← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အပိုင်း (၁၆)

အရှင်မင်းကြီးသည် စိုးရိမ်ပူပန်စွာဖြင့် ခွန်းနင်နန်းတော်သို့ အလျင်အမြန် ကြွချီလာခဲ့၏။ နန်းတော်တံခါးဝသို့ မဝင်မီတွင် တံခါးစောင့် ကုန်းကုန်းကို မေးမြန်းလိုက်၏။

"မိဖုရားခေါင်ကြီး ဘယ်မှာလဲ”

အရှင်မင်းကြီးသည် ဒေါသတကြီးဖြင့် စာရင်းလာရှင်းပုံရသည်ကို မြင်သောအခါ တံခါးစောင့် ကုန်းကုန်းက အလျင်အမြန် ပြန်လျှောက်လေသည်။ "မိဖုရားခေါင်ကြီး အတွင်းဆောင်မှာ ရှိနေပါတယ်”

အရှင်မင်းကြီးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး အလောတကြီး ပြေးလာခဲ့ရသဖြင့် အနည်းငယ် ရှုပ်ပွနေသော နဂါးဝတ်ရုံတော်ကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။

သူသည် ယခုနှစ်တွင် သက်တော် ၄၂ နှစ်ရှိပြီဖြစ်ပြီး မြေးမတော်လေးတစ်ယောက် ရနေပြီဖြစ်သော အဘိုးတစ်ယောက် ဖြစ်နေလေပြီ။ ညဘက်တွင် ကိုယ်လုပ်တော်များနှင့် ခဏတာ ပျော်ပါးလိုက်လျှင်ပင် အနည်းငယ် မောပန်းနွမ်းနယ်နေတတ်သည်။ လူငယ်လူချောလေးများနှင့်တော့ လုံးဝ နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

အကယ်၍ ရုပ်ရည်နှင့် ခန္ဓာကိုယ်တွင် အားနည်းချက် တချို့ရှိနေပါက ကိုယ်နေဟန်ထားနှင့် စကားပြောဆိုမှုတို့ဖြင့် အနိုင်ယူရပေမည်။

အရှင်မင်းကြီးသည် နဂါးဝတ်ရုံတော်နှင့် ဆံတော်တို့ကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး ချန်ကျို့ကုန်းကုန်းကို ဦးဆောင်စေကာ ယခင်အချိန်များကဲ့သို့ပင် တည်ငြိမ်အေးဆေးစွာဖြင့် ခွန်းနင်နန်းတော်အတွင်းသို့ ခြေချဝင်ရောက်လာခဲ့သည်။

အိမ်ထောင်ပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သဖြင့် သူသည် ခွန်းနင်နန်းတော်သို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရောက်ရှိခဲ့ပြီး မျက်စိမှိတ်၍ပင် လမ်းလျှောက်နိုင်နေပြီ ဖြစ်၏။

သခင်နှင့် အစေခံတို့သည် ကျွမ်းကျင်စွာပင် နန်းရင်ပြင်၊ စင်္ကြံတို့ကို ဖြတ်သန်းလာခဲ့ပြီး ပင်မခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်တွင် သွားလာလှုပ်ရှားနေကြသည့် နန်းတွင်းအပျိုတော်များ၊ ကုန်းကုန်းများကို မြင်တွေ့လိုက်ရသည်။

နန်းတွင်းအပျိုတော်များနှင့် ကုန်းကုန်းများ: "အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

"ထကြ” အရှင်မင်းကြီးသည် အိပ်ဆောင်တော်ဘက်သို့ လျှောက်သွားရင်း မေးလိုက်သည်။

"မိဖုရားခေါင်ကြီး ဘယ်မှာလဲ”

မိဖုရားခေါင်ကြီး၏ ကိုယ်ပိုင်အပျိုတော် ပိယွီက ပြန်ဖြေလေသည်။ "မိဖုရားခေါင်ကြီး ရေချိုးသန့်စင်နေပါတယ်”

"ရေချိုးနေတယ် ဟုတ်လား” အရှင်မင်းကြီးသည် အမှတ်တမဲ့ မိုးကောင်းကင်ကို မော့ကြည့်လိုက်မိ၏။ အခုမှ မွန်းတည့်ချိန်ပဲ ရှိသေးတယ်လေ။ အိပ်ရာထ နောက်ကျတဲ့သူဆိုရင်တောင် မနက်စာ စားတုန်းပဲ ရှိဦးမယ်။ ဒီအချိန်ကြီးမှာ ဘာလို့ ရေချိုးနေတာလဲ။

ခဏလေး။

မိဖုရားခေါင်ကြီးက ချွန်းဖုန်းဂေဟာကိုသွားပြီး လူငယ်လေး ရှစ်ယောက်၊ ဆယ်ယောက်လောက် သွားရွေးဖို့အတွက် ရေမိုးချိုးပြီး သေသေချာချာ ပြင်ဆင်နေတာတော့ မဟုတ်လောက်ပါဘူးနော်။

ချူဟွား၏ စကားများကို တွေးမိသောအခါ အရှင်မင်းကြီး၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားလေသည်။

မိဖုရားခေါင်ကြီးသည် သူ့ထက် ငါးနှစ် ငယ်သည်။ သူမသည် မိမိကိုယ်ကို ကောင်းစွာ ဂရုစိုက်ထိန်းသိမ်းထား၏။ အသက် သုံးဆယ့်ခုနစ်နှစ် အရွယ်တွင်ပင် အသက်နှစ်ဆယ်အရွယ်ကဲ့သို့ နုပျိုနေဆဲ။ သူမသည် မိဖုရားခေါင်ကြီး ရာထူးတွင် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ရှိနေခဲ့ပြီး ပြိုင်ဘက်ကင်းသော ကျက်သရေရှိမှု၊ ခမ်းနားထည်ဝါမှုတို့ကို ပျိုးထောင်ထားနိုင်ခဲ့သည်။

အကယ်၍ သူမသာ ချွန်းဖုန်းဂေဟာသို့ သွားရောက်လည်ပတ်မည်ဆိုလျှင်ဖြင့် သူမနောက်သို့ လိုက်ပါလာမည့် လူငယ်လေးများသည် ခွန်းနင်နန်းတော် တစ်ခုလုံး ပြည့်လျှံသွားနိုင်လောက်သည်။

မဖြစ်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။

သည်အခိုက်အတန့်တွင် အရှင်မင်းကြီးသည် မိဖုရားခေါင်ကြီးက သူနှင့် စကားများထားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အတွင်းခန်းမထဲသို့ ပြေးဝင်သွားလေသည်။ "မိဖုရားခေါင်ကြီး”

သူ အမြန်ဝင်သွားချင်နေတာ။ ဖြစ်နိုင်ရင် မိဖုရားခေါင်ကြီး ရေချိုးနေတာ၊ ဒါမှမဟုတ် ရေချိုးပြီးစ အလှတရားလေးကို တွေ့မြင်ခွင့်ရနိုင်တယ်။ တကယ်လို့သာ ရေအတူတူ ချိုးလိုက်ရရင်ဖြင့် ခုတင်ခေါင်းရင်းမှာ ရန်ဖြစ်ပြီး ခုတင်ခြေရင်းမှာ ပြန်တည့်တယ်ဆိုတာမျိုး ဖြစ်သွားဖို့ အကောင်းဆုံးပဲ။

ခွန်းနင်နန်းတော်ကသာ ဒီကိစ္စကို လျှို့ဝှက်ထားပေးရင် ကွပ်ကဲရေးအမတ်တွေက သူ့ကို နေ့ခင်းကြောင်တောင် ကာမဂုဏ် လိုက်စားတယ်လို့ စွပ်စွဲလို့ မရနိုင်ဘူးလေ။

သို့သော် မိဖုရားခေါင်ကြီးသည် အဝတ်အစားများ ဝတ်ဆင်ပြီးသားဖြစ်နေပြီး တည်ငြိမ်စွာပင် ဂါရဝပြုလိုက်သည်။ "အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

အရှင်မင်းကြီးသည် အလွန်တရာ စိတ်ပျက်သွား၏။ "ဒီအချိန်ကြီး ရေချိုးနေတာ အရေးကြီးကိစ္စ တစ်ခုခု ရှိလို့လား”

ထိုအသံသည် သတင်းအချက်အလက် ရရန် ကြိုးစားနေသကဲ့သို့ ထွက်ပေါ်လာသည်။

သည်အချက်ကို သိရှိသွားသော်လည်း မိဖုရားခေါင်ကြီးသည် များစွာ ဂရုမစိုက်ခဲ့ပေ။ ပြန်ဖြေချင်စိတ်လည်း မရှိခဲ့။ စစ်အေးတိုက်ပွဲဆိုသည်မှာ စစ်အေးတိုက်ပွဲနှင့်သာ တူရမည်။

အကယ်၍ အရေးကြီးကိစ္စဖြစ်ပါက မတတ်နိုင်ပေ။ ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက်တော့ ပြောဆိုရန် မလိုအပ်။ "အရှင်မင်းကြီး၊ ညီလာခံပြီးပြီးချင်း ခွန်းနင်နန်းတော်ကို ကြွချီလာတာ မနက်ခင်း ညီလာခံမှာ မှူးမတ်တစ်ယောက်ယောက်က ကျွန်မအကြောင်း လျှောက်တင်လိုက်လို့လား”

ထိုဟန်ပန်အရ မိဖုရားခေါင်ကြီးသည် အလုပ်ကိစ္စ ပြောဆိုရန် အသင့်ဖြစ်နေလေပြီ။ အရှင်မင်းကြီးသည် 'ချူဟွားဆီက ကြားသိရတာကြောင့် မိဖုရား ချွန်းဖုန်းဂေဟာကို သွားမှာစိုးလို့ အလျင်စလို လိုက်လာခဲ့တာ' ဟု အမှန်အတိုင်း ပြောမထွက်နိုင်ခဲ့ပေ။ ၎င်းသည် အမှန်တရား ဖြစ်လင့်ကစား ပြောထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ဖြစ်ကြရလိမ့်မည်။

"မဟုတ်ပါဘူး။ မင်းက ဒီလောက်တော်တဲ့ မိဖုရားခေါင်ကြီးပဲ။ ဘယ်သူက မင်းအကြောင်း လျှောက်တင်ရဲမှာလဲ” အရှင်မင်းကြီးသည် မသိမသာ မျက်နှာချိုသွေးသော လေသံအနည်းငယ်ဖြင့် ချီးကျူးစကား ဆိုလိုက်သည်။

လူသန်းပေါင်းများစွာ၏ အထက်တွင်ရှိသော သူ၏ လက်ရှိ ရာထူးအခြေအနေဖြင့် သာ့ရှန်းတစ်တိုင်းပြည်လုံးတွင် မိဖုရားခေါင်ကြီး တစ်ယောက်တည်းသာလျှင် သူ့ကို ဤကဲ့သို့ ကြိုးစားအားထုတ်စေနိုင်သူ ဖြစ်သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ မိဖုရားခေါင်ကြီးသည် ထိုအရာကို အသိအမှတ် မပြုခဲ့ပေ။ သူမ၏ လေသံသည် အေးစက်ပြီး ယဉ်ကျေးနေခဲ့သည်။ "အရေးကြီးကိစ္စ မရှိဘူးဆိုရင် တိုင်းပြည်အရေးကိုသာ ရှေးရှုတော်မူပါဦး”

သူ၏ ဇနီးတစ်ယောက်နှင့် ယှဉ်လျှင် သူမသည် မှူးမတ်တစ်ယောက်နှင့် ပို၍တူနေ၏။

သူကိုယ်တိုင်ကတော့ အလုပ်မလုပ်ဘဲ ပျော်ပါးဆော့ကစားနေတတ်ပြီး ဇနီးသည်နှင့် မှူးမတ်များ၏ ကြပ်မတ်မှုကို ခံနေရသော အရှင်မင်းကြီး ဖြစ်နေလေသည်။

အရှင်မင်းကြီး : "..."

ခေါင်းပေါ်သို့ ရေအေးတစ်ခွက် လောင်းချလိုက်သကဲ့သို့ပင် ဖြစ်သွားတော့သည်။

မိဖုရားခေါင်ကြီးသည် ဧည့်သည်ကို နှင်ထုတ်သော အမိန့်ကို ပုံစံတစ်မျိုးဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်၏။ တိုင်းပြည်၏ အကြီးအကဲ အုပ်ချုပ်သူတစ်ယောက်အနေဖြင့် အုပ်စိုးသူသည် သာမန်လူအများစုထက် မျက်နှာကို ပိုတန်ဖိုးထားရသည်။ မိဖုရားခေါင်ကြီး၏ အေးစက်သော မျက်နှာထားအောက်တွင် သူသည် ခွန်းနင်နန်းတော်တွင် ဆက်လက် မနေနိုင်တော့ဘဲ ရှူးရှူးရှားရှားဖြင့် လှည့်ထွက်သွားလေသည်။

တော်ဝင်စာကြည့်ဆောင်သို့ ပြန်ရာလမ်းတွင် အရှင်မင်းကြီးသည် တဖြည်းဖြည်း ပိုပြီး စိတ်တိုလာသည်။ ပိုတွေးမိလေ ပိုပြီး အဓိပ္ပာယ်ရှိသည်ဟု ခံစားလာရလပင်။ မိဖုရားခေါင်ကြီးသည် ချွန်းဖုန်းဂေဟာရှိ အလှလေးများကို သွားကြည့်နိုင်ရန်အတွက် သူ့ကို တမင်သက်သက် ဒေါသထွက်အောင် လုပ်လိုက်ခြင်း ဖြစ်ရမည်။

သူသည် ချန်ကျို့ကို ခေါ်ယူလိုက်ပြီး ညွှန်ကြားချက်တချို့ကို တီးတိုး မှာကြားလိုက်သည်။

ချန်ကျို့၏ မျက်နှာအမူအရာသည် 'ဒါ မကောင်းဘူးနော်' ဟူသော တုံ့ဆိုင်းမှုမှ 'မိဖုရားခေါင်ကြီး ဒေါသထွက်မှာ သေချာတယ်' ဟူသော အကူအညီမဲ့မှု၊ ထို့နောက် 'ငါ့အသက် ပျောက်တော့မှာလား' ဟူသော ဝမ်းနည်းကြေကွဲမှုသို့ ပြောင်းလဲသွားသည်။ စီချွမ်ပြဇာတ်မှ မျက်နှာဖုံး ပြောင်းလဲခြင်းနှင့်ပင် တော်တော် တူနေတော့သည်။

တစ်နာရီခန့် ကြာသောအခါ သေသပ်လှပစွာ ဝတ်စားဆင်ယင်ထားသော မိဖုရားခေါင်ကြီးသည် ကိုယ်ရံတော်၊ အပျိုတော် အနည်းငယ်ကို ပေါ်ပေါ်တင်တင် ဦးဆောင်လျက် နန်းတော်ထဲမှ ထွက်ခွာသွားလေသည်။ သူတို့၏ အနောက်ဘက် မလှမ်းမကမ်းတွင်တော့ အရပ်ဝတ် ဝတ်ဆင်ထားသော ချန်ကျို့နှင့် နန်းစောင့်တပ်သား အနည်းငယ်တို့သည် ခိုးကြောင်ခိုးဝှက် လိုက်ပါလာကြသည်။

ချူမိသားစု၊ ချန်ဟွားကျွီ။

ချူဟွားသည် လက်တင်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး ခါးတွင် စောင်တစ်ထည် လွှမ်းခြုံထားကာ ဝမ်းဗိုက်ပေါ်တွင် ရေနွေးအိတ် တင်ထားလေသည်။

ညသန်းခေါင်ယံတွင် သူမ ရုတ်တရက် ရာသီလာခဲ့သည်။ ရုတ်တရက် ဆန်လွန်းမှုကြောင့် အိပ်ရာခင်းများအားလုံး သွေးနီရောင်များ စွန်းထင်းကုန်၏။ သူမ၏ ခါးသည် နာကျင်ကိုက်ခဲနေပြီး ဗိုက်လည်း အောင့်နေသည်။ ထိုင်လို့မရ ထလို့လဲမရ ဖြစ်နေခဲ့သည်။ ကံကောင်းထောက်မစွာ သကြားညို ချင်းပြုတ်ရည်တစ်ခွက် သောက်လိုက်ပြီး ရေနွေးအိတ်ကို နာရီအနည်းငယ်ကြာ ကပ်ထားပြီးနောက်မှ နောက်ဆုံးတွင် သက်သာလာသလို ခံစားလိုက်ရသည်။

အနည်းငယ် နေသာထိုင်သာ ရှိလာပြီးနောက် ချူဟွားသည် ထထိုင်လိုက်ပြီး ပုံပြင်စာအုပ်ကို ဖတ်နေလေသည်။

သူမသည် သည်ရက်ပိုင်းအတွင်း စာအုပ်ကို တွေ့ကရာ ဖြစ်လာသည်တွင် နောက်ဆုံးတော့ ဝမ်သခင်မထံမှ ငှားရမ်းလာသော "ရင်ခုန်ဖွယ် မုဆိုးမနှင့် ချောမောသော ပညာတတ်လေး" ဝတ္ထုစာအုပ်ကို ဖတ်ရှုပြီးစီးသွားလေပြီ။ သူမသည် နာကျင်ကိုက်ခဲနေဆဲ ဖြစ်သော ခါးကို နှိပ်နယ်လိုက်ရင်း၊ "ချင်းကျူ”

အစေခံမလေး ချင်းကျူသည် သွေးရောင်လွှမ်းသော မျက်နှာ၊ မက်မွန်သီးကဲ့သို့ ပါးပြင်များနှင့် ဝိုင်းစက်သော ခန္ဓာကိုယ်ရှိပြီး သူမသည် ချူဟွား၏ ကိုယ်ပိုင်အစေခံမလေး ဖြစ်သည်။

"သခင်မလေး”

ချူဟွား : "တခြား ဝတ္ထုတွေကော ရှိသေးလား”

ချင်းကျူ : "ဒီရက်ပိုင်း စာအုပ်ဆိုင်ကြီးတွေမှာ ထုတ်ဝေတဲ့ ဝတ္ထုတွေက သခင်မလေး အရင် ဖတ်ပြီးသားတွေနဲ့ ဆင်တူတွေချည်းပဲ၊ အသစ်အဆန်း သိပ်မရှိဘူး”

ချူဟွား သက်ပြင်းချလိုက်သည်။ မနက် သုံးနာရီထပြီး ညီလာခံ တက်ရတာကမှ ပိုကောင်းဦးမည်။ အနည်းဆုံးတော့ မနက်ခင်း ညီလာခံ ပြီးသွားလျှင် ဟန်လင်းကျောင်းတော်သို့ သွားပြီး တရားမဝင် သမိုင်းမှတ်တမ်း အမျိုးမျိုးကို ဖတ်ရှုနိုင်သေးရာ ထိုအရာကပင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလှသည်။

"ချင်းကျူ၊ ငါ့ခါးကို နှိပ်ပေးဦး”

"ဟုတ်ကဲ့၊ သခင်မလေး” ချင်းကျူသည် ခုံပုလေးတစ်လုံးကို ရွှေ့ယူလိုက်ပြီး လက်တင်ကုလားထိုင်ဘေးတွင် ထိုင်ချကာ ချူဟွားက ဘေးတစောင်း လှဲနေစဉ် သူမ၏ ခါးကို နှိပ်နယ်ပေးလေသည်။

"သခင်မလေး၊ နောက်တစ်ခွက် သောက်လိုက်ပါဦး” ဟုန်မေသည် မည်းနက် ပူနွေးနေသော သကြားညို ချင်းရည်တစ်ခွက်ကို ကိုင်ဆောင်လျက် ဝင်လာခဲ့သည်။

ချူဟွားသည် ချင်း၏ စပ်ဖျဉ်းဖျဉ်း အရသာကို လုံးဝမကြိုက်လှပေ။ ညသန်းခေါင်က ထိုတစ်ခွက်ကို သောက်စဉ်က အသက်အောင့် သောက်ခဲ့ရပြီး သောက်ပြီးနောက် အန်ချင်သလိုပင် ဖြစ်ခဲ့ရသည်။ ယခုလ၏ မသက်မသာ ဖြစ်မှုက ကုန်ဆုံးတော့မည်ဟု တွေးမိပြီး မသောက်လျှင်လည်း အဆင်ပြေလောက်သည်ဟု ထင်ကာ ချက်ချင်း ငြင်းဆန်လိုက်သည်။

ဟုန်မေသည် သူမ၏ ဖောင်းအိနေသော မျက်နှာလေးကို ချူဟွား၏ လက်နားသို့ ကပ်လိုက်ပြီး နူးညံ့သော အသံဖြင့် ပြောလိုက်သည်။ "သခင်မလေး၊ နည်းနည်းလောက်ပဲ သောက်လိုက်ပါနော်။ သခင်မလေး ဟုန်မေ့ပါးကို ဆွဲညှစ်လို့ရပါတယ်~"

ချူဟွားသည် ဟုန်မေ၏ ဖောင်းအိပြီး ပန်းနုရောင် သန်းနေကာ ထိတွေ့ရန် အလွန် သက်သောင့်သက်သာ ရှိလှသော ပါးပြင်လေးကို ကြည့်လိုက်လေသည်။ ထိုနေရာသည် သူမ လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် ထိတွေ့နိုင်သော နေရာတွင် ရှိနေ၏။ သူမလည်း မနေနိုင်ဘဲ နှစ်ချက်ခန့် ဆွဲညှစ်လိုက်မိတော့သည်။

ဟုန်မေသည် အလျင်အမြန် နောက်ဆုတ်လိုက်ပြီး သကြားညို ချင်းပြုတ်ရည်ကို ကမ်းပေးလိုက်သည်။

"သခင်မလေး၊ ဆွဲညှစ်ပြီးပြီဆိုတော့ ပူပူလေး သောက်လိုက်တော့နော်”

ချူဟွား : "..."

Systemက ရုတ်တရက် ပေါ်လာသည်။ [ဟီးဟီး၊ မမကြီးဟွား၊ နင် အစေခံမလေးရဲ့ ထိန်းချုပ်တာကို ခံနေရပါလား]

ထိုလေသံထဲမှ ဝမ်းသာအားရ ဖြစ်နေသော လေသံသည် ချင်းကျူနှင့် ဟုန်မေတို့ကို ကြောက်လန့်သွားစေပြီး အမှတ်တမဲ့ ချူဟွားကို လှမ်းကြည့်လိုက်ကြသည်။

သူတို့သည် သခင်မလေး၏ မျက်နှာသာပေးမှုကို မည်မျှပင် ရရှိထားပါစေ မိမိကိုယ်ကို ရောင်းချရန် စာချုပ်ချုပ်ဆိုထားသော အစေခံမလေးများသာ ဖြစ်ကြသည်။ သခင်ဖြစ်သူက အချိန်မရွေး ပြန်လည် ရောင်းချပစ်နိုင်သည်။ အကယ်၍ အစေခံမလေးများက သခင်ကို ထိန်းချုပ်ရန် ကြံရွယ်ပါက ဒါသည် အသက်ကိုရင်း၍ စွန့်စားခြင်း မဟုတ်ပါလား။

ချူဟွားသည် သကြားညို ချင်းရည်ကို နှစ်ငုံလောက် မော့သောက်လိုက်ပြီး ပါးစပ်ထဲမှ ချိုအီအီ အရသာ ပျောက်သွားစေရန် ရေနွေးပူပူ နှစ်ငုံ ထပ်သောက်လိုက်သည်။ သူမက systemကို အတော်လေး ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ [ငါက သူတို့ကို အလိုလိုက်ထားတာ]

System: [နင်က ကောင်မလေး လှလှလေးတွေနဲ့ ပတ်သက်လာရင် သိပ်အပြောဆို လွယ်တာပဲ။ နင့်ရဲ့ အားနည်းချက်ကို တခြားလူတွေ သိသွားရင် ဒုက္ခရောက်လိမ့်မယ်]

ချူဟွားသည် လှပသော အစေခံမလေး၏ ခါးနှိပ်နယ်ပေးခြင်း ဝန်ဆောင်မှုကို ခံစားရင်း လက်တင်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီလိုက်ပြီး system၏ ပုံကြီးချဲ့ ပြောဆိုနေသော စကားများကို ဂရုမစိုက်ခဲ့ပေ။

[မြို့တော်မှာ ငါ့အဖေလို အဆင့်၅ မှူးမတ်တွေ အများကြီးပဲ။ တတိယမင်းသားက ပုန်ကန်ပြီး ထီးနန်းလုချင်တာတောင် သူ့ကို အရေးတောင် မထားဘူး။ ငါ့အဖေ တရားရေးဝန်ကြီး ဖြစ်လာတဲ့အထိ ရာထူးတက်သွားမှ စိတ်ပူလဲ နောက်မကျပါဘူး။ အင်း... ငါ့အဖေရဲ့ အရည်အချင်းနဲ့ဆိုရင်တော့ အိပ်မက်မက်တာကမှ ပိုမြန်ဦးမယ်]

[ငါ့အမေမှာ ပိုက်ဆံရှိတယ်။ ဒါပေမဲ့ ဒါက သူ့ရဲ့ တင်တောင်းပစ္စည်းလေ။ ငါ လက်ထပ်ရင်တောင် သူက ငါ့ကို အများကြီး ပေးမှာ မဟုတ်ဘူး။ ငါ့အဘိုးဘက်က မိသားစုက ချမ်းသာတယ်။ ပြီးတော့ သူတို့မှာ မြေးယောက်ျားလေးတွေ ရှိပြီးသား၊ ငါက သမီးဘက်က မြေးမလေး တစ်ယောက်ပဲ။ ဆွေမျိုးတော်စပ်မှုက ဝေးတယ်။ ငါ့ဘာသာငါ ပိုက်ဆံ ရှာနိုင်တယ်။ ဒါပေမဲ့ ဒီပိုက်ဆံက တကယ့် သူဌေးကြီးတွေနဲ့ ယှဉ်လိုက်ရင် ပင်လယ်ထဲက ရေတစ်စက်စာပဲ]

[ငါ့ရုပ်ရည်ကတော့ ချောပါတယ်။ ဒါပေမဲ့ ငါက အသက် ၁၃ နှစ်ပဲ ရှိသေးတဲ့ ကောင်မလေး တစ်ယောက်လေ။ ငါ့ထက် ချောတဲ့သူတွေ အများကြီး ရှိတယ်။ တစ်ယောက်ယောက်က ငါ့ရဲ့ အားနည်းချက်ကို သိသွားရင်တောင် ဘာဖြစ်လဲ။ အလှလေးတစ်ယောက် ပို့လိုက်။ ရတယ်။ ငါ့ခံစားချက်တွေကို လိမ်လည်လှည့်ဖြား။ ရသေးတယ်။ ဒါပေမဲ့ ငါ့ပိုက်ဆံကို လိမ်လည်လှည့်ဖြားဖို့ကတော့ ဘယ်နည်းနဲ့မှ မရဘူး]

ချင်းကျူ၊ ဟုန်မေ : "..."

ချူမိသားစုထဲမှ ကြားနိုင်သော အခြားသူများ : "..."

ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသော နန်းစောင့်တပ်သား : "..."

Systemသည် အလွန်တရာ အံ့အားသင့်သွားသဖြင့် စကားပင် ထစ်သွားခဲ့သည်။ [ပိုက်ဆံက ခံစားချက်တွေထက် ပိုအရေးကြီးတယ် ဟုတ်လား]

ချူဟွားက ပြန်မေးလိုက်သည်။ [ပိုက်ဆံရှိရင် ယောက်ျားတစ်ယောက်ကို လက်ထပ်ယူလို့ရတယ်။ ခံစားချက်တွေကို ဝယ်လို့ရတယ်။ ပြီးတော့ ကိုယ့်စိတ်ကြိုက် ရုပ်ရည်ချောမောတဲ့ တစ်ယောက်ကို ရွေးလို့ရတယ်။ ခံစားချက်တွေနဲ့ ပိုက်ဆံရှာလို့ ရလို့လား]

System: [......]

အသစ်စက်စက် ထုတ်လုပ်ထားသော systemလေးသည် လောကအကြောင်း များစွာ မသိရှိသေးဘဲ ထိုစကားသည် ယုတ္တိရှိသည်ဟု ခံစားမိသော်လည်း တစ်နေရာရာတွင် တစ်ခုခု မှားယွင်းနေသကဲ့သို့လည်း ခံစားနေရသည်။

Systemက ရယ်ဒီမိတ်ဥပမာတစ်ခုကို ရှာဖွေတွေ့ရှိသွား၏။ [ဒုတိယမင်းသား ကြင်ရာတော်က ဒုတိယမင်းသားနဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး ဒုတိယမင်းသားက သူရှာသမျှ ပိုက်ဆံတွေ အကုန်လုံးကို သူ့အပေါ် သုံးနိုင်တယ်။ ဒါကို ပိုက်ဆံရှာနိုင်တယ်လို့ မှတ်ယူလို့ ရတာပဲ မဟုတ်လား]

ချူဟွား : [နင်က ဒီဥပမာကို သုံးချင်မှတော့ ဟုန်ရှို့ကို သုံးတာကမှ ပိုကောင်းဦးမယ်။ သူက ခံစားချက် နည်းနည်းလေး သုံးပြီး ချူအန်းကို လမ်းကြောင်းပေးလိုက်တာ။ ချူအန်းက သူ့အပေါ်မှာ ပိုက်ဆံတွေ အများကြီး သုံးတယ်။ ဒါက ပိုကောင်းတဲ့ ဥပမာ မဟုတ်ဘူးလား]

System: [သူတို့ကြားထဲမှာ ရှိတာက ပိုက်ဆံနဲ့ ခန္ဓာကိုယ်ကို အလဲအလှယ် လုပ်တဲ့ အရောင်းအဝယ်လေ။ ခံစားချက်က ဘယ်မှာလဲ]

ခိုးနားထောင်နေသူများသည် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ကြသည်။ ဟုတ်တယ်လေ။ ဒါကို ထည့်တွက်လို့ ဘယ်ရမလဲ။

ချူဟွား : [ဆန်းသစ်မှုက ခံစားချက် မဟုတ်ဘူးလား]

System: [...]

အခြားသူများ : "..."

အားပါးပါး။ ဆွံ့အမိ။

Systemသည် မိမိကိုယ်ကို ပြန်လည် သုံးသပ်လေတော့သည်။ သူသည် ဖရဲသီးစား system တစ်ခုဖြစ်ပြီး သူ့အားသာချက်မှာ ဖရဲသီး စားခြင်းတွင်သာ ရှိပြီး ငြင်းခုံ စကားပြောခြင်းတွင် မဟုတ်ကြောင်း တွေးမိလိုက်လေသည်။ အားနည်းချက်ဖြင့် အားသာချက်ကို မတိုက်ခိုက်သင့်ပေ။

System: [တင်း- ဖရဲသီးစား system 188 သည် အချိန်တိုင်း သင့်ဝန်ဆောင်မှုအတွက် အသင့်ရှိနေပါသည်]

ချူဟွား : ?

[ဘာလို့ ရုတ်တရက်ကြီး ဒီလောက် လေးနက်သွားတာလဲ] မသက်မသာ ဖြစ်လိုက်တာ။

Systemက ဂုဏ်ယူစွာ ပြောလိုက်၏။ [ငါက ဖရဲသီးစား system တစ်ခုလေ။ ငါ့မှာ system ပုံစံလေးတော့ နည်းနည်း ရှိရမှာပေါ့]

ချူဟွား : [ဝိုး—— ငါ နင့်အတွက် လက်ခုပ်တီးပေးလိုက်ပါတယ်]

Systemက တည်ငြိမ်စွာ ဆိုလေသည်။ [မမကြီးဟွားရဲ့ အားပေးမှုကို ကျေးဇူးတင်ပါတယ်။ နင် ဖရဲသီး စားချင်လား]

ချူဟွား : [မိဖုရားခေါင်ကြီးရဲ့ ဖရဲသီး နောက်ဆက်တွဲကော ရှိလား]

System: [ရှိတာပေါ့၊ နင် စိတ်ဝင်စားကတည်းက ငါ စာရင်းသွင်းထားပြီးသား]

ပုန်းအောင်းနေသည့် နန်းစောင့်တပ်သားသည် စကားလုံး တစ်လုံးမှ မကျန်ရဲဘဲ အသည်းအသန် ချရေးလေတော့သည်။

သည်အချိန်တွင် systemက ပြောသည်ကို သူ ကြားလိုက်ရ၏။ [အရှင်မင်းကြီးက မိဖုရားခေါင်ကြီးကို ချော့မော့ချင်ခဲ့တာ။ ဒါကြောင့် လှပတဲ့ မိဖုရားခေါင်ကြီး ရေချိုးနေတုန်း အခွင့်ကောင်းယူပြီး အငွေ့အသက်ကောင်းလေးနဲ့ နေ့ခင်းကြောင်တောင် အချစ်ဇာတ်လမ်းတစ်ပုဒ် ဆင်နွှဲလိုက်ချင်တာ။ ဖြစ်နိုင်ရင် နှစ် နှစ်ဆယ်ကြာ စစ်အေးတိုက်ပွဲကြီး ပြီးဆုံးသွားနိုင်တယ်လေ။ ဒါပေမဲ့ ရလဒ်ကတော့ မိဖုရားခေါင်ကြီးက သူ့ကို ခွန်းနင်နန်းတော်ကနေ အေးစက်စက်၊ ရက်ရက်စက်စက် မောင်းထုတ်လိုက်တာပဲ]

နန်းစောင့်တပ်သား : ? ? !

အခြားသူများ : ? ? !

ဝိုး——ဒါက သူတို့ အလကား နားထောင်လို့ရတဲ့ တော်ဝင် ဖရဲသီးကြီးလား။

ပြီးတော့ရော ဘာဆက်ဖြစ်လဲ။

System: [အရှင်မင်းကြီးကို မောင်းထုတ်ပြီးတဲ့နောက် မိဖုရားခေါင်ကြီးက အရပ်ဝတ် လဲလှယ်ပြီး နန်းတွင်းအပျိုတော်တွေကို ခေါ်လို့ ချွန်းဖုန်းဂေဟာကို ထွက်လာခဲ့တယ်။ ရလဒ်ကတော့ လမ်းမှာ အဖေ့ကို မြှုပ်နှံဖို့ ကိုယ့်ကိုယ်ကိုယ် ရောင်းနေတဲ့ လူငယ်လေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်လေ]

[လူငယ်လေးက အသက် ၁၈နှစ်၊ ရုပ်ရည် သိမ်မွေ့ပြီး အရှင်မင်းကြီးရဲ့ ငယ်ရွယ်တဲ့ ပုံစံနဲ့ နည်းနည်း ဆင်တူတဲ့ မျက်နှာမျိုး ရှိတယ်။ အဲ့ဒီအချိန်မှာ မိဖုရားခေါင်ကြီးက မျက်စိမခွာနိုင် ဖြစ်သွားပြီး နန်းတွင်းအပျိုတော်ကို ငွေသား နည်းနည်းပါးပါး ပေးခိုင်းလိုက်တယ်၊ ပြီးတော့ သူ့အဖေကို မြှုပ်နှံဖို့ အခေါင်းဝယ်ပေးဖို့ လူတစ်ယောက်ယောက်ကို အကူအညီ တောင်းခိုင်းလိုက်တယ်။ သူ့အိမ်က နေရာတိုင်းမှာ ယိုစိမ့်နေပြီး နည်းနည်းမှ အဆင်မပြေတာကို တွေ့တော့ သူ့ကို နေထိုင်ဖို့ အဆောင်တစ်ဆောင် ငှားပေးဖို့ လူတစ်ယောက်ကို စီစဉ်ခိုင်းလိုက်တယ်]

နန်းစောင့်တပ်သား : !!!

အခြားသူများ : !!!

ဟိူက်—— မိဖုရားခေါင်ကြီးက သူ့ကို တကယ် ဝယ်ထားချင်နေတာတော့ မဟုတ်ပါဘူးနော်။ စိတ်လှုပ်ရှားစရာပဲ။

ချူဟွားက သူမ၏ မေးစေ့ကို ပွတ်သပ်လိုက်ကာ [ဒါက အပြင်မှာထားတဲ့ အစားထိုး လင်ငယ်လေး မဟုတ်ဘူးလား]

နန်းစောင့်တပ်သား : "..."

အခြားသူများ : "..."

အသည်းအသန် ချရေးနေသော နန်းစောင့်တပ်သားသည် အံ့အားသင့်ပြီး ထိတ်လန့်တုန်လှုပ်သွားတော့သည်။ မှင်များပင် ကောင်းစွာ မခြောက်သေးမီ အစီရင်ခံစာကို နန်းတော်သို့ ပို့ရန် အခြားသူများကို စေခိုင်းလိုက်ရတော့၏။ အမွှေးတိုင် တစ်တိုင်လောင်ကျွမ်းစာ အချိန် ကြာပြီးနောက် တော်ဝင်စာကြည့်ဆောင်တွင် စာချွန်လွှာများ ဖတ်ရှုရင်း မူးဝေနေသော အရှင်မင်းကြီးသည် ထိုအစီရင်ခံစာကို လက်ခံ ရရှိခဲ့လေသည်။

ချူဟွား၏ "ငါ့ခံစားချက်တွေကို လိမ်လည်လှည့်ဖြား၊ ရတယ်။ ဒါပေမဲ့ ငါ့ပိုက်ဆံကို လိမ်လည်လှည့်ဖြားဖို့ကတော့ ဘယ်နည်းနဲ့မှ မရဘူး” ဟူသော အလွန်အမင်း မဆင်မခြင်နိုင်သော စကားကို မြင်သောအခါ အရှင်မင်းကြီးသည် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

စာမျက်နှာကို လှန်လိုက်ချိန်တွင်တော့ "နေ့ခင်းကြောင်တောင် အချစ်ဇာတ်လမ်းတစ်ပုဒ် ဆင်နွှဲ" ဆိုသည်ကို တွေ့လိုက်ရပြီး ချူမိသားစုရှိ လူအများအပြားနှင့် နန်းစောင့်တပ်သားတို့ ကြားသိသွားသည်ကို တွေးမိသောအခါ အရှင်မင်းကြီးသည် တစ်ကိုယ်လုံး မလုံမလဲ ဖြစ်သွားသည်။

နောက်ထပ် စာမျက်နှာတစ်ရွက်ကို လှန်လိုက်သောအခါ အရှင်မင်းကြီး၏ အပြုံးသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။ သူ၏ မျက်နှာသည် ပြာနှမ်းနေပြီး သူ၏ ဦးခေါင်းထက်တွင်ပင် အစိမ်းရောင် အနည်းငယ် စွန်းထင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

အစားထိုး ဟုတ်လား။ အပြင်မှာထားတဲ့ လင်ငယ်လေး ဟုတ်လား။

သောက်ကျိုးနည်း မင်းက ဘာတွေ စဉ်းစားနေတာတုံးဟ။

...

All Chapters