← Chapters

အခန်း ၁၃၂

Vol. 9 Ch. 132

အခန်း ၁၃၂

Vol. 9 Ch. 132

အပိုင်း (၁၃၂)

ကျန်းရှီ၏ လက်ရှိ အခြေအနေအရ ချူဟွားနှင့် system တို့သည် ကြောင်နှိပ်စက်သည့် ကိစ္စကို ထပ်မပြောရဲကြတော့ပေ။ ထပ်အန်မိပြီး အခြေအနေ ပိုဆိုးသွားမည်ကို စိုးရိမ်ရသည်လေ။

ဟွိုင်ရန်က လူကောင်းမဟုတ်ကြောင်း သိလိုက်ရပြီးနောက် ကျန်းရှီက သူ့ကို အလိုလို ဝေးရာသို့ ပို့ပစ်ပေလိမ့်မည်။ အပြစ်ပေးဖို့ ကိစ္စကတော့...

သာ့ရှန်းတွင် ကြောင်များကို ကာကွယ်ပေးသည့် ဥပဒေ မရှိသဖြင့် ဥပဒေအရ အပြစ်ပေး၍ မရနိုင်ပေ။ အလွန်ဆုံး လုပ်နိုင်သည်မှာ ကိုယ်ကျင့်တရားအရ ပြစ်တင်ရှုတ်ချခြင်းနှင့် အိမ်နီးနားချင်းများကို မိမိတို့၏ ကြောင်များကို သေချာ ဂရုစိုက်ကြရန်၊ အဖမ်းခံရခြင်းနှင့် အသတ်ခံရခြင်းတို့မှ ကင်းဝေးစေရန် သတိပေးခြင်းသာ လုပ်နိုင်ပေမည်။

ကျန်းရှီသည် အတော်ကြာမှ စိတ်သက်သာရာ ရသွားပြီး ညည်းတွားလိုက်လေသည်။ “ကျွန်မက ယောက်ျားဆိုးတွေကို ဒီလောက်တောင် ဆွဲဆောင်နိုင်တာလား”

ချူဟွား“ကံမကောင်းလို့ပါ။ ပြီးတော့ နင့်ဘေးမှာ ကာကွယ်ပေးတဲ့သူ တစ်ယောက် ရှိနေသေးတာပဲ မဟုတ်လား”

စောစောက system နှင့် သီးသန့် ပြောဆိုနေစဉ် သူမတွင်လည်း အလားတူ မေးခွန်းမျိုး ရှိခဲ့သော်လည်း အချိန်အကန့်အသတ် ရှိသောကြောင့် system က အကျဉ်းချုံးသာ ပြောပြခဲ့ခြင်း ဖြစ်သည်။

ကျန်းရှီ ကြောင်သွားသည်။ “ဘယ်သူလဲ”

ချူဟွားက နာမည်ကို ဗြောင်မပြောဘဲ အရိပ်အမြွက်သာ ပေးလိုက်၏။ “အဲဒီလူက သိပ်ပြီး နူးညံ့ချင်မှ နူးညံ့မယ်။ စကားပြောလည်း သိပ်မကောင်းဘူး။ ဒါပေမဲ့ နင့်ဘေးမှာ အမြဲတမ်း ရှိနေပေးတယ်”

ကျန်းရှီ၏ မျက်လုံးအိမ်များ ဖြည်းဖြည်းချင်း ကျယ်လာသည်။ “သူပဲ”

ချူဟွားက ပြုံးလိုက်၏။ ကျန်းရှီသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး ပါးပြင်ပေါ်တွင် ပန်းရောင်သန်းသွားလေသည်။

စကားပြော မကောင်းရုံတင် ဘယ်ကမလဲ။ လုံးဝကို မပြောတတ်တာ။

ကွာရှင်းပြီးကတည်းက အဲဒီလူက အိမ်ကို ခဏခဏ လာခဲ့တယ်။ ကျင်းကျင်းကိုလည်း ကြောင်လေး ပေးခဲ့သေးတယ်။ ဟွိုင်ရန်တောင် ကြောင်ကြည့်မယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အကြိမ်ကြိမ် လာလည်တတ်သေးတာ။ သူကကျ ဘာလို့ မသိတာလဲ။ တုံးအလိုက်တာ။

ထားလိုက်ပါတော့။ ပြန်ရောက်မှပဲ ပြောတော့မယ်။

လောလောဆယ် ဟွိုင်ရန်ကိစ္စက ပိုအရေးကြီးသည်။

ကျန်းရှီသည် သူမ၏ လူကဲခတ်သည့် မျက်လုံး အားနည်းသည်ဟု ခံစားမိသည်။ ယွီကျားယန် ကိစ္စကို သူမ သိပြီးပြီ ဖြစ်ရာ ဟွိုင်ရန် ကိစ္စကိုလည်း ရှင်းရှင်းလင်းလင်း သိထားမှ ဖြစ်မည်။ သင်ခန်းစာကို အပြည့်အဝ ယူလိုက်မှသာ နောက်နောင် ပိုပြီး မှတ်မိနေမည် ဖြစ်သည်။

“ဟွိုင်ရန်က ဘာလို့ ကြောင်ကို နှိပ်စက်တာလဲ”

ချူဟွားနှင့် system တို့ သီးသန့် ပြောဆိုစဉ်က ရလဒ်ကိုသာ သိခဲ့ရပြီး အကြောင်းရင်းကို မသိရသေးသဖြင့် နားစွင့်လိုက်ကြသည်။

ချူမိသားစုဝင်များလည်း အလွန် သိချင်နေကြသည်။

ဟွိုင်ရန်က ကြောင်တွေနဲ့ ဘယ်လို ရန်ငြိုးရန်စတွေများ ရှိနေလို့လဲ။ ငယ်ငယ်တုန်းက ကြောင်ကုတ်တာ။ ကိုက်တာ ခံရပြီး မျက်နှာ ပျက်စီးသွားလို့ အခုထိ အငြိုးထားနေတာတော့ မဟုတ်လောက်ပါဘူး။

စောစောက ကျန်းရှီနဲ့ system ပြောတုန်းက ဟွိုင်ရန် ရုပ်ရည်အကြောင်း မပါခဲ့သလို မျက်နှာ ပျက်စီးနေရင် ကလေးတွေ လန့်သွားတတ်တာမို့ system က ကျင်းကျင်း ပထမဆုံးအကြိမ် ဟွိုင်ရန်ကို တွေ့တုန်းက လန့်သွားတယ်လို့ မပြောခဲ့တဲ့အတွက် ဒီဖြစ်နိုင်ခြေက နည်းတယ်။

ဒါဆို ဘာကြောင့်များလဲ။

လူတိုင်း ဦးနှောက်ခြောက်အောင် စဉ်းစားနေကြစဉ် system က အကြောင်းရင်းကို ပြောပြလာ၏။

[အကြောင်းရင်းတွေ အများကြီး ရှိတယ်။ အရင်ဆုံး စရိုက်အကြောင်း ပြောကြမယ်]

[ဟွိုင်ရန်ရဲ့ စရိုက်က အမှောင်ဘက်ကို ယိမ်းပြီး အဆိုးမြင်တတ်တယ်။ အခက်အခဲတွေ ကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ဘဲ တခြားသူ အပြစ်လို့ ပုံချပြီး မုန်းတီးတတ်တယ်။ တချို့လူတွေက မသိစိတ်ကနေ ဖြစ်တာ။ တချို့က သိရက်နဲ့ တမင် လုပ်တာ။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ပြုပြင်ရတာ မလွယ်ဘူးလေ။ သူများကို အပြစ်တင်လိုက်တာက ပိုရိုးရှင်းပြီး ပိုသက်သာတယ်]

[ငယ်ငယ်ကတည်းက သူ့ရဲ့ စရိုက်အမှန်ကို ဘယ်သူမှ မကြိုက်မှန်း သူ သိတယ်။ လူကြီးတွေက မကြိုက်ကြဘူး။ ရွယ်တူတွေက မပေါင်းကြဘူး။ ဝမ်းကွဲအစ်ကိုနဲ့ စကားများရင် သူပဲ အဆူခံရတယ်။ ဝမ်းကွဲအစ်ကို မှားရင်တောင် လူကြီးတွေက သူ့ကို မယုံကြဘူး]

[အကြိမ်ကြိမ် ကြုံရပြီးနောက်မှာ ဘယ်လို လူမျိုးကို လူတွေက ပိုသဘောကျပြီး ပိုယုံကြည်လဲ ဆိုတာ သူ နားလည်သွားတယ်။ ခေါင်းငုံ့ပြီး စာကြိုးစားတယ်။ စာတော်အောင် လုပ်တယ်။ သူ့ကိုယ်သူ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ ပုံစံမျိုး ဟန်ဆောင်တယ်။ လူတွေ့ရင် ပြုံးပြတယ်။ စကားပြောရင် လေသံတိုးတိုးနဲ့ ပြောတယ်။ ဒီနည်းလမ်းက တကယ် အလုပ်ဖြစ်တယ်]

ချူဟွားက စာတော်သည့် ကျောင်းသားနှင့် စာညံ့သည့် ကျောင်းသားကို ချိတ်ဆက်ကာ တွေးမိလိုက်သည်။

သူမ ကျောင်းတက်တုန်းက ဆရာတွေက စာတော်တဲ့ ကျောင်းသားတွေကို အရမ်း သဘောကျကြသည်။ တကယ်လို့ ကိစ္စတစ်ခုခု ဖြစ်ခဲ့ရင်တောင် အမြဲတမ်း ငြိမ်ငြိမ်ဆိမ်ဆိမ် စာလုပ်နေတဲ့ ကျောင်းသားကိုပဲ ပိုယုံကြည်ကြပြီး အမြဲတမ်း ဆိုးသွမ်းပြီး ကျောင်းပြေးတဲ့ ကျောင်းသားကို မယုံကြည်ကြပေ။

အိမ်က လူကြီးတွေလည်း ဒီလိုပဲ။ ပွဲလမ်းသဘင် ရောက်တိုင်း အိမ်က စာတော်တဲ့ ကလေးကို ထုတ်ကြွားတတ်ကြပြီး မုန့်ဖိုးလည်း ပိုပေးတတ်ကြသည်။ စာတော်တဲ့ ကျောင်းသားရဲ့ အဆင့်အတန်းက စာညံ့တဲ့ ကျောင်းသားထက် အမြဲ မြင့်မားသလို နူးညံ့သိမ်မွေ့ပြီး စကားပြောကောင်းသူရဲ့ အဆင့်အတန်းကလည်း တိတ်ဆိတ် ငြိမ်သက်နေသူထက် အမြဲ မြင့်မားလေသည်။

System [ဟွိုင်ရန်ရဲ့ စရိုက်အမှန်နဲ့ ဟန်ဆောင်ထားတဲ့ စရိုက်က လုံးဝ ဆန့်ကျင်ဘက်ပဲ။ ဟန်ဆောင်ထားတဲ့ စရိုက်က လူကြိုက်များလေလေ ဟွိုင်ရန်က သူ့ရဲ့ စရိုက်အမှန်ကို လူတွေ ဘယ်လောက် မုန်းလဲ ဆိုတာ ပိုခံစားရလေလေပဲ။ အချိန်ကြာလာလေလေ ပိုပြီး နာကျည်းမုန်းတီးလာလေလေပဲ]

[မကောင်းတဲ့ စိတ်ခံစားချက်တွေ စုပုံလာပြီး မပေါက်ကွဲရရင် စိတ်ဓာတ်ကျမယ်။ နာကျင်ရမယ်။ ဟွိုင်ရန်က အရင်တုန်းက ခေါင်းအုံးကို ထိုးတယ်။ စာအုပ်တွေ ဆွဲဖြဲတယ်။ သစ်ပင်ပန်းမန်တွေကို ဆွဲဖဲ့တယ်။ နောက်ဆုံးကျတော့ အဲဒီအရာတွေ အားလုံးကို ကြောင်တွေအပေါ် ပုံချပြီး ပေါက်ကွဲပစ်လိုက်တာ]

[ပေါက်ကွဲတဲ့ နည်းလမ်း ပြောင်းလဲလာတာကို ကြည့်ရင် သိနိုင်တယ်။ အစတုန်းက သူများ သိမှာ ကြောက်လို့ အိပ်ခန်းထဲမှာ ခေါင်းအုံးကို ထိုးတယ်။ နောက်တော့ စာကြည့်ခန်းမှာ၊ ပန်းခြံထဲမှာ၊ သူများ ကြိုက်တဲ့ ပန်းတွေကို ဖျက်ဆီးတယ်။ နည်းလမ်းတွေက ပိုပိုပြီး ရဲတင်းလာသလို ပိုပိုပြီးလည်း ပြင်းထန်လာတယ်]

[ကြောင်နှိပ်စက်တဲ့ နည်းလမ်းကလည်း ရိုးရိုး ထုရိုက်တာကနေ အပ်အကြီးကြီးနဲ့ ထိုးတာ။ ခြေထောက်ချိုးတာ။ လက်သည်းညှပ်တာ။ အမြီးဖြတ်တာတွေ ဖြစ်လာတယ်... မြင်ကွင်းက အရမ်း သွေးထွက်သံယို ဖြစ်ပြီး ရက်စက်လွန်းလို့ နားထောင်ပြီးရင် အိပ်မက်ဆိုး မက်တတ်တယ်။ ဒါကြောင့် ဒီနေရာမှာ အသေးစိတ် မပြောတော့ဘူး]

နည်းလမ်းများ အဆင့်မြှင့်လာမှုက အလွန် မြန်ဆန်လှသဖြင့် ချူဟွားစိုးရိမ်သွားသည်။ [တကယ်လို့ တစ်နေ့နေ့ကျရင် ကြောင်နှိပ်စက်တာနဲ့ သူ့ရဲ့ ပေါက်ကွဲချင်စိတ်၊ ဖျက်ဆီးချင်စိတ်တွေ မပြည့်စုံတော့ရင် လူဘက်ကို လှည့်လာမလား]

[သူက ခွေးအစား ကြောင်ကို ရွေးချယ်တာက ကြောင်ရဲ့ အရွယ်အစားနဲ့ တိုက်ခိုက်နိုင်စွမ်းက ခွေးထက် နည်းလို့လေ။ လူသားတွေထဲမှာဆိုရင် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေက နှိုင်းယှဉ်ချက်အရ အားနည်းတဲ့ အုပ်စုတွေပဲ။ တကယ်လို့ သူ အဲဒီအဆင့်ထိ ရောက်သွားရင် ပထမဆုံး သားကောင် ဖြစ်လာနိုင်တာက ကလေးတွေပဲ]

မိခင်များ ဖြစ်ကြသော ကျန်းရှီနှင့် ဝမ်သခင်မတို့သည် ကလေးများကို ဟွိုင်ရန်က ကြောင်နှိပ်စက်သလို နှိပ်စက်မည်ကို တွေးမိလိုက်သည်နှင့် နေမထိထိုင်မသာ ဖြစ်ကုန်ကြသည်။

ချူမိသားစုဝင် အများစု မျက်မှောင်ကြုတ်လိုက်ကြသည်။ ကြောင်နှိပ်စက်ခြင်းသည် သူတို့နှင့် မသက်ဆိုင်ပေ။ အကြောင်းမှာ နစ်နာသူသည် သူတို့ မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် လူကို နှိပ်စက်မည် သို့မဟုတ် လူသတ်မည် ဆိုပါက မိမိတို့ မိသားစုဝင်များ ပါဝင်ပတ်သက်လာမည်လား ဆိုသည်ကို ပြော၍ မရနိုင်ပေ။

မတော်တဆမှု မဖြစ်ခင် ဘယ်ကံဆိုးသူ သေမလဲ ဆိုတာ ဘယ်သူ သိမှာလဲ။

ကျန်းရှီက အစိုးရိမ်ဆုံး ဖြစ်သည်။ အကြောင်းမှာ သမီးဖြစ်သူ ကျင်းကျင်းနှင့် ဟွိုင်ရန်က ရင်းနှီးပြီး ယုံကြည်နေသောကြောင့် ဖြစ်သည်။

မဖြစ်ဘူး။ ပြန်ရောက်တာနဲ့ ဟွိုင်ရန်က ဘယ်လို လူစားမျိုးလဲ ဆိုတာ ကျင်းကျင်းကို ပြောပြရမယ်။ မဟုတ်ရင် တစ်နေ့နေ့ကျ ဟွိုင်ရန်က ကျင်းကျင်း မသိတာကို အခွင့်ကောင်းယူပြီး ရုတ်တရက် လက်ပါလာရင် သူမ အစက ချူဟွားအကြံပေးတာကို နားမထောင်ခဲ့မိလို့ ဆိုပြီး ဘယ်လောက် နောင်တရရ အသုံးဝင်မှာ မဟုတ်တော့ဘူး။

System က ခက်ခဲစွာ ပြောလာသည်။ [မမကြီးဟွား၊ ငါက ဖြစ်ပြီးသား ကိစ္စတွေကိုပဲ စစ်ဆေးလို့ ရတာ။ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ကိစ္စတွေကို ကြိုမသိနိုင်ဘူး]

ချူဟွားသည် အတိတ်က ကြည့်ဖူးသော မှုခင်း ဇာတ်လမ်းတွဲများမှ အဖြစ်အပျက်များကို ပြန်စဉ်းစားနေပြီး ကိုးကားစရာ ဥပမာများ ရှိမရှိ တွေးတောနေသဖြင့် ပြန်ဖြေသည့် လေသံမှာ အာရုံမရောက်သည့် ပုံစံ ဖြစ်နေသည်။ [ငါ သိပါတယ်]

System သည် ချူဟွားကို အလွန် ရင်းနှီးနေပြီ ဖြစ်ရာ ဤလေသံကို ကြားသည်နှင့် သူမ စိတ်လွင့်နေမှန်း သိလိုက်သည်။ [နင် ဘာတွေ တွေးနေတာလဲ]

ချူဟွား[ကြောင်နှိပ်စက်တဲ့သူက လူသတ်တဲ့အထိ အဆင့်တက်သွားမလား ဆိုတာ ငါ စဉ်းစားနေတာ]

System က ရှေးရိုးဆန်သော အဖြေတစ်ခု ပေးလိုက်သည်။ [ငါက ဖြစ်နိုင်တယ်လို့ပဲ ပြောလို့ ရမယ်။ ရာနှုန်းပြည့် အာမခံချက်တော့ မပေးနိုင်ဘူး]

ချူဟွားနှင့် ကျန်းရှီတို့ အလွန် စိုးရိမ်ပူပန်နေကြသည်ကို မြင်သောအခါ systemက စဉ်းစားလိုက်ပြီး အကြံပြုလိုက်သည်။ [ဒါဆို ငါ စစ်ဆေးကြည့်လိုက်မယ်။ သာ့ရှန်း နယ်ပယ်ထဲမှာ အဲဒီလို ဥပမာမျိုး ရှိမရှိ ကြည့်လိုက်မယ်လေ။ တကယ်လို့ သာ့ရှန်းမှာ မရှိရင် တခြား နိုင်ငံတွေကို ရှာကြည့်မယ်]

ချူဟွား[ကောင်းပြီ။ ပင်ပန်းပြီနော်]

ကျန်းရှီ “ထုံအာ ဒုက္ခပေးရပြီ”

[မပင်ပန်းပါဘူး~] System သည် ဖရဲသီးစားရင်း အလုပ်လုပ်ရန် ထွက်ခွာသွားတော့သည်။

ချူဟွားနှင့် ကျန်းရှီတို့ လက်ဖက်ရည် အနည်းငယ် သောက်ပြီးချိန်တွင် system သည် ရှာဖွေတွေ့ရှိချက်များကို ပြန်လည် တင်ပြလာ၏။ [ရှိတယ်။ ဒီရလဒ်က ငါ့ကို တော်တော် စိတ်ရှုပ်ထွေးရစေတာပဲ]

အားလုံး ???

System ကို ဒီလို စကားလုံး သုံးနှုန်းစေတာ ဘယ်လောက်တောင် ထူးခြားတဲ့ ကိစ္စမို့လို့လဲ။

System [လူသတ်သမားက အသက် ၅၀ ကျော် အဘွားကြီး တစ်ယောက်၊ ကြောင်နှိပ်စက်တဲ့ နည်းလမ်းနဲ့ စိတ်လှုပ်ရှားမှုကို ရယူတာ။ ကြောင်လေးတွေ သူ့လက်အောက်မှာ မခုခံနိုင်ဘဲ သေလုမျောပါး ရုန်းကန်နေရတာ။ တဖြည်းဖြည်း သေဆုံးသွားတာကို ကြည့်ပြီး သူက စိတ်လှုပ်ရှားတယ်လို့ ခံစားရတယ်]

[တူညီတဲ့ ကိစ္စကို များများ လုပ်လေ စိတ်လှုပ်ရှားမှု လျော့နည်းလာလေမို့ သူက ကြောင်နှိပ်စက်တဲ့ အကြိမ်အရေအတွက်ကို တိုးပြီး စိတ်လှုပ်ရှားမှုကို ရှာဖွေတယ်။ နောက်ပိုင်း ကြောင်နှိပ်စက်တာက သူ့ကို စိတ်လှုပ်ရှားမှု မပေးနိုင်တော့ သူက ကလေးတွေဆီ လက်လှမ်းလာတယ်။ အစပိုင်းမှာ လမ်းဘေးက သူတောင်းစား ကလေးတွေပေါ့။ ပေါက်စီလုံး နည်းနည်း ပေးလိုက်ရင် သူတို့က ခိုင်းတာ လုပ်ပေးကြတယ်]

[သူတောင်းစား ကလေးတွေကို နှိပ်စက်သတ်ဖြတ်လို့ ရတဲ့ စိတ်လှုပ်ရှားမှု လျော့နည်းလာတဲ့အခါ အဘွားကြီးက ပစ်မှတ် ပြောင်းလိုက်တယ်။ ကျူးလွန်တဲ့ နည်းလမ်းလည်း တဖြည်းဖြည်း အဆင့်မြှင့်လာတယ်။ လက်သည်းခွံ ခွာတာ။ အရိုးချိုးတာ။ ခြေချောင်းဖြတ်တာ... သူက ထောင်ထဲမှာ ရာဇဝတ်သားတွေကို နှိပ်စက်တဲ့ နည်းလမ်း တော်တော်များများကို သုံးခဲ့တယ်]

လူတိုင်း ရင်ဘတ်ကွဲထွက်မတတ် ဒေါသထွက်ကုန်ကြသည်။ တကယ့်ကို အရူးပဲ။

ကြောင်နှိပ်စက် အသတ်ခံရတယ် ဆိုတုန်းက သူတို့ သိပ်မခံစားရဘူး။ အဓိကက မျိုးစိတ် မတူလို့။ လူတော်တော်များများက ကြောင်ဆိုရင် ဘာမှ မဖြစ်ဘူးလို့ ထင်ကြတယ်။ ကလေးတွေ နှိပ်စက် အသတ်ခံရတယ် ဆိုတာ ကြားတော့ ချက်ချင်း မျက်လုံးတွေ ပြူးကုန်ကြရော။

System က သက်ပြင်းချလိုက်သည်။ [ဟူး၊ ကြည့်ရတာ သာမန် ရိုးရှင်းတဲ့ အဘွားကြီး တစ်ယောက်လိုပဲ။ ကွယ်ရာမှာ ဒီလို အလုပ်တွေ လုပ်နေမယ်လို့ ဘယ်သူ သိမှာလဲ]

ဒီလို လူမျိုးတွေက များသောအားဖြင့် ကိုယ်ချင်းစာစိတ် ကင်းမဲ့ကြတယ်။ သူတပါးရဲ့ လိုအပ်ချက်နဲ့ နာကျင်မှုကို နားမလည်နိုင်ကြဘူး။ လူသားအချင်းချင်းရဲ့ နာကျင်မှုကိုတောင် ကိုယ်ချင်းမစာနိုင်မှတော့ ကြောင်လေးတွေရဲ့ နာကျင်မှုကို နားလည်ပေးဖို့ ဆိုတာ ပိုလို့တောင် မမျှော်လင့်နိုင်တော့ဘူး။

အတိုချုပ်ပြောရရင် ... ကယ်လို့ မရတော့ဘူး။

ချူဟွားက ခဏနေတော့ အဘွားကြီး၏ နာမည်နှင့် လိပ်စာကို မေးပြီး နန်းစောင့်တပ်ကို ဖမ်းခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။ ဒါမှ နောက်ထပ် နစ်နာသူတွေ မရှိတော့မှာ။ ကြောင်နှိပ်စက်တဲ့ အပြစ်နဲ့ သူ့ကို ဘာမှ လုပ်မရရင်တောင် လူသတ်တဲ့ အပြစ်ကနေ လွတ်နိုင်ဦးမလား။

[နင် ဘာလို့ စိတ်ရှုပ်ထွေးနေတာလဲ]

System [ငါ ကြောင်နှိပ်စက်ရာကနေ လူသတ်တဲ့ အဆင့်ထိ ရောက်သွားတဲ့ ဥပမာ တော်တော်များများ တွေ့တယ်။ အကုန်ဖတ်ပြီးမှ ဒါကို ရွေးလိုက်တာ။ ဘာလို့လဲဆိုတော့ ကြောင်နှိပ်စက်တာနဲ့ လူသတ်တာက ကျား၊ မ၊ အသက်အရွယ်နဲ့ မဆိုင်ဘူး ဆိုတာကို လူအများကြီး သိစေဖို့ လိုတယ်လို့ ငါ ထင်လို့လေ]

[ပြီးတော့ အဘွားကြီး ကိစ္စက ရလဒ် ထွက်ပြီးပြီ။ နင်တို့ နားထောင်ရင်း ဒေါသထွက်ပြီး သေတော့မလို ဖြစ်နေကြပြီမို့ ဒီရလဒ်ကို နားထောင်လိုက်ရင် သက်သာသွားနိုင်တယ်]

ချူဟွားလည်း အခိုက်တန့် သံသယ ဝင်သွားသည်။ [သူ ဝဋ်လည်သွားတာ မဟုတ်လား]

[ဟုတ်တယ်] System ၏ အသံက တက်ကြွလာသည်။ [ကြောင်လေးတွေ အချင်းချင်းကြားမှာလည်း သတင်းပေးပို့တဲ့ နည်းလမ်း ရှိတယ်။ အဘွားကြီးက ဘယ်လို လူဆိုးမျိုးလဲ ဆိုတာ သိတော့ ကြောင်လေးတွေက သူ့ကို ရှောင်ကြတယ်]

[တစ်နေ့ကျတော့ အဘွားကြီးက ကလေးတစ်ယောက်ကို ဖမ်းချုပ်ပြီး နှိပ်စက်နေတာ။ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ ဖြစ်နေတာကို ကြောင်တစ်ကောင်က မြင်သွားတယ်။ ကြောင်လေးတွေ အချင်းချင်း သတင်းပို့ပြီး လူကယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်]

[ကြောင်လေးတွေက တော်တော် ဉာဏ်ကောင်းတယ်။ သူတို့ချည်းပဲဆိုရင် ခြေနှစ်ချောင်း သတ္တဝါကို မယှဉ်နိုင်မှန်း သိလို့ ကြောင်လေးတွေ အများကြီးကို ခေါ်လိုက်တယ်။ သူငယ်ချင်း ခွေးတွေကိုလည်း ခေါ်လိုက်တယ်။ ကြောင်လေးတွေက အဘွားကြီးကို မျှားခေါ်သွားပြီး အဘွားကြီးနဲ့ ကလေးကို လူချင်းခွဲလိုက်တယ်။ ပြီးတော့ ကြောင်တွေနဲ့ ခွေးတွေ အတူတူ ဝိုင်းကိုက်ကြတာ။ အသံတွေနဲ့ လှုပ်ရှားမှုတွေကြောင့် လူတွေ အများကြီး ရောက်လာကြတယ်]

[အဘွားကြီး ကြောင်နှိပ်စက် လူသတ်တဲ့ ကိစ္စက ဒီလိုနဲ့ ပေါ်သွားရော။ အဲဒီ ကလေးရဲ့ မိဘတွေလည်း ရောက်လာပြီး ကိုယ့်ကလေး နှိပ်စက်ခံထားရလို့ ဒဏ်ရာတွေ ပြည့်နေတာ မြင်တော့ ဒေါသထွက်ပြီး အဲဒီ အဘွားကြီးကို ရိုက်သတ်လုနီးပါး ဖြစ်သွားတာ]

[မိသားစုနဲ့ ဆွေမျိုးတွေက အဘွားကြီး ဘာလုပ်ခဲ့လဲ ဆိုတာ သိသွားတော့ မြွေမြင်သလို ရှောင်ကြတာပေါ့။ ထောင်ထဲ ရောက်သွားပြီးတဲ့နောက် ဥပဒေအတိုင်း စီရင်ခံလိုက်ရတယ်]

ချူဟွားက အံ့အားသင့်သွားသည်။ [နင်တို့ ဖရဲသီးစား system တွေက ကြောင်ရဲ့ ဖရဲသီးကိုတောင် မလွတ်ဘူးလား]

ချူမိသားစုဝင်များလည်း အံ့အားသင့်ကုန်ကြသည်။ ဒီခေတ်ကြီးမှာ ကြောင်တွေတောင် လူကယ်တတ်နေပြီလား။

ကြောင်လေးတွေက သူတို့ အင်အားနည်းပြီး အနိုင်ကျင့်ခံရနိုင်မှန်း သိလို့ ကြောင်လောကနဲ့ ခွေးလောကက သူငယ်ချင်းတွေကိုတောင် သွားခေါ်လိုက်သေးတယ်။ နှစ်ဖက် ပူးပေါင်း တိုက်ခိုက်တာတဲ့။ အံ့ဩစရာကြီး။

System က သူ့ဂုဏ်သိက္ခာအတွက် ရှင်းပြဖို့ လိုအပ်သည်ဟု ခံစားလိုက်ရသည်။ [လူသားတွေက ဖရဲသီး ဖန်တီးသူတွေနဲ့ အကြီးဆုံး ပံ့ပိုးသူတွေ ဖြစ်သလို ကြောင်တွေနဲ့ ခွေးတွေလည်း ဖန်တီးနိုင်တာပဲ။ အကုန်လုံးက သက်ရှိတွေပဲလေ။ မခွဲခြားကြေး]

[ခွဲခြားတာ မဟုတ်ပါဘူး။ အံ့ဩလို့ပါ] ချူဟွားယခုအချိန်တွင် အလွန် စိတ်ဝင်စားနေပြီ ဖြစ်သည်။

[ကြောင်တွေမှာ ဘာဖရဲသီး ရှိလို့လဲ]

ချူမိသားစုဝင်များ တစ်ယောက်ထက် တစ်ယောက် ပိုစပ်စုချင်လာကြသည်။ သူတို့က အချစ်ရေး ဖရဲသီး၊ အမှုအခင်း ဖရဲသီးတွေ စားဖူးကြပေမဲ့ ကြောင်ဖရဲသီး စားရတာ ပထမဆုံးအကြိမ်ပင်။

အရမ်း ဆန်းကြယ်တာပဲ။

System က မျက်နှာပြင်ပေါ်တွင် ရွေးချယ်ကြည့်လိုက်ပြီး စိတ်ဝင်စားစရာ ကောင်းသည်တစ်ခုကို တွေ့လိုက်သည်။

[ဆွေကြီးမျိုးကြီး သခင်မလေး တော်တော်များများက အိမ်တွင်းမှာ ပန်းစိုက်တာ။ အိမ်မွေးတိရစ္ဆာန် မွေးတာတွေ လုပ်ကြတယ်။ ပွဲလမ်းသဘင်တွေ ခဏခဏ လုပ်ကြတယ်။ တစ်ခါတလေ အိမ်က ပန်းတွေ ဘယ်လောက် နာမည်ကြီးလဲ၊ ဘယ်လောက် ရှားပါးလဲ ဆိုတာ ပြိုင်ကြတယ်။ တစ်ခါတလေ အိမ်က မွေးထားတဲ့ ကြောင်လေးတွေ ဘယ်လောက် ချစ်ဖို့ကောင်းလဲ၊ ဘယ်လောက် ရှားပါးလဲ ဆိုတာ ပြိုင်ကြတယ်]

[ဓလေ့ထုံးတမ်းဝန်ကြီးရဲ့ မြေးမလေးက ထာ့ရွှဲ့ရွှင်မိန်ဆိုတဲ့ (ကြောင်မည်း ခြေအိတ်ဖြူ) ကြောင်တစ်ကောင် မွေးထားတယ်။ ကောင်မလေးက သူ့ကြောင်လေးကို အရမ်း ချစ်တာ။ ဘယ်သူ့ကိုမှ ထာ့ရွှဲ့ မကောင်းကြောင်း ပြောခွင့် မပေးဘူး။ ကြောင်လေးကို ပွဲတွေ ခဏခဏ ခေါ်သွားတတ်တယ်]

[ကောင်မလေးက ထာ့ရွှဲ့ အစားပိုစားလာတာ။ ဝလာတာ တွေ့တော့ ထာ့ရွှဲ့ ကိုယ်ဝန်ရှိပြီ ထင်ပြီး ဒေါသထွက်လွန်းလို့ ကြောင်လေး ပိုက်ပြီး လူလိုက်ရှာတော့တာပဲ။ ကြောင်တွေ့တိုင်း "နင် လုပ်တာ မဟုတ်လား" လို့ လိုက်မေးတယ်။ ကြောင်က စကားမှ မပြောတတ်တာ။ ဘယ်လိုလုပ် အဖြေပေးနိုင်မှာလဲ]

[ကောင်မလေး ဒေါသထွက်ပြီး ရူးမတတ် ဖြစ်နေပြီ။ သူ့မျက်လုံးထဲမှာ ထာ့ရွှဲ့က ကြောင်ပေါက်လေးပဲ ရှိသေးတာလေ။ ဘယ်လိုလုပ် ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးနိုင်မှာလဲ။ ဒါပေမဲ့ ထာ့ရွှဲ့က ကိုယ်ဝန် ရှိနေပြီဆိုတော့လည်း မွေးခိုင်းရတော့မှာပေါ့]

ဖရဲသီး အကြီးကြီး လာတော့မည်ဟု ချူဟွားခံစားမိလိုက်သည်။

System [ကောင်မလေး ဒေါသပြေသွားတော့ ထာ့ရွှဲ့ရဲ့ ကလေးတွေကို မျှော်လင့်လာတယ်။ တိရစ္ဆာန် သမားတော်ကို လာကြည့်ခိုင်းတယ်။ သမားတော်က စမ်းသပ်ကြည့်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောတယ် "သခင်မလေး၊ ထာ့ရွှဲ့က ငယ်ပါသေးတယ်။ ဒီရက်ပိုင်း ဝမ်းသွားတာ နည်းနေသလားလို့"]

[သူက ယဉ်ယဉ်ကျေးကျေး ပြောလိုက်တာ။ ဘာသာပြန်လိုက်ရင် - နင့်ရဲ့ ထာ့ရွှဲ့က ကိုယ်တိုင်တောင် ကလေးပဲ ရှိသေးတယ်။ ကိုယ်ဝန်ဆောင်ရမဲ့ အရွယ် မရောက်သေးဘူး။ ဗိုက်ကြီးနေတာက ကလေးရှိလို့ မဟုတ်ဘူး။ အထဲမှာ ချေးတွေ ရှိနေလို့]

“ဖူး ——”

“ဟားဟားဟား”

“ဒါက ရယ်စရာ ကောင်းလွန်းတယ်”

မကြာခင်က ချူမိသားစုသည် ကြောင်နှိပ်စက် လူသတ်သည့် ကိစ္စကြောင့် လေထု တင်းမာနေခဲ့သော်လည်း ယခုအခါ အားလုံး ရယ်မောလိုက်ကြပြီး မှိုင်းညို့နေမှုများ ပျောက်ကွယ်သွားတော့သည်။

System ၏ ကလေးသံလေးမှာလည်း ပျော်ရွှင်မြူးထူးနေသည်ကို ကြားနိုင်လေသည်။ [ကောင်မလေးက အစတုန်းက သဘောမပေါက်သေးဘူး။ သဘောပေါက်သွားတော့ မျက်နှာကြီး ရဲတက်လာပြီး သမားတော်ကို အမြန် ပြန်လွှတ်လိုက်တယ်။ ရှက်လွန်းလို့ ညီအစ်မတွေရဲ့ ကြောင်ပွဲတော်ကိုတောင် မသွားရဲတော့ဘူး]

[နောက်ထပ် ခြောက်လလောက် ကြာတော့ ကောင်မလေး မနေနိုင်တော့ဘဲ သူ့ရဲ့ အချစ်တော် ထာ့ရွှဲ့ကို ပွဲခေါ်သွားပြန်တယ်။ မကြာခင်မှာ ထာ့ရွှဲ့ ဗိုက်ကြီး ပြန်ကြီးလာတယ်။ ကောင်မလေးက လွန်ခဲ့တဲ့ ခြောက်လက ကိစ္စကို ပြန်တွေးမိပြီး မျက်နှာပူသွားတယ်။ ထာ့ရွှဲ့ ဝမ်းချုပ်ပြန်ပြီ ထင်နေတာ။ ဒါပေမဲ့ မကြာခင်မှာ ကြောင်လေးတွေ မွေးလာရော၊ ကောင်မလေး ဒေါသထွက်လွန်းလို့ သေမတတ်ပဲ]

ချူဟွား[ဟင်၊ သူက ထာ့ရွှဲ့ရဲ့ ကလေးတွေကို မျှော်လင့်နေတာ မဟုတ်ဘူးလား]

အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ဟုတ်တယ် ဟုတ်တယ်။

[ခွီး ——] System က ဟားတိုက် ရယ်မောလိုက်သည်။ [ဘာလို့လဲဆိုတော့ ထာ့ရွှဲ့က လက်ဖြူ ကြောင်မည်းလေ။ မွေးလာတဲ့ ကြောင်ကလေး ၃ ကောင်ကတော့ ကြောင်ဝါ၊ ကြောင်ကြား၊ ခြင်္သေ့ကြောင်တွေ ဖြစ်နေတာ။ အတိုချုပ်ပြောရရင် တစ်ကောင်မှ အမေနဲ့ မတူဘူး]

ချူဟွားတစ်ခဏ ကြောင်သွားပြီး ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားသည်။ [ဟုတ်သားပဲ။ ဒီလို ဖြစ်နိုင်တာပဲ။ ကြောင်တွေက ကြောင်ထီး အများကြီးရဲ့ ကလေးတွေကို တစ်ပြိုင်နက် မွေးနိုင်တာပဲ]

ဓမ္မဓိဋ္ဌာန်ကျကျ အခြေအနေများ ပြည့်စုံပါက အမျိုးသမီးတစ်ယောက်သည် ဖခင်နှစ်ဦး၏ ကလေးများကို တစ်ပြိုင်နက် မွေးဖွားနိုင်ရာ ကြောင်ဆိုလျှင် ပို၍ပင် ဖြစ်နိုင်သေးသည်။

System [ကောင်မလေးက ကြောင်ကလေးတွေကို နည်းနည်း ကြီးအောင် မွေးထားပြီး ညီအစ်မတွေရဲ့ ပွဲကို ဒေါသတကြီး ခေါ်သွားတယ်။ ဘယ်ကြောင်ထီးတွေက သူ့အချစ်တော် ထာ့ရွှဲ့ကို ဖျက်ဆီးလိုက်လဲ ဆိုတာ သိချင်လို့လေ။ အားလုံး ရက်အတော်ကြာ ကြိုးစားပြီးနောက်မှာတော့ ကလေးတွေရဲ့ အဖေနဲ့ အတူဆုံး ကြောင် ၃ ကောင်ကို ရှာတွေ့ခဲ့တယ်]

[ကောင်မလေးက မင်္ဂလာတင်တောင်းငွေကို ဟန်ပါပါ လက်ခံလိုက်ပြီး သူ့ထာ့ရွှဲ့အတွက် ကြောင်ယောက်ျား ၃ ကောင် ရှာပေးလိုက်တယ်။ ကလေးတွေကို အတူတူ ပြုစုပျိုးထောင်ခိုင်းလိုက်တယ်။ သူတို့ ကောင်းကောင်း မစောင့်ရှောက်ရင်၊ ကလေးတွေကို မကောင်းရင် သူက နားရွက်ဆွဲပြီး ဆုံးမဦးမှာ]

[အရယ်ရဆုံးက ဘာလဲသိလား။ ထာ့ရွှဲ့ မွေးတဲ့ ခြင်္သေ့ကြောင်ရဲ့ အဖေက သူ့အိမ်ထဲ မတော်တဆ ဝင်လာတဲ့ တောကြောင်။ ကြောင်ဝါရဲ့ အဖေက သူ့အစ်ကိုရဲ့ ကြောင်။ ကြောင်ကြားရဲ့ အဖေက သူ့အဘွားရဲ့ ကြောင် ဖြစ်နေတာ]

ချူဟွားခဏတာ တိတ်ဆိတ်သွားပြီးနောက် အနှစ်ချုပ်လိုက်သည်။ [ဆိုလိုတာက ကောင်မလေးက ပွက်လောရိုက်အောင် လုပ်ပြီးတာတောင် ထာ့ရွှဲ့ ကလေးတွေရဲ့ အဖေအရင်းကို ရှာမတွေ့ခဲ့ဘူးပေါ့]

System က ဟီးဟီး ရယ်လိုက်သည်။ [ဟုတ်တယ်]

အားလုံး “...”

တစ်ခဏအတွင်း အိမ်တွင်းက ကြောင်တွေ စားတာ ခံလိုက်ရပြီး ဘာမှ မသိရှာတဲ့ ကောင်မလေးကို သနားရမလား၊ အဖေအရင်းကို ရှာမတွေ့တဲ့ ကြောင်ကလေးတွေကို သနားရမလား၊ ဒါမှမဟုတ် ပျော်ရွှင်စွာ အဖေဖြစ်ခွင့် ရသွားတဲ့ ကြောင် ၃ ကောင်ကို သနားရမလား မသိတော့ပေ။

အကြောင်းအရာတွေ များလွန်းတယ်။ ဒီဖျော်ဖြေရေး အသိုင်းအဝိုင်းက တကယ် ရှုပ်ထွေးတာပဲ။

...

All Chapters