မနက်သုံးနာရီတွင် ချူဟွားသည် သူမအမေအရင်း၏ အိပ်ရာထဲက ဆွဲထုတ်ခံခဲ့ရပြီး သူမအစ်ကိုဖြစ်သူ၏ ရုံးဝတ်စုံကို ဝတ်ဆင်ပေးခံလိုက်ရသည်။ အဖေအရင်း: “နင့်အစ်ကိုက မင်းကြီးအတွက် ကိစ္စတွေကို ဆောင်ရွက်ပေးဖို့ ခရီးထွက်နေရတယ်၊ အာရုံမဆွဲဆောင်မိအောင် ဒီကာလအတွင်းမှာ နင်က နင့်အစ်ကိုကိုယ်စား ညီလာခံတက်ပေးရမယ်၊ ညီလာခံကိုရောက်ရင် ထောင့်မှာပဲ လိမ်လိမ်မာမာနဲ့ ပုန်းနေပြီး နင့်မျက်နှာလဲ ထွက်မပြနဲ့ ဘာဆူဆူညံညံမှလဲ မလုပ်နဲ့နော်” ချူဟွား: ? “သမီးက အစ်ကို့ထက် အရပ်အများကြီး ပုတယ်လေ၊ နားပေါက်လဲ ဖောက်ထားသေးတယ်၊ သမီးရဲ့အသားအရည်အရောင်ကလည်း မတူဘူး..” သူမ၏အမေက အတွင်းဖက်ကနေ ချုပ်ထားတဲ့ ခုံထူဘွတ်ဖိနပ်တစ်ရံ ထုတ်လာပြီး သူမ၏မျက်နှာ၊ နား၊ လည်ပင်း၊ လက်တွေကို ပေါင်ဒါနဲ့ လိမ်းပေးလိုက်တယ်။ သူမက လုံးဝကို ပြင်ဆင်ထားခဲ့ခြင်းပင်။ ချူဟွား: “...မင်းကြီးကို လှည့်စားမဲ့ ပြစ်မှုကို ကျူးလွန်ဖို့ လိုလို့လား” အဖေကတော့ ဣန္ဒြေမပျက် လှမ်းကြည့်လိုက်ပြီး “မင်းကြီး ခွင့်ပြုထားပြီးသား” ချူဟွား: ?? ကောင်းလိုက်လေ။ မင်းကြီးကို လှည့်စားဖို့ အမိန့်တော်ရထားသတဲ့လား။ ရှင်တို့ အာဏာရှင်တွေနဲ့ အမတ်မင်းတွေက အရမ်းကို အသစ်အဆန်း ပုံစံနဲ့ ကစားနေကြတာပဲ။ - အစ်ကိုဖြစ်သူအတွက် ညီလာခံတက်ပေးနေရသည့် ချူဟွားတစ်ယောက် ပျင်းရိငြီးငွေ့လာသည့်အချိန်တွင် ကောင်းကင်ပေါ်မှာ systemတစ်ခု ပြုတ်ကျလာခဲ့၏။ [တင်း။ သင့်ရဲ့ဖရဲသီးစားတဲ့စနစ် လိုင်းပေါ် ရောက်လာပါပြီ] ယခုလေးတင်မှာ စက်ရုံထဲကထွက်လာသည့် လက်သင်systemလေးသည် ရှေးခေတ်သို့ ကူးပြောင်းလာခဲ့လေ၏။ သူသည် energyနည်းပါးလွန်းသည့်အတွက် စိတ်ပိတ်ကျတော့မည့်အရေး ဖြစ်နေသည်။ ကပျာကယာနှင့် သတိမထားမိလိုက်ဘဲ မျှဝေမည်လုပ်ဆောင်ချက်ကို ဖွင့်မိသွားခဲ့သည်။ မီတာ ၅၀ ဝန်းကျင်အတွင်းက လူတိုင်းက လူတစ်ယောက်နှင့် systemတစ်ခုတို့၏ စကားဝိုင်းကို ကြားနိုင်ကြတော့၏။ System: [သခင် ပေါင်းစည်းချင်ပါသလား] ချူဟွား: [ဖရဲသီးစားတဲ့စနစ်တဲ့။ တစ်ခါမှ မကြားဖူးဘူး။ လိုရင်းကို လုပ်ပြီး ဥပမာလေး ပြစမ်းပါဦး] Systemက တကယ့်အကြောင်းအရာကြီးတစ်ခုကို ဖော်ထုတ်တော့သည်။ [မင်းသား၃က ဘုရင်ရဲ့သားအရင်း မဟုတ်ဘူးတဲ့] ချူဟွား:??? [အိုက်ယိုး— လာလာချင်းကို ဒီလိုစိတ်လှုပ်ရှားစရာနဲ့လား၊ ရှင်းစမ်းပါဦး] မင်းကြီး:??! ရာချီသည့် အမတ်များ: ??! အတင့်ရဲလိုက်လေ။ ခေါင်းကို မလိုချင်ကြတော့ဘူးလားကွ။ System: [လွန်ခဲ့တဲ့ နှစ်၂၀တုန်းက ဘုရင်က တောင်ပိုင်းကို တိုင်းခန်းလှည့်လည်တုန်းက မိန်းမလှလေးတွေအများကြီးနဲ့ တွေ့ဆုံခဲ့တယ်၊ ဆောင်ကြာမြိုင်က မိန်းကလေးတွေထဲက တစ်ယောက်က သမီးတစ်ယောက် မွေးခဲ့တယ်၊ ဒါပေမဲ့ မင်းသားနဲ့ မင်းသမီးရဲ့ အကျိုးခံစားခွင့်က လုံးဝကို ကွာခြားတယ်လေ၊ သူက သူ့သမီးကို ဆောင်ကြာမြိုင်မှာပဲထားခဲ့ပြီး တခြားတစ်ယောက်ရဲ့ သားယောကျ်ားလေးကို ခေါ်ပြီး ဘုရင်ပေးခဲ့တဲ့ ကျောက်စိမ်းဆွဲပြားနဲ့အတူ မြို့တော်ကို တက်လာခဲ့တယ်၊ သွေးစက်ချနည်းနဲ့ သွေးသားအရင်းဖြစ်ကြောင်း အသိအမှတ်ပြုပြီးတဲ့နောက်မှာ သူက တော်မိသားစုထဲကို အောင်အောင်မြင်မြင်နဲ့ ဝင်နိုင်ခဲ့တယ်] မင်းကြီး:??! ရာချီသည့်အမတ်များ:??! တော်ဝင်မင်းသမီးကို စွန့်ပစ်ခဲ့ပြီး တော်ဝင်မျိုးဆက်ကို သွေးနှောအောင် လုပ်ခဲ့တာပဲ။ သူ့ကို သေမိန့်ပေးသင့်တယ်။ ချူဟွား: [မင်းသား အစစ်နဲ့အတု ဇာတ်လမ်းဖြစ်နေတာကိုး၊ ပျင်းဖို့ကောင်းတယ်] System: [မဟုတ်ဘူး။ အခုမှ တကယ့်အချက်လာမှာ။ သူ ခေါ်လာခဲ့တဲ့ မင်းသားအတုက အရင်မင်းဆက်ရဲ့ တော်ဝင်မိသားစုကတဲ့၊ အခု သူက အရင်မင်းဆက်ရဲ့စစ်သူကြီးနဲ့ ပူးပေါင်းပြီး စစ်တပ် ဖွဲ့စည်းဖို့နဲ့ နန်းတက်ဖို့ အရင်မင်းဆက်က ချန်ခဲ့တဲ့ ရတနာသိုက်ကို တူးဖော်ဖို့ ပြင်ဆင်နေပြီ] မင်းကြီး:??! ရာချီသည့်အမတ်များ:??! မင်းသား၃က တကယ်တော့ အရင်မင်းဆက်ရဲ့လက်ကျန်တဲ့။ နန်းလုပြီး အရင်မင်းဆက်ကို ပြန်အသက်သွင်းဖို့ ကြိုးစားနေတာတဲ့။ သေသင့်တယ်။ ချူဟွား: [ဇာတ်လမ်းဟောင်းပါပဲ၊ ပျင်းစရာကြီး။ နင် ရတနာသိုက် မြေပုံဆွဲနိုင်ရင်တော့...] System: [ဒါများ ဘာခက်လို့လဲ၊ ငါ နင့်ကို ရတနာတူဖော်ဖို့ ခေါ်သွားပေးမယ်] ကလေးအများကြီးနှင့် ကိုယ်ပိုင်ဘဏ္ဍာတိုက်တွင် ငွေမရှိတော့သည့်မင်းကြီး: !!! ငွေတိုက်က ပြောင်ရှင်းနေပြီး သုံးစရာမရှိကြရှာတဲ့ အရာရှိများ:!!! ငါ့ကို/ငါတို့ကို ခေါ်သွား! ငွေဖြစ်ဖြစ် ဘာဖြစ်ဖြစ် အရေးမကြီးပါဘူး။ အဓိကအချက်က ရတနာသိုက် တူးဖော်တာက ပိုပျော်စရာ ကောင်းမှာပဲလေ။ - ချူဟွားနှင့် ဖရဲသီးစားသည့် systemကို အားကိုးပြီး သရှန်းနိုင်ငံသည် အရင်မင်းဆက်၏ ရတနာများကို အောင်အောင်မြင်မြင် တူးဖော်နိုင်ခဲ့ပြီး မြစ်ချောင်းများ၊ အရည်အချင်းရှိသူများ၊ နွားကျောက်ရောဂါ ကာကွယ်ဆေးနှင့် ကန်စွန်းဥများကို ထွက်နှုန်းမြင့်အောင် စီမံဆောင်ရွက်နိုင်ခဲ့သည်။ မင်းကြီးနှင့် အမတ်မင်းများကလည်း သုံးလလုံးလုံး အောင်မြင်မှုကို ခံစားနိုင်ခဲ့ကြသည်။ အိပ်မက်မက်လျှင်ပင် သူတို့သည် အပြုံးဖြင့် နိုးထနိုင်ခဲ့ကြသည်။ သို့သော်ငြား သုံးလ ကုန်ဆုံးသွားပြီးနောက် ချူချင်းသည် ပြန်ရောက်လာ၏။

