← Chapters

အခန်း ၁၂၉

Vol. 9 Ch. 129

အခန်း ၁၂၉

Vol. 9 Ch. 129

အပိုင်း (၁၂၉)

ပဉ္စမမင်းသားသည် ညီလာခံက အန်းဝမ်ရယ်နှင့် ပိုင်မိသားစုကို မည်သို့ ကိုင်တွယ်မည် ဆိုသည့် ဖရဲသီးကို လူတိုင်း စားသုံးကြမည်ကို မလိုလားသကဲ့သို့ ချူဟွားကလည်း တုန်းဖန်းဟန် သူမကို ချစ်ကြိုက်နေသည့် ဖရဲသီးကို လူတိုင်း စားသုံးကြမည်ကို မလိုလားပေ။ ထို့ကြောင့် နှစ်ဖက်စလုံး ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကြပြီး ညဉ့်နက်ပြီ ဟူသော အကြောင်းပြချက်ဖြင့် အသီးသီး အိမ်ပြန်သွားကြလေ၏။

ဒီည စားသုံးလိုက်ရသည့် ဖရဲသီး အများစုမှာ အရေးမကြီးလှသော်လည်း ယခင်မင်းကြီး အမှားကျူးလွန်လုနီးပါး ဖြစ်ခဲ့သည့် ကိစ္စကတော့ အရေးကြီးဆုံး ဖြစ်သည်။

သည်ကိစ္စသည် အလွန် အရေးကြီးသဖြင့် လင်ယိုမှာလည်း မတင်ပြဘဲ မနေရဲပေ။

ချန်ကျို့တစ်ယောက် မျက်နှာပျက်ပျက်ဖြင့် အရှင်မင်းကြီးကို နွေးထွေးသည့် အိပ်ရာထက်မှ နှိုးလိုက်ရပြီးနောက် မျှော်လင့်ထားသည့်အတိုင်း ဒေါသတကြီး ကြိမ်းမောင်းခြင်းကို ခံလိုက်ရလေသည်။

အရှင်မင်းကြီး ငယ်ရွယ်စဉ်က ယခင်မင်းကြီးသည် ပိုင်ယီယီနှင့် သူမ မွေးဖွားခဲ့သည့် အန်းဝမ်ရယ်ကို မည်မျှ အလေးပေးခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူး၏။ အခြား ကိုယ်လုပ်တော်များနှင့် မင်းသား၊ မင်းသမီးများသည် ယခင်မင်းကြီး မင်းသားဘဝကတည်းက လက်တွဲလာခဲ့သည့် မိဖုရားခေါင်ကြီး အပါအဝင် မည်သူမျှ သူတို့ကို ယှဉ်နိုင်ခြင်း မရှိခဲ့ပေ။

ကံကောင်းသည်မှာ ယခင်မင်းကြီးသည် လုံးဝကြီး မိုက်မဲသွားခြင်း မရှိဘဲ ပိုင်ယီယီနှင့် အန်းဝမ်ရယ်ကို ချစ်ခင်နှစ်သက်သော်လည်း ထီးနန်းကို အန်းဝမ်ရယ်အား ပေးအပ်ခဲ့ခြင်း မရှိပေ။

ယခင်မင်းကြီးက အန်းဝမ်ရယ်သည် တာဝန်ကြီးကို မထမ်းဆောင်နိုင်ဟု ယူဆခဲ့ခြင်းလား သို့မဟုတ် ဖူရွေ့ချင်းဝမ်က သူ့ကို ရိုက်နှက်မည်ကို စိုးရိမ်ခဲ့ခြင်းလား ဆိုသည်ကိုမူ မည်သူမျှ မသိရှိနိုင်တော့ချေ။ တစ်နေ့ system ဖရဲသီး စားသုံးမှသာ အမှန်တရားကို သိရှိနိုင်လိမ့်မည်။

သို့သော် အရှင်မင်းကြီးသည် ထိုအဖြစ်အပျက်ထဲတွင် ယုတ္တိမရှိလွန်းသော ကိစ္စရပ်များ ရှိနေသည်ကို အမှန်တကယ် မသိရှိခဲ့ပေ။ ယခင်မင်းကြီးသည် အမျိုးသမီး တစ်ယောက်ကို ရရှိရန်အတွက် လုပ်ကြံသတ်ဖြတ်သူ လွှတ်ပြီး မှူးမတ်ကို လုပ်ကြံခိုင်းခဲ့သည်တဲ့။

ထိုစဉ်က ကျန်းနန်မြို့ဝန်သည် မိုက်မဲသော ကိစ္စရပ်များ မည်မျှ ကျူးလွန်ခဲ့သည်ဖြစ်စေ သက်သေအထောက်အထား စုဆောင်းပြီး သာ့ရှန်း၏ ဥပဒေဖြင့်သာ စီရင်ဆုံးဖြတ်ရမည် ဖြစ်သည်။ ပုဂ္ဂိုလ်ရေးအရ လက်စားချေခြင်းမျိုး မလုပ်ဆောင်သင့်ပေ။

ထို့အပြင် ယခင်မင်းကြီး၏ ရည်ရွယ်ချက်မှာ ညီလာခံကို သန့်ရှင်းစေရန်၊ အကျင့်ပျက်ခြစားသော အရာရှိများကို အပြစ်ပေးရန် မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး မနာလိုဝန်တိုမှုကြောင့်ပင်။

အကယ်၍ ပိုင်မိသားစုသာ ဦးအောင် မလှုပ်ရှားခဲ့ပါက ဒီကိစ္စ ပေါက်ကြားသွားသည်နှင့် တော်ဝင်မိသားစု၏ အရှုပ်တော်ပုံ ဖြစ်လာပြီး ရှောင်မိသားစု၏ အုပ်ချုပ်မှုကို ကြီးမားစွာ တုန်လှုပ်သွားစေလိမ့်မည်။

အရှင်မင်းကြီးသည် ယနေ့တွင် သူ၏ အမျိုးသမီးကို အခြားသူ ပိုင်ဆိုင်ဖူးသဖြင့် မနာလိုဝန်တိုစိတ်ကြောင့် မှူးမတ်ကို လုပ်ကြံလျှင် မနက်ဖြန်တွင် သူ၏ အရည်အချင်းက အခြားသူလောက် မကောင်းသဖြင့် မနာလိုဝန်တိုစိတ်ကြောင့် မှူးမတ်ကို လုပ်ကြံမည် မဟုတ်ပါလား။

ညီလာခံ အမတ်များပင် ဤသို့ ဖြစ်နေလျှင် အခြားသူများဆိုလျှင် ပြောစရာ လိုသေးပါသလား။ အရှင်မင်းကြီးသည် တစ်စုံတစ်ယောက်၏ စည်းစိမ်ဥစ္စာ၊ အလှအပ သို့မဟုတ် အခြားအရာများကို သဘောကျမိရုံဖြင့် မကောင်းကြံမည် မဟုတ်ပါလား။

ပြင်ပသို့ ပျံ့နှံ့သွားပါက ကိစ္စရပ်များစွာကို ရှင်းပြနိုင်တော့မည် မဟုတ်ပေ။

ရှီးရုံ၊ ပေတိ၊ တုန်းယီတို့မှ သူလျှိုများကပါ ထပ်မံ မွှေနှောက်လိုက်ပါက နောက်ဆက်တွဲ အကျိုးဆက်များကို တွေးဝံ့စရာပင် မရှိတော့ချေ။

"သတင်းပိတ်လိုက်" အရှင်မင်းကြီးက ရက်စက်စွာ မိန့်လိုက်သည်။ "system ပြောတဲ့ စကားတွေကို မရှိဘူးလို့ ပြင်လိုက်၊ သိတဲ့သူ အားလုံး ပါးစပ်ပိတ်ထားကြ"

ချူဟွား system နှင့် ချိတ်ဆက်မိသည်မှာ နှစ်နှစ်ခန့် ရှိပြီ ဖြစ်သောကြောင့် ချူမိသားစု၏ အစေခံများသည် အကြိမ်ကြိမ် စိစစ်ခံထားရပြီး ပါးစပ်အလုံဆုံး လူများကိုသာ ချန်လှပ်ထားခဲ့သည်။ လူအများစုသည် မည်သည့်စကားကို ပြောရမည်၊ မည်သည့်စကားကို ဗိုက်ထဲတွင်သာ ပုပ်သိုးခံလိုက်ရမည်ကို သိရှိကြ၏။

သို့သော် အရှင်မင်းကြီးသည် အန္တရာယ် အနည်းငယ်မျှပင် မခံနိုင်သဖြင့် နှုတ်ပိတ်မိန့် ထပ်မံ ထုတ်ပြန်ရခြင်း ဖြစ်သည်။

လင်ယို: "ကျွန်တော်မျိုး အမိန့်တော် နာခံပါတယ်"

နှုတ်ပိတ်မိန့် မည်မျှ မြန်မြန် ထုတ်ပြန်သည် ဖြစ်စေ သတင်း အသွားအလာ လုပ်ဆောင်နေစဉ်အတွင်း အချိန် အတော်အတန် ကုန်ဆုံးခဲ့ပြီး အချို့လူများ၏ ပါးစပ်ထက်တော့ မမြန်ဆန်နိုင်ခဲ့ပေ။

ဒုတိယမင်းသား ကြင်ရာတော်သည် ပြန်ရောက်သည်နှင့် ဒုတိယမင်းသားကို ပြောပြလိုက်ပြီး ကျန်းရှီကလည်း အိမ်ပြန်ရောက်သည်နှင့် တရားရေးဝန်ကြီးကို ပြောပြလိုက်သည်။ သူတို့ နှစ်ဦးစလုံးသည် ကိစ္စရပ် ကြီးမားကြောင်း သိရှိကြသဖြင့် အခြားသူများကို ဆက်မပြောကြပေ။ သို့သော် သူတို့ ရင်ထဲမှ တုန်လှုပ်မှုများကိုမူ မည်သူမျှ မသိရှိနိုင်ချေ။

ဒုတိယမင်းသားက ပင်ပန်းနွမ်းနယ်စွာ သက်ပြင်းချလိုက်၏။ အဘိုးတော်က မိုက်မဲလိုက်တာ။

တရားရေးဝန်ကြီးက ဘာမှ မပြောသော်လည်း အေးစက်စွာ ပြုံးလိုက်လေသည်။

ယခင်မင်းကြီး နန်းစံစဉ်ကာလက ပိုင်မိသားစု မျိုးဆက်များကို အလွန် အလေးပေးခဲ့ပြီး ညီလာခံ အရာရှိ အများအပြားကို ရည်ရွယ်ချက်ရှိရှိဖြစ်စေ သို့မဟုတ် မရည်ရွယ်ဘဲဖြစ်စေ ဖိနှိပ်ခဲ့ဖူးရာ သူသည်လည်း ထိုအထဲမှ တစ်ယောက် အပါအဝင် ဖြစ်ခဲ့သည်။

အကယ်၍ ထိုစဉ်က ယခင်မင်းကြီးသည် လွန်ကဲစွာ မပြုမူခဲ့ဘဲ ပိုင်မိသားစုက သူတစ်ပါး၏ ကောင်းမှုကုသိုလ်ကို လုယူသည့် ကိစ္စကို ဖုံးဖိကာ အရေးမယူဘဲ မနေခဲ့ပါက ယခုတစ်ကြိမ် အန်းဝမ်ရယ်နှင့် ပိုင်မိသားစု ကျဆုံးချိန်တွင် လူအများအပြားက အဘယ်ကြောင့် ဝင်ရောက် တိုက်ခိုက်ကြပါမည်နည်း။

နောက်တစ်နေ့တွင် ရှန်လုသည် စိစစ် ပြုပြင်ထားသော အစီရင်ခံစာကို ရရှိခဲ့ပြီး အစမှ အဆုံးထိ ဖတ်ရှုကြည့်ရာတွင် အကြောင်းအရာ အများအပြား ပျောက်ဆုံးနေသည်ကို တွေ့ရှိလိုက်ရသည်။

ဒီအချက်ကို သူ နားလည်ပေးနိုင်သည်။ အကြောင်းအရာ မှတ်တမ်းတင်သော နန်းစောင့်တပ်သားများသည် ချန်ဟွားကျွီနှင့် အကွာအဝေး တစ်ခုတွင် ရှိနေသဖြင့် ချူဟွားနှင့် system ၏ စိတ်ချင်း ဆက်သွယ်ပြောဆိုမှုကိုသာ ကြားရပြီး စကားပြောသံများကို မကြားရပေ။

သူ့ကို သံသယ ဝင်စေသည်မှာ အစီရင်ခံစာထဲတွင် တုန်းဖန်းဟန်က ချူဟွားကို ချစ်ကြိုက်နေသည့် ဖရဲသီး မပါဝင်ခြင်းပင်။

ဖရဲသီး မစားခဲ့တာလား၊ ဒါမှမဟုတ် အရှင်မင်းကြီးက ဖိနှိပ်ထားလိုက်တာလား။

ပထမအချက် ဆိုလျှင် ချူဟွားက အခြားသူ ချစ်ကြိုက်သည်ကို ဂရုမစိုက်ခြင်း ဖြစ်ပြီး ဒုတိယအချက် ဆိုလျှင် အရှင်မင်းကြီးက ချူဟွားကို တော်ဝင်မိသားစုနှင့် လက်ထပ်ပေးရန် လက်မလျှော့သေးခြင်း ဖြစ်သည်။

ရှန်လုသည် မည်သည့် ရလဒ်ဖြစ်ကြောင်း မသေချာသဖြင့် စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေတော့သည်။ နောက်ပိုင်း ရက်အနည်းငယ်တွင် သူသည် အကြိမ်ကြိမ် မေးမြန်းလိုသော်လည်း သူ့တွင် လုံလောက်သော ရပ်တည်ချက် မရှိသဖြင့် လက်လျှော့လိုက်ရသည်။

Systemသည် သူ မေးချင်ရက်နှင့် မမေးရဲ ဖြစ်နေသည်ကို ကြည့်ပြီး ဒေါသထွက်ကာ အော်ဟစ်နေတော့သည်။ သီးသန့် စကားပြောခန်းတွင် ရူးမိုက်စွာ အော်ဟစ်နေလေ၏။ [တကယ်ပဲ၊ စိတ်သဘောထား ဘယ်လောက် အေးဆေးတည်ငြိမ်တဲ့လူ ဖြစ်ဖြစ် အချစ်နဲ့ တွေ့ရင် ကိုယ်နဲ့ မတူတော့ဘူး!]

[တကယ်တမ်း ဖရဲသီး စားလား မစားလား ဆိုတဲ့ မေးခွန်းလေး တစ်ခုကို သူက ၃ ရက်လောက် တွေဝေနေနိုင်တယ်တဲ့။ ကောင်းမွန်တဲ့ အလှလေး တစ်ယောက်က ဒီလောက်တောင် တွေဝေ ဒွိဟ ဖြစ်နေရတယ်။ အိုက်ယိုး —— အချစ်ဆိုတာ တကယ် ကြောက်စရာကောင်းတဲ့ အရာပဲ]

System သည် သူက ကုတ်အစီအစဉ် တစ်ခု ဖြစ်ပြီး အချစ်နှင့် ဘယ်တော့မှ မကြုံတွေ့ရနိုင်သဖြင့် အလွန် ကံကောင်းသည်ဟု ခံစားမိလိုက်သည်။ အကယ်၍ system တွင်လည်း အချစ် ရှိသည် ဆိုလျှင် ထိုအရာက သူ အကြိုက်ဆုံး ဖရဲသီး ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

ချူဟွားလည်း ရှန်လု ဒီလို ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားပေ။ သူမသာဆိုလျှင် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ သူမကတော့ မေးမြန်းမိမည် ဖြစ်သည်။ မေးမြန်းရန် မခက်ခဲလှသော မေးခွန်းကို ရင်ထဲတွင် သည်လောက် ကြာအောင် သိမ်းဆည်းထားမည် မဟုတ်ပေ။

သူမတစ်ယောက် နားမလည်နိုင်တော့ပေ။ သို့သော် ရှုထောင့် ပြောင်းပြီး "မိဘနဲ့ ချစ်သူကို ချစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောရဲလား" ဆိုသည့် မေးခွန်းကို အစားထိုး စဉ်းစားကြည့်လိုက်လျှင် အတိုင်းအတာ တစ်ခုအထိ နားလည်နိုင်လေသည်။

အချို့လူများသည် ကိုယ့်ခံစားချက်နှင့် အတွေးအမြင်များကို ထုတ်ဖော်ပြောဆိုရန် မကျွမ်းကျင်ကြပေ။

"ငါ နင့်ကို သဘောကျတယ်" သို့မဟုတ် "ငါ နင့်ကို ချစ်တယ်" ဟု ပြောရခြင်းက သူတို့ အသက်ကို ယူသလို ဖြစ်နေတတ်သည်။

ချူဟွားသည် လောလောဆယ်တွင် ရှန်လုက ထိုကဲ့သို့သော လူမျိုး ဟုတ်မဟုတ် မသေချာသေးပေ။

[ဉာဏ်ကောင်းတဲ့ လူအများစုအတွက် စကားတချို့ကို ထုတ်ပြောဖို့ တကယ် ခက်ခဲတာ ဖြစ်နိုင်တယ်]

အကြောင်းအရင်းမှာ ထိုလူများသည် အများကြီး တွေးတောတတ်ပြီး စကားတစ်ခွန်း မပြောမီ ဖြစ်ပေါ်လာနိုင်သည့် ရေတို ရေရှည် အကျိုးဆက် အားလုံးကို စဉ်းစားကြသည်။ အသိဉာဏ်နှင့် ခံစားချက်တို့ လွန်ဆွဲနေခြင်းက သူတို့ကို ပိုပြီး တွေဝေစေသည်။

System က နားမလည်ပေ။ [ဉာဏ်ကောင်းတဲ့ လူတွေက ဒီလိုမျိုး ထပ်ခါထပ်ခါ တွေဝေနေတာထက် တိုက်ရိုက် မေးလိုက်တာက ပိုကောင်းတယ် ဆိုတာ မသိကြဘူးလား]

ချူဟွား: [… ငါက ဉာဏ်ကောင်းတဲ့လူ မဟုတ်တော့ မသိဘူး]

ဤစကားကို system က အလွန် သဘောတူလေသည်။

တစ်ကြိမ် ကြည့်ရုံနှင့် မမေ့နိုင်သော စွမ်းရည် ရှိသဖြင့် ချူဟွားသည် သာမန်လူများ မလုပ်နိုင်သော ကိစ္စရပ်များစွာကို လုပ်ဆောင်နိုင်သည်။ သို့သော် သူမက စွမ်းရည် ရှိရုံသာ ဖြစ်ပြီး လုံလောက်အောင် ကြိုးစားသောကြောင့် ဖြစ်သည်။

သူမက အလွန် လုပ်ရည်ကိုင်ရည် ရှိသော်လည်း ဉာဏ်ကောင်းသူများ စာရင်းထဲ မဝင်သေးပေ။

သူမ ပညာစုံသည့် တစ်နေ့ကျလျှင် ထိုအဆင့်သို့ ဝင်ရောက်နိုင်မည်ဟု system က အလွန် မျှော်လင့်ထားသည်။

System: [အမြဲတမ်း ဒီလို နေလို့ မဖြစ်ဘူးလေ၊ နင်ပဲ သူ့ကို ဖွင့်ပြောလိုက်မလား၊ ဒါမှမဟုတ် ငါ ကူပြောပေးရမလား]

ချူဟွား ပြုံးလိုက်သည်။ [ဒီအတိုင်းပဲ ထားလိုက်ပါ၊ သူ တွေဝေပြီး စကားပြောချင်ပေမဲ့ မပြောရဲ ဖြစ်နေတဲ့ ပုံစံလေးက စိတ်ဝင်စားစရာ ကောင်းသားပဲ]

Systemမှာ ကြောင်သွားတော့သည်။ [မမကြီးဟွား၊ နင်က ဒီလောက်တောင် အကျင့်ယုတ်တာလား]

ချူဟွားက ပြုံးနေသော်လည်း စကားပြန်မပြောပေ။

ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုအကျင့်ယုတ်မှုကို တစ်ရက်ပင် ဆက်လက် မထိန်းသိမ်းနိုင်လိုက်ပေ။ ရှန်လုသည် သဘောပေါက်သွားပြီး ယခင်က ပုံစံအတိုင်း ချူဟွားကို ဆက်ဆံလာခဲ့သည်။

ကာယကံရှင်က ဘာမှ မဖြစ်သော်လည်း system က ထိတ်လန့်ပြီး နေရာအနှံ့ လျှောက်ပြေးနေတော့သည်။ [ဒါ ဘာဖြစ်သွားတာလဲ၊ သူ နင့်ကို သဘောကျတာ လက်လျှော့လိုက်ပြီလား၊ ငါ့ရဲ့ CP (စုံတွဲ) က BE (Bad Ending) ဖြစ်သွားပြီလား၊ ဝူး ဝူး ဝူး မဖြစ်ရဘူးလေ၊ ငါ အရမ်း ဝမ်းနည်းတာပဲ]

ချူဟွား: "..."

သူမက မူလက ဂရုမစိုက်ဘဲ နေချင်သော်လည်း system က ဆက်တိုက် ငိုနေပြီး သူမ ခေါင်းကိုက်လာသဖြင့် ဒီကိစ္စကို ဖြေရှင်းပေးရန် သဘောတူလိုက်ရသည်။

ဒီနေ့ သင်ခန်းစာ ပြီးဆုံးပြီးနောက် သူမက ရှန်လုကို ပြောလိုက်သည်။ "ကြည့်ရတာ ဒီရက်ပိုင်း ရှင် စိတ်အခြေအနေ သိပ်မကောင်းသလိုပဲ၊ ပျော်ရွှင်ရအောင် ဖရဲသီးစားမလား"

ရှန်လုက ချူဟွားကို အချိန်အကြာကြီး ကြည့်လိုက်ပြီး တစ်စုံတစ်ရာကို သတိပြုမိသွားသည်။

"တကယ်လို့ မင်းအတွက် မကောင်းဘူး ဆိုရင်တော့ မစားပါနဲ့တော့"

System က ဝင်ပြောလိုက်သည်။ [ယွမ်ရှောင်ပွဲတော် နေ့တုန်းက ငါ မပြောခဲ့တာက အခြေအနေ သိပ်မဟန်လို့ပါ၊ အဲဒီတုန်းက တုန်းဖုန်းလက်ဖက်ရည်ဆိုင် အပြင်ဘက်မှာ လူတွေ အရမ်းများတယ်လေ၊ ဘယ်လောက်ပဲ လေးနက်တဲ့ စကား ဖြစ်ဖြစ် လူများများက ဖြန့်ဝေလိုက်ရင် လွဲချော်သွားနိုင်တယ်]

[ကောချန် ကိစ္စက သင်ခန်းစာပဲ၊ အစက ဘာမှ မရှိပေမဲ့ သူတို့ လိုရာဆွဲ တွေးလိုက်တော့ တစ်ခုခု ရှိသလို ဖြစ်သွားတာ။ အဲဒါဆို ငါ မမကြီးဟွားကို အရမ်း အားနာစရာ ဖြစ်သွားမှာပေါ့]

ရှန်လုက စိတ်မချသေးပေ။ "တကယ် ကိစ္စ မရှိဘူးလား"

ရှန်မိသားစု အိမ်တော် ပတ်လည် မီတာ ၅၀ အတွင်းရှိ နေအိမ်များကို ချူဟွား စာမသင်ခင်ကတည်းက ရွှေ့ပြောင်းစေပြီး နန်းစောင့်တပ်သားများနှင့် အစားထိုးထားသဖြင့် ဖရဲသီးစားသည့် အကြောင်းအရာများ အပြင်သို့ ပေါက်ကြားမည် မဟုတ်သော်လည်း သူက လူအများကြီး သိရှိသွားမှာကို မလိုလားပေ။

အမျိုးသမီး တစ်ယောက်၏ ဂုဏ်သိက္ခာက အရေးကြီးလွန်းသည်။

System: [ဘယ်လို ထူးချွန်တဲ့ မိန်းကလေးမျိုးမှာမဆို သဘောကျတဲ့သူ အနည်းငယ်တော့ ရှိမှာပေါ့၊ မမကြီးဟွားသာ အနာဂတ်မှာ စာမေးပွဲ ၃ ခုလုံး အောင်မြင်ပြီး သာ့ရှန်းရဲ့ ပထမဆုံး အမျိုးသမီး ကျွမ့်ယွမ်ဖြစ်လာရင် သူကို လေးစားအားကျတဲ့ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်တွေက မြို့တော်ကို ပတ်လို့ရလောက်တဲ့အထိ များလာမှာ]

ချူဟွား နားထောင်ရင်း မျက်နှာမည်းမှောင်လာတော့သည်။ [ထုံအာ၊ လျှောက်မပြောနဲ့]

System အတုံးလေးက စကားကြီးစကားကျယ်တွေ ပိုပြောလာတတ်တယ်။ သူ့ရဲ့ ပေါ့ပေါ့ပါးပါး စကားအနည်းငယ်က သူမကို ဖိအားတွေ အများကြီး ပေးနေတယ် ဆိုတာ မသိဘူးလား။ စာမေးပွဲ ၃ ခုလုံး အောင်မြင်ဖို့တဲ့။ ထူးချွန်တဲ့ လူတွေ ဒီလောက်များတာ။ သူမ အောင်စာရင်း ပါရင်ကို ကံကောင်းနေပြီ။

System က သူ့ စကားပြော လွန်သွားမှန်း သိလိုက်ပြီး အလျင်အမြန် ပြန်လည် ကုစားလိုက်သည်။ [ဒါက နင့်အပေါ် ထားရှိတဲ့ ငါ့ရဲ့ ရိုးသားတဲ့ မျှော်လင့်ချက်ကို ကိုယ်စားပြုတာပါ၊ ဘယ်အိမ်မှာမဆို စာမေးပွဲဖြေမဲ့ ကျောင်းသား ရှိရင် မိဘတွေက စာမေးပွဲ ၃ ခုလုံး အောင်မြင်ပြီး ကျွမ့်ယွမ် ဖြစ်ဖို့ မမျှော်လင့်ဘဲ နေမလား]

ချူဟွား၏ မျက်နှာ အနည်းငယ် မည်းမှောင်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။ [ဒါဆို နင်က ငါ့မိဘလား]

System က အသံဩဩကြီးဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။ [ငါ ဖြစ်လို့ ရတာပဲ]

ချူဟွား နဖူးကို လက်နှင့် ထောက်လိုက်မိသည်။ System အတုံးလေးက တကယ်ပဲ ဘာမဆို ပြောရဲပြီး သူမကိုတောင် အမြတ်ထုတ်ရဲတယ်။

ရှန်လုက လူတစ်ယောက်နှင့် system တစ်ခု စကားနိုင်လုနေသည်ကို ကြည့်ပြီး ချူဟွား မနိုင်သေးသည်ကို မြင်သောအခါ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေး ပေါ်လာကာ ချူဟွားကို လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။ "လက်ဖက်ရည် သောက်ပြီး အပူလျော့အောင် လုပ်လိုက်ပါဦး"

[အပူလျော့အောင် လုပ်ရမယ်၊ မမကြီးဟွား နင် အပူကပ်နေတာလား] System က အံ့ဩသွားသည်။

ချူဟွားက system အတုံးလေး တမင် လုပ်နေမှန်း သံသယ ရှိသော်လည်း လက်ဖက်ရည် နှစ်ငုံသောက်ပြီး စိတ်ခံစားချက်ကို လျှော့ချလိုက်သည်။

[ရပြီ၊ ဟာသ လုပ်မနေနဲ့တော့၊ ပြောစရာ ရှိတာ ပြော]

System က ဟီးဟီး ဟု ရယ်မောလိုက်ရာ စောစောက သူ ချူဟွားကို တမင် စနောက်ခဲ့ကြောင်း သိသာသွားစေသည်။

[မမကြီးဟွားက အိမ်ထဲမှာပဲ နေတတ်တယ်။ အပြင်ထွက်ရင်လည်း မြင်းလှည်း စီးတယ်။ ဒါကြောင့် တုန်းဖန်းဟန်က နင့်ရဲ့ ကျောပြင်ကိုပဲ အဝေးက မြင်ဖူးတာ။ နင် ဘယ်လို ရုပ်ရည် ရှိလဲ ဆိုတာတောင် မသိဘူး]

ချူဟွား အာမေဋိတ် သံ ပြုလိုက်သည်။ [ဒါဆို သူက ဘယ်လိုလုပ်...]

နောက်ဆက်တွဲ စကားလုံး ၂ လုံး ထွက်ခါနီးတွင် မျက်လုံးထောင့်ကနေ ရှန်လုကို လှမ်းမြင်လိုက်ရသဖြင့် ဝါးချလိုက်ရသည်။

ဤအသေးစိတ် အချက်လေးကြောင့် ရှန်လု၏ မျက်လုံးထဲတွင် အပြုံးများ ဖြည်းဖြည်းချင်း ပြန့်ကျဲလာသည်။ သူက တစ်ဖက်သတ် ဖြစ်နေခြင်း မဟုတ်ပုံရသည်။

System က ဖရဲသီး လှန်နေသဖြင့် ဒီအချိုဓာတ်ကို မတွေ့လိုက်ပေ။ [သူက တုန်းဖန်း လက်ဖက်ရည်ဆိုင်ရဲ့ သခင်လေးလေ၊ တုန်းဖန်းမိသားစုက စီးပွားရေး လုပ်တာ။ နင့်ရဲ့ ဖန်ထည်နဲ့ အရက်တွေ မြို့တော် ဈေးကွက်မှာ နေရာယူလာတာကို မြင်တော့ နင့်ရဲ့ စီးပွားရေး ခေါင်းကို အရမ်း လေးစားနေတာ]

[နောက်တော့ နင်က ပင်နီစလင်၊ ကျောက်ရောဂါ ကာကွယ်ဆေးတွေ ထုတ်ပြန်လာပြန်ရော၊ ဒီကိစ္စတွေကို အကြီးအကျယ် ကြော်ငြာမထားပေမဲ့ တုန်းဖန်းဟန်က အရာရှိ ဖြစ်နေပြီ ဆိုတော့ နင် လုပ်တာမှန်း သိတယ်။ နင့်ရဲ့ ဒီပစ္စည်း ၂ ခုက လူဘယ်နှယောက်ကို ကယ်တင်နိုင်လဲ ဆိုတာလည်း သိတယ်]

[သူ ကျောက်ရောဂါ ကာကွယ်ဆေး ထိုးခဲ့တယ်။ သူ့မိသားစုဝင်တွေက နင့်ရဲ့ ပင်နီစလင်နဲ့ အရက်ပြန်ကြောင့် ကုသမှု ခံယူနိုင်ခဲ့တယ်။ ဆွေမျိုးတစ်ယောက် အသတ်ခံရတုန်းက ငါတို့နှစ်ယောက် လူသတ်သမားကို ဖမ်းပေးခဲ့လို့၊ ကိစ္စ တစ်ခုပြီး တစ်ခု စုပုံလာတော့ နင့်ကို အရမ်း ချစ်မြတ်နိုးသွားတာ]

ချူဟွားနှင့် ရှန်လုက system ပြောစကားတွင် ပြဿနာ အနည်းငယ် ရှိသည်ဟု ခံစားမိလိုက်သည်။ အကယ်၍ အကြောင်းရင်းက ဒီအကြောင်းအရာများသာ ဆိုလျှင် တုန်းဖန်းဟန်က ချူဟွားအပေါ် ထားရှိသည့် သဘောထားက ချစ်မြတ်နိုးတာထက် လေးစားအားကျတာ ဆိုလျှင် ပိုမှန်လိမ့်မည်။

ချူဟွား: [ဒါပဲလား]

System က သူသည် အထင်သေးခံလိုက်ရသည်ဟု သံသယ ဝင်သွားတော့သည်။ [တကယ်လို့ ဒီလောက် အကြောင်းအရာ နည်းနည်းလေးပဲ ရှိရင် ငါ ဘာလို့ မပြောရဲဘဲ နေမှာလဲ။ ယွမ်ရှောင်ပွဲတော် ညတုန်းက သူက သီးသန့်ခန်းကို ငါတို့ ဘေးနားမှာ တမင် စီစဉ်ခဲ့တာ။ အစောကြီးကတည်းက အဲဒီမှာ စောင့်နေပြီး နင့်ကို ခိုးကြည့်ခဲ့တာ]

[ငါတို့ သီးသန့်ခန်း ဘယ်မှာ ရှိလဲ ဆိုတာ သူ ဘယ်လို သိလဲလို့ နင် မေးချင်နေတာ ငါ သိတယ်။ သီးသန့်ခန်းကို ချူမိသားစု အစေခံတွေက ချူမိသားစု နာမည်နဲ့ မှာထားတာ။ ပြီးတော့ နန်းစောင့်တပ်သားတွေက ကြိုတင် ကွင်းဆင်း စစ်ဆေးခဲ့တာ။ သူက ဆိုင်ပိုင်ရှင် သခင်လေးပဲ မသိဘဲ နေမလား]

[တုန်းဖန်းဟန်က နင့်အပေါ် ထားတဲ့ ခံစားချက်က ချစ်မြတ်နိုးတာလား၊ လေးစားအားကျတာလား ဆိုတာကို နင် သံသယဝင်မယ် ဆိုတာ ငါ သိတယ်။ ငါ့မှာ သက်သေ ရှိတယ်။ သူက နင့်ပုံတူ ပန်းချီကားတွေ အများကြီး ခိုးဆွဲထားတယ်။ အရင်က ကျောပြင်ပုံနဲ့ ဘေးတိုက် မျက်နှာပုံတွေ၊ နင့်မျက်နှာ အတည့် မြင်ပြီးတဲ့နောက် ပိုအသေးစိတ် ဆွဲထားတယ်]

ရှန်လုတစ်ယောက် မျက်မှောင် ကြုတ်သွားတော့သည်။ ဒီအကြောင်းအရာတွေကို လူအများကြီး ရှေ့မှာ ပြောလို့ မဖြစ်ဘူး။

System: [သူက နင် ရေးတဲ့ ဝတ္ထုတွေကိုလည်း စုဆောင်းထားတယ်။ စာအုပ်တိုင်း ဖတ်ဖူးတယ်။ ပုံနှိပ်ထားတဲ့ မူရင်းစာအုပ်တွေလည်း သူ့ဆီမှာ ရှိတယ်။ ဘာလို့လဲဆိုတော့ နင် ရောင်းဖို့ ပို့ထားတဲ့ စာအုပ်ဆိုင်က သူ့မိသားစု ပိုင်တာလေ]

အဲဒီလို ဝတ္ထုမျိုးကို သိရှိပြီး စုဆောင်းထားတယ်တဲ့လား။

ချူဟွားမှာ ရှက်လွန်းသဖြင့် ဦးရေပြားများ ထုံကျင်သွားပြီး နေရာတွင်ပင် အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်း ၁ ခန်း ပါသည့် အိမ်တစ်လုံးလောက် တူးဆောက်မိမတတ် ဖြစ်သွားသည်။

ဘေးနားက ရှန်လု၏ "ငါလည်း မင်းရေးတဲ့ ဝတ္ထုကို ဖတ်ချင်တယ်" ဆိုသော အကြည့်များ ဆက်တိုက် လွှတ်ထုတ်နေခြင်းက သူမကို မီးခဲပေါ် ဖင်ခုထိုင်နေရသလို ဖြစ်စေပြီး ဒီည ဖရဲသီး စားမိတာကို အလွန် နောင်တရမိစေသည်။

System: [သူက နင့်အတွက် အတ္ထုပ္ပတ္တိ တစ်စောင် ရေးထားသေးတယ်။ အသေးစိတ် မှတ်တမ်းတင်ထားတာ။ ငါ့ရဲ့ တည်ရှိမှုကို ထုတ်ပြောလို့ မရတဲ့အတွက် အဲဒီအထဲမှာ အကုန်လုံးက နင့်ရဲ့ အကျိုးဆောင်မှုတွေချည်းပဲ၊ နင်က အတ္ထုပ္ပတ္တိထဲမှာ အရမ်း တော်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်နေတာ ဟားဟား]

[ပင်နီစလင်၊ ကျောက်ရောဂါ ကာကွယ်ဆေး၊ အရက်ပြန်၊ ငှက်ဖျားဆေး တွေက ဆေးဘက်ဆိုင်ရာ နယ်ပယ်၊ ငရုတ်သီး၊ ကန်စွန်းဥ၊ မြေဩဇာတွေက စိုက်ပျိုးရေး နယ်ပယ်၊ အကျင့်ပျက်ခြစားမှု စစ်ဆေးတာ။ အမှုလိုက်တာတွေက မှုခင်းဆေးဘက်ဆိုင်ရာ နယ်ပယ်၊ နယ်ပယ် ပေါင်းစုံက အရည်အချင်းတွေကို စုစည်းထားတဲ့ ထိပ်တန်း ပါရမီရှင်ကြီးပဲ]

ချူဟွားတစ်ယောက်တော့ ထုံသွားလေပြီ။ ခြေထောက်အောက်က အိမ်က လုံးချင်းအိမ်ရာ ခြံဝင်းကြီး ဖြစ်သွားပြီ။ [အဲဒီစာအုပ်ကို မီးရှို့ရမယ်]

System: [အဲဒါ မဖြစ်နိုင်ဘူး၊ တုန်းဖန်းဟန်ရဲ့ စာအုပ်မှာ မင်းဆရာအိုကြီးနဲ့ မင်းဆရာကြီးတို့ရဲ့ ရက်ရက်ရောရော အကူအညီတွေ ပါသေးတယ်]

ချူဟွားမှာ အံ့ဩလွန်းသဖြင့် အသံထွက်သွားတော့၏။ [ဘာ]

System: [မဟုတ်ရင် တုန်းဖန်းဟန်က အသေးစိတ် အချက်အလက်တွေ အများကြီး ဘယ်လို သိမလဲလို့ နင် ထင်နေတာလဲ။ နာမည်တောင် ယာယီ ပေးပြီးသွားပြီ၊ 《အမျိုးသမီး ကျွမ့်ယွမ် အတ္ထုပ္ပတ္တိ》 တဲ့။ နင် ကျွမ့်ယွမ် ဖြစ်ပြီးတာနဲ့ ဖြန့်ချိမယ် ထင်တယ်]

မင်းဆရာအိုကြီးနဲ့ မင်းဆရာကြီးတို့က သူမအတွက် အရှိန်အဝါ တည်ဆောက်ပေးချင်တာပဲ ဖြစ်ဖြစ်၊ လူတွေ သူမရဲ့ အကျိုးဆောင်မှုတွေကို မေ့လျော့သွားမှာ မလိုလားတာပဲ ဖြစ်ဖြစ်၊ ဒီနည်းလမ်းက ချူဟွားကို ရင်ဆိုင်ရ ခက်ခဲလောက်အောင် ရှက်ရွံ့စေသည်။

ချူဟွားခမျာ နေရာတွင်ပင် ခေတ္တမျှ ငေးငိုင်သွားပြီး နက်နဲသည့် မေးခွန်းတစ်ခု ထုတ်မေးလိုက်သည်။

[တကယ်လို့ ငါ ကျွမ့်ယွမ် မဖြစ်ရင်ရော]

ဒီမေးခွန်းက မေးလို့ ကောင်းလိုက်တာ။ System ကို အောင်မြင်စွာ မေးခွန်းထုတ်နိုင်လိုက်သည်။ သူက သခင် စာမေးပွဲ ကျမည်ဟု တစ်ခါမှ မစဉ်းစားဖူးပေ။

ရှန်လုက စကားဝိုင်းကို လျင်မြန်စွာ ဆက်ခံလိုက်သည်။ "ဒါဆိုရင် 《ထန်ဟွား (တတိယအဆင့် ပညာရှင်) အတ္ထုပ္ပတ္တိ》 သို့မဟုတ် 《ချူဟွား အတ္ထုပ္ပတ္တိ》 ဖြစ်သွားမှာပေါ့"

System က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ [ဒါဆို နင်တို့ ချူမိသားစုမှာ ထန်ဟွား ၂ ယောက် ရှိသွားပြီ၊ ဘေးလူတွေ ပြောစမှတ် ပြုစရာ ဖြစ်သွားတာပေါ့။ 《ချူဟွား အတ္ထုပ္ပတ္တိ》 က ပိုကောင်းတယ်။ နောင်လာနောက်သားတွေက နင့်အတွက် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ပေးနိုင်တယ်။ နှစ်အနည်းငယ် ကြာတိုင်း ဂန္ထဝင်ကို ပြန်လည် ရိုက်ကူးကြမယ်၊ ပြီးတော့ နင့်အတွက် Fanficဝတ္ထု ရေးပေးမဲ့သူတွေ ရှိလာလိမ့်မယ်]

[အဲဒီအခါကျရင် နင်က သာ့ရှန်းက နာမည်ကြီးတဲ့ အမျိုးသား အားလုံးနဲ့ CP (စုံတွဲ) ဖြစ်ပြီး ဖိုရမ်တွေမှာ နင်တို့ရဲ့ ပို့စ်တွေ ပြည့်နေလိမ့်မယ်၊ လူတိုင်းက CP အတွက် ရူးသွပ်နေကြလိမ့်မယ်]

အဲဒါက ပိုပြီး ကြောက်စရာ မကောင်းဘူးလား။

ချူဟွားတစ်ယောက် လက်သီးကို ပြင်းပြင်း ဆုပ်လိုက်သည်။ [ငါ ကျွမ့်ယွမ် ဖြစ်အောင် ဖြေမယ်၊ ဘယ်သူမှ ငါ့ကို မတားနဲ့]

ရှန်လုက ပြုံးလိုက်သည်။ System လည်း ပြုံးလိုက်လေသည်။

…

All Chapters