← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အပိုင်း (၁)

“ဟွားအာ ထတော့”

ချူဟွားသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် အိပ်ရာထဲက ဆွဲထုတ်ခံလိုက်ရ၏။ အစေခံမ လှလှလေးနှစ်ယောက်၏ အကူအညီအောက်တွင် သူမသည် အိုဗာဆိုက်ဖြစ်နေသည့် အရာရှိဝတ်စုံတစ်စုံကို ဝတ်ဆင်လိုက်ရသည်။

သူမသည် အိပ်ချင်မူးတူး သမ်းဝေလိုက်ပြီး “ဘယ်အချိန် ရှိပြီလဲ”

မိခင်အရင်းဖြစ်သူ သခင်မဝမ်: “ယင်နာရီ မထိုးသေးဘူး (မနက်၃နာရီ)”

ချူဟွား: ?

သူမကို မနက်၃နာရီ အိပ်ရာနှိုးနေပါသည်တဲ့။ သူမ၏ မိခင်အရင်းမှ ဟုတ်ပါလေစ။

ထိုစကားတစ်ခွန်းသည် သူမ၏စိတ်ကို ထိတ်လန့်ချောက်ချားသွားစေလေသည်။ _အလုပ်မဆင်းရခြင်းက အလုပ်သွားရန်မလိုခြင်းဟူသည့် အဓိပ္ပာယ်ဆောင်သည့် ထိုနှစ်များ၏ လူမှုဘဝကို ပြန်စဉ်းစားမိအောင် ဖိအားနေတော့သည်။

အရာရှိဝတ်စုံ ဝတ်ပြီး အရာရှိဦးထုပ်တို့က ဆောင်းပြီးသွားသည်နှင့် တရားရေးဝန်ကြီးဌာနက အဆင့်ငါးအရာရှိ သူမ၏ဖခင်အရင်း ချူဖျင်သည် တံခါးနားတွင် စောင့်နေပြီးမှ ဝင်လာပြီး ရှင်းပြလေ၏။

“နင့်အစ်ကိုက မင်းကြီး အတွက် ကိစ္စတစ်ခု သွားဖြေရှင်းပေးရတယ်၊ လူတွေရဲ့ အာရုံစိုက်မှုကို ရှောင်ဖို့အတွက် ဒီကာလအတွင်းမှာ နင်က နင့်အစ်ကိုအတွက် ညီလာခံတက်‌ပေးရမယ်၊ ညီလာခံစပြီဆိုတာနဲ့ ‌ထောင့်မှာပဲ ပုန်းနေ၊ ထွက်မရပ်နဲ့၊ စကားမပြောနဲ့”

ချူဟွား: ?

ယောကျ်ားလို ဝတ်ပြီး အစ်ကို့အတွက် ညီလာခံ တက်ရမည်တဲ့။ ခြေချောင်းများကို တူးဆွခဲ့ပြီးနောက် ဘယ်ဉာဏ်ကြီးရှင်က သည်အတွေးကို တွေးခဲ့ပါသနည်း။

“သမီးက အစ်ကို့ထက် အများကြီး အရပ်ပုတယ်လေ၊ နားပေါက်လဲ ဖောက်ထားသေးတယ်၊ အသားအရောင်ကလည်း မတူ...”

သခင်မဝမ်သည် အောက်ခံခုံဖိနပ်ထူ ထည့်ချုပ်ထားသည့် အရာရှိဘွတ်ဖိနပ်တစ်ရံကို ဆွဲထုတ်လာပြီး ချူဟွား၏မျက်နှာ၊ နားရွက်၊ လည်ပင်းနှင့်လက်တို့တွင် ပေါင်ဒါမှုန့်များ လိမ်းကျံပေးလိုက်ပြီးနောက် အစ်ကိုဖြစ်သူ၏ ဆင်တူသည့် အသားအရောင်ကို ပြုလုပ်ပေးလိုက်၏။ ပြင်ဆင်မှုကတော့ဖြင့် တော်တော်လေးကို စေ့စပ်လှသည်။

လုံးဝ စိတ်ထင်ရာ လုပ်ထားခြင်းမဟုတ်။

ချူဟွား: “...မင်းကြီးကို လှည့်စားပြီး ပြစ်မှား တဲ့ ပြစ်မှုကို ကျူးလွန်မှ ဖြစ်မှလား”

သူမကတော့ မသေချင်သေးပေ။

ချူဖျင်က ခန့်ညားတည်ကြည်စွာ အကြည့်လွှဲလိုက်ပြီး “မင်းကြီးက ခွင့်ပြုထားပြီးသား”

ချူဟွား: ???

ဘုရားရေ။ မင်းကြီးကို လှည့်စားမည့်အမိန့်တော်ကပင် လက်အတွင်းသို့ ရောက်ရှိနေပါသည်တဲ့လား။ မင်းကြီးနှင့် အမတ်မင်များသည် အသစ်အဆန်း တစ်ခုခုကို ကစားနေခြင်းပါကလား။

...

လမ်းပေါ်၌ ချူဟွားသည် အဖေဖြစ်သူနောက်က အနီးကပ်လိုက်လာပြီး သူက သူ့လုပ်ဖော်ကိုက်ဖက်များအား နှုတ်ဆက်နေသည်ကို စောင့်ကြည့်လာခဲ့၏။

တစ်ခါတရံ တစ်ချို့က အနားသို့ ချဉ်းကပ်လာပြီး သူတို့သည် စကားနည်းနည်းပါးပါး မပြောရသေးခင်မှာပင် အဖေ့ကြောင့် အာရုံလွှဲသွားကြလေ။ ချောမွေ့သည့်ခရီးတစ်ခုဟု မှတ်ရမည်။

သာ့ရှန်းတွင် ညီလာခံကြီးနှင့် ညီလာခံငယ်များဟူ၍ ရှိ၏။ လတိုင်း ၁ရက်နေ့နှင့် ၁၅ရက်နေ့တွင် ညီလာခံကြီးကို ကျင်းပကာ ရာထူးအဆင့် ၉နှင့်အထက် အရာရှိများက မဖြစ်မနေ တက်ရောက်ရသည်။ ညီလာခံငယ်များအတွက်တော့ အဆင့် ၆နှင့်အထက်ဟု သတ်မှတ်ထားသည်။

အစ်ကိုဖြစ်သူ ချူချင်းသည် လတ်တလောတွင် ပထမအဆင့်ကျောင်းသား ဖြစ်ခဲ့ပြီး ဟန်လင်း သမိုင်းမှတ်တမ်းပြုသူ အဆင့်၇ အရာရှိဖြစ်သည်။

ချူဟွားသည် သူမ၏လက်ကို တိတ်တိတ်လေး ဆုပ်ထားလိုက်၏။ ညီလာခံကို တက်ရောက်ရခြင်းက အလွန်အန္တရာယ်များလှသည်။ သူမသည် အိမ်ပြန်ရောက်လျှင်တော့ သူမ၏စိတ်ကို တည်ငြိမ်စေရန် အမေ့ထံက ငှက်သိုက်တချို့ တောင်းဆိုရမည်။

‘ချူဟွား မင်း ဒီမှာ ဘာလုပ်နေတာလဲ” အဆင့် ၆ ငဟစ်ငှက် စိမ်းရောင်ကို ဝတ်ဆင်ထားပြီး ချောမောသည့် အမျိုးသားတစ်ယောက်က ချူဟွားထံသို့ လျှောက်လာခဲ့၏။

ချူဟွား: !!!

သည်လူသည် အထူးချွန်ဆုံး ကျောင်းသား လျိုကျန်းပင်။ သူ့ကို မင်းကြီးက ဟန်လင်းသမိုင်းမှတ်တမ်းပြု အထက်အရာရှိအဖြစ် ခန့်အပ်ထားပြီး အစ်ကိုဖြစ်သူ၏ အထက်အရာရှိဆိုလည်း ဟုတ်သည်။

ပေါ်ပေါက်သွားလေတော့မလား။

လျိုကျန်းသည် ချူဟွားကို တစ်ချက်သာ ကြည့်လိုက်ပြီး သူက သူမကို သူတို့ ရပ်ရမည့်နေရာသို့ ခေါ်သွားပေးလိမ့်မည်ဟု မည်သူက ထင်မိပါမည်နည်း။

ချူဟွား: “...”

ကျေးဇူးအများကြီး တင်ပါတယ် အတွင်းလူရှင်။

အရပ်ဖက် ဝန်ကြီးအရေအတွက်က တော်တော်များသည်။ အဆင့်၄ အရာရှိများက ခန်းမထဲသို့ ဝင်နိုင် မဝင်နိုင် ဟူသည့်အချက်သည် ခွင့်ပြုချက်တောင်းခံထားသည့် လူအရေအတွက်ပေါ် မူတည်လေသည်။ အဆင့် ၆မှ အဆင့်၉အထိ အားလုံးကတော့ ခန်းမအပြင်ဘက်တွင် နေရသည်။ အရပ်ဖက်ဝန်ကြီးများသည် ဘယ်ဖက်ခြမ်းတွင် နေရာယူထားပြီး စစ်ဖက်အရာရှိများကတော့ ညာဖက်တွင် နေရာယူထားကာ ရိုးရှင်းလှသည့် အနက်ရောင်ပင်လယ်ကြီးတစ်ခုပင်။

ချူဟွားသည် အရပ် ၅ပေ၄လက်မသာ ရှိသည်။ အတွင်းနှင့်အပြင် အရပ်အမြင့်အောင် လုပ်ထားသည့်အရာများ ပါရှိသည့်တိုင် အရပ် ၆ပေရှိသည့် အစ်ကိုဖြစ်သူထက် အများကြီး ပိုပုနေသေးသည်။ ထို့အပြင် သူမ၏ရင်ဘတ်နေရာကလည်း တော်တော်လေး ဖောင်းပွနေ၏။ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်လို ဝတ်ဆင်ထားသည့် အရိပ်အယောင်က တော်တော်လေး သိသာလှသည်။

ဟန်လင်းက လုပ်ဖော်ကိုင်ဖက် တချို့က မမြင်ချင်ဟန်ဆောင် ထားကြသည်။ စကားတစ်ခွန်းတွင် ‘အစ်ကိုချူ’ ‘အရာရှိချူ’ ဟူသည့် စကားလုံးက မပြတ်လပ်လှပေ။ သူတို့သည် သူမကို ထောင့်တစ်ခုတွင် ကွယ်ဝှက်ထားပေးကြ၏။

ချူဟွား: “...” အတွင်းလူများက တော်တော်များနေသည်ပင်။

မည်သို့ဆိုစေ။ သူမကတော့ ပြန်ရောက်လျှင် မိခင်ဖြစ်သူ၏ ငှက်သိုက်ကိုတော့ လျှော့ချပေးရလိမ့်မည်။

ရုတ်တရက် [တင်း။ သင့်ရဲ့အတင်းပြောစနစ် လိုင်းပေါ်ရောက်ရှိလာပါပြီ]

ချူဟွား: ???

ထိုအသံသည် သူမ၏စိတ်ထဲတွင် တန်းပေါ်လာခဲ့၏။ ရုတ်တရက် ဆန်သော်လည်း ‘အချိန်နောက်ကျမှရောက်လာသည့် ကူးပြောင်းလာသူ ရွှေလက်ချောင်း’ ခံစားချက်တစ်ခု ဖြစ်နေသည်။

[ဟယ်လို၊ သခင်၊ ငါက အတင်းပြောစနစ် ၁၈၈ပါ] Systemက စိုးရိမ်တကြီး အမောတကော မေးလာသည်။ [ပေါင်းစည်းမလား]

ချူဟွား:[အတည်ကြီးလား] စိုးရိမ်လွန်းလို့ ကိုယ့်ဟာကို မိတ်ဆက်တာကိုတောင် ကျော်လိုက်ရတဲ့အထိလား။

Systemကတော့ ငိုကြွေးဖို့ရန် ခြေတစ်လှမ်းအလိုသာ လိုတော့သည်။ [စွမ်းအင် မလောက်တော့လို့ပါ]

ချူးဟွား : [နင်က နည်းပညာရဲ့ ထုတ်ကုန်တစ်ခု ဖြစ်မှာပါ၊ ရှေးခေတ်မှာ ဘယ်လိုလုပ်ပြီး စွမ်းအင်ရနိုင်မှာလဲ။ နေစွမ်းအင်လား]

System: [ဖရဲသီးစားလေလေ စွမ်းအင် စုဆောင်းနိုင်လေလေပဲ။ အတင်းဖျင်းစွမ်းအင်ကို မှီခိုနေရတာ၊ ခဏ‌စောင့်၊ ငါ ကြိုးမဲ့ကွန်ရက်နဲ့ ချိတ်ဆက်လိုက်ဦးမယ်၊ မဟုတ်ရင် ဖရဲသီးစားဖို့ မလွယ်ဘူး]

ချူဟွားက မှင်တက်အံ့ဩသွား၏။ ရှေးခေတ်မှာလဲ ကြိုးမဲ့ကွန်ရက်ကို ချိတ်ဆက်လို့ရတာလား။

188သည် အခု‌လေးတင်မှာ ထုတ်လုပ်ထားသည့် စနစ်သစ်တစ်ခု ဖြစ်၏။ ရှေးခေတ်ကာလကို ကူးပြောင်းလာခြင်းကြောင့် စွမ်းအင် အလွန်အကျွံ သုံးလိုက်ရသည်။ ထို့နောက်တွင် ၎င်းသည် အသင့်တော်ဆုံး သခင်တစ်ယောက်နှင့် ချိတ်ဆက်ရန် ရှာဖွေရာတွင်လည်း စွမ်းအင်သုံးခဲ့ရသေးသည်။ အခုတော့ အနီရောင်အဆင့် ပြနေပြီး စနစ်ပိတ်ကျတော့မည့် အရေးနှင့် ကြုံနေရ၏။ ထို့ကြောင့် ၎င်းက ကြိုးမဲ့ကွန်ရက်ကို မြန်မြန်ဖွင့်လိုက်ရာ မတော်တဆ ‘ဝေမျှမည်’ လုပ်ဆောင်ချက်ကို ဖွင့်မိသွားသည်ကို မသိလိုက်ချေ။

ချူဟွားကို ဗဟိုပြုပြီး အချင်း မီတာ ၅၀အတွင်းက လူတိုင်းက ထူးဆန်းသည့် ကလေးသံတစ်ခုကို ကြားနေရသည်။ သခင်ဟုတ်လား။ ပေါင်းစည်းတာဟုတ်လား။

မင်းကြီး : ???

မှူးမတ်များ: ???

“မင်းကြီး ကြွချီလာပါပြီ__”

မှူးမတ်အရာရှိများအားလုံးက ဒူး‌ထောက်လိုက်ကြပြီး “မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”

ညီလာခံက သည်နေ့၏တိုင်းပြည်အရေးကိစ္စများကို စတင်ဆွေးနွေးကြသည်။ အရင်ဆုံး ထွက်လာသူမှာ အလုပ်သမား ဝန်ကြီးဖြစ်၏။ “ကျွန်တော်မျိုးမှာ တင်ပြစရာ ရှိ...”

ချူဟွားက သူမကို ကာကွယ်ပေးနေသည့် အတွင်းလူများ၏ အကာအကွယ်ကို အားကိုးကာ သူမနေရာကို ချောချောမောမော စွန့်ခွာလာနိုင်ခဲ့သည်။ [ဖရဲသီးစားတဲ့စနစ်တဲ့။ တခါမှ မကြားဖူးပါဘူး]

မင်းကြီး : ???

မှူးမတ်များ: ???

မိန်းမတစ်ယောက်က ညီလာခံထဲမှာ ဘယ်လိုလုပ်ပြီးတော့ စကားပြောနေတာလဲ။

အလုပ်သမားဝန်ကြီးသည် ခဏလောက် ရပ်တန့်သွားပြီးမှ ဆက်ပြောလိုက်၏။ “အရင်လက မြို့တော်မှာ မိုးအသည်းအသန် ရွာခဲ့တာ...”

ချူဟွား: [လိုရင်းကို ပြော]

အလုပ်သမားဝန်ကြီး: “...” ဘယ်သူ ငါ့ကို ဆန့်ကျင်နေတာလဲ။

ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူက ဆက်ပြောလိုက်၏။ “ကြယ်တာရာကြည့်တဲ့ စင်မြင့်ကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း ပြီးစီးအောင် မဆောက်နိုင်တော့ပါဘူး...”

မှူးမတ်အရာရှိများအားလုံးက အသံရင်းမြစ်ကို တိုးတိုးတိတ်တိတ် ရှာဖွေနေကြလေသည်။ အသံကို မှတ်မိနေသည့် ချူဖျင်ကတော့ မေ့လဲခါနီးပင်။

Systemသည် စွမ်းအင် အများကြီး မကျန်တော့ဘဲ ချူဟွား၏ ငြင်းပယ်ခံရမည်ကို စိုးရိမ်သဖြင့် သတင်းအကြီးကြီးတစ်ခုကို သည်အတိုင်း ဖွင့်ချလိုက်တော့၏။ [မင်းသား ၃က ဘုရင့်သားအရင်း မဟုတ်ဘူးတဲ့]

ချူဟွား: ???

[အိုက်ယိုး__ တစ်ချီထဲက ဒီလောက် သတင်းအကြီးကြီးကို ချပြလိုက်တာလား။ အကျယ်ချဲ့ပြီး ငါ့ကို ထပ်ပြောပြပါဦး]

မင်းကြီး: ???

မှူးမတ်အရာရှိများ: ???

ဘယ်သူ အရမ်းကို အတင့်ရဲနေတာလဲ။ ခေါင်းကို မလိုချင်ကြတော့ဘူးလား။

မင်းကြီးမျက်နှာတော်သည် ညိုမည်းသွားပြီး အလုပ်သမားဝန်ကြီးက လျှောက်တင်နေသည်ကို ရပ်ထားလိုက်ကာ ညီလာခံတစ်ခုလုံးသည် အပ်ကျသံကို ကြားနိုင်လောက်သည်အထိ အလွန်တိတ်ဆိတ်ငြိမ်သက် သွားတော့သည်။ ချူဖျင်ခမျာကတော့ သေလောက်အောင် လန့်ဖျပ်နေတော့၏။

ချူဟွား၏ အတင်းပြောသူတို့၏ လေသံကို ကြားလိုက်ရသည်နှင့်ချက်ချင်း systemသည် သည်တကြိမ်တွင်တော့ သခင် ရသွားပြီဟု သိလိုက်လေသည်။

System: [လွန်ခဲ့တဲ့ နှစ်၂၀တုန်းက မင်းကြီးက တောင်ပိုင်းကို တိုင်းခန်းလှည့်လည်တုန်းက မိန်းမလှတချို့ကို ချီးမြောက်ခဲ့တယ်လေ၊ ဆောင်ကြာမြိုင်က မိန်းက‌လေးတွေထဲက တစ်‌ယောက်က သမီးတစ်ယောက် မွေးဖွားခဲ့တယ်။ ဒါပေမဲ့ မင်းသမီးတစ်ယောက်နဲ့ မင်းသားတစ်ယောက်ရဲ့ အရှိန်အဝါက လုံးဝ မတူဘူးလေ၊ သူက သူ့သမီးကို ဆောင်ကြာမြိုင်မှာ ထားခဲ့ပြီး တခြားတစ်ယောက်က မွေးထားတဲ့ ယောက်ျားလေးကို ခေါ်ပြီး မင်းကြီး သူ့ကို ပေးခဲ့တဲ ကျောက်စိမ်းဆွဲပြားနဲ့ မြို့တော်ကို တက်လာခဲ့တယ်၊ သွေးစစ်ဆေးပြီး အသိအမှတ် ပြုခံရပြီးနောက်မှာ သူက တော်ဝင်မိသားစုရဲ့ ကျောက်စိမ်းစာအုပ်ထဲ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့တယ်လေ]

မင်းကြီး: ??!

မှူးမတ်အရာရှိများ: ??!

တော်ဝင်မင်းသမီးကို စွန့်ပစ်ပြီး တော်ဝင်သွေးကို ရောနှောခဲ့တာပဲ။ သေသင့်တယ်။

ချူဟွား: [ဒါက မင်းသား အစစ်နဲ့ အတု ဇာတ်လမ်းဖြစ်နေတာကိုး။ ပျင်းဖို့ကောင်းတယ်]

System: [မဟုတ်ဘူး။ အခုမှ အဓိကအချက်လာမှာ။ သူ ခေါ်ပြန်လာခဲ့တဲ့ မင်းသားအတုက အရင်မင်းဆင်ရဲ့ တော်ဝင်သွေးတဲ့။ သူ အရင်မင်းဆက်က စစ်သူကြီးတွေနဲ့ ပူးပေါင်းကြံစည်နေတာ။ သူက ရဲမက်တွေကို ခေါ်ယူဖို့နဲ့ ထီးနန်းတက်ဖို့ ရုံးတော် အရာရှိတွေရဲ့စိတ်ကို ရဖို့ အရင်မင်းဆက်ရဲ့ ရတနာသိုက်ကို တူးတော့မှာ]

မင်းကြီး: ??!

မှူးမတ်အရာရှိများ: ??!

မင်းသား၃က တကယ်တော့ အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တစ်‌ယောက်။ ထီးနန်းလုပြီး အရင်မင်းဆက်ကို ပြန်ထူထောင်ဖို့ ကြိုးစားနေတာတဲ့လား။ သေသင့်တယ်။

ချူဟွား: [ဇာတ်လမ်းဟောင်းကြီးပဲ။ ပျင်းဖို့ကောင်းတယ်။ နင် ရတနာသိုက် မြေပုံကို ဆွဲနိုင်မယ်ဆိုရင်တော့...]

System: [ဒါက ဘာတွေ အဲလောက်ခက်နေလို့လဲ။ ငါ နင့်ကို ရတနာတွေ သွားတူးဖို့ ခေါ်သွားပေးမယ်]

ချူဟွား: [စနစ် ငါ နင်နဲ့ အပြန်အလှန် အကျိုးပြုလို့ရတယ်၊ ဒါဆိုလဲ ပေါင်းစည်းလိုက်ကြတာပေါ့ ]

System: [ဟုတ်ပြီ]

ကလေးများစွာနှင့် ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲတွင် ငွေမရှိတော့သည့် မင်းကြီး : !!!

ဘဏ္ဍာတိုက် အလွတ်နှင့် သုံးစရာငွေ မရှိကြတော့သည့် မှူးမတ်အရာရှိများ: !!!

မင်းနဲ့အတူ ငါတို့ကိုလဲ ခေါ်သွားပါ။

ငွေရှိတာ မရှိတာ အရေးမကြီးပါဘူး။ အဓိကက ရတနာသိုက် ရှာပုံတော်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်လေ။

မြန်မြန်။ မြန်မြန်။ ငါတို့ကို အသေးစိတ်ပြောပါဦး။

နေရာအတိအကျ။ ရတနာသိုက်လမ်းကြောင်းနဲ့ အထဲမှာ ပစ္စည်းတွေ ဘယ်နှစ်မျိုးရှိတယ်ဆိုတာကို သေသေချာချာ ပြော။ ဒါမှ ရတနာသိုက် တူးဖော်ဖို့နဲ့ သယ်ယူလာဖို့ လူအရေအတွက်ကို စီစဉ်ပေးနိုင်မှာ။

System: [ငါ ဖရဲသီးခင်းထဲသွားပြီး အားသွားသွင်းလိုက်ဦးမယ်။ သခင် ငါ့ကို စောင့်နေနော်~]

ချူဟွား: [သွားလေ။ ငါ တစ်ရေးလောက် အိပ်လိုက်ဦးမယ်၊ ဝါး... ညီလာခံတက်ဖို့ မနက်၃နာရီ ထနေရတယ်လို့၊ ဒါကြီးက ဘယ်လို လူ့ဒုက္ခမျိုးပါလိမ့်။ အိပ်ချင်လိုက်တာ]

မင်းကြီးနှင့် မှူးမတ်အရာရှိများသည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။ ဖရဲသီး မစားတော့ဘူးလား။ ရတနာသိုက် မတူးတော့ဘူးလား။

ဒါက...

ထားလိုက်ပါလေ။ တိုင်းပြည့်အရေးက ထိပ်တန်း ဦးစား‌ပေးရမှာပါ။

ပြည့်အရေးကို ဆွေးနွေးမှုများအား ဆက်ပြီး လုပ်ဆောင်လိုက်ကြသည်။

မင်းကြီးသည် သူ့အပါးတော် ကုန်းကုန်းကို ဆင့်ခေါ်လိုက်ပြီး ညွှန်ကြားချက်တစ်ခု တီးတိုးမိန့်ကြားခဲ့၏။

ဒီနေ့ ညီလာခံထဲမှာ တော်ဝင်လျှို့ဝှက်ချက်ကို လူဘယ်နှစ်‌ယောက် ကြားသွားလဲ။ မင်းသား ၃ရဲ့ အကြောင်းက အမှန်ပဲလား။ ဒီနေ့ ညီလာခံထဲ အမျိုးသမီးအသံက ဘယ်သူလဲ။ တော်ဝင်လျှို့ဝှက်ချက်ကို ထူးထူးခြားခြား သိနေတဲ့လူက ဘယ်သူလဲ။ ဒါတွေအားလုံးကို နန်းစောင့်တပ်က စုံစမ်းဆေးစေ။

*

မနက်ခင်း ညီလာခံပြီးသွားသည့်နောက်တွင် ချူဟွားသည် လျိုကျန်းနှင့် တခြားသူများနောက်လိုက်ကာ ဟန်လင်းကျောင်းသို့ လိုက်လာခဲ့လေသည်။ လျိုကျန်းက စာအုပ်များနှင့် စာလိပ်များပြည့်နေသည့် စားပွဲတစ်လုံးကို လက်ညှိုးထိုးပြလိုက်၏။

ဟန်လင်းကျောင်းတော်သည် မင်းကြီး စာပေဝန်ထမ်းများဖြစ်ပြီး တော်ဝင်အမိန့်တော် မူကြမ်းရေးခြင်း၊ သမိုင်းကြောင်း စာအုပ်များကို ကျမ်းပြုခြင်းနှင့် တော်ဝင်ကျောင်းတော် သင်ကြားရေး ဘာသာရပ်များကို သင်ကြားပေးခြင်း အပါအဝင် ရုံတော် နေ့စဉ်အလုပ်များကို တာဝန်ယူရသည်။

ချူဟွားသည် လျှို့ဝှက်အချက်အလက်များကို မထိကိုင်ရဲသဖြင့် သမိုင်းစာအုပ်တစ်အုပ်ကို ဟန်ဆောင်ပန်ဆောင် ကောက်ကိုင်လိုက်၏။

[စနစ် ဖရဲသီးစားရအောင်]

ဟန်လင်းကျောင်းတော်မှ အရာရှိများ:!!!

အခုလေးတင်မှ အပြေးအလွှားရောက်လာသည့် တော်ဝင်နန်းစောင့်တပ်မှူး: “…” တကယ် မင်း ဖြစ်နေတာပဲ။

System [အခုချက်ချင်း လာပါပြီ။ သခင် ဘာသိချင်လဲ၊ နင့်ကြည့်တာ ဘုရင်ရဲ့ ဦးထုပ်စိမ်းကို အရမ်း စိတ်ဝင်စားတဲ့ပုံပဲ။ ငါ ဒီအကြောင်း နင့်ကို ပြောရမလား]

ချူဟွား:[စနစ် နင်က အရမ်း ဉာဏ်ကောင်းတာပဲ၊ လုပ်ပါဦး၊ ငါ့ကို ထပ်ပြောပြပါဦး၊ တိုက်တိုက်ဆိုင်ဆိုင် ငါလည်း အားနေတယ်]

ဟန်လင်းကျောင်းက အရာရှိများ: !!!

သူတို့တွေကတော့ မအားကြပါဘူး။ ဒါက တော်ဝင်လျှို့ဝှက်ချက်တစ်ခုလေ။ တကယ်လို့ သူတွေ အများကြီး သိသွားရင် မကောင်းတာ တစ်ခုခု ဖြစ်သွားလိမ့်မယ်။ မပြောပါနဲ့။

လျိုကျန်းက သမိုင်းစာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး “ညီလေးချူ”

အတင်းထဲတွင် စိတ်ရောက်နေသည့် ချူဟွားက ပြန်မဖြေချေ။ လျိုကျန်းက ၂ခါလောက် ချောင်းဟန့်လိုက်ပြီး သူမကို သတိပေးလိုက်၏။ “ချူချင်း”

System [သခင် ကိုလူချောလေးက နင့်ကို ခေါ်နေတယ်]

ကိုလူချော လျိုကျန်း ?

ချူဟွား: “အစ်ကိုလျို”

သူမ၏အသံက ပျော့ပြောင်းနေပြီး ချူချင်း၏အသံကတော့ ကြည်လင်သည်။ ဒါက သူမကို နေရာတွင်ပင် ‌ပေါ်ပေါက်သွားစေလေ၏။

ကံအားလျော်စွာ သည်နေရာတွင် ရှိနေကြသူအားလုံးက အတွင်းလူများ ဖြစ်ကြသည်။

ချူဟွား၏ စကားသံကို ကြားလိုက်ရသည်တွင် ဟန်လင်းကျောင်းတော်က အရာရှိများသည် သူတို့နားထဲတွင် တော်ဝင်လျှို့ဝှက်ချက်များကို တီးတိုးပြောနေသူမှာ မင်းကြီးက သူ့ကို ဖုံးကွယ်ခိုင်းထားသည့် ချူချင်းအတုဖြစ်နေသည်ကို ပိုသေချာသွားကြတော့၏။

လျိုကျန်းသည် မကြားလိုက်သယောင် သူ့လက်ထဲက သမိုင်းစာအုပ်ကို လှမ်းပေးလိုက်ပြီး “ညီလေးချူ ဒါကို တစ်ချက်ကြည့်ပေးပါဦး”

ချူဟွားက စာအုပ်ကို လက်ခံလိုက်ပြီး ကြည့်လိုက်၏။ ‘ကျင်းရှီ’ - တရားမဝင်သမိုင်းကြောင်း စာအုပ်ဖြစ်နေသည်။ သူမကို ဘာကြောင့် ပေးလာပါလိမ့်။

Systemကလည်း စာဖတ်နေသည်။ [တရားမဝင်သမိုင်းကြောင်းရဲ့ တရားဝင် ပြန်လည်ပြင်ဆင်ချက်ဆိုတာ ဘာလဲ]

ချူဟွား: [ဟန်လင်းကျောင်းတော်က သမိုင်းစာအုပ်တွေကို ဟန်လင်း အရာရှိတွေပဲ ရေးရမယ်လို့ ဘယ်သူပြောထားလို့လဲ၊ လူတွေလည်း တရားမဝင် သမိုင်းကြောင်းစာအုပ်ကို ဝယ်ပြီး အပျင်းခိုတဲ့အခါ ဖတ်လို့ရတာပဲမလား၊ စနစ် ဘဝမှာ ပျော်ရွှင်မှု ၄ပါးရှိတယ်ဆိုတာ နင် သိသင့်ပါတယ်။ မင်္ဂလာဦးညရယ်၊ ရာထူးတိုး ချမ်းသာခြင်းရယ်၊ အလုပ်ခိုကပ်တာနဲ့ အလေးသွားဖို့ အခကြေးငွေ ပေးရတာရယ်]

System [ဝိုး__]

ဟန်လင်း‌ကျောင်းတော်က အရာရှိများ: “…”

နန်းစောင့်တပ်မှူး: “…”

အလုပ်ခိုကပ်တာတဲ့လား။ အလေးသွားတာတဲ့လား။ သောက်ကျိုးနဲတွေပါ။

လျိုကျန်း: “ညီလေးချူ အချိန်ယူပြီး ဖတ်လိုက်ပါဦး၊ အလျင်လိုစရာ မလိုပါဘူး၊ မင်း ဒါကို ဖတ်ပြီးသွားရင် ငါ့မှာ တခြားစာအုပ်တွေ ရှိသေးတယ်”

လိုရင်းကို ပြောရလျှင်ဖြင့် သူမသည် ဘာမဆိုဖတ်နိုင်ပြီး ဟန်လင်းကျောင်းတော်ထဲတွင် တော်ဝင်လျှို့ဝှက်ချက်များကို ကျေးဇူးပြုပြီး မပြောရန်ပင်။

ချူဟွားက လျိုကျန်း ထွက်သွားသည်ကို စောင့်ကြည့်လိုက်ပြီး ကျင်းရှီကို ဖွင့်ကြည့်လိုက်၏။ [အိုး... အရင်မင်းဆက်ရဲ့ မင်းကြီးက အနောက်ဆောင်မှာ တကယ်တော့ ‌မောင်းမတော် ၇၆၀ ရှိတာတဲ့၊ နှစ်နှစ်တိုင်း တစ်ရက်... အိုက်ယိုး... ဒါက ဘယ်လို သုခမျိုးလဲ]

Systemက အမှန်ပြင်ပေးသည်။ [အတိအကျပြောရမယ်ဆိုရင် တကယ်တော့ ၈၁၃ယောက်၊ ခြေတော်တင်ခဲ့ပြီးမှ ရာထူးမရခဲ့တဲ့ မောင်းမတော်တွေလည်း ရှိသေးတယ်]

လျိုကျန်းသည် တိတ်တိတ်လေး ချမှတ်ထားလိုက်ပြီး အချက်အလက်ကို ပြင်ဆင်ရန် အခွင့်အရေးတစ်ခု ရှာဖို့ ပြင်ဆင်ထားလိုက်၏။

ချူဟွားက သက်ပြင်းချလိုက်ပြီး [ဒီအရေအတွက်နဲ့ဆိုရင် သရှန်းက မပုန်ကန်ရင်တောင် သူ မောပန်းကြီး သေသွားမှာပဲလေ]

ဟန်လင်းကျောင်းတော် အရာရှိများ: “…”

နန်းစောင့်တပ်မှူး: “…”

ကလေးမ နင် ဘယ်လိုလုပ်ပြီး အဲလို တဲ့တိုးကြီး ပြောရတာတုံး။

တစ်နာရီ ကြာသွားပြီးနောက် တော်ဝင်စာဖတ်ခန်းထဲတွင် နန်းစောင့်တပ်မှူးသည် သည်နေ့ စုံစမ်းရေးရလဒ်များကို တင်ပြလိုက်လေသည်။

၁။ မီတာ၅၀ အပြင်က လူများသည် အသံကို မကြားရပါ။ ချူဟွားနှင့် ပိုနီးလေလေ အသံကို ရှင်းရှင်းလင်းလင်း ပိုကြားရလေလေ။

၂။ မိဖုရားဝမ်က မင်းသမီးတစ်ပါးကို မွေးဖွားပြီး သူမကို ဆောင်ကြာမြိုင်တွင် ထားခဲ့‌ကြောင်း ဝန်ခံခဲ့သည်။ မင်းသား ၃က အရင်မင်းဆက်၏ အကြွင်းအကျန်တစ်ယောက် ဟုတ်မဟုတ်ဆိုသည်ကိုလည်း အတည်ပြုပြီးကြောင်း။

၃။ ညီလာခံထဲက အသံသည် ချူဟွားထံမှလာကြောင်း။ အသံထွက် ပြောစရာမလိုကြောင်း။ သူမသည် စိတ်ထဲတွင် စနစ်လိုအရာနှင့် ဆက်သွယ်နိုင်ကြောင်း။ စနစ်ဟူသည့် အရာ၏ သဲလွန်စ မရှာတွေ့သေးကြောင်း။

မင်းကြီးသည် ထိုလျှောက်တင်လွှာကို အကြာကြီး စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာသည် အကဲဖြတ်လို့ မရနိုင်ချေ။

ညီလာခံထဲတွင် တော်ဝင်လျှို့ဝှက်ချက်ကို ပြောပြီး ထိုအကြောင်းကို အားလုံး သိရှိသွားရုံနှင့် ချူဟွား၏ဦးခေါင်းကို ဖြတ်ပစ်ရန်လုံလောက်သည်။

သို့သော်လည်း ချူဖျင်က နှစ်‌ပေါင်း ၂၀ကျော် ဝီရိယနှင့် အလုပ်လုပ်လာခဲ့ပြီး ချူချင်းကလည်း သူ့အတွက် ကိစ္စတစ်ခုကို ဖြေရှင်းပေးရန် သူ့အသက်ကို စွန့်စားထားရသည်။ သူမကို ယောက်ျားတစ်ယောက်လို ဝတ်စားခိုင်းပြီး သူမအစ်ကိုကိုယ်စား ညီလာခံ တက်ခိုင်းသည်ကလည်း သူ့စိတ်ကူးပင်။ မင်းသား၃ကို အရင်မင်းဆက်၏ အကြွင်းအကျန်တစ်ယောက် အဖြစ် သံသယဖြစ်ခဲ့သည့် ကိစ္စကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ သူမကို သတ်ဖို့ရန်က မလွယ်ကူလှချေ။

ပိုအရေးကြီးသည်က အရင်မင်းဆက်၏ ရတနာသိုက်ပင်။ နှစ်တိုင်း တောင်ပိုင်းတွင် ရေကြီးနေပြီး ကပ်ဘေးကယ်ဆယ်ရေး၏ သုံးသန်းသောငွေများကလည်း အလွဲသုံးစားလုပ်ခံခဲ့ရသည်။ နိုင်ငံ့ဘဏ္ဍာတိုက်က ကပ်ဘေးကယ်ဆယ်ရေးအတွက် နောက်ထပ်ငွေပမာတစ်ခုကို ထုတ်ပေးခဲ့ရသည်။ သို့သော် ငွေက မရှိတော့ပေ။ သူ့တွင်လည်း မိဖုရားများနှင့် ကလေးများက အများကြီး ရှိသေးသည်။ ထို့အပြင် သူသည် နှစ်တိုင်း ပွဲတော်များတွင် လက်ဆောင်များနှင့် ဆုတော်များလည်း ချီးမြှင့်ရသေးသည်။ ထို့ကြောင့် သူ၏ကိုယ်ပိုင် ဘဏ္ဍာတိုက်ကလည်း အမှန်ပင် ကျပ်တည်းနေ၏။

အရင်မင်းဆက်၏ ရတနာသိုက်က အချိန်ကိုက် ရောက်လာခြင်းပင်။

ထိုအကြောင်းကို အကြိမ်ကြိမ် အခါခါ တမြုံ့မြုံ့တွေးပြီး ထပ်ခါထပ်ခါ တွေဝေခဲ့ပြီးနောက်တွင် မင်းကြီးသည် ချုဟွား၏ သူ့ခေါင်း‌ပေါ်က ဦးထုပ်စိမ်း အရေအတွက်အား စိတ်ဝင်စားနေမှုကို မတတ်သာတော့ဘဲ ဂရုစိုက်ရလေတော့သည်။

“ချူဖျင်ကို ဆင့်ခေါ်လိုက်”

သူသာ ဒါကို ကောင်းကောင်း မလုပ်ခဲ့ရင် ကလေးမလေးကတော့ ကောင်းမွန်တဲ့ဘဝ လိမ့်မယ်မထင်နဲ့။ ဟ ဟ။

ဆင့်ခေါ်မိန့် သတင်းရောက်လာချိန်တွင် ချူဖျင်သည် ‘နှုတ်ဆက်ပါတယ်’ဟု ပြောနေသည့် သူ့လုပ်ဖော်ကိုင်ဖက်များ၏ မျက်လုံးထဲက သနားစဖွယ်အကြည့်နှင့် တရားရေးဌာနမှ တုန်တုန်ယင်ယင် ထွက်လာခဲ့လေသည်။

တော်ဝင်စာဖတ်ခန်းထဲသို့ ဝင်လိုက်သည်နှင့်ချက်ချင်း ချူဖျင်သည် ကုပ်ကပ်ဖက်တွယ်ကာ တော်ဝင်စာပွဲဆီသို့ လေးဖက်ထောက်လာခဲ့တော့သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့သမီးက ငယ်ရွယ်ပြီး မသိနားမလည်သူပါ၊ ကျေးဇူးပြုပြီးတော့ ချူမိသားစုရဲ့ သစ္စာတော်ကို ထောက်ထားစာနာပြီး သူ့အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော်မျိုးက အိမ်မှာ သူ့ကို ပိတ်လှောင်ထားပြီး ဘယ်နေရာကိုမှ သွားခွင့်မပေးတော့ပါဘူး”

“ထပါ အမတ်မင်း” မင်းကြီး၏မျက်နှာတော်သည် ဘာဒေါသ အရိပ်အယောင်မှ မရှိဘဲ သိမ်မွေ့နေလေသည်။ “သူက ကလေးပဲ ရှိပါသေးတယ်၊ ငါကိုယ်တော် သူနဲ့ပြိုင်ပြီး အငြိုးမထားပါဘူး”

ချူဖျင်သည် ခဏလောက် မှင်တက်အံ့ဩသွား၏။ သဘောထားသေးသိမ်ပြီး အငြိုးကြီးတဲ့ မင်းကြီးက စာရင်း မရှင်းဘူးတဲ့လား။ ဒီနေ့ နေ အနောက်ဘက်က ထွက်ခဲ့တာလား။

မည်သို့ဆိုစေ ဘာမှ မဖြစ်ခဲ့သည်က ကောင်းပေသည်။ သူသည် အလျင်အမြန် ဒူးထောက်လိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်၏။ “ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး”

မင်းကြီး ပြုံးတော်မူပြီး မိန့်လိုက်၏။ “ငါကိုယ်တော် သူ့ကို အပြစ်မပေးတဲ့အပြင် ဆုတော် ချီးမြှင့်ရမယ်”

ချူဖျင်: ?!!

အိုး။ ဒုက္ခပဲ။ မင်းကြီးကို ရူးမိုက်လောက်တဲ့အထိ ဒေါသထွက်စေပါပေါ့လား။

…

All Chapters