← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀) - ရှာဖွေတွေ့ရှိခြင်း (၂)

ထိုအဘိုးအိုသည်လည်း အနည်းငယ် အံ့အားသင့်သွား၏။

"မင်းက ငါတို့ဂိုဏ်းအကြောင်းကိုတောင် သိနေတာလား..."

"ငါတို့ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေက လျှို့ဝှက်ပါတယ်...သုံးနှစ်အတွင်းမှာ ကျန်းဟူလောကထဲ ပျံ့သွားတာလား..."

"ထားလိုက်ပါတော့... နောက်ပိုင်း ဘာဖြစ်မလဲဆိုတာကို ငါကိုယ်တိုင် စုံစမ်းရမှာပေါ့..."

"မင်းကတော့... သေလူတစ်ယောက်ပဲ... သေပြီးတဲ့နောက် ဘာဖြစ်မလဲဆိုတာကို ပူနေဖို့ လိုလို့လား..."

"အခု မင်း လွန့်ရှန်ဓားကို လွှတ်နိုင်သေးရဲ့လား..."

ချူချင်းသည် မျက်လုံးများကို အသာအယာမှိတ်လိုက်၏။ ထိုလူက သူ ဤဓားကို မလွှတ်နိုင်တော့ဟု ထင်မှတ်နေခြင်းလော။

ထို့ကြောင့်ပင် ထိုလူက အလောတကြီး မတိုးလာခြင်းဖြစ်ပေသည်။

လွန့်ရှန်ဓားကို ဖျက်ဆီးရန်မှာ သူ၏အစီအစဉ်ထဲတွင် ပါဝင်ပြီးသား ဖြစ်ပေသည်။

ဝမ်ရိုက ချူချင်းအား 'ကျန်းရှန်တောက်' ဤနေရာသို့ ရောက်ရှိနေကြောင်း ပြောပြခဲ့စဉ်ကတည်းက ချူချင်းသည် ဆုံးဖြတ်ချက်ချထားခဲ့ပြီး ဖြစ်၏။

ကောင်းကင်မိစ္ဆာဂိုဏ်းသည် ဤမျှအထိ အားစိုက်ထုတ်ကာ ဤဓားကို သွန်းလုပ်ခဲ့သဖြင့် ၎င်းကို ဖျက်ဆီးပစ်မည်ကို မည်သို့မျှ ခွင့်ပြုမည်မဟုတ်ချေ။

ဖေးဝူကျိသည် ကျန်းရှန်တောက်၏အသက်ကို ဂရုမစိုက်သော်လည်း လွန့်ရှန်ဓားကိုမူ ဂရုမစိုက်ဘဲ မနေနိုင်ပေ။

အကယ်၍ သူသည် လူတိုင်း၏ရှေ့မှောက်တွင် ဤဓားကို ဖျက်ဆီးလိုက်ပါက ဖေးဝူကျိသည် သေချာပေါက်ပေါ်ထွက်လာလိမ့်မည်။

ထိုလူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိမိကို ပြင်းထန်သောနည်းလမ်းဖြင့် တိုက်ခိုက်လိမ့်မည်ဟု သူထင်မှတ်ထားခဲ့သည်။

သို့သော် ထိုလူသည် မလောမကြီးဘဲ ဤနေရာတွင်ရပ်ကာ မိမိနှင့် စကားပြောနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထူးဆန်းလှသည်ဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ထိုလူက မိမိ၏လက်နှစ်ဖက်သည် လွန့်ရှန်ဓားမှ မခွာနိုင်တော့ဘဲ မိမိ၏အသက်ကို စိတ်ကြိုက်ခြယ်လှယ်နိုင်ပြီဟု အထင်မှားနေခြင်းကြောင့်ပင်။

ချူချင်းသည် ချက်ချင်းပင် အေးစက်စွာ ရယ်မောလိုက်၏။

"မခွာနိုင်ဘူး ဟုတ်လား... ဘယ်လိုလုပ်... အင်း... ဘာလို့ ဒီလိုဖြစ်ရတာလဲ..."

သူ၏အသံနှင့် ဟန်ပန်မှာ အလွန်ပင် သဘာဝကျလှပေသည်။

သရုပ်ဆောင်အပိုင်းတွင်မူ သူသည် တစ်ခါမျှ မရှုံးနိမ့်ဖူးချေ။

ဖေးဝူကျိသည် ခေါင်းကို အသာအယာခါယမ်းလိုက်၏။

"ဒီဓားကို ချိရှန်သံရိုင်းနဲ့ သွန်းလုပ်ထားတာ... မသွန်းလုပ်ခင်မှာ လူပေါင်းများစွာရဲ့ သွေးတွေနဲ့ သံကို အရည်ကျိုရတယ်..."

"ပြောရရင်တော့ ဒီကျန်းရှန်တောက်က ငါ့ကို တကယ်ပဲ စိတ်မပျက်စေခဲ့ဘူး..."

"ဟိုးအရင်က သူ့ကို ပထမဆုံးအကြိမ် မြင်လိုက်ရကတည်းက ဒီလူက ရည်မှန်းချက် အရမ်းကြီးပြီး လူကောင်းမဟုတ်ဘူးဆိုတာ ငါသိခဲ့တယ်..."

"သူ့နေရာမှာ အစားထိုးမဲ့အစား သူ့ရဲ့လက်ကို အသုံးချပြီး ငါ့ရည်မှန်းချက်ကို အကောင်အထည်ဖော်တာက ပိုကောင်းတာပေါ့..."

"ဒါကြောင့်လည်း ငါက တမင်တကာ အရှုံးပေးပြီး ယင်ဖုန်းစခန်းမှာ အကျဉ်းချခံခဲ့တာပေါ့..."

"ပြီးတော့ လွန့်ရှန်ဓား သွန်းလုပ်တဲ့ နည်းလမ်းတွေကိုလည်း သူ့ကို အကုန်ပြောပြခဲ့တယ်... သူက ငါ့ကို တကယ်ပဲ စိတ်မပျက်စေခဲ့ဘူး..."

"သူ့ရဲ့ အသက်သက်တမ်း ကုန်ဆုံးတော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လော့ချန်နဲ့ ချီကွမ်းတို့ကို တိုက်ခိုက်ခွင့်ပေးခဲ့တာက တကယ်တော့ လူပေါင်းများစွာရဲ့ သွေးတွေကို ရယူပြီး ချိရှန်သံရိုင်းကို အရည်ကျိုဖို့အတွက်ပဲ..."

"ဒီသံရိုင်းက သွေးတွေကို စုပ်ယူပြီး အသက်တွေနဲ့ ဓားကို သွန်းလုပ်ခဲ့တာ..."

"ချိရှန်သံရိုင်းရဲ့ စိတ်ဝိညာဉ်ကို နှောင့်ယှက်နိုင်စွမ်းနဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို ပေါင်းစပ်ပြီး သေဆုံးသူတွေရဲ့ နာကြည်းမှုတွေကို စုစည်းထားတာပေါ့..."

"နောက်ဆုံးမှာတော့ ပြိုင်ဘက်ကင်းတဲ့ ရလဒ်ကို ရရှိခဲ့တာမို့ လူသားတွေရဲ့ စွမ်းအားနဲ့ ဖျက်ဆီးနိုင်ပါ့မလား..."

"တကယ့်ကို ရယ်စရာပဲ..."

ချူချင်းသည် အေးစက်စွာ ပြောလိုက်၏။

"မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ကျန်းရှန်တောက်ကို ဘာလို့ အသုံးချဖို့လိုဦးမှာလဲ... အလကားသက်သက် အကျဉ်းချခံပြီး နှိပ်စက်ညှဉ်းပန်းခံတာလား..."

"ဂိုဏ်းချုပ်အမိန့်အရ ဒီကိစ္စက အရမ်းလျှို့ဝှက်လွန်းလို့ ဘယ်သူ့ကိုမှ မသိစေရဘူး..."

"တကယ်လို့ ငါကိုယ်တိုင်သာ လှုပ်ရှားခဲ့ရင် သဲလွန်စကျန်ခဲ့ပြီး မပေါ်လာသင့်တဲ့လူတွေ ရောက်လာနိုင်တာပေါ့..."

ဖေးဝူကျိ၏ မျက်ဝန်းများထဲတွင် အေးစက်ရိပ်များ ဖြတ်ပြေးသွားလေသည်။

ချူချင်းသည် ရှင်တောက်မြို့သို့ ပထမဆုံး ရောက်ရှိခဲ့သည့်နေ့က စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့သော ညီအစ်မနှစ်ဦးကို ရုတ်တရက် သတိရသွား၏။

ထိုညီအစ်မနှစ်ဦးသည် သူတို့ကိုသူတို့ ပုထီကျောင်းတော်မှ ဖြစ်ကြောင်း ပြောကြားခဲ့ကြပေသည်။

ထိုစဉ်က စားသောက်ဆိုင်ရှိ မည်သူမျှ ပုထီကျောင်းမှာ မည်သည့်နေရာဖြစ်ကြောင်း မသိရှိကြသော်လည်း ကျန်းရှန်တောက်အဖြစ် ဟန်ဆောင်ထားသော ဖေးဝူကျိသည် ထိုစကားလုံးကို ကြားလိုက်ရချိန်တွင် လက်များတုန်ရီသွားပြီး ပေါက်စီပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။

ချူချင်းသည် သူ့ကိုကြည့်ကာ မေးလိုက်၏။

"ပုထီကျောင်းနဲ့ မင်းတို့ ကောင်းကင်မိစ္ဆာဂိုဏ်းက ဘာပတ်သက်မှု ရှိတာလဲ..."

ဖေးဝူကျိသည် ရုတ်တရက် ခေါင်းကိုမော့ကာ ချူချင်းကို ကြည့်လိုက်၏။

"မင်း..."

"ဒီနေ့ ပုထီကျောင်းက မိန်းကလေးနှစ်ယောက် ပေါ်မလာတာ... မင်းကြောင့်မလား..."

ချူချင်းသည် ယနေ့တစ်နေ့လုံး လူအုပ်ကြီးကို စောင့်ကြည့်နေခဲ့ပေသည်။

သူသည် လူအုပ်ထဲတွင် နျန့်အန်းနှင့် နျန့်ရှင်း ညီအစ်မနှစ်ဦးကို ရှာမတွေ့ခဲ့ချေ။

သူတို့သည် ဟန်တောက်ကျားငါးကောင်ကို သူတို့၏ လက်အောက်ခံအဖြစ် သိမ်းသွင်းထားသဖြင့် ယနေ့ ဤနေရာသို့ ရောက်ရှိလာပါက လူအင်အား များပြားသဖြင့် ရှာဖွေရလွယ်ကူပေလိမ့်မည်။

သူတို့အပြင် ရွှေရောင်ဓားနဲ့ မြင်းဖြူ ချောင်ချိုးဖူသည်လည်း ပေါ်မလာခဲ့ချေ။

ချူချင်းသည် သူ တုန်ရှင်းကျီကို သတ်ဖြတ်ခဲ့သည့်ညက မြင်းဟီသံကို ခပ်ရေးရေးကြားလိုက်ရသည်ကို သတိရမိ၏။

ထိုစဉ်က သူသည် ဂရုမစိုက်ခဲ့သော်လည်း ယနေ့တွင် ချောင်ချိုးဖူ ပေါ်မလာခြင်းက ချူချင်း၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များကို ခံစားမိစေသည်။

"တကယ့်ကို အကဲခတ် တော်တာပဲ... ကြည့်ရတာ မင်းကို ချန်ထားလို့ မဖြစ်တော့ဘူး..."

ဖေးဝူကျိသည် ချူချင်း၏မေးခွန်းကို မဖြေကြားဘဲ လက်တစ်ဖက်ကိုလှန်လိုက်ရာ နက်မှောင်သော အငွေ့အသက်များသည် သူ၏ဆံပင်များကို လေမတိုက်ဘဲ လှုပ်ရှားသွားစေတော့၏။

သူ၏ လက်ဝါးသိုင်းကို စတင်လိုက်သည်နှင့်တစ်ပြိုင်နက် လက်ဝါးထဲမှ မိုးကြိုးသံကဲ့သို့ အသံများ ထွက်ပေါ်လာသကဲ့သို့ ရှိနေလေသည်။

ဝုန်း...

ထိုအသံမှာ ဖေးဝူကျိ၏တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာခြင်း မဟုတ်ချေ။

အသံမှာ မလှမ်းမကမ်းမှ ရောက်ရှိလာသော လက်သီးလေလှိုင်းတစ်ခုကြောင့် ဖြစ်ပေသည်။

ဖေးဝူကျိလှည့်ကြည့်လိုက်ရာ ပျန်းချန်သည် မလှမ်းမကမ်းတွင် ရပ်နေပြီး သူ၏ မျက်ဝန်းတစ်စုံမှာ နီရဲနေကာ လွန့်ရှန်ဓား၏စွမ်းအားကို အစွမ်းကုန်ခုခံနေရသည်ကို မြင်တွေ့လိုက်ရ၏။

ဤလက်သီးချက်မှာ သူပြုလုပ်နိုင်သော အစွမ်းကုန်ပင် ဖြစ်ပေသည်။

"ကိုယ့်အဆင့်ကိုယ် မသိဘူး..."

ဖေးဝူကျိသည် အေးစက်စွာရယ်မောလိုက်ပြီး ချူချင်းဆီသို့ ကျရောက်ရမည့် လက်ဝါးချက်ကို ရုတ်တရက်လှည့်ကာ ပျန်းချန်ဆီသို့ ရိုက်ချလိုက်တော့သည်။

သို့သော် ဤအချိန်တွင် အက်ကွဲသံအချို့သည် ပြိုင်ကွင်းထဲရှိ လူတိုင်း၏နားထဲသို့ ရုတ်တရက် ပျံ့လွင့်သွားလေသည်။

မူလက စိတ်ဝိညာဉ်များ ထိခိုက်နေသော လူများသည် ပရမ်းပတာဖြစ်နေသော လောကကြီးထဲတွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသကဲ့သို့ ခံစားလိုက်ရ၏။

ထိုအလင်းတန်းသည် မြူထုများကို ချက်ချင်းပင် ဖြိုခွင်းလိုက်ပြီး လူတိုင်းအား အသက်ရှူရန်အခွင့်အရေး ပေးလိုက်သကဲ့သို့ ရှိနေတော့သည်။

ဖေးဝူကျိ၏မျက်နှာမှာ အလွန်ပျက်ယွင်းသွားပြီး ရုတ်တရက် လှည့်ကြည့်လိုက်ရာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများသည် လွန့်ရှန်ဓားပေါ်တွင် ပျံ့နှံ့နေသည်ကို မြင်တွေ့လိုက်ရ၏။

နာကျင်လှသော ဓားမြည်သံသည် ရှိုက်ငိုသံကဲ့သို့ ထွက်ပေါ်လာပြီး သူသည် ပျန်းချန်ကိုတိုက်ခိုက်ရန် ဂရုမစိုက်နိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"ရပ်လိုက်စမ်း..."

လွန့်ရှန်ဓားမှာ ကောင်းကင်မိစ္ဆာဂိုဏ်းက ကျန်းဟူလောကထဲသို့ ရိုက်သွင်းထားသော သံမှိုတစ်ချောင်း ဖြစ်ပေသည်။

သူသည် သုံးနှစ်တိုင်တိုင် အချိန်ယူကာ ကြံစည်ခဲ့ခြင်းဖြစ်ပြီး အကယ်၍ ချူချင်းက အမှန်တကယ် ဖျက်ဆီးလိုက်ပါက အဖိုးတန်ရတနာတစ်ပါး ဆုံးရှုံးရုံသာမက ကောင်းကင်မိစ္ဆာဂိုဏ်း၏ အစီအစဉ်ကြီးကိုလည်း ပျက်စီးစေမည် ဖြစ်၏။

သို့သော် ယခုအချိန်တွင် တားဆီးရန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်ပေသည်။

ချူချင်းသည် လက်နှစ်ဖက်ကိုမြှောက်လိုက်ရာ အက်ကွဲသံများနှင့်အတူ ဓားကိုယ်ထည်မှာ လုံးဝပျက်စီးသွားတော့သည်။

အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ဓားကိုယ်ထည်မှာ လုံးဝအပိုင်းပိုင်းကွဲအက်ကာ အပိုင်းအစများစွာသည် အရပ်ရပ်သို့ လွင့်စင်သွားလေသည်။

ဖေးဝူကျိသည် ချူချင်းရှေ့သို့ ရောက်ရှိလာပြီး လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ရန် ကြိုးစားသော်လည်း ဟာလာဟင်းလင်းသာ ဖြစ်သွား၏။

သူသည် ခေါင်းကိုမော့ကြည့်လိုက်ရာ ချူချင်းနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့သွားတော့သည်။

ထိုအခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ ဒေါသတရားများ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာပြီး ရက်စက်လိုစိတ်များ ပြည့်နှက်သွားတော့၏။

"ငါ မင်းကို သတ်မယ်..."

သူ၏ လက်ဝါးချက်မှာ မိုးကြိုးပေါင်းများစွာကို သယ်ဆောင်လာသကဲ့သို့ ချူချင်းဆီသို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။

သူသည် ချူချင်းက လွန့်ရှန်ဓားကို ဖျက်ဆီးရန်အတွက် အတွင်းအားများကို အကုန်အစင် အသုံးပြုထားသဖြင့် ယခုအချိန်တွင် အားအင်ကုန်ခမ်းနေလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ချူချင်းက တွေဝေမနေဘဲ လက်ဝါးတစ်ချက်ကို ပြန်လည်ရိုက်ထုတ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပြင်းထန်သော တိုက်ခိုက်သံတစ်ခု ထွက်ပေါ်လာ၏။

နှစ်ဦးသား ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ချူချင်း၏ခန္ဓာကိုယ်မှာ အနည်းငယ်ယိမ်းထိုးသွားသော်လည်း ဖေးဝူကျိမှာမူ ဤလက်ဝါးချက်ကြောင့် ခြေနှစ်ဖက်လုံး မြေပြင်ပေါ်တွင် ပွတ်တိုက်ကာ နောက်သို့ အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားရလေသည်။

သူသည် ပေပေါင်းများစွာ နောက်သို့ဆုတ်ခွာသွားပြီးမှသာ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်တော့၏။

သူသည် ခေါင်းကို ပြန်လည်မော့ကြည့်လိုက်ရာ မျက်နှာမှာ အလွန်ပင် ဆိုးရွားနေတော့သည်။

"မင်းက လွန့်ရှန်ဓားကို ဖျက်ဆီးရဲတယ်ပေါ့... တကယ်သေသင့်တဲ့ကောင်ပဲ..."

သူ၏ စကားအဆုံးတွင် သူ၏ ခန္ဓာကိုယ်ပတ်လည်မှ နက်မှောင်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး လက်မောင်းများကို လှုပ်ရှားလိုက်ရာ ပြင်းထန်သော လေလှိုင်းများ ဖြစ်ပေါ်လာတော့၏။

သူ၏ ခန္ဓာကိုယ်ထဲမှ မိုးကြိုးပစ်သံကဲ့သို့ အသံများ ခပ်ရေးရေးထွက်ပေါ်လာသကဲ့သို့ ရှိနေလေသည်။

ထို့ထက်မက မူလက သာယာနေသော ကောင်းကင်ပြင်ကြီးသည်ပင် တဖြည်းဖြည်းနှင့် မိုးတိမ်များ ဖုံးလွှမ်းလာပြီး မိုးခြိမ်းသံများသည် ကောင်းကင်ဘုံကိုးလွှာမှ လာသကဲ့သို့ ပျံ့လွင့်လာတော့၏။

"ဒါ... ဒါက ဖျက်ဆီးခြင်းယင်မိုးကြိုးမဟာကျင့်စဉ် မဟုတ်ဘူးလား..."

"ဒီခေတ်ထဲမှာ ဒီလိုမိစ္ဆာကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်တဲ့သူ ရှိနေတာလား..."

"ညဧကရာဇ် သတိထားပါ... ဒီကျင့်စဉ်က မိုးကြိုးစွမ်းအားကို ခန္ဓာကိုယ်ထဲသွင်းပြီး မိုးကြိုးစွမ်းအားကို ရယူတာမို့ အတွင်းအားထဲမှာ မိုးကြိုးနဲ့ မီးတောက်တွေ ပါနေပြီး စွမ်းအားက အတိုင်းအဆမရှိ ပြင်းထန်တယ်..."

လူတိုင်း၏ အော်ဟစ်သံများကြားတွင် ချူချင်းသည် မျက်ခုံးများကို အသာအယာတွန့်လိုက်ပြီး သူ၏လက်ဖဝါးကို ပွတ်သပ်လိုက်၏။

နောက်တစ်စက္ကန့်တွင် သေးငယ်လှသော မိုးမခရွက်ပုံစံ ပျံလွှားဓားမြှောင်တစ်စင်းသည် သူ၏လက်ထဲတွင် ပေါ်ထွက်လာတော့သည်။

ဖေးဝူကျိ၏ စွမ်းအားများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူသည် လေပေါ်သို့ ပျံတက်ကာ ခန္ဓာကိုယ်ပတ်လည်တွင် နက်မှောင်သော တိမ်တိုက်များကို သယ်ဆောင်လျက် လက်ဝါးနှစ်ဖက်ဖြင့် မိုးကြိုးများကို ခွဲထုတ်သကဲ့သို့ ရှိနေလေသည်။

သူသည် ချူချင်းဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး အော်ဟစ်လိုက်၏။

"သေစမ်း..."

သူ၏စကားအဆုံးတွင် ချူချင်းသည် လက်ကိုမြှောက်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။

ဖေးဝူကျိသည် ဤဓားမြှောင်ကို စောစောကတည်းက သတိပြုမိသော်လည်း ဂရုမစိုက်ခဲ့ပေ။

သေးငယ်လှသော ပျံလွှားဓားမြှောင်တစ်စင်းမျှသာ ဖြစ်သဖြင့် မည်မျှပင် ဆန်းကြယ်သော လက်နက်ပစ်နည်း ရှိပါစေဦးတော့၊ ဖျက်ဆီးခြင်းယင်မိုးကြိုးမဟာကျင့်စဉ်အောက်တွင် အနိုင်ရနိုင်မည်မဟုတ်ချေ။

ထို့ထက်မက သူ၏ကျင့်စဉ်မှာ လက်နက်များကို အလွယ်တကူ တားဆီးနိုင်စွမ်း ရှိပေသည်။

ဤသေးငယ်လှသော ဓားမြှောင်လေးက...

ဤသို့တွေးတောမိချိန်တွင် သူ၏စိတ်ထဲ၌ ရုတ်တရက် သံသယတစ်ခု ဖြစ်ပေါ်လာ၏။ ဤသေးငယ်လှသော ဓားမြှောင်လေးသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။

အကြောင်းရင်းမရှိဘဲ အလွန်အန္တရာယ်များပြီး မလုံခြုံသော ခံစားချက်တစ်ခုသည် သူ၏စိတ်ထဲတွင် ပေါ်ထွက်လာတော့သည်။

ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ထဲမှ အတွင်းအားများသည် မြစ်ရေကဲ့သို့ လျင်မြန်စွာ ယိုစိမ့်သွားပြီး ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လဲကျသွားကာ လှုပ်ရှားရန် အားအင်မရှိတော့ချေ။

သူသည် မသိစိတ်ဖြင့် မိမိ၏လည်ပင်းကို စမ်းသပ်ကြည့်လိုက်ရာ စိတ်ထဲတွင် အကြောင်းရင်းမရှိဘဲ တည်ငြိမ်သွားတော့၏။

'အော်... ရှာတွေ့ပြီ... ဒီမှာပဲကိုး…’

All Chapters