အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း (၁၂၇) - သေထိုက်သည် (၁)
ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...
လူတိုင်း ကျန်းရှန်တောက်ကို လိုက်လံရှာဖွေနေကြစဉ် အဆက်မပြတ် ပေါက်ကွဲသံကြီးများက နားစည်ထဲသို့ တိုးဝင်လာလေ၏။
အသံလာရာသို့ လှမ်းကြည့်လိုက်ကြမှသာ လူတိုင်း သတိပြုမိသွားကြတော့၏။
ကျန်းရှန်တောက် ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။
ကွင်းထဲတွင် ဝတ်စုံနက်ဝတ်ဆင်ထားသော လူတစ်ဦး ရုတ်တရက် ပေါ်လာပြီး သူ၏ ဓားရှည်ဖြင့် ကျန်းရှန်တောက်၏ လွန့်ရှန်ဓားကို ခုခံထားခြင်း ဖြစ်ချေသည်။
ဓားသွားချင်း ဖိကပ်ထားရာမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် ကျန်းရှန်တောက်မှာ နောက်သို့ တရွတ်တိုက်ဆုတ်ခွာနေရ၏။
သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဓားချီများ လေဟာနယ်ထဲသို့ ပျံ့လွင့်သွားပြီး ဘေးတစ်ဖက်တစ်ချက်ရှိ မြေပြင်များမှာ အဆက်မပြတ် ပေါက်ကွဲကာ ကျယ်လောင်သော အသံများ ထွက်ပေါ်နေလေ၏။
ရုတ်တရက်ပင် လူရိပ်နှစ်ရိပ်မှာ သိုင်းစင်မြင့်ဆီသို့ တစ်ပြိုင်နက်တည်း တိုးဝင်သွားကြတော့၏။
ကျန်းရှန်တောက်သည် ထိုအချိန်မှသာ ခန္ဓာကိုယ်ကို လှည့်ပတ်ခွင့်ရရှိပြီး လွန့်ရှန်ဓားကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ဓားအရှိန်အဝါတစ်ခု ဟုန်းခနဲ ထွက်ပေါ်လာလေ၏။
စင်မြင့်တစ်ခုလုံးမှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ ကွဲအက်သွားပြီး ထိုလူနှစ်ဦးကို ဖုံးလွှမ်းသွားတော့၏။
"ဘယ်သူလဲ..."
"အရမ်းထက်မြက်တဲ့ ဓားချက်ပဲ..."
"သူ့ပုံစံကို ကြည့်ရတာ... ထျန်းဝူမြို့တော်ဝန်အိမ်တော်မှာ ပေါ်လာခဲ့ဖူးတဲ့ ညဧကရာဇ်နဲ့ တူတယ်..."
ဝတ်စုံနက်နှင့် မျက်နှာဖုံးဖြူ၊ ပြိုင်ဘက်ကင်းသော ဓားသိုင်းပညာ။
ထျန်းဝူမြို့တော်ဝန်အိမ်တော် တိုက်ပွဲပြီးကတည်းက ညဧကရာဇ်ဟူသော အမည်မှာ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ပေသည်။
သူ၏ အမှတ်အသားဖြစ်သော ဝတ်စုံနက်၊ မျက်နှာဖုံးဖြူနှင့် ပြိုင်ဘက်ကင်းသော ဓားသိုင်းပညာတို့မှာ လူအများအကြား ရေပန်းစားသော ပြောစရာတစ်ခု ဖြစ်လာခဲ့ပေသည်။
ယခုအခါ ချူချင်း ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် လူတိုင်းက ချက်ချင်းပင် ထိုသူနှင့် ဆက်စပ်တွေးတောလိုက်ကြတော့၏။
တစ်ခဏအတွင်း သူတို့၏စိတ်နှလုံးများမှာ အလွန်ပင် လှုပ်ရှားသွားကြချေ၏။
"ညဧကရာဇ်က ထျန်းဝူမြို့ထဲမှာ မိစ္ဆာဂိုဏ်းက ပညာရှင်တွေကို သတ်ပစ်ခဲ့ပြီး သူ့ရဲ့ ဓားသိုင်းကလည်း အထွတ်အထိပ်ကို ရောက်နေတယ်လို့ ကြားဖူးတယ်..."
"ဝူကန်ချီရဲ့ သိုင်းပညာက အရမ်းမြင့်တာပဲ မဟုတ်လား... သူကိုယ်တိုင်တောင် အဲဒီမိစ္ဆာဂိုဏ်းပညာရှင်ရှေ့မှာ ပြန်ခုခံနိုင်စွမ်းမရှိဘူးလို့ ဝန်ခံခဲ့တာ... ဒါပေမဲ့ နောက်ဆုံးတော့ အဲဒီလူက ညဧကရာဇ်ရဲ့ လက်ချက်နဲ့ သေသွားခဲ့ရတယ်..."
"ဝူကန်ချီက တကယ်ပဲ အဲဒီလို ပြောခဲ့တာလား..."
လူအများ ဝိုင်းဝန်းဆွေးနွေးနေကြစဉ် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ လူရိပ်တစ်ရိပ်မှာ ကောင်းကင်ယံသို့ ပျံတက်သွားလေ၏။
သေချာစိုက်ကြည့်လိုက်ကြသောအခါ လူတိုင်း၏ စိတ်နှလုံးမှာ တုန်လှုပ်ခြောက်ခြားသွားကြတော့၏။
လေပေါ်သို့ ပျံတက်သွားသူမှာ လွန့်ရှန်ဓားကို ကိုင်ဆောင်ထားသော ကျန်းရှန်တောက်ပင် ဖြစ်ပေသည်။
သူသည် လက်ထဲမှ လွန့်ရှန်ဓားကို အဆက်မပြတ် ဝှေ့ယမ်းနေပြီး မင်ရည်ကဲ့သို့ မည်းနက်သော ဓားချီများမှာ ဓားသွားပေါ်မှ ထွက်ပေါ်လာကာ ပျက်စီးသွားသော စင်မြင့်အစအနများပေါ်သို့ ကျရောက်သွားချေ၏။
သို့သော် ထိုစဉ်မှာပင် ထိုဓားမှာ ရုတ်တရက် လှည့်သွားလေ၏။
ထို့နောက် ချင်ခနဲအသံတစ်သံ ထပ်မံထွက်ပေါ်လာပြန်၏။
လွန့်ရှန်ဓားမှာ ဓားရှည်တစ်စင်းနှင့် ထိပ်တိုက်ဆုံတွေ့သွားခြင်း ဖြစ်ပေသည်။
စူးရှသော မြည်ဟည်းသံမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားပြီး အေးစိမ့်သော အတွင်းအားနှင့်အတူ လူကို ခေါင်းမူးဝေစေသော လှိုင်းလုံးကြီးတစ်ခုမှာလည်း တစ်ပြိုင်နက်တည်း ပျံ့နှံ့သွားတော့၏။
ထိုလှိုင်းလုံးက လူများကို ခဏတာ မိန်းမောသွားစေသော်လည်း ချက်ချင်းပင် ပြန်လည်သတိဝင်လာစေ၏။
ယခုမြင်တွေ့နေရသော မြင်ကွင်းမှာ တက်ရောက်လာသူအားလုံးကို အမှန်တကယ်ပင် အံ့အားသင့်စေခဲ့ပေသည်။
မော့တူရှင်းမှာ ပို၍ပင် အသက်ရှူသံများ မြန်ဆန်လာပြီး လက်ဖြင့် ဓားရိုးကိုဆုပ်ကိုင်ကာ တိုက်ခိုက်နေသော ချူချင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့၏။
ထို့ကြောင့် ပျန်းချန်က ဝမ်ရိုကို မျက်စိမှိတ်ပြနေသည်ကိုပင် သူလုံးဝသတိမပြုမိလိုက်ချေ။
ဝမ်ရိုကမူ သူ့ကို မမြင်ချင်ယောင်ဆောင်နေလေ၏။
ဝမ်ရိုက မည်သို့မျှတုံ့ပြန်ခြင်းမရှိသော်လည်း ပျန်းချန်ကမူ ရိပ်မိနေပြီ ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ချူချင်း ထွက်ပြေးသွားသည်နှင့် ဤလူက ချက်ချင်းပေါ်လာသောကြောင့်ပင်။
ထို့ပြင် ချူချင်းကျောပေါ်တွင် အမြဲလွယ်ထားလေ့ရှိသော ထိုဓားမှာလည်း သံသယဖြစ်ဖွယ်ကောင်းလှပေသည်။
မည်သို့ပင် စဉ်းစားစေကာမူ ဤလူနှစ်ဦးအကြားတွင် တစ်ခုခုပတ်သက်နေသည်ဟု ခံစားနေရချေ၏။
သူသည် တစ်ခဏမျှ အံ့အားသင့်သွားပြီး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိတော့၏။
ချူထျန်း၏ ညီငယ်ဖြစ်သူမှာ မည်ကဲ့သို့သော လူမျိုးဖြစ်နေပါသနည်း။
အပြင်ပန်းတွင် ရက်စက်ထက်မြက်သော ဓားသိုင်းကိုသုံးပြီး ကွယ်ရာတွင်မူ လျင်မြန်လှသော ဓားသိုင်းပညာမှာ ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းလှပေသည်။
သူသည် ဤမျှပြိုင်ဘက်ကင်းသော ဓားသိုင်းနှစ်မျိုးလုံးကို မည်သို့ ကျွမ်းကျင်အောင် ကျင့်ကြံနိုင်ခဲ့သနည်း။
ထို့အပြင် သူ့တွင် အခြားစွမ်းရည်များ ထပ်ရှိနေသေးသလော။
ဤမျှစွမ်းအားကြီးမားနေသည်ကို ချူထျန်းကမူ ညီဖြစ်သူ အပြင်တွင် ဒုက္ခရောက်ပြီး အနိုင်ကျင့်ခံရမည်ကိုစိုးရိမ်ကာ သူ့ကို နေ့တိုင်း လိုက်လံရှာဖွေခိုင်းနေခဲ့ပေသည်။
သူက သူတစ်ပါးကို အနိုင်မကျင့်လျှင်ပင် တော်လှပြီ မဟုတ်ပါလော။
သူ အတွေးလွန်နေစဥ် တိုက်ခိုက်နေသော လူရိပ်နှစ်ရိပ်မှာ တစ်ပြိုင်နက်တည်း ထပ်မံလှုပ်ရှားလိုက်ကြပြန်၏။
ချင်းယဲ့ဓားနှင့် လွန့်ရှန်ဓားတို့မှာ အဆက်မပြတ် ထိတွေ့နေကြပြီး လူတိုင်းမှာ တိုက်ကွက်အသေးစိတ်ကို သဲသဲကွဲကွဲ မမြင်ရဘဲ ချူချင်း၏ ဘေးပတ်လည်တွင် ဓားရိပ်များသာ ဝန်းရံနေပြီး ကျန်းရှန်တောက်မှာမူ မည်းနက်သော ဓားချီများအောက်တွင် ဖုံးလွှမ်းနေသည်ဟုသာ ခံစားရလေ၏။
ထိုနှစ်ဦးမှာ အဆက်မပြတ် တိုက်ခိုက်နေကြပြီး ပြင်းထန်သော အသံများ ထွက်ပေါ်နေချေ၏။
လေပေါ်မှ မြေပြင်အထိ တိုက်ခိုက်ရင်း တစ်ပြိုင်နက်တည်း ခွဲထွက်သွားကြသော်လည်း ချက်ချင်းပင် ထပ်မံထိပ်တိုက်တွေ့ကြပြန်၏။
သူတို့ ဖြတ်သန်းသွားသောနေရာတွင် အရာဝတ္ထုများရှိနေပါက အပိုင်းပိုင်း ကွဲအက်သွားပြီး လူများရှိနေပါက လွင့်စင်ကာ သွေးအန်သွားကြရလေ၏။
ယခင်က ဖန်းထျန်းရွေ့၏ ‘နဂါးဟိန်းသံ ကောင်းကင်ဘုံကိုးလွှာ'သိုင်းကွက်မှာ လူတိုင်းကို အံ့အားသင့်စေခဲ့သော်လည်း ကျန်းရှန်တောက်ကို အနည်းငယ်သာ နောက်ဆုတ်သွားစေနိုင်ခဲ့ပြီး ထိုမတိုင်မီကပင် ဖန်းထျန်းရွေ့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် ထိုတိုက်ကွက်ပြီးနောက်တွင် ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
သို့သော် ယခုတိုက်ပွဲမှာမူ ဖန်းထျန်းရွေ့ကဲ့သို့ ခန့်ညားထည်ဝါသော အရှိန်အဝါမျိုး မရှိသော်လည်း ပို၍ပင် အသက်အန္တရာယ်ရှိနိုင်ပေသည်။
နှစ်ဖက်လုံးမှာ အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် တိုက်ခိုက်နေကြပြီး မည်သူမဆို တစ်စက္ကန့်မျှ နောက်ကျသွားပါက အသက်နှင့်ရင်းရမည် ဖြစ်ချေသည်။
ဝမ်ရိုသည် ဤမြင်ကွင်းကိုကြည့်ရင်း လက်သီးတင်းတင်းဆုပ်ကာ တိုးတိုးလေး မေးလိုက်၏။
"ဂိုဏ်းတူအစ်ကိုလတ်... အခြေအနေ ဘယ်လိုရှိလဲ..."
ပျန်းချန်က သက်ပြင်းချကာ ပြုံးလိုက်လေသည်။
"ညီမလေးက ငါ့ကို အရမ်းအထင်ကြီးလွန်းနေပြီ... ဒီလောက်အဆင့်အထိ တိုက်ခိုက်နေတာကို ငါလည်း သဲသဲကွဲကွဲ မမြင်နိုင်တော့ဘူး..."
"ဒါပေမဲ့... အဲဒီလွန့်ရှန်ဓားက သာမန်မဟုတ်ဘူး... ကျန်းရှန်တောက်ရဲ့ အခြေအနေကလည်း တစ်ခုခု မှားနေသလိုပဲ..."
"ချူ... သုံး... ထားလိုက်ပါတော့... သူ့ကို ဘယ်လိုခေါ်လဲ... ညဧကရာဇ် ဟုတ်တယ်မလား..."
"သူ့ဓားသိုင်းကို ဝေဖန်ဖို့ ငါ့မှာ အရည်အချင်းမရှိဘူး... ငါစိုးရိမ်တာက သူ့အတွင်းအားက ကျန်းရှန်တောက်ရဲ့ နှစ်ပေါင်းခြောက်ဆယ်လောက် ကျင့်ကြံထားတာကို မယှဉ်နိုင်မှာပဲ..."
ဝမ်ရိုက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး ဤတိုက်ပွဲတွင် သူတို့ကူညီနိုင်စွမ်းမရှိသည်ကို နားလည်ထားပေသည်။
ယနေ့ ကွင်းပြင်ထဲတွင် သိုင်းပညာအမြင့်ဆုံးဖြစ်သော လူတစ်စုလုံးမှာ ကျန်းရှန်တောက်နှင့် အသက်လုတိုက်ခိုက်ခဲ့ကြပြီး ဖြစ်ချေသည်။
နောက်ဆုံးတွင် သူတို့အားလုံး သေလုနီးပါး ဖြစ်ခဲ့ရချေ၏။
ယခုအခါ ဖန်းထျန်းရွေ့နှင့် ချန်စစ်ဟိုင်တို့မှာ ဆက်လက်တိုက်ခိုက်ရန် အင်အားမရှိတော့ဘဲ အခြားသူများမှာမူ ဝင်ရောက်စွက်ဖက်ရန်ပင် အရည်အချင်းမရှိကြချေ။
အတင်းအကျပ် ဝင်ရောက်ကူညီပါက အသက်မသေလျှင်ပင် ကံကောင်းလှပြီ ဖြစ်ပေသည်။
ထို့ကြောင့် အနိုင်အရှုံး မည်သို့ပင်ဖြစ်စေ သူတို့မှာ စောင့်ကြည့်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
ထိုစဉ် ဝမ်ရိုက နှာခေါင်းကို အသာအယာရှုံ့လိုက်၏။
ထို့နောက် သူမ၏စိတ်ထဲတွင် ရုတ်တရက် သံသယတစ်ခုပေါ်လာလေသည်။
"လွန့်ရှန်ဓားကို ကိုင်ထားတဲ့လူကို လူတိုင်းက ကျန်းရှန်တောက်လို့ ပြောနေကြတယ်..."
"ဒါပေမဲ့ ကျန်းရှန်တောက်ရဲ့ကိုယ်သင်းနံ့က သူ့အနံ့နဲ့ လုံးဝမတူဘူး..."
"တကယ့်ကျန်းရှန်တောက်က အခုဒီနားမှာ ရှိနေပြီး တိုက်ပွဲနေရာနဲ့ ပိုနီးလာသလိုပဲ..."
ထိုအချိန်တွင် လူအုပ်ကြီးထဲ၌ စုတ်ပြဲသော အဝတ်အစားများကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးမှာ လက်ထဲတွင် သေရည်အိုးကို ကိုင်ဆောင်ကာ တိုက်ပွဲကိုကြည့်ရင်း သေရည်သောက်နေလေ၏။
သူ၏မျက်လုံးများထဲတွင် ထူးခြားသော အလင်းတန်းများ ဖြတ်သန်းသွားပြီး နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် ကွေးညွတ်ကာ ပြုံးနေသယောင်ရှိချေ၏။
ချွင်...
နောက်ထပ်မြည်ဟည်းသံတစ်ခုနှင့်အတူ ချူချင်း၏ခန္ဓာကိုယ်မှာ နောက်သို့လွင့်စင်သွားပြီး ခြေနှစ်ဖက်ဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရကာ လက်ထဲမှ ချင်းယဲ့ဓားမှာလည်း အနည်းငယ်တုန်ခါသွားလေ၏။
သူသည် ငုံ့ကြည့်လိုက်ပြီး အတွင်းအားကို လှည့်ပတ်ကာ ဓားသွားတုန်ခါမှုကို ထိန်းချုပ်လိုက်တော့၏။
ထို့နောက် ကျန်းရှန်တောက်ကို ပြန်လည်ကြည့်ရှုလိုက်ရာ သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်သန်းသွားချေ၏။
ကျန်းရှန်တောက်မှာ ယခုအခါ လွန့်ရှန်ဓား၏ထိန်းချုပ်မှုကို ခံနေရပြီဖြစ်ပြီး လူ့အသက်ပေါင်းများစွာဖြင့် သွန်းလုပ်ထားသော ဤလွန့်ရှန်ဓားမှာ အမှန်တကယ်ပင် ကျန်းဟူလောကကို ဒုက္ခပေးမည့်မိစ္ဆာဓားတစ်စင်း ဖြစ်ပေသည်။
ကျန်းရှန်တောက်က ဓားကိုစွန့်လွှတ်ရန် ကြိုးစားခဲ့ပုံကို မြင်တွေ့ခဲ့ပြီး ထိုအချိန်က သူလုပ်ကြံသတ်ဖြတ်ရန် အကောင်းဆုံးအခွင့်အရေး ဖြစ်သင့်ပေသည်။
သို့သော် ကျန်းရှန်တောက် ပြောခဲ့သော စကားများကြောင့် ချူချင်းမှာ အနည်းငယ်အံ့အားသင့်သွားခဲ့ရ၏။
သူက သူတစ်ပါး၏လှည့်စားခြင်းကို ခံခဲ့ရသည်ဟု ပြောခဲ့ပေသည်။
ချူချင်း တွေးမိနိုင်သည်မှာ သူသည် ဖေးဝူကျိ၏ လှည့်စားခြင်းကိုခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
ထိုအတွေးမှာ စိတ်ထဲတွင် တစ်ခဏမျှသာ ဖြတ်သန်းသွားပြီး သူသည် ချက်ချင်းပင် တိုက်ခိုက်လိုက်တော့၏။
သို့သော် ခြေတစ်လှမ်း နောက်ကျသွားခဲ့ရချေ၏။
ထိုခဏ၌ ထွက်ပေါ်လာသော ဓားအရှိန်အဝါမှာ လွန့်ရှန်ဓားက ကျန်းရှန်တောက်ကို လုံးဝထိန်းချုပ်လိုက်ခြင်း၏ အစပျိုးခြင်းပင် ဖြစ်ပေသည်။