အခန်း ၁၁၄
Vol. 8 Ch. 114
အပိုင်း (၁၁၄)
ဖရဲသီးစား systemကို မှန်ကန်စွာ ဖွင့်လှစ် အသုံးပြုနိုင်သည်ကို သိရှိပြီးနောက် သာ့ရှန်း အရှင်မင်းကြီးနှင့် မှူးမတ်များသည် systemကို အစွမ်းကုန် အသုံးချကြတော့သည်။
တစ်ယောက်ယောက်ကို ယုံကြည်ရမရ သိချင်လျှင် systemကို မေးလိုက်သည်။
ကိစ္စတစ်ခုခုမှာ နောက်ကွယ်က အကြောင်းအရင်း ရှိမရှိ သိချင်လျှင် systemကို မေးလိုက်သည်။
တစ်ယောက်ယောက်ကို ဘယ်လို ကိုင်တွယ်ရမလဲ သိချင်လျှင်လည်း systemကိုပင် မေးလိုက်သည်။
ဖရဲသီးစား systemသည် သာ့ရှန်း ညီလာခံ၏ တရားဝင် ဝန်ထမ်း မဟုတ်သော်လည်း တရားဝင် ရာထူးရထားသော အရာရှိ အများအပြားထက်ပင် ပိုမို အလုပ်များနေလေသည်။
သာ့ရှန်းသည် systemကို အလွန်အမင်း မှီခိုအားထားမိပြီး အလွယ်တကူ ရရှိလာသောကြောင့် တန်ဖိုးမထားဘဲ ကိုယ်ပိုင် စွမ်းရည် တိုးတက်အောင် လေ့ကျင့်ရန် ပျင်းရိသွားမည်ကို၊ သူမ သေဆုံးပြီးနောက် system မရှိတော့သည့်အခါ အရည်အချင်း မရှိဘဲ နာမည်သာ ရှိသော သဲပွင့်များ ဖြစ်ကျန်ရစ်ခဲ့မည်ကို ချူဟွားက စိုးရိမ်မိသည်။
ထိုအချိန်တွင် systemက ဝမ်းနည်းပက်လက် ပြောလာသည်။ [ဖရဲသီးတွေ ကုန်ပြီ ဝါးးး]
အရှင်မင်းကြီးနှင့် မှူးမတ်များ: "..."
ဖရဲသီးစားသည့် လူဦးရေ များပြားလွန်းသဖြင့် system တစ်ယောက်တည်း ဖြည်းဖြည်းချင်း မေးခွန်းဖြေပြီး ဖရဲသီး စွမ်းအင် စုဆောင်းနေရုံဖြင့် မည်သို့မျှ လုံလောက်မည် မဟုတ်ပေ။
Systemသည် စက်ရုံမှ ထွက်ပြီး အလုပ်ဝင်သည်မှာ ၂ နှစ် ၃ နှစ်ခန့်သာ ရှိသေးပြီး ကလေး system သာ ဖြစ်နေသေးသဖြင့် system ကိုယ်တိုင် အသည်းအသန် အလုပ်လုပ်ပြီး ဖရဲသီး စွမ်းအင် ရှာခိုင်းရမည့် ကိစ္စကို သူတို့ မလုပ်ရက်ကြပေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ရက်စက်လွန်းရာ ကျပေလိမ့်မည်။
ဖရဲသီး စွမ်းအင် စုဆောင်းရန် အခြား နည်းလမ်းတစ်ခု ရှာဖွေရမည်။ ဥပမာ အပြင်လောကတွင် စိတ်ဝင်စားစရာ ကောင်းသော သို့မဟုတ် ထူးခြားဆန်းပြားသော ဖရဲသီးများကို ရှာဖွေရန် လူလွှတ်ခြင်း၊ စုံစမ်းပြီးသည်နှင့် systemကို အသိပေးခြင်းဖြင့် သူ့ကို အသင့်စား ဖရဲသီးများ ကျွေးခြင်းမျိုး ဖြစ်သည်။
ဤနည်းလမ်းဖြင့် အကျိုးကျေးဇူး အများအပြား ရရှိနိုင်လေသည်။ ဖရဲသီးအများအပြားကို စားရန် systemက ဖရဲသီး စွမ်းအင် ဖြုန်းတီးစရာ မလိုတော့ဘဲ ဖရဲသီး စွမ်းအင်ကို လျင်မြန်စွာ စုဆောင်းနိုင်မည်။ ထို့အပြင် ချူဟွားလည်း ပြင်ပလောက အကြောင်းကို အခြေခံအားဖြင့် သိရှိနိုင်မည် ဖြစ်ပြီး ပြတင်းပေါက် အပြင်ဘက်က ကိစ္စများကို နားမထောင်ဘဲ အန်းဝမ် အဖမ်းခံရသည်ကိုပင် မသိလိုက်သော အဖြစ်မျိုး ကြုံရတော့မည် မဟုတ်ပေ။
ချူဟွားက ရုတ်တရက် မော့ကြည့်လိုက်သည်။ [ဘယ်တုန်းက ဖြစ်သွားတာလဲ]
ပဉ္စမမင်းသား: "..."
နန်ကုန်းလင်: "..."
တကယ်လား။ ဒါတောင် မသိဘူးလား။
သူငယ်ချင်း နှစ်ယောက်သည် အစပိုင်းတွင် အံ့ဩသွားကြသော်လည်း ချူဟွား၏ နေ့စဉ် သင်ခန်းစာများနှင့် စာကြိုးစားသည့် အတိုင်းအတာကို ပြန်စဉ်းစားမိပြီး systemကလည်း သူမကို ဖရဲသီးစားရန် သိပ်မခေါ်တော့သလို ချူမိသားစုဝင်များကလည်း သူမကို အနှောင့်အယှက် မပေးကြသဖြင့် ချူဟွား မသိခြင်းမှာ ဖြစ်နိုင်ကြောင်း နားလည်လိုက်ကြသည်။
နေ့တိုင်း ဖရဲသီးစားနေကြပြီး ဒီလောက် ကြီးမားသော ဖရဲသီးကို သူငယ်ချင်းအား မျှဝေခြင်း မရှိခဲ့ပေ။
ဟွန်း၊ တာဝန် ပျက်ကွက်တာပဲ။
ပဉ္စမမင်းသားသည် ချူဟွားအား ရက်လွန်နေပြီ ဖြစ်သော ဖရဲသီးကို ဝေမျှလိုက်ပြီး ဖုကွေ့ လောင်းကစားရုံ အကြောင်းကို နောက်ခံ ဇာတ်လမ်းအဖြစ် အနည်းငယ် ပြောပြလိုက်သည်။
"ရှီးရုံက ဖုကွေ့ လောင်းကစားရုံ လမ်းကြောင်းကနေ အန်းဝမ်ဆီ ငွေတွေ၊ လူတွေ၊ သတင်းတွေ ပို့ပေးတယ်၊ ဒါပေမဲ့ အန်းဝမ်က ငွေ၊ လူ၊ သတင်း အကုန် ယူပြီး အလုပ်မလုပ်ပေးဘူး၊ ရှီးရုံက ဒေါသထွက်ပြီး သက်သေအထောက်အထားတွေကို မြို့တော်ဆီ ပို့လိုက်တယ်၊ ညီလာခံ လက်ကို ငှားပြီး အန်းဝမ်ကို နှိပ်ကွပ်ချင်တာပေါ့၊ အန်းဝမ်က သိသွားပြီး လူလွှတ် လိုက်သတ်ခိုင်းတယ်"
"နင်နဲ့ ထုံအာ ဖရဲသီးစားတုန်းက နှစ်ဖက်စလုံး ဘယ်နေရာ ရောက်နေလဲ ဆိုတာ ပြောဖူးတယ်လေ၊ နန်းစောင့်တပ်က ညတွင်းချင်း လိုက်သွားပေမဲ့ တစ်လှမ်း နောက်ကျသွားတယ်၊ ရှီးရုံ လူတွေ အသတ်ခံလိုက်ရပြီး သက်သေတွေလည်း ဖျက်ဆီးခံလိုက်ရတယ်"
နန်ကုန်းလင်သည် သူမ၏ အဆင့်အတန်း ကန့်သတ်ချက်ကြောင့် အပြင်ပန်း သတင်းလောက်သာ သိရှိထားပြီး ပဉ္စမမင်းသားလောက် အသေးစိတ် မသိသဖြင့် ဖရဲသီးအကြီးကြီး၏ အသေးစိတ် အချက်အလက်များကို ငြိမ်သက်စွာ နားထောင်နေလေသည်။
ချူဟွားလည်း ပြောစရာ စကားမဲ့သွားခဲ့သည်။ ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရတယ်ပေါ့။ နန်းစောင့်တပ်က နည်းနည်း ညံ့နေတာလား။
Systemက သီးသန့် စကားပြောခန်းတွင် ပြင်းပြင်းထန်ထန် ဝေဖန်လေသည်။ [ငါတို့က နေရာကို အဲဒီလောက် အသေးစိတ် ပြောပြထားတာတောင် အလကားပဲ၊ သူတို့ စောစော ရောက်သွားပြီး အန်းဝမ်ဆိုတဲ့ အဆိပ်အတောက်ကို ဖယ်ရှားပစ်မယ်လို့ မျှော်လင့်ထားတာ၊ ဘာမှ အသုံးမကျဘူး၊ သာ့ရှန်း ညီလာခံကတော့ ကျဆုံးတော့မှာပဲ]
လေသံထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသည်။
ချူဟွား၏ စကားမပြောနိုင် ဖြစ်မှုနှင့် မကျေနပ်မှုကို ပဉ္စမမင်းသားက ရိပ်မိနေ၏။ သူကိုယ်တိုင် ကြားသိရစဉ်ကလည်း မကျေနပ်ခဲ့သော်လည်း ကိုယ့်တိုင်းပြည် ဖြစ်နေသဖြင့် ညီလာခံအတွက် မျက်နှာပန်းလှအောင် အမြန် ပြန်ဆယ်ရလေသည်။ "လက်ငင်း သက်သေအထောက်အထားတွေ မရလိုက်ပေမဲ့ နန်းစောင့်တပ်က ခြေရာခံ လိုက်သွားပြီး နှစ်ဖက် တိုက်ခိုက်တဲ့ နေရာကို တွေ့သွားတယ်၊ အလောင်းတွေကနေ သက်သေအထောက်အထား တချို့ ရှာတွေ့ပြီး အဲဒီကနေ ဆက်စုံစမ်းကြတာ"
"ရှီးရုံက သူလျှိုတွေနဲ့ ငွေအမြောက်အမြား ဆုံးရှုံးလိုက်ရတော့ အန်းဝမ်ကို အကြီးအကျယ် မုန်းတီးသွားပြီး တခြား နည်းလမ်းနဲ့ တရားစီရင်ရေးဌာနဆီ သက်သေတွေ ပို့လိုက်တယ်၊ အစက ရှီးရုံ သူလျှိုတွေက မတော်တဆမှု ဖြစ်မှာ စိုးရိမ်လို့ သတင်းတစ်ဝက်ကိုပဲ ပို့လိုက်တာ၊ တချို့က ပွားထားတဲ့ဟာတွေ၊ မူရင်း မဟုတ်ဘူး၊ သူတို့က တစ်ကွက် ချန်ထားတာကိုး"
"ဒီတစ်ခါတော့ အန်းဝမ်က ကြိုတင် သတင်းမရလိုက်ဘူး၊ ဘာမှ မူမမှန်တာလည်း သတိမထားမိလိုက်ဘူး၊ သက်သေတွေ ရောက်လာတော့တာပဲ၊ အရမ်း ပြည့်စုံတာတော့ မဟုတ်ပေမဲ့ ရသလောက်က တော်တော်လေး ပြည့်စုံတယ်၊ ညီလာခံက 'တိုင်းပြည်သစ္စာဖောက်မှု' ဆိုတဲ့ ခေါင်းစဉ်နဲ့ အန်းဝမ် နားက လျှို့ဝှက်တပ်သားတွေကို ဖယ်ရှားလိုက်တယ်"
တိုင်းပြည်သစ္စာဖောက်မှု ခေါင်းစဉ်နှင့် အန်းဝမ်ကို ဖြုတ်ချနိုင်မည်ဟု ချူဟွား တွေးထားသည်။ ဤပြစ်မှုသည် မည်သည့် အရာရှိအပေါ် ကျရောက်သည်ဖြစ်စေ မိသားစု သုံးဆက် မျိုးဖြုတ်သတ်ဖြတ်ခံရမည့် ကိစ္စ ဖြစ်သည်။ သို့သော် အရင်ဆုံး ဖယ်ရှားခံလိုက်ရသည်မှာ ယခင်အရှင်မင်းကြီး အန်းဝမ်အတွက် ချန်ထားရစ်ခဲ့သော လျှို့ဝှက်တပ်သားများ ဖြစ်နေသည်ကို သူမ အံ့ဩသွားမိသည်။
"လျှို့ဝှက်တပ်သားတွေက ဒီကိစ္စကြောင့် အသတ်ခံလိုက်ရတာလား"
ပဉ္စမမင်းသား: "ဘိုးတော်က အန်းဝမ်ဆီ လျှို့ဝှက်တပ်သား ထားပေးခဲ့တာက စည်းမျဉ်း ဖောက်ဖျက်ရာ ကျနေပြီ၊ ဘာလို့လဲဆိုတော့ လျှို့ဝှက်တပ်သားတွေရဲ့ အဓိက တာဝန်က လက်ရှိ အရှင်မင်းကြီးကို ကာကွယ်ဖို့နဲ့ အရှင်မင်းကြီး ခိုင်းတာ လုပ်ဖို့လေ၊ ဥပမာ နင့်ကို ကာကွယ်ဖို့ ခမည်းတော်က လျှို့ဝှက်တပ်သားတွေကို အမိန့်ပေးထားသလိုမျိုးပေါ့"
Systemက ဖြည့်စွက် ပြောကြားသည်။ [အဓိကက မကောင်းတဲ့ အလုပ်တွေ လုပ်ဖို့ပါ၊ ကာကွယ်ရေး တာဝန်က ရှားပါတယ်၊ များသောအားဖြင့် နန်းတွင်းသားသမီးတွေအတွက်ပဲ သုံးတာ၊ မမကြီးဟွား နင်က ခြွင်းချက်ပဲ၊ အင်း... ဆက်ပြောပါ]
ချူမိသားစုဝင်များ: "..."
ပဉ္စမမင်းသားသည် system စကားကြောင့် ဆွံ့အသွားသည်။ ကိစ္စအများအပြားကို လူတိုင်း သိနေသော်လည်း ထုတ်မပြောကြပေ။ အထက်ပါ အကြောင်းအရာသည် ထိုအထဲမှ တစ်ခု ဖြစ်သည်။
သူ စကားစထားပြီး ဖြစ်၍ ရပ်တန့်လိုက်ရန် မကောင်းသဖြင့် ဆက်ပြောရတော့သည်။ "တခြား ကိစ္စတွေကို လျှို့ဝှက်တပ်သားတွေက မမြင်ချင်ယောင် ဆောင်ပေးလို့ ရပေမဲ့ တိုင်းပြည်သစ္စာဖောက်မှု ကိစ္စက အရမ်း ကြီးမားလွန်းတယ်၊ ဘိုးတော် ချန်ထားခဲ့တဲ့ အမိန့်တော်က အန်းဝမ်ကို မကာကွယ်ပေးနိုင်တော့ဘူး"
ဒါက အရမ်း လိုရင်းတိုရှင်း ဖြစ်လွန်းတယ်။
Systemက တစ်စက္ကန့်မျှ မနှစ်မြို့ဖြစ်သွားပြီး ထပ်မံ ဖြည့်စွက် ပြောကြားလေသည်။ [အန်းဝမ်ရဲ့ လုပ်ရပ်တွေက နှစ်တွေ ကြာလာတာနဲ့အမျှ ပိုပိုပြီး လွန်ကဲလာတယ်၊ လျှို့ဝှက်တပ်သားတွေက လူတွေလေ စက်ရုပ်တွေမှ မဟုတ်တာ၊ သူတို့ စိတ်ထဲမှာလည်း ချိန်ခွင်လျှာ တစ်ခု ရှိတယ်၊ ရွံရှာစရာ ကိစ္စတွေ မြင်ရတော့ မတုန်လှုပ်ဘဲ မနေနိုင်ကြဘူး၊ "လျှို့ဝှက်တပ်သားက အမိန့် နာခံရမယ်" ဆိုတာနဲ့ "ငါတို့ တကယ်ပဲ ဒီလို သခင်မျိုးနောက် လိုက်ရမှာလား" ဆိုတဲ့ အတွေးကြားမှာ အမြဲ ယိမ်းယိုင်နေကြတာ]
[လျှို့ဝှက်တပ်သားတွေအတွက် အမိန့်နာခံဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့က ပထမ ဦးစားပေးပဲ၊ အချိန်အများစုမှာ သူတို့က ကိုယ်ပိုင် ခံစားချက်နဲ့ အသိတရားကို ဘေးဖယ်ထားသင့်တယ်၊ ဒါပေမဲ့ နှစ်ပေါင်းများစွာ အသိတရားနဲ့ ခံစားချက် တိုက်ပွဲဝင်လာပြီး ယိမ်းယိုင်နေကြတာ၊ အန်းဝမ်လို သခင်မျိုးက နောက်လိုက်ဖို့ မတန်ဘူးဆိုတဲ့ ဘက်ကို ပိုပြီး ယိမ်းလာကြတာပေါ့]
[အရှင်မင်းကြီး လွှတ်လိုက်တဲ့ နန်းစောင့်တပ်က အန်းဝမ်ရဲ့ တိုင်းပြည်သစ္စာဖောက်မှု သက်သေတွေကို ထုတ်ပြလိုက်တော့ လျှို့ဝှက်တပ်သားတွေမှာ လမ်းဖယ်ပေးဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရသွားတာပေါ့၊ အန်းဝမ်က လျှို့ဝှက်တပ်သားတွေနဲ့ ယခင်အရှင်မင်းကြီးရဲ့ အမိန့်တော် ဆိုတဲ့ အကာအကွယ် နှစ်ခု မရှိတော့ဘဲ ဘာလှိုင်းမှ မထနိုင်တော့ဘူး]
ဤအချက်က ချူဟွား ထင်မှတ်မထားသော ကိစ္စ ဖြစ်နေသည်။ "ငါက ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်မယ် ထင်နေတာ"
"ငါလည်း အဲဒီလိုပဲ ထင်တာ" နန်ကုန်းလင်က ချူဟွားနှင့် အမြင်တူသည်။ "ဒီနှစ်တွေထဲမှာ ညီလာခံက လူအများကြီး လွှတ်လိုက်ပေမဲ့ အသတ်ခံရတာချည်းပဲ၊ အဲဒီ လျှို့ဝှက်တပ်သားတွေက အရမ်း သစ္စာရှိကြတော့ အကုန် သေမှ အန်းဝမ်ကို ဖမ်းလို့ ရမယ် ထင်ထားတာ"
ပြောရင်းဆိုရင်း နန်ကုန်းလင်လည်း စိတ်လှုပ်ရှားလာသည်။ "ငါ တွေးမိတာ တစ်ခု ရှိသေးတယ်၊ လျှို့ဝှက်တပ်သားတွေ အသေအလဲ ကာကွယ်ပေးမှုအောက်မှာ အန်းဝမ်က ကျိုးပြည်နယ်ကနေ ထွက်ပြေးလွတ်မြောက်သွားပြီး နှစ်ဖက်စလုံး ကြွက်နဲ့ ကြောင်လို လိုက်ဖမ်းတမ်း ကစားကြမယ်၊ အခက်အခဲတွေ အများကြီး ကြုံပြီးမှ လူဖမ်းမိမယ်ပေါ့"
[ဟုတ်တယ် ဟုတ်တယ်] Systemက ထိုထက်ပိုပြီး သဘောမတူနိုင်တော့ပေ။ Fast and Furious ဇာတ်လမ်းကို ရှေးခေတ်ဗားရှင်း ကြည့်ရမည်ဟု မျှော်လင့်နေသော်လည်း ဘာမှ မဖြစ်လာဘဲ လူကို တန်းဖမ်းမိလိုက်သဖြင့် systemမှာ စိတ်ပျက်သွားရလေသည်။
ချူဟွားက အဓိက အချက်ကို ထောက်ပြလိုက်သည်။ "တရားမျှတမှု မရှိတဲ့သူက ကူညီမဲ့သူ နည်းတာပဲ။ သစ္စာရှိတဲ့ လျှို့ဝှက်တပ်သားတွေက ဒီလို ဆုံးဖြတ်ချက် ချနိုင်တယ် ဆိုတော့ အန်းဝမ်ဆီမှာ ငါတို့ မသိသေးတဲ့ ကိစ္စတွေ အများကြီး ရှိဦးမှာပဲ"
ပဉ္စမမင်းသားသည် အရှင်မင်းကြီးထံမှ သတင်းများစွာ ကြားသိထားပြီး လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် သူငယ်ချင်းများကို မျှဝေလိုက်သည်။ "သူက တိတ်တိတ်လေး နဂါးဝတ်စုံ ချုပ်ထားတယ်"
"ကျွတ်..." ချူဟွားနှင့် နန်ကုန်းလင်တို့ လန့်သွားပြီး ကိုယ့်လျှာကိုယ် ကိုက်မိလုနီးပါး ဖြစ်သွားသည်။
[ကျွတ်...] Systemလည်း လန့်သွားပြီး ကလေးသံလေးက ရုတ်တရက် အမျိုးသား အသံဩဩကြီး ဖြစ်သွားသည်။ [ငါ ဒီလောက် တော်တဲ့ ဖရဲသီးစား system ဖြစ်ပါလျက်နဲ့ ဒီဖရဲသီးကို မစားလိုက်ရဘူးလား]
ပဉ္စမမင်းသား၏ မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ဖြတ်သန်းသွား၏။ System အံ့ဩသွားမည်ကို သူ သိနေသည်။ ဒီနေ့ ဒီအကြောင်း စပြောရကျိုး နပ်ပြီ။
"ဘယ်ခေတ်မှာမဆို နဂါးဝတ်စုံ တိတ်တိတ်လေး ချုပ်တာက ရာဇဝတ်မှုကြီးပဲ၊ အဲဒါက အန်းဝမ် ပုန်ကန်ဖို့ ကြံစည်တယ် ဆိုတဲ့ ခိုင်လုံတဲ့ သက်သေပဲ။ သူကိုယ်တိုင်လည်း ဒီပြစ်မှု ကြီးတယ် ဆိုတာ သိလို့ လျှို့ဝှက်အခန်းထဲမှာ ဝှက်ထားပြီး တစ်ခါတစ်လေ ဝတ်ကြည့်ပြီး ကျေနပ်နေတာ၊ လူမြင်ကွင်းမှာ ပေါ်တင် ဝတ်မပြရဲဘူး၊ ပြီးတော့ ဝှက်ထားတဲ့ နေရာက စာကြည့်ခန်း ဖြစ်နေတော့ ငြင်းလို့ မရတော့ဘူး"
အန်းဝမ်က "တခြားသူက ငါ့ကို လုပ်ကြံတာ" ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြစ်မှုကနေ လွတ်မြောက်ဖို့ ကြိုးစားရင်တောင် စာကြည့်ခန်းလို အရေးကြီးတဲ့ နေရာမှာ သူ့ကိုယ်လုံးနဲ့ ကွက်တိ ဖြစ်နေတဲ့ နဂါးဝတ်စုံ ရှိနေမှတော့ ပါးစပ် ဆယ်ပေါက် ရှိရင်တောင် ရှင်းပြလို့ မရတော့ဘူးလေ။
သေချင်နေသူများ ရှိတတ်ကြောင်း ချူဟွား သိသော်လည်း သည်လောက် သေချင်နေသူ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"အန်းဝမ်ရဲ့ အဆင့်အတန်းနဲ့ အစပြုမှုကို ကြည့်ရင် ကျိုးပြည်နယ်မှာ အေးအေးဆေးဆေး ဝမ်လုပ်နေရင် ဘယ်လို စည်းစိမ်မျိုး မရနိုင်လို့လဲ"
နန်ကုန်းလင်လည်း ဗဟုသုတ တိုးသွားလေသည်။ "... လူတိုင်းမှာ ကိုယ်ပိုင် ရည်မှန်းချက် ရှိကြတာပဲလေ"
ပဉ္စမမင်းသားက ချူဟွားကို တစ်ချက်ကြည့်၊ နောက်တစ်ချက် ထပ်ကြည့်လိုက်သည်။ System ဖရဲသီးစားလို့ မပြီးသေးဘူးလား။
ချူဟွားသည် ပဉ္စမမင်းသား၏ မူမမှန်မှုကို သတိထားမိပြီး အနည်းငယ် စဉ်းစားလိုက်ရုံဖြင့် ဒီနေ့ အန်းဝမ် အကြောင်း ပြောရသည့် ရည်ရွယ်ချက်ကို သိလိုက်သော်လည်း နားမလည်နိုင် ဖြစ်နေရသည်။ ဖရဲသီးစားချင်ရင် ဘာလို့ systemကို တိုက်ရိုက် မမေးတာလဲ။
အကြောင်းအရာက နည်းနည်း ထိလွယ်ရှလွယ် ဖြစ်နေလို့ အရှင်မင်းကြီး ဆူမှာ ကြောက်လို့လား။
"အန်းဝမ် ဘယ်တုန်းက အဖမ်းခံရတာလဲ"
ပဉ္စမမင်းသား: "လွန်ခဲ့တဲ့ ၇ လ ၈ လလောက်ကပါ။ သူက ဘာပဲဖြစ်ဖြစ် ဝမ်တစ်ပါး ဖြစ်နေတော့ ကျိုးပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အကုန် စစ်ဆေးပြီး ရှင်းလင်းရတယ်၊ ပြီးတော့ တော်ဝင်မိသားစုရေးရာဌာနကို တင်ပြရတယ် ဆိုတော့ ကြာသွားတာပေါ့"
ထိုအချိန်တွင် system ဖရဲသီးစားပြီး ပြန်ရောက်လာကာ စကားတစ်ခွန်း စပြောလိုက်သည်။ [ပြောရမယ် ဆိုရင်တော့ ဒီအန်းဝမ်ရဲ့ သတ္တိက တကယ် ကောင်းတာပဲနော်]
လာပြီ။ ပဉ္စမမင်းသားက ခါးကို မတ်ထားလိုက်သည်။ အန်းဝမ်ဆီမှာ ပိုကြီးမားသော ဖရဲသီး ရှိနေသေးသည်ကို သူ သိနေသည်။
ချူမိသားစုဝင်များကလည်း နားစွင့်နေကြ၏။ နဂါးဝတ်စုံ တိတ်တိတ်လေး ချုပ်တာနဲ့ တိုင်းပြည် သစ္စာဖောက်တာထက် ပိုကြီးတဲ့ ပြစ်မှု တကယ် ရှိနေသေးတာလား။ စဉ်းစားရ ခက်လိုက်တာ။
System: [အန်းဝမ် ငယ်ငယ်တုန်းက အရမ်း အချစ်ခံရတယ်၊ တော်ဝင်စာကြည့်ဆောင်ကို ခဏခဏ သွားပြီး ယခင်အရှင်မင်းကြီးကို သွားရှာတတ်တယ်၊ ယခင်အရှင်မင်းကြီးက ညီလာခံကိစ္စတွေ၊ နန်းတွင်းကိစ္စတွေ လုပ်ပြီးတာတောင် အန်းဝမ်ကို စာသင်ပေးသေးတယ်၊ သူက မင်းသားတွေထဲမှာ ယခင်အရှင်မင်းကြီး ကိုယ်တိုင် စာသင်ပေးပြီး စာရေးသင်ပေးခံရတဲ့ တစ်ဦးတည်းသော မင်းသားပဲ၊ အခု လက်ရှိ အရှင်မင်းကြီးတောင် အဲဒီအခွင့်အရေး မရဘူး]
[အန်းဝမ်က တော်ဝင်တံဆိပ်တုံးကို သိချင်လို့ ကြည့်ချင်တယ် ဆိုရင် ယခင်အရှင်မင်းကြီးက တွန့်ဆုတ်မနေဘဲ သား ကစားဖို့ ထုတ်ပေးလိုက်တာပဲ၊ တကယ်တော့ ဒါကို ကြည့်ရင် အချစ်ဦး မွေးတဲ့ ဒီသားက ယခင်အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ ဘယ်လောက် အထူးတလည် ဖြစ်နေလဲ ဆိုတာ သိသာပါတယ်၊ ဒီလောက် ကောင်းတဲ့ နယ်မြေ ပေးထားတာ၊ လျှို့ဝှက်တပ်သားတွေနဲ့ အမိန့်တော် ချန်ထားပေးပြီး ကာကွယ်ပေးထားတာ မဆန်းပါဘူး၊ ဒါပေမဲ့ ကာကွယ်ပေးရင်း ကျေးဇူးကန်းတဲ့ မြေခွေးတစ်ကောင် ဖြစ်လာတာပဲ]
[အန်းဝမ်က နဂါးဝတ်စုံ ဝတ်ကြည့်ပြီးတဲ့နောက် ဒီတောက လက်ဝေခံဘုရင်က သိပ်မမိုက်ဘူးလို့ ထင်လာတယ်၊ ယခင်အရှင်မင်းကြီး သူ့ကို ပွေ့ချီပြီး ထိုင်ဖူးတဲ့ နဂါးပလ္လင်ကို သတိရလာတယ်၊ ငယ်ငယ်တုန်းက မြင်ဖူးတဲ့ တော်ဝင်တံဆိပ်တုံးကို သတိရလာတယ်၊ ဒါနဲ့ ပုံဆွဲပြီး လူရှာ လုပ်ခိုင်းတော့တာပဲ]
အားလုံး: !!!
မိုးကြိုးပစ်တယ် ဆိုတာ ဘာလဲ။ ဒါကို ခေါ်တာပဲ။
မင်းဆရာအိုကြီးသည် မူလက ဖြည်းဖြည်းချင်း လမ်းလျှောက်နေပြီး မင်းဆရာကြီးထက် စောစီးစွာ ဖရဲသီးစားလိုက်ရသဖြင့် ပျော်ရွှင်နေကာ ခဏနေလျှင် မင်းဆရာကြီးကို သွားကြွားမည်ဟု တွေးနေသည်။ သို့သော် နဂါးပလ္လင်နှင့် တော်ဝင်တံဆိပ်တုံး အကြောင်း ကြားလိုက်ရသည်နှင့် ချက်ချင်း မီတာ ၁၀၀ အပြေးသမားကဲ့သို့ စာကြည့်ခန်းသို့ ပြေးသွားလေသည်။
"System၊ အန်းဝမ်က တော်ဝင်တံဆိပ်တုံး တကယ် လုပ်တာလား"
[လုပ်တာပေါ့] System၏ ကြည်လင်ပြတ်သားသော ကလေးသံလေးက လူတိုင်း နားထဲ ပဲ့တင်ထပ်သွားပြီး လူတိုင်း ခေါင်းထဲတွင် ဝီစီမှုတ်သံကဲ့သို့ မြည်ဟီးသွားစေသည်။
နန်ကုန်းလင်မှာ မျက်လုံး ပြူးထွက်လုနီးပါး ဖြစ်သွားပြီး လွှတ်ခနဲ ပြောလိုက်သည်။ "သူ ရူးသွားပြီလား။ သူ ဘယ်လိုလုပ် လုပ်ရဲတာလဲ"
မင်းဆရာအိုကြီးမှာ ခြေထောက် မခိုင်တော့ဘဲ စာကြည့်ခန်း တံခါးကို ကိုင်ထားမှ ဖင်ထိုင်မကျရုံ တမယ် ဖြစ်သွားခဲ့သည်။ မျက်လုံးနှင့် မျက်နှာ တစ်ခုလုံးတွင် ထိတ်လန့်မှုများ အပြည့်ပင်။
ပဉ္စမမင်းသားသည် ကိစ္စက သူ ထင်ထားသည်ထက် ကျော်လွန်နေသည်ကို သတိပြုမိသည်။ "နဂါးပလ္လင် ရှိတယ်လို့ မကြားမိပါဘူး"
System: [နဂါးပလ္လင်က ပစ်မှတ် အရမ်းကြီးတယ်၊ အန်းဝမ်က လူရှာပြီး နဂါးပလ္လင် လုပ်ခိုင်းတဲ့ ကိစ္စကို အကြံပေး အရာရှိ သိသွားပြီး ဝိုင်းဝန်း ဖျောင်းဖျကြလို့ နောက်ဆုံးမှာ တစ်ဝက်လောက် လုပ်ပြီးသား နဂါးပလ္လင်ကို ဖျက်ဆီးလိုက်ရတယ်]
မင်းဆရာအိုကြီးသည် နောက်ဆုံး မျှော်လင့်ချက်လေးကို ဖက်တွယ်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဒါဆို တော်ဝင်တံဆိပ်တုံးကရော။ ဖျက်ဆီးလိုက်ပြီလား"
Systemက မင်းဆရာအိုကြီး အသက်ကြီးမှ အကြီးအကျယ် လန့်သွားသည်ကို ကြည့်ပြီး အမှန်တရား သိသွားလျှင် သတိလစ်သွားမည် စိုးသဖြင့် ချက်ချင်း စကားမပြောရဲ ဖြစ်နေလေသည်။
ချူဟွားနှင့် နန်ကုန်းလင်တို့က မင်းဆရာအိုကြီးကို တွဲပြီး ကုလားထိုင်တွင် ထိုင်စေသည်။ "ဆရာ စိတ်မလောပါနဲ့"
"ငါ မလောဘဲ နေနိုင်မလား" တပည့်က စေတနာနှင့် ပြောမှန်း၊ သူ ဒေါသထွက်ပြီး လဲကျသွားမှာ စိုးရိမ်မှန်း မင်းဆရာအိုကြီး သိသော်လည်း သူ မလောဘဲ မနေနိုင်ပေ။ ရင်ထဲတွင် မီးလောင်နေသကဲ့သို့ ပူလောင်နေသည်။ "နန်းစောင့်တပ်က အန်းဝမ် အိမ်တော်ထဲမှာ တော်ဝင်တံဆိပ်တုံး မတွေ့ဘူး၊ တကယ်လို့ တော်ဝင်တံဆိပ်တုံး မဖျက်ဆီးရသေးဘဲ တခြားလူ လက်ထဲ ရောက်သွားရင် ဒုက္ခပဲ"
ချူဟွားသည် မင်းဆရာအိုကြီးကို တားမရမှန်း သိသဖြင့် အမြန် လူခေါ်လိုက်သည်။ "ကျားရီ၊ ဆရာ့ကို လာကြည့်ပေးပါဦး"
တံခါးဝတွင် စောင့်နေသော ကျားရီက အသံကြားသည်နှင့် ဝင်လာပြီး မင်းဆရာအိုကြီးကို သွေးစမ်းကြည့်ကာ ချူဟွားကို ခေါင်းညိတ်ပြလိုက်သည်။
ဒီအချိန်ထိ system ပြန်မဖြေသေးသည်မှာ အဖြေက သေချာနေပြီ ဆိုတာ သိသာသည်။
မင်းဆရာအိုကြီးသည် တစ်ဝက် သိထားပြီး ဖြစ်၍ တခြား တုံ့ပြန်မှု မရှိသေးရာ နောက်ဆုံး ရလဒ် သိရသည်အထိ တောင့်ခံနိုင်မည် ဖြစ်သည်။
သူကိုယ်တိုင်လည်း သိနေပြီး ချူဟွား လက်ကို ပုတ်လိုက်သည်။ "ကိစ္စ မရှိဘူး၊ ငါ တောင့်ခံနိုင်တယ်၊ system မင်း ပြောပါ"
ချူဟွား ခေါင်းညိတ်လိုက်သည်။ [ထုံအာ၊ ပြောလိုက်ပါ]
Systemက စကားကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။ [တော်ဝင်တံဆိပ်တုံးလည်း လုပ်ခဲ့ပါတယ်၊ အကြံပေး အရာရှိက သက်သေ ဖျက်ဆီးပစ်ဖို့ ပြောတာကို သူ နားမထောင်ဘူးလေ]
[သူ အကြံပေးအရာရှိ စကား နားထောင်တာ တစ်ခုပဲ ရှိတယ်၊ တော်ဝင်တံဆိပ်တုံးကို ဝှက်ထားဖို့၊ ဘယ်သူမှ ရှာမတွေ့နိုင်မဲ့ နေရာမှာ ဝှက်ထားဖို့ပေါ့]
မင်းဆရာအိုကြီးက ထပ်မေးသည်။ "ဘယ်နေရာလဲ"
လူတိုင်းက ဘယ်သူမှ ရှာမတွေ့နိုင်မည့် နေရာက ဘယ်နေရာလဲ ဆိုတာ ခန့်မှန်းနေကြသည်။
နန်းစောင့်တပ်က အန်းဝမ် အိမ်တော်ကို အကြိမ်ကြိမ် မွှေနှောက်ပြီးပြီ ဖြစ်ရာ ရှာမတွေ့ဘူး ဆိုတော့ အိမ်တော် အပြင်ဘက်မှာ ဝှက်ထားတာများလား။ ဒါမှမဟုတ် သူတို့ ပုံမှန် ပစ္စည်းဝှက်ထားရင် မစဉ်းစားမိမည့် နေရာမျိုးလား။
System၏ ကလေးသံလေးက အားနည်းပြီး တိုးဖျော့နေကာ မသိမသာ ရွံရှာသော လေသံ ပါနေသည်။
[အိမ်သာထဲမှာ]
မင်းဆရာအိုကြီး: "..."
ချူဟွားနှင့် အခြားသူများ: "..."
…