အခန်း ၁၂၃
Vol. 13 Ch. 123
အခန်း (၁၂၃) - 'ကျိုရွှမ်' ပေါ်ထွန်းလာခြင်း (၁)
သံသယရှိလျှင် အဖြေရှာရမည်မှာ ဓမ္မတာပင် ၏။
ချူချင်းသည် ဓားကိုဆွဲကိုင်ကာ ရှေ့သို့တက်လှမ်းရန် ပြင်လိုက်စဉ်မှာပင် လေခွင်းသံနှစ်သံ ထွက်ပေါ်လာလေသည်။ ဘယ်ဘက်ညာဘက်အသီးသီးမှ တိုက်ခိုက်လာသူများမှာ ထိန်းထောင်းဂေဟာမှ ချန်စစ်ဟုန်နှင့် ရိချီမဟာမိတ်အဖွဲ့မှ ပညာရှင်တစ်ဦး ဖြစ်ချေသည်။
ဝတ်ရုံနက်ဝတ်ဆင်ထားသူမှာ လက်တစ်ဖက် ပြတ်တောက်သွားခဲ့ပြီး ဖြစ်သည့်အပြင် ရှေ့တည့်တည့်မှလည်း ချူချင်း၏ကန်ချက်ကို ခံထားရသဖြင့် ခန္ဓာကိုယ်မှာ အလွန်အမင်း ဒဏ်ရာရရှိနေပြီ ဖြစ်၏။
သို့သော် သူသည် ရှေ့သို့တက်ကာ ဆက်တိုက်ခိုက်ရန် ကြိုးစားနေဆဲပင်။ သို့သော် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ရှေ့ရောနောက်ပါ ညှပ်ပိတ်တိုက်ခိုက်ခြင်းကို ခံလိုက်ရလေသည်။
ချူချင်းသည် ဤသည်ကို မြင်သောအခါ ဘေးမှသာ အေးအေးလူလူ စောင့်ကြည့်နေလိုက်တော့၏။
သို့သော် ထိုစဉ်မှာပင် သူ၏နောက်ကျောဘက်မှ စူးရှသော အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာချေသည်။
သူ ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားရှိသည့် လူငယ်တစ်ဦးက ဟော်ဝမ်ကျင့်၏ ခါးနောက်ကျောဆီသို့ ဓားဖြင့်ထိုးစိုက်ထားသည်ကို မြင်လိုက်ရလေသည်။
ထိုလူငယ်သည် အံကြိတ်လျက် လက်ထဲမှ ဓားသွားကိုလှည့်ပတ်မွှေနှောက်နေ၏။
ဟော်ဝမ်ကျင့်သည် လက်မောင်းနှစ်ဖက်လုံး ပြတ်တောက်သွားခဲ့သဖြင့် အစောကတည်းက ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ဘေးနားရှိ ဖေးယွန်းတောင်ကြားမှတပည့်များ၏ တွဲကူမှုကိုသာ အားကိုးနေရခြင်း ဖြစ်ပေသည်။
လူတိုင်း၏အာရုံစိုက်မှုမှာ ချူချင်း၊ ဝတ်ရုံနက်ဝတ်ဆင်ထားသူ၊ ချန်စစ်ဟုန်နှင့် ရိချီမဟာမိတ်အဖွဲ့တို့ဆီသို့သာ ရောက်ရှိနေကြ၏။
ဤကဲ့သို့သော အချိန်အခါကောင်းကို အခွင့်ကောင်းယူကာ တစ်စုံတစ်ယောက်က ရုတ်တရက် အလစ်တိုက်ခိုက်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။
"ထိန်းထောင်းဂေဟာ..."
တစ်စုံတစ်ယောက်က ထိုသူ၏သရုပ်မှန်ကို မှတ်မိသွားပြီး ဒေါသတကြီးဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်ကာ လွင့်စင်သွားစေပြီးနောက် လိုက်လံသတ်ဖြတ်ရန် ရှေ့သို့ပြေးတက်သွားလေသည်။
"သေစမ်း..."
"နေဦး..."
ထိန်းထောင်းဂေဟာမှူးသည်လည်း မိမိတို့၏ တပည့်ကို ဤကဲ့သို့ စိတ်ကြိုက်သတ်ဖြတ်ခွင့် ပေးနိုင်မည်မဟုတ်ပေ။ မိမိတို့ဂိုဏ်းသားက ဟော်ဝမ်ကျင့်ကို အလစ်တိုက်ခိုက်ခဲ့သည်မှာ မှန်သော်လည်း အမှားရှိလျှင်ပင် ထိန်းထောင်းဂေဟာ၏လူများကသာ ကိုယ်တိုင်အပြစ်ပေးရမည် ဖြစ်၏။
ကျန်းဟူလောက၏ သစ္စာတရားအတွက် သူတို့သည် ဤတပည့်ကို ကိုယ်တိုင်သတ်ဖြတ်ပြီး အလောင်းကို ဖေးယွန်းတောင်ကြားသို့ ပို့ဆောင်ကာ တောင်းပန်နိုင်သော်လည်း ဖေးယွန်းတောင်ကြားမှ လူများကိုမူ မိမိတို့တပည့်အား ဤကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်ခွင့်မပြုနိုင်ချေ။
သို့သော် ဤအခြေအနေတွင် အချို့အကြောင်းပြချက်များကို ရှင်းပြ၍ မရနိုင်ဖြစ်၏။
ဖေးယွန်းတောင်ကြားမှ လူများသည် ပထမတန်းစားညီလာခံသို့ လာရောက်တက်ရောက်ရုံမျှဖြင့် မိမိတို့၏ဂိုဏ်းအကြီးအကဲ ဆုံးရှုံးရလိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးကြမည်မဟုတ်ပေ။
ဝတ်ရုံနက်ဝတ်ဆင်ထားသူ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုမှာ မုန်းတီးဖွယ်ကောင်းလှသော်လည်း ထိန်းထောင်းဂေဟာလူများ၏ ကွယ်ရာမှ အလစ်တိုက်ခိုက်မှုမှာ ပို၍ပင် မုန်းတီးဖွယ်ကောင်းနေသည်။
အလွန်အမင်း ဒေါသထွက်နေကြသည့် အခြေအနေတွင် မည်သူက တားမြစ်ချက်များကို ဂရုစိုက်နေတော့မည်နည်း။
မည်သူမဆို လာရောက်တားဆီးပါက ညှာတာလိမ့်မည်မဟုတ်ပေ။
ထိန်းထောင်းဂေဟာမှ ချန်စစ်ဟုန်သည် ဝတ်ရုံနက်ဝတ်ဆင်ထားသူကို တိုက်ခိုက်နေဆဲဖြစ်သော်လည်း ဤဘက်မှ အခြေအနေမဟန်သည်ကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ဂိုဏ်းနှစ်ခုမှတပည့်များ တိုက်ခိုက်နေကြပြီ ဖြစ်ကြောင်း မြင်လိုက်ရလေသည်။
သူသည် အလျင်အမြန်ပင် အော်ဟစ်တားဆီးလိုက်၏။
"အားလုံး လက်နက်ချကြစမ်း..."
သူသည် ထိန်းထောင်းဒုတိယဂေဟာမှူး ဖြစ်သဖြင့် တပည့်များသည် သူ၏စကားကို နားထောင်ကာ လက်နက်သိမ်းလိုက်ကြ၏။
သို့သော် ဖေးယွန်းတောင်ကြား၏ ရင်ထဲမှ ဒေါသမီးလျှံများကို မည်သို့ ငြိမ်းသတ်နိုင်ပါမည်နည်း။
ထိန်းထောင်းဘက်မှ လက်နက်သိမ်းလိုက်သည်မှာ ပို၍ပင်အခွင့်ကောင်းဖြစ်သွားပြီး သူတို့က စတင်တိုက်ခိုက်ကြတော့၏။
လက်နက်သိမ်းလိုက်သော်လည်း သတိဝီရိယဖြင့် ကာကွယ်နေကြဆဲ ဖြစ်ပေသည်။ သို့သော် ရှေးလူတို့ ပြောလေ့ရှိသကဲ့သို့ အမြဲခုခံနေရသူသည် တစ်ချိန်ချိန်တွင် အမှားအယွင်း ရှိသွားတတ်စမြဲပင်။
မိမိတို့ဘက်မှ ခုခံကာကွယ်ရုံသာ ပြုလုပ်ပြီး တစ်ဖက်လူက အဆက်မပြတ် တိုက်ခိုက်နေပါက အနည်းငယ်မျှ အမှားအယွင်း ရှိသွားသည်နှင့် အသက်အန္တရာယ်နှင့် ကြုံတွေ့ရမည် ဖြစ်၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိန်းထောင်းတပည့်အချို့ မြေပြင်ပေါ်သို့ လဲကျသွားကြပြီး အချို့မှာ သွေးအန်ကာ အချို့မှာမူ အသက်ပျောက်သွားကြရလေသည်။
အမှန်စင်စစ် ဤအချိန်တွင် ဟော်ဝမ်ကျင့်သာ သတိရှိနေသေးပါက သူ၏လက်မောင်းနှစ်ဖက်လုံး ဆုံးရှုံးသွားခဲ့လျှင်ပင် အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ဦးမည် ဖြစ်၏။
သို့သော် ကံဆိုးစွာဖြင့် ဟော်ဝမ်ကျင့်သည် သွေးထွက်လွန်နေသည့်အပြင် ခါးနောက်ကျောကိုလည်း ဓားထိုးစိုက်ခံထားရသဖြင့် ဖေးယွန်းတောင်ကြားမှ တပည့်နှစ်ဦး၏ တွဲထူမှုအောက်တွင် သေလုမြောပါး သတိမေ့မြောနေခဲ့ပြီ ဖြစ်၏။
ဤသို့ဖြင့် ပရမ်းပတာအခြေအနေသို့ ဆိုက်ရောက်သွားပြီး ထိန်းထောင်းတပည့်များသည် မိမိတို့၏တွဲဖက်များ ရက်စက်စွာ အသတ်ခံရသည်ကို မြင်သောအခါ ဒေါသအဟုန်ကြောင့် ချန်စစ်ဟုန်၏အမိန့်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
နှစ်ဖက်လုံးသည် တရားဝင် တိုက်ခိုက်ကြတော့သဖြင့် တစ်ခဏအတွင်းမှာပင် ကွင်းပြင်တစ်ခုလုံး ဓားအလင်းတန်းများဖြင့် ပြည့်နှက်သွားတော့၏။
ထို့ပြင် ယနေ့သိုင်းကွင်းပြင်အတွင်း လူအများအပြား ရှိနေသဖြင့် ဤနေရာတွင် စတင်တိုက်ခိုက်ကြသောအခါ ဘေးနားရှိ လူများကိုပါ မလွဲမသွေ ရိုက်ခတ်သွားစေတော့သည်။
ထိုလူများသည် နောက်ဆုတ်ရန် ကြိုးစားသော်လည်း မတတ်နိုင်သဖြင့် အံကြိတ်ကာ ပြန်လည်ခုခံကြရတော့၏။
သို့သော် ဤသို့ဖြင့် ပိုမိုရှုပ်ထွေးသွားပြီး ရန်သူနှင့်မိတ်ဆွေကိုပင် ခွဲခြားရန် ခက်ခဲသွားကာ အားလုံးမျက်စိမှိတ် ရမ်းသန်းတိုက်ခိုက်ကြတော့သည်။
အစပိုင်းတွင် ထိန်းထောင်းနှင့် ဖေးယွန်းတောင်ကြားတို့အကြား ပဋိပက္ခသာဖြစ်သော်လည်း တဖြည်းဖြည်းနှင့် တိုက်ပွဲကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသဖြင့် ချန်စစ်ဟုန်သည် ဝတ်ရုံနက်ဝတ်ဆင်ထားသူကို ဆက်တိုက်ခိုက်ရန် ဂရုမစိုက်နိုင်တော့ဘဲ လူအုပ်ကြီးထဲသို့တိုးဝင်ကာ လူစုခွဲရန် အစွမ်းကုန်ကြိုးစားတော့၏။
မည်သို့ပင်ဖြစ်စေ ယနေ့အခြေအနေသည် ဤကဲ့သို့သော တိုက်ပွဲကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပါက နောင်တွင် မည်သူ့အတွက်မဆို ဘေးအန္တရာယ်ဆိုးကြီး ဖြစ်လာပေလိမ့်မည်။
သို့သော် သူတစ်ဦးတည်း၏အစွမ်းဖြင့် သိုင်းပညာ မည်မျှပင်မြင့်မားစေကာမူ ဤကဲ့သို့သော အခြေအနေကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
သူ၏ဖိနှိပ်မှု မရှိတော့သဖြင့် ရိချီမဟာမိတ်အဖွဲ့မှ ပညာရှင်မှာလည်း တစ်ဦးတည်းခုခံရန် မတတ်နိုင်တော့ဘဲ ဝတ်ရုံနက်ဝတ်ဆင်ထားသူသည် ရုန်းထွက်လွတ်မြောက်သွားကာ လူအုပ်ကြီးထဲသို့ တိုးဝင်သွားတော့၏။
သူသည် ဘက်မလိုက်ဘဲ မြင်သမျှလူတိုင်းကို သတ်ဖြတ်နေတော့သည်။
ကွင်းပြင်တစ်ခုလုံးသည် ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့၏။
ဝမ်ရိုကို ဦးစွာကာကွယ်ပေးပြီးနောက် ပျန်းချန်နှင့်မော့တူရှင်းတို့သည် အလျင်အမြန် ဆုတ်ခွာလိုက်ကြလေသည်။
ပြေးဝင်လာသော သိုင်းသမားတစ်ဦးကို လွင့်စင်သွားအောင် ရိုက်ထုတ်လိုက်ပြီးနောက် ပျန်းချန်လှည့်ကြည့်လိုက်ရာ လျှို့ဝှက်လက်နက်တစ်ခုမှာ မော့တူရှင်း၏နဖူးဆီသို့ ရောက်လုနီးပါးဖြစ်နေသည်ကို မြင်လိုက်ရ၏။
မော့တူရှင်းသည် လက်တစ်ဖက်ဖြင့် ဓားရိုးကိုဆုပ်ကိုင်ထားပြီး မျက်လုံးများမှာ စူးရှနေသော်လည်း ဤလျှို့ဝှက်လက်နက်ကိုမူ လုံးဝဂရုမစိုက်မိလိုက်ချေ။
ပျန်းချန်သည် ကူညီရန်ကြိုးစားသော်လည်း အချိန်မမီတော့ချေ။ ကံကောင်းထောက်မစွာဖြင့် သူ၏ခြေထောက်အောက်တွင် ကျောက်ခဲတစ်လုံးရှိနေသဖြင့် ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ ကျောက်ခဲသည် လေထဲသို့ ပျံသန်းသွားပြီး မော့တူရှင်း၏နားထင်ကို မဖောက်ဝင်မီ လျှို့ဝှက်လက်နက်ကို ထိမှန်ကာ လွင့်စင်သွားစေတော့၏။
သို့သော် ထိုသို့ဖြစ်လျှင်ပင် မော့တူရှင်း၏နားထင်ပေါ်တွင် သွေးရာတစ်ကြောင်း ထင်ကျန်ရစ်ခဲ့လေသည်။
မော့တူရှင်းသည် စီးကျလာသော သွေးများကို သုတ်လိုက်ပြီး ပျန်းချန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။
"ကလေးကစားစရာပဲ..."
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ဂိုဏ်းတူအစ်ကိုကြီးရဲ့ ပါးစပ်က ဓားထက်တောင် ပိုထက်မြက်သေးတယ်..."
ပျန်းချန်သည် ဘေးနားမှတိုက်ခိုက်ရန် ပြင်နေသော လူများကို မောင်းထုတ်ရင်း မော့တူရှင်းနှင့် စကားနိုင်လုနေ၏။
ဝမ်ရိုသည် နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြောလိုက်သည်။
"လာပြီ..."
ပြောပြီးသည်နှင့် သူမသည် မော့တူရှင်းနှင့်ပျန်းချန်တို့၏ နောက်ကွယ်မှ ပြေးထွက်သွားကာ ချူချင်းရှိရာသို့ ဦးတည်သွားတော့၏။
ပျန်းချန်နှင့်မော့တူရှင်းတို့သည်လည်း အလျင်အမြန် လိုက်ပါသွားကြရင်း မေးလိုက်ကြသည်။
"ဂိုဏ်းတူညီမလေး... ဘာလုပ်မလို့လဲ..."
"အစ်ကိုသုံးဆီ သွားမလို့..."
"..."
ပျန်းချန်နှင့်မော့တူရှင်းတို့သည် အချင်းချင်း ကြည့်လိုက်ကြရာ မျက်လုံးများထဲမှ အံ့အားသင့်ဝမ်းသာနေသော အရိပ်အယောင်များကို မြင်လိုက်ရလေသည်။
ဂိုဏ်းတူညီမလေးသည် အိမ်ထောင်ပြုတော့မည်လော။
သို့မဟုတ်ပါက ဤမိန်းကလေးသည် အေးစက်သော အကျင့်စရိုက်ရှိပြီး မည်သည့်အချိန်က ဤကဲ့သို့အခြားသူတစ်ဦးကို ဂရုစိုက်ဖူးပါသနည်း။
ထိုအချိန်တွင် စင်မြင့်ထက်၌ ထိုင်နေသောလော့ချန်သည် မျက်မှောင်ကြုတ်ထား၏။
ယခုအခြေအနေမှာ သူတို့၏အစီအစဉ်ထဲတွင် မပါဝင်ခဲ့ချေ။
သူသည် ဘေးနားရှိလွန့်ရှန်ဓားဆီသို့ လှည့်ကြည့်လိုက်ရာ ဓားအတွင်းမှ အသံတစ်သံထွက်ပေါ်နေသကဲ့သို့ ခံစားလိုက်ရလေသည်။
ထိုအသံမှာ အဝေးမှထွက်ပေါ်လာသကဲ့သို့ ဖြစ်ကာ လော့ချန်၏အတွင်းအားများကိုပင် လှုပ်ခတ်သွားစေတော့၏။
သူသည် လက်ဖက်ရည်ခွက်ကိုမကာ တစ်ငုံသောက်လိုက်ပြီးနောက် စိတ်လှုပ်ရှားမှုများနှင့် မူးဝေမှုကို ထိန်းချုပ်လိုက်ကာ နဖူးပေါ်မှ ချွေးစေးများကိုသုတ်လျက် ဆက်လက်စောင့်ကြည့်နေလိုက်တော့၏။
ရှူး...
လက်ညှိုးလေလှိုင်းများ ပျံသန်းသွားပြီး ရိချီမဟာမိတ်အဖွဲ့မှ ပညာရှင်၏ရင်ဘတ်ပေါ်တွင် သွေးရာလေးကြောင်း ထင်ကျန်ရစ်ခဲ့လေသည်။
သူ၏ခန္ဓာကိုယ်မှာ နောက်သို့ဆုတ်ခွာသွားရပြီး ဝတ်ရုံနက်ဝတ်ဆင်ထားသူကို ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများပြည့်နှက်နေပြီ ဖြစ်၏။
"ဒါ ဘယ်လို မိစ္ဆာကောင်ကြီးလဲ..."
ချန်စစ်ဟုန်သည် ရှုပ်ထွေးမှုများကို ရှင်းလင်းရန် သွားရောက်ခဲ့သော်လည်း ထိုအထဲတွင် ပိတ်မိနေခဲ့ပြီ ဖြစ်၏။
သူသည် ဝတ်ရုံနက်ဝတ်ဆင်ထားသူကို တစ်ဦးတည်းရင်ဆိုင်နေရသဖြင့် အကြိမ်ကြိမ် အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် ဤရှုပ်ထွေးမှုများကြောင့် ဘေးနားရှိလူအချို့က ကူညီပေးနေကြခြင်း ဖြစ်ပေသည်။
ဝတ်ရုံနက်ဝတ်ဆင်ထားသူမှာမူ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ မိမိကိုယ်ကို ကာကွယ်ခြင်းမရှိဘဲ အသက်နှင့်လဲကာ တိုက်ခိုက်နေတော့သည်။