ရှန်ဓားဆီသို့ လက်တစ်ဖက်ဖြင့်လှမ်း၍ ဆွဲယူလိုက်ရာ လွန့်ရှန်ဓားမှာ ချက်ချင်းပင် ဝူးခနဲအသံနှင့်အတူ သူ၏လက်ဝါးဆီသို့ ပျံသန်းလာချေသည်။
သို့သော် လွန့်ရှန်ဓား လက်ထဲသို့ မရောက်မီမှာပင် လော့ချန်က လက်ကိုဝှေ့ယမ်းလိုက်၏။
လွန့်ရှန်ဓားမှာ ချက်ချင်းပင် လေထဲသို့ ပျံထွက်သွားပြီး လည်ပတ်ကာ စင်မြင့်အတွင်းပိုင်း စားပွဲပေါ်ရှိ ဓားစင်ပေါ်သို့ ကျရောက်သွားလေသည်။
သူကိုယ်တိုင်လည်း စားပွဲဘေးတွင် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကိုမကာ တစ်ငုံသောက်လိုက်၏။
ကွင်းပြင်တစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခဏအကြာတွင် တစ်စုံတစ်ဦးက စင်မြင့်ထက်သို့ ခုန်တက်လာပြီး အခြားသိုင်းပညာရှင်များကို စိန်ခေါ်လိုက်လေသည်။
အစပြုရန်သာ ခက်ခဲသည်ဖြစ်ရာ တစ်စုံတစ်ဦး စင်ပေါ်သို့တက်လာသည်နှင့် ယှဉ်ပြိုင်မည့်သူများမှာ နည်းပါးမည် မဟုတ်ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် စင်မြင့်ထက်ရှိ တိုက်ပွဲများမှာ စတင်နေပြီဖြစ်၏။
အစပိုင်းတွင် တက်ရောက်လာသူများမှာ သာမန်သိုင်းသမားများသာ ဖြစ်ကြပေသည်။
ထိုအထဲတွင် နျန့်အန်းနှင့် နျန့်ရှင်းကို တောင်းပန်ရန် ပျက်ကွက်ခဲ့သော ဓားသမားလည်း ပါဝင်သကဲ့သို့ ပိုင်ကော၏ ရင်စည်းအင်္ကျီခိုးယူခြင်းကို ခံရသဖြင့် ရှက်ရွံ့ဒေါသထွက်နေသော ဝမ်ရှန်းကျောင်းတော်မှ တပည့်များလည်း ပါဝင်လေသည်။
ထို့နောက်တွင် ယန်ယွီမျှော်စင်မှ တပည့်များလည်း စင်ပေါ်သို့ တက်ရောက်လာကြသော်လည်း တုဟန်ယန်ကမူ ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသေးပေ။
နောက်တွင် ဝူဟူလူဆန်းက စင်ပေါ်သို့ ထပ်မံတက်ရောက်လာပြီး ပြိုင်ပွဲ၏အဆင့်အတန်းကို တစ်ဆင့်မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
သို့သော်လည်း ထိန်းထောင်းဂေဟာ၊ ဖေးယွန်းတောင်ကြားနှင့် ရိချီမဟာမိတ်အဖွဲ့တို့မှ ကျွမ်းကျင်ပညာရှင်များမှာမူ လှုပ်ရှားခြင်း မရှိကြသေးပေ။
ပျန်းချန်က ချူချင်းအား ထိုအင်အားစုသုံးခုရှိရာနေရာကို ဦးစွာညွှန်ပြပေးခဲ့ဖူး၏။
ထိန်းထောင်းဂေဟာမှ ရောက်လာသူမှာ ဒုတိယဂေဟာမှူး 'ကြည်လင်မိုးစက်ဓား' ချန်စစ်ဟုန် ဖြစ်ပေသည်။
ဖေးယွန်းတောင်ကြားမှ ရောက်လာသူမှာ အကြီးအကဲ 'သံမဏိလက်မောင်းမျောက်ဝံ' ဟော်ဝမ်ကျင့် ဖြစ်၏။
ရိချီမဟာမိတ်အဖွဲ့မှမူ မဟာမိတ်ခေါင်းဆောင် 'နဂါးလှံ' ဖန်းထျန်းရွေ့ ကိုယ်တိုင်ရောက်ရှိနေခြင်း ဖြစ်ပေသည်။
ဤလူများမှာ လှုပ်ရှားမည်ဆိုလျှင်ပင် အဆုံးသတ်ကျမှသာ ဖြစ်သင့်ပေသည်။
ချူချင်းသည် စင်အောက်တွင် စိတ်ဝင်တစားကြည့်ရှုနေမိ၏။ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ၏ ထူးခြားသော သိုင်းပညာရပ်များကို မြင်တွေ့ခွင့်ရရန် အခွင့်အရေးမှာ မများလှသကဲ့သို့ ယခုကဲ့သို့ပွဲမျိုးမှာလည်း အလွန်ပင် ရှားပါးလှပေသည်။
သူသည် ဤအခွင့်အရေးကို အသုံးချ၍ မိမိ၏အမြင်ကျယ်မှုကို တိုးပွားစေနိုင်ပေသည်။
ပျန်းချန်က ဘေးမှပြုံးလျက် ပြောလိုက်သည်။
"သခင်လေးသုံးက စင်ပေါ်တက်ပြီး မစမ်းကြည့်ချင်ဘူးလား... ဒီအခွင့်အရေးနဲ့ တစ်လောကလုံးမှာ နာမည်ကျော်ကြားအောင် လုပ်လို့ရတယ်လေ..."
ချူချင်းက ပြတ်ပြတ်သားသား ခေါင်းခါလိုက်၏။ ဤကဲ့သို့ လူပုံအလယ်တွင် ထင်ပေါ်ကျော်ကြားမည့်ကိစ္စမျိုးမှာ သူနှင့်မသင့်တော်ပေ။
သူက ပျန်းချန်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"ဒါဆို ပျန်းချန်ရော တက်ပြီး မစမ်းကြည့်ချင်ဘူးလား..."
ပျန်းချန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။
"ကျွန်တော်လည်း စိတ်မဝင်စားပါဘူး..."
"ဟွန်း..."
မော့တူရှင်းက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
"မင်းတို့တွေ မစွမ်းဘူးဆိုတာ ငါသိသားပဲ... ငါ့ကိုပဲ ကြည့်ထားလိုက်..."
သူက ပြောပြောဆိုဆိုနှင့် ဓားရိုးကိုဆုပ်ကိုင်ကာ စင်ပေါ်သို့တက်ရန် ပြင်လိုက်၏။
သို့သော် ပျန်းချန်က သူ့ကိုလှမ်းဆွဲထားလိုက်၏။
"အစ်ကိုကြီး... ဆရာ့ကို နောက်နှစ်နည်းနည်းလောက် ပိုအသက်ရှည်ခွင့် ပေးလိုက်ပါဦး..."
"ဒီနေ့လိုပွဲမျိုးမှာ အစ်ကိုကြီး တက်အရှက်ကွဲတာကို ဆရာသိသွားရင် ဂိုဏ်းကိုပြန်ရောက်တာနဲ့ အစ်ကိုကြီးရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်လိမ့်မယ်..."
ဝမ်ရိုကလည်း အလေးအနက် ခေါင်းညိတ်လိုက်သည်။
"အစ်ကိုကြီး... မဆိုးပါနဲ့..."
မော့တူရှင်းက သက်ပြင်းချလိုက်၏။
"ထားလိုက်ပါတော့... တစ်လောကလုံးမှာ နာမည်ကြီးမဲ့အခွင့်အရေးတစ်ခုကို မင်းတို့တွေ တားဆီးလိုက်ပြန်ပြီ..."
သူ၏မျက်နှာတွင် အထီးကျန်ရိပ်သန်းနေပြီး 'ငါ့ကို နားလည်မဲ့သူ မရှိပါလား'ဟူသော ခံစားချက်မျိုး တစ်ကိုယ်လုံးတွင် လွှမ်းမိုးနေချေသည်။
ဤသည်မှာ ချူချင်းအား ဇဝေဇဝါဖြစ်သွားစေပြီး သူသည် အမှန်တကယ်ပင် စွမ်းဆောင်ရည်ရှိသူလော သို့မဟုတ် ဟန်ဆောင်နေခြင်းလောဟူသည်ကို ခွဲခြားရခက်ခဲစေပေသည်။
ထိုသို့စဉ်းစားနေစဉ်အတွင်းမှာပင် စင်မြင့်ထက်မှ စူးရှသောအော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာချေသည်။
ချူချင်းမော့ကြည့်လိုက်ရာ မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိသော ဝတ်စုံနက်ဝတ်လူတစ်ဦးကို စင်မြင့်ထက်တွင် တွေ့လိုက်ရ၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝတ်ရုံနက်ကြီးဖြင့် ဖုံးအုပ်ထားသဖြင့် မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။
ထိုအချိန်တွင် သူက ပြိုင်ဘက်၏ခြေထောက်ကို ကန်ကျိုးပစ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ထိုသူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာ အပေါ်သို့မြှောက်တင်လိုက်ပြီးနောက် ရင်ဘတ်နှင့်ဝမ်းဗိုက်ကြားသို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ဂျွတ်ခနဲအသံနှင့်အတူ ပြိုင်ဘက်၏ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး တစ်ကိုယ်လုံး လေထဲသို့ လွင့်ထွက်သွားကာ စင်မြင့်အောက်သို့ ပြင်းထန်စွာ ကျရောက်သွားချေသည်။
"ဂိုဏ်းချုပ်လေး..."
ထိတ်လန့်တကြား အော်ဟစ်သံများနှင့်အတူ လူရိပ်တစ်ရိပ်က အပြေးအလွှား ရောက်ရှိလာပြီး ပြင်းထန်စွာ ဒဏ်ရာရရှိထားသော လူငယ်ကို ပွေ့ပိုက်လိုက်ရာ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေချေသည်။
ထိုဂိုဏ်းချုပ်လေးမှာ ပါးစပ်မှ သွေးများ အဆက်မပြတ်အန်ထွက်နေပြီး ဝတ်ရုံနက်ဝတ်ထားသူကို လက်ညှိုးထိုးလျက် ပါးစပ်ကိုဟကာ တစ်စုံတစ်ရာပြောရန် ကြိုးစားနေ၏။
သို့သော် နောက်ဆုံးစကားလုံးကိုပင် မပြောနိုင်တော့ဘဲ အသက်ရှူရပ်ကာ သေဆုံးသွားလေသည်။
"ဒါ... ဒါက..."
ထိုဂိုဏ်းချုပ်လေးကို ပွေ့ပိုက်ထားသူမှာ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမသည် ရင်ခွင်ထဲမှ သေဆုံးသွားသူကို မယုံကြည်နိုင်စွာ ကြည့်ရှုရင်း အံကြိတ်ကာ လော့ချန်ကို လှမ်းကြည့်လိုက်သည်။
"ဂိုဏ်းချုပ်လော့... ရှင် ကျွန်မကို ဖြေရှင်းချက်တော့ ပေးရမယ်..."
ကွင်းပြင်အတွင်းရှိ အခြားသူများမှာလည်း တိတ်ဆိတ်နေကြ၏။
ယခုအခါ လူသေဆုံးမှု ဖြစ်ပွားခဲ့ပြီဖြစ်ရာ လော့ချန်အနေဖြင့် မည်သို့တုံ့ပြန်မည်ကို စောင့်ကြည့်လိုသည်။
ဤပြိုင်ပွဲမှာ အထိအခိုက်မရှိ ယှဉ်ပြိုင်ရုံသာလော သို့မဟုတ် အသက်နှင့်လဲ၍ တိုက်ခိုက်ရခြင်းလော။
လော့ချန်က လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
"လက်သီးခြေထောက်မှာ မျက်လုံးမရှိသလို ဓားလှံမှာလည်း အညှာတာမရှိဘူး... သိုင်းပညာ ယှဉ်ပြိုင်တဲ့အခါ သေကျေဒဏ်ရာရတာက ရှောင်လွှဲရခက်ပါတယ်... ဒါကြောင့် စိတ်မကောင်းမဖြစ်ပါနဲ့..."
ဤစကားကို ကြားလိုက်ရသည်နှင့် ယနေ့တိုက်ပွဲမှာ အသက်နှင့်လဲ၍ တိုက်ခိုက်ရမည်ဖြစ်ကြောင်း လူတိုင်းနားလည်သွားကြလေသည်။
ထိုအမျိုးသမီး၏မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားပြီး ဂိုဏ်းချုပ်လေး၏အလောင်းကို သူမ၏ လက်အောက်ငယ်သားများထံ အပ်နှံကာ ခေါင်းညိတ်လျက် ပြောလိုက်သည်။
"ကောင်းတယ်... လက်သီးခြေထောက်မှာ မျက်လုံးမရှိသလို ဓားလှံမှာလည်း အညှာတာမရှိဘူးဆိုတာ အရမ်းကောင်းတယ်..."
ပြောပြီးသည်နှင့် သူမက ခြေထောက်ကို အသာအယာထောက်ကာ စင်မြင့်ထက်သို့ ခုန်တက်လိုက်ပြီး ထိုဝတ်ရုံနက်ဝတ်ထားသူကို အံကြိတ်လျက် ပြောလိုက်၏။
"စိဟိုင်ဂိုဏ်းက ကျိုးရှားပါ... လမ်းညွှန်ပေးပါဦး..."
စကားဆုံးသည်နှင့် သူမ၏ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး လေပြင်းများနှင့်အတူ လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းကို အသုံးပြုကာ ဝတ်ရုံနက်ဝတ်ထားသူ၏ မျက်လုံးနှစ်ဖက်ဆီသို့ ထိုးစိုက်လိုက်လေသည်။
နှစ်ဖက်လုံးမှာ သေကျေပျက်စီးရမည့် ရန်ငြိုးများ ရှိနေပြီဖြစ်ရာ သူမ၏တိုက်ခိုက်မှုမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှပေသည်။
သို့သော်လည်း ထိုဝတ်ရုံနက်ဝတ်ထားသူမှာ ထိုလက်ချောင်းနှစ်ချောင်းကို လုံးဝဂရုမစိုက်ဘဲ တိုက်ရိုက်ထိုးဖောက်ခွင့်ပြုလိုက်ပြီး သူကိုယ်တိုင်ကမူ လက်ညှိုးတစ်ချောင်းဖြင့် တစ်ဖက်လူ၏လည်ချောင်းဆီသို့ တည့်တည့်ထိုးနှက်လိုက်တော့၏။